ထန်း…
ရွှေရောင်လှံရှည်က လေထုကိုစုတ်ဖြဲ၍ စွမ်းအားပြည့်ဝစွာဖြင့် ရှေ့ကိုတိုးဝင်သွားခဲ့ပေမဲ့ စုတ်တံတစ်ချောင်းနဲ့တွေ့ဆုံကာ တားဆီးခြင်းကိုခံခဲ့လိုက်ရသည်။ သူတို့နှစ်ခုတွေ့ဆုံမှုမှ ‘ထန်း’ဆိုသည့် ကျယ်လောင်တဲ့အသံတစ်ခု ထွက်ပေါ်လာခဲ့ရသလို အားလှိုင်းတစ်ခုကလည်း အပြင်ဘက်သို့လွင့်ပျံထွက်ပေါ်လာခဲ့ရသည်။
ဇူယွမ်နဲ့ ချီဟောင်တို့နှစ်ယောက်စလုံး နောက်တစ်ကြိမ်နောက်ဘက်သို့ ပြန်လည်ဆုတ်ခွာသွားခဲ့ကြရသည်။
သူတို့ရဲ့အမူအယာတွေက အလွန်အမင်းအေးစက်နေသကဲ့သို့ သူတို့ရဲ့ခန္ဓာကိုယ်ထဲမှာလည်း မူလချီတွေက အပြင်းအထန်လှုပ်ရှားနေခဲ့ရပေသည်။ သူတို့ရဲ့ခန္ဓာကိုယ်ပေါ်မှာလည်း သွေးစီးကြောင်းတွေကို မြင်တွေ့ရနိုင်ပြီး ၎င်းကအစောပိုင်းပြင်းထန်သည့်တိုက်ခိုက်မှုကြောင့် ထွက်ပေါ်လာခဲ့ရသည့်သွေးတွေဖြစ်ကြောင်း သက်သေခံနေပေသည်။
ဒါကိုကြည့်ရုံမျှဖြင့်ပင် သူတို့နှစ်ယောက်ရဲ့တိုက်ပွဲက ဘယ်လောက်တောင် ပြင်းထန်လိုက်မည်လဲဆိုသည်ကို မြင်တွေ့နိုင်သည်။
ချီဟောင်က သူ့ခန္ဓာကိုယ်ပေါ်မှ ဒဏ်ရာဒဏ်ချက်တွေကိုကြည့်လိုက်ပြီး အေးစက်စွာရယ်မောလိုက်မိသည်။ သူက သူ့လှံရှည်ရဲ့အောက်ခြေကို မြေပြင်ပေါ်သို့ဆောင့်ချလိုက်ပြီး တိုးညှင်းသည့်လေသံဖြင့်ပြောလိုက်သည်… “မချိုးဖျက်နိုင်သောသတ္တုကျင့်စဉ်…”
သူ့ရဲ့စကားသံပျောက်ကွယ်သွားသကဲ့သို့ ရွှေရောင်အလင်းတွေက ရုတ်တရက်သူ့ရဲ့အရေပြားအောက်မှ ထွက်ပေါ်လာခဲ့ရကာ သူ့ရဲ့ခန္ဓာကိုယ်တစ်ခုလုံးက ရွှေရောင်အလင်းတွေနဲ့ ဖုံးလွှမ်းသွားခဲ့ရသလို သူ့ကိုလည်းရွှေနဲ့ပြုလုပ်ထားသည့် လူသားတစ်ယောက်အလားဖြစ်စေခဲ့ရသည်။
ရွှေရောင်အလင်းထွက်ပေါ်လာသည်နှင့်တစ်ချိန်တည်းမှာ သူ့ရဲ့ခန္ဓာကိုယ်မှ ဒဏ်ရာဒဏ်ချက်တွေကလည်း ပျောက်ကွယ်သွားခဲ့ရသည်။
အလယ်အလတ်အနက်ရောင်အဆင့်မူလကျင့်စဉ်… မချိုးဖျက်နိုင်သောသတ္တုကျင့်စဉ်…
ဒီအခြင်းအရာကို မြင်လိုက်ရသည့်အခါ ဇူယွမ်ရဲ့မျက်လုံးတွေက ပြူးကျယ်သွားခဲ့ရ၏။ မချိုးဖျက်နိုင်သောသတ္တုကျင့်စဉ်က ကမ္ဘာဦးသတ္တုချီနဲ့ အလွန်ပင်လိုက်လျောညီထွေရှိလှကာ လွန်စွာခိုင်မာလှသည့် ခံစစ်စွမ်းရည်ကို ထုတ်ဖော်နိုင်ပေသည်။
