Switch Mode

အခန်း (၃၆)

အံ့သြစရာကောင်းတဲ့ တပည့်တစ်ယောက်

အခန်း (၃၆) အံ့သြစရာကောင်းတဲ့ တပည့်တစ်ယောက်

ကျန်းလန် ချုန်ချီသတ္တဝါအကြောင်း ကြားဖူးနား၀ ရှိလေသည်။

သို့သော်… သူသိသည့် ချုန်ချီက ဆိုးသွမ်းပြီး ယုတ်မာရက်စက်တတ်သူ ဖြစ်သည်။ ထို့ကြောင့်… ချစ်စရာကောင်းသည့် ကလေးငယ်က ချုန်ချီနှင့် မည်သို့ ပတ်သက်နေပါသနည်း။

“အဲဒီ… ချုန်ချီသတ္တဝါက လူသားလေးတစ်ယောက် မွေးဖွားခဲ့တယ်ဆိုရင် မင်း… ဘယ်လိုထင်မလဲ…”

အဘိုးအိုက ကျန်းလန်ကိုကြည့်လိုက်ပြီး အပြုံးတစ်စွန်းတစဖြင့် မေးလိုက်သည်။

ကျန်းလန် တစ်ချက်မျှ စဉ်းစားပြီးနောက် ခေါင်းခါရမ်းပြလိုက်သည်။ သူ… တစ်စုံတစ်ခုကို ခန့်မှန်းလိုက်မိသော်လည်း မည်သည့်စကားမှ မပြောဘဲ နေလိုက်သည်။

အဘိုးအိုက…

“ကလေးငယ်က ချုန်ချီသတ္တဝါက မွေးဖွားလာတဲ့သူဆိုတော့… မျိုးရိုးလိုက်တယ် ပြောရမလားပဲ… ၊ သူ့မှာ ချုန်ချီရဲ့ စရိုက်လက္ခဏာတွေက အနည်းနဲ့အများ ရှိနေတယ်လေ…”

အဘိုးအိုက မြေပဲတစ်ပန်းကန်ကို ထုတ်ယူလိုက်ပြီး စကားဆက်ပြော၏။

“မူလကနဦးလောကရဲ့ ပရမ်းပတာဖြစ်မှုတွေကြောင့် ဒီလောကမှာ ရက်စက်ကြမ်းကြုတ်တဲ့ သားရဲတွေ အများကြီး မွေးဖွားလာကြတယ်… ၊ အဲဒီသားရဲတွေက လောကကြီးတစ်ခုလုံးရဲ့ ကံကောင်းခြင်းတွေကို သိမ်းယူခဲ့ကြတယ်… ၊ သူတို့ ခန္ဓာကိုယ်ပေါ်မှာ အချိန်ရဲ့ သက်ရောက်မှုကိုတွေ့မြင်ရဖို့က ခက်ခဲလွန်းတယ်… ၊ နှစ်ထောင်ပေါင်းများစွာ အသက်ရှင်သန်ဖို့ ကျုပ်တို့အတွက် အိပ်မက်ဖြစ်ပေမယ့် သူတို့အတွက်ကတော့ သိပ်ကိုလွယ်ကူလွန်းတယ်လေ…”

အဘိုးအို၏ စကားကြောင့် ကျန်းလန် အံ့အားသင့်သွားသည်။

သို့သော် မည်သည့်စကားမှ မပြောဘဲ တိတ်ဆိတ်နေ၏။

အဘိုးအိုဆိုလိုသည်မှာ… ကလေးငယ်က ချုန်ချီမျိုးရိုးမှ ဆင်းသက်လာသူဖြစ်သောကြောင့် သာမန်လူသားများကဲ့သို့ အသက်အရွယ်ကြီးရင့် လာခြင်းမရှိပေ။

သာမန်လူများက တစ်နှစ်ပြီးတစ်နှစ် အသက်ကြီးလာကြပေလိမ့်မည်။ သို့သော်… ကလေးငယ်ကတော့ နှစ်ပေါင်း တစ်ထောင်ကြာမှ အသက်တစ်နှစ်ဆာမျှ ကြီးပြင်းလာပေလိမ့်မည်။

