ထို တောင်ထိပ်နှစ်ခု၏ ပတ်ပတ်လည်တွင် ရှိနေကြသော ပြိုင်ပွဲဝင်များမှာ စကားလုံးများနှင့် ဖော်ပြ၍မရနိုင်လောက်အောင် အံ့ဩမှင်တက်နေကြရပြီ ဖြစ်သည်။ လှံနှစ်ချောင်းအဖြစ် အသွင်ပြောင်းလဲသွားသည့် ဝမ်ပေါင်လဲ့နှင့် ဒူဂူလင်းတို့ကြောင့် သူတို့၏ခံစားချက်များမှာ ယောက်ယက်ခတ်နေကြရ၏။
တစ်အောင့်ခန့် အကြာတွင် ဝမ်ပေါင်လဲ့နှင့် ဒူဂူလင်းတို့မှာ တစ်ယောက်ကိုတစ်ယောက် ဝင်တိုက်သွားကြသဖြင့် နားစည်များပင် ကွဲအက်သွားစေနိုင်သည့် အသံကြီးတစ်သံ ထွက်ပေါ်လာပြီး နဂါးကိုးကောင်လက်သီးနှင့် ဆွေ့ရှင်းပေါင်တို့မှာ ရိုက်ခတ်သွားတော့သည်။
ထိုအခါ ထို နဂါးကိုးကောင်မှာ တစ်စစီ လွင့်ပါးပျောက်ကွယ်သွားပြီး ဆွေ့ရှင်းပေါင်မှာလည်း ပျက်စီးသွား၏။ သူတို့နှစ်ယောက်စလုံးမှာ သူတို့၏ စွမ်းအားအကုန်လုံးကို ထုတ်သုံးခဲ့သောကြောင့် အာကာသတွင်းနက်ကြီးတစ်ခုနှင့် တူသော ပြင်းအားများမှာ တစ်ခုပေါ်တစ်ခု ထပ်သွားကြပြီး ဆန့်ကျင်ဘက်အရပ်မျက်နှာသို့ ပေါက်ကွဲထွက်သွားသည်။ ထို့ကြောင့် သူတို့နှစ်ယောက်၏ ကြားတွင် အလွန်အင်မတန်မှ အားကောင်းသော တုန်ခါမှုလှိုင်းတစ်မျိုး ထွက်ပေါ်လာတော့သည်။
ထိုလှိုင်းများမှာ အံ့ဩမှင်တက်ဖွယ်ရာကောင်းလောက်အောင် အားပြင်းလွန်းနေသောကြောင့် အခြား အမြုတေအဆင့် ကျင့်ကြံသူများမှာ သူတို့နှစ်ယောက်၏ ကြားသို့ ရောက်သွားမည်ဆိုပါက ချက်ချင်းပင် သေဆုံးသွားကြမည်သာ ဖြစ်သည်။
နှလုံးအမြုတေ ပိုင်ဆိုင်ထားသည့် ဝမ်ပေါင်လဲ့အတွက်မူ ထို လှိုင်းများမှာ ကြောက်မက်ဖွယ်ရာကောင်းပါသော်လည်း ၎င်းတို့မှာ သူ့အား အသက်အန္တရာယ် ပြုနိုင်မည်တော့မဟုတ်ပေ။ ဒူဂူလင်းမှာလည်း ထိုနည်းတူပင်။ သူသည် နှလုံးအမြုတေတစ်ခု ပိုင်ဆိုင်ထားခြင်းမရှိပါသော်လည်း သူ၏ အပြင်ခန္ဓာကိုယ်မှာ ခုခံအားကောင်းမွန်နေ၏။ ထို့ကြောင့် ပေါက်ကွဲသံ အကျယ်ကြီးထွက်ပေါ်လာသည့်တိုင်အောင် သူတို့နှစ်ယောက်မှာ နောက်သို့ ခြေတစ်လှမ်းပင် ရွေ့သွားကြခြင်း မရှိပေ။ သို့ဖြစ်ရာ ပွဲကြည့်ပရိသတ်များ၏ မှန်းဆချက်များမှာ တက်တက်စင် လွဲသွားရတော့သည်။