သူတို့တွေတစ်ယောက်ချင်းတိုက်ခိုက်နေကြစဉ်မှာပင် ချီဟောင်က သူ့ရဲ့နောက်ထပ်ဝှက်ဖဲတွေကို ထုတ်ပြလာခဲ့သည်။
ဝုန်း…
ချီဟောင်ရဲ့ခန္ဓာကိုယ်က ရွှေရောင်အလင်းတို့ဖြင့်တောက်ပနေကာ သူကနောက်တစ်ကြိမ်ရှေ့ကိုတိုးဝင်သွားသကဲ့သို့ သူ့လက်ထဲရှိလှံရှည်ကလည်း အေးစက်သည့်ကြယ်ပျံတစ်စင်းအလား ဇူယွမ်ရဲ့သေစေနိုင်သည့်နေရာတွေကို လျင်မြန်စွာဖြင့် ထိုးနှက်တိုက်ခိုက်လိုက်သည်။
ဇူယွမ်ရဲ့ခြေထောက်တွေက နဂါးခြေလှမ်းလှုပ်ရှားမှုကိုအသုံးပြု၍ လှံရှည်ရဲ့ထိုးနှက်တိုက်ခိုက်မှုတွေကို ရှောင်တိမ်းလိုက်ပြီး သူ့လက်ထဲရှိကောင်းကင်ယွမ်စုတ်တံက အစိမ်းရောင်အလင်းတွေတောက်ပလျက် ချီဟောင်၏ပခုံးထံ ထိုးနှက်တိုက်ခိုက်လိုက်သည်။
ထန်း…
သို့ပေမဲ့လည်း ဇူယွမ်ရဲ့စုတ်တံက ချီဟောင်ရဲ့ပခုံးကိုထိုးမိလိုက်သည့်အခါ ‘ထန်း’ဆိုပြီးကျယ်လောင်သည့်အသံထွက်ပေါ်လာခဲ့ရပေမဲ့ သေးငယ်တဲ့အနီရောင်အမှတ်အသားလေးတစ်ခုသာ ထင်ကျန်နေစေခဲ့ရသည်။ စုတ်တံရဲ့ထိပ်ဖျားက လက်သည်းခွံတစ်ဝက်စာလောက်သာ ထိုးဖောက်ဝင်ရောက်သွားနိုင်ခဲ့ပြီး ရွှေရောင်အလင်းတွေရဲ့ဟန့်တားခြင်းကို ခံခဲ့လိုက်ရသည်။
ဒုတ်…
ချီဟောင်က ရက်စက်စွာရယ်မောလိုက်ပြီး သူ့လက်ထဲရှိရွှေရောင်လှံရှည်ဖြင့် ရှေ့ကိုထိုးနှက်လိုက်သလို လှံရှည်ကဇူယွမ်ရဲ့ရင်ဘတ်ပေါ်သို့ အတားအဆီးမရှိကျဆင်းလာခဲ့ရသည်။ ထိုတိုက်ခိုက်မှုကပြင်းထန်တဲ့စွမ်းအားတွေပါဝင်နေသည့်အတွက် ဇူယွမ်တစ်ယောက်နောက်ဘက်သို့လွင့်ထွက်သွားခဲ့ရပြီး ကျောက်တုံးတစ်ခုနဲ့ဝင်ဆောင့်မိခဲ့ရသလို ထိုအရှိန်ကြောင့်ပင် ၎င်းကျောက်တုံးပေါ်မှာ ကြီးမားလှသည့်အက်ကြောင်းတွေ ဖြစ်ပေါ်သွားခဲ့ရသည်။
“ဘယ်လောက်တောင် ခက်ခဲလိုက်တဲ့ပြိုင်ဘက်တစ်ယောက်လဲ…”
ဇူယွမ်ရဲ့ကျောပြင်က ပြင်းပြင်းထန်ထန်နာကျင်မှုကို ခံစားလိုက်ရသလို သူကသက်ပြင်းတစ်ချက်ကိုလည်း လေးပင်စွာချလိုက်မိခဲ့သည်။ မချိုးဖျက်နိုင်သောသတ္တုကျင့်စဉ်နဲ့ဆိုရင် ချီဟောင်ရဲ့ခံစစ်စွမ်းရည်က အံ့အားသင့်စရာကောင်းလှသည့် အဆင့်တစ်ခုထိအောင်မြင့်တက်သွားခဲ့ရကာ မီးလျှံအလင်းကျင့်စဉ်ဖြင့်ပင် ၎င်းရဲ့ခံစစ်ကိုချိုးဖျက်နိုင်ခြင်းမရှိခဲ့ပေ။
