Switch Mode

အခန်း (၅၇၄)

တောင်ထိပ်နှစ်ခုနှင့် တောင်တစ်လုံး

ဒူဂူလင်းတစ်ယောက် ညကောင်းကင်မြေပုံပေါ်မှ အခြားလူများအား ရှင်းလင်းနေသည်ကို ကြည့်ရင်း ဝမ်ပေါင်လဲ့မှာ တစ်ခဏမျှ တွေးတောလိုက်ပြီးနောက် ရုတ်တရက် ရယ်မောလိုက်၏။

” တခြားလူတွေကို မင်း ရှင်းထုတ်ပေးနေတာ ငါ့အတွက် ကောင်းတာပေါ့ ” ဤ ပြိုင်ပွဲကြီး၏ ရလဒ်မှာ သူနှင့် ဒူဂူလင်းတို့၏ တိုက်ပွဲကြီးပြီးမှ ထွက်ပေါ်လာမည့်အနေအထားသို့ ရောက်သွားပြီဖြစ်သည်။ ဒူဂူလင်းမှာ ယခုကဲ့သို့ အခြားသူများကို လိုက်လံနှိမ်နင်းနေသည်ဖြစ်ရာ သူတို့၏ တိုက်ပွဲမှာ နှောင့်ယှက်ခံရတော့မည် မဟုတ်ပေ။ ထို့ကြောင့် ဒူဂူလင်း၏ လုပ်ရပ်များမှာ သူ့အတွက် အကျိုးရှိကြောင်း ဝမ်ပေါင်လဲ့က မှတ်ယူလိုက်ပြီး တောင်ထိပ်ပေါ်တွင် မတ်တပ်ရပ်လိုက်၏။

” ငါတို့လည်း ဒီနေရာတစ်ဝိုက်က တခြားလူတွေကို နှိမ်နင်းကြတာပေါ့။ သူ့ အဖွဲ့အစည်းကလူတွေကို ပစ်မှတ်ထား တိုက်ခိုက်ကြမယ် ” ဝမ်ပေါင်လဲ့မှာ ထိုသို့ဆိုကာ လေထဲသို့ ပျံတက်သွားလိုက်၏။ ကျောက်ယမုန့်နှင့် ခုန်းတောက်တို့မှာလည်း သူ၏ နောက်မှလိုက်လာကြသည်။ ထိုသို့ဖြင့် သူတို့သုံးယောက်မှာ မြေပုံပေါ်ရှိ သော့များ တလက်လက်တောက်ပနေသော နေရာများဆီသို့ ဦးတည်သွားလိုက်ကြတော့သည်။

ထို့ကြောင့် မြေပုံကြီးမှာ တဖြည်းဖြည်းနှင့် ရှင်းလင်းလာ၏။

ဖုန့်ချိုးရန်နှင့် မြဲ့လျဲ့ကျိတို့၏ အဖွဲ့အစည်းနှစ်ခုမှ ဂိုဏ်းသားများမှာ ဒုက္ခလှလှတွေ့နေရတော့သည်။ ယခင်တုန်းက သူတို့မှာ ဝမ်ပေါင်လဲ့အား ဂရုပင် မစိုက်ခဲ့ကြပေ။ ယခုတွင်မူ ဝမ်ပေါင်လဲ့မှာ ဤ အရည်အချင်းစမ်းသပ်ပွဲထဲ၌ နာမည်ရလာခဲ့ပြီးနောက် ကျိုးချူတောက်ကိုပင် အနိုင်ယူကာ အရည်အချင်းစမ်းသပ်ပွဲ၏ ထိပ်ဆုံးနှစ်ယောက်ထဲမှ တစ်ယောက်အဖြစ်သို့ ရောက်ရှိသွားခဲ့သည်မဟုတ်ပါလော။

