Switch Mode

စာစဉ်(၇) အပိုင်း(၈၇)

သတ်ဖြတ်ခြင်း

“တိုက်စားခြင်း…”

ဇူယွမ်တစ်ယောက် ကောင်းကင်ယွမ်စုတ်တံပေါ်ရှိ ဒုတိယမှော်စာလုံးကို စိုက်ကြည့်လိုက်ပြီး တီးတိုးရေရွတ်လိုက်မိသည်။ ထို့နောက်မှာ သူကရယ်မောလိုက်ပြီး… “ကောင်းကင်ယွမ်စုတ်တံက ငါထင်ထားခဲ့သလိုပဲ တကယ့်ကိုအထင်ကြီးလောက်စရာပဲ…”

သူ့အနေနဲ့ ကောင်းကင်ယွမ်စုတ်တံရဲ့ ပထမမှော်စာလုံးကို လပေါင်းများစွာအကြာတည်းက အသက်သွင်းနိုင်ခဲ့ခြင်းဖြစ်သည်။ အဲ့ဒီနောက်ပိုင်းအချိန်တွေမှာ ဇူယွမ်က ၎င်းကိုမှော်သားရဲဝိညာဉ်တွေဖြင့် အင်အားပြန်လည်ဖြည့်တင်းခြင်းကို မရပ်တန့်ခဲ့ပေ။ ဒါတောင်မှပင် ကောင်းကင်ယွမ်စုတ်တံ၏ဒုတိယမှော်စာလုံးက အဆိပ်ရေအိုင်အတွင်းဝင်ရောက်ခဲ့ပြီး ဆယ့်ငါးရက်အကြာမှသာ နိုးထလာခဲ့ရသည်။

နိုးထလာသည့်မှော်စာလုံးကို ‘တိုက်စားခြင်း’လို့ခေါ်ပေသည်။

ချီဟောင်ရဲ့မျက်နှာထက်မှာ အကြောက်တရားတို့ဖြင့် ပြည့်နှက်နေခဲ့ရပြီး သူကမယုံကြည်နိုင်စွာဖြင့် အော်ဟစ်လိုက်သည်… “မင်းငါ့ကိုဘာလုပ်ခဲ့တာလဲ…”

ဇူယွမ်ကသူ့ကိုကြည့်လိုက်သလို သူ့လက်ထဲရှိကောင်းကင်ယွမ်စုတ်တံကလည်း ရုတ်တရက်တုန်ခါလာခဲ့သည်။ သေချာကြည့်လိုက်မယ်ဆိုရင် စုတ်တံရဲ့ထိပ်ဖျားက အချက်ပြလိုက်သလိုလှုပ်ရှားမှုတစ်ခုပြုလုပ်ခဲ့လိုက်သည်ကို မြင်တွေ့နိုင်မည်ဖြစ်ပြီး ထိုအခိုက်အတန့်မှာပင် ချီဟောင်ရဲ့ခန္ဓာကိုယ်က ပြင်းပြင်းထန်ထန်လှုပ်ခါသွားခဲ့ရသည်။ မြင်နိုင်ရုံမျှသာရှိသည့် စုတ်တံထိပ်ဖျားရှိ နှင်းလိုဖြူဖွေးပြီးပါးလျတဲ့အမွှေးတွေက သူ့ရဲ့ချွေးပေါက်တွေမှတစ်ဆင့် လမ်းကြောင်းဖောက်ကာ ပြန်လည်ထွက်ခွာလာသည့်အတွက် ချီဟောင်တစ်ယောက် သနားစရာကောင်းလောက်အောင် အော်ဟစ်လိုက်မိသည်။

သူတို့တွေကများစွာသော မူလချီစွမ်းအားတွေကို စုပ်ယူခဲ့ပြီးနောက်မှာ စုတ်တံအမွှေးတွေက တောက်ပလင်းလက်လာခဲ့သည်။ ထို့နောက်မှာ များစွာသောငှက်တွေ သူတို့ရဲ့အသိုက်ကို ပြန်လာခဲ့သည့်အလား စုတ်တံအမွှေးတွေက ကောင်းကင်ယွမ်စုတ်တံရဲ့ထိပ်ဖျားကို ပြန်လည်ရောက်ရှိလာခဲ့ကြသည်။

