စာစဥ် (၇) အပိုင်း (၉၀)

ရတနာတွေကိုထားပြီး ထွက်သွားတော့မလို့လား

ချိုင့်ဝှမ်းအတွင်းမှ ပြင်းထန်သောတိုက်ပွဲက နောက်ဆုံးမှာ အဆိပ်ဘုရင်ရဲ့အညံ့ခံမှုနဲ့အတူ အဆုံးသတ်သွားခဲ့ရ၏။ ဇူအင်ပါယာတော်ဝင်ကလန်ရဲ့ဇူယွမ်က ဒီအရေးကိစ္စတွင် ကြီးမားတဲ့အောင်ပွဲကို ရရှိနိုင်ခဲ့သူဖြစ်သည်။

ချိုင့်ဝှမ်းအပြင်ဘက်ရှိအင်အားစုတွေက ဒီအခြင်းအရာကိုမြင်လိုက်ရသည့်အခါ လိမ္မာပါးနပ်မှုရှိစွာပင် တစ်ဖွဲ့ပြီးတစ်ဖွဲ့ပြန်လည်၍ ဆုတ်ခွာသွားခဲ့ကြသည်။ မီးဝိညာဉ်အစေ့ကို ရရှိဖို့ယှဉ်ပြိုင်ရာမှာ ချီအိမ်တော်ကအလုံးစုံရှုံးနိမ့်သွားခဲ့ရသလို အဆိပ်ဘုရင်တောင်မှပင် မင်းသားလေးဇူယွမ်ရဲ့လက်အောက်တွင် အညံ့ခံခဲ့ရသည်။

ဒီယှဉ်ပြိုင်မှုပြီးတဲ့နောက်မှာ တော်ဝင်ကလန်ရဲ့အင်အားက အံ့အားသင့်စရာကောင်းလောက်အောင်ပင် တစ်ဟုန်ထိုးမြင့်တက်သွားမည်မှာ သေချာသည်။

ဒီလိုမျိုးအင်အားကောင်းတဲ့ တော်ဝင်ကလန်နဲ့ ထိပ်တိုက်ရင်ဆိုင်တွေ့ရမယ်ဆိုရင် အဆိပ်ရေအိုင်အတွင်းရှိ မည်သည့်အင်အားစုကမှ တော်ဝင်ကလန်ရဲ့ပြိုင်ဘက် ဖြစ်လာလိမ့်မည်မဟုတ်ပေ။

“ဂုဏ်ယူပါတယ် မင်းသားလေး…” ဝေကန်းလန်က သူ့ရဲ့မူလချီတွေကို ပြန်လည်ရုပ်သိမ်းလိုက်ပြီး ဇူယွမ့်ကိုလက်နှစ်ဖက်ဆုပ်အရိုအသေပြုလိုက်ကာ ပြောသည်။

ဝေကန်းလန်ရဲ့မျက်လုံးထဲမှာ ဇူယွမ်ကပိုပြီးအရေးပါလာခဲ့ရသည့်အတွက် သူ့ရဲ့လေသံမှာ ရိုသေလေးစားမှုအနည်းငယ်တောင် ပါဝင်လာခဲ့သည်။ ထို့အပြင် ဇူယွမ်ရဲ့ဘေးမှာ ထူးခြားဆန်းကြယ်သည့်မှော်သားရဲတစ်ကောင်နှင့် အဆင့် ၄မူလမှော်စာလုံးပညာရှင်ယောင်ယောင်တို့ရှိနေပြီးဖြစ်သလို အခုအချိန်မှာလည်း အဆိပ်ဘုရင်က ဇူယွမ့်လက်အောက်ကို ရောက်ရှိသွားခဲ့ပြီဖြစ်သည်။

သူတို့သုံးယောက်စလုံးက မူလစဦးအဆင့်ကျင့်ကြံသူသုံးယောက်နှင့် နှိုင်းယှဉ်နိုင်စွမ်းရှိပေသည်။