ထို့ကြောင့် မြဲ့လျဲ့ကျိ၏ အဖွဲ့အစည်းထဲမှ ရုန်းကန်နေကြရသည့် ကျင့်ကြံသူများမှာ သူ ရောက်ရှိလာကြသည်ကို မြင်လိုက်ရသောအခါ သွေးပျက်သွားကြ၏။ သူတို့မှာ စိတ်ထဲတွင် မကျေမချမ်းဖြစ်နေသည့်တိုင်အောင် သူတို့၏ အစွမ်းအစများနှင့် ဤ အရည်အချင်းစမ်းသပ်ပွဲထဲ၌ အောင်မြင်နိုင်လိမ့်မည်မဟုတ်ကြောင်း သိထားကြသည်။ ပြိုင်ပွဲစစချင်းတုန်းက သူတို့မှာ ကံကောင်းလျှင် ထိပ်ဆုံးသုံးယောက်ထဲသို့ ပါနိုင်လိမ့်မည်ဟု မှတ်ယူထားကြ၏။

အကယ်၍ ဝမ်ပေါင်လဲ့နှင့် ဒူဂူလင်းတို့ နှစ်ယောက်ထဲမှ တစ်ယောက်ယောက်သာ ရှုံးနိမ့်သွားခဲ့မည်ဆိုပါက ဒုတိယနေရာကို ရနိုင်သေးသည်ဟု သူတို့က တွေးထားကြ၏။ သို့သော်လည်း ယခုတွင်မူ သူတို့နှစ်ယောက်စလုံးမှာ ထိုသို့ အဖြစ်ခံလိမ့်မည် မဟုတ်ကြောင်း သူတို့က နားလည်ထားကြပြီးဖြစ်သည်။

ထို့ကြောင့် ထို ” နယ်မြေရှင်းလင်းရေး ” ဆိုသည့် လုပ်ငန်းမှာ လက်တွေ့တွင်မူ သော့များကိုသာ လိုက်လံစုဆောင်းနေခြင်းပင်။ ဖုန့်ချိုးရန်၏ အဖွဲ့အစည်းမှဖြစ်စေ၊ မြဲ့လျဲ့ကျိ၏ အဖွဲ့အစည်းမှဖြစ်စေ မည်သည့်ကျင့်ကြံသူကမှ ရူးရူးမိုက်မိုက် ပြန်လည်တုံ့ပြန်တိုက်ခိုက်ကြမည် မဟုတ်ပေ။ ယခုအထိ သော့များပိုင်ဆိုင်ထားကြသူများမှာလည်း ငတုံးငအများ မဟုတ်ကြပေ။ သူတို့ထဲမှ အများစုမှာ ဝမ်ပေါင်လဲ့ သို့မဟုတ် ဒူဂူလင်းနှင့် ဆုံလိုက်ရသည့်အချိန်တိုင်း ပြန်လည်ခုခံနေခြင်းမရှိဘဲ သူတို့၏ သော့များကို ထုတ်ပေးလိုက်ကြသည်သာဖြစ်သည်။

သို့သော် ထို အဖွဲ့အစည်းနှစ်ခုထဲတွင် ဉာဏ်ထိုင်းသော လူအချို့လည်း ရှိနေကြသေးသည်။ ထိုကဲ့သို့သော လူများအပေါ် ဝမ်ပေါင်လဲ့နှင့် ဒူဂူလင်းတို့၏ ဆက်ဆံပုံမှာလည်း အတူတူပင်ဖြစ်သည်။ သူတို့မှာ ထိုကျင့်ကြံသူများအား သတ်ဖြတ်ခဲ့ခြင်းမရှိပါသော်လည်း သူတို့၏ ခြေထောက်များကို ချိုးပစ်ခဲ့ကြ၏။

