သူတို့နှစ်ယောက်မှာ ထိုသို့အော်ဟစ်လိုက်ကြပြီးနောက် သူတို့၏ အငွေ့အသက်များကို ထုတ်လွှတ်လိုက်ကြ၏။ ထိုအခါ ဧရာမ ငါးကြင်းကိုးကောင် အားမာန်အပြည့်ဖြင့် ကူးခတ်နေကြသည့် သွေးပင်လယ်ကြီးတစ်စင်းမှာ ဒူဂူလင်း၏ နောက်၌ ပေါ်ပေါက်လာသည်။ ထိုငါးကြင်းများ ရေမျက်နှာပြင်ပေါ်သို့ ခုန်တက်လာသည့်အချိန်တိုင်း သွေးပင်လယ်ကြီးထဲတွင် လှိုင်းလုံးများ ရိုက်ခတ်သွားသည်သာဖြစ်သည်။
ထိုပုံရိပ်ယောင်ကြီးနှင့်အတူ ထွက်ပေါ်လာသော သွေးညှီနံ့များမှာ အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွား၏။ ထို့ကြောင့် ဒူဂူလင်း၏ ခြေထောက်အောက်တွင် ရှိနေသော တောင်ထိပ်ကြီးမှာ သွေးရောင်ပြောင်းသွားတော့သည်။
ဝမ်ပေါင်လဲ့မှာလည်း အံ့ဩဖွယ်ရာကောင်းပေသည်။ သူ၏ ပတ်ပတ်လည်တွင် လျှပ်စီးတန်းပေါင်း မြောက်မြားစွာ ပေါ်ပေါက်လာကာ အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားကြသဖြင့် အလွန်အင်မတန်မှ ကျယ်ဝန်းသော လျှပ်စီးနယ်မြေကြီးတစ်ခု ပေါ်ပေါက်လာ၏။ သူ၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာနေသော လျှပ်စီးတန်းများမှာ တောင်ထိပ်ကြီး တစ်ခုလုံးကို လွမ်းခြုံထားသောကြောင့် မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီးတို့မှာ အရောင်ပြောင်းသွားရတော့သည်။
အဝေးမှ ကြည့်လိုက်ပါက သူတို့နှစ်ယောက်၏ အောက်တွင်ရှိနေသော တောင်ထိပ်နှစ်ခုမှာ သွေးတောင်ထိပ်နှင့် လျှပ်စီးတောင်ထိပ်များအဖြစ် အသီးသီး ပြောင်းလဲသွားကြသည်ကို မြင်နိုင်ပေသည်။ သူတို့နှစ်ယောက်၏ အငွေ့အသက်များမှာလည်း ဆင်တူနေကြပြီး မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီးတို့အား တုန်ရီသွားစေ၏။
ထိုမြင်ကွင်းကြောင့် ထိုတိုက်ပွဲကြီးအား ကြည့်ရှုနေကြသည့် ပရိသတ်များအားလုံးမှာ အံ့ဩတုန်လှုပ်သွားကြ၏။ ထို တောင်ထိပ်နှစ်ခု၏ ပတ်ပတ်လည်တွင် ပြိုင်ပွဲဝင်ပေါင်းမြောက်မြားစွာ ရောက်ရှိလာကြပြီဖြစ်သည်။ သူတို့မှာ အနီးသို့ မသွားရဲသောကြောင့် ပေထောင်ပေါင်းများစွာ ကွာဝေးသော နေရာများမှနေ၍ ကြည့်ရှုနေကြ၏။ ကျင့်ကြံသူများ၏ ခန္ဓာကိုယ်ဖွဲ့စည်းတည်ဆောက်ပုံမှာ သာမန်လူများနှင့် မတူသောကြောင့်လားတော့မသိပေ။ သူတို့မှာ ကျင့်ကြံခြင်းစွမ်းအားများ ထုတ်သုံးကာ အာရုံစိုက်၍ ကြည့်ရှုလိုက်သည့် အချိန်တွင် ထိုတိုက်ပွဲဖြစ်ပွားနေသည့် နေရာရှိ အရာအားလုံးကို ရှင်းလင်းပြတ်သားစွာမြင်နေရ၏။
