Switch Mode

အခန်း (၅၇၃)

လက်စသတ်ခြင်း

ဝမ်ပေါင်လဲ့တစ်ယောက် စကားပြောရန်ပြင်လိုက်စဉ်မှာပင် ညကောင်းကင်မြေပုံပေါ်၌ ဒူဂူလင်းအား ကိုယ်စားပြုသောကြယ်မှာ ရုတ်တရက် ရွေ့လျားသွား၏။

သူသည် ရှုမင်ဆီသို့ ပြေးသွားခဲ့စဉ်တုန်းကထက် အများကြီးပို၍ မြန်ဆန်နေ၏။ သူသည် ဖုန့်ချိုးရန်၏ နောက်ဆုံး တပည့်ရင်းဖြစ်သော လုယွင်ဆီသို့ ဦးတည်သွားနေခြင်းဖြစ်သည်။

သူတို့နှစ်ယောက်၏ ကြားမှအကွာဝေးမှာ အဝေးကြီး မဟုတ်ပေ။ သို့သော် ဒူဂူလင်းမှာ အလွန်အင်မတန်မှ လျင်မြန်စွာ ပြေးလွှားနေသောကြောင့် အပြင်ဘက်မှ ပွဲကြည့်ပရိသတ်များပင်လျှင် အံ့အားသင့်သွားရသည်။ ဒူဂူလင်းတစ်ယောက် လမ်းတစ်လျှောက်၌ ဘေးမှဖြတ်ပြေးသွားသည့် လူများမှာလည်း နားထဲတွင် မိုးခြိမ်းသံများ ကြားလိုက်ရပြီးနောက် ဒူဂူလင်း၏ လူရိပ်ကြီး ရှေ့သို့ပြေးထွက်သွားသည်ကို မြင်လိုက်ရသဖြင့် အံ့ဩတုန်လှုပ်သွားကြ၏။

” ဒူဂူလင်းကတော့ နောက်ထပ်တစ်ကြိမ် ထပ်ပြီးတော့ တိုက်ခိုက်နေပြီဟေ့ ”

ဝမ်ပေါင်လဲ့မှာ ခေါင်းမော့ကာ ညကောင်းကင်မြေပုံကြီးအား ကြည့်နေပြီး ကျောက်ယမုန့်နှင့် ခုန်းတောက်တို့မှာလည်း ထိုနည်းတူပင်။ ညကောင်းကင်မြေပုံပေါ်တွင် လုယွင်အား ကိုယ်စားပြုသည့် ကြယ်မှာ ဖြည်းဖြည်းချင်း ရွေ့လျားနေရာမှ ရုတ်တရက်ဆိုသလို ရပ်တန့်သွားသည်ကို သူတို့က မြင်လိုက်ရသည်။ ထို့နောက် သူသည် တစ်ခဏမျှ စဉ်းစားတွေးတောလိုက်ပြီး ဆုံးဖြတ်ချက်ချပြီးသွားသည့်ပုံဖြင့် လမ်းကြောင်းပြောင်း၍ ဒူဂူလင်း ပြေးလာနေသည့်ဘက်သို့ ဦးတည်သွားတော့သည်။

သူသည် ထွက်ပြေးတိမ်းရှောင်ရန် ကြိုးစားနေခြင်းမဟုတ်ဘဲ ဒူဂူလင်းအား ထိပ်တိုက်ရင်ဆိုင်တော့မည်ဖြစ်သည်။

အရည်အချင်းစမ်းသပ်ပွဲထဲမှ ပြိုင်ပွဲဝင်များမှာ အသေးစိတ်အချက်အလက်များကို မသိနိုင်သောကြောင့် ညကောင်းကင်မြေပုံပေါ်ကိုသာကြည့်၍ ခန့်မှန်းနိုင်ကြ၏။ သို့သော် အပြင်ဘက်ရှိ ပွဲကြည့်ပရိသတ်များမှာမူ အရာအားလုံးကိုမြင်နေရသောကြောင့် အံ့ဩတုန်လှုပ်သွားကြ၏။

