Switch Mode

အခန်း ( ၃၁ )

နဂါးနန်းတော်၏ ဖိတ်ကြားမှု

အခြေအနေသည် အနည်းငယ်ကို့ရို့ကားယားနိုင်သွားသည်။

လီချန်ရှို့နှင့် လန်လင်းအယ်တို့သည် ကောင်းကင်ယံကို တစ်ပြိုင်နက် မော့ကြည့်လိုက်ကြသည်။

ကောင်းကင်နဂါးသည် တောင်ကာမန္တန်အစီအရင်အထက်တွင် လှည့်ပတ်ပျံသန်းနေ၏။ တိမ်မည်းများသည်လည်း ကောင်းကင်တွင် ယိမ်းထိုးနေသည်။

ကောင်းကင်နတ်မင်းအဆင့်ရှိသည့် ဖိအားတစ်ခုသည် တောင်ကာမန္တန်အစီအရင်အား ဖောက်ကာ တုနတ်ဝိဇ္ဇာဂိုဏ်းရှိရာ တောင်အားလုံးကို ဖြည်းဖြည်းချင်း လွှမ်းခြုံသွား၏။ တောင်ထိပ်အားလုံးပေါ်တွင် လူရိပ်များပေါ်ထွက်လာကြသည်။ ထိုလူရိပ်များသည် ပြင်းထန်သောတုန်ခါမှုကြီးကြောင့် စိုးရိမ်သွားကြသည့် တုနတ်ဝိဇ္ဇာဂိုဏ်းမှ ဂိုဏ်းသားများ ဖြစ်ပေသည်။

ရုတ်ခြည်းပင် ကောင်းကင်ခွင်းတောင်ထိပ်မှနေ၍ အလင်းတန်းများထွက်ပေါ်လာပြီး တောင်ကာမန္တန်အစီအရင်အား ဖောက်ထွက်ပျံသန်းသွားလေသည်။ အလင်းတန်းများသည် လူရိပ်လေးခုအဖြစ် ပြောင်းလဲသွားပြီး ကောင်းကင်ပေါ်တွင် ရပ်နေကြကာ မလှမ်းမကမ်းရှိ တိမ်တိုက်ကြီးအား ကြည့်နေကြသည်။

ရှေ့ဆုံးတွင် ရပ်နေသော အမျိုးသားကျင့်ကြံသူသည် အစိမ်းရောင်နှင့် အဖြူရောင်စပ်ထားသော ဝတ်ရုံကို ဝတ်ဆင်ထားကာ ကောင်းကင်ပေါ်တွင် လက်နောက်ပစ်၍ ရပ်နေ၏။ သူသည် ထင်ရှူးပင်ကြီးတစ်ပင်ကဲ့သို့ ကျစ်လစ်မြင့်မားပေသည်။ သူ၏နားထင်နှစ်ဘက်တွင် ရှည်လျားသောဆံပင်ဖြူများသည် ဝဲ၍ကျနေကာ တည်ငြိမ်ရင့်ကျက်ပုံပေါ်နေလေသည်။

သူပေါ်လာသည်နှင့် တပြိုင်နက် ကောင်းကင်ရှိ ဖိအားသည် ရုတ်ခြည်းပင် ပျောက်ကွယ်သွားလေသည်။ ကောင်းကင်နဂါးသည် ချက်ချင်းပင် တိမ်များအတွင်းသို့ ပြေးဝင်သွား၏။ ၎င်းသည် တောင်ကာမန္တန်အစီအရင်နားသို့ မကပ်ဝံ့တော့ပေ။

ယင်းသည် အရှင်ဝမ်ချင်းအား လီချန်ရှို့ ပထမဆုံးအကြိမ် စတင်တွေ့ဖူးခြင်း ဖြစ်သည်။

ဟုတ်ပေသည်။ ထို နားထင်တွင် ရှည်လျားသောဆံပင်ဖြူများရှိသည့် ချောမောခံ့ညားသော အမျိုးသားသည် ကျိုးနတ်ဝိဇ္ဇာကိုးပါးတို့၏ ဆရာပင် ဖြစ်လေသည်။ သူသည် တုနတ်ဝိဇ္ဇာဂိုဏ်းမှ ကောင်းကင်နတ်မင်းအဆင့်ရှိသူဖြစ်ပြီး သူ၏တာအိုနာမည်သည် ဝမ်ချင်းဖြစ်သည်။

အရှင်ဝမ်ချင်း၏အနောက်တွင် တာအိုရသေ့အိုတစ်ပါးသည် မြင်းမြီးနှင်တံကို ကိုင်ကာ ရပ်နေလေသည်။ သစ်သားချိုင်းထောင်ကိုကိုင်ကာ ပြုံးနေသော အဘွားအိုတစ်ဦးလည်းရှိ၏။

နောက်ဆုံးတစ်ယောက်သည် သက်တံ့ရောင်ဝတ်စုံဝတ်ဆင်ထားသည့် နတ်သမီးတမျှ လှပသည့် အမျိုးသမီးတစ်ဦးဖြစ်သည်။ သို့သော် သူမ၏ဘေးပတ်လည်တွင် မြူအလွှာပါးတစ်ခုလွှမ်းခြုံထားလေရာ မည်သူမှ သူမအား သဲကွဲစွာ မမြင်ရချေ။

ကြေးခွံနီများရှိသည့် ကောင်းကင်နဂါးသည် တိမ်စိုင်များအတွင်းမှ နေ၍ အော်ပြောလိုက်သည်။