သို့သော် ထိုသို့မြင်နေရသောကြောင့်လည်း သူတို့မှာ အလွန်အင်မတန်မှ အံ့သြတုန်လှုပ်သွားကြပြီး ဖိအားများအောက်ရောက်သွားသလို ခံစားလိုက်ရခြင်းဖြစ်သည်။ သူတို့မှာ ဝမ်ပေါင်လဲ့နှင့် ဒူဂူလင်းတို့နှစ်ယောက် သူတို့၏ အငွေ့အသက်များ ထုတ်လွှတ်လိုက်သဖြင့် သွေးတောင်ထိပ်နှင့် လျှပ်စီးတောင်ထိပ်တို့ ပေါ်ပေါက်လာသည်ကိုကြည့်ရင်း အသက်ရှူသံများ မြန်ဆန်လာရတော့သည်။
” တိုက်ပွဲကြီးစတော့မယ် ”
” ဒါ ယွမ်ယင်အဆင့်အောက်မှာရှိတဲ့ ထိပ်သီးအဆင့် ပညာရှင်တွေရဲ့ တိုက်ပွဲပဲ ”
” ဒီတိုက်ပွဲမှာ အနိုင်ရတဲ့လူက ယွမ်ယင်အဆင့်အောက်က အစွမ်းထက်ဆုံးပုဂ္ဂိုလ် ဖြစ်သွားမှာ ”
အရည်အချင်းစမ်းသပ်ပွဲ ကျင်းပရာ ကမ္ဘာကြီးထဲမှ ပြိုင်ပွဲဝင်များဖြစ်စေ၊ အပြင်ဘက်မှ ပွဲကြည့်ပရိသတ်များဖြစ်စေ၊ သူတို့အားလုံးမှာ ထိုတိုက်ပွဲကြီးအား အာရုံစိုက်ထားကြ၏။ အထူးသဖြင့် ဒူဂူလင်း အနိုင်ရရှိရန် လောင်းထားကြသည့် ဂိုဏ်းသားများမှာ အလွန်အင်မတန်မှ စိတ်လှုပ်ရှားနေကြပြီဖြစ်သည်။
ပြည်ထောင်စုပျိုးပင်များမှာလည်း ထိုနည်းတူပင်။ ပရိသတ်များအားလုံး ထိုတောင်ထိပ်နှစ်ခုအား အာရုံအပြည့်စိုက်နေကြစဉ် ဝမ်ပေါင်လဲ့မှာ ရုတ်တရက် ရယ်မောလိုက်၏။ သူ၏ ရယ်သံမှာ တဖြည်းဖြည်းနှင့် ကျယ်လောင်လာပြီး နောက်ဆုံးတွင် သူသည် သူ၏ ညာဘက်လက်အား မြှောက်ကာ အားပါပါ ဝှေ့ယမ်းလိုက်တော့သည်။
သူသည် တိုက်ကွက်တစ်ခု ထုတ်လွှတ်လိုက်ခြင်းမဟုတ်ဘဲ သူ့ဆီတွင်ရှိနေသည့် သော့များအားလုံးကို သူတို့နှစ်ယောက်၏ ကြားရှိ တောင်ကြားထဲသို့ လွှင့်ပစ်လိုက်ခြင်း ဖြစ်သည်။ ထို့ကြောင့် ထိုသော့များမှာ တလက်လက်တောက်ပနေသော ကြယ်များကဲ့သို့ ထိုတောင်ကြားထဲသို့ ကျသွားတော့သည်။