စုတ်တံရဲ့အမွှေးတွေ ပြန်လည်ရောက်ရှိလာသကဲ့သို့ ဇူယွမ်တစ်ယောက် ကောင်းကင်ယွမ်စုတ်တံအတွင်းရှိ မူလချီတွေက အလျင်အမြန်မြင့်တက်လာသည်ကို ခံစားမိလိုက်ရသလို စုတ်တံထိပ်ဖျားမှာ ခုန်ပေါက်လှုပ်ရှားနေသည့် အစိမ်းရောင်အလင်းကလည်း ပိုပြီးထက်မြသွားခဲ့ရသည်။

ဇူယွမ်က ချီဟောင့်ထံကြည့်လိုက်သည်။ ချီဟောင်ရဲ့အမူအယာက အလွန်အမင်းထိတ်လန့်ကြောက်ရွံ့နေပြီး သူ့ခန္ဓာကိုယ်ပေါ်မှ ရွှေရောင်အလင်းက လျင်မြန်စွာပင်လွင့်ပါးပျောက်ကွယ်သွားခဲ့ရသည်။ မချိုးဖျက်နိုင်သောသတ္တုကျင့်စဉ်က ချိုးဖျက်ခြင်းခံခဲ့လိုက်ရပြီဖြစ်သည်။

သို့ပေမဲ့လည်း သူ့ကိုအထိတ်တလန့်အဖြစ်စေဆုံးသောအရာက သူ့ခန္ဓာကိုယ်ထဲရှိ မူလချီစွမ်းအားတွေ တိုက်စားခံလိုက်ရပြီး တစ်စုံတစ်ခုရဲ့ အဝေးကိုခိုးယူသွားခြင်းခံလိုက်ရပြီးနောက်မှာ လျင်မြန်စွာလျော့ပါးလာခဲ့ခြင်းကြောင့်ဖြစ်သည်။

ချီဟောင်က သူ့ရဲ့ခန္ဓာကိုယ်ကို တည်ငြိမ်အောင်ပြန်ထိန်းလိုက်နိုင်သော်ငြား သူ့ရဲ့မျက်နှာထက်မှာ ကြောက်ရွံ့ထိတ်လန့်မှုတွေက ကျန်ရှိနေသေးတုန်းပင်ဖြစ်သည်။

သူ့ရဲ့မူလချီစွမ်းအားတွေ ပျောက်ကွယ်သွားခဲ့ရသည့်အတွက် သူ့ရဲ့ခန္ဓာကိုယ်အနှံ့ စွမ်းအားကင်းမဲ့သွားခဲ့ရသည့် ခံစားချက်တစ်ခုကို စတင်ခံစားလိုက်ရသည်။

ဇူယွမ်က ကောင်းကင်ယွမ်စုတ်တံကို အနည်းငယ်လှုပ်ခါလိုက်ပြီး ပြုံးလျက်ပြောလိုက်သည်… “ငါ့ရဲ့ကောင်းကင်ယွမ်စုတ်တံက မင်းခန္ဓာကိုယ်ကိုထိုးဖောက်နေခဲ့တဲ့အချိန်တိုင်းမှာ သာမန်မျက်စိနဲ့မမြင်နိုင်တဲ့ စုတ်တံမွှေးတစ်ချောင်းစီက မင်းရဲ့ခန္ဓာကိုယ်ထဲကို ဝင်ရောက်သွားလိမ့်မယ်…”

“ဒီအမွှေးတွေက သူတို့ကိုယ်တိုင် မင်းရဲ့အသွေးအသားထဲမှာ ဖုံးကွယ်နေခဲ့ပြီးတော့ သူတို့တွေကတိတ်တဆိတ်ပဲ မင်းရဲ့မူလချီတွေကိုတိုက်စားပြီး သူတို့ရဲ့ကိုယ်ပိုင်အဖြစ် ပြောင်းလဲရယူခဲ့တယ်… အဲ့ဒီနောက်မှာ သူတို့ကစုတ်တံထံပြန်ရောက်လာခဲ့ပြီးတော့ သူတို့ယူဆောင်လာခဲ့တဲ့ မူလချီတွေကို ကောင်းကင်ယွမ်စုတ်တံဆီ ပေါင်းစည်းသွားစေခဲ့တာပဲ…”