သူတို့မှာ ဒူဂူလင်းတစ်ယောက် ရှေ့သို့ပြေးလွှားနေသည့်မြင်းကွင်းနှင့် လုယွင်တစ်ယောက် လမ်းကြောင်းပြောင်းကာ တိုက်ခိုက်လိုစိတ်များ ပြည့်နှက်နေသည့် မျက်ဝန်းများဖြင့် ဒူဂူလင်းရှိရာသို့ ပြေးလာနေသည်မြင်ကွင်းကို မြင်နေရ၏။ သူတို့နှစ်ယောက်၏ ကြားမှ အကွာအဝေးမှာလည်း တဖြည်းဖြည်းနှင့် လျော့နည်းလာနေပြီဖြစ်သည်။

သူတို့မှာ တစ်ခုနှင့်တစ်ခု အရှိန်အဟုန်ပြင်းစွာ ဝင်တိုက်မိကြတော့မည့် ဥက္ကာပျံနှစ်ခုကဲ့သို့ပင်။

” ဟွမ်ယွင်ရှန်းက သူ့ရဲ့သော့‌တွေကို ဒီအတိုင်းပေးပစ်လို့ ဒူဂူလင်းက စိတ်တိုသွားပြီး အစောကြီး လှုပ်ရှားလိုက်တာပဲ ဖြစ်မယ် ”

” လုယွင်ဘက်က စပြီးတော့ တိုက်ခိုက်တာဟ ”

” ဒီပုံစံတိုင်းအဆိုရင် ဝမ်ပေါင်လဲ့ကတော့ ကံကောင်းပြီ။ သူ ဒီအတိုင်း ထိုင်စောင့်နေလိုက်ရုံနဲ့ ထိပ်ဆုံးသုံးယောက်ထဲကို ပါသွားတော့မှာ ”

အပြင်ဘက်မှ ဂိုဏ်းသားများ ဆူညံပွက်လော ရိုက်နေကြစဉ် မြဲ့လျဲ့ကျိမှာ စိတ်အေးလက်အေး ဖြစ်နေသည့်ပုံ ပေါ်ပါသော်လည်း အမူအရာများ တည်ကြည်နေဆဲပင်။ သို့သော် သူ၏မျက်ဝန်းများထဲတွင် မျှော်လင့်ချက်ရောင်ခြည်များ တောက်ပလာ၏။ ဝမ်ပေါင်လဲ့ကြောင့် ဤ အရည်အချင်းစမ်းသပ်ပွဲ၏ အခြေအနေများမှာ ပြောင်းလဲသွားရသည့်တိုင်အောင် သူ၏တပည့်ဖြစ်သူ ဒူဂူလင်းမှာ နံပါတ်တစ်နေရာကို ပိုင်ဆိုင်နိုင်လိမ့်မည်ဟု သူက ယုံကြည်နေဆဲပင်။

ဖုန့်ချိုးရန်မှာမူ သက်ပြင်းများချနေရပြီဖြစ်သည်။ ရှုမင်မှာ ပြိုင်ပွဲထဲမှ နုတ်ထွက်လိုက်ရပါသော်လည်း ပြည်သူ့ရင်ပြင်ထဲ၌ မနေခဲ့ပေ။ သူသည် ပြန်ရောက်လာသည်နှင့် တစ်ပြိုင်နက် သူ့ကိုယ်သူ အရှက်ရနေသည့် အမူအရာဖြင့် ချက်ချင်းပင် ထွက်ခွာသွားခဲ့သည်။

ယခုတွင် လုယွင်တစ်ယောက်သာလျှင် သူမ၏ တပည့်ရင်းအနေဖြင့် အရည်အချင်းစမ်းသပ်ပွဲထဲ၌ ကျန်ရစ်ခဲ့သည်ဖြစ်သည်။ ဟွမ်ယွင်ရှန်းမှာ အရှုံးပေးခဲ့သည်ဖြစ်ရာ ဤ အရည်အချင်းစမ်းသပ်ပွဲ၏ နောက်ဆုံးရလဒ်မှာ သေချာသလောက် ဖြစ်သွားပြီဖြစ်သည်။