ဒီလိုအင်အားနဲ့ဆိုရင် ဇူအင်ပါယာတစ်ခုလုံးကိုတောင် သူတို့လက်အောက်ကျရောက်လာအောင် ပြုလုပ်နိုင်စွမ်းရှိသည်။ ဒါ့အပြင် ပိုပြီးအရေးအကြီးဆုံးက အရင်အချိန်တွေတုန်းက ဝေကန်းလန်တစ်ယောက် တော်ဝင်ကလန်မှာ မူလစဦးအဆင့်ကျင့်ကြံသူတစ်ယောက်ဖြစ်တဲ့ ဇူချင်တစ်ယောက်တည်းသာရှိသည့်အတွက် တော်ဝင်ကလန်မှထုတ်ပြန်သည့်အမိန့်တွေကို လျစ်လျူရှုထားနိုင်ခဲ့သည်မှာ ပြဿနာတစ်ခုမဟုတ်ခဲ့ပေ။

သို့ပေမဲ့လည်း အခုအချိန်မှာ တော်ဝင်ကလန်က မူလစဦးအဆင့်ကျင့်ကြံသူလေးယောက်ကို ပိုင်ဆိုင်ထားရှိခဲ့ပြီဖြစ်သည်။

ထို့ကြောင့်ပင် အခုအချိန်မှာ တော်ဝင်ကလန်ကသာ အလိုရှိမယ်ဆိုရင် သူ့ရဲ့အင်အားစုက လျင်မြန်စွာဖြင့်ပင်ပျောက်ကွယ်သွားရပေလိမ့်မည်။

သူတို့အင်အားစုနှစ်ခုကြားရှိ အင်အားကများစွာကွာခြားသွားခဲ့ရပြီဖြစ်သည့်အတွက် ဝေကန်းလန်က ပုံမှန်အားဖြင့် အရူးတစ်ယောက်မဟုတ်ရာ ဇူယွမ့်ကို ယခင်တုန်းကလိုအပြုအမူမျိုးဖြင့် ပြောဆိုဆက်ဆံလိမ့်တော့မည်မဟုတ်ပေ။

“ဒီလိုမျိုးမီးဝိညာဉ်အစေ့ကို အောင်အောင်မြင်မြင်ရယူနိုင်ခဲ့တာမှာ ဗိုလ်ချုပ်ကြီးရဲ့အကူအညီက အဓိကကျခဲ့တယ်… ဒါ့ကြောင့်ကျွန်တော်ပြန်သွားပြီးနောက်မှာ ဗိုလ်ချုပ်ကြီးကူညီပေးခဲ့တာကို မေ့သွားမှာမဟုတ်ပါဘူး… နောက်ပိုင်းမီးဝိညာဉ်အစေ့ရင့်မှည့်လာတဲ့အချိန်ကျရင် ကျွန်တော်က ဗိုလ်ချုပ်ကြီးရဲ့အင်အားစုကိုလည်း သေချာပေါက်ဝေစုပေးမှာပါ…” ဇူယွမ်ကလည်း ဝေကန်းလန်ကို လက်နှစ်ဖက်ဆုပ်ကာ အရိုအသေပေးလိုက်ရင်းမှ ပြောသည်။

“ဒါဆိုရင်တော့ ငါကဒီအခွင့်အရေးကိုမရခင် မင်းသားလေးကို အရင်ဆုံးကျေးဇူးတင်ထားရတော့မှာပေါ့…”

ဝေကန်းလန်က ရယ်မောလိုက်သည်။ ထို့နောက်မှာ သူကလွန်စွာတည်ကြည်လေးနက်သည့်အမူအယာဖြင့် ပြောလိုက်သည်… “ဒါပေမဲ့လည်း ချီအိမ်တော်က ဒီလိုဆုံးရှုံးသွားခဲ့မှုနဲ့ ချီဟောင်က မင်းသားလေးရဲ့သတ်ဖြတ်ခြင်းကို ခံခဲ့ရတာဆိုတော့ ချီအိမ်တော်က ဒီကိစ္စကိုလွယ်လွယ်နဲ့တော့ ပြီးသွားစေလိမ့်မှာမဟုတ်ဘူး…”

