Switch Mode

စာစဥ် (၇) အပိုင်း (၈၈)

မီးဝိဥာဥ်အစေ့အားရရှိခြင်း

ချိုင့်ဝှမ်းအောက်ခြေ၌ ဇူယွမ်ရဲ့မျက်လုံးတွေက စိတ်လှုပ်ရှားမှုတွေနဲ့ ပြည့်နှက်နေလျက် ညင်သာစွာယိမ်းထိုးလှုပ်ရှားနေသည့် မီးဝိညာဉ်အစေ့ကို စိုက်ကြည့်နေခဲ့မိသည်။ ထို့နောက်မှာ သူကသူ့ရင်ထဲမှ ပြင်းထန်တဲ့စိတ်လှုပ်ရှားမှုတွေကို ထိန်းချုပ်လိုက်ပြီး လျင်မြန်စွာပင်ရှေ့သို့ လျှောက်လှမ်းသွားခဲ့လိုက်သည်။

သူကသိုလှောင်အိတ်အတွင်းမှ လူတစ်ယောက်အရွယ်အစားရှိသည့် ကျောက်စိမ်းအိုးတစ်လုံးထုတ်ယူလိုက်သလို ၎င်းရဲ့အပေါ်မှာလည်း မူလချီတွေစီးဆင်းနေသည့် အကာအကွယ်မှော်စာလုံးများစွာကို ရေးထွင်းထားလျက်ရှိပေသည်။

ထို့နောက်မှာ ဇူယွမ်ကတူရွင်းတစ်ခုကို ထုတ်ယူလိုက်ပြီး အလွန်သတိကြီးစွာဖြင့် မီးဝိညာဉ်အစေ့၏ဘေးပတ်ပတ်လည်မှ မြေစာတွေကို ကျောက်စိမ်းအိုးအတွင်းသို့ စတင်ပြီးပြောင်းရွှေ့လိုက်သည်။ သူ့အနေဖြင့် အပင်၏အမြစ်တွေပျက်စီးသွားမှာကို စိုးရိမ်မိသည့်အတွက် အလောတကြီးနိုင်စွာပြုလုပ်ရဲခြင်းမရှိခဲ့ပေ။

ဇူယွမ်ရဲ့စေ့စပ်သေချာသည့် လုပ်ဆောင်မှုအောက်မှာ မီးဝိညာဉ်အစေ့၏ပတ်လည်ရှိ မြေဆီမြေနှစ်တွေကို ဖယ်ရှားကာကျောက်စိမ်းအိုးအတွင်းသို့ ပြောင်းရွှေ့ပြီးသွားခဲ့ပြီဖြစ်သည်။ ထို့နောက်မှာ သူကအလွန်သတိကြီးစွာဖြင့် အပင်ကိုမယူလိုက်ပြီး မြေစာတွေဖြည့်ထားသည့် ကျောက်စိမ်းအိုးအတွင်းသို့ ပြောင်းထည့်လိုက်သည်။

ဒီအပင်ပြောင်းရွှေ့ခြင်းပြီးသွားခဲ့တဲ့အချိန်မှာ ဇူယွမ်ရဲ့ခန္ဓာကိုယ်က ချွေးတိုဖြင့်စိုရွှဲနေခဲ့ရသည်။ သူ့အနေဖြင့် ဒီအရာက ချီဟောင်နဲ့အပြင်းအထန်တိုက်ခိုက်ခဲ့ရတုန်းကထက်ပင် ပိုပြီးပင်ပန်းနွမ်းနယ်စေသည်လို့ ခံစားမိခဲ့ရသည်။

ဇူယွမ်က ကျောက်စိမ်းအိုးအတွင်းရှိ မီးဝိညာဉ်အစေ့ကိုကြည့်လိုက်သလို ပြည့်ဝိုင်းသည့်ပုံသဏ္ဍာန်ရှိသည့် မီးဝိညာဉ်အစေ့ပေါ်တွင်လည်း မှိန်ဖျော့ဖျော့အလင်းရောင်တစ်ခုလင်းလက်နေလျက်ရှိလေသည်။ ၎င်းကအခုအချိန်မှာ ရိုးတံတစ်ခုတည်းသာရှိနေပေမဲ့လည်း ၎င်းကိုတစ်ကြိမ်ထပ်မံပြီး အပင်စိုက်နိုင်ခဲ့မည်ဆိုပါက အစေ့များစွာရရှိနိုင်ပေသည်။

