“ဒါက မဖြစ်နိုင်ဘူးရယ်လို့တော့ မဟုတ်ဘူး…”
ယောင်ယောင်ရဲ့ပါးစပ်ဖျားမှ ထိုစကားတွေထွက်ပေါ်လာသည့်အခါ ဇူယွမ်၊ စုယုဝေ၊ ဝေကန်းလန်နဲ့ ကျန်တဲ့လူတွေအားလုံးရဲ့အကြည့်က သူမထံရောက်ရှိသွားခဲ့ပြီး သူတို့ရဲ့မျက်နှာထက်မှာ စိတ်ရှုပ်ထွေးမှုတွေ ဖြစ်ပေါ်လာခဲ့သည်။ ယောင်ယောင်က ဒီလိုမျိုးမူလမှော်စာလုံးနယ်နိမိတ်တစ်ခုကိုတောင် အဓိပ္ပါယ်ဖော်နိုင်စွမ်းရှိနေတာလား။
သူမက သူတို့အားလုံးရဲ့စိတ်ထဲကို ထွင်းဖောက်မြင်နေရသည့်အလား သူမရဲ့ခေါင်းကို ခါယမ်းပြလိုက်ပြီးပြောသည်… “ဒီမူလမှော်စာလုံးနယ်နိမိတ်ရဲ့ အဓိပ္ပါယ်ကိုဖော်နိုင်ဖို့အတွက်ဆိုရင် လူတစ်ယောက်ကအနည်းဆုံး အဆင့် ၅မူလမှော်စာလုံးကို ရေးဆွဲနိုင်ဖို့လိုအပ်တယ်… လက်ရှိငါ့ရဲ့အဆင့်က ဒီလိုမျိုးလုပ်နိုင်စွမ်းမရှိသေးဘူး…”
ဒါကိုကြားလိုက်ရပြီးနောက်မှာ လူတိုင်းကပိုပြီးရှုပ်ထွေးသွားခဲ့ရသည်။ သူမတောင် ဒါကိုအဓိပ္ပါယ်ဖော်နိုင်စွမ်းမရှိဘူးဆိုရင် အခြားဘာနည်းလမ်းများ ရှိနေလိမ့်ဦးမည်နည်း။
ယောင်ယောင်က တည်ငြိမ်သည့်အမူအယာဖြင့်ပြောလိုက်သည်… “တကယ်လို့ငါတို့လက်ထဲမှာသာ ထူးခြားတဲ့မှော်စာလုံးတစ်ခုရှိနေတယ်ဆိုရင် ဒါကိုဖွင့်နိုင်လိမ့်မှာမဟုတ်ဘူးလား…”
သို့ပေမဲ့လည်း ထိုအခိုက်အတန့်မှာပင် စုယုဝေရဲ့မျက်လုံးတွေက တောက်ပသွားခဲ့ရပြီး သူမကမေးလိုက်သည်… “အစ်မကြီးယောင်ယောင်က အဲ့ဒီလိုထူးခြားတဲ့မှော်စာလုံးကို သိထားတာလား…”
ယောင်ယောင်က မူလမှော်စာလုံးနယ်နိမိတ်ကို ဂရုတစိုက်ဖြင့်စစ်ဆေးလိုက်သည်။ ထို့နောက်မှာ သူမကခေါင်းညိတ်ပြကာပြောလိုက်သည်… “ကြည့်ရတာ ငါထင်ထားတာမှန်နေပုံပဲ…”
သူမကပြောလိုက်သကဲ့သို့ သူမရဲ့ခါးမှာချိတ်ဆွဲထားသည့် သိုလှောင်အိတ်ကိုဖွင့်လိုက်ပြီး အနက်ရောင်ကျောက်စိမ်းပြားတစ်ခုကို ထုတ်ယူလိုက်သည်။
ဇူယွမ်တစ်ယောက် ထိုအနက်ရောင်ကျောက်စိမ်းပြားကို မြင်လိုက်ရသည့်အခါ အံ့အားသင့်သွားခဲ့ရသည်။ ဒီပစ္စည်းက နတ်ဆိုးအကျဉ်းထောင်မြို့တော်မှာရှိနေစဉ် သူမူလပုံဆောင်ခဲနှစ်သောင်းအသုံးပြုကာ ဝယ်ထားခဲ့ရသည့်ပစ္စည်းပင်ဖြစ်သည်။
