ချိုင့်ဝှမ်း၏အောက်ခြေ၌…
ချီဟောင်ရဲ့လက်ထဲမှာ ရွှေရောင်လှံရှည်ပေါ်ထွက်လာသည့်အခိုက်အတန့်တွင် သူ့ခန္ဓာကိုယ်ပတ်လည်မှ မူလချီလှုပ်ရှားမှုတွေက ပိုပြီးခြိမ်းခြောက်နိုင်စွမ်းရှိလာခဲ့သည်။ သူ့ရဲ့အရှိန်အဝါအငွေ့အသက်က များစွာမြင့်တက်လာခဲ့ရပြီး မွန်းကျပ်စေနိုင်လောက်သည့်ဖိအားတစ်ခု ပျံ့နှံ့ထွက်ပေါ်လာခဲ့ရသည်။
ဇူယွမ်တစ်ယောက် ချီဟောင်ရဲ့တည်ငြိမ်လေးနက်တဲ့ပုံစံကြောင့် လျော့တွက်ရဲခြင်းမရှိခဲ့ဘဲ သူ့ရဲ့ခါးကြားမှာထိုးထားသည့် ကောင်းကင်ယွမ်စုတ်တံကိုထုတ်ယူခဲ့လိုက်သည်။
“သိုင်းပညာပုံစံ…”
ကောင်းကင်ယွမ်စုတ်တံမှ အလင်းရောင်တွေထွက်ပေါ်လာခဲ့ပြီး ၎င်းကလူတစ်ယောက်နီးပါးရှိသည့် အနက်ရောင်စုတ်တံတစ်ချောင်းအဖြစ် ပြောင်းလဲသွားခဲ့သည်။ စုတ်တံထိပ်ဖျားရှိ နှင်းလိုဖြူဖွေးတဲ့အမွှေးတွေက အတူတကွစုစည်းသွားခဲ့ပြီး လှံတစ်ချောင်းထိပ်ရှိပန်းဖူးပုံစံတစ်ခုအလား ဖြစ်ပေါ်သွားခဲ့ရကာ အေးစက်တဲ့အလင်းရောင်တွေ တောက်ပနေလျက်ရှိလေသည်။
ဇူယွမ်က ကောင်းကင်ယွမ်စုတ်တံရဲ့ထိပ်ပိုင်းကို မြေပြင်ပေါ်သို့ခပ်စောင်းစောင်းညွှန်ထားလိုက်ပြီး ကိုင်ဆောင်ထားသလို သူ့ရဲ့မျက်လုံးတွေကလည်း တဖြည်းဖြည်းနဲ့အေးစက်လို့လာခဲ့ရသည်။
သူ့ရဲ့ခန္ဓာကိုယ်ပတ်လည်မှာ လှည့်ပတ်နေသည့်ကြည်လင်တဲ့မူလချီတွေက ကောင်းကင်ယွမ်စုတ်တံထံစုစည်းသွားခဲ့ပြီး အထူးသဖြင့်စုတ်တံတစ်ခုလုံးမှာ စုတ်တံရဲ့ထိပ်ဖျားက အလွန်အမင်းထက်မြလှသည့် ဓားသွားတစ်ချောင်းအလားဖြစ်ပေါ်လာခဲ့ရသည်။
သူတို့နှစ်ယောက်ရဲ့အကြည့်တွေက ဆုံတွေ့သွားခဲ့ကြသလို တစ်ဦးချင်းစီရဲ့အကြည့်တွေထဲမှာလည်း လူသတ်လိုစိတ်တွေဖြင့် ပြည့်နှက်နေရပေသည်။
ဘန်း…
ထို့နောက်မှာ သူတို့နှစ်ယောက်စလုံးက တစ်ပြိုင်နက်တည်းရှေ့ကို တိုးဝင်သွားခဲ့လိုက်ကြပြီး အသက်ရှူချိန်အနည်းငယ်အတွင်းမှာပင် မြေကွက်လပ်ပေါ်မှာ တစ်ဦးနဲ့တစ်ဦးထိပ်တိုက်ရင်ဆိုင်မိခဲ့လိုက်ကြသည်။
