အခန်း (၃၇) မင်းနောက်ကို လှည့်ကြည့်လိုက်စမ်း
ဆိုင်ရှင်အဘိုးအိုက ကျန်းလန် ထွက်ခွာသွားသည်ကို ငေးစိုက်ကြည့်နေခဲ့သည်။
အဘိုးအို၏ မျက်ဝန်းများထဲတွင်တော့ အံ့သြသည့် အရိပ်အယောင်များက ဖုံးကွယ်မထားနိုင်ခဲ့ပေ။
“ပါရမီရှင်တစ်ယောက် မဟုတ်ပေမယ့်… ဒီလောက်အဆင့်နဲ့ဆိုရင် မဆိုးလှပါဘူးလေ…”
ထို့နောက် အဘိုးအိုက သက်ပြင်းတစ်ချက်ချလိုက်ရင်း…
“ဒီကောင်လေးသာ ဒီထက်နည်းနည်း အရည်အချင်းပိုရှိမယ်ဆိုရင် သေချာပေါက် ပြိုင်ဘက်ကင်းတစ်ယောက် ဖြစ်လာမှာပဲ…”
“ဒါပေမဲ့… လောကမှာ အရာအားလုံး ပြီးပြည့်စုံဖို့ဆိုတာလည်း ခက်ခဲလွန်းပါတယ်လေ…”
ထို့နောက် အဘိုးအိုက ခေါင်းတညိတ်ညိတ် လုပ်လိုက်ရင်း…
“အိမ်း… ဒီနှစ်တွေအတွင်း မော့ကျန်းသုန့် တပည့်အသစ်ထပ်မရှာဘဲ ငြိမ်နေတာ ဒါ့ကြောင့်ကိုး…”
အဘိုးအို အတွေးများနေဆဲ ကလေးငယ်က ဆိုင်ကောင်တာနားရောက်လာပြီး စပ်စုလိုက်သည်။
“အဘိုး… တစ်ယောက်တည်း ဘာတွေ ပွစိပွစိ ပြောနေတာလဲ…”
အဘိုးအိုက ကလေးငယ်ကို ကြည့်လိုက်ရင်း…
“အေး… မင်း… အသက်မငယ်တော့ဘူးဆိုတာ တွေးနေတာကွ… ဒီနေ့ကစပြီး မင်း… အထူးကျင့်ကြံခြင်းကို စတင်ရတော့မယ်…”
အဘိုးအို၏ စကားကြောင့် ကလေးငယ် စိတ်ရှုတ်ထွေးသွားလေသည်။
မဟုတ်ဘူး… သူက အခုမှ ငယ်ငယ်လေးရှိသေးတာ မဟုတ်ဘူးလား…။ ဘာလို့များ အထူးကျင့်ကြံခြင်းတွေ ပြုလုပ်ရမှာပါလိမ့်…။
ကလေးငယ်သည့် နှုတ်ခမ်းစူရင်း စိတ်ညစ်ငြိမ်သက်သွားတော့သည်။
……………
သေရည်ဆိုင်မှ ပေးလိုက်သည့် မြေပဲအိတ်ကို ကျန်းလန် သိမ်းဆည်းလိုက်၏။
သေရည်ဆိုင်ပိုင်ရှင်အဘိုးအို၏ စိတ်ထား မည်သို့ရှိသည်ကို ကျန်းလန် ယခုတိုင် မခန့်မှန်းနိုင်သေးပေ။
သူက မြေပဲပန်းကန်ကို ကျန်းလန်ကို မကျွေးဘဲ အဝေးသို့ ယူသွားခဲ့သည်။ သို့သော်… ပြန်ခါနီးမှ မြေပဲတစ်အိတ် လက်ဆောင်ပေးလိုက်သည်။
အဘိုးအို… ဘာတွေများ လုပ်တာပါလိမ့်…။
သက်တမ်းကုန်ခါနီး မြေပဲတွေ များလွန်းနေသဖြင့် သူ့ကို ပေးလိုက်ခြင်းများလား…။
