Switch Mode

အခန်း ( ၄၅၀ )

အချစ်ကို အနိုင်ယူခြင်း

နတ်ဆရာသည် အသက်ပြင်းပြင်းရှူလိုက်ပြီး ဘေးတွင်ရပ်နေသော စုန့်ချွဲမှာ အံသြလွန်း၍ ကြောင်တောင်တောင်ဖြစ်သွားသည်။ သူတို့ မည်မျှပင် ဖြစ်ညှစ်စဥ်းစားပါစေ မာနကြီးသော ဇောင်ထျန်ကျောက်က ပိုင်ရှောင်ချန်း၏ အခန်းထဲ ဝင်လိုက်သည်နှင့် ထိုသို့သော စကားမျိုး မည်သည့်အတွက်ကြောင့် ပြောသည်ကို မခန့်မှန်းနိုင်ကြတော့ပေ။

သူတို့နှစ်ယောက်သာလျှင် တုန်လှုပ်သွားခြင်းမဟုတ်ပေ။ ဇောင်ထျန်ကျောက်၏ နောက်လိုက်နှစ်ယောက်သည်လည်း တုန်လှုပ်ချောက်ချားသွားကြလေသည်။

ဇောင်ထျန်ကျောက် ပေးနေသောအခကြေးငွေဖြစ်သည့် နတ်သားရဲဝိညာဥ်ကြောင့်ဆိုလျှင် ပိုမှန်လိမ့်မည်။ ရှိနေကြသော ကျင့်ကြံသူလေးဦးလုံးမှာ ထိုအခြင်းအရာကြောင့် အလွန်တရာ အံ့အားသင့်သွားကြလေသည်။ ဂိုဏ်းမှာ နတ်သားရဲဝိညာဥ်တစ်ကောင်ကို ယင်ယန်ဝိညာဥ်အဆင့်ဆေးလုံးနှင့် လဲလှယ်နိုင်လေရာ မည်မျှတန်ဖိုးကြီးကြောင်း သိသာထင်ရှားသည်။

ထိုအချိန်တွင် ပိုင်ရှောင်ချန်းက တင်ပျဥ်ခွေထိုင်မြဲထိုင်နေပြီး ထပင် မလာချေ။ တိတိကျကျပြောရလျှင် သူက မကျေမနပ်ဖြစ်နေဟန်ဖြင့် မျက်မှောင်ကြုတ်နေလေသည်။

ထို့နောက် သူက အေးစက်စက်နှာမှုတ်ကာ အင်္ကျီလက်ကို ခါလိုက်ပြီး ဒေါသတကြီး ပြောလိုက်၏။

” အစ်ကိုကြီး ဇောင်။ ခင်ဗျားနဲ့ ကျုပ် ပထမဆုံးစတွေ့တဲ့အချိန်မှာပဲ ရင်းနှီးခဲ့ကြတယ်။ ဒါကြောင့်ပဲ ခင်ဗျားကို ကူညီပေးဖို့ တောင်းဆိုချက်ကို ကျုပ် ရိုးရိုးရိုးသားလက်ခံခဲ့တာ။ အခုတော့ ခင်ဗျားက အခကြေးငွေပေးနေတာတဲ့လား။ ပိုင်ရှောင်ချန်းဆိုတဲ့ကျုပ်က ခင်ဗျားဆီကနေ အခကြေးငွေယူမယ့် လူစားမျိုးလို့ တကယ်ထင်နေတာလား ”

သူ့မျက်နှာမှာ ပိုမိုတင်းမာခက်ထန်လာပြီး ဆက်လက်ပြောဆိုလိုက်သည်။
” နတ်သားရဲဝိညာဥ်…။ ဟမ့်။ ကျုပ် တစ်ကောင်လိုချင်ရင် ကျုပ်ဘာသာပဲရအောင်လုပ်မယ်။ ခင်ဗျား အခုထွက်သွားလိုက်ပါတော့ အစ်ကိုကြီးကျောက်။ ထွက်သွားတော့ ”