အဘယ်ကြောင့်ဆိုသော် ထိုအခိုက်အတန့်တွင် နောက်သို့ ဆုတ်မိသွားပါက လက်ဦးမှု ရယူနိုင်မည် မဟုတ်တော့သောကြောင့်ပင်။ လက်ရည်တူ ပြိုင်ဘက်နှစ်ယောက် ယှဉ်ပြိုင်တိုက်ခိုက်ရာ၌ လက်ဦးမှု ရယူနိုင်ရန်မှာ အရေးအကြီးဆုံးအချက် ဖြစ်ပေသည်။
ထို ပေါက်ကွဲသံကြီးထွက်ပေါ်လာသောအခါ ဒူဂူလင်းမှာ စိတ်လှုပ်ရှားသွားပြီး ကျေနပ်အားရစွာ အော်ဟစ်ရယ်မောလိုက်၏။ သူ၏ တိုက်ခိုက်လိုစိတ်များမှာ သူ ရှုမင်နှင့်လုယွင်တို့နှင့် တိုက်ခိုက်ခဲ့စဉ်တုန်းကထက် အများကြီးပို၍ အားကောင်းနေပြီဖြစ်သည်။ ထို့ကြောင့် သူသည် နောက်သို့လှည့်လာပြီး အော်ပြောလိုက်၏။
” ဝမ်ပေါင်လဲ့။ မင်းက ငါနဲ့တိုက်ခိုက်ဖို့ အရည်အချင်း ပြည့်မီသားပဲ ” ဒူဂူလင်းမှာ ထိုသို့ဆိုလိုက်ပြီးနောက် သူ၏ညာဘက်လက်ဖြင့် မန္တန်လက်ကွက်များ ဖော်လိုက်ပြီး ဝမ်ပေါင်လဲ့ဆီသို့ ဦးတည်ပျံသန်းလာတော့သည်။ ထိုအချိန်တွင် သူ၏နောက်မှ သွေးပင်လယ်ကြီးမှာ လှိုင်းများထကာ ပင်လယ်ရေပြင်အောက်မှ ဧရာမ ဂဠုန်ငှက်ကြီးတစ်ကောင် ထိုးထွက်လာ၏။
ထို သတ္တဝါကြီး၏ ပေါ်ပေါက်လာမှုကြောင့် ဘေးပတ်ပတ်လည်တွင် ရှိနေကြသည့် ပြိုင်ပွဲဝင်များနှင့် အပြင်ဘက်ရှိ ပွဲကြည့်ပရိသတ်များအားလုံးမှာ အံ့သြတုန်လှုပ်သွားကြတော့သည်။ အမြုတေအဆင့် ကျင့်ကြံသူတစ်ယောက် ထိုကဲ့သို့ အားကောင်းလွန်းလှသည့် မန္တန်တစ်ခုအား အသုံးပြုနိုင်စွမ်း ရှိနေသည့် အချက်ကို လူအများစုမှာ မယုံကြည်နိုင်လောက်အောင်ဖြစ်နေကြ၏။ ယွမ်ယင်အဆင့် ကျင့်ကြံသူများသာလျှင် ထိုကဲ့သို့သော စွမ်းအားမျိုးကို ထုတ်လွှတ်နိုင်လိမ့်မည်ဟု အများစုက ယုံကြည်ထားကြ၏။
သိူ့သော် ဒူဂူလင်းမှာ ထိုသို့ အသုံးပြုနိုင်ခဲ့ရုံသာမက ၎င်းမှာ မလွန်အင်မတန်မှ အစွမ်းထက်နေ၏။ ထို ဂဠုန်ငှက်ကြီးမှာ ပေါ်ပေါက်လာသည်နှင့် တစ်ပြိုင်နက် ချက်ချင်းပင် အရွယ်အစား ကြီးမားသွား၏။ ၎င်းမှာ အသံကုန် အော်ဟစ်မြည်းတမ်းကာ ဝမ်ပေါင်လဲ့ဆီသို့ ပြေးလာခြင်းမရှိဘဲ နောက်သို့လှည့်ကာ အမြီးမြှောက်၍ ဝမ်ပေါင်လဲ့အား လှမ်းရိုက်လိုက်တော့သည်။