ဒီနေရာရောက်သည့်အခါ ဇူယွမ်တစ်ယောက် တိတ်တဆိတ်ပင် သက်ပြင်းချလိုက်မိခဲ့သည်။ ဒီစွမ်းရည်ကအမှန်ပင် ကြောက်မက်ဖွယ်ရာကောင်းလှသည်။ အနည်းငယ်မျှသော သတိမပြုမိမှုလေးတစ်ခုက စုတ်တံအမွှေးတွေကို လူတစ်ယောက်ရဲ့ခန္ဓာကိုယ်ထဲ သတိမထားမိစေဘဲ တိတ်တဆိတ်ဝင်ရောက်သွားစေမည်ဖြစ်ပြီး လူတစ်ယောက်ရဲ့မူလချီစွမ်းအားတွေကိုလည်း တိုက်စားကာအဝေးသို့ ယူဆောင်သွားခြင်းခံရနိုင်ပေသည်။

ပိုပြီးအရေးကြီးဆုံးက ဒီအမွှေးတွေက ကောင်းကင်ယွမ်စုတ်တံထံ ပြန်လည်ရောက်ရှိလာနိုင်စွမ်းရှိကာ ၎င်းတို့ခိုးယူလာခဲ့သည့် မူလချီစွမ်းအားတွေကို စုတ်တံရဲ့ကိုယ်ပိုင်စွမ်းအားတွေအဖြစ် ထိန်းသိမ်းထားနိုင်စွမ်းရှိခြင်းပင်ဖြစ်သည်။

ပြောရရင် အခုလက်ရှိမှာ ကောင်းကင်ယွမ်စုတ်တံက ဇူယွမ်ရဲ့မူလချီစွမ်းအားတွေ အသုံးပြုခြင်းမရှိဘဲနဲ့တောင် ၎င်းရဲ့စွမ်းအားကို ထုတ်ဖော်နိုင်ခဲ့ပြီဖြစ်သည်။

“ဒါကအမှန်တကယ်ကိုပဲ တစ်ကြိမ်တစ်ခါတုန်းက တော်ဝင်အဆင့်လက်နက်တစ်ခုအဖြစ် ရပ်တည်နိုင်ခဲ့တာပဲ…” ဇူယွမ်တစ်ယောက် သူ့ရဲ့နှလုံးသားထဲမှာ အံ့အားသင့်စွာပြောလိုက်မိသည်။ ပထမဆုံးနိုးထလာခဲ့သည့်မှော်စာလုံးက လွန်စွာထူးခြားမှုရှိခဲ့ပေမဲ့လည်း ဇူယွမ်က ဒီစုတ်တံဟာအမှန်တကယ် အံ့အားသင့်စရာတစ်ခုလို့ မခံစားမိခဲ့ရပေ။

သို့ပေမဲ့လည်း ယခုအချိန်မှာ ဒုတိယမှော်စာလုံးက နိုးထလာခဲ့ပြီဖြစ်ကာ နောက်ဆုံးမှာ ကောင်းကင်ယွမ်စုတ်တံက ၎င်းကဘယ်လိုထူးခြားမှုရှိလဲဆိုတာကို ဖြည်းဖြည်းချင်းထုတ်ဖော်ပြသလာခဲ့ပြီဖြစ်သည်။

“နောက်ထပ်ကျန်နေတဲ့မှော်စာလုံးခုနှစ်ခုမှာ ဘယ်လိုမျိုးစွမ်းရည်တွေပိုင်ဆိုင်ထားလိမ့်မလဲဆိုတာ ငါတကယ်ကို သိချင်နေမိပြီ…” ဇူယွမ်ရဲ့မျက်လုံးတွေက မျှော်လင့်ချက်တွေနဲ့ ပြည့်နှက်လို့နေခဲ့ရသည်။ ဒုတိယမှော်စာလုံးရဲ့စွမ်းရည်ကတောင် ဒီလောက်ထိမြင့်မားနေရင် ကောင်းကင်ယွမ်စုတ်တံရဲ့စွမ်းရည်အားလုံးကို ပြန်လည်ရရှိနိုင်တဲ့အချိန်ကျရင် ထုတ်ဖော်နိုင်မည့်စွမ်းအားက မှန်းဆကြည့်နိုင်ဖို့ပင် ခက်ခဲလှပေသည်။