ဒေါင်…
ရွှေရောင်လှံရှည်နဲ့ အနက်ရောင်စုတ်တံတို့မှာ ပြင်းထန်တဲ့စွမ်းအားတွေပါဝင်လို့နေခဲ့ရကာ ၎င်းတို့နှစ်ခုလေထဲမှာ တစ်ကြိမ်ပြီးတစ်ကြိမ်ထိပ်တိုက်တွေ့ဆုံနေမှုက ကျယ်လောင်သည့် တဒေါင်ဒေါင်မြည်သံတွေကို ထွက်ပေါ်စေရပေသည်။
ရွှစ်… ရွှစ်…
သူတို့နှစ်ယောက်စလုံးက သူ့တို့ရဲ့မူလချီတွေကို အကန့်အသတ်ထိရောက်အောင် ထုတ်ဖော်အသုံးပြုံးထားခဲ့ကြပြီး သူတို့ရဲ့တိုက်ခိုက်မှုတိုင်းက ရက်စက်ကြမ်းကြုတ်မှုတွေနဲ့ ပြည့်နှက်နေရပေသည်။ လှံရှည်နဲ့စုတ်တံတို့က နောက်မှာအရိပ်တွေထင်ကျန်နေခဲ့လောက်အောင် လျှပ်စီးအလားလျင်မြန်စွာလှုပ်ရှားနေခဲ့ကြပြီး လေထဲမှာတစ်ကြိမ်ပြီးတစ်ကြိမ် ထိပ်တိုက်ရင်ဆိုင်တွေ့ခဲ့ကြရသည်။
မိနစ်အနည်းငယ်အတွင်းမှာကို သူတို့နှစ်ယောက်စလုံးက ဆယ်ကြိမ်ထက်မနည်း ထိပ်တိုက်ရင်ဆိုင်မိခဲ့ကြသည်။
သို့ပေမဲ့လည်း သူတို့ရဲ့ထိပ်တိုက်ရင်ဆိုင်တွေ့မှုတွေမှာ ချီဟောင်က အသားစီးရနေသည်ကို လူတိုင်းကရှင်းရှင်းလင်းလင်းမြင်တွေ့ကြရသည်။ ဒါကချီဟောင့်အနေနဲ့ အလယ်အလတ်ချီစုဆောင်းမှုအဆင့်ကို ရောက်ရှိနေခဲ့ခြင်းကြောင့်ဖြစ်သလို အဆင့် ၄မူလချီဖြစ်တဲ့ ကမ္ဘာဦးသတ္တုချီကို လေ့ကျင့်ထားနိုင်ခဲ့ခြင်းကြောင့်ဖြစ်သည်။
တစ်ဖက်မှာတော့ ဇူယွမ်ကခုမှ စဦးချီစုဆောင်းမှုအဆင့်ကို ရောက်ရှိနေခဲ့ရသည့် ကျင့်ကြံသူတစ်ယောက်ဖြစ်သလို ချီကျင့်ကြံခြင်းနည်းလမ်းတွေကိုလည်း တစ်ခုတစ်လေမျှလေ့ကျင့်ထားခဲ့ရခြင်းမရှိသေးသည့်အတွက် အနည်းငယ်တော့စွမ်းအားကင်းမဲ့လို့နေရပေသည်။ သူ့အနေနဲ့ ချီဟောင့်ကို ဒီလောက်တိုက်ခိုက်နိုင်တာကပင် လူတိုင်းကိုမစဉ်းစားမတွေးတောစေတတ်တော့လောက်အောင် ဖြစ်သွားစေခဲ့သည်။
ထို့နောက်မှာ ရွှေရောင်လှံရှည်က မူလချီတွေလှည့်ပတ်စီးဆင်းလျက် လေထုကိုဖြတ်သန်းကာ ရှေ့ကိုတိုးဝင်သွားခဲ့သည်။