သူက ယောင်ယောင့်ကို မယုံသလိုကြည့်လိုက်ပြီး မေးလိုက်မိသည်… “ဒီကျောက်စိမ်းပြားပေါ်မှာရှိနေတဲ့ မူလမှော်စာလုံးက ဒီမူလမှော်စာလုံးနယ်နိမိတ်ကိုဖွင့်ဖို့ သော့တစ်ခုလား…”
အကယ်၍ဒါကသာအမှန်ဆိုလျှင် သူအသုံးပြုခဲ့ရသည့် မူလပုံဆောင်ခဲနှစ်သောင်းက သေချာပေါက်အကျိုးရှိစွာအသုံးပြုခဲ့ခြင်းပင်ဖြစ်ပေမည်။
“ဒါဖြစ်နိုင်တယ်…” ယောင်ယောင်က ကျောက်စိမ်းပြားပေါ်မှ အနည်းငယ်မှိန်ဖျော့နေသည့် မူလမှော်စာလုံးကို ထိတွေ့လိုက်ပြီး… “ငါဒါကို ကြိုးစားကြည့်သင့်တယ်…”
ထို့နောက်မှာ သူမရဲ့ခေါင်းကဖြည်းညှင်းစွာလှည့်လာခဲ့ပြီး အခြားလူတွေအားလုံးကိုကြည့်ကာ ပြောလိုက်သည်… “မျှော်မှန်းမထားတာတွေဖြစ်လာရင် ကိုယ့်ကိုကိုယ်ကာကွယ်နိုင်ဖို့အတွက် ရှင်တို့အားလုံးက ရှေးဟောင်းနယ်မြေထဲကနေ အရင်ဆုံးထွက်ခွာသွားသင့်တယ်… မူလမှော်စာလုံးနယ်နိမိတ်က နှစ်ပေါင်းများစွာကြာမြင့်နေပြီဖြစ်တဲ့အတွက် ဘာအပြောင်းအလဲတွေ ဖြစ်လာနိုင်မလဲဆိုတာ ကျွန်မအနေနဲ့သေချာမသိနိုင်ဘူး… တကယ်လို့မျှော်မှန်းမထားတဲ့အရာတစ်ခုခုသာဖြစ်လာခဲ့မယ်ဆိုရင် ကျွန်မကိုယ်ကျွန်မတောင် ကာကွယ်နိုင်ဖို့ကမသေချာဘူး…”
ယောင်ယောင်ရဲ့စကားကို ကြားလိုက်ရပြီးနောက်မှာ ဝေကန်းလန်တောင်မှပင် သူမရဲ့စကားကို လိုက်နာသင့်သည်လို့ ခံစားလိုက်ရသည်။ ထို့အပြင် မူလမှော်စာလုံးနယ်နိမိတ်ထံမှ ထွက်ပေါ်လာသည့် အန္တရာယ်အငွေ့အသက်က သူ့ကိုတောင်မှပင် အနည်းငယ်ထိတ်လန့်စေခဲ့သည်။
ဇူယွမ်က သူ့ရဲ့ပါးစပ်ကိုဖွင့်ဟလိုက်ကာ အပြုံးတစ်ခုနဲ့အတူပြောလိုက်သည်… “ခင်ဗျားတို့အားလုံး ရှေးဟောင်းနယ်မြေရဲ့အပြင်ဘက်မှာ စောင့်နေကြပါ… ကျွန်တော်ဒီနေရာမှာပဲ နေခဲ့လိုက်မယ်…”
ဒါကိုကြားလိုက်ရသည့်အခါ လုတိန်ရှန်းက အလျင်စလိုပင်ခေါ်လိုက်မိသည်… “မင်းသားလေး…”
ဇူယွမ်က လက်ဝှေ့ယမ်းပြလိုက်ပြီး ယောင်ယောင်ကိုကြည့်ကာ ပြောလိုက်သည်… “ကျွန်တော် အစ်မကြီးယောင်ယောင်ရဲ့စွမ်းရည်ကို ယုံကြည်တယ်…”
ယောင်ယောင်က ဇူယွမ်ကိုကြည့်လိုက်ပြီး သူမရဲ့မျက်ခုံးနှစ်ဖက်က တွန့်ကွေးသွားခဲ့ရသလို သူမခံချင်ဖြစ်သွားအောင်လည်း စလိုက်မိသည်… “ဒါ့အပြင်နင်က ငါ့ကိုရတနာအားလုံးကို တိတ်တဆိတ်ယူသွားမှာစိုးလို့မလား…”