အကယ်၍ အရာအားလုံး သူတို့ထင်မှတ်ထားသည့်အတိုင်းသာ ချောချောမွေ့မွေ့ ပြီးဆုံးသွားမည်ဆိုပါက ထိပ်ဆုံးသုံးယောက်မှာ ဒူဂူလင်း၊ ဝမ်ပေါင်လဲ့နှင့် လုယွင်တို့ ဖြစ်နေမည်မဟုတ်ပါလော။

သို့သော် ယခုတွင်မူ ဒူဂူလင်းမှာ သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် ပြေးထွက်သွားသည်ကို ကြည့်လျှင် သူ၏ ရည်မှန်းချက်မှာ ထိပ်ဆုံးသုံးယောက်ထဲသို့ ဝင်ရန်မဟုတ်ကြောင်း သိနိုင်ပေသည်။ သူသည် အဆင့်တစ်‌နေရာတစ်ခုတည်း ကျန်ရစ်ခဲ့အောင် ကြိုးစားနေခြင်းဖြစ်သည်။

” ဒူဂူလင်း ” ဖုန့်ချိုးရန်မှာ မျက်စိမျက်နှာပျက်သွားပြီး တာအိုဘုန်းတော်ကြီး ယိုရန်အား လှမ်းကြည့်လိုက်၏။ သို့သော် သူသည် မျက်လုံးများမှိတ်ထားဆဲဖြစ်ပြီး သူ၏ တပည့်ရင်း ရှုံးနိမ့်သွားခဲ့သည့်တိုင်အောင် သက်ပြင်းသာချကာ မလှုပ်မယှက် ငြိမ်သက်နေသည်ဖြစ်ကြောင်း သူမက မြင်လိုက်ရ၏။

ထို့ကြောင့် ဖုန့်ချိုးရန်မှာ နှုတ်ဆိတ်သွားရပြီး နှလုံးသားထဲ၌ ခံစားချက်မျိုးစုံ ပေါ်ပေါက်လာတော့သည်။ သူမသည် သူမ၏ တပည့်ရင်းနှစ်ယောက်စလုံးကို အများကြီးမျှော်လင့်ထားခဲ့ပါသော်လည်း ရှုမင်မှာ ရှုံးနိမ့်သွားခဲ့ပြီမဟုတ်ပါလော။ လုယွင်မှာ အစွမ်းထက်ပါသော်လည်း ဒူဂူလင်း၏ ရက်စက်ကြမ်းကြုတ်မှုများကို ယှဉ်နိုင်မည် မဟုတ်ပေ။ ထို့အပြင် ဒူဂူလင်းမှာ အားအကုန် မထုတ်သေးဘဲ လျှိုထားဆဲဖြစ်ကြောင်း သူမက အာရုံခံမိနေ၏။

သို့ဖြစ်ရာ လုယွင်မှာ မလွဲမသွေ ရှုံးနိမ့်သွားရမည်သာ ဖြစ်သည်။

သို့သော် အစပိုင်းတုန်းက သူမ အထင်မကြီးခဲ့သော ဝမ်ပေါင်လဲ့မှာ ရုတ်တရက်ဆိုသလို နာမည်ရလာသည် မဟုတ်‌ပါလော။ သူ ကျိုးချူတောက်နှင့် တိုက်ခိုက်ခဲ့စဉ်တုန်းက ထုတ်လွှတ်ခဲ့သည့် နောက်ဆုံး နတ်ဘုရားဧကရာဇ် ချပ်ဝန်တန်ဆာ လက်သီးချက်ကြီးကြောင့် ဤ အရည်အချင်းစမ်းသပ်ပွဲမှာ ဒူဂူလင်းနှင့် ဝမ်ပေါင်လဲ့တို့၏ အားပြိုင်မှုအဖြစ် ပြောင်းလဲသွားသကဲ့သို့ပင်။ အကယ်၍ ဒူဂူလင်းသာ အနိုင်ရရှိသွားမည်ဆိုပါက အနာဂတ်တွင် သူသည် ကျယ်ပြန့်တာအိုနန်းတော်ဂိုဏ်းသားများကို ဦးဆောင်ကာ မြဲ့လျဲ့ကျိနှင့်အတူ တန်ခိုးအာဏာကြီးထွားလာတော့မည်ဖြစ်သည်။