“မင်းကငါ့ကို တကယ်ပဲအံ့အားသင့်စေရတယ်… ချီကျင့်ကြံခြင်းနည်းလမ်းတွေကို လေ့ကျင့်ထားခြင်းမရှိသေးတဲ့ စဦးချီစုဆောင်းမှုအဆင့်ကျင့်ကြံသူတစ်ယောက်က ငါ့ကိုဒီလောက်ကြာအောင်ခုခံတိုက်ခိုက်နိုင်လိမ့်မယ်လို့ ထင်မထားမိဘူး…” ချီဟောင်ရဲ့လေသံက အနည်းငယ်အေးစက်နေခဲ့ရသလို သူ့ရဲ့မျက်လုံးထဲမှာလည်း လူသတ်လိုစိတ်တို့ဖြင့် ဖုံးလွှမ်းနေရပေသည်။
ဇူယွမ်သူ့ရဲ့ရင်ဘတ်ကို ပွတ်သပ်လိုက်မိ၏။ ဒါကသူ့ရဲ့သန်မာတဲ့ခန္ဓာကိုယ်ကြောင့်သာမဟုတ်ရင် အစောပိုင်းတုန်းကလှံရှည်ရဲ့တိုက်ခိုက်မှုက သူ့ရဲ့ရင်ဘတ်ကို ဖောက်ထွင်းသွားနိုင်မည်မှာ သေချာပေသည်။
“မင်းကငါထင်ထားတာထက် အနည်းငယ်ပိုပြီးရင်ဆိုင်ရခက်ခဲရုံပဲရှိတာပါ…” ဇူယွမ်ကပြော၏။
“မင်းကသေခြင်းတရားနဲ့ နီးကပ်နေပြီဖြစ်လို့ ဒီလိုမျိုးလျှာရိုးမရှိလျှောက်ပြောနေတာတွေကို ရပ်လိုက်သင့်ပြီ…” ချီဟောင်က အေးစက်စက်ရယ်မောကာပြောလိုက်သည်။ ရွှေရောင်မူလချီတွေက သူ့ရဲ့ခန္ဓာကိုယ်ထက်မှာ တစ်ဟုန်ထိုးထွက်ပေါ်လာခဲ့ရသလို သူ့လက်ထဲရှိလှံရှည်ဖြင့် ဇူယွမ့်ထံညွှန်ပြလိုက်ရင်းမှ လူသတ်လိုစိတ်တွေနဲ့ပြည့်နှက်နေရသည့်လေသံဖြင့် ပြောလိုက်သည်… “မင်းကနောက်တစ်ခါဆိုရင် ဒီလိုမျိုးစကားပြောနေနိုင်မှာမဟုတ်တော့ဘူး…”
ဝှစ်…
စကားပြောပြီးသည်နှင့်တစ်ပြိုင်နက် ချီဟောင်ရဲ့ခန္ဓာကိုယ်က ရှေ့ကိုပြေးထွက်သွားခဲ့သလို သူ့လက်ထဲရှိလှံရှည်ကိုလည်း မြေပြင်ပေါ်မှာတရွတ်တိုက်ဆွဲလာမှုကြောင့် သူပြေးလာခဲ့တဲ့လမ်းတစ်လျှောက်မှာ လှံရှည်ရာထင်ကျန်ခဲ့ရကာ မီးပွင့်မီးပွားတွေလည်း ဖြာထွက်သွားခဲ့ရသည်။
“အလယ်အလတ်အဆင့်မူလကျင့်စဉ်… ရွှေရောင်ကောင်းကင်ဘုံခွဲဖြတ်သူလှံသိုင်း…”
ချီဟောင်ရဲ့မျက်လုံးထဲမှ လူသတ်လိုစိတ်တွေက တစ်ဟုန်ထိုးမြင့်တက်လာခဲ့ရသကဲ့သို့ သူ့ရဲ့လှံရှည်ကလည်း ရှေ့ကိုလျင်မြန်စွာထိုးဖောက်ဝင်ရောက်လာခဲ့သည်။ လှံရှည်ပေါ်မှာ ရွှေရောင်အလင်းတွေက အလွန်အမင်းထက်မြသည့်အရှိန်အဝါတွေထုတ်ဖော်လျက် ၎င်းရဲ့ထိပ်ဖျားမှာစုစည်းလာခဲ့ရပြီး လှံရှည်ရဲ့ထိပ်ဖျားက လေထုကိုခွဲဖြတ်သွားခဲ့သည်ကို ရှင်းရှင်းလင်းလင်းမြင်တွေ့လိုက်ကြရသည်။