“ မင်းက တုနတ်ဝိဇ္ဇာဂိုဏ်းက ဂိုဏ်းချုပ်လား ”

အရှင်ဝမ်ချင်းသည် ခေါင်းပင်မော့၍ မကြည့်ချေ။ သူ၏ တည်ငြိမ်သောအသံသည် မန္တန်အစီအရင် အတွင်းအပြင်တွင် ပဲ့တင်ထပ်သွားသည်။

“ ကျုပ်က ဂိုဏ်းထဲက ရာထူးမရှိတဲ့ ကျင့်ကြံသူတစ်ယောက်ပါ။ တုနတ်ဝိဇ္ဇာဂိုဏ်းချုပ် မဟုတ်ပါဘူး။ ကျုပ်က ဒီနဂါးလေး နည်းနည်းရိုင်းတာပဲလို့ ထင်မိလို့ ဆုံးမပေးရအောင် ထွက်လာတာပါ ”

“ ဘာပြောတယ်ကွ ”

အနီရောင်နဂါးကြီးသည် တိမ်စိုင်များအတွင်းမှနေ၍ ဒေါသတကြီး အော်ပြောလိုက်သည်။ ကောင်းကင်အား လွှမ်းခြုံထားသော တိမ်မည်းအများစုသည် ပြန့်ကျဲသွားပြီး ဒေါသလျှပ်စီး ကောင်းကင်မီးတောက်ပါသော နဂါးလက်သည်းကြီးသည် အရှင်ဝမ်ချင်းထံသို့ ဦးတည်သွားလေသည်။

ကောင်းကင်အားဖောက်ထွက်လာသော နဂါးလက်သည်းကြီးသည် တစတစ ကြီးလာလေသည်။ မျက်စိတစ်မှတ်အတွင်း ထိုလက်သည်းသည် ကျန့်(၁၀၀)ခန့်အထိ ကြီးမားသွားပြီး ကောင်းကင်တစ်ပြင်လုံးအား ဖုံးအုပ်သွားကာ နေလုံးကိုပင် ကွယ်သွားသည်။ ၎င်းသည် တောင်ကာမန္တန်အစီအရင်နှင့် ကောင်းကင်ခွင်းတောင်အား တစ်ချက်တည်း ချေမွှပစ်တော့မည့် ဟန်ရှိပေသည်။

ထိုအခြင်းအရာကို မြင်လိုက်ရသောအခါ ဂိုဏ်းသားအများစုသည် အသက်ရှူရန်ပင် မေ့သွားကြ၏။ ကျင့်ကြံခြင်းအဆင့်မြင့်သည့် ဂိုဏ်းသားတချို့သည်လည်း အသက်ရှူကြပ်သွားကြသည်။

လန်လင်းအယ်သည် လီချန်ရှို့၏ဘေးတွင် ရပ်နေပြီး ဆရာတူအစ်ကို၏ လက်မောင်းအား အလိုအလျောက်ပင် ဆွဲမိသွားသည်။ သူမ၏ ကျင့်ကြံခြင်းအဆင့်သည် နိမ့်လွန်းလှသေးသည်။ ထို့ပြင် နဂါးကြီး၏ ဖိအားများသည် သူမကို ဖိနှိပ်ထားလေရာ သူမသည် အလွန်အမင်း နေရထိုင်ရခက်နေသည်။

လီချန်ရှို့သည် တမုဟုတ်ခြင်းပင် ကိုယ်ရောင်ကိုယ်ဝါအနည်းအားထုတ်ကာ လန်လင်းအယ်အား လွှမ်းခြုံပေးလိုက်သည်။ ထိုအခါမှသာ သူမသည် ခံစားနေရသော ဖိအားဒဏ်မှ အတန်ငယ် သက်သာရာရသွားလေသည်။ ထိုကိုယ်ရောင်ကိုယ်ဝါသည် သူမထံတွင် ကိုယ်တွင်းမိစ္ဆာ မဖြစ်ပေါ်လာစေရန်လည်း အကာအကွယ်ပေးလေ၏။

ရုတ်တရက်ပင် ကောင်းကင်တစ်ပြင်လုံးအား ဖုံးလွှမ်းကာ တောင်တန်းကြီးများသဖွယ် ခမ်းနားကြီးကျယ်သော နဂါးလက်သည်းကြီးသည် တောင်ကာမန္တန်အစီအရင် အထက်တွင် ရပ်တန့်သွားလေသည်။

ထိုလက်သည်းကြီး၏ အရှိန်ဖြင့်ပါလာသော လေပြင်းများသည် ပါးလွှာ၍ ပိုးသားကဲ့သို့သော တောင်ကာမန္တန်အစီအရင်အား တလျှပ်လျှပ် လှုပ်ခတ်သွားစေ၏။

သို့သော် ကြီးမားလှသော နဂါးလက်သည်းကြီးသည် ထူးဆန်းစွာပင် လေထဲ၌ ရပ်တန့်သွားပြီး ထိုလက်သည်းကြီးသည် ရှေ့သို့ မြူတစ်မှုန်စာမျှပင် ဆက်၍ မတိုးနိုင်ချေ။

လီချန်ရှို့သည် သူ၏ဓမ္မတန်ခိုးများကို မျက်လုံးတွင် သုံး၍ကြည့်လိုက်ရာ အရှင်ဝမ်ချင်းသည် လက်ဝဲလက်အား လေထဲတွင် မြှောက်ထားကြောင်း တွေ့လိုက်ရသည်။