ဇူယွမ်က အေးစက်စွာရယ်မောလိုက်ပြီး… “အဲ့ဒီ့လူတွေက ဒီကိစ္စကိုအေးအေးဆေးဆေးပြီးမသွားစေဘူးဆိုရင်လည်း ကျွန်တော်တို့အတွက် ကိစ္စမရှိပါဘူး…”

အရင်တုန်းက တော်ဝင်ကလန်နဲ့ ချီအိမ်တော်ရဲ့အင်အားတွေက ညီမျှနေခဲ့ရသည့်အတွက် ဇူချင်ကသည်းခံကာ လိုက်လျောညီထွေဖြစ်စွာနေထိုင်ခဲ့ပေသည်။ သူတို့တွေထိပ်တိုက်ရင်ဆိုင်ခဲ့ရမယ်ဆိုရင် ဒါကဇူအင်ပါယာအတွက် ကြီးမားတဲ့ထိုးနှက်ချက်တစ်ခု ဖြစ်လာရပေလိမ့်မည်။ သို့ပေမဲ့လည်း အဆိပ်ရေအိုင်အတွင်းမှ တိုက်ပွဲပြီးသွားခဲ့ပြီးနောက်မှာ တော်ဝင်ကလန်ရဲ့အင်အားက တစ်ဟုန်ထိုးမြင့်တက်သွားခဲ့ရပြီဖြစ်သည့်အတွက် ဇူအင်ပါယာရဲ့အန္တရာယ်ပေးနိုင်စွမ်းရှိသည့်အသားပိုတစ်ခုကို အလုံးစုံဖယ်ရှားရှင်းလင်းပြစ်ဖို့ အခွင့်အရေးကောင်းပင်ဖြစ်သည်။

ဇူယွမ်ရဲ့လေသံထဲမှာပါဝင်နေသည့် အေးစက်မှုတွေကို ခံစားမိလိုက်ရသည့်အတွက် ဝေကန်းလန်တစ်ယောက်အနည်းငယ်တုန်လှုပ်သွားခဲ့ရသည်။ တော်ဝင်ကလန်နဲ့ ချီအိမ်တော်အကြား မကြာခင်မှာပဲစစ်မက်ဖြစ်ပွားရတော့မယ်ဆိုတာကို သူသိပေသည်။

“ဗိုလ်ချုပ်ကြီးဝေ… ချီအိမ်တော်ရဲ့ပုန်ကန်ဖို့ဆိုတဲ့အတွေးက အမြစ်တွယ်နေပြီ… တကယ်လို့သာ စစ်ပွဲကစတင်လာခဲ့မယ်ဆိုရင် တော်ဝင်ကလန်က ဗိုလ်ချုပ်ကြီးရဲ့အကူအညီကို ရရှိနိုင်လိမ့်မယ်လို့ ကျွန်တော်မျှော်လင့်မိတယ်…” ဇူယွမ်ကတည်ငြိမ်လေးနက်စွာဖြင့်ပင် ဝေကန်းလန်ကိုကြည့်ကာ ပြောလိုက်သည်။