အလားတူပင် ဝမ်ပေါင်လဲ့သာ အနိုင်ရရှိသွားမည်ဆိုပါက ကျယ်ပြန့်တာအိုနန်းတော်ထဲရှိ သူ၏ ရာထူးအဆင့်အတန်းနှင့် ဂုဏ်သိက္ခာများမှာ ပြောင်းလဲသွားမည်ဖြစ်သည်။ အခြားပြည်ထောင်စုပျိုးပင်များလည်း ခေါင်းမော့လာနိုင်ကြမည်ဖြစ်သလို ကျယ်ပြန့်တာအိုနန်းတော်ထဲတွင်လည်း သူတို့အား အနိုင်ကျင့်ရဲကြမည့်လူများမှာ မရှိသလောက် နည်းပါးသွားမည်သာဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ပြည်ထောင်စုကြီးမှာ တပည့်ရင်းတစ်ယောက်ကို ပိုင်ဆိုင်သွားရုံသာမက ယွမ်ယင်အဆင့်အောက်တွင် အစွမ်းအထက်ဆုံးဖြစ်ပြီး ကျယ်ပြန့်တာအိုနန်းတော် ဂိုဏ်းသားများကိုပင် ဖိနှိပ်ချုပ်တည်းနိုင်စွမ်းရှိသည့် ကျင့်ကြံသူတစ်ယောက်ကိုပါ ပိုင်ဆိုင်ထားသလို ဖြစ်နေမည် မဟုတ်ပါလော။

လူတိုင်းမှာ ထိုကဲ့သို့ ခံစားချက်မျိုးစုံဖြင့် ဗြောင်းဆန်နေကြစဉ် ဒူဂူလင်းနှင့် လုယွင်တို့မှာ တဖြည်းဖြည်းနှင့် ပို၍ မြန်ဆန်လာကြ၏။ နာရီဝက်တိတိ ကုန်ဆုံးသွားပြီးနောက် သူတို့မှာ အရည်အချင်းစမ်းသပ်ပွဲ ကျင်းပရာ ကမ္ဘာကြီး၏ အလယ်ပိုင်းဒေသအနီးသို့ ရောက်ရှိလာကြသည်။ ထို့နောက် သူတို့နှစ်ယောက်၏ တိုက်ပွဲကြီးကြောင့် ပေါက်ကွဲသံအကျယ်ကြီးတစ်သံ ထွက်ပေါ်လာတော့သည်။

လုယွင်မှာ တိုက်ခိုက်လိုစိတ်အပြည့်ဖြင့် သူကိုယ်တိုင် ရောက်ရှိလာခဲ့သောကြောင့်လားတော့မသိပေ။ ဒူဂူလင်းမှာ ရှုမင်အား တိုက်ခိုက်ခဲ့စဉ်တုန်းကနှင့် မတူဘဲ သူ၏ တိုက်ကွက်များမှာ ပို၍ပင် အသက်ပါနေ၏။ သူ မန္တန်လက်ကွက်များ ဖော်လိုက်သောအခါ သူ၏ ရက်စက်ကြမ်းကြုတ်မှု အငွေ့အသက်များမှာ ပို၍ပင်အားကောင်းလာပြီး သူ၏နောက်တွင် အနက်ရောင် နဂါးကိုးကောင်တိတိ ပေါ်ထွက်လာ၏။ ၎င်းတို့မှာ အသံကုန်အော်ဟစ်မြည်တမ်းကာ လုယွင်ဆီသို့ အရှိန်အဟုန်ဖြင့် ဦးတည်လာကြတော့သည်။

အရည်အချင်းစမ်းသပ်ပွဲထဲတွင် ရှိနေကြသည့် လူအများစုမှာ ထိုအချင်းအရာများကို မမြင်နိုင်ကြပေ။ ထိုနေရာအနီးတွင်ရှိနေသော ပြိုင်ပွဲဝင်များသာလျှင် ခပ်လှမ်းလှမ်းမှနေ၍ ထိုတိုက်ပွဲကြီးအား ကြည့်ရှုနေကြ၏။ သို့သော် အပြင်ဘက်ရှိ ကျယ်ပြန့်တာအိုနန်းတော် ဂိုဏ်းသားများမှာမူ အရာအားလုံးကို ရှင်းလင်းပြတ်သားစွာ မြင်နေရသည်။