နတ်ဆရာနှင့် စုန့်ချွဲတို့မှာ ရုတ်တရက် အသက်ရှူရပင်ခက်လာပြီး ဇောင်ထျန်ကျောက်၏ နောက်လိုက်နှစ်ဦးမှာ ပါးစပ်အဟောင်းသားဖြစ်သွားတော့သည်။ ယခုနောက်ပိုင်းတွင် လက်ရှိဂိုဏ်းသားမျိုးဆက်ထဲတွင် မည်သူမျှ ဇောင်ထျန်ကျောက်အား ထိုသို့ စကားပြောသည်ကို သူတို့ တစ်ခါမှ မကြားခဲ့ဖူးပေ။ ရှေ့သို့ တိုးပြီး ပိုင်ရှောင်ချန်းကို မာန်မဲရန် ပြင်လိုက်စဥ် ဇောင်ထျန်ကျောက်က သူ့လက်ကို မြှောက်ကာ ရပ်ခိုင်းလိုက်သည်။

ပိုင်ရှောင်ချန်းကို လေးလေးနက်နက်ကြည့်ကာ သူက ရုတ်တရက် မပြုံးစဖူး ပြုံးလိုက်လေသည်။

” ကဲဗျာ… ငါ ဘယ်လောက်တောင် နံုအ လိုက်လဲ။ ညီလေး.. ငါ့ကို စိတ်မဆိုးပါနဲ့”

သူ၏ ရိုးသားသော အပြုံးနှင့် စကားလုံးများကြောင့် နောက်လိုက်နှစ်ယောက်၏ ရင်ခုန်သံများ တဒိန်းဒိန်း မြန်လာတော့သည်။ သူတို့သည် ဇောင်ထျန်ကျောက်၏ နောက်လိုက် ဖြစ်ခဲ့သည်မှာကြာလှသော်လည်း သူပြုံးသည်ကို တစ်ကြိမ်တစ်ခါမှ မမြင်ဖူးခဲ့ချေ။ ထိုအပြုံးက ထိတ်လန့် အံ့သြဖွယ်ကောင်းနေရုံသာမက သူတို့သည် ပိုင်ရှောင်ချန်းကို ပို၍ပင် ကြောက်လန့်လာကြတော့သည်။

ပိုင်ရှောင်ချန်းက တဟားဟား ရယ်မောရင်း ထလာတော့သည်။

” အစ်ကိုကြီး…အမှန်က ခင်ဗျားပေးနိုင်တဲ့ အကောင်းဆုံးအရာကို ရဖို့ ကျုပ်ကြိုးစားနေတာဗျ။ မြင်ပြီလား… ခင်ဗျားကို ကူညီချင်တာက အမြတ်ထုတ်ချင်လို့ မဟုတ်ပဲ ရေရှည်အခကြေးငွေယူမလို့ပဲ။။ အဲဒီ အခကြေးငွေက ဘာမှမဟုတ်ဘူး၊ ကျုပ်တို့ရဲ့ မိတ်ဆွေသံယောဇဥ်ပဲ ”

ပိုင်ရှောင်ချန်းသည် သူ၏စကားများက အတော်အတန်အထင်ကြီးဖွယ်ကောင်းနေသဖြင့် ထိုအကြံများထွက်လာသော သူ့ကိုယ်သူ အတော်လေး ဂုဏ်ယူနေမိသည်။

နတ်ဆရာနှင့် စုန့်ချွဲမှာ နှစ်ယောက်သား အကြည့်ချင်း ဖလှယ်လိုက်ကြပြီး ဇောင်ထျန်ကျောက်ပင်လျှင် အံသြသွားဟန်ရှိသည်။ သို့သော် ဇောင်ထျန်ကျောက်၏ အပြုံးမှာ ယခင်ထက် ပို၍ပင် စစ်မှန်လာတော့သည်။ သူက ခေါင်းကို ခါလိုက်ရင်း ပိုင်ရှောင်ချန်းရှေ့တွင် ဝင်ထိုင်လိုက်သည်။