ဝေကန်းလန်က တစ်ခဏကြာတုန့်ဆိုင်းတွေဝေသွားခဲ့ရသည်။ အတိတ်တုန်းက သူ့အနေဖြင့် တော်ဝင်ကလန်နဲ့ ချီအိမ်တော်အကြားအားပြိုင်မှုမှာ ကြားခံအဖြစ်သာနေထိုင်ခဲ့သည်။ သို့ပေမဲ့လည်း သူ့ရဲ့တုန့်ဆိုင်းနေမှုက လျင်မြန်စွာပင်ပျောက်ကွယ်သွားခဲ့ရသည်။ သူက ဇူယွမ်မီးဝိညာဉ်အစေ့ကိုရရှိနိုင်ဖို့ ကူညီပေးခဲ့ပြီးပြီဖြစ်သည့်အတွက် ချီအိမ်တော်ကလည်း သူ့ကိုတော်ဝင်ကလန်ဘက်ကလူအဖြစ် သတ်မှတ်ထားခဲ့ပြီဖြစ်ကာ သူ့ကိုသူတို့အတွက် ဆူးတစ်ချောင်းအဖြစ်သဘောထားခဲ့ပြီဖြစ်သည်။ ထို့ကြောင့်ပင်သူက ဇူအင်ပါယာရဲ့အသားပိုတစ်ခုဖြစ်တဲ့ ချီအိမ်တော်ကိုဖယ်ရှားရှင်းလင်းပြစ်တဲ့နေရာမှာ ဘာကြောင့်များတော်ဝင်ကလန်ကို အပြည့်အဝမကူညီဘဲနေရတော့မည်နည်း။

ဝေကန်းလန်က တည်ငြိမ်သည့်လေသံဖြင့် ပြန်ပြောလိုက်သည်… “မစိုးရိမ်ပါနဲ့ မင်းသားလေး… တကယ်လို့လိုအပ်လာခဲ့မယ်ဆိုရင် ငါတို့ဗိုလ်ချုပ်ကြီးအိမ်တော်ကလည်း ပုန်ကန်သူတွေကို ရှင်းပြစ်တဲ့အခါကျရင် ငါတို့တတ်နိုင်သလောက် ကူညီပေးပါ့မယ်…”

ဝေကန်းလန်ရဲ့ ကတိစကားကိုကြားလိုက်ရပြီးနောက်မှသာ ဇူယွမ်တစ်ယောက် သက်ပြင်းချလိုက်နိုင်ခဲ့သည်။ ဝေကန်းလန်ရဲ့အကူအညီနဲ့ဆိုရင် တော်ဝင်ကလန်ရဲ့အင်အားက နောက်တစ်ကြိမ်ထပ်မံမြင့်တက်သွားရဦးပေမည်။

ထို့နောက်မှာ ဇူယွမ်ကအားလုံးကိုကြည့်လိုက်ပြီး ပြုံး၍ပြောလိုက်သည်… “ငါတို့တွေ မီးဝိညာဉ်အစေ့ကိုရပြီဆိုတော့ ပြန်ကြတာပေါ့…”

လူတိုင်းက ခေါင်းညိတ်ပြလိုက်သည်။ သို့ပေမဲ့လည်း ယောင်ယောင်က ချိုင့်ဝှမ်းရဲ့အောက်ခြေကို ကြည့်နေလျက်မှပင် ရုတ်တရက်မေးလိုက်သည်… “နင်က ရတနာတွေအကုန်လုံးကို ရယူနိုင်ခဲ့ပြီမို့လို့လား…”

ဇူယွမ်အံ့အားသင့်သွားခဲ့ရပြီး… “မီးဝိညာဉ်အစေ့က ငါတို့လက်ထဲကို ရောက်နေပြီလေ…”

ယောင်ယောင်က ထန်ထန်ရဲ့အမွှေးတွေကို ညင်သာစွာပွတ်သပ်ပေးလိုက်ရင်းမှ သူမရဲ့နီထွေးထွေးနှုတ်ခမ်းလေးက အနည်းငယ်ပွင့်ဟသွားခဲ့ရသည်… “တိုက်ပွဲဂိုလမ်ဂိုဏ်းက အနည်းငယ်စွမ်းအားရှိတဲ့ ဂိုဏ်းတစ်ခုဖြစ်တဲ့အတွက် သူတို့ရဲ့ရှေးဟောင်းနယ်မြေကလည်း နင်တွေးထင်ထားသလို ရိုးရှင်းမနေဘူး…”