ဇူယွမ်တစ်ယောက် မျက်လုံးကိုသာလှန်ကြည့်လိုက်မိသည်။
“ကျွန်မလည်းပဲ နေခဲ့မယ်…” စုယုဝေက သူမရဲ့သေးသွယ်တဲ့ လက်ကလေးတစ်ဖက်ကို အနည်းငယ်ထောင်ပြလိုက်ကာ ပြောလိုက်သည်။ သူမရဲ့လှပတဲ့မျက်နှာလေးထက်မှာတော့ ကြောက်ရွံ့တဲ့အရိပ်အယောင်အနည်းငယ်မျှပင် ရှိမနေခဲ့ရပေ။
ဇူယွမ်ကငြင်းဆန်ခဲ့ခြင်းမရှိဘဲ ကျန်တဲ့လူအားလုံးကိုကြည့်လိုက်ကာ သူတို့ကိုထွက်သွားဖို့ရန်သာ တိုက်တွန်းလိုက်သည်။ ဝေကန်းလန်နဲ့ ကျန်တဲ့လူအားလုံးက ခုခံကာကွယ်နိုင်ဖို့အတွက် ဆွေးနွေးပြောဆိုခဲ့ကြပြီးနောက်မှာ ကျင်းအတွင်းမှ တစ်ယောက်ပြီးတစ်ယောက် ပြန်လည်ထွက်ခွာသွားခဲ့ကြသည်။
လူအားလုံးထွက်ခွာသွားခဲ့ပြီးနောက်မှာ ယောင်ယောင်က အနက်ရောင်ကျောက်စိမ်းပြားကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားလိုက်မိသလို သူမရဲ့အမူအယာကလည်း အလွန်အမင်းတည်ငြိမ်လေးနက်သွားခဲ့ရသည်။ သူမက အလင်းရောင်တွေတောက်ပနေသည့် မူလမှော်စာလုံးနယ်နိမိတ်ကို ခဏစိုက်ကြည့်နေခဲ့ပြီးနောက်မှာ သူမရဲ့စုတ်တံထိပ်ဖျားက ရုတ်တရက်ကျဆင်းသက်သွားခဲ့သည်။
စုတ်တံရဲ့ထိပ်ဖျားက ရေအလျင်ကဲ့သို့စီးဆင်းသွားခဲ့ပြီး ထူးခြားတဲ့စည်းချက်တစ်ခုနဲ့အတူ စုတ်ချက်တွေ တစ်ချက်ပြီးတစ်ချက်ထွက်ပေါ်လာခဲ့ရသည်။
ဇူယွမ်နဲ့စုယုဝေတို့က ယောင်ယောင်ရဲ့နောက်မှာ ရပ်နေလျက်ရှိပြီး သူတို့ရဲ့အမူအယာတွေက လေးနက်နေကြသလို တဖြည်းဖြည်းပုံပေါ်လာသည့် ရှုပ်ထွေးနက်နဲသည့်မူလမှော်စာလုံးတစ်ခုကိုကြည့်ကာ သူတို့ရဲ့နှလုံးခုန်သံတွေက ပိုပြီးမြန်ဆန်လာခဲ့သည်။
အမှားလေးတစ်ခုတည်းကပင် မူလမှော်စာလုံးနယ်နိမိတ်တစ်ခုလုံးကို ပျက်စီးသွားစေနိုင်ကာ ၎င်းကသူတို့အားလုံးအတွက်လည်း သံသယရှိစရာမလိုလောက်အောင်ပင် ဘေးအန္တရာယ်တစ်ခုဖြစ်သွားရပေလိမ့်မည်။
ကျင်းရဲ့အောက်ခြေမှာရှိသည့် လေထုကအလွန်အမင်းကို တိတ်ဆိတ်ငြိမ်သက်လျက်ရှိကာ ညင်သာစွာလှုပ်ရှားနေသည့် ယောင်ယောင်ရဲ့မူလမှော်စာလုံးစုတ်တံထံမှ ထွက်ပေါ်နေသည့် အသံတစ်ခုတည်းကိုသာ ကြားနေရပေသည်။