” ရှောင်ချန်း… ငါတော့ ချိန်ယွဲ့ရှန်ကို ချစ်နေပြီ ။ ဘယ်လိုလုပ်ရမလဲကွာ ”

ပိုင်ရှောင်ချန်းက ထိုင်လိုက်ပြီး ဝိညာဥ်အရက်ပုလင်းကို သူတို့နှစ်ယောက်ကြားချလိုက်သည်။ နတ်ဆရာက အကင်းပါးကာ အမြန်ထလာပြီး သူတို့ကို ထည့်ပေးလိုက်သည်။ ပိုင်ရှောင်ချန်းက ဖျော့တော့သော မျက်ဝန်းတွေနှင့် ခွက်ကို မြှောက်လိုက်ပြီး တစ်ကျိုက်သောက်လိုက်သည်။

ဇောင်ထျန်ကျောက်က လောကြီးနေခြင်း မရှိဘဲ သူ့ခွက်ထဲရှိ အရက်တစ်ငုံသောက်လိုက်ပြီးနောက် ပိုင်ရှောင်ချန်းစကားပြောမည်ကို ထိုင်စောင့်နေလေသည်။

ပိုင်ရှောင်ချန်းသည် သူ၏အတွေးများကို အစီအစဥ်ချနေလိုက်၏။ ထို့နောက် သူက တည်ငြိမ်ဆေးအေးနေသောအမူအရာဖြင့် တာအို ဥာဏ်အလင်းပွင့်သည်မှာ ကြာမြင့်နေသူတစ်ယောက်ပမာ လေးနက်သောဟန်ဖြင့် စကားစမြည်ပြောဆိုတော့သည်။

” အချစ်ဆိုတာ အတွေးတွေ၊ ခံစားချက်တွေနဲ့ ပိတ်လှောင်ထားတဲ့ ကမ္ဘာကြီးတစ်ခုလို ရှုပ်ထွေးပြီး အမြဲတမ်း ပြောင်းလဲနေတတ်တယ်။ အချစ်နဲ့ပတ်သက်လာရင် လူတွေက အရာရာကို အမှန်အတိုင်း မမြင်တတ်ကြတော့ဘူး။ အထူးသဖြင့် အချစ်စိတ်မွှန်ထူနေတဲ့ လူတွေပေါ့။ စဥ်းစားကြည့်…အချစ်က လူတစ်ယောက်ရဲ့ ပင်ကိုယ်စရိုက်၊ အပြုအမူတွေ၊ ဂုဏ်သိက္ခာတွေကအစ တခြားသူတွေနဲ့ ဆက်ဆံတာတွေအထိ သက်ရောက်မှုရှိနေတယ် ”

သူသည် အရက်ခွက်ကို ပြန်ချလိုက်ပြီး ဖြည်းညင်းစွာ ပြောဆိုလေသည်။
” လူတစ်ယောက်ကို ချစ်ရတာ လွယ်တယ်။ ဒါပေမယ့် အဲဒီလူက ခင်ဗျားကို ပြန်ချစ်လာအောင် လုပ်ဖို့အတွက်ဆိုရင်တော့ လိမ္မာပါးနပ်ရမယ် ”

“ ကျင့်ကြံခြင်းလောကထဲကို ဝင်ရောက်ခဲ့တဲ့အချိန်ကစပြီး အချစ်ဆိုတဲ့ စစ်ပွဲကြီးမှာ ကျုပ် တစ်ချက်ကလေးမှ နောက်မတွန့်ခဲ့ဘူး။ ကျုပ် ရည်းစားစာ ( ၃၇၉၃၁ ) စောင် လက်ခံရရှိခဲ့ပြီး ထောင်ပေါင်းများစွာသော မိန်းမလှလေးတွေရဲ့ အသည်းနှလုံးကို သိမ်းပိုက်နိုင်ခဲ့တယ်။ အချစ်ရဲ့မတူညီတဲ့ပုံသဏ္ဍာန်အမျိုးမျိုးကို မြင်တွေ့ခဲ့ရသလို မိန်းကလေးတွေရဲ့ အချစ်မှာ ကျရှုံးသွားတာတွေကို ကျုပ် တွေ့ခဲ့ရတယ်။ အချစ်က ဘယ်လိုလဲဆိုပြီး တပ်အပ်မပြောနိုင်ပေမယ့် ကျုပ်ရဲ့ ထောင်ချီတဲ့အတွေ့အကြုံတွေအရ အချစ်နဲ့ပတ်သက်ပြီး အတော်များများသိနေပြီလို့ အခိုင်အမာ ပြောနိုင်တယ် ”