ဇူယွမ်တစ်ယောက် လုံးဝပင်ခေါင်းရှုပ်သွားခဲ့ရသည်။ သို့ပေမဲ့လည်း သူက ယောင်ယောင်ရဲ့စကားတွေထဲမှနေ တစ်စုံတစ်ခုကို ဆုပ်ကိုင်နိုင်လိုက်ခဲ့သည့်အတွက်… “ဒီနေရာမှာ တခြားမရှာရသေးတဲ့ ရတနာတွေ ရှိနေသေးတာလား…”

လူတိုင်း၏မျက်နှာထက်တွင် အံ့အားသင့်မှုတို့ဖြစ်ပေါ်လာခဲ့သည်။

“နင်နောက်တစ်ကြိမ်ထပ်ရှာကြည့်မယ်ဆိုရင် သိလာလိမ့်မယ်…” ယောင်ယောင်ကပြောသည်။

ထို့နောက်မှာ သူမက ချိုင့်ဝှမ်းအောက်ခြေသို့ လျှောက်လှမ်းသွားခဲ့သည်။ ဇူယွမ်တို့အားလုံးက တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြပြီး ယောင်ယောင့်နောက်သို့ အလျင်အမြန်ပင် လိုက်ပါသွားခဲ့ကြသည်။

သူတို့လူစုက ချိုင့်ဝှမ်းအောက်ခြေသို့ ဆင်းသက်လာခဲ့ကြသည်။

သူတို့ရဲ့ခြေလှမ်းတွေက နောက်ဆုံးမှာ ဇူယွမ်မီးဝိညာဉ်အစေ့တူးဖော်ထားခဲ့သည့် ကျင့်ကြံခြင်းအတွက် အထောက်အကူဖြစ်စေသည့် ဆေးပင်တွေစိုက်ပျိုးထားရှိသည့်နေရာ၏ အပြင်ဘက်တွင် ရပ်တန့်လိုက်ကြသည်။

ဇူယွမ်က ပတ်ဝန်းကျင်တစ်ဝိုက်ကို စေ့စေ့စပ်စပ်ကြည့်လိုက်ပေမဲ့ ချိုင့်ဝှမ်းအောက်ခြေမှာ ပျက်စီးနေသည့်နံရံတွေမှလွဲပြီး အခြားမည်သည့်အရာကိုမှ မတွေ့ခဲ့ရပေ။ ဒီနေရာမှာ ပုံမှန်မဟုတ်တဲ့အရာ အနည်းငယ်လေးမျှပင်ရှိမနေချေ။

ဝေကန်းလန်ကလည်း နေရာတစ်ခုလုံးကို သေသေချာချာစစ်ဆေးကြည့်လိုက်ပေမဲ့ ဘာတစ်ခုကိုမှ ရှာတွေ့နိုင်စွမ်းမရှိခဲ့ပေ။ ထို့ကြောင့်ပင် သူတို့အားလုံးက ယောင်ယောင့်ကို သံသယမျက်လုံးတွေဖြင့် ကြည့်လိုက်မိကြသည်။

“ဒီနေရာမှာ တကယ်ရောအခြားရတနာတွေ ရှိသေးလို့လား…” ဇူယွမ်ကလည်း အနည်းငယ်မယုံကြည်နိုင်ပေ။

ယောင်ယောင်က သူ့ကိုလျစ်လျူရှုလိုက်ပြီး စွန့်ပစ်ထားသည့်ဆေးပင်စိုက်ခင်းအတွင်းသို့ လျှောက်လှမ်းဝင်ရောက်လာခဲ့သည်။ ထို့နောက်မှာ သူမကဆောင့်ကြောင့်ထိုင်ချလိုက်ပြီး မြေပြင်ကိုညင်သာစွာထိလိုက်ပြီး သူမရဲ့မျက်လုံးတွေကို မှိတ်လိုက်သည်။