ထို့အတူ ၎င်းအောက်ရှိမြေပြင်ပေါ်မှာလည်း နက်ရှိုင်းလှသည့်လှံရှည်ရာတွေ ထွက်ပေါ်လာခဲ့ရသည်။
ဒီလှံရှည်တိုက်ခိုက်မှုက ချီဟောင်ရဲ့အပြင်းထန်ဆုံးတိုက်ခိုက်လိုက်သည့် တိုက်ခိုက်မှုတစ်ခုလည်းဖြစ်ပေသည်။
ထိုအခိုက်အတန့်မှာ ချိုင့်ဝှမ်းအပြင်ဘက်ရှိစောင့်ကြည့်နေသူတွေက ချီဟောင်ရဲ့လှံရှည်တိုက်ခိုက်မှုမှာ ပါဝင်သည့်စွမ်းအားကို ခံစားမိလိုက်ရသည့်အတွက် သူတို့ရဲ့အမူအယာတွေကပြောင်းလဲသွားခဲ့ရသည်။ ဒီတိုက်ခိုက်မှုကို ချီစုဆောင်းမှုအဆင့်မှာရှိနေသည့် မည်သည့်ကျင့်ကြံသူကမှ တိုက်ရိုက်ရင်ဆိုင်နိုင်ခြင်းရှိကြလိမ့်မည်မဟုတ်ပေ။
ဒါကိုကြည့်ခြင်းအားဖြင့် ချီဟောင်ကအလွန်အမင်းဒေါသထွက်နေပုံပေါ်ကာ ဒီသေစေနိုင်လောက်သည့်တိုက်ခိုက်မှုနဲ့အတူ ဒီပြိုင်ပွဲကိုအဆုံးသတ်နိုင်ဖို့ ရည်ရွယ်ထားခဲ့သည့်ပုံပင်။
“မင်းသားဇူယွမ်ကတော့ သေပြီပဲ…” စောင့်ကြည့်နေကြသူတွေထဲမှ တစ်ယောက်ကပြောလိုက်၏။ ချီဟောင်၏ခံစစ်က ဇူယွမ်ရဲ့တိုက်ခိုက်မှုတွေကို စိုးရိမ်စရာမလိုလောက်အောင် အလွန်အမင်းခိုင်မာလှပေသည်။ ထို့အပြင် ချီဟောင်ရဲ့တိုက်ခိုက်မှုကလည်း အညှာအတာကင်းမဲ့လှကာ ရက်စက်ကြမ်းကြုတ်လှပေသည်။ ဇူယွမ့်အနေနဲ့ ဒီတိုက်ခိုက်မှုကို မည်သို့ခုခံကာကွယ်နိုင်လိမ့်မည်နည်း။
များစွာသောလူတွေကလည်း ခေါင်းညိတ်ကာထောက်ခံလိုက်မိကြသည်။
ချိုင့်ဝှမ်းအတွင်းမှာ ဇူယွမ်ရဲ့အမူအယာက အလွန်အမင်းတည်ငြိမ်လေးနက်သွားခဲ့ရသည်။ သူကသက်ပြင်းကိုလေးလေးပင်ပင်ချလိုက်သကဲ့သို့ သူ့ခန္ဓာကိုယ်ထဲရှိ မူလချီတွေက စတင်ပြီးလှုပ်ရှားလာခဲ့သည်။
ထို့နောက်မှာ ကောင်းကင်ယွမ်စုတ်တံရဲ့ထိပ်ဖျား၌ မူလချီတွေခုန်ပေါက်လှည့်ပတ်နေလျက် ၎င်းကစတင်၍လှပစွာလှုပ်ရှားသွားခဲ့သည်။
ကြည်လင်လှသည့်မူလချီတွေက ဇူယွမ်ရဲ့ခန္ဓာကိုယ်ထဲမှ စီးထွက်လာခဲ့ပြီး စုတ်တံထိပ်ဖျားတွင် သွားရောက်စုစည်းမိခဲ့ကြသည်။