ဒီလိုမျိုးတိတ်ဆိတ်ငြိမ်သက်မှုက အချိန်အတော်ကြာအောင်တည်ရှိနေခဲ့ရပြီးနောက်မှာ နောက်ဆုံးတွင်မူလမှော်စာလုံးက ပြီးပြည့်စုံသွားခဲ့သည်။ လွန်စွာရှုပ်ထွေးနက်နဲလှသည့် မူလမှော်စာလုံးက ဖြည်းညှင်းစွာဆင်းသက်လာခဲ့ပြီး နောက်ဆုံးမှာ မူလမှော်စာလုံးနယ်နိမိတ်နှင့် ချိတ်ဆက်သွားခဲ့သည်။
ဇူယွမ်၊ ယောင်ယောင်နှင့် စုယုဝေတို့သုံးယောက်သား မူလမှော်စာလုံးနယ်နိမိတ်ကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေခဲ့ကြသည်။
ဝှစ်… ဝှစ်…
သူတို့ရဲ့အကြည့်အောက်မှာပင် မူလမှော်စာလုံးနယ်နိမိတ်က ပြင်းပြင်းထန်ထန်လှုပ်ခါလာခဲ့ပြီး အားလှိုင်းတွေက ထိန်းမရသိမ်းမရဖြစ်စွာ ခုန်ပေါက်လှုပ်ရှားလာခဲ့သည်။ ဒီအရာက ဇူယွမ်ရဲ့အမူအယာကို အနည်းငယ်ပြောင်းလဲသွားစေခဲ့ပြီး သူ့ရဲ့စိတ်ထဲမှာ ဒီမူလမှော်စာလုံးနယ်နိမိတ်က ပေါက်ကွဲထွက်သွားတော့မည်လို့ ထင်သွားခဲ့ရသည်။
ကံကောင်းစွာပင် ၎င်းကအသက်ရှူချိန်အနည်းငယ်ကြာပြီးနောက်မှာ တဖြည်းဖြည်းပြန်လည်ငြိမ်သက်လာခဲ့သည်။
ထို့နောက်မှာ မူလမှော်စာလုံးနယ်နိမိတ်က စတင်ပွင့်ဟသွားခဲ့ရပြီး လျှောက်လမ်းတစ်ခုပေါ်ထွက်လာသည်ကို သူတို့သုံးယောက်သား အံ့အားသင့်ပျော်ရွှင်စွာဖြင့် ကြည့်နေမိကြသည်။
စုယုဝေတစ်ယောက်ပျော်ရွှင်စွာဖြင့်ပင် သူမရဲ့နှုတ်မှထုတ်ဖော်ပြောဆိုလိုက်မိသည်… “ဒါကအလုပ်လုပ်ခဲ့တာပဲ…”
ယောင်ယောင်ကသူမရဲ့နူးညံ့လှတဲ့ပါးပြင်လေးကို ခပ်ဖွဖွပွတ်သပ်လိုက်မိသလို သူမရဲ့နှုတ်ခမ်းထက်မှာလည်း အပြုံးတစ်ခုတွဲခိုလာခဲ့သည်။
“တကယ်ကိုအံ့အားသင့်စရာပဲ…” ဇူယွမ်က ယောင်ယောင့်ကို လက်မထောင်ပြလိုက်သည်။
“တံခါးသွားဖွင့်လိုက်…” ယောင်ယောင်ကသူမရဲ့မေးချွန်ချွန်လေးကို အနည်းငယ်ပင့်မြှောက်ကာပြောလိုက်သည်။
ဇူယွမ်ကရှေ့ကိုလျှောက်သွားလိုက်ပြီး သူ့ရဲ့လက်က ရေခဲတမျှအေးစက်လှသည့် ကြေးရောင်တံခါးပေါ်သို့ ရောက်ရှိသွားခဲ့ရကာ အနည်းငယ်တွန်းလိုက်မိသည်။ တကျွီကျွီမြည်သံနှင့်အတူ နှစ်ပေါင်းများစွာကြာအောင် တင်းတင်းကျပ်ကျပ်ပိတ်နေခဲ့သည့် ကြေးရောင်တံခါးကြီးက ဖြည်းညှင်းစွာပွင့်ဟလာခဲ့သည်။
ကြေးရောင်တံခါးကြီးက ပွင့်ဟသွားခဲ့ရသကဲ့သို့ ဝါကျင့်ကျင့်အလင်းရောင်တစ်ခုကလည်း ၎င်းကိုဖြတ်၍ ထွက်ပေါ်လာခဲ့သည်။