ဒီအခြင်းအရာကို မြင်လိုက်ရသည့်အခါ သူတို့တွေဘယ်သူကမှ ဆူညံသံလေးတစ်ခုကိုပင်မပြုလုပ်ရဲခဲ့ကြပေ။

မိနစ်များစွာကြာပြီးနောက်မှာ ယောင်ယောင်ရဲ့မျက်လုံးတွေက ပွင့်လာခဲ့ရပြီး အစောပိုင်းက ဇူယွမ်မီးဝိညာဉ်အစေ့တူးယူပြီး ချန်ထားခဲ့သည့်ကြီးမားတဲ့ကျင်းကြီးကို ညွှန်ပြကာပြောလိုက်သည်… “အဲ့ဒီနေရာကို ဆက်တူးလိုက်…”

ဇူယွမ်တစ်ယောက် အနည်းငယ်ဝေခွဲမရဖြစ်သွားခဲ့သည်။ အဆိုပါကျင်းကိုတူးထားသည့်သူက သူကိုယ်တိုင်ဖြစ်ပြီး ၎င်းရဲ့အောက်ခြေမှာ မည်သည့်လှုပ်ရှားမှုကိုမှ သူကအာရုံခံနိုင်ခြင်းမရှိခဲ့ပေ။ သို့ပေမဲ့လည်း သူကယောင်ယောင့်ကို ယုံကြည်မှုရှိသည့်အတွက် လုတိန်ရှန်းတို့ကို ခေါင်းညိတ်ပြလိုက်သည်။

ထို့ကြောင့်ပင် လုတိန်ရှန်းနဲ့ ကောင်းကင်ဘုံတံခါးအဆင့်ကျင့်ကြံသူအနည်းငယ်တို့က ရှေ့ကိုထွက်လာခဲ့လိုက်ကြပြီး မူလချီတွေက သူတို့ရဲ့ခန္ဓာကိုယ်ပတ်လည်မှာ လှုပ်ရှားလာခဲ့ကြကာ ကျင်းကိုပို၍နက်သည်ထက်နက်အောင် သူတို့ရဲ့မူလချီအားလှိုင်းတွေကို ပို့လွှတ်လိုက်ကြသည်။

မြေလွှာတွေတစ်လွှာပြီးတစ်လွှာ လွင့်ပျံထွက်ပေါ်လာခဲ့ရပြီး မူလက ခြောက်ပေခန့်သာနက်သည့်ကျင်းက လျင်မြန်စွာဖြင့်ပင် ပေသုံးဆယ်ကျော်အနက်ထိရောက်ရှိသွားခဲ့သည်။ တစ်စုံတစ်ယောက်က ကျင်းထဲကိုကြည့်လိုက်မယ်ဆိုရင် မှောင်မဲနေသည်ကိုသာ မြင်တွေ့ရပေလိမ့်မည်။

ဝှစ်…

ကောင်းကင်ဘုံတံခါးအဆင့်ကျင့်ကြံသူတွေထဲမှတစ်ယောက်က နောက်ထပ်မူလချီအားလှိုင်းတစ်ခုကို ကျင်းထဲသို့ပို့လွှတ်လိုက်သည့်အခါ တစ်စုံတစ်ခုကို ရိုက်ခတ်သွားမိသည့်အသံတစ်ခုထွက်ပေါ်လာခဲ့သည်။ ထို့နောက်မှာ ကျင်းနက်ထဲမှ အလင်းရောင်တစ်ခု ရုတ်တရက်ထွက်ပေါ်လာခဲ့ပြီး အဆိုပါကောင်းကင်ဘုံတံခါးအဆင့်ကျင့်ကြံသူကို ‘ဘန်း’ဆိုသည့်အသံနှင့်အတူ အဝေးကိုလွင့်ထွက်သွားစေခဲ့သလို ထိုလူကချိုင့်ဝှမ်းအတွင်းရှိ နံရံတွေထဲကတစ်ခုနှင့် ပြင်းပြင်းထန်ထန်ဝင်ဆောင့်သွားခဲ့ရသည်။