သို့ပေမဲ့လည်း မူလမီးဝိညာဉ်အစေ့မှ ပေါက်ဖွားလာခဲ့သည့် အစေ့သစ်တွေအနေဖြင့် ဒီလိုအဆင့်ရှိသည့် မူလအစားအစာတစ်ခုအဖြစ်ရောက်ရှိစေနိုင်ဖို့က ထူးခြားသည့်နည်းလမ်းတစ်ခု လိုအပ်သည်လို့ပြောကြပေသည်။ အစေ့အသစ်အားလုံးကို မူလမီးဝိညာဉ်အစေ့မှ မခူးဆွတ်နိုင်ခဲ့ဘူးဆိုလျင် ၎င်းတို့အားလုံးက ခြောက်သွေ့ညှိုးနွမ်းကာသေဆုံးသွားရပေလိမ့်မည်။

“ဒါကမီးဝိညာဉ်အစေ့လား…” စုယုဝေနဲ့ဝေချင်းချင်းတို့က ဇူယွမ့်အနားတိုးကပ်သွားခဲ့ပြီး သူမတို့ရဲ့မျက်လုံးတွေက သိချင်စိတ်ပြင်းပြစွာဖြင့် ကျောက်စိမ်းအိုးထဲတွင် ယိမ်းထိုးလှုပ်ရှားနေသည့် မီးလျှံကဲ့သို့နီရဲနေသည့် အပင်လေးကိုကြည့်နေမိကြသည်။

ဇူယွမ်ကပြုံးလိုက်ပြီး ခေါင်းညိတ်ပြကာပြောလိုက်သည်… “ဗိုလ်ချုပ်ကြီးရဲ့အင်အားစုက ဒီတစ်ကြိမ်မှာ ကောင်းမွန်တဲ့အလုပ်တစ်ခုကို လုပ်ဆောင်ခဲ့တာပဲ… နောက်ပိုင်းမီးဝိညာဉ်အစေ့က ရင့်မှည့်လာခဲ့တဲ့အချိန်ကျရင် နင်တို့ကလည်း ဒီထဲကနေဝေစုတစ်ခုသေချာပေါက်ရလိမ့်မယ်…”

ဝေချင်းချင်းက ပြုံးလိုက်ပြီးပြောသည်… “ဒါဆိုရင်တော့ အရင်ဆုံးငါက မင်းသားလေးကို ကျေးဇူးတင်ရတော့မှာပဲ… ငါက အရင်တုန်းက အဆင့် ၄မူလအစားအစာကို ဘယ်တုန်းကမှ မစားသုံးဖူးခဲ့တဲ့အတွက် ဒါကဘယ်လိုအကျိုးသက်ရောက်မှုတွေရှိနိုင်လိမ့်မလဲဆိုတာ ငါ့အနေနဲ့မတွေးတတ်လောက်အောင်ပဲ…”

ဇူယွမ်က စုယုဝေတစ်ယောက် မီးဝိညာဉ်အစေ့အား စိုက်ကြည့်နေသည်ကို မြင်လိုက်ရတဲ့အခါ ရယ်မောလိုက်ပြီးပြောလိုက်သည်… “မစိုးရိမ်ပါနဲ့… နင်ကလည်း ဝေစုတစ်ခုရမှာပါ…”

စုယုဝေတစ်ယောက် အနည်းငယ်ရှက်သွေးဖြာသွားခဲ့ရပြီး အလျင်စလိုပင်ရှင်းပြလိုက်သည်… “ငါ… ငါက ဒီအစေ့ကဘယ်လိုအရသာရှိမလဲဆိုတာပဲ သိချင်ရုံပါ… ငါ့အတွက်ဝေစုက အမှန်တကယ်မလိုအပ်ပါဘူး…”

သူတို့တွေစကားပြောဆိုနေစဉ်မှာ ချိုင့်ဝှမ်းအပြင်ဘက်ရှိ များစွာသောအင်အားစုတွေက ဇူယွမ်မီးဝိညာဉ်အစေ့အား ရယူနေသည်ကို မြင်လိုက်ရသည့်အခါ အနည်းငယ်လှုပ်လှုပ်ရှားရှားဖြစ်သွားခဲ့ရသည်။ ထို့အပြင် လူတိုင်းက၎င်းရဲ့တန်ဖိုးကို သိပေသည်။ ဒီပစ္စည်းကို ကိုယ်တိုင်မသုံးစွဲဘူးဆိုရင်တောင်မှပင် ၎င်းကိုရောင်းချလိုက်မယ်ဆိုရင် မမျှော်မှန်းနိုင်သည့်ဈေးနှုန်းကို ရနိုင်ပေလိမ့်မည်။ ဒါ့အပြင်ဘယ်အင်အားစုမဆို ဒါကိုဝယ်ယူနိုင်ဖို့ အသည်းအသန်ကြိုးစားလာကြပေလိမ့်မည်။