“သေစမ်းကွာ…” ချီဟောင်ကစူးစူးဝါးဝါးအော်ဟစ်လိုက်သကဲ့သို့ ရွှေရောင်လှံရှည်ကလည်း လျင်မြန်စွာဖြင့်ပင် ဇူယွမ်ရဲ့မျက်လုံးထဲကို ဝင်ရောက်လာခဲ့သည်။
စုတ်တံရဲ့ထိပ်ဖျားမှာ စုစည်းလာခဲ့သည့်မူလချီတွေက နောက်ဆုံးမှာ ၎င်းရဲ့အထွတ်အထိပ်ကိုရောက်ရှိသွားခဲ့သည်။ ဇူယွမ်က သူ့ရဲ့လက်ကိုဆတ်ခနဲလှုပ်ရှားလိုက်သလို သူ့ရဲ့နှလုံးသားထဲမှနေလည်း အော်ဟစ်လိုက်ခဲ့သည်… “ထူးကဲသောဧကရာဇ်တံဆိပ်တော်ကျင့်စဉ်…”
ဝှစ်…
စုတ်တံ၏ထိပ်ဖျားက တုန်ခါလာသကဲ့သို့ ၎င်းမှာစုစည်းနေခဲ့သည့်မူလချီတွေက တောက်ပတဲ့အလင်းတန်းတစ်ခုအဖြစ်ပြောင်းလဲသွားခဲ့သလို ထိုအလင်းထံမှလည်း အလွန်အမင်းကြောက်စရာကောင်းလှသည့် အရှိန်အဝါတစ်ခုကို ထုတ်ဖော်နေလျက်ရှိပေသည်။
ဒီအရာက ဇူယွမ်လေ့ကျင့်ထားခဲ့သည့် ထူးကဲသောဧကရာဇ်တံဆိပ်တော်ကျင့်စဉ်ပင်ဖြစ်သည်။ ၎င်းက အလယ်အလတ်အနက်ရောင်အဆင့်မူလကျင့်စဉ်တစ်ခုဖြစ်ပေမဲ့လည်း ကြောက်မက်ဖွယ်ရာကောင်းလောက်သည့်စွမ်းအားကို ထုတ်ဖော်နိုင်ပေသည်။
ပြင်းထန်တဲ့စွမ်းအားတွေပါဝင်နေသည့် တိုက်ခိုက်မှုနှစ်ခုက လူအားလုံးရဲ့စောင့်ကြည့်နေကြသည့် အကြည့်တွေအောက်မှာပင် နောက်ဆုံးထိပ်တိုက်ရင်ဆိုင်မိလိုက်ကြသည်။
ဘုန်း…
တိုက်ခိုက်မှုနှစ်ခုထိတွေ့သွားမိသည့်အခိုက်အတန့်မှာ ထိုဧရိယာတစ်ဝိုက်က မုန်တိုင်းတစ်ခုတိုက်ခိုက်သွားသည့်အလား အပျက်အစီးတွေနဲ့ပြည့်နှက်သွားခဲ့ရသည်။ သူတို့နှစ်ယောက်အောက်ရှိမြေပြင်က တစ်လွှာပြီးတစ်လွှာကွဲအက်သွားခဲ့ရသလို ပတ်ပတ်လည်ရှိကျောက်တုံးကျောက်ခဲတွေကလည်း အမှုန့်ဖြစ်သွားခဲ့ရသည်။
“ဘယ်လိုတောင်ရူးသွပ်ချင်စရာကောင်းတဲ့ တိုက်ခိုက်မှုတစ်ခုလဲ… စဦးချီစုဆောင်းမှုအဆင့်ကျင့်ကြံသူတစ်ယောက်နဲ့ အလယ်အလတ်ချီစုဆောင်းမှုအဆင့်ကျင့်ကြံသူတစ်ယောက်တို့ရဲ့တိုက်ပွဲက ဒီလိုအဆင့်မျိုးထိရောက်နေလိမ့်မယ်လို့ ငါထင်မထားမိခဲ့ဘူး…” များစွာသောစောင့်ကြည့်နေသူတွေက ညည်းညူလိုက်မိကြသည်။
ဘန်း…