သူတို့သုံးယောက်သား သတိထားလျက် အထဲကိုလျှောက်လှမ်းဝင်သွားလိုက်ကြသည်။
တံခါး၏နောက်ဘက်မှာ ကျယ်ဝန်းသည့်မြေအောက်နန်းတော်တစ်ခု ပေါ်ထွက်လာခဲ့သည်။ ၎င်းက အချိန်ကြာမြင့်စွာ ဖုံးကွယ်ထားခြင်းခံခဲ့ရပေမဲ့လည်း သန့်ရှင်းလတ်ဆတ်တဲ့လေတွေ စီးဆင်းနေလျက်ပင်ရှိသေးသည်။ ပထမဆုံးသူတို့ရဲ့မြင်ကွင်းထဲကို ဝင်လာခဲ့သည့်အရာတွေက တိတ်ဆိတ်ငြိမ်သက်စွာထိုင်နေလျက်ရှိသည့် မရေတွက်နိုင်လောက်တဲ့အရိပ်တွေပင်ဖြစ်သည်။
“ဒါတွေအားလုံးက… တိုက်ပွဲဂိုလမ်တွေလား…” ဇူယွမ်ရဲ့အမူအယာက ရုတ်ချည်းပြောင်းလဲသွားခဲ့သည်။ သူ့အနေဖြင့် ဒီတိုက်ပွဲဂိုလမ်တွေက အစောပိုင်းသူတို့နဲ့ရင်ဆိုင်ခဲ့ရသည့် တိုက်ပွဲဂိုလမ်တွေနဲ့ အတူတူပဲဆိုတာကို ရှာတွေ့လိုက်ရသည့်အပြင် အခုတွေ့နေရသည့် တိုက်ပွဲဂိုလမ်တွေကပင် ပိုပြီးအဆင့်မြင့်မားနေပေသည်။
“ဘာမှအထိတ်တလန့်ဖြစ်စရာမလိုဘူး… ဒီတိုက်ပွဲဂိုလမ်တွေရဲ့အဓိကဗဟိုချက်တွေက ငုပ်ရှိုးပျောက်ကွယ်နေတဲ့ အခြေအနေမှာရှိနေတယ်… ဒါ့အပြင်သူတို့ကို ဘယ်သူကမှ အမိန့်ပေးထားခြင်းလည်းမရှိဘူး… တခြားစကားနဲ့ပြောရရင် ဒါတွေကအခုအချိန်မှာ ထိန်းချုပ်သူကင်းမဲ့နေတဲ့ဂိုလမ်တွေပဲ…” အကြည့်တစ်ချက်နဲ့ပင် ယောင်ယောင်က ဒီနေရာမှာရှိနေသည့် တိုက်ပွဲဂိုလမ်တွေရဲ့အခြေအနေကို နားလည်သွားခဲ့သည်။
ယောင်ယောင်ရဲ့စကားကိုကြားလိုက်ရသည့်အခါ ဇူယွမ်တစ်ယောက်ပင့်သက်ကိုသာရှိုက်လိုက်မိသည်။ ဂိုလမ်အားလုံးက ထိန်းချုပ်သူကင်းမဲ့နေတာလား။ ဒါကတော်ဝင်ကလန်အနေနဲ့ ဒီတိုက်ပွဲဂိုလမ်တွေအားလုံးကို ထိန်းချုပ်နိုင်တယ်လို့ ဆိုလိုတာလား။
“ဒီနေရာမှာရှိနေတဲ့ တိုက်ပွဲဂိုလမ်စုစုပေါင်းက ၁သောင်းထက်နည်းမှာမဟုတ်ဘူး…” ဇူယွမ်ရဲ့မျက်လုံးတွေက အံ့အားသင့်သွားရမှုကြောင့် ပြူးကျယ်သွားခဲ့သည်။ တကယ်လို့တော်ဝင်ကလန်ကသာ ဒီတိုက်ပွဲဂိုလမ် ၁သောင်းကျော်ပါဝင်တဲ့ စစ်တပ်ကိုပိုင်ဆိုင်ထားနိုင်ခဲ့မယ်ဆိုရင် သူတို့ရဲ့အင်အားက သံသယရှိစရာမလိုလောက်အောက်ပင် အလွန်အမင်းမြင့်တက်သွားရပေမည်။