သူသည် လက်ချောင်းတစ်ချောင်းကို ထုတ်၍ လက်ချောင်းဓားသဖွယ်ပြုလုပ်ကာ ကြီးမားသော နဂါးလက်သည်းကြီးထံ ညွှန်ထားလေသည်။

အရှင်ဝမ်ချင်းသည် တောင်ကြီးတမျှ ကြီးမားသော နဂါးလက်သည်းကြီးအား လက်ချောင်းတစ်ချောင်းတည်းဖြင့် ကာနိုင်ပေ၏။

သူ၏ ဆံပင်ရှည်များနှင့် ဝတ်ရုံသည် လေထဲတွင် လွင့်ပျံနေသည်။

“ရှူး…”

စက်ဆုပ်စရာကောင်းသော နှာမှုတ်သံကြီးတစ်သံသည် လီ(၁၀၀၀) ပတ်ပတ်လည်တွင် ပဲ့တင်သွားသည်။

အရှင်ဝမ်ချင်း၏ လက်ဝဲလက် လှုပ်ခါသွား၏။ တစ်ဆက်တည်းမှာပင် တောင်ကြီးကဲ့သို့ နဂါးလက်သည်းကြီးသည် အစိတ်စိတ်အမြွှာမြွှာကွဲကာ ကောင်းကင်တွင် ပေါက်ကွဲသွားလေတော့သည်။

တိမ်များကြားတွင် လူးလွန့်နေသော ကောင်းကင်နဂါးကြီးအား ထပ်မံမြင်တွေ့လိုက်ရသည်။ သို့သော် ၎င်းအား မမြင်ရသော စွမ်းအင်အလွှာတစ်ခုက လွှမ်းခြုံထား၏။ ၎င်း၏ ခန္ဓာကိုယ်ကြီးသည် တွန့်လိမ်ရုန်းကန်နေသော်လည်း နောက်ဆုံးတွင် အဝေးသို့ လွှင့်ပစ်ခံလိုက်ရတော့သည်။

ခေတ္တမျှကြာသောအခါ ကောင်းကင်နဂါးသည် ပြန်၍ရောက်လာပြီး ဒေါသတကြီး‌ အော်ဟစ်၍နေ၏။

အရှင်ဝမ်ချင်းသည် အတန်ငယ် ခေါင်းမော့လိုက်သည်။ သူ၏မျက်လုံးများတွင် သတ်ဖြတ်လိုသည့်အရိပ်အယောင်များ ထင်ဟပ်လေသည်။

ကောင်းကင်နဂါးသည် အော်ဟစ်နေသည်ကို ချက်ချင်းပင် ရပ်တန့်လိုက်ရ၏။ ၎င်း၏ ခန္ဓာကိုယ်တစ်ဝိုက်တွင် စူးရှသော အနီရောင်အလင်းများ ပေါ်ပေါက်လာပြီး ထွားကြိုင်းသန်မာသော နဂါးဦးခေါင်းနှင့် လူတစ်ယောက်သဏ္ဍာန် ပြောင်းလဲသွားလေသည်။ ထိုလူသည် ချပ်ဝတ်တန်ဆာများလည်း ဝတ်ဆင်ထားပြီး တုန်လှုပ်ကာ ‌ဒေါသထွက်နေပုံလည်း ပေါ်၏။

အရှင်ဝမ်ချင်းသည် အေးစက်စက်ပြောလိုက်သည်။

“ ကောင်းကင်နတ်မင်းအဆင့်ရောက်ခါစလောက်နဲ့ တုနတ်ဝိဇ္ဇာဂိုဏ်းကို ပြဿနာလာရှာရဲတယ်ပေါ့လေ။ အသက်ရှင်ရတာ ငြီးငွေ့နေပြီ ထင်တယ် ”

ထွားကြိုင်းသန်မာသော နဂါးခေါင်းနှင့်လူသည် ဒေါသဖြင့် အော်ဟစ်လိုက်သည်။ သို့သော် သူသည် မဆင်မခြင် မတိုက်ရဲပေ။ ထိုအစား သူသည် ကောင်းကင်ပေါ်မှနေ၍ အော်ပြောလိုက်သည်။

“ တုနတ်ဝိဇ္ဇာဂိုဏ်း…ကြည့်ရတာ မင်းတို့က ခက်ခဲတဲ့လမ်းကို ရွေးချင်တဲ့ပုံပဲ ”

“ ငါက အရှေ့ပင်လယ် နဂါးနန်းတော်က အထူးသံတမန်ပဲ။ ပြီးတော့ ရေနဂါးနန်းတော် တပ်ဖွဲ့ရဲ့ ရှေ့တန်းသူရဲကောင်းတစ်ဦးလည်း ဖြစ်တယ် ”

“ ဘယ်လိုလုပ် မင်းတို့ ဒီလောက်ရိုင်းရိုင်းစိုင်းစိုင်း ပြုမူရတာလဲ။ ငါဒီကိစ္စကို နဂါးဘုရင်ဆီ သေချာပေါက် လျှောက်တင်ရမှာပဲ။ မကြာခင် ငါတို့တပ်တွေပြင်ပြီး မင်းတို့ရဲ့ ဒီအနုတ်စုတ်ဂုတ်စုတ် တောင်လေးကို အမှုန့်ခြေပစ်မယ်ကွ ”