ထို့ကြောင့်ပင် စွမ်းအားမြင့်ကျင့်ကြံသူအချို့က စတင်လှုပ်ရှားလာခဲ့ကြပြီး သူတို့ရဲ့ခန္ဓာကိုယ်ပတ်လည်မှ မူလချီလှုပ်ရှားမှုတွေက မြင့်တက်လာခဲ့ကြရသည်။

ဒီအချိန်မှာ ဇူယွမ်တို့လူစုက အားအနည်းဆုံးဖြစ်လို့နေရသည်။ တကယ်လို့ တစ်ယောက်ယောက်ကသာ အခုချိန်ဝင်ရောက်သွားခဲ့မယ်ဆိုရင် ရတနာကိုလုယူပြီး သေချာပေါက်အဝေးကိုထွက်ပြေးသွားနိုင်လိမ့်ပေမည်။

သို့ပေမဲ့လည်း အဆိုပါကျင့်ကြံသူတွေရဲ့စိတ်ထဲမှာ ဒီလိုအတွေးတွေဖြစ်ပေါ်လာစဉ်မှာပင် ချိုင့်ဝှမ်းထိပ်မှာရှိနေသည့် ယောင်ယောင်ရဲ့တည်ငြိမ်လှသည့်အကြည့်က သူတို့ထံကျရောက်လို့လာခဲ့ရသည်။ ထို့နောက်မှာ သူမရဲ့နူးညံ့တဲ့လက်ကလေးတစ်ဖက်က ဆတ်ခနဲလှုပ်ရှားသွားခဲ့ရပြီး စာလိပ်တစ်ခုက သူမလက်ထဲ၌ထွက်ပေါ်လာခဲ့သည်။

တစ်ချိန်တည်းမှာ စာလိပ်ကဖြည်းညှင်းစွာ ပြေလျော့သွားခဲ့ရပြီး ခက်ခဲရှုပ်ထွေးလှသည့် မူလမှော်စာလုံးတစ်ခုထွက်ပေါ်လာခဲ့ရသည်။ ထိုအခိုက်အတန့်မှာ ပတ်ဝန်းကျင်ရှိမူလချီတွေက တစ်စုံတစ်ခုရဲ့စုပ်ယူခြင်းကို ခံလိုက်ရသည့်အလား စာလိပ်ထံတစ်ဟုန်ထိုးစုစည်းလာခဲ့ကြသည်။

ယောင်ယောင်ရဲ့နူးညံ့တဲ့လက်ကလေးက လှုပ်ရှားသွားခဲ့ကာ စာလိပ်ကရှေ့ကိုပျံထွက်သွားခဲ့ပြီးနောက်မှာ တောက်ပတဲ့အလင်းရောင်တစ်ခုက ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။

ဝုန်း…

မှော်စာလုံးထံမှာ စုဆောင်းထားခဲ့သည့် မူလချီတွေက အနက်ရောင်တိမ်တိုက်တစ်ခုအဖြစ်ပြောင်းလဲသွားခဲ့သည်။ အနက်ရောင်တိမ်တိုက်အတွင်းမှာ လျှပ်စီးတွေနဲ့ပြည့်နှက်နေသကဲ့သို့ မွန်းကျပ်စေနိုင်လောက်သည့်ဖိအားတစ်ခုကလည်း ပျံ့နှံ့ထွက်ပေါ်လာသည်။

ဒီအခြင်းအရာကိုမြင်လိုက်ရသည့်အခါ ချိုင့်ဝှမ်းအပြင်ဘက်ရှိ စတင်လှုပ်ရှားလာခဲ့သည့် စွမ်းအားမြင့်ကျင့်ကြံသူတွေရဲ့မျက်နှာအမူအယာက ရုတ်ချည်းပြောင်းလဲသွားခဲ့ရကာ အထိတ်တလန့်အော်ဟစ်လိုက်မိကြသည်… “အဆင့် ၄မူလမှော်စာလုံးလား…”