“ဒါပေမဲ့နင်က ဒီတိုက်ပွဲဂိုလမ်အားလုံးကို ထိန်းချုပ်နိုင်ဖို့ဆိုတာက အချိန်နည်းနည်းလေးနဲ့တော့ မဖြစ်နိုင်သေးဘူး… မူလမှော်စာလုံးရေးသားခြင်းမှာ ကျွမ်းကျင်တဲ့ပညာရှင်များစွာက သူတို့ကိုတစ်ခုပြီးတစ်ခုအသက်သွင်းပေးဖို့လိုအပ်တယ်… ဒါ့ကြောင့် ဒီတိုက်ပွဲဂိုလမ်စစ်တပ်တစ်ခုလုံးကို ထိန်းချုပ်နိုင်ဖို့အတွက်ဆိုရင် နင်ကအချိန်အများကြီးယူရလိမ့်မယ်…”
ဒီစကားကိုကြားလိုက်ရသည့်အခါ ဇူယွမ်တစ်ယောက် စိတ်ပျက်အားငယ်စွာဖြင့် သူ့ရဲ့ခေါင်းကိုခါယမ်းလိုက်မိသည်။ အကယ်၍တော်ဝင်ကလန်ကသာ ဒီတိုက်ပွဲဂိုလမ်စစ်တပ်တစ်ခုလုံးကို အလျင်အမြန်ထိန်းချုပ်နိုင်ခဲ့မယ်ဆိုရင် ချီအိမ်တော်ကို ဖယ်ရှားရှင်းလင်းပြစ်ဖို့က လွန်စွာလွယ်ကူသွားရပေမည်။
သို့ပေမဲ့လည်း အခုအချိန်မှာ သူ့အနေနဲ့ သူ့အဖေကို ဒီကိစ္စကိုပြောပြဖို့တစ်ခုတည်းသာရှိကာ နောက်ပိုင်းမှ ဒီနေရာကို လူတစ်ချို့တိတ်တဆိတ်စေလွှတ်ပြီး တိုက်ပွဲဂိုလမ်စစ်တပ်တစ်ခုလုံးကို အလုံးစုံထိန်းချုပ်နိုင်ဖို့ တာဝန်ပေးစေရပေမည်။
သူတို့သုံးယောက်က စကားပြောလျက် မြေအောက်နန်းတော်ကိုဖြတ်လျှောက်လာခဲ့ကြပြီး တိုက်ပွဲဂိုလမ်စစ်တပ်၏ရှေ့တွင်ရှိနေသည့် ကျောက်တုံးစင်မြင့်တစ်ခုရှိနေရာနေရာသို့ ရောက်ရှိလာခဲ့ကြသည်။ ကျောက်တုံးစင်မြင့်ထက်တွင်ကား ကျောက်စိမ်းသေတ္တာသုံးခုရှိနေသည်။
ဇူယွမ်က သတိကြီးစွာထားလျက် ရှေ့ကိုလျှောက်လှမ်းသွားလိုက်ကာ ကျောက်စိမ်းသေတ္တာတစ်ခုကို ဂရုတစိုက်ဖြင့်ဖွင့်လိုက်သည်။
ဝှစ်…
တောက်ပတဲ့အလင်းတစ်ခုက ချက်ချင်းဆိုသလိုပင် ကျောက်စိမ်းသေတ္တာထဲမှ ထွက်ပေါ်လာခဲ့ပြီး သလင်းကျောက်တစ်ခုထွက်ပေါ်လာခဲ့သည်။ ထိုသလင်းကျောက်ထံမှ အလင်းတန်းတွေထွက်ပေါ်လာခဲ့ပြီး သူတို့ရဲ့ရှေ့မှာ အလင်းမျက်နှာပြင်တစ်ခုအဖြစ် စုစည်းသွားခဲ့သည်။
အလင်းမျက်နှာပြင်ပေါ်မှာ မိုင်ပေါင်း ၁သောင်းလောက်ရှည်လျားသည့် တောင်တန်းတစ်ခုရှိနေသလို အဆုံးမရှိသည့်အလား ရှည်လျားလှသည့်အဆောက်အဦတွေ စီတန်းကာဆောက်လုပ်ထားလျက်ရှိသည်။