ထိုမြင်ကွင်းကြောင့် ပရိသတ်များအားလုံးမှာ အံ့အားသင့်သွားရ၏။ ဝမ်ပေါင်လဲ့မှာ သူ၏သော့များအား လွှင့်ပစ်လိုက်လိမ့်မည်ဟု သူတို့က လုံးဝထင်မှတ်မထားကြပေ။ သို့သော် သူတို့မှာ သေသေချာချာ စဉ်းစားတွေးတောလိုက်ပြီးနောက် သူ၏လုပ်ရပ်မှာ ကျိုးကြောင်းဆီလျော်မှုရှိကြောင်း နားလည်သွားကြ၏။
ဤ အရည်အချင်းစမ်းသပ်ပွဲ၏ စည်းမျဉ်းများမှာ ပြောင်းလဲသွားပြီမဟုတ်ပါလော။ အခြားတနည်းဖြင့်ဆိုရလျှင် ဝမ်ပေါင်လဲ့နှင့် ဒူဂူလင်းတို့မှာ ကိုယ်ပိုင်စည်းမျဥ်းများကို ပိုင်ဆိုင်ထားကြပြီဖြစ်သောကြောင့် ချမှတ်ထားသည့် စည်းမျဥ်းများအား စိတ်ထဲ၌ ထည့်တွက်နေရန် မလိုအပ်ပေ။
သူတို့၏ စည်းမျဉ်းမှာ…. လူတစ်ယောက်တည်းသာ ကျန်ရစ်ခဲ့ရမည်ဆိုသော စည်းမျဉ်းပင် ဖြစ်ပေသည်။
သို့သော် မည်သူကမှ ဝမ်ပေါင်လဲ့ကဲ့သို့ ထိုသော့များအား အဆင်အခြင်မဲ့စွာ လွှင့်ပစ်ရဲမည် မဟုတ်ပေ။ ထိုကဲ့သို့ ရိုးရှင်းလွန်းလှသော လုပ်ရပ်လေးတစ်ခုကြောင့် ဝမ်ပေါင်လဲ့၏ အငွေ့အသက်များမှာ ပို၍ပင်အားကောင်းလာ၏။ သူသည် နောက်ပြန်လှည့်၍မရတော့ဘဲ ရှေ့သို့သာ ဆက်လျှောက်ရမည့် လမ်းစဉ်ကို ရွေးချယ်လိုက်ပြီဖြစ်သည်။
သူတို့၏ ဘေးပတ်ပတ်လည်မှ ပြိုင်ပွဲဝင်များပင်လျှင် အသက်ရှူသံများ ရပ်တန့်သွားကြသည်ဖြစ်ရာ အပြင်ဘက်တွင်ရှိနေကြသော ဂိုဏ်းသားများမှာဆိုလျှင် ပို၍ပင် ဆိုးပေသည်။ ယခုတွင် ဝမ်ပေါင်လဲ့မှာ ပြည်ထောင်စုကြီးဆီမှ ရောက်လာသည့် ကျင့်ကြံသူတစ်ယောက် ဖြစ်နေသည့်တိုင်အောင် လူပေါင်းများစွာမှာ သူ့အား ရိုသေလေးစားနေကြပြီ ဖြစ်သည်။
” သတ္တိကောင်းလွန်းလှပါလား…ငါ အရင်တုန်းက ဝမ်ပေါင်လဲ့ကို လျှော့တွက်မိခဲ့တာပဲ ”
” တကယ်လို့ ငါသာ အခွင့်အရေး ရရင် ဝမ်ပေါင်လဲ့ နိုင်နိုင်ရှုံးရှုံး သူနဲ့ မိတ်ဆွေဖွဲ့ချင်မိတယ် ”
ထိုကဲ့သို့ ကျင့်ကြံသူပေါင်းမြောက်မြားစွာ၏ ဝမ်ပေါင်လဲ့အပေါ်ထားရှိသော သဘောထားထားများ ပြောင်းလဲသွားကြစဉ် ဒူဂူလင်းမှာလည်း ဝမ်ပေါင်လဲ့၏ လုပ်ရပ်ကြောင့် သူ့အား လေးစားမိသွား၏။