ကျန်းလန် တစ်စုံတစ်ခုကို နားလည်သွားလေသည်။

ထို့အတူ… ချုန်ချီမျိုးနွယ်မှ ကလေးငယ်ကို ပြုစုပျိုးထောင်ပေးနေသည့် အဘိုးအိုမှာလည်း သေချာပေါက် ရိုးရှင်းသူတစ်ယောက် မဟုတ်ကြောင်း ကျန်းလန် သဘောပေါက်လိုက်သည်။

ကျန်းလန်က ပေါ့ပေါ့တန်တန် စကားပြောတတ်သူ မဟုတ်ပေ။ ထို့အတူ တော်ရုံကိစ္စများကိုလည်း စိတ်ဝင်စားတတ်သူ မဟုတ်ပေ။

ထို့ကြောင့်… ကလေးငယ်နှင့်ပတ်သက်ပြီး မည်သည့်ထင်မြင်ချက်ကိုမှ ဖွင့်ဟမပြောခဲ့ပေ။

အဘိုးအိုက မြေပဲတစ်စေ့ကို ပါးစပ်ထဲ ပစ်ထည့်ဝါးလိုက်သည်။

ထို့နောက်… မြေပဲပန်းကန်ကို ကျန်းလန်ဘက်သို့ တိုးပေးရင်း…

“စားပါဦးကွ…”

ပြီးမှ အဘိုးအိုက…

“ဒါနဲ့… မင်းက ဘယ်တောင်ထွတ်ကတပည့်လဲ…”

“နဝမတောင်ထွတ်က ဆက်ခံသူတပည့် ကျန်းလန်ပါ…”

ကျန်းလန်က အသံတိုးတိုးဖြင့် လေးလေးစားစားပင် ပြန်ဖြေလိုက်သည်။

“နဝမတောင်ထွတ် … ဟုတ်လား…”

အဘိုးအို အနည်းငယ် အံ့အားသင့်သွားဟန်ဖြင့် မေးလိုက်သည်။

ပြီးမှ… စိတ်သက်သာရာ ရသွားဟန်ဖြင့်…

“မအံ့သြတော့ပါဘူး…”

ဟု ပြောလိုက်၏။

ထို့နောက် အဘိုးအိုက မြေပဲပန်းကန်ကို အဝေးသို့ ယူသွားပြီး…

“မင်းကို ဒီမြေပဲတွေ မကျွေးနိုင်တော့ဘူးဟေ့…”

“……………”

ကျန်းလန် ဆွံ့အ သွား၏။

အတော်လေးလည်း နားမလည်နိုင်ဖြစ်သွားရသည်။

သေရည်ဆိုင်ပိုင်ရှင်အဘိုးအိုက နဝမတောင်ထွတ်နှင့်များ ပြဿနာဖြစ်ထားသူများလား…။ သို့မဟုတ်… ဆရာဖြစ်သူ မော့ကျန်းသုန့်နှင့် ရန်ငြိုးရန်စများ ရှိသူများလား…။

သို့သော်… မည်သည့်အကြောင်းအရာပဲ ဖြစ်ဖြစ် ကျန်းလန်က အရေးမစိုက်ပေ။

အဘိုးအိုက ကျန်းလန်ကို ဆက်ပြီး စကားမပြောတော့လေရာ ကျန်းလန်လည်း ဆိုင်ထောင့်တစ်နေရာသို့သွားကာ စောင့်ဆိုင်းရန် ဆုံးဖြတ်လိုက်သည်။

အဘိုးအိုက မြေပဲမကျွေးတော့သည်မှာ တော်သေးသည်။

“သေရည်မရောင်းတော့ဘူး” ဟု ပြောဆိုပြီး နှင်ထုတ်လျှင် ကျန်းလန်တော့ အခက်တွေ့ရပေလိမ့်မည်။