ညကောင်းကင်မြေပုံကို မော့ကြည့်လိုက်ပါက သူတို့နှစ်ယောက်အား ကိုယ်စားပြုနေသည့် ကြယ်နှလုံးမှာ တလက်လက် တောက်ပကာ အလွန်အင်မတန်မှ သိသာထင်ရှားနေသည်ကို မြင်နိုင်ပေသည်။ သုံးနာရီတိတိ ကြာမြင့်သွားပြီးနောက် မြဲလျဲ့ကျိနှင့် ဖုန့်ချိုးရန်တို့၏ အဖွဲ့အစည်းမှ ဂိုဏ်းသားများမှာ တဖြည်းဖြည်းနှင့် သူတို့၏ သော့များအားလုံးကို ဆုံးရှုံးလိုက်ရတော့သည်။

တာအိုဘုန်းတော်ကြီး ယိုရန်၏ အဖွဲ့အစည်းမှာလည်း အတူတူပင်ဖြစ်ပေသည်။ သူတို့မှာ ကြားနေအဖွဲ့အစည်းတစ်ခု ဖြစ်ကြသည့်တိုင်အောင် အရာအားလုံးမှာ ပြီးဆုံးသွားပြီဖြစ်သောကြောင့် ဤ အရည်အချင်းစမ်းသပ်ပွဲထဲ၌ ဆက်၍ရှိနေလျှင်လည်း မထူးတော့ကြောင်း သိသွားကြပြီဖြစ်သည်။

ထို့ကြောင့် သူတို့မှာ ဝမ်ပေါင်လဲ့နှင့် ဒူဂူလင်းတို့နှင့် လမ်းတွင် ကြုံလိုက်ရပါက ခုခံနေခြင်းမရှိတော့ဘဲ သူတို့၏ သော့များအား ကြည်ကြည်ဖြူဖြူ ထုတ်ပေးခဲ့သည်သာဖြစ်သည်။ ထိုသို့ဖြင့် ဒုတိယမြောက် တည်နေရာပြောင်းရွှေ့ခြင်း ဖြစ်စ‌ဥ်ကြီး စတင်ရန် တစ်နာရီမျှသာ လိုတော့သည့် အချိန်တွင် ညကောင်းကင်မြေပုံပေါ်၌ နေရာအနှံ့ ပြန့်ကျဲနေကြသော ကြယ်များ ရှိနေမတော့ပေ။

သော့အချောင်းရေပေါင်း မြောက်မြားစွာဖြင့် ဖွဲ့စည်းထားသော ကြယ်နှစ်လုံးနှင့် သော့မရှိကြတော့သဖြင့် ဤ တည်နေရာပြောင်းရွှေ့ခြင်း ဖြစ်စဉ်ကြီးပြီးလျှင် ပြိုင်ပွဲထဲမှ နုတ်ထွက်သွားရမည့် ပြိုင်ပွဲဝင်များသာ ကျန်နေခဲ့တော့သည်။

ယခုတွင် ထိုပြိုင်ပွဲဝင်များအားလုံးမှာ ညကောင်းကင်မြေပုံအား မော့ကြည့်ရင်း တိတ်ဆိတ်ငြိမ်သက်စွာ စောင့်ဆိုင်းနေကြ၏။

ထိုအချိန်တွင် ဝမ်ပေါင်လဲ့မှာ ညကောင်းကင်မြေပုံအား ကြည့်နေရာမှ အကြည့်လွှဲကာ ကျောက်ယမုန့်နှင့် ခုန်းတောက်တို့အား လှမ်းကြည့်လိုက်၏။

ထိုအခါ ကျောက်ယမုန့်မှာ တွေဝေတုံ့ဆိုင်းနေခြင်းမရှိဘဲ သူမဆီတွင် ရှိနေသော သော့များအားလုံးကို ထုတ်ပေးလိုက်၏။ ခုန်းတောက်မှာလည်း အသက်ပြင်းပြင်းရှူလိုက်ပြီးနောက် အလားတူပင် သူ၏ သော့များအားလုံးကို ဝမ်ပေါင်လဲ့အား ပေးလိုက်တော့သည်။