ထန်း…
လှံရှည်က အနက်ရောင်စုတ်တံအပေါ်ကျရောက်လာခဲ့ပြီး ကျယ်လောင်သည့်အသံနှင့်အတူ မီးပွင့်မီးပွားတွေဖြာထွက်သွားစေခဲ့ရသည်။ ချီဟောင်ရဲ့ပြင်းထန်လှတဲ့တိုက်ခိုက်မှုက ဇူယွမ့်ကိုနောက်သို့ ခြေလှမ်းများစွာဆုတ်ခွာသွားစေခဲ့ရပြီး ဇူယွမ်ကသူ့လက်ထဲရှိ ကောင်းကင်ယွမ်စုတ်တံကို မြေပြင်ပေါ်သို့ထောက်ခဲ့လိုက်ပြီးမှသာ သူ့ရဲ့ခန္ဓာကိုယ်ကို တည်ငြိမ်အောင် ထိန်းလိုက်နိုင်ခဲ့သည်။
ဟူး…
ဇူယွမ်က သူ့ကိုယ်သူတည်ငြိမ်အောင် ထိန်းထားနိုင်ခဲ့ပြီးနောက်မှာ သက်ပြင်းမောတစ်ချက်ကို လေးပင်စွာချလိုက်မိခဲ့သည်။ အစောပိုင်းက ထိပ်တိုက်ရင်ဆိုင်မှုပြီးခဲ့နောက်မှာ သူ့ရဲ့ခန္ဓာကိုယ်ထဲရှိ သွေးတွေနဲ့ချီစွမ်းအင်တွေက ပြင်းပြင်းထန်ထန်လှုပ်ရှားသွားခဲ့ရသလို သူ့ရဲ့အမူအယာကလည်း အလွန်အမင်းလေးနက်လို့သွားခဲ့ရသည်။
အခုအချိန်မှာဇူယွမ်က သူနဲ့သူ့ပြိုင်ဘက်အကြားမှာ အင်အားကွာခြားမှုကကြီးမားလှသည်ကို ရှင်းရှင်းလင်းလင်းနားလည်နိုင်ခဲ့ရသည်။ သူ့ချီပင်လယ်ရဲ့ အထောက်အပံ့သာမရှိခဲ့ဘူးဆိုလျှင် သူ့အနေနဲ့ အစောကြီးကတည်းကပင် ရှုံးနိမ့်သွားခဲ့ရပေလိမ့်မည်။
ဒါ့အပြင်အစောပိုင်းတုန်းက နဂါးဒေါသအဆိပ်ရဲ့အရသာကို မြည်းစမ်းခဲ့ရပြီးနောက်မှာ ချီဟောင်ကသူနဲ့ ခန္ဓာကိုယ်ချင်းထိတွေ့ရဲခဲ့ခြင်းမရှိတော့ဘဲ ထိုအစားသူက မူလလက်နက်ရဲ့စွမ်းအားကို အသုံးပြု၍သာတိုက်ခိုက်နေခဲ့သည့်အတွက် နဂါးဒေါသအဆိပ်နဲ့ သူ့ကိုတိုက်ခိုက်ဖို့အခွင့်အရေးမရရှိခဲ့တော့ချေ။
“တကယ်လို့ငါကသာ ဘိုးဘေးနဂါးပုရပိုက်ရဲ့ ပထမအဆင့်ဖြစ်တဲ့ စပါးအုံးဘုရင်ချီကိုလေ့ကျင့်နိုင်ခဲ့မယ်ဆိုရင် စဦးချီစုဆောင်းမှုအဆင့်နဲ့တင်ကို သူ့ကိုအနိုင်ယူနိုင်လိမ့်မယ်…” ဇူယွမ်အနည်းငယ် စိတ်ပျက်သွားခဲ့ရသည်။ သူ့အတွက်ကံမကောင်းတာက သူလိုအပ်သည့် အဆင့် ၄စပါးအုံးအမျိုးအစားမူလမှော်သားရဲစိတ်ဝိညာဉ်က တိုက်ပွဲဂိုလမ်ရဲ့ခန္ဓာကိုယ်အတွင်းမှာပဲ ရှိနေသေးတုန်းပင်ဖြစ်သည်။