ထို့နောက် ဒူဂူလင်းမှာလည်း ဟက်ဟက်ပက်ပက် ရယ်မောလိုက်ပြီး သူ၏ ညာဘက်လက်ကိုမြှောက်ကာ ဝှေ့ယမ်းလိုက်၏။ သူသည် သူ စုဆောင်းထားသမျှ သော့များအားလုံးကို အမှိုက်သရိုက်များကဲ့သို့ သဘောထား၍ တောင်ကြားထဲသို့ ပစ်ချလိုက်ပြီး ၎င်းတို့အား အာရုံထဲပင် ထည့်မထားတော့ပေ။ နောက်ဆုံးတွင် သူ့ဆီ၌ သော့တစ်ချောင်းထဲသာ ကျန်တော့၏။ သူသည် ထိုသော့အား သူ၏ညာဘက်လက်ဖြင့် လက်ညှိုးထိုးလိုက်သောအခါ ၎င်းမှာ လေထဲသို့ ပျံတက်သွားကာ တောင်ထိပ်နှစ်ခုကြားတွင်ရှိနေသော ကျောက်တုံးများပေါ်သို့ ရောက်ရှိသွားပြီး တလက်လက် တောက်ပနေတော့သည်။
ထိုတိုက်ပွဲအား အနိုင်ရရှိသူမှာ ထို့သော့အား ရယူနိုင်မည်ဖြစ်သည်။ ဒူဂူလင်းတစ်ယောက် ထိုသော့အား လွှင့်ပစ်လိုက်ပြီးနောက် သူ၏ အငွေ့အသက်များမှာ ပို၍ပင်အားကောင်းလာပြီး မိုးကောင်ကင်ကြီးအား တုန်ရီသွားစေ၏။ သူတို့၏ ပတ်ပတ်လည်ရှိ သော့များကိုဆုံးရှုံးလိုက်ရသည့် ပြိုင်ပွဲဝင်များမှာ ဝမ်ပေါင်လဲ့နှင့် ဒူဂူလင်းတို့၏ လုပ်ရပ်များကြောင့် လုံးဝမှင်တက်သွားရပြီး အသက်ရှူသံများ ရပ်တန့်သွားတော့သည်။ သူတို့ ဝန်ခံလိုသည်ဖြစ်စေ၊ ဝန်မခံလိုသည်ဖြစ်စေ သူတို့မှာ ထိုနှစ်ယောက်နှင့် ယှဉ်လိုက်ပါက အညတရအဆင့်တွင်သာ ရှိကြပေသည်။
” သူတို့နှစ်ယောက်စလုံးက တကယ့်ကို ထိပ်သီးအဆင့် ပညာရှင်တွေပဲ ” ပရိတ်သတ် တစ်ယောက်က ထိုသို့ရေရွတ်လိုက်သောအခါ အခြားသူများကလည်း သူ့အား သဘောတူလိုက်ကြ၏။
သူတို့မှာ ထိုနှစ်ယောက်၏ စွမ်းပကားများကို အာရုံခံမိနေကြသလို သူတို့နှစ်ယောက်၏ ခံယူချက်များကိုလည်း နားလည်သွားကြပြီဖြစ်သည်။
ဤတိုက်ပွဲကြီးမှာ နောက်ထပ်တစ်ကြိမ် တည်နေရာပြောင်းရွှေ့ခြင်း ဖြစ်စဉ်ကြီးပြီးလျှင် ပြီးဆုံးသွားမည် ဖြစ်သည်။ ထိုဖြစ်စဉ်ကြီးမစခင် အနိုင်အရှုံး အဖြေပေါ်ရန် လိုအပ်ပေသည်။ အကယ်၍ ထိုသို့သာမဟုတ်ပါက သူတို့နှစ်ယောက်အပါအဝင် လူတိုင်းမှာ ပြိုင်ပွဲထဲမှ ထွက်သွားရမည်ဖြစ်ရာ မည်သူကမှ အနိုင်ရရှိတော့မည်မဟုတ်ပေ။
သို့သော် မည်သူကမှလည်း ထို တောင်ကြားထဲမှသော့များကို သွားမယူရဲကြပေ။ ထိုလုပ်ရပ်မှာ လုံးဝအဓိပ္ပါယ်မရှိသည် မဟုတ်ပါလော။ သူတို့မှာ ထိုအခွင့်အရေးအား အသုံးချကာ စည်းမျဉ်းစည်းကမ်းများအတိုင်း ထိပ်ဆုံးသုံးယောက်ထဲသို့ ဝင်ခွင့်ရသွားလျှင်တောင် တစ်ဂိုဏ်းလုံးမှာ ထိုပြိုင်ပွဲကြီးအား ကြည့်ရှုနေကြသည်ဖြစ်ရာ အနာဂတ်တွင် မျက်နှာပန်း လှနိုင်တော့မည် မဟုတ်ပေ။