အရှင်ဝမ်ချင်း၏ အနောက်တွင်ရပ်နေသော တာအိုရသေ့အိုကြီးသည် ရုတ်ခြည်းပင် ထ၍ရယ်လိုက်သည်။

“ နဂါးနန်းတော်က ဒီလောက် သတ္တိရှိရှိပြုမူနေတာ မြင်ရခဲတဲ့ အဖြစ်ပဲ… ”

“ ဒါပေမဲ့ မင်းရဲ့ရာထူးတွေကိုပြောပြီး တုနတ်ဝိဇ္ဇာဂိုဏ်းကို လာအနိုင်ကျင့်ချင်တာက နည်းနည်းလေး စည်းကျော်သလို မဖြစ်နေဘူးလား ”

“ တုနတ်ဝိဇ္ဇာဂိုဏ်းဆိုတာ လူသားတွေရဲ့ ကျောင်းတော်တွေနဲ့ ပတ်သတ်နေတာပဲ။ လူသားကျောင်းတော်တွေရဲ့ ကံကောင်းခြင်းတွေက ငါတို့ကို ကာကွယ်ပေးထားတယ်။ အရှေ့ပင်လယ်က နဂါးတွေက ကိုယ့်ဘာသာအရှေ့ပင်လယ်မှာ အေးအေးလူလူနေပြီး ကိုယ့်ကံကောင်းခြင်းကို ကိုယ်မွေးမြူမနေဘဲ ဒီလိုမိစ္ဆာနဂါးတစ်ကောင် ထင်ရာကြဲနေတာကို ခွင့်ပြုထားတာပဲ။ ပြီးတော့ ငါတို့ရဲ့ တောင်ကာမန္တန်အစီအရင်ကိုလည်း မပြောမဆို တိုက်ခိုက်လိုက်သေးတယ်… ”

“ မင်းလို ရှေ့တန်းကကောင်လေးက လူသားကျင့်ကြံသူတွေနဲ့ နဂါးမျိုးနွယ်ကြားမှာ စစ်မီးမွှေးဖို့ လုပ်နေတာလား… ”

“ မင်း… ”

ထို နဂါးခေါင်းနှင့်သူသည် မျက်လုံးများ ပြူးကျယ်သွားသည်။ သူသည် ထိုမေးခွန်းအား သတိလက်လွတ် မဖြေဝံ့ပေ။

၎င်းတို့ နဂါးမျိုးနွယ် ယခုကြုံနေသော အကျပ်အတည်းသည် ရှေးတုန်းကလို မဟုတ်ပေ။ စုန်းကဝေ-မိစ္ဆာ စစ်ပွဲကြီးဖြစ်နေစဉ်တွင် လူသားမျိုးနွယ်သည် ပျော့ညံ့ကာ အားနည်းခဲ့၏။ သို့သော် ယခုအခါတွင် လူသားမျိုးနွယ်သည် ကောင်းကင်နှင့်မြေကြီးတွင် ဇာတ်လိုက်ကျော်များ ဖြစ်နေပေပြီ။ လူသားတို့သည် ရှေးက စုန်းကဝေများနှင့် မိစ္ဆာများထက်ပင် ကြွယ်ဝတိုးတက်နေပြီဖြစ်သည်။

လူသားမျိုးနွယ်သည် နဂါးမျိုးနွယ်အား တိုက်ခိုက်ရန် လူသားကျင့်ကြံသူများ၏ အင်းအားအကုန်ပင် အသုံးပြုရမည်မဟုတ်ချေ။ အရှေ့ကျွန်းရှိ နတ်ဝိဇ္ဇာဂိုဏ်းများသည် ကျောင်းတော်သုံးကျောင်းမှ တန်ခိုးကြီးပုဂ္ဂိုလ်တစ်ဦး နှစ်ဦးအား ဖိတ်ခေါ်လိုက်လျှင်ပင် နဂါးမျိုးနွယ်အား ချေမှုန်းနိုင်ပေသည်။ နဂါးမျိုးနွယ်သည် ထိုသူတို့၏ တိုက်ခိုက်ခြင်းအားပင် ခံနိုင်မည်မဟုတ်ပေ။

ထိုကောင်းကင်နဂါးသည် ကြံရခက်နေသည်။

တုနတ်ဝိဇ္ဇာဂိုဏ်မှ ချိုင်းထောက်နှင့် အဘွားအိုသည် အချိန်ကောင်းတွင် ရှေ့ထွက်ရပ်လိုက်သည်။ သူမသည် အခြေအနေအား အပြုံးကလေးဖြင့်ပင် ဖြေရှင်းလိုက်သည်။ သူမသည် နဂါးအား စကားချိုချိုသာသာ တချို့ပြောလိုက်ပြီး ဂယ်ပေါက်ပေးလိုက်၏။

ထိုနဂါးသည် သူမ၏ ကမ်းလှမ်းချက်ကို လက်ခံလိုက်ပြီး ကြံကြံခံသည့်မျက်နှာထားဖြင့် သူ၏လာရင်းကိစ္စကို ပြောလိုက်သည်။