သူသည် အင်္ကျီလက်ကို ခါလိုက်ရင်း မေးကိုမော့ထား၏။သူ့ မျက်လုံးတွေထဲရှိ အရိပ်အယောင်များအရ သူ၏ခေါင်းထဲတွင် နက်နဲသော အတွေးစများ ရှိနေဟန်တူသည်။

နတ်ဆရာ၏ မျက်လုံးများမှာ ယခင်ထက်ပင် ပြူးကျယ်လာပြီး စုန့်ချွဲမှာ အထင်သေးဟန်ဖြင့် နှုတ်ခမ်းမဲ့လိုက်လေသည်။ သူတို့နှစ်ယောက်က အကြည့်ချင်း ဖလှယ်လိုက်ပြီး ပိုင်ရှောင်ချန်း၏ အရှက်မရှိ ဟိတ်ဟန်ထုတ်နေသည့်ပုံကို တခြား လူများက မည်မျှ အထင်အမြင်သေးနေကြောင်း သူတို့နှစ်ယောက်လုံး တွေ့လိုက်ရလေသည်။

ဇောင်ထျန်ကျောက်က ခြောက်ကပ်ကပ်ရယ်လိုက်ပြီး တစ်ခုခုပြောလိုက်ရန် ပြင်လိုက်စဥ် ပိုင်ရှောင်ချန်းက သူ့ကို ရုတ်တရက် စူးရှသောအကြည့်ဖြင့် ကြည့်လိုက်လေသည်။

” အခု ကျုပ်ရှင်းပြမှာက ကျုပ်ဘဝရဲ့ အချိန်တစ်ဝက်လောက် လေ့လာရာကနေ ရရှိခဲ့တဲ့ လျှို့ဝှက်ချက်တစ်ခုပဲ။ အဲဒီလျှို့ဝှက်ချက်ကို ကျွမ်းကျင်သွားတဲ့ သူမှန်သမျှ ကောင်းကင်နဲ့ မြေပြင်ကို လှုပ်ခါနိုင်လိမ့်မယ်။ ဒါ့အပြင် ကောင်းကင်မှာ အမှတ်အသားတွေတောင် ပေါ်လာစေနိုင်လိမ့်မယ်။ လူဆိုးတစ်ယောက်ရဲ့လက်ထဲကို ရောက်သွားခဲ့ရင်တော့ မိန်းမပျိုလေးတွေ ကြောက်လန့်တကြားဖြစ်ပြီး ဒုက္ခတွင်းထဲကျရလိမ့်မယ်… ။ ဒါကြောင့် ခင်ဗျားတို့အားလုံးသိထားရမှာက ဒါက ဒီအခန်းထဲကလွဲပြီး လျှောက်ဖြန့်ရမယ့် ကိစ္စတစ်ခု မဟုတ်ဘူးဆိုတာပဲ ”

“ အချစ်ရေးက စစ်ရေးလိုပဲ…။ စစ်မြေပြင်မှာ နိုင်ပွဲကို ရှာရပြီး အချစ်မြေပြင်မှာတော့ ကိုယ်ချစ်မြတ်နိုးရတဲ့မိန်းမပျိုလေးတစ်ယောက်ရဲ့ နှလုံးသားကို ဘယ်လိုသိမ်းပိုက်ရမလဲ ရှာဖွေရတယ်… “