ထို့ကြောင့် ဧရာမယပ်တောင်ကြီးတစ်ချောင်းမှာ လမ်းတစ်လျှောက်ရှိ မည်သည့်အရာကိုမဆို ဖျက်ဆီးပစ်နိုင်စွမ်းရှိသော လေပြင်းမုန်တိုင်းတစ်ခုအား ဖန်တီးပေးလိုက်သကဲ့သို့ပင်။ ၎င်းမှာ ဟင်းလင်းပြင်ကြီးအား ဆုတ်ဖြဲကာ သွေးပင်လယ်ကြီးအား တုန်ရီသွားစေတော့သည်။ ထို့ကြောင့် အရာအားလုံးမှာ အနီရောင်ပြောင်းသွား၏။
၎င်းမှာ အလွန်အင်မတန်မှ မြန်ဆန်လွန်းနေပြီး ဒူဂူလင်းထက်ပင် အများကြီးပို၍ လျင်မြန်နေ၏။ ထို့ကြောင့် ၎င်းမှာ ဒူဂူလင်းဆီသို့ ပြေးလာနေဆဲဖြစ်သည့် ဝမ်ပေါင်လဲ့၏ ရှေ့တည့်တည့်တွင် ချက်ချင်းပင် ပေါ်ပေါက်လာတော့သည်။
ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ အန္တရာယ်ကြီးတစ်ခုနှင့် ကြုံတွေ့ရတော့မည့်အလား ခံစားလိုက်ရ၏။ သို့သော် ထိုအန္တရာယ်မှာ သူ၏ရှေ့မှမဟုတ်ဘဲ သူ၏နောက်မှ ရောက်ရှိလာခြင်းဖြစ်သည်။
ဂဠုန်ငှက်ကြီးမှာ ၎င်း၏အမြီးဖြင့် သူ့အား အားပါပါ လှမ်းရိုက်သဖြင့် သူသည် ရှေ့သို့ဆက်မသွားနိုင်တော့ဘဲ ဖြစ်သွားရ၏။ ထိုအချိန်တွင် ဒူဂူလင်းမှာ သူ၏နောက်၌ ပေါ်ပေါက်လာခြင်း ဖြစ်၏။
သူသည် ဝမ်ပေါင်လဲ့၏ နောက်တည့်တည့်တွင် ပေါ်ပေါက်လာပြီး သူ၏ ပုံပန်းသွင်ပြင်မှာလည်း အလွန်အင်မတန်မှ ထူးဆန်းနေ၏။ သူသည် တစ်ကိုယ်လုံး ဖောင်းကားနေပြီး သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ အနက်ရောင်အမွေးများဖြင့် ဖုံးအုပ်ထားသလို ဖြစ်နေသည်။ ထို့နောက် မျက်စိတစ်မှိတ်အတွင်းတွင် သူသည် ပေတစ်ရာကျော် မြင့်မားသော လူဝံကြီးတစ်ကောင်အဖြစ် ပြောင်းလဲသွားတော့သည်။
ထို လူဝံကြီးမှာ မျက်လုံးများနီမြန်းနေပြီး တိုက်ခိုက်လိုစိတ်များဖြင့် ပြည့်နှက်နေ၏။ ၎င်းမှာ အလွန်အင်မတန်မှ စိတ်လှုပ်ရှားနေသည့် အမူအရာဖြင့် ရယ်မောရင်း ၎င်း၏ ဧရာမ လက်ကြီးနှစ်ဖက်ကို ဝှေ့ယမ်းလိုက်သောအခါ ၎င်း၏ လက်သီးများမှာ အလေးတုံးများကဲ့သို့ ဝမ်ပေါင်လဲ့ပေါ်သို့ ကျရောက်လာတော့သည်။