ဒီလိုရုတ်တရက်ပြောင်းလဲသွားမှုက လူတိုင်းကို အံ့အားသင့်ထိတ်လန့်သွားစေခဲ့သည်။

“ဒါက မူလမှော်စာလုံးနယ်နိမိတ်တစ်ခုပဲ…” ဇူယွမ်ရဲ့မျက်လုံးတွေက တဖျပ်ဖျပ်တောက်ပလာခဲ့ရကာ ကျင်းရဲ့အောက်ခြေကို စိုက်ကြည့်လိုက်မိသည်။ အစောပိုင်းကပေါ်ထွက်လာခဲ့သည့် အလင်းရောင်က ကျင်းရဲ့အောက်ခြေမှာ အနည်းငယ်လှုပ်ရှားနေသည်ကို သူကအာရုံခံမိလိုက်သည်။

“အောက်ဆင်းပြီးကြည့်ကြရအောင်…”

လူတိုင်းက သတိကြီးစွာဖြင့် ကျင်းထဲသို့ဆင်းသက်လိုက်ကြသည်။ သူတို့အားလုံးက ကျင်းရဲ့ထောင့်တစ်နေရာတွင် မူလမှော်စာလုံးနယ်နိမိတ်တစ်ခုတားဆီးထားသည့် ကြေးရောင်တံခါးတစ်ချပ်ကို အလျင်အမြန်ပဲ ရှာတွေ့ခဲ့လိုက်ကြသည်။

ဝေကန်းလန်က အံ့အားသင့်စွာပဲ ပြောလိုက်မိသည်… “စွန့်ပစ်ထားတဲ့ဆေးပင်စိုက်ခင်းရဲ့အောက်မှာ ဒီလိုနေရာမျိုးရှိနေလိမ့်မယ်လို့ ငါထင်မထားမိခဲ့တာအမှန်ပဲ…”

ဇူယွမ်သည်လည်း အံ့အားသင့်မှုကြောင့် ပင့်သက်ကိုသာရှိုက်လိုက်မိသည်။ ကြေးရောင်တံခါး၏ရှေ့မှာ မူလမှော်စာလုံးနယ်နိမိတ်တစ်ခုက လှုပ်ရှားမှုအားလုံးကို တားဆီးကာကွယ်ထားလျက်ရှိသည်။ ထို့ကြောင့်ပင် သူ့အနေနဲ့ ဒါကိုအစောပိုင်းတုန်းက ရှာမတွေ့နိုင်ခဲ့သည်က အံ့ဩစရာမဟုတ်တော့ပေ။

ယောင်ယောင်ရဲ့ စွမ်းအားပြည့်ဝလှသည့်စိတ်ဝိညာဉ်အာရုံခံနိုင်စွမ်းကြောင့်သာမဟုတ်လျှင် သူတို့အားလုံး စွန့်ပစ်ထားသည့်ဆေးပင်စိုက်ခင်းရဲ့အောက်မှာ ရတနာတွေကျန်ရှိနေလိမ့်ဦးမည်ဆိုတာကို သိနိုင်ကြလိမ့်မည်မဟုတ်ချေ။

“ဒီမူလမှော်စာလုံးနယ်နိမိတ်က တော်တော်လေးကိုစွမ်းအားမြင့်တာပဲ…” ဝေကန်းလန်ရဲ့အမူအယာက တည်ငြိမ်လေးနက်စွာဖြင့်ပင် အတားအဆီးကိုစိုက်ကြည့်နေလိုက်သည်။ သူ့လိုမျိုး စွမ်အားမြင့်မားလှသည့် မူလစဦးအဆင့်ကျင့်ကြံသူတစ်ယောက်တောင်မှပင် ၎င်းထံမှ သေစေနိုင်သည့်အငွေ့အသက်တွေကို ခံစားနိုင်ခဲ့ရသည်။