၎င်းကသေချာပေါက်ပင် အဆင့် ၄မူလမှော်စာလုံးဖြစ်ရပေမည်။ ဒီလိုမှမဟုတ်ရင် အခုလိုမျိုးအထိတ်တလန့်ဖြစ်စေနိုင်လောက်သည့်ဖိအားကို ထုတ်လွှတ်နိုင်စွမ်းရှိလိမ့်မည်မဟုတ်ပေ။

သူ့တို့ရဲ့မျက်လုံးတွေထဲမှာ ကြောက်ရွံ့မှုတို့ဖြင့် ပြည့်နှက်သွားခဲ့ရပြီး ချိုင့်ဝှမ်းထိပ်ရှိ အစိမ်းရောင်ဝတ်စုံဝတ်ဆင်ထားသည့် အသက်ရှူမှားလောက်အောင်လှပသည့်မိန်းကလေးကို ကြည့်လိုက်မိကြသည်။ မူလချီလှုပ်ရှားမှုအနည်းငယ်လေးမျှပင် သူတို့အားလုံးအာရုံခံနိုင်ခဲ့ခြင်းမရှိသည့် အနှီမိန်းကလေးက မူလမှော်စာလုံးစွမ်းရည်မှာ ဒီလိုမျိုးအဆင့်ထိကျွမ်းကျင်နေလိမ့်မည်လို့ သူတိုထဲရှိဘယ်သူကများထင်ထားမိလိမ့်မည်နည်း။

အနက်ရောင်တိမ်တိုက်က မိုးခြိမ်းသံတွေဆူညံစွာထွက်ပေါ်လျက် ချိုင့်ဝှမ်းအပေါ်ဘက်တွင် တည်ရှိနေပေသည်။ ၎င်းကအင်အားစုများစွာရှိ ကျင့်ကြံသူအားလုံးကို ခြိမ်းခြောက်နိုင်စွမ်းရှိခဲ့ကာ သူတို့ကိုနောက်ထပ်လှုပ်ရှားဖို့မရဲအောင် ဖြစ်သွားစေခဲ့ရသည်။ သူတို့တွေရှေ့ကိုခြေတစ်လှမ်း လှမ်းလိုက်သည်နှင့် အနက်ရောင်တိမ်တိုက်အတွင်းမှာရှိနေသည့် လျှပ်စီးတွေက သူတို့အပေါ်ကျရောက်လာမည်ကို သူတို့တွေကောင်းစွာသိထားကြပေသည်။

ဒီလိုမျိုးတိုက်ခိုက်မှုနဲ့ ကြုံတွေ့ခဲ့ရမယ်ဆိုရင် ကောင်းကင်ဘုံတံခါးအဆင့်ကျင့်ကြံသူတွေတောင်မှပင် စဉ်းစားခြင်းမရှိဘဲ အလျင်စလိုဝင်ရောက်သွားခဲ့မယ်ဆိုပါက တစ်ယောက်ပြီးတစ်ယောက်အလွယ်တကူ ကွယ်ပျောက်သွားစေလိမ့်ပေမည်။

ချိုင့်ဝှမ်းအောက်ခြေမှာရှိနေသည့်ဇူယွမ်ကလည်း ချိုင့်ဝှမ်းအပြင်ဘက်မှ အခြေအနေအားလုံးကို သတိထားမိလိုက်သည့်အတွက် အေးစက်စွာပင်နှာခေါင်းတစ်ချက်ရှုံ့လိုက်သည်။ သူကကျောက်စိမ်းအိုးကို သိုလှောင်အိတ်အတွင်း အလျင်အမြန်သိမ်းဆည်းလိုက်ပြီး ပြောလိုက်သည်… “အခြေအနေသွားကြည့်ရအောင်…”

ထို့နောက်မှာ သူကဦးဆောင်ပြီး ချိုင့်ဝှမ်းအတွင်းမှထွက်ခွာလာခဲ့ကာ နောက်ဆုံး၌ယောင်ယောင်ရှိနေရာ ချိုင့်ဝှမ်းရဲ့တစ်ဖက်ခြမ်းကို ရောက်ရှိသွားခဲ့သည်။

ဇူယွမ်ရဲ့အကြည့်က ပထမဦးဆုံး အပြင်းအထန်ရင်ဆိုင်နေလျက်ရှိကြသည့် ထန်ထန်ရဲ့တိုက်ပွဲနေရာကို ကြည့်လိုက်မိသည်။