ချီဟောင်ကလှံရှည်ကို ကိုင်ဆွဲထားလျက် မာနကြီးစွာရပ်တန့်နေလျက်မှပင် အေးစက်သည့်လေသံဖြင့်ပြောလိုက်သည်… “ချီကျင့်ကြံခြင်းနည်းလမ်းကို လေ့ကျင့်ထားခြင်းမရှိသေးတဲ့ စဦးချီစုဆောင်းမှုအဆင့်ကျင့်ကြံသူတစ်ယောက်က ငါ့ကိုဒီလောက်အချိန်အကြာကြီး ယှဉ်ပြီးတိုက်ခိုက်နိုင်ခဲ့တယ်ဆိုကတည်းက မင်းရဲ့စွမ်းရည်က အထင်သေးလို့တော့မရဘူးပဲ…”
ဇူယွမ်တစ်ယောက် ကိုယ့်ကိုကိုယ်ကျိတ်၍ အားမလိုအားမရဖြစ်နေစဉ်မှာ ချီဟောင်ကလည်း ဇူယွမ်ရဲ့စွမ်းရည်ကြောင့် အံ့အားသင့်ခဲ့ရပေသည်။ သူတို့နှစ်ယောက်ကြားက ကျင့်ကြံခြင်းအဆင့်က လုံးဝပင်ကွာခြားနေရကာ သူ့အနေဖြင့် ဇူယွမ့်ကိုသတ်ဖို့က ဒီလောက်အချိန်ကြာအောင် တိုက်ခိုက်နေစရာမလိုသင့်ပေ။
အကြိမ်များစွာထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်ပြီးခဲ့တာတောင်မှ ဇူယွမ်ကကြီးကြီးမားမားဒဏ်ရာရရှိခဲ့ခြင်းမရှိသေးပေ။ ဒါကတကယ့်ကို မယုံကြည်နိုင်စရာကောင်းလှပေသည်။
သို့ပေတည့်လည်း ဒီအရာကပင် ချီဟောင့်အနေနဲ့ ဇူယွမ့်ကိုသတ်ဖို့ ပိုပြီးသေချာစေခဲ့သည်။ ဇူယွမ်က စဦးချီစုဆောင်းမှုအဆင့်မှာကတည်းက သူ့အတွက်ခေါင်းခြောက်စရာ ပြဿနာတစ်ခုဖြစ်ခဲ့ရသည်။ တကယ်လို့ ဇူယွမ့်ကိုသာ ဒီထက်ပိုပြီးမြင့်မားတဲ့အဆင့်တစ်ခုကိုရောက်ရှိစေပြီး ချီကျင့်ကြံခြင်းနည်းလမ်းကို လေ့ကျင့်စေနိုင်ခဲ့မယ်ဆိုရင် နောက်ပိုင်းမှာသူ့အနေနဲ့ ဇူယွမ့်ကိုတိုက်ခိုက်ပြီးအနိုင်ယူနိုင်ဖို့ဆိုတာက မည်သို့မှဖြစ်နိုင်လိမ့်မည်မဟုတ်ပေ။
“ဒါကသူ့ကိုရှင်းပြစ်နိုင်ဖို့ ငါ့အတွက်အခွင့်ကောင်းပဲ… ငါကဒီချိုင့်ဝှမ်းကို သူ့ရဲ့သင်္ချိုင်းဖြစ်စေရမယ်…” လူသတ်လိုစိတ်တွေက ချီဟောင်ရဲ့မျက်လုံးထဲမှာ ထွက်ပေါ်လာခဲ့သလို သူ့လက်ထဲမှာကိုင်ထားသည့် ရွှေရောင်လှံရှည်ထံမှလည်း ထက်မြတဲ့အလင်းတွေထွက်ပေါ်လာခဲ့ရသည်။