“မင်းအခု နားလည်သွားပြီလား…” ဇူယွမ်က ကြောက်ရွံ့တုန်လှုပ်နေသည့် ချီဟောင်ကိုကြည့်လိုက်ပြီး သူ့ရဲ့နှုတ်ခမ်းထက်မှာ ခပ်ဖွဖွအပြုံးတစ်ခု ထွက်ပေါ်လာခဲ့ရသည်။

ချီဟောင်ရဲ့မျက်နှာက အလွန်အမင်းဖြူဖျော့သွားခဲ့သည်။ အခုအချိန်မှာသူ့အနေဖြင့် အစောပိုင်းတုန်းက မချိုးဖျက်နိုင်သောသတ္တုကျင့်စဉ်ကို အသုံးပြုထားခဲ့တာတောင်မှပင် ဇူယွမ်က ကိုယ့်ကိုကိုယ်ဒဏ်ရာအရခံပြီး သူနဲ့ထိပ်တိုက်ရင်ဆိုင်ခဲ့လဲဆိုတာကို နားလည်သွားခဲ့ရပြီဖြစ်သည်။ သူ့အနေနဲ့ အစောပိုင်းတုန်းက ဇူယွမ့်ကိုအရူးတစ်ယောက်အဖြစ်သာ ယုံကြည်ထားခဲ့ပေမဲ့ ဒါတွေအားလုံးက ဇူယွမ်ရဲ့အကြံအစည်တွေဖြစ်နေတယ်ဆိုတာကိုတော့ နားလည်သဘောပေါက်နိုင်ခြင်းမရှိခဲ့ပေ။

၎င်းက သူ့ရဲ့ခန္ဓာကိုယ်ထဲကို စုတ်တံအမွှေးတွေ ကျူးကျော်ဝင်ရောက်နိုင်စေဖို့အတွက်ပင်ဖြစ်သည်။

မချိုးဖျက်နိုင်သောသတ္တုကျင့်စဉ်ကို အသုံးပြုထားသည့် သူ့ရဲ့ခံစစ်က ဘယ်လောက်ပင်ခိုင်မာမှုရှိနေပါစေ ၎င်းကခန္ဓာကိုယ်အတွင်းထဲမှ တိုက်ခိုက်မှုတွေကိုတော့ ခုခံကာကွယ်နိုင်လိမ့်မည်မဟုတ်ပေ။

ဇူယွမ်က ကောင်းကင်ယွမ်စုတ်တံကို ဖြည်းညှင်းစွာမြှောက်လိုက်ပြီး အလင်းတွေခုန်ပေါက်လှုပ်ရှားနေသည့် စုတ်တံထိပ်ဖျားကို ချီဟောင့်ထံချိန်ရွယ်လိုက်သည်။

ကြောက်ရွံ့မှုက ချီဟောင့်မျက်နှာထက်မှာ စီးဆင်းသွားခဲ့ရသည်။ ဒီလိုမျိုးအလှည့်အပြောင်းတစ်ခုကို သူ့အနေဖြင့် မည်သို့များထင်မှတ်ထားမိလိမ့်မည်နည်း။ သူကဇူယွမ့်အပေါ် သက်တောင့်သက်သာဖြင့် အသာစီးရယူနိုင်သင့်ပြီး ဇူယွမ်ကို ဖြည်းဖြည်းချင်းညှဉ်းပန်းနှိပ်စက်ကာ နောက်ဆုံးသူ့ရဲ့ခြေထောက်အောက်မှာ နင်းချေနိုင်သင့်ပေသည်။

ကြောက်ရွံ့မှုတွေကြီးစိုးနေခဲ့ရသည့် ချီဟောင်က အခြားအရာတွေကို ဂရုစိုက်နိုင်ခြင်းမရှိတော့ဘဲ သူ့ရဲ့လက်ကျန်မူလချီအနည်းငယ်ကိုလှည့်ပတ်လိုက်ပြီး နောက်လှည့်ကာ သူလွတ်မြောက်နိုင်ဖို့အရေး ထွက်ပြေးခဲ့လိုက်သည်။