သို့ပေမဲ့လည်း သူမြင်တွေ့လိုက်ရတဲ့မြင်ကွင်းကြောင့် အနည်းငယ်အံ့အားသင့်သွားခဲ့ရသည်။ အပျက်အစီးပုံကြားထဲမှာ မူလကလွန်စွာကြီးမားတဲ့ခန္ဓာကိုယ်ရှိသည့် တိုက်ပွဲဂိုလမ်စပါးအုံးမြွေက ဆယ်ပေခန့်သာကျန်နေရတော့သည်။ ၎င်းရဲ့ခန္ဓာကိုယ်တစ်ဝက်ကျော်က ပျက်စီးလို့နေခဲ့ရပြီဖြစ်သည်။

ဒီလိုမျိုးကြီးစွာထိခိုက်ထားရပေမဲ့လည်း ၎င်းကတိုက်ပွဲဂိုလမ်တစ်ကောင်ဖြစ်သည့်အတွက် နာကျင်မှုကိုခံစားရလိမ့်မည်မဟုတ်ပေ။ ဒီလိုမှမဟုတ်ရင် ၎င်းကနာကျင်မှုကြောင့်ပင် အစောကြီးကတည်းက သေဆုံးသွားရပေလိမ့်မည်။

တစ်ဖက်မှာတော့ ထန်ထန်က ကြောင်တစ်ကောင်က ကြွက်တစ်ကောင်ကိုဆော့ကစားနေသည့်အလား တိုက်ပွဲဂိုလမ်စပါးအုံးမြွေကို လှည့်ပတ်၍ဆော့ကစားနေလျက်ရှိလေသည်။ တိုက်ပွဲဂိုလမ်စပါးအုံးမြွေက အချိန်တိုင်းလိုလို ချိုင့်ဝှမ်းကိုလှည့်ပတ်၍ ပြေးလွှားနေခဲ့ရပြီး ဒီမြင်ကွင်းက ကြည့်နေတဲ့လူအားလုံးကို တုန်လှုပ်သွားစေခဲ့ရသည်။

“ထန်ထန်က တကယ့်ကိုကြောက်စရာကောင်းတာပဲ…” ဒီမြင်ကွင်းကိုမြင်လိုက်ရသည့်အခါ စုယုဝေက တုန်လှုပ်စွာဖြင့်ပင် ပြောလိုက်မိသည်။ ပုံမှန်အားဖြင့် ပျင်းရိကာ အလွန်အမင်းချစ်စရာကောင်းလှသည့် ဒီအကောင်ငယ်လေးက ၎င်းရဲ့တိုက်ခိုက်တဲ့ပုံစံကို ပြောင်းလဲသွားသည့်အခါ ဒီလိုမျိုးကြမ်းကြုတ်ရက်စက်သွားလိမ့်မည်လို့ ထင်မှတ်မထားမိခဲ့ပေ။

ဇူယွမ်ရဲ့နှုတ်ခမ်းထောင့်စွန်းကလည်း လှုပ်လှုပ်ရွရွဖြစ်သွားခဲ့ရသည်။ သူ့အနေနဲ့ ထန်ထန်ရဲ့အသားခြောက်ခွဲတမ်းကို လျော့ချလိုက်မှုအားပြန်၍စဉ်းစားလိုက်မိသည့်အခါ အနည်းငယ်ကျောချမ်းသွားခဲ့ရသည်။ သူ့အပေါ်မကျေနပ်ချက်တွေများလာပြီး ဒီမှော်သားရဲလေးကိုသာ ဒေါသထွက်စေခဲ့မယ်ဆိုလျင် ၎င်းရဲ့ရိုက်ချက်တစ်ချက်မျှဖြင့်ပင် သူ့ရဲ့သေဆုံးခြင်းကရောက်ရှိလာခဲ့ရပေမည်။

“ကြည့်ရတာ နောက်ပိုင်းကျရင် ဒီကောင့်ရဲ့အသားခြောက်ခွဲတမ်းကို လျှော့ချပြစ်လို့မဖြစ်တော့ဘူး…” ဇူယွမ်သက်ပြင်းတစ်ချက်ချကာ ရေရွတ်လိုက်မိသည်။

ထိုအခိုက်အတန့်မှာပင် ထန်ထန်က တိုက်ပွဲဂိုလမ်စပါးအုံးမြွေနှင့် ဆော့ကစားနေရသည်ကို ပျင်းရိငြီးငွေ့လာခဲ့ပုံရသည်။ အနက်ရောင်အလင်းတွေက ၎င်းရဲ့လက်သည်းတွေပတ်လည်မှာ လှည့်လည်စီးဆင်းလာခဲ့ရပြီး ရုတ်တရက်ရိုက်ချလိုက်သလို တိုက်ပွဲဂိုလမ်စပါးအုံးမြွေရဲ့ဦးခေါင်းကလည်း ကျယ်လောင်သည့်အသံတစ်ခုနှင့်အတူ ကွဲကြေသွားခဲ့ရသည်။