ယောင်ယောင်က အတားအဆီးကို သေချာစစ်ဆေးလိုက်ပြီး ရှင်းပြလိုက်သည်… “ဒါက ထူးခြားတဲ့မူလမှော်စာလုံးနယ်နိမိတ်တစ်ခုပဲ… ဒါကိုဖွင့်နိုင်ဖို့ဆိုရင် အရမ်းကိုထူးခြားလေးနက်တဲ့မူလမှော်စာလုံးတစ်ခုလိုအပ်လိမ့်မယ်… ဒါကိုအတင်းအကျပ်ဖွင့်ဖို့ကြိုးစားခဲ့မယ်ဆိုရင် ဒါကသူ့အလိုအလျောက်ပျက်စီးသွားလိမ့်မှာဖြစ်သလို အထဲမှာရှိနေတဲ့ရတနာတွေကလည်း ကျူးကျော်ဝင်ရောက်လာတာကို သတိထားမိသွားပြီးတော့ အားလုံးပျောက်ကွယ်သွားရလိမ့်မယ်…”

“တကယ်လို့ဒါက သူ့ဘာသာသူဖျက်စီးလိုက်မယ်ဆိုရင် မိုင်တစ်ရာပတ်လည်မှာရှိနေတဲ့ ဘယ်သူကမှဒါကို ခုခံနိုင်ခြင်းမရှိလိမ့်မှာကို ငါစိုးရိမ်မိတယ်…”

သူမရဲ့စကားကိုကြားလိုက်ရသည့်အခါ လူတိုင်းရဲ့ရင်ဘတ်က ပြင်းပြင်းထန်ထန်တုန်ခါသွားခဲ့ရပြီး နောက်ကိုခြေလှမ်းများစွာ ဆုတ်လိုက်မိကြသည်။ ဇူယွမ်တောင်မှပင် အနည်းငယ်ထိတ်လန့်ကြောက်ရွံ့သွားခဲ့ရသည်။

“ကြည့်ရတာငါတို့အတွက် မျှော်လင့်ချက်မရှိဘူးထင်တယ်…” ဇူယွမ်တစ်ယောက် ခါးသီးစွာပြုံးလိုက်မိသည်။ ဒီလိုမျိုးထူးခြားလေးနက်တဲ့မူလမှော်စာလုံးကို တိုက်ပွဲဂိုလမ်ဂိုဏ်းရဲ့ အဆင့်မြင့်ဂိုဏ်းသားတွေကသာ သိနိုင်မည့်ပုံပေါ်သည်။

ဒီထူးခြားလေးနက်တဲ့မူလမှော်စာလုံးသာမရှိဘူးဆိုရင် သူတို့မှာဘယ်လောက်ပဲစွမ်းအားရှိရှိ ဒီအတားအဆီးကို ဖွင့်နိုင်လိမ့်မည်မဟုတ်ပေ။

လူတိုင်းကသဘောတူစွာ ခေါင်းညိတ်လိုက်မိကြသလို သူတို့အားလုံး စိတ်ပျက်သွားခဲ့ကြရသည်။ ရတနာတောင်ကြီးတစ်ခုလုံးက သူတို့ရဲ့မျက်စိရှေ့မှာရှိနေသော်ငြား သူတို့အားလုံးဘယ်သူမှ ဝင်ရောက်သွားနိုင်ခြင်းမရှိခဲ့ပေ။

သို့ပေမဲ့လည်း လူတိုင်းက စိတ်ပျက်သွားခဲ့ရစဉ်မှာ ယောင်ယောင်ကရုတ်တရက်ပြုံး၍ပြောလိုက်သည်။

“ဒါက မဖြစ်နိုင်ဘူးရယ်လို့တော့မဟုတ်ဘူး…”


Comment

Leave a Reply

Options

not work with dark mode
Reset