သူ့ရဲ့ခန္ဓာကိုယ်က နောက်တစ်ကြိမ်ရှေ့ကိုပြေးထွက်သွားခဲ့ပြီး သူ့ရဲ့လှံရှည်က ဇူယွမ့်ထံရွှေရောင်အလင်းတန်းတစ်ခုအလား တိုးဝင်သွားခဲ့သည်။
ချီဟောင်ရဲ့တိုက်ခိုက်မှုတွေက ပိုပြီးရက်စက်ကြမ်းကြုတ်လာခဲ့ရပြီး သူ့ရဲ့လူသတ်လိုစိတ်ကို ရှင်းရှင်းလင်းလင်းမြင်တွေ့နိုင်စေသည်။
“ချီဟောင်က သူ့ကိုသတ်တော့မယ်…”
“မင်းသားလေးဇူယွမ် အသက်အန္တရာယ်ရှိနိုင်မှာကို ငါစိုးရိမ်မိတယ်…”
“…”
ဒီတိုက်ခိုက်မှုကိုမြင်လိုက်ရသည့် ချိုင့်ဝှမ်းအပြင်ဘက်ရှိ များစွာသောအင်အားစုတွေထံမှ တီးတိုးပြောဆိုသံတွေ ထွက်ပေါ်လာခဲ့ရသည်။ အစောပိုင်းတုန်းက တိုက်ခိုက်မှုတွေမှာ ဇူယွမ်ကလုံးဝပင် ဖိနှိပ်ခံခဲ့ရသည်။ အခုအချိန်မှာ ချီဟောင်ရဲ့တိုက်ခိုက်မှုက ပို၍ပင်ရက်စက်ကြမ်းကြုတ်လာခဲ့ရကာ ဇူယွမ်ရှုံးနိမ်ဖို့က ပိုပြီးနီးစပ်လာခဲ့ရသည်။
ထိုအခိုက်အတန့်မှာ ဇူယွမ်ကသူ့ရဲ့ခေါင်းကိုမော့လိုက်ပြီး သူ့ထံဝင်ရောက်လာသည့် ရွှေရောင်လှံရှည်ကိုကြည့်လိုက်သလို သူ့ရဲ့မျက်လုံးထဲမှာလည်း အေးစက်တဲ့အလင်းရောင်တွေ တစ်ဟုန်ထိုးထွက်ပေါ်လာခဲ့ရသည်။ သူကအသက်ကိုပြင်းစွာတစ်ချက်ရှူလိုက်ပြီးနောက်မှာ သူရဲ့ဝတ်စုံအောက်ကနေအလင်းရောင်တစ်ခု ထွက်ပေါ်လာခဲ့သည်။
“ရွှေလူဝံတောင်ကိုရွှေ့ခြင်းမှော်စာလုံး…”
တိုးညှင်းတဲ့အသံတစ်ခု ဇူယွမ်ရဲ့နှလုံးသားထဲမှာ ထွက်ပေါ်လာခဲ့ရကာ သူ့ရဲ့ခန္ဓာကိုယ်ပေါ်မှာရှိတဲ့ ရှုပ်ထွေးသည့်မှော်စာလုံးတစ်ခုက စတင်ပြီးအသက်ဝင်လာခဲ့ရသည်။
ဇူယွမ်ရဲ့ခန္ဓာကိုယ်က စတင်ပြီးလှုပ်ခတ်လာခဲ့သည်။ သူ့ရဲ့ခန္ဓာကိုယ်အတွင်းမှာ အံ့အားသင့်စရာကောင်းလှသည့်စွမ်းအားတစ်ခု ပေါက်ကွဲထွက်ပေါ်လာခဲ့ပြီး သူ့ရဲ့ခြေလက်တွေထံ စီးဝင်ပျံ့နှံ့သွားသည်ကို သူ့အနေနဲ့ခံစားမိလိုက်သည်။