ယခုတွင် ဂဠုန်ငှက်ကြီးမှာ သူ၏ရှေ့တွင်ရောက်နေပြီး ဧရာမလူဝံကြီးမှာ သူ၏နောက်တွင် ရှိနေသည်မဟုတ်ပါလော။ ထိုအခြေအနေမှာ အလွန်အင်မတန်မှ အန္တရာယ်များလွန်းနေသောကြောင့် ဝမ်ပေါင်လဲ့မှာ စဉ်းစားတွေးတောနေရန်ပင် အချိန်မရှိပေ။ တခြားတစ်ယောက်ယောက်သာဆိုပါက ယခုလိုအချိန်မျိုးတွင် သေချာပေါက် ပျာယာခတ်သွားကြမည်သာဖြစ်သည်။ ဒူဂူလင်းမှာ တိုက်ခိုက်ရေးအပိုင်းတွင် အတွေ့အကြုံရင့်သန်နေပြီဖြစ်ရာ သူ၏ လှုပ်ရှားမှုတိုင်းမှာ အသက်အန္တရာယ်ပြုနိုင်စွမ်း ရှိပေသည်။
သို့သော် ဝမ်ပေါင်လဲ့မှာလည်း သေရေးရှင်ရေးအခိုက်အတန့်ပေါင်း မြောက်မြားစွာနှင့် ကြုံဖူးထားသည်မဟုတ်ပါလော။ ထို့ကြောင့် ယခုလို အန္တရာယ်နှင့် ရင်ဆိုင်နေရသည့် အချိန်တွင်ပင် သူသည် တည်ကြည်မှုအပြည့် ရှိနေဆဲပင်။ သူသည် နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာအား ထုတ်သုံးပစ်ချင်သည့် စိတ်များကို ချုပ်တည်းထားရ၏။ ၎င်းအား နောက်ဆုံးအချိန်အထိ ထုတ်မသုံးပဲ ချန်ထားသင့်သည်ဟု ဆိုလိုခြင်းမဟုတ်ပါသော်လည်း အကယ်၍ ၎င်းအား ယခုလို ခုခံကာကွယ်ရာ၌ အသုံးပြုလိုက်မည်ဆိုပါက အငိုက်ဖမ်း၍ တိုက်ခိုက်ရာ၌ အသုံးပြုခြင်းလောက် အကျိုးရှိနိုင်မည်မဟုတ်ပေ။
ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ မျက်လုံးများ အရောင်လက်သွားပြီး တွေဝေတုံ့ဆိုင်းနေခြင်းမရှိဘဲ မန္တန်လက်ကွက်များ ဖော်လိုက်၏။ ထိုအခါ ဖဲကြိုးလေးတစ်ချောင်း ထွက်ပေါ်လာပြီး ၎င်း၏ ပတ်ပတ်လည်တွင် ရစ်ဝဲနေသလို သုံးရောင်ခြယ် ဓားပျံလေးမှာလည်း တဖိတ်ဖိတ်တောက်ပလာပြီး ဂဠုန်ငှက်ကြီး ရှိရာဆီသို့ ဦးတည်သွားတော့သည်။ ဝမ်ပေါင်လဲ့မှာမူ နောက်သို့လှည့်ကာ ဒူဂူလင်းတစ်ဖြစ်လဲ လူဝံကြီးအား လက်သီးဖြင့်ထိုးနှက်လိုက်၏။