” ပေါင်လဲ့။ မင်း နိုင်မှဖြစ်မယ်နော် ” ခုန်းတောက်မှာ အသံအောအောဖြင့် ပြောလိုက်၏။

ကျောက်ယမုန့်မှာမူ ပြုံးပြလိုက်ပြီး သူမ၏ မျက်ဝန်းများထဲ၌ မျှော်လင့်ချက်ရောင်ခြည်များ သန်းသွား၏။ ဝမ်ပေါင်လဲ့မှာ သူတို့နှစ်ယောက်စလုံးအား ကြည့်ကာ ပြုံးပြလိုက်ပြီးနောက် သူတို့၏ သော့များအားလုံးကို သိမ်းယူ၍ တည်ကြည်စွာဆိုလိုက်သည်။

” ခဏနေရင် အပြင်ဘက်မှာ ပြန်တွေ့ကြတာပေါ့ ” ဝမ်ပေါင်လဲ့မှာ ထိုသို့ဆိုကာ နောက်သို့လှည့်၍ လေပေါ်သို့ ပျံတက်သွားတော့သည်။ ထို့နောက် သူသည် အမြန်ဆုံးသော အရှိန်ဖြင့် ကြယ်ပျံတစ်လုံးအသွင် ပြောင်းလဲသွားပြီး ဒူဂူလင်းရှိနေသည့် မြောက်ဘက်ဆီသို့ ဦးတည်ပျံသန်းသွားလိုက်တော့သည်။

တစ်ချိန်ထဲမှာပင် ကျောက်တုံးများပေါ်၌ တရားထိုင်နေသော ဒူဂူလင်းမှာ ရုတ်တရက်ဆိုသလို မျက်လုံးများပွင့်လာ၏။ သူ၏ မျက်ဝန်းများထဲတွင် တိုက်ခိုက်လိုစိတ်များဖြင့် ပြည့်နှက်နေပြီး သူသည် တတွတ်တွတ် ရေရွတ်နေလိုက်တော့သည်။

” ကျိုးချူတောက်ကို အနိုင်ယူခဲ့တဲ့ကောင်… ငါ ငါ့ရဲ့ ဒုတိယမြောက် နတ်ဘုရားစွမ်းရည် ထုတ်သုံးရတဲ့အထိ မင်း ငါ့ကို ဖိအားပေးနိုင်မလားဆိုတာ ကြည့်ကြတာပေါ့ ” ဒူဂူလင်းမှာ ထိုသို့ရေရွတ်လိုက်ပြီးနောက် မတ်တတ်ထလာ၏။ ထို့နောက် သူသည်လည်း ရှေ့သို့တစ်လှမ်းလှမ်းကာ‌ လျှပ်စီးကဲ့သို့‌သော အမြန်နှုန်းမျိုးဖြင့် လေထဲသို့ ပျံတက်သွားလိုက်ပြီး ဝမ်ပေါင်လဲ့ဆီသို့ ဦးတည်ပျံသန်းသွားလိုက်တော့သည်။

မြောက်ဘက်နှင့် တောင်ဘက်မှနေ၍ ပျံသန်းလာနေကြသည့် သူတို့ နှစ်ယောက်မှာ အလွန်အင်မတန်မှ မြန်ဆန်လွန်းနေသောကြောင့် သူတို့နှစ်ယောက်ကြားရှိ အကွာဝေးမှာ ချက်ချင်းဆိုသလိုပင် လျော့နည်းသွား၏။ သူတို့နှစ်ယောက်၏ လှုပ်ရှားမှုကြောင့် အရည်အချင်းစမ်းသပ်ပွဲထဲရှိ သော့များကို ဆုံးရှုံးလိုက်ရပြီဖြစ်သော အခြားပြိုင်ပွဲဝင်များအားလုံးမှာ အလွန်အင်မတန်မှ အံ့သြတုန်လှုပ်သွားကြတော့သည်။ သူတို့မှာ အောင်မြင်နိုင်ခြင်းမရှိဘဲ ကျရှုံးသွားရမည်ဆိုလျှင်တောင် ကျယ်ပြန့်တာအိုနန်းတော်၏ ထိပ်သီးအဆင့်ကျင့်ကြံသူနှစ်ယောက်၏ တိုက်ပွဲကြီးအား မျက်ဝါးထင်ထင် ကြည့်ရှုခွင့်ရမည်ဆိုပါက ထိုသို့ကျရှုံးရသည်မှာ ထိုက်တန်မှုရှိကြောင်း မှတ်ယူထားကြသည်။