သူ့ရဲ့ခန္ဓာကိုယ်ထဲမှာ စွမ်းအားတွေတစ်ဟုန်ထိုးထွက်ပေါ်လာခဲ့ရသလို သူ့ရဲ့ခန္ဓာကိုယ်ကလည်း အနည်းငယ်ပိုပြီးကြီးမားလာသလို ထင်လိုက်ရသည်။
သူ့ရဲ့လက်ငါးချောင်းက ကောင်းကင်ယွမ်စုတ်တံကို ခပ်တင်းတင်းဆုပ်ကိုင်လိုက်သကဲ့သို့ သူ့ရဲ့ခြေထောက်ကလည်း မြေပြင်ပေါ်ဆောင့်နင်းလိုက်သည်။ အဲ့ဒီနောက်မှာ သူ့ရဲ့ခန္ဓာကိုယ်က ရှေ့ကိုတစ်ဖြောင့်တည်းပြေးထွက်သွားခဲ့သလို ကောင်းကင်ယွမ်စုတ်တံကလည်း ရှေ့ကိုတိုးဝင်သွားခဲ့ကာ ရွှေရောင်လှံရှည်နဲ့နောက်ထပ်တစ်ကြိမ် ထပ်မံရင်ဆိုင်သွားခဲ့မိသည်။
ထန်း…
စုတ်တံနဲ့ လှံရှည်ထိပ်ဖျားတို့က ပြင်းပြင်းထန်ထန်ထိတွေ့သွားခဲ့ရသည်။
အဆိုပါထိပ်တိုက်တွေ့မှုကနေ ထွက်ပေါ်လာသည့်အားလှိုင်းတွေကို သာမန်မျက်စိဖြင့်ပင်မြင်တွေ့ရနိုင်ပြီး မြေပြင်ပေါ်မှကျောက်တုံးတွေကို လွင့်ပျံသွားစေခဲ့ရသလို အချို့ကျောက်တုံးတွေဆိုရင် ဖုန်မှုန့်အဖြစ်သို့ပြောင်းလဲသွားခဲ့ရသည်။
ဘန်း…
ထိုအခိုက်အတန့်မှာ ဇူယွမ်နဲ့ချီဟောင်တို့ရဲ့ခန္ဓာကိုယ်တွေက အနည်းငယ်လှုပ်ရှားသွားခဲ့ရသလို့ အံ့အားသင့်စရာကောင်းလောက်သည့်စွမ်းအားတွေ သူတို့ထံတိုးဝင်လာခဲ့သည်ကို နှစ်ယောက်စလုံးခံစားလိုက်ကြရသည်။ ဒီစွမ်းအားက သူတို့ရဲ့ခန္ဓာကိုယ်တွေကို မတည်မငြိမ်ဖြစ်ပေါ်စေသလို သူတို့နှစ်ယောက်စလုံးကိုလည်း နောက်ဘက်သို့ခြေလှမ်းများစွာ ဆုတ်ခွာသွားစေခဲ့သည်။
ဘာ…
ဒီမြင်ကွင်းက များစွာသောစောင့်ကြည့်သူတွေကို အထိတ်တလန့်အော်ဟစ်သွားစေခဲ့သည်။
ဒါကဒီတိုက်ခိုက်မှုမှာ ဇူယွမ်ရော ချီဟောင်ရော အသာစီးမရခဲ့ဘူးဆိုတာကို သူတို့မြင်လိုက်ရသောကြောင့်ဖြစ်သည်။
“ဒါကဘယ်လိုဖြစ်နိုင်မှာလဲ…” ချီဟောင်ရဲ့မျက်လုံးတွေထဲမှာ အံ့အားသင့်ထိတ်လန့်မှုတွေ ထွက်ပေါ်လာခဲ့သည်။ အစောပိုင်းတုန်းကတိုက်ခိုက်မှုမှာ သူ့အနေနဲ့ဇူယွမ်တစ်ယောက် ဒုက္ခရောက်သွားစေဖို့အတွက် အစွမ်းကုန်ပြုလုပ်ခဲ့ပေသည်။ ဒါပေမဲ့လည်း ဒီလိုမျိုးရလဒ်တစ်ခုထွက်ပေါ်လာလိမ့်မယ်လို့ ဘယ်သူကများထင်မှတ်ထားမိလိမ့်မည်နည်း။