ထိုအန္တရာယ်ကြီး စတင်ပေါ်ပေါက်လာသည့် အချိန်မှစ၍ သူ တိုက်ကွက်များအား ထိပ်တိုက်ရင်ဆိုင်တွေ့လိုက်သည့်အချိန်အထိ အချိန်အနည်းငယ်ခန့်သာ ကုန်ဆုံးသွားသေးသည် ဖြစ်သည်။ ထိုအချိန်တွင် ပေါက်ကွဲသံ အကျယ်ကြီးတစ်သံ ပဲ့တင်ထပ်သွား၏။ အဋ္ဌမအဆင့် ဓမ္မလက်နက်တစ်ခုနှင့် ဆင်တူသည့် ထို ဖဲကြိုးလေးမှာ တမူထူးခြားသော ကာကွယ်ရေးဂုဏ်သတ္တိတစ်ခုကို ပိုင်ဆိုင်ထား၏။ တစ်ချိန်ထဲမှာပင် နဝမအဆင့် ဓမ္မလက်နက်တစ်ခုနှင့် ဆင်တူသည့် သုံးရောင်ခြယ်ဓားပျံလေးမှာ အလွန်အင်မတန်မှ အစွမ်းထက်ပေသည်။ ထို ဓမ္မလက်နက်နှစ်ခုအား အတူတကွ ပေါင်းစည်း၍ အသုံးပြုလိုက်သောအခါ ၎င်းတို့၏ စွမ်းအားများမှာ ပို၍မြင့်တက်လာသောကြောင့် သူ့ဆီသို့ အရှိန်အဟုန်ဖြင့် ချဉ်းကပ်လာနေသည့် ဂဠုန်ငှက်ကြီး၏ အမြီးမှာ တုန်ရီသွားရတော့သည်။
ဝမ်ပေါင်လဲ့မှာ နောက်သို့လှည့်လိုက်ပြီးနောက် တွေဝေတုံ့ဆိုင်းနေခြင်းမရှိဘဲ သူ၏ ကျင့်ကြံခြင်းစွမ်းအား အကုန်လုံးကို ထုတ်သုံးကာ လက်သီးဖြင့် ထိုးနှက်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် သူသည် ဧရာမလူဝံကြီးအား ခန္ဓာကိုယ်တစ်ခုလုံးဖြင့် ဝင်တိုက်လိုက်သကဲ့သို့ ဖြစ်သွား၏။
ထိုအခါ အုန်းခနဲ အသံကျယ်ကြီးတစ်သံ ထွက်ပေါ်လာ၏။ ဝမ်ပေါင်လဲ့၏ သွေးချီများမှာ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးထဲ၌ ဆူပွက်နေကြပြီဖြစ်သည်။ ဤတိုက်ပွဲတွင် သူသည် အနည်းငယ်ခန့် အရေးနိမ့်နေရသည်ဖြစ်ကြောင်း သိထား၏။ ထို့ကြောင့် သူသည် မျက်လုံးများအရောင်လက်သွားပြီး ထိုပြင်းအားကို အသုံးပြုကာ နောက်သို့ဆုတ်ခွာသွားပြီးနောက် ဤအခြေအနေကြီးထဲမှ ရုန်းထွက်နိုင်ရန် ပြင်လိုက်သည်။ သို့သော် ဒူဂူလင်းမှာ သူ့အား အခွင့်ရေးမပေးဘဲ ကျေနပ်အားရစွာရယ်မောကာ ဆိုလိုက်၏။
” ကြည့်ရတာ ဒီလောက်ဖိအားလေးနဲ့ မင်းရဲ့ဝှက်ဖဲ ထွက်မလာသေးဘူးထင်တယ်။ ကောင်းပြီလေ။ ထပ်ပြီးတော့ ဖိအားပေးရတာပေါ့ ” ဒူဂူလင်းမှာ ထိုသို့ကြိမ်းဝါးလိုက်ပြီးနောက် ပါးစပ်ဟကာ ပုတီးစေ့သုံးလုံးအား ထွေးထုတ်လိုက်၏။