သို့သော် သူတို့မှာ ထိုကဲ့သို့ ပို၍ရှင်းလင်းပြတ်သားစွာ မြင်ရလေလေ ပို၍ အံ့ဩတုန်လှုပ်သွားရလေလေ ဖြစ်နေကြ၏။ တပည့်ရင်းတစ်ယောက်ဖြစ်သူ လုယွင်မှာ သူ၏ သက်တူရွယ်တူများအားလုံးထက် သာလွန်ပြီး အမြုတေအဆင့်ရှိ မည်သူ့ကိုမဆို ချေမှုန်းပစ်နိုင်စွမ်းရှိသော လူတစ်ယောက်ဖြစ်သည်။ သို့သော် သူသည် ဒူဂူလင်းကိုမူ လုံးဝမယှဉ်ဘဲ ဖိနှိပ်ချုပ်တည်းခံလိုက်ရ၏။

ဒူဂူလင်းမှာ နဂါးများထုတ်လွှတ်ကာ လုယွင်အား ဝန်းရံသွားစေလိုက်ပြီးနောက် တိုက်ပွဲအစမှအဆုံးအထိ သူ၏ လက်သီးများကိုသာ အသုံးပြုခဲ့၏။ ရှုမင်နှင့် တိုက်ခိုက်ခဲ့စဉ်တုန်းကအတိုင်းပင်။ သူသည် အခြားမည်သည့်မန္တန်ကိုမှ အသုံးပြုခဲ့ခြင်းမရှိဘဲ လက်သီးချက်များကိုသာ ထုတ်လွှတ်ခဲ့ခြင်းဖြစ်သည်။ ထိုလက်သီးချက်များနှင့်တင် လုယွင်မှာ နာကြည်းစွာ အော်ဟစ်မြည်တမ်းနေခဲ့ရ၏။ သူသည် ထိုလက်သီးချက်များကြောင့် မြေကြီးပေါ်သို့ ပြုတ်ကျသွားသည့်တိုင်အောင် ရှေ့သို့ ပြေးထွက်လာနေဆဲပင်။

ကျယ်ပြန့်တာအိုနန်းတော် ဂိုဏ်းသားများမှာ ထိုမြင်ကွင်းအားကြည့်ရင်း နှုတ်ဆိတ်သွားကြ၏။ သူတို့မှာ ခပ်လှမ်းလှမ်းတွင် ဒဏ်ရာအပြင်းအထန်ရထားသည့် ရှုမင်တစ်ယောက် အစေခံများကို မှီကာ ရောက်လာသည်ကိုပင် သတိမထားမိလိုက်ပေ။ ရှုမင်မှာ တိုက်ပွဲထဲမှ လူနှစ်ယောက်အားကြည့်ရင်း သူ့ကိုယ်သူ ပြန်မြင်နေသည့်အမူအရာဖြင့် နှုတ်ဆိတ်နေ၏။

လုယွင်တစ်ယောက် ရှုမင်ကဲ့သို့ သနားစရာကောင်းသည့် အခြေအနေသို့ ရောက်သွားချိန်တွင် ဒူဂူလင်းမှာ လေထဲတွင် ရစ်ဝဲနေရင်း ရှုမင်နှင့်တုန်းကအတိုင်း သတိပေးလိုက်၏။ သို့သော် လုယွင်မှာ နာကြည်းစွာ ရယ်မောလိုက်ပြီး အရှုံးပေးခြင်းမရှိဘဲ ရူးသွပ်နေသော မျက်ဝန်းများဖြင့် ရှေ့သို့ ပြေးထွက်လာ၏။

ရှုမင်မှာ လုယွင်အားကြည့်ရင်း တစ်ကိုယ်လုံး တုန်ရီသွားရသည်။ လုယွင်မှာ သူ မလုပ်ရဲခဲ့သည့် လုပ်ရပ်ကြီးတစ်ခုကို လုပ်လိုက်သည် မဟုတ်ပါလော။