ထို့နောက်… ဆိုင်ထောင့်တစ်နေရာတွင် အေးအေးလူလူ ထိုင်ရင်း ကျန်းလန် အလုပ်စတော့သည်။

သူ… သေရည်ဆိုင်သို့ လာရသည့် အဓိကအကြောင်းရင်းက စနစ်တွင် မှတ်ပုံတင်ရန် မဟုတ်ပါလား…။

“စနစ်… ခွန်လွန်တောင်ခြေက သေရည်ဆိုင်မှာ မှတ်ပုံတင်မယ်…”

သိပ်မကြာမီ … စနစ်မှ အသံထွက်ပေါ်လာသည်။

[ ဒင် ! ]

[ မှတ်ပုံတင်ခြင်း အောင်မြင်ပါတယ်… ၊ မဟာတာအိုမှ ပေးအပ်သည့် လက်ဆောင်ကိုရရှိသည့်အတွက် စနစ်ပိုင်ရှင်ကို ဂုဏ်ပြုပါတယ်… ၊ ရတနာဝတ်ရည်သေရည်လို့ခေါ်တဲ့ နတ်ဘုရားသေရည်တစ်မျိုး ရရှိပါတယ်… ]

[ရတနာဝတ်ရည်သေရည် : ဆယ်နှစ်ဝတ်ရည် ၊ နှစ်တစ်ရာ အကောင်းစားသေရည် ၊ နှစ်တစ်ထောင် နတ်သေရည် ၊ (၃)နှစ်တစ်ကြိမ် တစ်စက်သောက်လို့ရပါတယ်… ၊ ဒါပေမဲ့… ဆယ်နှစ်အိပ်မက်မက်နေချင်တယ်ဆိုရင် တစ်ငုံသောက်ပါ ၊ နှစ်ပေါင်းတစ်ရာကို သေရည်မူးပြီး အရာအားလုံးကို မေ့ပျောက်ချင်ရင်တော့ တစ်အိုးလုံး သောက်လိုက်ပါ…

အိပ်မက်ကနိုးလာရင်တော့ မင်းရဲ့ မူလဝိညာဉ်က ကြည်လင်နေပြီး စကြာဝဠာအာကာသဟင်းလင်းပြင်နဲ့ ဆက်သွယ်ကာ အင်မော်တယ်တံခါးကို ရှာဖွေနိုင်ပါလိမ့်မယ်…]

စနစ်မှ အသံပျောက်ကွယ်သွားလေသည်။

သို့သော်… စနစ်မိတ်ဆက်စကားက ဘာကိုဆိုလိုကြောင်း ကျန်းလန် နားလည်လိုက်သည်။

“ဒီ ရတနာဝတ်ရည်သေရည်ကို သောက်ပြီးတာနဲ့ မရှိမှုအာကာသအဆင့်ကို တန်းရောက်သွားမယ်လို့ ဆိုလိုတာလား…”

ကျန်းလန် မယုံကြည်နိုင်စွာဖြင့် တွေးလိုက်မိသည်။

ထို့နောက်… ရရှိထားသည့် ရတနာဝတ်ရည်သေရည်ကို တစ်ချက် စစ်ဆေးကြည့်လိုက်သည်။

“ဟမ်…”

သေရည်အိုးမှာ တစ်ငုံစာမျှသာရှိသည့် ပုလင်းဖြူလေးတစ်လုံးဖြစ်၏။

“ဒါက … တစ်ငုံစာလား… တစ်အိုးလား မသဲကွဲဘူး…”

ဤသေရည်အိုးပိစိလေးကို သေရည်တစ်အိုးဟု ယူဆပါက တစ်ငုံစာသောက်လိုက်သည်နှင့် နှစ်ပေါင်းတစ်ရာ သေရည်မူးနေပေလိမ့်မည်။

ဤသို့ဆိုလျှင် နှစ်ပေါင်းတစ်ရာအတွင်း မရှိမှုအာကာသအဆင့်သို့ ရောက်ရှိသွားမည်ဟု ဆိုလိုသည်လား…။