ထိုပုတီးစေ့ သုံလုံးမှာ အစိမ်းရောင် ဖြစ်နေကြပြီး ၎င်းတို့၏ အတွင်းပိုင်းထဲတွင် မှုန်ဝါးဝါး အရိပ်တစ်ခု ရှိနေ၏။ ထိုအရိပ်များ၏ ပုံပန်းသွင်ပြင်မှာ အလွန်အင်မတန်မှ ကျောချမ်းစရာကောင်းပြီး ဝမ်ပေါင်လဲ့၏ နှလုံးသားများကိုပင် တုန်ရီသွားစေနိုင်သည့် အငွေ့အသက်တစ်မျိုးမှာလည်း ထိုပုတီးစေ့များထဲမှ ထွက်ပေါ်နေသေးသည်။ သူသည် ၎င်းတို့အား သေသေချာချာ မကြည့်ရှုရသေးခင်မှာပင် ဒူဂူလင်းမှာ ရုတ်တရက်ဆိုသလို အော်ဟစ်လိုက်၏။
” ကွဲအက်စေ ”
ထိုအခါ ထိုပုတီးစေ့သုံးစေ့မှာ ပေါက်ကွဲထွက်သွားသဖြင့် ပေါက်ကွဲသံများထွက်ပေါ်လာပြီး တစ်ထေရာတည်း ချွတ်စွပ်တူနေသည့် ဒူဂူလင်းသုံးယောက် ပေါ်ထွက်လာတော့သည်။ သူတို့အားလုံးမှာ အားကောင်းသော အငွေ့အသက်များကို ပိုင်ဆိုင်ထားကြပြီး ဒူဂူလင်းအစစ်နှင့် ဂဠုန်ကြီးတို့နှင့်အတူ ပူးပေါင်းကာ မတူညီသော အရပ်မျက်နှာ ငါးခုမှနေ၍ ဝမ်ပေါင်လဲ့ဆီသို့ အရှိန်အဟုန်ဖြင့် ဦးတည်လာကြတော့သည်။
ထို့ကြောင့် သူသည် စောစောတုန်းကထင်ပင် ပို၍ကြီးမားသော အန္တရာယ်ကြီးတစ်ခုကို ခံစားလိုက်ရတော့သည်။ ဤ တိုက်ပွဲကိုကြည့်ပါက ဒူဂူလင်းမှာ အလွန်အင်မတန်မှ အစွမ်းထက်ကြောင်း သိသာထင်ရှားပေးသည်။ ဝမ်ပေါင်လဲ့မှာ သူ၏စိတ်အား အဆင်သင့်ဖြစ်နေအောင် ပြင်ဆင်ပြီးထားသည့်တိုင်အောင် အလွန်အမင်း အံ့ဩတုန်လှုပ်သွားရဆဲပင်။ အကယ်၍ ဝမ်ပေါင်လဲ့၏နေရာတွင် ကျိုးချူတောက်သာဆိုပါက ဒူဂူလင်း၏ အဆက်မပြတ်တိုက်ကွက်များကြောင့် ရှုံးနိမ့်သွားလောက်ပြီ ဖြစ်သည်။
” ကောင်းလိုက်တဲ့ပြိုင်ဘက်တစ်ယောက်ပဲ ” ဝမ်ပေါင်လဲ့မှာ မျက်လုံးများမှေးကာ ရေရွတ်လိုက်၏။ အကယ်၍ ထို ပုတီးစေ့များမှာ တစ်စစီ ကွဲအက်ပျက်စီးသွားခဲ့ခြင်း မရှိပါက ၎င်းတို့အား ထပ်ခါတလဲလဲ အသုံးပြု၍ ရနေမည်ဖြစ်ကြောင်း သူက နားလည်ထားသည်။ သို့သော် ၎င်းတို့၏ ပြင်းအားမှာ ယခုလောက် အစွမ်းထက်နေကြမည်တော့ မဟုတ်ပေ။ ထို့ကြောင့် သူသည် ဒူဂူလင်းမှာ ဆုံးဖြတ်ချက်ပြတ်သားမှု အပြည့်ရှိကြောင်း ရိပ်မိသွားတော့ငည်။ သူ၏ရှေ့တွင်ရှိနေသော ပုဂ္ဂိုလ်မှာ အနိုင်ရရှိရေးကိုသာ အာရုံစိုက်ထားခြင်းဖြစ်ပြီး သူပိုင်ဆိုင်ထားသည့် ပစ္စည်းများကို အတွေးထဲပင် ထည့်ထားခြင်းမရှိကြောင်း သူက သိလိုက်ရ၏။
ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးတောလိုက်ပြီးနောက် သူ၏ မျက်ဝန််းများထဲ၌ ရက်စက်ကြမ်းကြုတ်မှု အရိပ်အယောင်များ ပေါ်ပေါက်လာတော့သည်။ သူသည် သူ၏ပစ္စည်းများအား ဆုံးရှုံးခံလိုက်ရမည်ကို နှမြောတွန့်တိုနေခြင်း မရှိတော့ပေ။ ထို့ကြောင့် သူသည် မန္တန်လက်ကွက်များ ဖော်လိုက်ပြီး ဖဲကြိုးလေးအား လက်ညှိုးထိုးကာ အော်ဟစ်လိုက်တော့သည်။
” ပေါက်ကွဲစေ ”
ထိုအခါ ထိုဖဲကြိုးလေးမှာ ချက်ချင်းပင် ပေါက်ကွဲသွား၏။ ၎င်းမှာ တစ်ခါသာ အသုံးပြု၍ရသော အဋ္ဌမအဆင့် ဓမ္မလက်နက်တစ်ခုမဟုတ်ဘဲ အခြားဂြိုဟ်ပေါ်ရှိ လူမှုအဖွဲ့အစည်းတစ်ခုဆီမှ ရထားသော ရတနာတစ်ခု ဖြစ်နေသည်မဟုတ်ပါလော။ ယခု ထိုရတနာလေး ပေါက်ကွဲသွားသောအခါ ဝမ်ပေါင်လဲ့၏ အားဗဟိုပြု၍ လေမုန်တိုင်းတစ်ခု ချက်ချင်းပင် တိုက်ခတ်လာတော့သည်။ သုံးရောင်ခြယ်ဓားပျံလေးမှာလည်း တရွှီးရွှီးမြည်သံများ ထုတ်လွှတ်ကာ ဒူဂူလင်း၏ ကိုယ်ပွားသုံးခုဆီသို့ ဦးတည်သွားကြ၏။
ထိုမျှလောက်နှင့် မပြီးသေးပေ။ ဝမ်ပေါင်လဲ့မှာ တစ်ခါသုံး အဋ္ဌမအဆင့် ဓမ္မလက်နက်ငါးခုကို ထုတ်ယူလိုက်ပြီး ၎င်းတို့အား ဖောက်ခွဲပစ်လိုက်၏။ ထိုအခါ ၎င်းတို့ဆီမှ ထွက်ပေါ်လာသော လေမုန်တိုင်းကြီးမှာ မိုးကောင်းကင်ကြီးအား တုန်ရီသွားစေပြီး ပို၍ပင် အားကောင်းသော အငွေ့အသက်များကို ထုတ်လွှတ်ရင်း အရှိန်အဟုန်ပြင်းစွာ တိုက်ခတ်နေတော့သည်။
ထိုကဲ့သို့ အားကောင်းလွန်းလှသည့် လေမုန်တိုင်းကြီးကြောင့် ဧရာမလူဝံကြီးတစ်ကောင်အဖြစ် အတွင်ပြောင်းလဲထားသည့် ဒူဂူလင်းမှာ တစ်ကိုယ်လုံး တုန်ရီသွားရ၏။ သူကိုယ်တိုင်ပင်လျှင် ဝမ်ပေါင်လဲ့၏ ဆုံးဖြတ်ချက်ပြတ်သားမှုများကြောင့် အားသင့်သွားရခြင်းဖြစ်သည်။ သူသည် ဖဲကြိုးလေး၏ အငွေ့အသက်များကို အာရုံခံမိနေသည် မဟုတ်ပါလော။ အကယ်၍ သူ၏ ဓမ္မလက်နက်တစ်ခုတည်းသာ ပေါက်ကွဲသွားခဲ့မည်ဆိုပါက ကိစ္စကြီးကြီးမားမား မဟုတ်ပါသော်လည်း ယခုတွင်မူ ဝမ်ပေါင်လဲ့မှာ ထိုကဲ့သို့သော ရတနာငါးခုတိတိ ထပ်၍ ဖောက်ခွဲလိုက်ခြင်း ဖြစ်ပေသည်။ ထို့ကြောင့် ဒူဂူလင်းမှာ ပထမဆုံးအကြိမ်အဖြင့် အံ့အားသင့်သွားရတော့သည်။ သူသည် ဓမ္မလက်နက်ငါးခု ပေါက်ကွဲသွားရာမှ ထွက်ပေါ်လာသော ပြင်းအားကြီးနှင့် ထိပ်တိုက်ရင်မဆိုင်ရဲသောကြောင့် နောက်သို့ဆုတ်ခွာသွားရတော့သည်။