ကျန်းလန်လည်း မသိရှိနိုင်ပေ။
တောင်ပေါ်ပြန်ရောက်မှသာ ဆရာဖြစ်သူကို မေးကြည့်ရပေမည်။ ဆရာဖြစ်သူကတော့ သူ့ထက်ပိုပြီး သိရှိပေလိမ့်မည်။
ထို့ပြင်… တောင်ပေါ်မပြန်ခင် မနက်ခင်းကတွေ့ဆုံခဲ့သည့် လျောင်ယန်ဆိုသူနှင့်လည်း ပြဿနာရှင်းရန် ရှိသေး၏။
ကျန်းလန် သေရည်ဆိုင်မှ ထွက်ခွာလာပြီးနောက်… သိပ်မကြာမီ သူ့နောက်မှ လူတစ်ယောက်လိုက်လာကြောင်း သတိထားလိုက်မိသည်။
ကျန်းလန် နောက်သို့ လှည့်ကြည့်လိုက်သည်။
ထိုအခါ… လူရိပ်က ရိပ်ခနဲ လှုပ်ရှားသွားပြီး တောအုပ်အတွင်းသို့ ဝင်ရောက်သွားလေသည်။ ထိုသူက ကျန်းလန်ကို တစ်နေရာသို့ မျှားခေါ်သွားလိုကြောင်း ကျန်းလန် ရိပ်မိလိုက်သည်။
သူ့ကို မျှားခေါ်သွားသူက အခြေခံတည်ဆောက်ခြင်းအဆင့် အောင်မြင်ထားသည့် ကျင့်ကြံသူတစ်ယောက်ဖြစ်ကြောင်း အတည်ပြုပြီးနောက် ကျန်းလန် ထိုသူ၏ လှည့်ကွက်အတွင်းသို့ တိုးဝင်သွားရန် ဆုံးဖြတ်လိုက်သည်။
ထို့နောက်… လူရိပ် မျှားခေါ်သွားရာနေရာသို့ လိုက်ပါသွားလေတော့သည်။
တောအုပ်အလယ် လူသူပြတ်လပ်သည့် တစ်နေရာအရောက်တွင်တော့ လူရိပ်က ပျောက်ကွယ်သွားလေသည်။
ကျန်းလန်လည်း ခြေလှမ်းများကို ရပ်တန့်ပြီး ပတ်ဝန်းကျင်ကို တစ်ချက်အကဲခတ်လိုက်၏။
ပတ်ဝန်းကျင်ရှိ ခြုံနွယ်သစ်ပင်များကြားထဲတွင် ခြုံခိုပုန်းအောင်းနေသူ များစွာရှိကြောင်း ကျန်းလန် အာရုံခံလိုက်မိသည်။
ကျန်းလန် ရောက်ရှိနေသည့် နေရာက … တသွင်သွင်စီးဆင်းနေသည့် စမ်းချောင်းလေးတစ်ခု နံဘေးတွင် ဖြစ်သည်။
ရှေ့သို့ ကြည့်လိုက်သည့်အခါ… လဲကျနေသည့် မိန်းမပျိုတစ်ယောက်ကို တွေ့မြင်လိုက်ရသည်။ သူမက ဒဏ်ရာရထားဟန်ရှိပြီး အဝတ်အစားများကတော့ ကျေးတောသူတစ်ယောက်ပမာ ရိုးရိုးရှင်းရှင်း ဖြစ်၏။
ထိုမိန်းမပျိုမှာ မနက်က ကျန်းလန် တွေ့ခဲ့ရသည့် တောင်ကြားထဲတွင် လဲကျနေသည့် နတ်မိစ္ဆာမိန်းမပျို ဖြစ်သည်။