သေရည်ကို သောက်လိုက်သောကြောင့် အရှုံးတော့ မရှိနိုင်ဟု ကျန်းလန် တွေးလိုက်မိသည်။

သို့သော်…

“မူလဝိညာဉ်အဆင့် အောင်မြင်သွားမှ ဒီသေရည်ကိုသောက်ရင် မရှိမှုအာကာသအဆင့်ကို ရောက်မှာလား… ၊ ဒါမှမဟုတ် … ဘယ်အချိန်ထသောက်သောက် မရှိမှုအာကာသအဆင့်ကို တန်းရောက်မှာလား… ၊ သိပ်မသေချာဘူး… မူလဝိညဉ်အဆင့် အောင်မြင်ပြီးမှသောက်တာက ပိုပြီး စိတ်ချရမယ်ထင်တယ်…”

စနစ်မှပြောပြသည့် သေရည်နှင့်ပတ်သက်သည့် မိတ်ဆက်စကားက သိပ်ပြီး မရှင်းလင်းပေ။

ထို့ကြောင့် … ကိုယ်တိုင် ရှင်းရှင်းလင်းလင်း သိရှိအောင် အဖြေရှာရမည် ဖြစ်သည်။ အမှားတစ်စုံတရာ ပြုလုပ်မိပါက ကျင့်ကြံခြင်းအဆင့်တက်ရန် အခွင့်အရေးတစ်ခု လက်လွှတ်ဆုံးရှုံးရပေလိမ့်မည်။

ရတနာဝတ်ရည်သေရည်က မိုးနဲ့မြေကိုဖန်ဆင်းခြင်းဆေးလုံးနှင့် မယှဉ်နိုုင်သော်လည်း ကျန်းလန်အတွက် အသုံးဝင်သည်ကတော့ အမှန်ပင် ဖြစ်၏။

ထို့နောက်… ကျန်းလန် သေရည်အိုးလေးကို အရေးမစိုက်တော့ဘဲ သိမ်းဆည်းထားလိုက်သည်။  အသေးစိတ် ရှင်းရှင်းလင်းလင်းသိရှိအောင် စစ်ဆေးပြီးမှ အသုံးပြုရမည် ဖြစ်သည်။

ဤသေရည်အိုးလေးက မရှိမှုအာကာသအဆင့်သို့ တက်ရောက်ရန် အခွင့်အလမ်းတစ်ခု ဖြစ်သည်။ သို့သော်… နှစ်ပေါင်း (၁၀၀) အချိန်ပေးရမည် ဖြစ်သည်။

သေရည်အိုးလေးကို ယခုချိန် သောက်လိုက်လျှင်… သေရည်မူးနေသည့် နှစ်ပေါင်း (၁၀၀)အတွင်း မူလဝိညာဉ်အဆင့်ပါ အလိုလို အောင်မြင်သွားမည်ဆိုလျှင်တော့ ပြောစရာပင်မလိုတော့အောင် ကောင်းလွန်းလှသည်။

ကျန်းလန် သိပ်အများကြီးမတွေးရန် ဆုံးဖြတ်လိုက်ပြီး မျက်လုံးများကို အသာမှိတ်ကာ ကျင့်ကြံနေလိုက်သည်။

သူ့စိတ်က တည်ငြိမ်နေပြီး လှိုင်းထခြင်းမရှိသည့် ကန်ရေပြင်အလား ဖြစ်သည်။

ဤအနေအထားဖြင့်ဆိုလျှင် ကျန်းလန် မည်မျှကြာကြာနေရပါစေ နေထိုင်နိုင်စွမ်းရှိသည်။ အကောင်းစားသေရည်ရရှိရန် မည်မျှကြာပါစေ ကျန်းလန် စောင့်ဆိုင်းနိုင်မည် ဖြစ်သည်။

“ပလုံ…”

ကန်ရေပြင်အလား ကြည်လင်နေသည့် ကျန်းလန်၏ စိတ်အာရုံထဲသို့ ရေစက်ကျသံပမာ အသံတစ်သံ ဝင်ရောက်လာပြီး သူ၏ စိတ်အစဉ်က လှိုင်းထသွားသည်။