“ အဲဒီအကြောင်းအရာတွေကြောင့် ပိုင်ရှောင်ချန်းဆိုတဲ့ကျုပ်က ဘဝမှာကြုံတွေ့ခဲ့ရသမျှကို အခြေခံပြီး ဝေါဟါရတစ်ခုနဲ့ အချစ်ရေးကို သတ်မှတ်လိုက်တယ်။ အဲဒါကတော့ ” အနိုင်ယူခြင်း ” ဆိုတာပဲ “
သူသည် စကားပြောလာရင်း အရှိန်တက်လာသည်နှင့်အမျှ သူ၏အသံမှာ ပိုမိုကျယ်လောင်လာပြီး လေးနက်စွာ ထွက်ပေါ်နေတော့သည်။

” အနိုင်ယူခြင်း “赢” ဆိုတဲ့ စကားလုံးကို စကားလုံးလေးတွေအဖြစ် ခွဲလိုက်ရင် 亡သေခြင်း၊ 口 ပါးစပ်၊ 月လ ၊ 贝 ငွေ နဲ့ 凡 လူ ပဲ “

” သေခြင်း ဆိုတဲ့ စကားလုံးက သေရေးရှင်ရေးအခြေအနေကို သတိထားဖို့ပဲ။ ပါးစပ် ဆိုတဲ့စကားလုံးကတော့ အလိုက်သင့် ပြောတတ်ဆိုတတ်တာကို ကိုယ်စားပြုတယ်။ လ ဆိုတဲ့ စကားလုံးက ပတ်ဝန်းကျင်ကိုလိုက်ပြီး ပြောင်းလဲနေထိုင်ရမယ်ဆိုတာကို ကိုယ်စားပြုတယ်။ ငွေ ဆိုတာကတော့ ဝိညာဥ်ကျောက်တုံးတွေ ဘယ်လောက်အရေးပါတယ်ဆိုတာပဲ။ လူ စကားလုံးကတော့ အရေးပေါ် အခြေအနေတွေမှာ ခင်ဗျားရဲ့နှလုံးသားကို တည်ငြိမ်အေးချမ်းနေအောင် ဘယ်လို ထိန်းသိမ်းရမယ်ဆိုတာကို ကိုယ်စားပြုတယ် ”

ထိုစကားလုံးများကို ကြားလိုက်ရသည်နှင့် ဇောင်ထျန်ကျောက်၏မျက်နှာ ဝင်းလက်သွား၏။

သူသည်သာ ထိုသို့ဖြစ်သွားသည် မဟုတ်ပေ။ နတ်ဆရာ၏မျက်နှာမှာ တည်ငြိမ်အောင် မထိန်းချုပ်နိုင်တော့ဘဲ အပြောင်းအလဲများစွာ ဖြစ်ပေါ်နေပြီး စုန့်ချွဲမှာ အတွေးစများကြောင့် ခေါင်းတစ်ခုလုံး ချာချာလည်နေတော့သည်။ ဇောင်ထျန်ကျောက်၏ နောက်လိုက်နှစ်ယောက်ပင်လျှင် ချက်ချင်း ဉာဏ်အလင်းပွင့်သွားသည့်အလား ပင့်သက်ရှိုက်သွားကြတော့သည်။

သူတို့၏ဘဝများတွင် ဤကဲ့သို့သော စကားမျိုး မကြားခဲ့ဖူးရာ သူတို့ ပိုတွေးလေလေ….. ပို၍ အဓိပ္ပါယ်ရှိလာလေ ဖြစ်နေတော့သည်။

” ဒါကတော့ အချစ်သူတော်စင် ပိုင်ရှောင်ချန်းရဲ့ အတွေ့အကြုံ အနှစ်ချုပ်…. ကျုပ်ရဲ့ လျှို့ဝှက်နည်းလမ်း.. အချစ်ကိုအနိုင်ယူခြင်း ပဲ ”