နတ်မိစ္ဆာမိန်းမပျို၏ ဘေးနားတွင်တော့ ဒေါသထွက်နေဟန်ရှိသည့် ယုန်တစ်ကောင် ရှိလေသည်။ ယုန်၏ ရင်ဘတ်ထက်မှ အက်ကွဲကြောင်း ဒဏ်ရာကြီးက မီးတောက်များ လောင်ကျွမ်းလျှက် ရှိသည်။
ယုန်သတ္တဝါ၏ ခန္ဓာကိုယ်ထက်မှ အမွှေးအချို့မှာ ဆွဲနှုတ်ခံထားရသည့်အလား ကျွတ်ထွက်နေသည်။ နှိပ်စက်ခံထားရဟန် ရှိလေ၏။
ထိုအချိန်မှာပင်…
ခြုံနွယ်များအကွယ် တစ်နေရာမှ လူတစ်ယောက် ထွက်ပေါ်လာသည်။ ထိုသူမှ စောစောက ကျန်းလန်ကို ဤနေရာသို့ မျှားခေါ်လာသူ ဖြစ်သည်။
ထိုသူက ပဉ္စမတောင်ထွတ်မှ လျောင်ယန်ဆိုသူပင် ဖြစ်လေ၏။
လျောင်ယန်က ကျန်းလန်ကိုကြည့်ပြီး ပြုံးလိုက်ရင်း…
“ဂိုဏ်းတူညီလေး… ကျုပ်တို့ ထပ်တွေ့ကြပြန်ပြီးနော်… ၊ ဒါနဲ့ မင်းကိုကြည့်ရတာ ကျုပ်နဲ့ ပြန်ဆုံရတာကို သိပ်ပြီး အံ့သြတဲ့ပုံလည်း မပြပါလား…”
ထိုခဏမှာပင်… ရန်သူအုပ်စုက သူ့ကို ဝိုင်းထားပြီဖြစ်ကြောင်း ကျန်းလန် ရိပ်မိလိုက်သည်။
ကျန်းလန်က…
“ဂိုဏ်းတူအစ်ကိုက… ဒီနေရာထိ ကျုပ်ကိုမျှားခေါ်လာတာ… ကျုပ်ဆီက ဘာများလိုချင်လို့လဲ…”
လျောင်ယန် သူ့ကို အဘယ့်ကြောင့် မျှားခေါ်လာရကြောင်း ကျန်းလန် အမှန်တကယ် မသိရှိပေ။
သူ့ကို သတ်ဖြတ်ပစ်ရန်လည်း ဖြစ်နိုင်သည်။
အဘယ့်ကြောင့် သတ်ဖြတ်ချင်ရသလဲ ဆိုသည်ကိုတော့ ကျန်းလန် မသိရှိပေ။
ယခင်အချိန်က… ရှင်းကျောက်ကဲ့သို့ ကြည့်မရ၍ သတ်ပစ်လိုခြင်းလည်း ဖြစ်နိုင်၏။
မည်သို့ပင်ဖြစ်စေ… အကြောင်းတစ်ခုခုတော့ ရှိပေလိမ့်မည်။
လျောင်ယန်က…
“ဂိုဏ်းတူညီလေး… ဒီနတ်မိစ္ဆာနှစ်ကောင်အကြောင်း… မင်း သိသလား…”
ပြောပြီးသည်နှင့် လျောင်ယန်က ဘေးနားမှ နတ်မိစ္ဆာ (၂)ယောက်ကို ငုံ့ကြည့်လိုက်သည်။
ပြီးမှ စကားဆက်ပြော၏။
“ဒီနှစ်ကောင်က ကျုပ်ဆီက ပစ္စည်းတစ်ခု ခိုးသွားကြတာ… ၊ ဖမ်းဆီးစစ်ဆေးပေမယ့် သူတို့ဆီမှာ အဲဒီပစ္စည်း ရှာလို့ မတွေ့တော့ဘူး ၊ ပြီးတော့… ကျုပ်က သူတို့ကို ဖမ်းထားတုန်းမှာ ဒီယုန်စုတ်က မင်းဆီကို လာပြီး အကူအညီတောင်းတယ်လေ… ၊ ဒီတော့… မင်းနဲ့ ဒီနှစ်ကောင် ပတ်သက်မှု တစ်ခုခုတော့ ရှိရမယ် မဟုတ်လား…”