ဤ အရည်အချင်းစမ်းသပ်ပွဲထဲမှ ပြိုင်ပွဲဝင်များမှာ ကျယ်ပြန့်တာအိုနန်းတော်ထဲတွင် တစ်ယောက်နှင့်တစ်ယောက် မကြာခဏ ဆုံတွေ့လေ့ရှိကြသည် မဟုတ်ပါလော။ ထို့ကြောင့် အများစုမှာ ထိုကဲ့သို့ စွန့်စားရဲကြမည်မဟုတ်ပေ။ အထူးသဖြင့် ကျန်ရစ်နေခဲ့သည့် လူများအားလုံးမှာ စဉ်းစားဆင်ခြင်ဉာဏ်ရှိကြသည့် လူများ ဖြစ်နေသည်မဟုတ်ပါလော။
ထို့ကြောင့် သူတို့ထဲမှ အချို့မှာ နောင်တကြီးစွာရနေသည့်တိုင်အောင် သူတို့၏ လောဘစိတ်များကို ချုပ်တည်းကာ ထိုအတွေးများကို မေ့ထားလိုက်ကြတော့သည်။
ဤ အရည်အချင်းစမ်းသပ်ပွဲအား အနိုင်ရရှိမည့်သူမှာ ဝမ်ပေါင်လဲ့နှင့် ဒူဂူလင်းတို့ နှစ်ယောက်ထဲမှ တစ်ယောက်သာဖြစ်ပေသည်။ ထိုကဲ့သို့ အနိုင်ရရှိသူကသာ ကျောက်တုံးပေါ်တွင် တလက်လက်တောက်ပနေသည့် သော့အား ရယူနိုင်မည် ဖြစ်သည်။ သူသည် ထိုသော့အား ရင်ဝယ်ပိုက်ကာ အခြားသူများ ပြိုင်ပွဲထဲမှ ထွက်ခွာသွားမည့် မြင်ကွင်းအား ကြည့်ရှုရင်း အရည်အချင်းစမ်းသပ်ပွဲ၏ အဆင့်တစ်နေရာကို ရရှိသွားမည်ဖြစ်သည်။
” ဝမ်ပေါင်လဲ့။ ငါ့ကို စိတ်ပျက်အောင်မလုပ်နဲ့နော် ” ဒူဂူလင်းမှာ သူ၏သော့များကို လွှင့်ပစ်လိုက်ပြီးနောက် မျက်ဝန်းများထဲ၌ တိုက်ခိုက်လိုစိတ်များ တောက်ပလာတော့သည်။ သူသည် ရှေ့သို့ ခြေတစ်လှမ်းကာ ဝမ်ပေါင်လဲ့ဆီသို့ ချက်ချင်းပင် ဦးတည်သွား၏။ ထို့နောက် သူသည် သူ၏ ညာဘက်လက်ကိုမြှောက်၍ လှမ်းဆွဲလိုက်သောအခါ သူ၏နောက်ရှိ သွေးပင်လယ်ထဲတွင် ရှိနေခဲ့သော ငါးကြင်းကိုးကောင်မှာ စူးရှကျယ်လောင်စွာ အော်ဟစ်ကာ ရေမျက်နှာပြင်အထက်သို့ ခုန်တက်လာကြတော့သည်။
ထို ငါးကြင်းငါးကောင်မှာ လေထဲတွင် အနက်ရောင် နဂါးကိုးကောင်အဖြစ် ပြောင်းလဲသွားကြပြီး ဒူဂူလင်း၏ ညာဘက်လက်မောင်း ပတ်ပတ်လည်တွင် ရစ်ပတ်သွားကြ၏။ ထို နဂါးကိုးကောင်ကြောင့် သူ၏ လက်သီးချက်မှာ ပို၍ပင် အစွမ်းထက်လာတော့သည်။
ထို့နောက် သူသည် ရှုမင်နှင့် လုယွင်တို့အား တိုက်ခိုက်ခဲ့စဉ်တုန်းကအတိုင်း ဝမ်ပေါင်လဲ့ဆီသို့ ပြေးသွားလိုက်တော့သည်။