ချီဟောင်ရဲ့အံ့အားသင့်တုန်လှုပ်နေမှုနဲ့ ဆန့်ကျင်စွာပင် ဇူယွမ်က လုံးဝကိုတည်ငြိမ်နေလျက်ရှိပေသည်။ ရွှေလူဝံတောင်ကိုရွှေ့ခြင်းမှော်စာလုံးက အဆင့် ၂မူလမှော်စာလုံးတစ်ခုဖြစ်ကာ ၎င်းကအသုံးပြုသူအပေါ် မယုံကြည်နိုင်စရာကောင်းသည့်စွမ်းအားတွေကို ရရှိစေခဲ့သည်။ ဒီစွမ်းအားနဲ့ဆိုရင် သူ့အနေဖြင့် အလယ်အလတ်ချီစုဆောင်းမှုအဆင့်မှာရှိနေသည့် ချီဟောင်ကိုကောင်းစွာရင်ဆိုင်နိုင်စွမ်းရှိစေသည်။
“နောက်ဆုံးတော့ ငါတို့နှစ်ယောက်ကြားက ကွာခြားချက်ကိုဖြည့်နိုင်ခဲ့ပြီပဲ…”
ဇူယွမ်က ကောင်းကင်ယွမ်စုတ်တံကို ခိုင်မြဲစွာဆုပ်ကိုင်ထားလျက်မှာ ချီဟောင်ကိုကြည့်လိုက်ပြီး ပြုံး၍ပြောလိုက်သည်… “ကောင်းမွန်တဲ့တိုက်ပွဲတစ်ခုကို တိုက်ခိုက်ကြစို့…”
ဇူယွမ်ကပြောလိုက်သကဲ့သို့ စုတ်တံရဲ့ထိပ်ဖျားကလည်း တုန်ခါလာခဲ့ကာ အစိမ်းရောင်အလင်းတစ်ခုထွက်ပေါ်လာခဲ့ရသည်။ အစိမ်းရောင်အလင်းက ၁၀လက်မနီးပါးရှည်ထွက်လာခဲ့ပြီး ၎င်းရဲ့အလင်းရောင်က ပို၍နက်ရှိုင်းလာခဲ့သည်။ ၎င်းက မီးလျှံအလင်းကျင့်စဉ်ပင်ဖြစ်သည်။
ဇူယွမ်ရဲ့စုတ်တံထိပ်ဖျားမှာ ခုန်ပေါက်လှုပ်ရှားနေသည့် အစိမ်းရောင်အလင်းကိုကြည့်နေလျက်မှ ချီဟောင်ရဲ့အမူအယာက ပိုလို့ပင်နက်မှောင်သွားခဲ့ရသည်။ ထို့နောက်မှာ သူ့ရဲ့ရွှေရောင်လှံရှည်ကို တစ်ချက်လှုပ်ရှားလိုက်ပြီး ဇူယွမ်နဲ့တူညီစွာပင် သူ့ရဲ့လှံရှည်ထိပ်မှ အစိမ်းရောင်အလင်းတစ်ခု ထွက်ပေါ်လာခဲ့သည်။
“ငါ့ရဲ့ရှေ့မှာ မင်းရဲ့မီးလျှံအလင်းကျင့်စဉ်ကို အသုံးပြုတာက အမှန်တယ်ကိုစဉ်းစားဉာဏ်မရှိတာပဲ…” ချီဟောင်က အေးစက်စွာပြောလိုက်၏။
ရွှစ်…
သူတို့နှစ်ယောက်ရဲ့အကြည့်တွေ ဆုံတွေ့သွားသည့်အခိုက်မှာ အေးစက်မှုတစ်ခု လေထဲမှာထွက်ပေါ်လာခဲ့ရပြီး စက္ကန့်အနည်းငယ်ကြာပြီးနောက်မှာ သူတို့နှစ်ယောက်စလုံးက ရှေ့ကိုပြေးထွက်ကာ တိုက်ခိုက်လိုက်ကြသည်။