ထို့ကြောင့် ရှုမင်မှာ နှုတ်ဆိတ်သွားပြီး နာကြည်းမှုအပြည့်ဖြင့် မျက်လုံးများ မှိတ်ထားလိုက်တော့သည်။

လုယွင်နှင့် ဒူဂူလင်းတို့၏ကြားမှ တိုက်ပွဲကြီးမှာ ပြီးဆုံးသွားပြီဖြစ်သည်။ ဒူဂူလင်းမှာ လုယွင်၏ ကြိုးစားအားထုတ်မှုအား အသိအမှတ်ပြုခဲ့သောကြောင့်လားတော့ မသိပေ။ သူသည် သူ၏ နောက်ဆုံးလက်သီးချက်အား ထုတ်သုံးခဲ့ခြင်းမရှိဘဲ လုယွင်အား လေပေါ်မှ အောက်သို့ ပြုတ်ကျသွားအောင်သာ လုပ်လိုက်ပြီးနောက် သူ သတိလစ်သွားချိန်တွင် ဆက်လက် မတိုက်ခိုက်ခဲ့ပေ။

ထိုတိုက်ပွဲကြီးပြီးသွားသောအခါ ပြည်သူ့ရင်ပြင်ကြီးမှာ တစ်ခဏမျှ တိတ်ဆိတ်ငြိမ်သက်သွား၏။ ခဏအကြာတွင် မြဲ့လျဲ့ကျိ၏ အဖွဲ့အစည်းဘက်မှ ကျေနပ်အားရနေသည့် စကားသံများ ထွက်ပေါ်လာတော့သည်။ ဖုန့်ချိုးရန်နှင့် တာအိုဘုန်းတော်ကြီးယိုရန်တို့၏ အဖွဲ့အစည်းမှာမူ တိတ်ဆိတ်နေကြ၏။ သူတို့မှာ အံ့ဩတုန်လှုပ်နေကြပြီး နှလုံးသားထဲ၌ ခံစားချက်မျိုးစုံဖြင့် ယောက်ယက်ခတ်နေကြပြီဖြစ်သည်။

ဒူဂူလင်းမှာ အခြားမည်သူ့ထက်မဆို အစွမ်းပိုထက်နေသည်မှာ သိသာထင်ရှားပေသည်။ သူသည် ရှုမင်နှင့် လုယွင်တို့အား တိုက်ခိုက်ခဲ့စဉ်တုန်းက အစမှအဆုံးအထိ ဒုတိယမြောက် မန္တန်ကိုပင် ထုတ်သုံးခဲ့ခြင်းမရှိပေ။ သူသည် သူ၏ လက်သီးချက်များနှင့် နဂါးကိုးကောင်ကိုသာ အသုံးပြု၍ သူတို့အား အနိုင်ယူခဲ့ခြင်းဖြစ်သည်။

ပွဲကြည့်ပရိသတ်အားလုံး အံ့ဩတုန်လှုပ်နေကြစဉ် အရည်အချင်းစမ်းသပ်ပွဲထဲမှ ပြိုင်ပွဲဝင်များမှာမူ နှုတ်ဆိတ်သွားကြ၏။ တောင်ထိပ်ပေါ်တွင် အနားယူနေကြသော ဝမ်ပေါင်လဲ့နှင့် အပေါင်းအပါများပင်လျှင် အမူအရာများ တည်ကြည်သွားကြသည်။

” ဒီ ဒူဂူလင်းဆိုတဲ့ကောင်က တော်တော်လေးကိုအစွမ်းထက်တာပဲ ” ခုန်းတောက်မှာ အသက်ပြင်းပြင်းရှူကာ ဆိုလိုက်၏။

” ပေါင်လဲ့။ နင် နင့်ကိုယ်နင် ယုံကြည်မှုရှိလား ” ကျောက်ယမုန့်မှာ ဝမ်ပေါင်လဲ့ဘက်သို့ လှည့်လာပြီး စိုးရိမ်နေသည်မျက်ဝန်းများဖြင့် သူ့အားကြည့်ကာ မေးလိုက်၏။