ပြင်းထန်တဲ့စွမ်းအားတွေပါဝင်နေသည့် အားလှိုင်းတစ်ခုက ချိုင့်ဝှမ်းအောက်ခြေမှာ ပေါက်ကွဲထွက်ပေါ်လာခဲ့ရပြီး မြေပြင်ပေါ်မှာ ကြီးမားနက်ရှိုင်းလှသည့် တွင်းချိုင့်ကြီးတစ်ခုဖြစ်သွားစေခဲ့သည်။ ဇူယွမ်နဲ့ချီဟောင်တို့နှစ်ယောက်စလုံးကလည်း တိုက်ခိုက်မှုမှာပါဝင်သည့်အင်အားအရှိန်ကြောင့် ချိုင့်ဝှမ်း၏တစ်ဖက်တစ်ချက်ဆီသို့ အသီးသီးနောက်ဘက်သို့လွင့်စဉ်သွားခဲ့ရသည်။
ဇူယွမ်၏နှုတ်ခမ်းထောင့်စွန်းမှာ သွေးစီးကြောင်းတစ်ခု ထွက်ပေါ်လာခဲ့ရသည်။ သူ့ရဲ့လက်ရှိအခြေအနေက တစ်ကိုယ်လုံးမှာ ဒဏ်ရာဒဏ်ချက်တွေဖြင့် ပြည့်နှက်နေရကာ သနားစရာကောင်းလောက်အောင် ဆိုးရွားနေပေမဲ့လည်း သူ့ရဲ့မျက်လုံးတွေက အေးစက်နေလျက်ပင်ရှိသေးကာ သူ့ရဲ့ရှေ့ကိုကြည့်နေလျက်ရှိသည်။
ထိုနေရာမှာ ချီဟောင်ရဲ့ပုံရိပ်က ချိုင့်ဝှမ်းရဲ့တစ်ဖက်ကိုကျရောက်သွားခဲ့ပေမဲ့လည်း သူကလျင်မြန်စွာဖြင့်ပင် သူ့ကိုယ်သူတည်ငြိမ်အောင် ပြန်ထိန်းလိုက်နိုင်ခဲ့သည်။ ဇူယွမ်နှင့်ယှဉ်လိုက်ရင် ချီဟောင်ရဲ့ခန္ဓာကိုယ်ပေါ်မှာ ဖုံးလွှမ်းနေသည့်ရွှေရောင်အလင်းတွေက များစွာမှိန်ဖျော့သွားခဲ့ရသည်။ ဒါကိုကြည့်ခြင်းအားဖြင့် မချိုးဖျက်နိုင်သောသတ္တုကျင့်စဉ်ရဲ့ခံစစ်စွမ်းအားက ချီဟောင်ကို ဇူယွမ်ထက်ပိုပြီးအခြေအနေကောင်းသွားစေခဲ့သည်။
ချီဟောင်က သူ့ခန္ဓာကိုယ်ထဲမှာ အပြင်းအထန်လှုပ်ရှားသွားခဲ့ရသည့် သွေးနဲ့ချီစွမ်းအားတွေကို ဖိနှိပ်လိုက်ပြီး ဇူယွမ့်ထံ ရက်စက်တဲ့အကြည့်တစ်ချက် ပစ်လွှတ်လိုက်သည်။
“မင်းကတကယ်ကို ဇွဲကောင်းတာပဲ… ဒီတိုက်ခိုက်မှုကတောင် မင်းကိုမသတ်နိုင်ဘူးလို့ ငါထင်မထားခဲ့မိဘူး…”
ချီဟောင်က မနှစ်မြို့စရာကောင်းလောက်အောင်ရယ်မောလိုက်ပြီး ဆက်ပြောသည်… “ဒါပေမဲ့ကြည့်ရတာ မင်းရဲ့ဒဏ်ရာတွေက တော်တော်လေးပြင်းထန်ပုံရတယ်… ဟုတ်တယ်မလား…”
“ကြည့်ရတာ မင်းကရှုံးနိမ့်သွားခဲ့ရပြီပဲ… မချိုးဖျက်နိုင်သောသတ္တုကျင့်စဉ်နဲ့ဆိုရင် ငါ့ရဲ့ခံစစ်စွမ်းဆောင်ရည်တစ်ခုတည်းကတောင် မင်းရဲ့စွမ်းရည်အားလုံးထက်သာလွန်မှုရှိတယ်… ဒါ့ကြောင့်နောက်ဆုံးမှာ ကျန်ရှိနေရမဲ့တစ်ယောက်တည်းသောသူက ငါပဲဖြစ်လိမ့်မယ်…”