နောက်ဆုံးမှာ တိုက်ပွဲဂိုလမ်စပါးအုံးမြွေ၏ခန္ဓာကိုယ်က မြေပြင်ပေါ်သို့ ပြိုလဲသွားခဲ့ရသည်။ ထန်ထန်ရဲ့ကြီးမားသည့်လက်သည်းတွေက ၎င်းရဲ့ခေါင်းကိုဖွင့်လိုက်ပြီး လူတစ်ယောက်ဦးခေါင်းအရွယ်အစားရှိသည့် အလင်းရောင်တွေတောက်ပနေသည့်ပုံဆောင်ခဲတစ်ခုကို ထုတ်ယူလိုက်သည်။ အဆိုပါပုံဆောင်ခဲအတွင်း၌ ကြီးမားသည့်စပါးအုံးမြွေတစ်ကောင်ရဲ့အရိပ်ကို မြင်တွေ့နိုင်ပေသည်။

၎င်းက စပါးအုံးမှော်သားရဲစိတ်ဝိညာဉ်ပင်ဖြစ်သည်။

ထန်ထန်က မှော်သားရဲစိတ်ဝိညာဉ်ပုံဆောင်ခဲကို စိုက်ကြည့်လိုက်ပြီး ဝါးမျိုဖို့ဆုံးဖြတ်လိုက်ပုံရသည်။

ဇူယွမ်ကဒါကိုမြင်လိုက်ရသည့်အခါ သူ့ရဲ့စိတ်ထဲမှာ လန့်ဖျပ်သွားခဲ့ရပြီး ကျယ်လောင်စွာအော်ဟစ်လိုက်သည်… “မင်းရဲ့ပါးစပ်က သနားညှာတာမှုရှိသင့်တယ်…”

ဇူယွမ်ကလျင်မြန်စွာပင် ပြေးထွက်သွားခဲ့ပြီး ထန်ထန်ရဲ့ဘေးနားကို ရောက်ရှိသွားခဲ့သည်။

ထန်ထန်က ဇူယွမ်ရဲ့ရုတ်တရက် အော်ဟစ်လိုက်သံကြောင့် အံ့အားသင့်သွားခဲ့ရပြီး အနည်းငယ်အထိတ်တလန့်ဖြစ်သွားခဲ့ရကာ နောက်ကိုခုန်ဆုတ်လိုက်မိခဲ့သည်။ ဇူယွမ်က ဒီအခွင့်အရေးကိုယူကာ မှော်သားရဲစိတ်ဝိညာဉ်ကို အလျင်အမြန်လုယက်လိုက်ပြီး သူ့ရဲ့သိုလှောင်အိတ်အတွင်း ထည့်၍သိမ်းဆည်းလိုက်သည်။

အဆင့် ၄စပါးအုံးအမျိုးအစားမှော်သားရဲစိတ်ဝိညာဉ်ကို ရယူနိုင်ဖို့က အဆိပ်ရေအိုင်အတွင်း သူဝင်ရောက်လာခဲ့ရတဲ့ရည်ရွယ်ချက်တွေထဲက တစ်ခုဖြစ်ပေသည်။ အခုအချိန်မှာ ဒါကိုခက်ခက်ခဲခဲကြိုးစားပြီးမှ ရယူနိုင်ခဲ့ရသည့်အတွက် ထန်ထန့်ကိုသာ၎င်းကို ဝါးမျိုခွင့်ပြုလိုက်မယ်ဆိုရင် သူ့အနေနဲ့အမှန်တကယ်ကို ဖြုန်းတီးပြစ်ရာကျပေလိမ့်မည်။

အကယ်၍ဒီလိုမျိုးသာ ဆုံးရှုံးသွားခဲ့ရမယ်ဆိုရင် နောက်ထပ်အဆင့် ၄စပါးအုံးအမျိုးအစားမှော်သားရဲစိတ်ဝိညာဉ်ကို ရရှိနိုင်ဖို့က အချိန်ဘယ်လောက်တောင် ကြာလိမ့်ဦးမည်ဆိုတာကို သူ့အနေနဲ့မတွေးတောနိုင်ပေ။