အထူးသဖြင့် ထိုတိုက်ပွဲကြီးမှာ ကျယ်ပြန့်တာအိုနန်းတော်၏ ဒေသခံကျင့်ကြံသူတစ်ယောက်နှင့် ပြည်ထောင်စုကြီးမှ ရောက်လာသည့် ကျင့်ကြံသူတစ်ယောက်၏ ပထမဆုံးတိုက်ပွဲ ဖြစ်နေသည်မဟုတ်ပါလော။

ထို့ကြောင့် သူတို့မှာ သူတို့၏ သံယောဇဉ်များကြောင့် ဒူဂူလင်း အနိုင်ရရှိရန် မျှော်လင့်နေကြသည်။ သို့သော်လည်း ဝမ်ပေါင်လဲ့မှာ အစွမ်းထက်လာပြီဖြစ်ကြောင်း လူတိုင်းက အသိအမှတ်ပြုထားကြပြီးဖြစ်သည်။ ထို့ကြောင့် သူတို့မှာ မည်သူမည်ဝါ အနိုင်ရလိမ့်မည်ဟု အတိအကျ မပြောနိုင်ဘဲ ဖြစ်နေရ၏။

မည်သို့ပင်ဆိုစေကာမူ လူအများစုမှာ ဒူဂူလင်း အနိုင်ရရှိရန် မျှော်လင့်နေကြဆဲပင်။

လူပေါင်းမြောက်မြားစွာ ထိုကဲ့သို့ ခံစားချက်များရှုပ်ထွေးနေကြပြီး ဝမ်ပေါင်လဲ့နှင့် ဒူဂူလင်းတို့ တဖြည်းဖြည်းနှင့် နီးကပ်လာကြစဉ် အရည်အချင်းစမ်းသပ်ပွဲထဲမှ အခြားကျင့်ကြံသူများမှာလည်း ရှေ့သို့ အရှိန်အဟုန်ဖြင့် ပြေးလာနေကြ၏။ သူတို့၏ ခရီးပန်းတိုင်မှာ သူတို့နှစ်ယောက်၏ ကြားရှိ နေရာပင်ဖြစ်သည်။

ဝမ်ပေါင်လဲ့နှင့် ဒူဂူလင်းတို့၏ ပြိုင်ပွဲကြီး စတင်တော့မည်ဖြစ်ပြီး အခြားပြိုင်ပွဲဝင်များ စုဝေးနေကြစဉ်တွင် ပြင်ပကမ္ဘာထဲရှိ ပြည်သူ့ရင်ပြင်ကြီးမှာလည်း ဆွေးနွေးငြင်းခုံသံများဖြင့် ပို၍ပင် ဆူညံပွက်လောရိုက်လာပြီဖြစ်သည်။ လူတိုင်းမှာ အာရုံအပြည့်စိုက်ကာ ကောင်းကင်ယံထဲရှိ ဝမ်ပေါင်လဲ့နှင့် ဒူဂူလင်းတို့၏ စိတ်လှုပ်ရှားစရာကောင်းသော ပုံရိပ်များကို စိုက်ကြည့်နေကြတော့သည်။