လျောင်ယန်က ခဏနားလိုက်ပြီး ကျန်းလန်ကို အကဲခတ်လိုက်သည်။
ကျန်းလန်က တည်ငြိမ်စွာပင် လျောင်ယန်ပြောနေသည့် စကားများကို နားထောင်နေ၏။
“ဒီတော့… ဒီမိစ္ဆာစုတ်နှစ်ကောင် ကျုပ်ဆီက ခိုးသွားတဲ့ပစ္စည်း ဘယ်မှာလဲဆိုတာ… ဂိုဏ်းတူညီလေး သိရမှာပေါ့… ဟုတ်တယ်မလား…”
“မသိဘူး…”
ကျန်းလန်က ခပ်ပြတ်ပြတ် ပြန်ဖြေလိုက်သည်။
ကျန်းလန်၏ အငြင်းစကားကို လျောင်ယန်က အရေးမစိုက်ပေ။
သူက …
“ဒါဖြင့် … ဂိုဏ်းတူညီလေးကို အကူအညီတစ်ခုလောက် တောင်းရတော့မယ်… ၊ ဟက်… မင်းဆီက ပစ္စည်းတစ်ခုလောက် ငှားလို့ရနိုင်မလား…”
ကျန်းလန်က…
“ဘာလဲ… ကျုပ် အသက်ကို လိုချင်တာလား…”
လျောင်ယန် တိတ်ဆိတ်သွား၏။
ကျန်းလန်၏ စကားက သူ့ကို အံ့အားသင့်သွားစေသည်။
လျောင်ယန်က မျက်မှောင်ကြုတ်လိုက်ရင်း…
“ဟက်… ဂိုဏ်းတူညီလေးကိုကြည့်ရတာ ကြောက်တတ်တဲ့ပုံတော့ မရှိဘူးပဲ… ၊ ဘာလဲ… ကျုပ်တို့ (၂)ယောက်လုံးက အခြေခံတည်ဆောက်ခြင်းအဆင့် အောင်မြင်ထာတဲ့ အဆင့်တူ ကျင့်ကြံသူတွေမို့လို့ ကျုပ်က မင်းကို မသတ်နိုင်ဘူးလို့ ထင်နေတာလား…”
ကျန်းလန်၏ အပြုအမူ ၊ အပြောအဆိုများက အနည်းငယ် ပုံမှန်မဟုတ်ဘဲ ထူးဆန်နေသည်ကိုတော့ လျောင်ယန် ရိပ်မိလိုက်သည်။
ကျန်းလန်က ခံစားချက်ကင်းမဲ့သည့် လေသံဖြင့်…
“မဟုတ်ဘူး… ၊ မင်း… ဘာလို့ ကျုပ်ကို သတ်ချင်ရတာလဲဆိုတာ ကျုပ်က သိချင်နေတာ…”
လျောင်ယန်က ကျန်းလန်၏ အမေးကို မဖြေပေ။
သူက ကျန်းလန်၏ နောက်ဘက်သို့ လှမ်းကြည့်လိုက်ရင်း…
“ဂိုဏ်းတူညီလေး… မင်းနောက်ကို လှည့်ကြည့်လိုက်စမ်း…”
လျောင်ယန်၏ စကားကြောင့် ကျန်းလန် နောက်သို့ လှည့်ကြည့်လိုက်သည်။
ထိုအချိန်မှာပင်… လျောင်ယန်က ကျန်းလန်ကို စတင်တိုက်ခိုက်လိုက်သည်။
လျောင်ယန်၏ လက်မှ ချက်ချင်းပင် ထက်ရှသည့် လက်သည်းချွန်မှား ထွက်ပေါ်လာပြီး ကျန်းလန်၏ လည်ပင်းရှိရာသို့ ဝင်ရောက်လာသည်။