သူသည် ကျယ်ပြန့်တာအိုနန်းတော်ထဲတွင် ယခုအချိန်အထိ သူ့အား ဒုတိယမြောက်မန္တန် အသုံးပြုရသည့် အနေအထားသို့ရောက်အောင် ဖိအားပေးနိုင်သော ပြိုင်ဘက် တစ်ယောက်တစ်လေနှင့်ပင် မကြုံတွေ့ဖူးသေးပေ။ သူ၏ ပြိုင်ဘက်များအားလုံးမှာ သူ၏ နဂါးကိုးကောင်လက်သီးချက်ကြောင့် ရှုံးနိမ့်သွားခဲ့ရသည်သာဖြစ်သည်။
ကျိုးချူတောက် တစ်ယောက်သာလျှင် သူ့အား ဒုတိယမြောက် မန္တန်ထုတ်သုံးရအောင် ဖိအားပေးနိုင်လိမ့်မည်ဟု သူက ထင်မှတ်ထားခဲ့၏။ သို့သော် ယခုတွင်မူ သူသည် ဝမ်ပေါင်လဲ့အား ထိုကဲ့သို့ မျှော်လင့်နေရပြီဖြစ်သည်။ ဒူဂူလင်းမှာ ဗေဒါရွက်များအား ဂရုပင် မစိုက်တော့ပေ။ သူသည် သူ၏ စိတ်တိုင်းကျ အားသွန်ခွန်စိုက်တိုက်ခိုက်ကာ ထိုတိုက်ပွဲကြီးအား အနိုင်ယူ၍ သူ၏ စွမ်းအားများကို မြှင့်တင်နိုင်ရန်သာ စိတ်ကူးထားသည်။
ထိုကဲ့သို့သော အတွေးများ၊ တိုက်ခိုက်လိုစိတ်များနှင့် အနိုင်ရလိုစိတ်များကြောင့် ဒူဂူလင်း၏ စွမ်းအားများ တရိပ်ရိပ် မြင့်တက်လာပြီး သူ၏နောက်တွင် ရှိနေသော မီးပင်လယ်ကြီးမှာလည်း လှိုင်းများထလာတော့သည်။ ထိုအချိန်တွင် သူသည် လေပေါ်သို့ ခုန်တက်သွားလိုက်ပြီး ဝမ်ပေါင်လဲ့အား ထိုးနှက်လိုက်၏။
ထိုလက်သီးချက်ကြောင့် မိုးကောင်းကင်နှင့်ကမ္ဘာမြေကြီးတို့မှာ တုန်ရီသွားရပြီး အာကာသတွင်းနက်ကြီးတစ်ခုပင် ပေါ်ပေါက်လာရ၏။ ၎င်းမှာ ကောင်းကင်ယံကြီးကိုပင် တုန်ခါသွားစေနိုင်သော ပြင်းအားတစ်ခု ဖြစ်ပေသည်။ နဂါးကိုးကောင် စူးရှကျယ်လောင်စွာ အော်ဟစ်လိုက်ကြသောအခါ ထပ်တူကျမှုစွမ်းအားများ ထွက်ပေါ်လာ၏။
ထိုစွမ်းအားများမှာ ဖျက်စီးပစ်၍မရနိုင်သော လှံတစ်ချောင်းကဲ့သို့ ရှေ့သို့ အရှိန်အဟုန်ဖြင့် ထိုးခွင်းသွားတော့သည်။
” မင်း ဆန္ဒအတိုင်း ဖြစ်စေရမယ် ” ဝမ်ပေါင်လဲ့၏ မျက်ဝန်းများထဲတွင်လည်း သူ၏ တိုက်ခိုက်လိုစိတ်များကို ထင်အရှားမြင်နိုင်ပေသည်။ ထိုအချိန်တွင် သူ၏ လျှပ်စီးနယ်မြေထဲရှိ လျှပ်စီးတန်းများအားလုံးမှာ ကခုန်သွားကြပြီး ပေါက်ကွဲထွက်ပေါ်လာကြ၏။ သူ၏ စကားသံထဲတွင်လည်း ယခင်အကြိမ်များတုန်းကနှင့် မတူသော စွမ်းအားတစ်မျိုး ကိန်းအောင်းနေသကဲ့သို့ပင်။ ထိုစကားသံကြီး ပဲ့တင်ထပ်သွားစဉ် ဝမ်ပေါင်လဲ့မှာ ရှေ့သို့လှမ်းလာ၏။