သူတို့နှစ်ယောက်မှာ အလွန်အင်မတန်မှ လျင်မြန်စွာ ရွေ့လျားနေကြသောကြောင့် မိုးခြိမ်းသံများပင် ထွက်ပေါ်လာ၏။ သူတို့၏ အမြန်နှုန်းကြောင့် ဟင်းလင်းပြင်ကြီးထဲတွင် အက်ကွက်ကြောင်းကြီးတစ်ခု ပေါ်ပေါက်လာတော့သည်။

ထို့အပြင် သူတို့မှာရှေ့သို့ အရှိန်အဟုန်ဖြင့် ပြေးလွှားပျံသန်းနေကြရင်း သူတို့၏ အငွေ့အသက်များမှာလည်း တဖြည်းဖြည်းနှင့်ပို၍ အားကောင်းလာကြ၏။

” သူတို့နှစ်ယောက်စလုံး စွမ်းအင်တွေ စုဆောင်းနေကြပြီဟေ့ ”

” ဒူဂူလင်းက သူ့ရဲ့ အရင်တိုက်ပွဲနှစ်ခုအတွက် မန္တန်တစ်ခုကိုပဲ အသုံးပြုခဲ့တာ။ အဲဒီ တစ်ချက်တည်းနဲ့တင် သူက ဘယ်လောက်အထိ ကြောက်ဖို့ကောင်းလဲဆိုတာကို သိနိုင်တယ်။ ဝမ်ပေါင်လဲ့ ကျိုးချူတောက်ကို အနိုင်တိုက်ဖို့သုံးခဲ့တဲ့ သွေးရောင်ချပ်ဝတ်တန်ဆာကြီးကလည်း အံ့သြဖို့တော့ကောင်းတယ်ကွ ”

” တကယ်လို့ ဝမ်ပေါင်လဲ့ရဲ့ သွေးရောင်ချပ်ဝတ်တန်ဆာကြီးကသာ အချိန်အကြာကြီးခံမယ်ဆိုရင် ဒီ အရည်အချင်းစမ်းသပ်ပွဲရဲ့ ရလဒ်ကို အတိအကျ ခန့်မှန်းဖို့ မဖြစ်နိုင်ဘူး။ ဒါပေမဲ့ သူသာ အဲဒီ သွေးရောင်ချပ်ဝတ်တန်ဆာကို အချိန်အကြာကြီး ထိန်းမထားနိုင်ဘူးဆိုရင်တော့ ဒူဂူလင်း သေချာပေါက်အနိုင်ရသွားမှာ ”

ပြည်သူ့ရင်ပြင်ထဲမှ ဂိုဏ်းသားများအားလုံး ထိုကဲ့သို့ ဆွေးနွေးငြင်းခုံနေကြစဉ် ပြည်ထောင်စုပျိုးပင်များမှာလည်း အလွန်အင်မတန်မှ စိုးထိတ်နေကြ၏။ သူတို့မှာ စိတ်လှုပ်ရှားနေကြသလို ဝမ်ပေါင်လဲ့အတွက်လည်း စိတ်ပူနေကြသည်။ ကျယ်ပြန့်တာအိုနန်းတော်ထဲရှိ ယွမ်ယင်အဆင့် ကျင့်ကြံသူများပင်လျှင် အမူအရာတည်ကြည်နေကြသည်။ ဝမ်ပေါင်လဲ့ဖြစ်စေ၊ ဒူဂူလင်းဖြစ်စေ သူတို့နှစ်ယောက်စလုံးမှာ ယွမ်ယင်အဆင့် ကျင့်ကြံသူတစ်ယောက်နှင့် အတိုင်းအတာတစ်ခုအထိ ဆင်တူသော တိုက်ရည်ခိုက်ရည် စွမ်းအားများကို ထုတ်ပြထားပြီးသား မဟုတ်ပါလော။