ထန်ထန်ကသူ့ရဲ့ခေါင်းကို ငုံ့ကြည့်လိုက်သည့်အခါ ဇူယွမ်က မှော်သားရဲစိတ်ဝိညာဉ်ကို လုယက်ကာသိမ်းဆည်းလိုက်တာကို မြင်လိုက်ရသည့်အတွက် ချက်ချင်းဆိုသလိုပင် ဒေါသထွက်သွားခဲ့ရသည်။ ၎င်းက ဇူယွမ်ကိုကြည့်ကာ ဟိန်းဟောက်လိုက်သည်။ ဒီအကောင်က သူ့ရဲ့အစာကို ဒီလိုမျိုးလုယူသွားရဲလိမ့်မယ်လို့ ထင်မထားမိခဲ့ပေ။

“ငါမင်းကို မှော်သားရဲအသားခြောက် ပန်းကန်တစ်ရာပေးမယ်…”

ထန်ထန်ရဲ့ဒေါသတကြီး ဟိန်းဟောက်လိုက်မှုကြောင့် ဇူယွမ်ကအလောတကြီး အော်ပြောလိုက်သည်။

ထန်ထန်ရဲ့ဟိန်းဟောက်သံက ရပ်တန့်သွားခဲ့ရသကဲ့သို့ ၎င်းရဲ့မျက်လုံးတွေက အတွေးထဲမှာနစ်မျောသွားခဲ့ရသည်။ ၎င်းက မှော်သားရဲအသားခြောက်ပန်းကန်တစ်ရာရဲ့ တန်ကြေးကိုစတင်တွက်ချက်လိုက်ပြီး နောက်ဆုံးမှာ ဒီအပေးအယူကို သဘောတူလိုက်သည့်အလား ၎င်းရဲ့ခေါင်းကို ညိတ်ပြလိုက်သည်။

ထိုအခါမှသာ ဇူယွမ်တစ်ယောက် သက်ပြင်းချလိုက်နိုင်ခဲ့ပြီး ထန်ထန်ရဲ့လက်သည်းတွေကို စိတ်ကျေနပ်စွာပွတ်သပ်ပေးလိုက်မိသည်။ အခုအချိန်မှာ အဆင့် ၄စပါးအုံးအမျိုးအစားမှော်သားရဲစိတ်ဝိညာဉ်ကို ရရှိခဲ့ပြီဖြစ်တဲ့အတွက် ဘိုးဘေးနဂါးပုရပိုက်၏ ပထမအဆင့်ဖြစ်သည့် စပါးအုံးဘုရင်ချီကိုလေ့ကျင့်နိုင်ရန် လိုအပ်သည့်မူလအရင်းအမြစ်လေးခုစလုံး ပြည့်စုံသွားခဲ့ရပြီဖြစ်ကာ စတင်၍လေ့ကျင့်နိုင်တော့မည်ဖြစ်ပေသည်။

သူကသာ ဒီပထမအဆင့်ကို အောင်မြင်သွားခဲ့မယ်ဆိုရင် သူ့ရဲ့တိုက်ပွဲစွမ်းအားက ထင်မှတ်မထားလောက်အောင် တစ်ဟုန်ထိုးမြင့်တက်သွားရလိမ့်မည်ဖြစ်ကာ ချီစုဆောင်းမှုအဆင့်မှာရှိနေသည့် ကျင့်ကြံသူတွေအားလုံးထဲမှာ သူ့ကိုယှဉ်ပြိုင်နိုင်မည့်ပြိုင်ဘက်ကို ရှာတွေ့နိုင်ဖို့ဆိုတာက လွန်စွာခက်ခဲသွားရပေလိမ့်မည်။

ထန်ထန်နဲ့ တိုက်ပွဲဂိုလမ်စပါးအုံးမြွေကြီးတို့ရဲ့ တိုက်ပွဲပြီးဆုံးသွားခဲ့ပြီးနောက်မှာ အခြေအနေအားလုံးက အခုအချိန်မှာဇူယွမ့်ဘက်တွင် အလုံးစုံအရေးသာသွားခဲ့ရသည်။ ထို့အပြင်တစ်ချိန်တည်းမှာ ချီလင်းကလည်း ချီဟောင်တစ်ယောက် ဇူယွမ်ရဲ့ရက်ရက်စက်စက်သတ်ဖြတ်ခြင်းခံလိုက်ရသည်ကို မြင်တွေ့ခဲ့လိုက်ရသည်။