ကျန်းလန် နောက်သို့ လှည့်ကြည့်လိုက်သည်ကို အခွင့်ကောင်းယူပြီး သူက အလစ်ဖမ်း တိုက်ခိုက်လိုက်ခြင်း ဖြစ်၏။
ရန်သူကို အာရုံလွဲအောင်လုပ်ပြီးမှ တိုက်ခိုက်ရခြင်းက ထိပ်တိုက်ရင်ဆိုင်ရခြင်းထက် အနိုင်ရချေ ပိုများသည် မဟုတ်ပါလား။
ထို့ပြင်… ဤနေရာကလည်း လူပြတ်သည့် တောအုပ်တစ်နေရာဖြစ်လေရာ တိုက်ခိုက်ရန် အကောင်းဆုံး နေရာဖြစ်သည်။
လျောင်ယန်၏ လက်သည်းရှည်များက ကျန်းလန်၏ လည်ပင်းကိုထိုးဖောက်ဝင်ရောက်ရန် (၃)လက်မသာ လိုတော့သည်။ တိုက်ပွဲကို သေချာပေါက် အနိုုင်ရပြီဟု လျောင်ယန် ထင်မှတ်လိုက်သည်။
သို့သော်… ရုတ်တရက်… လျောင်ယန်၏လက်က ရှေ့ဆက်နိုင်ခြင်း မရှိတော့ပေ။
“ဂိုဏ်းတူအစ်ကိုက… ဘာဖြစ်ချင်တာလဲ…”
ကျန်းလန်က လျောင်ယန်ကို လှည့်ကြည့်ပြီး မေးလိုက်ခြင်းဖြစ်သည်။
တစ်ချိန်တည်းမှာပင်… ကျန်းလန်၏ လက်တစ်ဖက်က လျောင်ယန်၏ လက်ကို ဖမ်းဆုပ်ထားလိုက်သည်။
လျောင်ယန်က ရုန်းထွက်ရန် ကြိုးစားသော်လည်း မည်သို့မှ ရုန်းမထွက်နိုင်ခဲ့ပေ။ သူ…မယုံကြည်နိုင် ဖြစ်သွားရသည်။
အဆင့်တူချင်းတိုက်ခိုက်သည့် တိုက်ပွဲဆိုသော်ငြား… လျောင်ယန်…ရန်သူကို လုံး၀ လျှော့မတွက်ခဲ့ပေ။ သူ၏ တန်ခိုးစွမ်းအားများ အားလုံးကို အသုံးပြုတိုက်ခိုက်ခဲ့သည်။
“ဒါပေမဲ့…ဘာကြောင့်လဲ…”
ရန်သူက သူ၏တိုက်ခိုက်မှုကို အဘယ့်ကြောင့် လွယ်လွယ်နှင့် ခုခံနိုင်ရပါသနည်း။
“မင်း…”
လျောင်ယန် စကားပြောရန် ဟန်ပြင်လိုက်စဉ်မှာပင်… အက်ကွဲသံတစ်သံ ထွက်ပေါ်လာသည်။
“ခရက်…”
သူ့လက်မောင်းကျိုးသွားသည့် အသံဖြစ်၏။
“အား…”
“ဗြိ… ဖတ်…”
လျောင်ယန်၏ လက်မောင်းကို ကျန်းလန်က ဆွဲဖြတ်ပစ်လိုက်သည်။
ထို့နောက် လက်ပြတ်ကြီးကို မြေပြင်ထက်သို့ လွှတ်ပစ်လိုက်၏။ ပတ်ဝန်းကျင်တွင် သွေးစများ ဖွာကနဲ လွင့်ပျံကုန်သည်။
လျောင်ယန် နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်ပြီး ကျန်းလန်ကို မယုံကြည်နိုင်စွာဖြင့် ကြည့်လိုက်သည်။