ချီဟောင်က သူ့ရဲ့လှံရှည်ကို တင်းတင်းဆုပ်ကိုင်ထားလျက်မှ ဇူယွမ့်ထံလျှောက်လှမ်းလာခဲ့သလို သူ့ရဲ့ခြေလှမ်းတစ်လှမ်း လှမ်းလိုက်တိုင်းမှာလည်း သူ့ရဲ့မျက်လုံးထဲရှိ လူသတ်လိုစိတ်တွေက ပိုပြီးမြင့်တက်လာခဲ့ရသည်။
များစွာသောစောင့်ကြည့်နေကြသည့်လူတွေက တိတ်တဆိတ်ပင် သူတို့ရဲ့ခေါင်းတွေကို ခါယမ်းမိခဲ့လိုက်ကြသည်။ ကြည့်ရတာ ဒီတိုက်ပွဲကပြီးဆုံးသွားခဲ့ပြီဖြစ်သည်။ ဇူယွမ်ရဲ့စွမ်းဆောင်ရည်က ပြီးပြည့်စုံမှုရှိပေမဲ့လည်း သူ့ထက်များစွာသန်မာလှသည့်ချီဟောင်နဲ့ယှဉ်လိုက်ရင် လုံလောက်မှုမရှိသေးဘူးဆိုတာ သိသာထင်ရှားလှပေသည်။
သူ့ရဲ့ခိုင်မာလှသည့် ခံစစ်စွမ်းဆောင်ရည်နဲ့ဆိုရင် အဆုံးသတ်မှာကျန်ရှိနေမည့်တစ်ယောက်တည်းသောသူက ချီဟောင်ပင်ဖြစ်ပေလိမ့်မည်။
“ဘယ်လောက်တောင် သနားစရာကောင်းလိုက်လဲ…”
ချီဟောင်ကဖြည်းညှင်းစွာဖြင့်ပင် ဇူယွမ့်ထံချဉ်းကပ်လာခဲ့သည်။ သူက ဇူယွမ်ရဲ့ခန္ဓာကိုယ်ထဲမှ မူလချီတွေက အရင်ကထက်စာရင် ပိုပြီးအားနည်းသွားခဲ့ရသည်ကို ခံစားနိုင်ခဲ့ရသည်။ ဒါက ဇူယွမ့်ကိုသတ်ဖို့အတွက် ကောင်းမွန်လှသည့်အခွင့်အရေးတစ်ခုပင်ဖြစ်သည်။
ဇူယွမ်က ချီဟောင်တစ်ယောက် သူ့ထံလျှောက်လှမ်းလာသည်ကို ကြည့်နေခဲ့ပေမဲ့လည်း သူ့ရဲ့မျက်နှာထက်မှာ စိုးရိမ်ထိတ်လန့်မှုတွေရှိမနေခဲ့ပေ။
ချီဟောင်ရဲ့အေးစက်တဲ့လေသံက ထွက်ပေါ်လာခဲ့သည်… “မင်းကသေခြင်းတရားနဲ့ ကြုံရတော့မဲ့အချိန်မှာတောင်မှ ဒီလိုအမူအယာမျိုးရှိနေလိမ့်မယ်လို့ ငါထင်မထားမိဘူး… ဘယ်လောက်တောင် မနှစ်မြို့စရာကောင်းလိုက်သလဲ…”
“ငါကလည်း မင်းကအရမ်းကို သနားစရာကောင်းတယ်လို့ ခံစားနေရတယ်…” ဇူယွမ်ရဲ့နှုတ်ခမ်းထက်မှာ ခပ်ဖွဖွအပြုံးတစ်ခု ထွက်ပေါ်လာခဲ့ရသည်။
ဇူယွမ်ရဲ့အပြုံးကိုမြင်လိုက်ရသည့်အခါ ချီဟောင်တစ်ယောက် မျက်မှောက်ကြုတ်သွားခဲ့မိသည်။
“ဘာကြောင့်လဲဆိုတော့ မင်းက ဘယ်သူရှုံးမယ် ဘယ်သူနိုင်မယ်ဆိုတာကို အခုချိန်ထိအောင် မသိသေးလို့ပဲ…” ဇူယွမ်ရဲ့အပြုံးက အနည်းငယ်ထူးဆန်းလို့လာခဲ့ရသည်။
ချီဟောင်က အေးစက်စွာပြောလိုက်သည်… “မင်းက သူများအထင်ကြီးအောင်ပြောဖို့ ကြိုးစားနေတုန်းပဲလား… သေစမ်းကွာ…”