ချီလင်းရဲ့မျက်လုံးတွေက လုံးဝပင်နီရဲသွားခဲ့ရပေမဲ့ သူ့မှာဆုံးဖြတ်နိုင်စွမ်းရှိသေးသည့်အတွက် လက်ဝှေ့ယမ်းပြလိုက်ပြီး ကျယ်လောင်စွာပင် အော်ဟစ်လိုက်သည်… “ပြန်ဆုတ်ကြမယ်…”

သူ့ရဲ့အော်သံထွက်ပေါ်လာသည့် အခိုက်အတန့်မှာပင် သူတို့လူစုရဲ့ခြေထောက်တွေအောက်မှ မီးခိုးငွေ့တွေ ထွက်ပေါ်လာခဲ့ရပြီး သူတို့ရဲ့ပုံရိပ်တွေက လျင်မြန်စွာပင်ပျောက်ကွယ်သွားခဲ့ရသည်။

ဇူယွမ်က သူတို့တွေလွတ်မြောက်သွားသည်ကို တည်ငြိမ်စွာဖြင့်ပင် ကြည့်နေခဲ့လိုက်သည်။ ထို့နောက်မှာ သူ့ရဲ့အကြည့်က ကောင်းကင်ထက်ရှိ အဆိပ်ဘုရင်နဲ့တိုက်ခိုက်နေသည့် ဝေကန်းလန်ရှိရာသို့ ရောက်ရှိသွားခဲ့သည်။

အဆိပ်ဘုရင်က ဇူအင်ပါယာအတွက် အန္တရာယ်ပေးနိုင်စွမ်းရှိသည့်အသားပိုတစ်ခုပင်ဖြစ်သည်။ သူက ဇူအင်ပါယာရဲ့နယ်နိမိတ်ကို မကြာခဏကျူးကျော်ဝင်ရောက်လာခဲ့သလို လူများစွာကိုလည်း သတ်ဖြတ်ခဲ့ပေသည်။ ဇူအင်ပါယာရဲ့မြို့သူမြို့သားတွေ ဘယ်လောက်များများ သူ့ရဲ့လက်ထဲမှာ သေဆုံးသွားခဲ့ရပြီးပြီလဲဆိုတာကို မည်သူမှသိနိုင်လိမ့်မည်မဟုတ်ပေ။

အခုအချိန်က ဇူအင်ပါယာရဲ့နယ်မြေတွေအားလုံး အေးချမ်းမှုရရှိစေဖို့နဲ့ သူ့ကိုသတ်ဖို့အတွက် အကောင်းဆုံးသောအခွင့်အရေးပင်ဖြစ်သည်။

ဇူယွမ်ရဲ့မျက်လုံးထဲမှာ အေးစက်မှုတွေဖြတ်ခနဲထွက်ပေါ်လာခဲ့ရပြီး ထန်ထန်ရဲ့လက်သည်းကို ပုတ်လိုက်ပြီးနောက်မှာ အဆိပ်ဘုရင်ကိုညွှန်ပြလိုက်ပြီး ဖြည်းညှင်းစွာပြောလိုက်သည်… “ထန်ထန်… သူ့ရဲ့တန်ကြေးက မှော်သားရဲအသားခြောက် ပန်းကန်နှစ်ရာပဲ…”

ဇူယွမ်ရဲ့စကားကိုကြားလိုက်ရသည့်အခါ ထန်ထန်ရဲ့မျက်လုံးထဲမှာ ချက်ချင်းဆိုသလိုပင် အလင်းရောင်တွေတောက်ပသွားခဲ့ရသည်။ ၎င်းက လေထဲမှာလျင်မြန်စွာလှုပ်ရှားနေသည့် အဆိပ်ဘုရင်ရဲ့ပုံရိပ်ကို မှော်သားရဲအသားခြောက်ပန်းကန်တွေ လေထဲမှာကခုန်နေသည့်အလား သေချာမှတ်သားထားလိုက်သည်။

ဝေါင်း…

ထန်ထန်က ကောင်းကင်ပေါ်ကိုကြည့်လိုက်ပြီး ဟိန်းဟောက်သံတစ်ခု ထုတ်လွှတ်လိုက်ကာ ၎င်းရဲ့လက်သည်းတွေက မြေပြင်ပေါ်မှာအရှိန်ယူလိုက်ပြီး အနီရောင်အလင်းတန်းတစ်ခုအဖြစ်ပြောင်းလဲသွားခဲ့လျက် ကောင်းကင်ပေါ်သို့ တစ်ဟုန်ထိုးပျံတက်သွားခဲ့သည်။

Comment

Leave a Reply

Options

not work with dark mode
Reset