ပိုင်ရှောင်ချန်းက သူ၏ စကားလုံးများကို ပို၍ လေးနက်သွားစေရန် ​ကြမ်းပြင်ကို လက်ဖြင့်ပုတ်ချလိုက်ရာ ရှိသမျှလူအားလုံး၏ ခေါင်းထဲတွင် ဂျိန်းခနဲ မြည်ဟည်းသွားပြီး အလွန်တရာ တုန်လှုပ်သွားတော့သည်။

“ဒါက… ”
နတ်ဆရာ၏ခေါင်းထဲတွင် အချစ်ကိုအနိုင်ယူခြင်း နှင့်ပတ်သက်သော အတွေးများဖြင့် ပြည့်သွားပြီး ပိုင်ရှောင်ချန်းကို တအံ့တသြ ကြည့်လိုက်လေသည်။

စုန့်ချွဲမှာလည်း မယုံကြည်နိုင်စွာ ပါးစပ်အဟောင်းသားဖြစ်နေကာ ဤသို့သော စကားမျိုးပြောရန် ပိုင်ရှောင်ချန်း မည်သို့အကြံရသွားမှန်း စဥ်းစားနေမိတော့သည်။

ဇောင်ထျန်ကျောက်မှာ တခဏမျှ အသက်ရှူရန်ပင် မေ့သွားပြီးနောက် စိတ်တည်ငြိမ်သွားတော့သည်။ ထိုအခိုက်အတန့်တွင် ပိုင်ရှောင်ချန်းက သူပြောလိုသည့်အကြောင်းကို သိနေလိမ့်မည်ဖြစ်ကြောင်း ယုံကြည်သွားတော့သည်။ သူသည် နတ်တစ်ပါးအလားဖြစ်နေပြီး သူ၏ “ အချစ်ကိုအနိုင်ယူခြင်း “ လျှို့ဝှက်နည်းလမ်းကြောင့် ဇောင်ထျန်ကျောက်မှာ မိုးကြိုးပစ်ခံရသည့်အလား ခံစားလိုက်ရတော့သည်။ ရုတ်တရက် ဖြစ်နိုင်ချေရှိသော ကမ္ဘာသစ်တစ်ခု ပွင့်သွားလေပြီ။

” ဒီလူကတော့ အချစ်စစ်မြေပြင်ကို သိမ်းပိုက်ထားတာပဲ ”
သူက တွေးလိုက်ကာ
” ပြီးတော့ ပါဝင်တဲ့ နည်းလမ်းတွေ၊ လုပ်ဆောင်ရမှာတွေ အားလုံးကို စကားလုံးတစ်လုံးတည်း အတူတကွပေါင်းပစ်လိုက်တယ်။ …. ဘယ်လောက်တောင် နက်နက်ရှိုင်းရှိုင်း နားလည်နေလိုက်သလဲ ” ဇောင်ထျန်ကျောက်မှာ မနေနိုင်တော့ပဲ ထလိုက်ကာ လက်ယှက်၍ ပိုင်ရှောင်ချန်းကို လေးလေးနက်နက် အရိုအသေပေးလိုက်သည်။

ပိုင်ရှောင်ချန်းသည် အလွန်တရာတည်ငြိမ်အေးဆေးနေလေသည်။ ထို့အပြင် သူသည် မည်သည့်အချိန်က ထုတ်လိုက်သည်မသိသော ယပ်တောင်နှင့် ဖြည်းညင်းစွာ ခတ်လိုက်ပြီး နားလည်ရန်ခက်သောအပြုံးဖြင့် ဘေးပတ်လည်ကို ဝေ့ဝိုက်ကြည့်လိုက်လေသည်။