” တိုက်ပွဲပြီးရင် အဖြေသိရမှာပေါ့ ” ဝမ်ပေါင်လဲ့မှာ ထိုသို့ပြန်ဖြေလိုက်ပြီးနောက် မျက်လုံးများမှိတ်ကာ တရားထိုင်နေလိုက်တော့သည်။ သူသည် အဆင်သင့်ဖြစ်နေအောင် ပြင်ဆင်ထားပြီဖြစ်သည်။ အကယ်၍ ဒူဂူလင်းသာ သူ့ဆီသို့ ရောက်လာခြင်းမရှိပါက သူကိုယ်တိုင် သူ့အား သွားရှာလိုက်မည်သာဖြစ်သည်။

သူတို့နှစ်ယောက်၏ တိုက်ပွဲကြီးမှာ ဤ အရည်အချင်းစမ်းသပ်ပွဲ၏ အဆုံးသတ် ဖြစ်နေရုံသာမက စိတ်ဝင်စားစရာအကောင်းဆုံး အခိုက်အတန့်လည်း ဖြစ်နေမည်ဖြစ်သည်။

ဒူဂူလင်းမှာ အဆင့်တစ်နေရာတစ်ခုတည်း ကျန်ရစ်နေခဲ့သည်ကို လိုလားခြင်းဖြစ်သလို ဝမ်ပေါင်လဲ့မှာလည်း ထိုနည်းတူပင်။

ထိုသို့ဖြင့် အချိန်များကုန်ဆုံးသွားပြီး ဒုတိယမြောက် တည်နေရာပြောင်းရွှေ့ခြင်းဖြစ်စဉ် စတင်ရန် ငါးနာရီပင် မလိုတော့ပေ။ ထိုအချိန်တွင် ပြည်သူ့ရင်ပြင်ကြီးမှာ အုတ်အော်သောင်းနင်းဖြစ်သွားပြန်သည်။

ထိုသို့ဖြစ်သွားရသည်မှာ ဒူဂူလင်းကြောင့် ဖြစ်နေဆဲပင်။ သူသည် လုယွင်အား အနိုင်ယူခဲ့ပြီးနောက် သော့အချောင်းရေ တစ်ရာကျော် စုစည်းနိုင်ခဲ့၏။ သို့သော်လည်း သူသည် ရပ်တန့်သွားခဲ့ခြင်းမရှိပေ။

သူသည် ဖုန့်ချိုးရန်၏ တပည့်များအား လိုက်လံရှင်းလင်းနေခြင်း ဖြစ်ပေသည်။

ထို့ကြောင့် ခဏအကြာတွင် အရည်အချင်းစမ်းသပ်ပွဲထဲ၌ ရုန်းကန်နေရဆဲဖြစ်သည့် ဖုန့်ချိုးရန်၏ တပည့်များမှာ ရှုံ့မဲ့မဲ့နှင့် ရယ်မောကာ သူတို့၏ သော့များအား ထုတ်ပေးလိုက်ရုံမှတစ်ပါး အခြားရွေးချယ်စရာမရှိတော့ပေ။ သူတို့မှာ သော့မရှိတော့သည့် ပြိုင်ပွဲဝင်များအဖြစ်သို့ ရောက်ရှိသွားကြပြီး ညကောင်းကင်မြေပုံကြီးအား မော့ကြည်နေကြတော့သည်။ ဒူဂူလင်း၏ သော့အရေအတွက်များမှာ တဖြည်းဖြည်းနှင့် များများလာပြီး ဟိုတစ်စ သည်တစ်စ ပြန့်ကျဲနေကြသည့် သော့များမှာမူ မှေးမှိန်ပျောက်ကွယ်သွားကြပြီ ဖြစ်သည်။

အပြင်ဘက်တွင်ရှိနေကြသည့် ကျင့်ကြံသူများမှာ ထိုအချင်းအရာများကို သတိထားမိလိုက်ကြ၏။ သူတို့မှာ အံ့ဩတုန်လှုပ်သွားကြသည််တိုင်အောင် နောက်ဆုံးတွင် အင်အားကြီးသူများကသာ အနိုင်ရစတမ်းဖြစ်ကြောင်း နားလည်သွားကြတော့သည်။

Comment

Leave a Reply

Options

not work with dark mode
Reset