“ လွန်ခဲ့တဲ့ ရက်နည်းနည်းက တုနတ်ဝိဇ္ဇာဂိုဏ်းက အရှေ့ပင်လယ်ကိုလာပြီး မိစ္ဆာတွေနှိမ်နင်းသွားတယ်။ ဒါပေမဲ့ မင်းတို့ဂိုဏ်းက တပည့်တွေက နဂါးမျိုးနွယ်က ပျိုးထောင်ထားတဲ့ စစ်သည်တချို့ကိုပါ မတော်တဆ သတ်မိသွားတယ်… ”

“ ဒါပေမဲ့ ငါတို့ရဲ့ နဂါးဘုရင်ကြီးက အဲ့ကိစ္စကို လျှော်ပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အခုကနေ နောက်သုံးနှစ်ကြာရင် အရှေ့ပင်လယ်မှာ မိစ္ဆာနှိမ်နင်းတွေ့ဆုံပွဲ ကျင်းပလိမ့်မယ်။ အနာဂတ်မှာ မိစ္ဆာနှိမ်နင်းမယ့်အရေးတွေကို ဆွေးနွေးဖို့ အရှေ့ကျွန်းက တုနတ်ဝိဇ္ဇာဂိုဏ်းကို တွေ့ဆုံပွဲတက်ဖို့ ငါတို့ နဂါးနန်းတော်ကနေ ဖိတ်ကြားလိုက်တယ် ”

“ အရှေ့ပင်လယ်က နဂါးနန်းတော်မှာ ရတနာတွေအပြည့်ပဲ။ တွေ့ဆုံပွဲမှာ ကောင်းကောင်းလုပ်နိုင်တဲ့ လူသားမျိုးနွယ်က တပည့်တွေကို ထိုက်ထိုက်တန်တန် ဆုချီးမြှင့်မှာပါ… ”

“ ဒါက ဖိတ်စာကျောက်ပြားပဲ … တွေ့ဆုံပွဲကို မလွတ်ပါစေနဲ့ ”

နဂါးခေါင်းနှင့်လူသည် စကားပြောပြီးသွားသောအခါ တလက်လက်တောက်ပနေသော ဖိတ်စာကတ်ပြားအား ပစ်ချပေးလိုက်သည်။ ထို့နောက် သူသည် ကောင်းကင်နဂါးအဖြစ်ပြန်၍ပြောင်းပြီး တိမ်တိုက်အတွင်းသို့ဝင်ကာ ထွက်ခွာသွားလေတော့သည်။

အဘွားအိုသည် ဖိတ်စာကျောက်ပြားအား သိမ်းလိုက်ပြီး အော်ပြောလိုက်သည်။

“ ဖြည်းဖြည်းသွားပါ ရှေ့တန်းသူရဲကောင်းကြီး…ကျမတို့ လိုက်မပို့တော့ဘူးနော်… ”

တုနတ်ဝိဇ္ဇာဂိုဏ်းအတွင်း နဂါးနန်းတော်နှင့်ပတ်သတ်သည့် ဟာသများ ရုတ်ခြည်းပင် ညံ၍သွားသည်။

ထို ဂိုဏ်းအတွင်းစည်းရှိ အကြီးအကဲလေးဦးသည် နဂါးနှင့်ထွက်၍ ရင်မဆိုင်မီ ခေါင်းချင်းဆိုင် ဆွေးနွေးခဲ့ကြသည်။ အရှင်ဝမ်ချင်းသည် အကြမ်းနည်းသုံးမည်၊ တာအိုရသေ့အိုသည် နဂါးအား ခြိမ်းခြောက်စကားဆိုမည်၊ အဘွားအိုသည် အနုနည်းသုံးမည်ဟု ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်။

ထို ကောင်းကင်နတ်မင်းအဆင့်ရှိသော နတ်ဝိဇ္ဇာသုံးပါးသည် ကိုယ်ပိုင်ပြဇာတ်ခုံတစ်ခုဖန်တီး၍ နဂါးနန်းတော်မှ မောက်မာသောစစ်သူကြီးအား ကစားခဲ့ရုံသာ ဖြစ်ပေသည်။

ထိုနဂါးသည် တုနတ်ဝိဇ္ဇာဂိုဏ်းအား စတင်စိန်ခေါ်ကြည့်ကာ လောင်းကြေးထပ်ကြည့်ရန် ရည်ရွယ်ခဲ့ပုံပေါ်သည်။ သို့သော် သူ့ကိုယ်သူ ရယ်စရာတစ်ခုအဖြစ်သာ ဖြစ်သွားစေသည်။ သူသည် ကြမ်းကြမ်းတမ်းတမ်းစကားပင် ထပ်၍မပြောဝံ့တော့ဘဲ မကျေမနပ်ဖြင့်သာ ပြန်သွားရလေသည်။

နဂါးသည် တိမ်ကိုအစိုးရသလို ကျားသည် လေကိုအစိုးရပေသည်။ ကောင်းကင်နဂါးတစ်ကောင် တိမ်စီးနေသည့် မြင်ကွင်းမှာ မြင်ရခဲလှပေသည်။

“ ဆရာတူအစ်ကို… ဒါက အစ်ကိုပြောတဲ့ အားကြီးသူနိုင်တဲ့လောကဆိုတာပေါ့လေ ”

လန်လင်းအယ်သည် ညင်ညင်သာသာမေးလိုက်သည်။

လီချန်ရှို့သည် ခေါင်းကိုအသာခါယမ်းကာ သူမထံသို့ အသံပို့လွှတ်လိုက်သည်။

“ သူတို့က ဆရာတစ်ပါးအနေလောက်ပဲ ပြောလို့ရဦးမယ်။ အင်အားအကြီးဆုံး ကျင့်ကြံသူတွေတော့မဟုတ်သေးဘူး… ”