ရွှစ်…

သို့ပေတည့်လည်း သူခြေလှမ်းအနည်းငယ်မျှသာ လှမ်းလိုက်နိုင်ခဲ့ပြီးနောက်မှာ သူ့ရဲ့နောက်ကျောမှ ထွင်းဖောက်သွားသည့်အသံတစ်ခု ထွက်ပေါ်လာခဲ့ရသည်။ ချီဟောင်ရဲ့ခန္ဓာကိုယ်က ရုတ်ချည်းတောင့်တင်းသွားခဲ့ရပြီး သူ့ရဲ့ခေါင်းကို ငုံ့ကြည့်လိုက်သည့်အခါ လှံတံတစ်ခုအလားထက်မြလှသည့် စုတ်တံထိပ်ဖျားရှိ နှင်းကဲ့သို့ဖြူဖွေးသည့်အမွှေးတွေက သူ့ရဲ့ရင်ဘက်မှ ထွက်ပေါ်လာသည်ကိုသာ တွေ့လိုက်ရသည်။

လတ်ဆတ်တဲ့သွေးတွေက နှင်းကဲ့သို့ဖြူဖွေးသည့်စုတ်တံအမွှေးတွေတစ်လျှောက် လျင်မြန်စွာစီးကျလာခဲ့ရပေမဲ့ စုတ်တံအမွှေးတွေက သူတို့ရဲ့မူလအဖြူရောင်အတိုင်းပင် ရှိနေသေးပေသည်။

“မင်းရဲ့နောက်ဘဝကျရင် အခြားလူတွေနဲ့တိုက်ခိုက်တဲ့အခါ မင်းရဲ့ခေါင်းကို နည်းနည်းလေးလည်းအသုံးချဦး… နည်းနည်းလောက်အသာစီးရသွားတာနဲ့ လူတစ်ယောက်ရဲ့သေခြင်းတရားကို ရယူနိုင်တော့မယ်ထင်ပြီး အပျော်လွန်မသွားစေနဲ့…” သူ၏နောက်ကျောထံမှ အေးစက်သည့်လေသံတစ်ခု ပျံ့လွင့်လာခဲ့ရသည်။ ချီဟောင်က ပါးစပ်အပြည့်နဲ့ သွေးတစ်လုတ်အန်ချလိုက်ခဲ့သလို သူ့ရဲ့အမြင်တွေက တဖြည်းဖြည်းအမှောင်ကျလာခဲ့ပြီးနောက်မှာ သူ့ရဲ့ခန္ဓာကိုယ်က မြေပြင်ပေါ်သို့လဲပြိုသွားခဲ့ရသည်။

ချိုင့်ဝှမ်းအပြင်ဘက်ရှိ စောင့်ကြည့်နေကြသူအားလုံးက ထိုအခိုက်အတန့်မှာပင် လုံးဝတိတ်ဆိတ်ငြိမ်သက်လို့သွားခဲ့ရသည်။ ထို့နောက်မှာ ၎င်းတို့ထံမှ အထိတ်တလန့်အော်ဟစ်လိုက်သံတွေ ကျယ်လောင်စွာထွက်ပေါ်လာခဲ့ရသည်။

“ချီဟောင်သေသွားပြီလား…”

“ဒါကဘယ်လိုဖြစ်နိုင်မှာလဲ… သူကတိုက်ပွဲတစ်လျှောက်လုံး အသာစီးရယူနိုင်ခဲ့ပြီးမှ ရုတ်တရက်ကြီးဘယ်လိုဖြစ်ပြီး ရှုံးနိမ့်သွားခဲ့ရတာလဲ…”

“ဘာဖြစ်သွားခဲ့တာလဲ…”

“…..”

လူတိုင်းက မကောင်းဆိုးဝါးတစ်ကောင်ကို တွေ့လိုက်ရသည့်အလား အံ့ဩတုန်လှုပ်စွာဖြင့် ကြည့်နေလိုက်မိကြသည်။ လွန်ခဲ့တဲ့မိနစ်ပိုင်းလေးတုန်းက သူတို့အနေဖြင့် ဇူယွမ်တစ်ယောက် ချီဟောင်ရဲ့လက်ထဲမှာ သနားစရာကောင်းလောက်အောင် သေဆုံးသွားရတော့မည်လို့ ထင်ထားခဲ့ရပေမဲ့ မိနစ်ပိုင်းလေးအတွင်းမှာပင် တိုက်ပွဲရဲ့ရလဒ်က သူတို့ထင်ထားတာနဲ့ပြောင်းပြန်ဖြစ်သွားခဲ့ရသည်။