ထို့အပြင် ကျယ်ပြန့်တာအိုနန်းတော်ထဲမှ အမြုတေအဆင့် ဂိုဏ်းသားများမှာ သူတို့၏ အတွေ့အကြုံများကို မယှဥ်နိုင်ကြပေ။ ထို့ကြောင့် သူတို့မှာ သူတို့နှစ်ယောက် တိုက်ခိုက်ရန်ပြင်နေကြသည်ကို မြင်လိုက်ရသောအခါ စိတ်ထဲ၌ ကောက်ချက်ချလိုက်ကြတော့သည်။

” ဝမ်ပေါင်လဲ့ ရှုံးမှာပဲ ”

” ဘာလို့ ရှုံးမှာလဲတော့ သူက အလယ်အလတ် အမြုတေအဆင့်မှာပဲ ရှိနေသေးပေမယ့် ဒူဂူလင်းက အမြုတေထိပ်ဆုံးအဆင့်ကို ရောက်နေလို့ပဲကွ ”

” ကိုယ်နဲ့ အဆင့်မတူတဲ့ ရန်သူတစ်ယောက်နဲ့ရင်ဆိုင်ရရင် ကိုယ့်ရဲ့ တိုက်ရည်ခိုက်ရည်စွမ်းအား အရေးပါတယ်။ တကယ်လို့ တိုက်ရည်ခိုက်ရည် အတူတူပဲဆိုရင် ဘယ်လောက်ထိ သက်လုံကောင်းသလဲဆိုတဲ့အချက်ပေါ် မူတည်တယ်ကွ ” ယွမ်ယင်အဆင့် ကျင့်ကြံသူများ ထိုကဲ့သို့ ကောက်ချက်ချနေကြစဉ် ဖုန့်ချိုးရန်မှာ အသက်ပြင်းပြင်းရှူလိုက်ပြီး မြဲ့လျဲ့ကျိအား လှမ်းကြည့်ကာ ဆိုလိုက်၏။

” မြဲ့လျဲ့ကျိ။ ဒီအဆင့်ထိ ရောက်လာပြီဆိုတော့ တိုက်ပွဲကြီးကို အဆုံးသတ်ဖို့ အချိန်ကျပြီ ”

” စည်းမျဉ်းတွေအတိုင်းဆိုရင် တည်နေရာပြောင်းရွှေ့ခြင်းဖြစ်စဉ် ပြီးတဲ့အထိ စောင့်ပြီးမှ ဆုံးဖြတ်ချက်ချလို့ရမှာလေ။ တစ်နာရီတိတိ ကျန်ပါသေးတယ်။ အကြီးအကဲ ချိုးရန်က လောလွန်းနေပြန်ပြီ ” မြဲ့လျဲ့ကျိမှာ တည်ကြည်မှုအပြည့်ရှိသော လေသံဖြင့် သူမ၏အကြံပြုချက်အား ငြင်းဆန်လိုက်၏။

ထိုအခါ ဖုန့်ချိုးရန်မှာ မျက်လုံးများမှေးသွားပြီး စကားပြောရန် ပြင်လိုက်စဉ်မှာပင် တာအိုဘုန်းတော်ကြီး ယိုရန်က ရုတ်တရက် ဆိုလိုက်၏။

” အကြီးအကဲ ချိုးရန်။ တစ်နာရီတည်းပါ။ ငါလည်း သူတို့နှစ်ယောက်ထဲက ဘယ်သူ အနိုင်ရမလဲဆိုတာ သိချင်နေလို့။ ပြီးရင် ဒီတိုက်ပွဲကြီးကို အခု ရပ်လိုက်မယ်ဆိုရင် သူတို့နှစ်ယောက်တင်မကဘဲ ဂိုဏ်းသားတွေအားလုံးကပါ သဘောတူကြမှာ မဟုတ်ဘူးနော် ”