ထို့နောက်တွင် ထိုဆရာတူမောင်နှမသည် မကြာသေးမီက ဖြစ်ပျက်ခဲ့သည်များကို ပြန်အမှတ်ရသွားသည်။ သူတို့သည့် ခေါင်းငုံ့ကာ အရှေ့ခပ်လှမ်းလှမ်းကို တပြိုင်တည်း ကဲကြည့်လိုက်သည်။

ချီယွမ်သည်လှောင့်ချိုင့်ဘေးအပြင်သို့ရောက်နေကာ ‌ဖရာဒေးလှောင်ချိုင့်၏ဘေးတံခါးအား ညင်သာစွာပိတ်နေပြီး ထွက်သွားရန်ဟန်ပြင်နေလေသည်။

လန်လင်းအယ်သည် ကောင်းကင်သို့သာ ဆက်၍ငေးကြည့်လိုက်ပြီး သူမ၏ဆရာလုပ်ကိုင်နေသည်များကို မမြင်ဟန်ဆောင်နေလိုက်သည်။

ထိုအချိန်တွင် လီချန်ရှို့သည် မျက်လုံးများမှိတ်ကာ အတွေးနက်နေသည့်ပုံ ဟန်ဆောင်နေပေသည်။ သူသည် ယခုပင် တွေ့ခဲ့ရသော စွမ်းအားကြီးကျင့်ကြံသူများ၏ ကြုံတောင့်ကြုံခဲ တိုက်ပွဲကြောင့် အံ့အားသင့်နေသည့်ဟန်ဆောင်နေလေသည်။

ချီယွမ်သည် သူ၏တပည့်နှစ်ယောက်က သူ၏မာန မထိခိုက်စေရန် ထိုသို့လုပ်နေခြင်းဖြစ်ကြောင်း သိလေသည်။

သူ၏အရေးအကြောင်းများရှိနေသော နဖူးပြင်တွင် နဖူးကြောလေးများ တွန့်နေပြီး သူ၏မျက်နှာသည် ဆီးရွက်သာသာရှိတော့ပြီး နှုတ်ခမ်းများလည်း တွန့်ကွေးနေလေသည်။ သို့သော် မည်သည့်စကားမှတော့ ထွက်၍မလာချေ။

“ အဟမြး..အဟမြး…”

“ ဘယ်သူမှ မရယ်ကြနဲ့… ”

“ ဒါက ငါရဲ့ပထမဆုံး အကြိမ် ကောင်းကင်ပြစ်ဒဏ်ပဲ။ ဒါကြောင့် အတွေ့အကြုံမရှိ ဖြစ်နေတာ။ ငါ…အခန်းအောင်းကျင့်…ကျင့်ကြံဖို့ သွားတော့မယ်…. ”

ယင်းသို့ပြောပြီးသည်နှင့် ချီယွမ်သည် သူ၏မျက်နှာအားအုပ်ကာ တိမ်တိုက်စီး၍ ခပ်သုတ်သုတ်ထွက်သွားလေ၏။

ဆရာတူမောင်နှမသည် ချီယွမ်တစ်ယောက် သူ၏တဲအိမ်သို့ပြန်ရောက်ကာ မန္တန်အစီအရင်များ နှိုးလိုက်သည်အထိ ရယ်ချင်သည်ကို အောင့်၍ထားကြလေသည်။

ထိုအမှားသည် အစမ်းကောင်းကင်ပြစ်ဒဏ်အဖြစ် သတ်မှတ်နိုင်ပေသည်။

ကံအားလျှော်စွာ သူတို့သည် အခြားတောင်များရှိသူများကို အသိမပေးလိုက်ရပေ။ ထို့ကြောင့်သာ အခြား ပရိသတ်များ ရှိ၍မနေခြင်းပင်။ ထို့ပြင် နဂါးသည် အာရုံစိုက်မှုအားလုံးကို သိမ်ကြုံးယူသွားခဲ့၏။ ထိုသို့သာမဟုတ်လျှင် ယခုအချိန်တွင် ချီယွမ်ကား သူ့ကိုယ်သူ သတ်သေချင်စိတ်ဖြစ်နေပေလိမ့်မည်။

သူတို့သည် ကောင်းကင်ပြစ်ဒဏ်အား ရုတ်တရက်ကြီး မခံရသည်မှာလည်း ကောင်းသောအရာတစ်ခုပင် ဖြစ်သည်။

အခြေအနေများတည်ငြိမ်သွားသောအခါ သူ၏ဆရာသည် သူပေးလိုက်သော အဖိုးတန်ဆေးလုံးဆိုသည်အား ထုတ်၍စစ်ဆေးလေမည်လောဟု လီချန်ရှို့စိုးရိမ်သွားမိသည်။

သို့သော် သူ၏ဆရာသည် နတ်ဝင်ဇ္ဇာပျော်ဝင်ဆေးလုံးအား တိုက်ရိုက်စစ်ဆေးလျှင်ပင် မည်သည့်ဆေးလုံးဖြစ်ကြောင်း သိမည် မဟုတ်ပေ။

ချီယွမ်သည် ဆေးလုံးဖော်စပ်ခြင်းတွင် မကျွမ်းကျင်ပေ။ သူသည် မန္တန်အစီအရင်အတတ်သာ အတော်အသင့် တတ်မြောက်ထားလေသည်။