ဘန်း… ဘန်း…
ချိုင့်ဝှမ်းအောက်ခြေမှာ လူနှစ်ယောက်က လျှပ်စီးအလားမြန်ဆန်လှတဲ့အရှိန်နဲ့ လှုပ်ရှားတိုက်ခိုက်နေကြသလို လှံရှည်နဲ့စုတ်တံတို့က တစ်ကြိမ်ပြီးတစ်ကြိမ်ထိပ်တိုက်ရင်ဆိုင်မိခဲ့ကြကာ ချိုင့်ဝှမ်းအတွင်း၌ သူတို့နှစ်ယောက်ထိပ်တိုက်တွေ့ဆုံမှုမှ ထွက်ပေါ်လာသည့်အားလှိုင်းတွေနဲ့သာ ပြည့်နှက်သွားခဲ့ရသည်။ သူတို့နှစ်ယောက်ဖြတ်သန်းသွားရာ မြေပြင်တစ်လျှောက်မှာလည်း အပျက်အစီးတွေနဲ့ ပြည့်နှက်သွားခဲ့သည်။
သူတို့နှစ်ယောက်စလုံးက သူတို့ရဲ့စွမ်းအားတွေကို အကန့်အသတ်ထိထုတ်ဖော်ကာ တိုက်ခိုက်နေကြလျက်ရှိသည်။
ချိုင့်ဝှမ်းအပေါ်ဘက်ရှိ အင်အားစုအားလုံးကလည်း သူတို့နှစ်ယောက်ရဲ့တိုက်ပွဲအပေါ် မျက်တောင်မခတ်တမ်းစိုက်ကြည့်နေမိကြသည်။ ထိုနှစ်ယောက်၏တိုက်ခိုက်မှုတွေက အညှာအတာကင်းမဲ့လှကာ ပြင်းထန်ရက်စက်ကြမ်းကြုတ်လှပေသည်။
သူတို့တွေမူလက အလွယ်တကူရှုံးနိမ့်သွားလိမ့်မယ်လို့ ထင်မှတ်ထားခဲ့ကြသည့် မင်းသားဇူယွမ်က ချီဟောင့်ကို ဒီလိုမျိုးထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်နိုင်လိမ့်မယ်လို့ သူတို့အနေနဲ့ ဘယ်လိုများထင်မှတ်ထားနိုင်လိမ့်မည်နည်း။
“မင်းသားလေးဇူယွမ်မှာ အမှန်တကယ်ကို ဒီလိုမျိုးစွမ်းဆောင်ရည်ရှိနေတာပဲ…”
“အခုအချိန်မှာ သူတို့နှစ်ယောက်ကြား ဘယ်သူနိုင်မယ် ဘယ်သူရှုံးမယ်ဆိုတာကို အတိအကျပြောနိုင်ဖို့က ခက်ခဲသွားခဲ့ရပြီ…”
“ဒါပေမဲ့လည်း ချီဟောင်ကအနိုင်ရဖို့အတွက် အခွင့်အရေးသာနေတုန်းပဲ… အလယ်အလတ်ချီစုဆောင်းမှုအဆင့်ကျင့်ကြံသူတစ်ယောက်ရဲ့မူလချီတွေက ဇူယွမ့်လိုစဦးချီစုဆောင်းမှုအဆင့်ကျင့်ကြံသူတစ်ယောက်ရဲ့မူလချီတွေထက် ပိုပြီးတော့ပြည့်ဝသလို ပိုပြီးတော့လည်းသန်မာတယ်… ဒါက မင်းသားဇူယွမ်အတွက်တော့ အမှန်တကယ်ကို စိတ်မကောင်းစရာပဲ…”
…