ထို့နောက်… ပြတ်ထွက်သွားသည့် လက်မောင်းနေရာကို အခြားလက်တစ်ဖက်ဖြင့် အုပ်ကိုင်လိုက်ရင်း…
“ဒါ… ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ… ၊ မင်းက ဘာလို့ အရမ်းစွမ်းအားကြီးနေရတာလဲ…”
ကျန်းလန်က သူ့လက်ကို သာသာလေး လိမ်ချိုးကာ ဆွဲဖြတ်လိုက်ခြင်းဖြစ်ကြောင်း လျောင်ယန် ရှင်းရှင်းလင်းလင်း နားလည်လိုက်သည်။
ထို့ကြောင့်… မယုံကြည်နိုင် ဖြစ်နေရခြင်းပင်…။
ကျန်းလန်က…
“မင်းနောက်ကို လှည့်ကြည့်လိုက်စမ်း…”
လျောင်ယန်က အေးစက်သည့် လေသံဖြင့်…
“ကျုပ်က ယုံမယ်များ ထင်နေလား…”
သူ… လက်တစ်ဖက်ဆုံးရှုံးခဲ့ပြီးပြီ ဖြစ်သည်။
သို့သော်… သူက ထိုမျှလောက်ဖြင့် ကြောက်ရွံ့သွားမည့်သူ မဟုတ်ပေ။ ခဏတာမျှ အံ့သြတုန်လှုပ်သွားသည်ကတော့ အမှန်ပင် ဖြစ်၏။
“မင်း… ယုံရမှာပေါ့ကွာ…”
လျောင်ယန်၏ အနောက်ဘက်မှ အေးစက်သည့် အသံတစ်သံ ထွက်ပေါ်လာသည်။
ထိုအသံက ကျန်းလန်၏ အသံပင် ဖြစ်လေ၏။
လျောင်ယန် ပြာယာခတ်သွားခြင်း မရှိပေ။ သူက အေးဆေးတည်ငြိမ်စွာဖြင့် မျက်လုံးများကို ကျဉ်းမြောင်းလိုက်သည်။
ဒီကောင်… ဘယ်လိုလုပ် သူ့နောက် ရောက်သွားရတာလဲ…။
အတွေးတစ်ချက် ခေါင်းထဲဝင်လာသည်နှင့် ချက်ချင်း နောက်သို့လှည့်ကာ ကျန်းလန်ကို ရင်ဆိုင်လိုက်သည်။
တိုက်ပွဲတွင် ရန်သူကို ကျောခိုင်းထားခြင်းက အထိနာစေမည်ဖြစ်သည်။ ရန်သူကို မျက်နှာချင်းဆိုင်ရင်ဆိုင်ခြင်းက အကောင်းဆုံး ဖြစ်သည် မဟုတ်ပါလား။
ကျန်းလန်က ထူးဆန်းစွာပင် လျှင်မြန်လွန်းသူတစ်ယောက်ဖြစ်ကြောင်း လျောင်ယန် သိရှိလိုက်သည်။ သို့သော်… သူ့အနေဖြင့် ရန်သူကို ရင်ဆိုင်ရန်မှတစ်ပါး အခြားနည်းလမ်း မရှိပေ။
သူ့အသက်ကို ကယ်ရန်အတွက် အစွမ်းကုန် တိုက်ခိုက်ရမည် ဖြစ်သည်။
သို့သော်… သူ… လှည့်ကြည့်လိုက်သည်နှင့်… ချက်ချင်းပင် လက်သီးတစ်ချက်ဖြင့် ရင်ဆိုင်လိုက်ရသည်။
ထိုလက်သီးချက်က သူ့ကမ္ဘာကြီးတစ်ခုလုံးကို ထိုးနှက်ပစ်တော့မည့်အလား ခံစားလိုက်ရလေတော့၏။