လွန်ခဲ့သည့်နှစ်(၁၀၀၀)ကျော် သူဂိုဏ်းသို့ စတင်ဝင်ရောက်ခဲ့သည့်အချိန်ကတည်းက ချီယွမ်သည် သူ၏ကျင့်ကြံခြင်း အဆင့်အား မြှင့်တင်ရန်သာ သူ၏အချိန်အများစုကို အသုံးချခဲ့သည်။ သို့သော် သူ၏တာအိုအခြေခံသည် ထိခိုက်သွားသဖြင့် သူ၏ကျင့်ကြံခြင်းလမ်းစဉ်သည် ခက်ခဲကြမ်းတမ်းခဲ့လေသည်။

ချီယွမ်တစ်ယောက် ကောင်းကင်ပြစ်ဒဏ်အား ‌အောင်မြင်စွာကျော်လွှားနိုင်မည့် ဖြစ်နိုင်ချေနည်းပါးခြင်းသည်လည်း သူ၏ တာအိုအခြေခံရှိ ထိခိုက်မှုအပျက်အစီးကြောင့်သာ ဖြစ်သည်။

လီချန်ရှို့၏ ဆရာ့အား ကောင်းကင်ပြစ်ဒဏ်ခံနိုင်ရန် ကူညီခြင်း၏ တတိယအဆင့်သည် သူ၏တာအိုအခြေခံကို ကုသပေးရန်ဖြစ်သည်။

သို့သော် တတိယအဆင့်သည် ပြဿနာကို အမြစ်မှနေ၍ ဖြေရှင်းနိုင်ပုံပေါ်သော်လည်း လက်တွေ့တွင်မူ ထိုအရာသည် အန္တရာယ်အများဆုံးနှင့် အခက်ခဲဆုံး အဆင့်ဖြစ်သည်။

သူ၏ တာအိုအခြေခံရှိ ထိခိုက်မှုသည် သူငယ်ရွယ်စဉ်မှရရှိခဲ့သော ဒဏ်ရာအနာတရဖြစ်သည်။

လီချန်ရှို့သည် ဒဏ်ရာရခဲ့သည့် အကြောင်းအရင်းအား သူ၏ဆရာကို အကြိမ်ပေါင်းများစွာ မေးခဲ့သော်လည်း ချီယွမ်သည် ထိုမေးခွန်းအား မည်သည့်အခါမှ ရှင်းရှင်းလင်းလင်းမဖြေခဲ့ချေ။ သူသည် ကျင့်ကြံရာတွင် အမှားတချို့လုပ်မိသည် ဟူ၍သာ ပြန်ပြောလေသည်။

ထိုဒဏ်ရာရရှိပြီးနောက် ဂိုဏ်းအတွင်းရှိ အစ်ကိုအစ်မများသည် သူ၏အသက်အား ကယ်တင်နိုင်ရန် ဆေးလုံးများစွာ အသုံးပြုခဲ့ရသည်။ ထိုစဉ်က ချုံတောင်လေးတွင် ချီယွမ်တစ်ဦးတည်းသာ ရှိသေးသည်။ သူ၏ ဆရာအဘိုးသည် လွန်ခဲ့သော နှစ်ပေါင်း(၉၀၀)ကျော်ကပင် လောကသုံးပါးအား လှည့်လည်သွားလာရန် တောင်မှထွက်သွားခဲ့ရာ ယနေ့အချိန်အထိ ပြန်ရောက်မလာသေးပေ။

ချီယွမ်သည် သူ၏တာအိုအခြေခံကို ပြန်၍ကုသနေစဉ်အတွင်း ဂိုဏ်းမှ သူ့ကို ကုသဆေးလုံးများ အမြောက်အမြားပေးခဲ့သည်။ သို့သော် ထိုအထဲတွင် တန်ဖိုးကြီးရတနာများတော့ မပါခဲ့ချေ။

ချီယွမ်၏ တာအိုအခြေခံရှိ ဒဏ်ရာများတည်ငြိမ်သွားသောအခါ သူသည် နောက်ထပ် နှစ်(၂၀၀)ခန့် ကျင့်ကြံကုသခဲ့သည်။ သူသည် အကောင်းပကတိပြန်ဖြစ်ခဲ့ပြီဟု ထင်ရသော်လည်း သူ့တာအိုအခြေခံရှိ ထိခိုက်မှုသည် အရှင်းမပျောက်ကင်းခဲ့ပေ။ အရှင်းပျောက်အောင် ကုသရန်သည်လည်း မဖြစ်နိုင်သလောက်ပင်။

သစ်ပင်တစ်ပင်သည် အနေအထားမမှန်ဘဲ ကြီးပြင်းခဲ့လျှင် ဆက်၍ပင် ထိုအနေအထားအတိုင်း ကြီးပြင်းလေ၏။ ထိုအပင်သည် ပုံပန်းမကျသော သစ်ပင်အိုကြီးသာ အဖြစ်သာ ဇာတ်သိမ်းပေလိမ့်မည်။