ထို့နောက်… သူ၏ စိတ်အာရုံထဲတွင် သေရည်ဆိုင်၏ မြင်ကွင်း ထွက်ပေါ်လာသည်ကို မြင်တွေ့လိုက်ရသည်။

ကြည့်ရသည်မှာ… ကြည်လင်နေသည့် ကျန်းလန်၏ စိတ်အာရုံထဲသို့ သေရည်ဆိုင်မြင်ကွင်းက ချိုးဖျက်ဝင်ရောက်လာခြင်း ဖြစ်ဟန်တူသည်။

ကျန်းလန် ကောင်တာရှိရာသို့ မြင်နေရသည်။

ကောင်တာတွင် သေရည်ဆိုင်ပိုင်ရှင်က သေရည်အိုးတစ်အိုးကို ကိုင်ပြီး သူ့ထံသို့ ဝှေ့ရမ်းပြနေ၏။

“မင်းမှာထားတဲ့သေရည်တွေရပြီ…”

ဟု ပြောနေသယောင်ဖြစ်သည်။

ထို့နောက် ကျန်းလန်၏ စိတ်အာရုံထဲတွင် သေရည်ဆိုင်မြင်ကွင်း ပျောက်ကွယ်သွားပြီး ပုံမှန်အတိုင်း ပြန်လည် တည်ငြိမ်သွားသည်။

ကျန်းလန် စိတ်ရှုတ်ထွေးစွာဖြင့် မျက်လုံးများကို ဖွင့်ကြည့်လိုက်သည်။

ထိုအခါ… ဆိုင်ရှင်၏ အသံ ထွက်ပေါ်လာသည်ကို ကြားလိုက်ရသည်။

“ဒီမှာ သေရည်ရပြီ… ပိုက်ဆံလာပေးတော့…”

အဘိုးအိုက ပြောလိုက်သည်နှင့် ကျန်းလန် မတ်တတ်ရပ်လိုက်ပြီး ဆိုင်ကောင်တာသို့ လျှောက်သွားလိုက်သည်။

သို့သော်… စိတ်ထဲတွင်တော့ အနည်းငယ် အံ့အားသင့်နေမိသည်။

“တကယ့်ကို အံ့သြစရာပဲ… ဒီ အဘိုးကြီးက ငါ့စိတ်ထဲကို ဘယ်လိုများ ဝင်လာနိုင်တာလဲ…”

“သူသာ ငါ့ကို သတ်ချင်တယ်ဆိုရင်…”

ဟုတ်ပေ၏…။

ဆိုင်ရှင်အဘိုးအိုသာ ကျန်းလန်ကို သတ်ဖြတ်ချင်သည်ဆိုလျှင် သူ့အနေဖြင့် လုံး၀ ရှောင်တိမ်းနိုင်မည် မဟုတ်ပေ။

ခွန်လွန်တောင်ခြေတွင် လူထူးလူဆန်းများဖြင့် ပြည့်နက်နေပြီး အန္တရယ်များသည်က အမှန်ပင် ဖြစ်သည်။ ကျန်းလန်ကဲ့သို့ ကျင့်ကြံခြင်းအဆင့်ကို ဖုံးကွယ်ထားသူများကလည်း ဒုနှင့်ဒေး ဖြစ်၏။

စိတ်ထဲက အတွေးများနေသော်လည်း ကျန်းလန်၏ မျက်နှာကတော့ တည်တည်ငြိမ်ငြိမ်ပင် ဖြစ်သည်။

သူက ဆိုင်ကောင်တာသို့ လျှောက်သွားလိုက်ပြီး… ဝိညာဉ်ကျောက်တုံးများဖြင့် သေရည်ဖိုး ရှင်းလိုက်သည်။

ဆိုင်ရှင်က ဝိညာဉ်ကျောက်တုံးများကို သိမ်းဆည်းပြီးနောက် ကျန်းလန်ကို ပြုံးပြလိုက်ရင်း…

“ရော့… အကောင်းစားသေရည် (၂)အိုး… ယူသွားတော့…”