ထိုအခါ ဖုန့်ချိုးရန်မှာ သူမ၏ ဘေးဘီဝဲယာရှိ ဂိုဏ်းသားများအား‌ ဝေ့ဝိုက်ကြည့်ရှုလိုက်သောအခါ သူတို့၏ မျက်ဝန်းများထဲတွင် မျှော်လင့်ချက်ရောင်ခြည်များ သန်းနေသည်ကို မြင်လိုက်ရသည်။ ထို့နောက် ဖန်သားပြင်ပေါ်ရှိ ဝမ်ပေါင်လဲ့နှင့် ဒူဂူလင်းတို့အား လှမ်းကြည့်လိုက်သောအခါတွင်လည်း သူတို့မှာ တိုက်ခိုက်လိုစိတ်များ ပြင်းပြနေကြသည်ကို တွေ့လိုက်ရ၏။ ထို့ကြောင့် သူမသည် နှုတ်ဆိတ်သွားရတော့သည်။

ဖုန့်ချိုးရန် နှုတ်ဆိတ်သွားသောအခါ ပွဲကြည့်ပရိသတ်များမှာ အရည်အချင်းစမ်းသပ်ပွဲအား အာရုံပြန်စိုက်လိုက်ကြ၏။ ငါးမိနစ်ခန့် ကုန်ဆုံးသွားပြီးနောက် အရည်အချင်းစမ်းသပ်ပွဲထဲရှိ ညကောင်းကင်မြေပုံပေါ်တွင် မြောက်ဘက်နှင့် တောင်ဘက်မှနေ၍ အလယ်သို့ တဖြည်းဖြည်းနှင့် ချဉ်းကပ်လာနေကြသည့် ကြယ်နှစ်လုံးမှာ ထိပ်တိုက်ရင်ဆိုင်တွေ့သွားတော့သည်။

တိုက်ဆိုင်မှုကြောင့်လား၊ ကြိုတင်ကြံစည်ထားမှုကြောင့်လားတော့မသိပေ။ သူတို့နှစ်ယောက်ဆုံတွေ့သည့် နေရာမှာ တောင်ထိပ်နှစ်ခုရှိသော တောင်တစ်လုံးပေါ်၌ ဖြစ်နေကြ၏။

ထိုအချိန်တွင် အုန်းခနဲ မြည်သံကြီးတစ်သံ ထွက်ပေါ်လာကာ ဝမ်ပေါင်လဲ့မှာ ညာဘက်တောင်ထိပ်ပေါ်တွင် ပေါ်ပေါက်လာပြီး ဒူဂူလင်းမှာ ဘယ်ဘက်တောင်ထိပ်ပေါ်တွင် ပေါ်ပေါက်လာ၏။ သူသည် ထိုတောင်ထိပ်ပေါ်တွင် နတ်ဘုရားတစ်ပါးကဲ့သို့ မတ်တတ်ရပ်ရင်း သူနှင့် ပေတစ်ထောင်အကွာတွင်ရှိနေသော ဝမ်ပေါင်လဲ့အား အရောင်တလက်လက် တောက်ပနေသည့် မျက်ဝန်းများဖြင့် စိုက်ကြည့်နေလိုက်တော့သည်။

” ဝမ်ပေါင်လဲ့ ”

ဝမ်ပေါင်လဲ့မှာလည်း သူ့အား လှမ်းကြည့်လိုက်သဖြင့် သူတို့နှစ်ယောက်မှာ အကြည့်ချင်းဆုံသွားကြ၏။ ထိုအချိန်တွင် သူတို့နှစ်ယောက်၏ ပတ်ပတ်လည်၌ ပေါက်ကွဲသံကြီးတစ်သံ ထွက်ပေါ်လာပြီး အရပ်မျက်နှာအနှံ့သို့ ပဲ့တင်ထပ်သွားတော့သည်။

” ဒူဂူလင်း “

Comment

Leave a Reply

Options

not work with dark mode
Reset