“စောစောတုန်းက ချီဟောင်ရဲ့ခန္ဓာကိုယ်ထဲက တစ်ခုခုထွက်လာတဲ့ပုံပဲ…” အချို့စွမ်းအားမြင့်ကျင့်ကြံသူတွေက အမြင်အာရုံလွန်စွာကောင်းမွန်လှသည့်အတွက် အချို့အရာတွေကို ရိုးတိုးရိပ်တိတ်မြင်တွေ့လိုက်ကြရသည်။

“ဒါက ဇူယွမ်ရဲ့ဝှက်ဖဲအချို့ဖြစ်နိုင်ပြီးတော့ ချီဟောင်တောင်မှ ဒါကိုမသိလိုက်နိုင်ပဲ သားကောင်ဖြစ်သွားခဲ့ရတယ်…”

ထိုလူတွေက တစ်ယောက်နဲ့တစ်ယောက်ကြည့်လိုက်မိကြသလို သူတို့ရဲ့အကြည့်တွေထဲမှာလည်း အံ့အားသင့်မှုတို့ဖြင့် ပြည့်နှက်နေခဲ့ရပေသည်။ ဇူယွမ်အနေနဲ့ ဘယ်လိုမျိုးလှည့်စားမှုကို ပြုလုပ်ခဲ့ပါစေ အဆုံးသတ်မှာ အနိုင်ရရှိခဲ့သူက သူပဲဖြစ်လေသည်။

“သူ့ရဲ့စဦးချီစုဆောင်းမှုအဆင့်ခွန်အားလေးနဲ့ အလယ်အလတ်ချီစုဆောင်းမှုအဆင့်ကျင့်ကြံသူတစ်ယောက်ကို သတ်ဖြတ်နိုင်ခဲ့တယ်ဆိုတာက အမှန်တကယ်ကို ယုံကြည်နိုင်ဖို့ခက်ခဲလှတယ်…”

“ဒီ့ထက်ပိုပြီးအရေးကြီးတာက သူကချီကျင့်ကြံခြင်းနည်းလမ်းတွေကိုတောင် လေ့ကျင့်ထားခဲ့ရခြင်းမရှိသေးဘူး…”

“ဘယ်လိုမျိုး မွန်းစတားတစ်ကောင်လဲ…”

“ဇူအင်ပါယာမှာ ဒီလိုမျိုးသာမန်မဟုတ်တဲ့ မင်းသားတစ်ပါးရှိနေလိမ့်မယ်လို့ ထင်မထားမိဘူး… ကြည့်ရတာ ငါတို့တွေနောက်ပိုင်းမှာ ပိုပြီးသတိထားမှ တော်ရာကျလိမ့်မယ်…”

“……”

တစ်ချိန်တည်းမှာပင် ချိုင့်ဝှမ်းအောက်ခြေအနီးရှိ စုယုဝေ၊ ဝေချင်းချင်းနဲ့ သူမတို့ပြိုင်ဘက်တွေအကြားတိုက်ပွဲကလည်း နောက်ဆုံးမှာ ပြီးဆုံးသွားခဲ့ပြီဖြစ်သည်။ သူမတို့နှစ်ယောက်စလုံးက တိုက်ပွဲပြီးပြီးချင်းမှာပဲ ချက်ချင်းဆိုသလိုပင် ချိုင်ဝှမ်း၏အောက်ခြေသို့ ပြေးထွက်သွားခဲ့လိုက်ကြသည်။

သူမတို့နှစ်ယောက်စလုံးက ဇူယွမ့်အတွက် စိုးရိမ်ပူပန်နေကြရပေသည်။

သို့ပေမဲ့လည်း သူမတို့နှစ်ယောက်လုံး ချိုင့်ဝှမ်းအောက်ခြေကိုရောက်ရှိသွားသည့်အခါ ချီဟောင်ရဲ့ခန္ဓာကိုယ်က မြေပြင်ပေါ်သို့ ဖြည်းညှင်းစွာလဲပြိုကျသွားသည်ကို မြင်တွေ့ခဲ့လိုက်ရသည်။

ချီဟောင်ရဲ့နောက်ဘက်မှာ ကောင်းကင်ယွမ်စုတ်တံကို ကိုင်ဆွဲထားပြီး ခန့်ညားချောမောကာ ပိန်ပါးသည့်လူငယ်တစ်ယောက်ရှိနေလေသည်။