သူ၏ ညာဘက်လက်သီးအား ကျစ်ကျစ်ပါအောင် ဆုတ်လိုက်သောအခါ ၎င်းထဲ၌ စွမ်းအားများ စုစည်းသွားကြ၏။ သူ၏ ကျင့်ကြံခြင်းစွမ်းအားများ အကုန်လုံးမှာလည်း ထွက်ပေါ်လာပြီဖြစ်သည်။ ထိုအချိန်တွင် သူ၏ လျှပ်စီးအမြုတေ၊ အမှောင်အမြုတေနှင့် နှလုအမြုတေတို့အားလုံးမှာ လည်ပတ်သွားကြပြီး စုပေါင်းစွမ်းအားတစ်ခုကို ဖန်တီးပေးလိုက်၏။ ၎င်းမှာ သူ၏ အသိစိတ်နှင့် တစ်သားတည်း ပေါင်းစည်းသွားသောအခါ သူ ထုတ်လွှတ်လိုက်သည့် လက်သီးချက်မှာ ပို၍ပင်အားကောင်းလာတော့သည်။
” ဆွေ့ရှင်းပေါင် ”
ထို ထပ်ကျမှုစွမ်းအားကြောင့် သူ၏အစွမ်းမှာ နှစ်ဆတိတိပို၍ မြင့်မားသွား၏။
ထိုလက်သီးချက်ကြီးကြောင့် မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီးတို့ တုန်ရီသွားကာ လေပြင်းများ ခတ်လာကြပြီး တိမ်တိုက်များမှာ တစ်စစီ ဆုတ်ဖြဲခံလိုက်ရသကဲ့သို့ ဖြစ်သွားကြသည်။ ထို့နောက် အာကာသတွင်းနက်ကြီးတစ်ခုနှင့် ပုံစံတူသည့် ပြင်းအားတစ်မျိုးထွက်ပေါ်လာ၏။ ထိုပြင်းအားများကြောင့် သူသည်လည်း ဖျက်ဆီး၍မရနိုင်သော လှံတစ်ချောင်းအဖြစ်သို့ ပြောင်းလဲသွားပြန်သည်။ သူ၏ လက်သီးမှာ အသွားထက် လှံထိပ်ကဲ့သို့ ဒူဂူလင်းဆီသို့ အရှိန်အဟုန်ဖြင့် ဦးတည်သွားတော့သည်။
သူတို့နှစ်ယောက်၏ ကြားမှ အကွာအဝေးမှာ ပေတစ်ထောင်မျှသာ ရှိသည်မဟုတ်ပါလော။ ထို့ကြောင့် သူတို့မှာ ထိုသို့ ပြေးထွက်လာကြသည့် မြင်ကွင်းမှာ တုနှိုင်းမဲ့ အသွားထက်လှံနှစ်ချောင်း တစ်ချောင်းနှင့်တစ်ချောင်း ထိပ်တိုက်ရင်ဆိုင်တွေ့တော့မည့်အလား ဖြစ်နေတော့သည်။
မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီးတို့မှာ တုန်ရီနေပြီး ပတ်ဝန်းကျင်တစ်ခုလုံးတွင် တုန်ခါမှုလှိုင်းများဖြင့် ပြည့်နှက်နေ၏။
၎င်းမှာ သွေးပင်လယ်နှင့် လျှပ်စီးနယ်မြေတို့၏ အားပြိုင်မှု ဖြစ်ပေသည်။
၎င်းမှာ သွေးတောင်ထိပ်နှင့် လျှပ်စီးတောင်ထိပ်တို့၏ ရိုက်ခတ်မှု ဖြစ်ပေသည်။
၎င်းမှာ ကျယ်ပြန့်တာအိုနန်းတော်၌ အဆင့်တစ်ဂိုဏ်းသားဖြစ်လာရန် ဆုံးဖြတ်ပေးမည့် နောက်ဆုံးတိုက်ပွဲကြီး ဖြစ်ပေသည်။