ကျန်းလန် သေရည်အိုးများကို သိမ်းဆည်းလိုက်သည်။

“ကျေးဇူးပါပဲ… အဘိုး…”

ပြောပြီးသည်နှင့် ကျန်းလန် ပြန်ရန်ဟန်ပြင်လိုက်သည်။

ဆိုင်အပြင်သို့ လှမ်းကြည့်လိုက်သည့်အခါ… နေပင်အတော်စောင်းနေပြီဖြစ်ကြောင်း သတိပြုလိုက်မိသည်။

နံနက်က ကြုံတွေ့ခဲ့ရသော အဖြစ်အပျက်များကြောင့် အပြန်လမ်းကတော့ အန္တရယ်မကင်းနိုင်ဟု ကျန်းလန် ခန့်မှန်းလိုက်သည်။

သူ့အနေဖြင့် ရန်သူနှင့်ရင်ဆိုင်ရန် အသင့်ပြင်ထားရပေမည်။

ကျန်းလန် သေရည်ဆိုင်တံခါးဝသို့အရောက်…

“ကိုကြီး… ခဏစောင့်ပါဦး…”

သူ့ကို တားဆီးလိုက်သည့် အသံတစ်သံကိုကြားလိုက်ရသည်။

ကျန်းလန် လှည့်ကြည့်လိုက်တော့ သေရည်ဆိုင်မှ ကလေးငယ်ကို တွေ့လိုက်ရသည်။  ကလေးငယ်၏ လက်ထဲတွင် မြေပဲများအပြည့်ထည့်ထားသည့် အိတ်တစ်အိတ်ကို ကိုင်ထားသည်။

ကျန်းလန် လှည့်ကြည့်လိုက်သည်နှင့် ကလေးငယ်က မြေပဲအိတ်ကို လှမ်းပေးလိုက်သည်။

ကျန်းလန် အံ့အားသင့်သွားလေသည်။

စောစောက… အဘိုးအို၏ ပန်းကန်ပြားထဲမှ မြေပဲများထက် အိတ်ထဲမှ မြေပဲများက အဆပေါင်းများစွာ များပြားလွန်းသည်။

ကျန်းလန် စိတ်ရှုတ်ထွေးစွာဖြင့်…

“ဒါက…”

လူငယ်လေးက…

“ဒါက… ကိုကြီးအတွက်လေ… အကောင်းစားသေရည်သောက်မယ်ဆိုရင်… အမြည်းလေးနဲ့မှ အရသာရှိမှာပေါ့…”

သူ့ကို အဘယ့်ကြောင့် မြေပဲများ လက်ဆောင်ပေးရပါသနည်း…။

မေးမြန်းရန်အတွက် ကျန်းလန် ဆိုင်ကောင်တာသို့ လှမ်းကြည့်လိုက်သည်။

ထိုအခါ… ဆိုင်ရှင်အဘိုးအိုက သူ့ကို မမြင်ချင်ယောင်ဆောင်နေပြီး ခေါင်းကိုငုံ့ကာ သန့်ရှင်းရေးလုပ်နေကြောင်း တွေ့လိုက်ရသည်။

ကျန်းလန် မည်သို့မှ မတတ်နိုင်တော့ဘဲ မြေပဲအိတ်လေးကိုယူလိုက်ပြီး ကလေးငယ်ကိုသာ ကျေးဇူးတင်စကားပြေလိုက်ရတော့သည်။

“ကျေးဇူးတင်ပါတယ်ကွာ…”

ကျန်းလန် ဆိုင်ထဲမှ ထွက်ခွာသွားတော့မှ ဆိုင်ရှင်အဘိုးအိုက ခေါင်းမော့ကြည့်လိုက်ရင်း…

“အံ့သြစရာပဲ… အံ့သြစရာပဲ… မော့ကျန်းသုန့်က တကယ့်ကို အံ့သြစရာကောင်းတဲ့ တပည့်တစ်ယောက်ကို ရထားတာပဲ…”


Comment

Leave a Reply

Options

not work with dark mode
Reset