မရေမတွက်နိုင်သည့် တိုက်ပွဲဂိုလမ်တွေကို အဆောက်အဦတွေကြားထဲမှာ မြင်တွေ့ရနိုင်ပြီး များစွာသောလူရိပ်တွေက ပတ်ပတ်လည်မှာ အလုပ်ရှုပ်နေသည့်အလား ခေါက်တုံ့ခေါက်ပြန်သွားလာနေကြသည်။ ၎င်းက တိုက်ပွဲဂိုလမ်ဂိုဏ်းတည်ရှိခဲ့စဉ်အချိန်တုန်းက မြင်ကွင်းပင်ဖြစ်သည်။ ဒီလိုမျိုးခမ်းနားကြီးကျယ်မှုနှင့် အံ့ဩစရာကောင်းလှသည့်မြင်ကွင်းကိုကြည့်ရုံမျှဖြင့်ပင် တိုက်ပွဲဂိုလမ်ဂိုဏ်းက ဘယ်လောက်အင်အားတောင့်တင်းခဲ့လဲဆိုသည်ကို မြင်တွေ့နိုင်ပေသည်။
ဝုန်း…
ထိုအခိုက်မှာပင် မြင်ကွင်းက ရုတ်ချည်းပြောင်းလဲသွားခဲ့သည်။ အလင်းမျက်နှာပြင်ပေါ်ရှိ ကမ္ဘာကြီးထံမှ အရောင်အဝါအားလုံးက မှေးမှိန်ပျောက်ကွယ်သွားခဲ့ရပြီး ကောင်းကင်ထက်ရှိလေဟာနယ်က ထက်ခြမ်းကွဲသွားခဲ့ရကာ အလွန်အမင်းတောက်ပသည့် ပုံရိပ်တစ်ခုက တဖြည်းဖြည်းပျံသန်းထွက်ပေါ်လာခဲ့သည်။
ထိုလူရိပ်ရဲ့ခန္ဓာကိုယ်ပတ်လည်မှာ တော်ဝင်အလင်းတွေယှက်သန်းနေလျက်ရှိပေသည်။ သူ့ရဲ့မျက်လုံးတွေက ခံစားချက်ကင်းမဲ့နေရသလို သူ့ရဲ့မျက်ခုံးနှစ်ခုကြားထဲမှာလည်း သွေးနီရောင်ဒဏ်ရာတစ်ခုက ဒေါင်လိုက်အနေအထားဖြင့် မြုပ်ဝင်နေလျက်ရှိသည်။
ထိုလူရိပ်ထွက်ပေါ်လာသည့် အခိုက်အတန့်မှာ ထိတ်လန့်စရာဖိအားတစ်ခုက ကောင်းကင်ပေါ်မှ ဆင်းသက်ကျရောက်လာခဲ့ပြီး များစွာသောတောင်ထိပ်တွေကို ပြိုကျပျက်စီးသွားစေခဲ့ရသလို များစွာသောအကြည့်တွေမှာလည်း ထိတ်လန့်ကြောက်ရွံ့မှုတို့ဖြင့် ပြည့်နှက်သွားခဲ့ကြသည်။
ထိုလူရိပ်က ကောင်းကင်ပေါ်မှ ဘာကိုမှဂရုမစိုက်သည့်အမူအယာဖြင့် ငုံ့ကြည့်လိုက်သကဲ့သို့ ခံစားချက်ကင်းမဲ့လှသည့် အသံတစ်ခုကလည်း ထိုနေရာတစ်ဝိုက် ပဲ့တင်ရိုက်ခတ်ကာ ထွက်ပေါ်လာခဲ့သည်။
“ဂုဏ်ယူစရာကောင်းတဲ့ ငါတို့တော်ဝင်လူမျိုးစုတွေက ဒီနေရမှာသေဆုံးသွားခဲ့ကြရတယ်… ဒါ့ကြောင့်ငါကဒီနေရာကို ပြစ်ဒဏ်ကျူးလွန်တဲ့နယ်မြေအဖြစ်သတ်မှတ်ပြီးတော့ တော်ဝင်အပြစ်ပေးမှုကို မင်းတို့အားလုံးလက်ခံကြရလိမ့်မယ်… ဒီနေရာနဲ့ မိုင်ပေါင်းရှစ်သောင်းပတ်လည်အတွင်းမှာရှိတဲ့ သက်ရှိအားလုံးကလည်း သေကြေပျက်စီးသွားရလိမ့်မယ်…”
သူ့ရဲ့လေသံက ဖျက်ဆီးလိုမှုတို့ဖြင့် ပြည့်နှက်နေရပေသည်။ သူ့ရဲ့စကားသံပျောက်ကွယ်သွားခဲ့ပြီးနောက်မှာ အဆုံးမရှိတဲ့ ကောင်းကင်ဘုံလျှပ်စီးတွေက ကောင်းကင်ထက်မှကျဆင်းလာခဲ့ရပြီး ထိုနေရာတစ်ခုလုံးကို လျင်မြန်စွာဖြင့် တစ်စစီဖြစ်သွားစေခဲ့သည်။