ချီယွမ်ခံစားခဲ့ရသော တာအိုဒဏ်ရာသည်လည်း ထိုကဲ့သို့ပင်ဖြစ်သည်။

ချီယွမ်၏ တာအိုအခြေခံအား ပြန်လည်ပြုပြင်ရန် လီချန်ရှို့အနေဖြင့် ချီယွမ်နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့ရသည့် ကျင့်ကြံခြင်းအဆင့်အား ဖျက်ဆီးပစ်ရန် လိုလေသည်။ ထို့နောက် ကျက်နေပြီးဖြစ်သော တာအိုဒဏ်ရာအား သတိကြီးကြီးဖြင့် ပြန်ဖော်၍ ရှားပါးသောရတနာများကို သုံးကာ ပြန်၍ ကုသပေးရမည်ဖြစ်သည်။

ထိုလုပ်ငန်းစဉ်သည် အန္တရာယ်များရုံသာမက ချီယွမ်သည်လည်း အလွန်အမင်းနာကျင်မှုဒဏ်ကို မချိမဆံ့ခံရပေမည်။ ထို့ပြင် ရှားပါးရတနာများကို ရှာဖွေနိုင်ရန်သည်လည်း ခက်ခဲပြီး တာအိုဒဏ်ရာတစ်ခုအား ကုသပေးနိုင်လိမ့်မည်ဟုလည်း လီချန်ရှို့သည့် အပြည့်အဝ ယုံကြည်မှုမရှိချေ။

ထို့ကြောင့် လီချန်ရှို့သည် ပထမအဆင့်နှင့် ဒုတိယအဆင့်အပေါ်သာ အာရုံစိုက်ရပေမည်။ သူသည် တတိယအဆင့်နှင့် အခြား နည်းလမ်းခြောက်မျိုးလောက်အား စိတ်ထဲတွင်သာထား၍ သုံးရန်လိုအပ်လာသည့် အချိန်မှသာ ထုတ်၍သုံးရန် ဆုံးဖြတ်ထားသည်။

***

အစမ်းကောင်းကင်ပြစ်ဒဏ် အဖြစ်အပျက် ဖြစ်ပွားပြီးနောက် ချီယွမ်သည် နောက်ထပ် နှစ်လကြာ အခန်းအောင်းကျင့်ကြံခဲ့သည်။

နှစ်လကြာပြီးသောအခါ ချီယွမ်သည် သူ၏ဆရာဟူသည့် ဂုဏ်ပုဒ်အတိုင်း ယခင်က လီချန်ရှို့မေးခဲ့သော မေးခွန်းများကို ဖြေကြားလေသည်။

သို့သော် လီချန်ရှို့သည် ထိုအတွက်လည်း ပြင်ဆင်ထားပြီးဖြစ်သည်။ ချီယွမ်၏ ရှင်းပြမှုများကို ကြားပြီးသောအခါ သူသည် မေးခွန်းတချို့ကို ထပ်၍ မေးလိုက်ပြန်သည်။ ချီယွမ်သည် ထိုမေးခွန်းများကိုလည်း ရုတ်တရက် မဖြေနိုင်ပေ။ သူသည် သူ၏ကောက်ရိုးတဲ့သို့ ပြန်သွားကာ အခန်းအောင်ကျင့်ကြံပြီး သူ၏တာအိုအား တိုးတက်အောင်ကျင့်ကြံလေသည်။

ထိုသို့ သူ၏ဆရာ ကျင့်ကြံနေသည့် အချိန်အတွင်း လီချန်ရှို့သည် ကောင်းကင်ပြစ်ဒဏ်ခံနေစဉ်အတွင်း အသုံးပြုနိုင်မည့် ပစ္စည်းတချို့ကို ထပ်မံတွေးတောနေသည်။

သူ၏ဆရာ အခန်းအောင်းကျင့်ကြံခြင်းမှ ထွက်လာသောအခါတွင် သူ့အားလွှမ်းခြုံထားသော ကိုယ်ရောင်ကိုယ်ဝါတွင် အနည်းငယ်ပြောင်းလဲမှုရှိနေကြောင်း လီချန်ရှို့ အာရုံခံမိလိုက်သည်။

ထိုအခြင်းအရာကား သူသည် ကောင်းကင်တာအို၏ ပစ်မှတ်ထားခြင်းကို ခံနေရပြီး မကြာမီတွင် ကောင်းကင်ပြစ်ဒဏ်ခံရတော့မည့် သဘောပင်ဖြစ်၏။

လာမည့် (၂) နှစ်အတွင်း သူ၏ဆရာသည် အမှန်ပင် ကောင်းကင်ပြစ်ဒဏ်အား ရင်ဆိုင်ရပေတော့မည်။ ထိုသို့ရင်ဆိုင်ရာတွင် သူသည် ဝင်ရောက်ကူညီပေးနိုင်မည် မဟုတ်ချေ။

ကောင်းကင်ပြစ်ဒဏ်ခံယူရမည့်သူသည် သူ၏ဆရာသာဖြစ်လေသည်။ အခြားသူများမှ အစားဝင်ခံပေး၍ မရပေ။

ထိုသို့ဖြင့် တစ်နှစ်နှင့်ကိုးလကြာပြီးနောက်….

ချီယွမ်၏ ကောင်းကင်ပြစ်ဒဏ်သည် ညားခါစ အပျိုဟိုင်းကြီးတစ်ဦးနှင့် တူပေသည်။ အစပိုင်းတွင် ရှက်ရွံ့တွန့်ဆုတ်ဟန်ပေါ်သော်လည်း တကယ့်အရေးပါချိန်တွင်မူ မုန်တိုင်းတစ်ခုပမာပင် ရှိလေတော့သည်။

***


Comment

Leave a Reply

Options

not work with dark mode
Reset