ထိုပေါက်ကွဲမှုများ ထွက်ပေါ်လာချိန်တွင် သုံးရောင်ခြယ်ဓားပျံလေး၏ လိုက်လံတိုက်ခိုက်ခြင်းကို ခံနေရသော သူ၏ကိုယ်ပွားသုံးခုမှာလည်း နောက်သို့ဆုတ်ခွာသွားကြ၏။ ထို့ကြောင့် ဒူဂူလင်း၏ တိုက်ကွက်ထဲ၌ ဟာကွက်တစ်ခု ပေါ်ပေါက်လာတော့သည်။ အသိသာဆုံး ဟာကွက်မှာ ဒူဂူလင်း၏ ခန္ဓာကိုယ်အစစ်နှင့် သူ၏ ကိုယ်ပွားများ နောက်သို့ဆုတ်ခွာသွားချိန်တွင် ပေါ်ပေါက်လာသည့် နေရာလွတ်တစ်ခု ဖြစ်ပေသည်။
သို့သော် ဝမ်ပေါင်လဲ့မှာ ထိုနေရာလွတ်အား တိုက်ခိုက်ခြင်းမရှိဘဲ လေမုန်တိုင်းကြီး တိုက်ခတ်နေစဉ် နောက်သို့ဆုတ်လိုက်သဖြင့် ဂဠုန်ကြီး၏ အမြီးနှင့် ရိုက်မိသွား၏။ ထိုအခါ သူ၏ပါးစပ်ထဲမှ သွေးများပန်းထွက်လာပြီး သူသည် ဂဠုန်ကြီး၏ဘေးမှ ဖြတ်သွားလိုက်တော့သည်။ သူသည် ဒူဂူလင်းနှင့် သူ၏ကိုယ်ပွားများ နောက်သို့ဆုတ်ခွာသွားရာမှ ထွက်ပေါ်လာသည့် နေရာလွတ်ထဲမှ ဖြတ်ပြေးသွားခဲ့ခြင်းမရှိပေ။
သို့သော် ထိုအချိန်တွင် သူသည် ဒင်္ဂါးပြားတစ်ပြားအား ထိုနေရာလွတ်ထဲသို့ ရုတ်တရက် လှမ်းပစ်လိုက်၏။
ထို့ကြောင့် ဒူဂူလင်းမှာ မျက်လုံးများမှေးသွားရပြီး အနည်းငယ်ခန့် စိတ်လှုပ်ရှားသွားတော့သည်။ ထို့နောက် သူ၏လက်ကို ဝှေ့ယမ်းလိုက်သောအခါ မျက်လုံးများနှင့် မမြင်နိုင်လောက်အောင် ပျောက်ကွယ်လုနီးပါးဖြစ်နေသည့် အမျှင်အတန်းတစ်ခုမှာ ထိုနေရာလွတ်ထဲမှထွက်ပေါ်လာ၏။ ၎င်းမှာ ဒင်္ဂါးပြားလေးအား ချက်ချင်းပင် ရစ်ပတ်သွားသဖြင့် ၎င်းမှာ မည်မျှပင် ရုန်းကန်နေစေကာမူ ထွက်ပြေးလွတ်မြောက်နိုင်းစွမ်းမရှိတော့ပေ။
” ဝမ်ပေါင်လဲ့။ ငါ မင်းကို စိတ်ဝင်စားသွားပြီ ” ဒူဂူလင်းမှာ ရယ်မောကာဆိုလိုက်ပြီး နောက်သို့လှည့်၍ ဝမ်ပေါင်လဲ့ဆီသို့ ပြေးလာတော့သည်။
အိုခီ