သူ့ရဲ့စကားတစ်ခွန်းက မိုးကောင်ကင်ကအပြစ်ပေးခြင်းနှင့်ပင် ဆင်တူပေသည်။ တိုက်ပွဲဂိုလမ်ဂိုဏ်းရဲ့ကံကြမ္မာက ထိုတစ်ခဏမျှသောအချိန်အတွင်းမှာပင် ပြာပုံဘဝသို့ရောက်ရှိသွားခဲ့သည်။
ကောင်းကင်ဘုံလျှပ်စီးတွေက ဆက်လက်ကျဆင်းနေခဲ့ရသလို မိုင်ပေါင်းရှစ်သောင်းပတ်လည်အတွင်းရှိ သက်ရှိအားလုံးက သေကြေပျက်စီးသွားခဲ့ကြရသည်။
ဇူယွမ်က ကြောက်ရွံ့ထိတ်လန့်စွာကြည့်နေမိသကဲ့သို့ သူ့ရဲ့ရင်ဘတ်တစ်ခုလုံးကလည်း ပြင်းပြင်းထန်ထန်လှုပ်ခတ်သွားခဲ့သည်။ ဒီမြင်ကွင်းတွေက လွန်ခဲ့တဲ့နှစ်ပေါင်းများစွာအကြာက အဆိပ်ရေအိုင်အတွင်းမှာ ဖြစ်ပျက်ခဲ့မှုတွေကို ဖော်ပြထားခြင်းဖြစ်ပေသည်။ အဲ့ဒီခေတ်တုန်းက ဒီရှေးဟောင်းအင်အားစုတွေက ဘယ်လိုဖြစ်ပြီး ဒီလိုမျိုးအမြစ်ဖြတ်ချေမှုန်းသုတ်သင်ခံလိုက်ရတာလဲ။
ဒီတော်ဝင်အလင်းတွေတောက်ပနေတဲ့လူက ဘယ်လိုဖြစ်ပြီးဒီလောက်တောင် ကြောက်စရာကောင်းနေခဲ့ရတာလဲ။ သူ့ရဲ့စကားတစ်ခွန်းတည်းကပင် မိုင်ပေါင်းရှစ်သောင်းပတ်လည်အတွင်းရှိ သက်ရှိအားလုံးကို သေကြေပျက်စီးသွားစေနိုင်စွမ်းရှိပေသည်။
ဒါကဖြစ်နိုင်ပါ့မလား။ တော်ဝင်လူမျိုးစုလို့ခေါ်တဲ့ ပါရမီရှင်အနည်းငယ်လောက် ဒီနေရာမှာသေဆုံးသွားခဲ့ရတဲ့အတွက် မိုင်ပေါင်းရှစ်သောင်းပတ်လည်အတွင်းမှာရှိတဲ့ သက်ရှိအားလုံးကို သေခြင်းနဲ့ သူတို့ရဲ့အပြစ်တွေကို ပြန်လည်ပေးဆပ်စေခဲ့တာလား။
ဇူယွမ်နဲ့ စုယုဝေတို့နှစ်ယောက်သား အံ့အားသင့်တုန်လှုပ်နေရစဉ်မှာ ယောင်ယောင်က ထိုတော်ဝင်အလင်းတွေလှည့်ပတ်နေသည့်လူရိပ်ကို စိုက်ကြည့်နေလျက်မှ သူမရဲ့မျက်လုံးတွေထဲမှာ ရေခဲတမျှအေးစက်မှုတွေက သူမကိုယ်တိုင်ပင်သတိမထားမိလောက်အောင် ထွက်ပေါ်နေခဲ့ရသည်။
ထို့နောက်မှာ သူမကလက်တစ်ဖက်ကိုဆန့်ထုတ်လိုက်သလို သူမရဲ့လက်ထဲမှာလည်း အရောင်ကိုးခုရှိတဲ့ကြာပန်းပုံတစ်ခုရေးထွင်းထားသည့်ကျောက်စိမ်းဆွဲပြားတစ်ခုပေါ်ထွက်လာခဲ့သည်။
ထိုအခိုက်အတန့်မှာပင် အမြဲတမ်းငြိမ်သက်နေလျက်ရှိသည့် အရောင်ကိုးရောင်ပါကျောက်စိမ်းဆွဲပြားက အလင်းရောင်တွေ တဖျပ်ဖျပ်နဲ့တောက်ပလင်းလက်လာခဲ့ရသည်။