ချီဟောင်ကတုန့်ဆိုင်းခြင်းအလျဉ်းမရှိခဲ့ဘဲ သူ့လက်ထဲရှိလှံရှည်က အေးစက်တဲ့အလင်းရောင်တွေ တောက်ပလာခဲ့ပြီး ဇူယွမ်ရဲ့နှလုံးသားနေရာကို ရက်ရက်စက်စက်ထိုးသွင်းခဲ့လိုက်သည်။
သို့ပေမဲ့လည်း ဇူယွမ်က ချီဟောင်ရဲ့သေစေနိုင်သည့်တိုက်ခိုက်မှုကို ဟန့်တားဖို့အရိပ်အယောင်မပြခဲ့သလို သူ့ရဲ့မျက်နှာကလည်း မထုံတက်သေးအမူအယာဖြင့်ပင် ကြည့်နေလျက်ရှိသည်။
ရွှစ်…
ချွန်ထက်သည့်လှံရှည်ရဲ့ထိပ်ဖျားက ဇူယွမ်ရဲ့နှလုံးနေရာနဲ့ တစ်လက်မအကွာတွင် ရုတ်တရက်ရပ်တန့်သွားခဲ့ရသည်။
ချီဟောင်ရဲ့မျက်လုံးတွေက ထိတ်ထိတ်ပျာပျာဖြစ်သွားခဲ့ရသလို သူ့ရဲ့မျက်နှာထက်မှာလည်း တုန်လှုပ်မှုတွေနဲ့ ထိတ်လန့်ကြောက်ရွံ့နေမှုတို့ ထွက်ပေါ်လာခဲ့သည်။ သူ့အနေဖြင့် သူ့ရဲ့ခန္ဓာကိုယ်က ရုတ်တရက်ထိန်းချုပ်နိုင်မှုကင်းမဲ့သွားခဲ့ရသည်လို့ ခံစားခဲ့လိုက်ရသည်။
“မင်း… မင်းဘာလုပ်လိုက်တာလဲ…” ချီဟောင်က ကြောက်ရွံ့ထိတ်လန့်စွာဖြင့်ပင် မေးလိုက်သည်။
ဇူယွမ်က သူ့ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာဒဏ်ချက်တွေကိုကြည့်လိုက်ပြီး ထူးမခြားနားစွာဖြင့်ပြောလိုက်သည်… “ငါကဒီလောက်မိုက်မဲလိမ့်မယ်လို့များ မင်းထင်နေတာလား… မချိုးဖျက်နိုင်သောသတ္တုကျင့်စဉ်ရဲ့ ခံစစ်စွမ်းဆောင်ရည်ကို ငါကကောင်းကောင်းသိနေတဲ့အတွက် မင်းနဲ့ယှဉ်ပြီး ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်နေဖို့ကိုပဲ ဘာကြောင့်ရွေးချယ်ရမှာလဲ…”
ဇူယွမ်က ကောင်းကင်ယွမ်စုတ်တံကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်လိုက်ပြီး ဖြည်းညှင်းစွာမြှောက်လိုက်ကာ ၎င်းရဲ့ထက်မြသည့်ထိပ်ဖျားကို ချီဟောင့်ထံချိန်ရွယ်လိုက်သည်။
အစက်အပြောက်တွေစွန်းထင်းနေသည့် စုတ်တံရဲ့ကိုယ်ထည်ပေါ်ရှိ သိုင်းပညာနှင့်ရေးဆွဲခြင်းပုံစံမှော်စာလုံးအောက်မှ အလင်းရောင်တစ်ခုရုတ်တရက်ထွက်ပေါ်လာခဲ့ရသကဲ့သို့ ရှေးကျတဲ့မှော်စာလုံးတစ်ခုက တဖြည်းဖြည်းတောက်ပလာခဲ့ရသည်။
ထိုအရာက ကောင်းကင်ယွမ်စုတ်တံ၏ ဒုတိယမြောက်မှော်စာလုံးဖြစ်သည့် တိုက်စားခြင်းမှော်စာလုံးပင်ဖြစ်သည်။