“ချီဟောင် သေသွားခဲ့ပြီလား…” ဝေချင်းချင်းရဲ့ပါးစပ်လေးက အနည်းငယ်ပွင့်ဟသွားခဲ့ရကာ သူမကမယုံကြည်နိုင်စွာဖြင့် ဇူယွမ့်ကိုစိုက်ကြည့်လိုက်မိသည်။ သူမအနေဖြင့် ချီဟောင်ဘယ်လောက်စွမ်းအားမြင့်လဲဆိုတာကို ကောင်းစွာနားလည်ထားပေသည်။ သူမတောင်မှပင် ချီဟောင်နဲ့ရင်ဆိုင်တိုက်ရမည်ဆိုလျင် အနိုင်ရနိုင်ဖို့အခွင့်အရေးက ငါးဆယ်ရာခိုင်နှုန်းသာရှိပေသည်။

သူမတောင်မှ ရင်ဆိုင်ဖို့ခက်ခဲလှသည့် ရန်သူတစ်ယောက်က စဦးချီစုဆောင်းမှုအဆင့်မှာပဲရှိနေသေးသည့် ဇူယွမ်ရဲ့လက်ထဲမှာ သေဆုံးသွားခဲ့ရတာလား…

“မင်းသားလေးက တကယ်ကိုအံ့အားသင့်စရာကောင်းတာပဲ…” စုယုဝေက အံ့အားသင့်သွားခဲ့ရခြင်းမရှိသဖြင့် နှုတ်မှထုတ်ဖော်ကာပင် ချီးကျူးခဲ့လိုက်သည်။ သူမအတွက်ကတော့ အမြဲတမ်းလိုလိုပင် ဇူယွမ်ရဲ့မယုံကြည်နိုင်စရာကောင်းလှတဲ့ အနိုင်ရရှိမှုတွေကို မြင်တွေ့ခဲ့ဖူးသည့်အတွက် အထူးတလည်အံ့အားသင့်သွားရခြင်းမျိုး ရှိမနေခဲ့တော့ပေ။

ဝေချင်းချင်းတစ်ယောက် ပြောစရာစကားမရှိဖြစ်သွားခဲ့ရသည်။ ဒါကဘယ်လိုမျိုး အံ့အားသင့်စရာကောင်းတဲ့အရာမျိုးလဲ။ သူ့ကို မွန်းစတားတစ်ကောင်လို့ခေါ်ခြင်းကသာ ပိုပြီးသင့်လျော်ပေလိမ့်မည်။

ဇူယွမ်က ချီဟောင့်ကို ဘယ်လိုလုပ်ပြီး သတ်နိုင်ခဲ့ရတာလဲ…

မိန်းကလေးနှစ်ယောက်က ဒီမြင်ကွင်းကို စိုက်ကြည့်နေကြစဉ်မှာပင် ဇူယွမ်ရဲ့ခေါင်းကလှည့်လာခဲ့ပြီး သူမတို့နှစ်ယောက်ကို ပြုံးပြလိုက်သည်။ ထို့နောက်မှာ သူ့ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာဒဏ်ချက်တွေမှ နာကျင်မှုကြောင့် ဇူယွမ်ရဲ့မျက်နှာက ရှုံ့မဲ့သွားခဲ့ရသည်။

သူ့လက်ထဲရှိ ကောင်းကင်ယွမ်စုတ်တံက လျင်မြန်စွာပင်ကျုံ့သွားခဲ့ရပြီး ၎င်းကိုသူ့ရဲ့ခါးကြားထဲသို့ ပြန်၍ထိုးထည့်ထားလိုက်သည်။ ထို့နောက်မှာ သူ့ရဲ့ခေါင်းကိုမော့လိုက်ပြီး မီးလျှံအလားနီရဲနေသည့် မီးဝိညာဉ်အစေ့ရှိရာဆီသို့ကြည့်လိုက်မိပြီး သူ့ရဲ့ပခုံးထက်မှ ကြီးလေးတဲ့တာဝန်ကြီးတစ်ခု ပြီးဆုံးသွားခဲ့သည့်အလား သက်ပြင်းတစ်ချက်ချလိုက်မိရသည်။

သူ့အနေနဲ့ မီးဝိညာဉ်အစေ့ကို နောက်ဆုံးမှာ ရရှိခဲ့ရပြီဖြစ်သည်။

Comment

Leave a Reply

Options

not work with dark mode
Reset