အမှန်တွင် ပိုင်ရှောင်ချန်းသည် “ အချစ်ကို အနိုင်ယူခြင်း “ ကို သူကိုယ်တိုင် စဥ်းစားမိခြင်းမဟုတ်ဘဲ လူလိမ်ညမုဆိုးထံမှ အကူအညီများစွာရထားခဲ့ခြင်းကြောင့်သာ ဖြစ်သည်။
သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းတွင်ရှိစဥ်က လူလိမ်ညမုဆိုးသည် အချစ်ရေးရာတွင် အတွေ့အကြုံများစွာ ရှိထားခဲ့သည် မဟုတ်ပါလော… ။ သူ၏ အတွေ့အကြုံများအားလုံးကြောင့် သူသည် သွေးမျက်ရည်ကျခဲ့ရသော်လည်း သူ၏အထူးနည်းလမ်းများကြောင့်မဟုတ်လျှင် သူသာမဟုတ် အခြားမည်သူမဆို သူ့နေရာတွင် သူလုပ်ခဲ့သလို အောင်မြင်နိုင်မည်မဟုတ်ပေ။

ပိုင်ရှောင်ချန်း၏မျက်လုံးများထဲတွင် နက်နဲသောအကြည့်တစ်ခုပေါ်လာပြီး ဖြည်းညင်းစွာ ပြော၏။
” အချစ်ကိုအနိုင်ယူခြင်း က ဒီနေ့ခင်ဗျားကို ကျုပ်ရှင်းပြမှာရဲ့ အကျဥ်းချုပ်ပဲ။ ဒါမှ အချစ်ရေးက စစ်ရေးနဲ့ ဘယ်လိုတူလဲဆိုတာ ခင်ဗျား နားလည်လာမှာ ”

” အခု အချစ်ကို အနိုင်ယူခြင်း ရဲ့ အနှစ်သာရကို အသေးစိတ် ရှင်းပြပေးမယ် ”

” သေခြင်း၊ ပါးစပ်၊ လ၊ ငွေ ၊ လူ။ ပထမဆုံး ကဏ္ဍက သေရေးရှင်ရေး အန္တရာယ်ကြီးကို ကိုယ်စားပြုတဲ့ သေခြင်းစကားလုံးပဲ။ အချိန်မရွေးလာနိုင်တဲ့ အန္တရာယ်တွေအတွက် ခင်ဗျားက ကြိုတင်ပြင်ဆင်ထားရမယ်။ အဲဒီအန္တရာယ်ကြီးက လက်တစ်လှမ်းအလိုမှာ ရှိနေတယ်လို့ ကိုယ့်ကိုယ်ကိုယ် အမြဲ သတိပေးနေရမယ်”

” အစ်မချိန်က ရိုးရိုးလေးနေရင်တောင် လက်ဖျားခါလောက်အောင်လှတဲ့ ပါရမီရှင်ပါ။ ခင်ဗျားသူ့ကို တာအိုလက်တွဲဖော်မရှိဘူးလို့ပဲ တွေးနေလို့မရဘူး။ ရှင်းကုံကျစ်တာအိုဂိုဏ်းမှာ သူ့ကို တိတ်တိတ်လေးကြိတ်ကြွေနေတဲ့သူတွေ အများကြီးဆိုတာ သိသာတယ်။ အရမ်းများလွန်းလို့ ခင်ဗျား ဘယ်လောက်ရှိမလဲဆိုတာ ဘယ်လိုမှ မသိနိုင်ဘူး ”

” တကယ်တမ်းပြောရရင်.. ဂိုဏ်းတစ်ခုလုံးကို မေ့ထားလိုက်။ ဒီသင်္ဘောပေါ်မှာနော်… ဒီသင်္ဘောပေါ်မှာတောင် သူ့ကို ချစ်နေတဲ့ဂိုဏ်းသားအများကြီးရှိတယ်ဆိုတာ သေချာတယ်။ ဒီတော့ အဲဒီ အန္တရာယ်ကြီးကို မေ့ထားမယ်ဆိုရင် ခင်ဗျားဘက်က တစ်ပန်း ရှုံးနေပြီလေ ”
ဇောင်ထျန်ကျောက်အတွက် ပိုင်ရှောင်ချန်း၏ စကားလုံးများမှာ သူ့မျက်နှာကို လက်သီးဖြင့်ထိုးလိုက်သည့်အလားပင်။ လွန်ခဲ့သော အချိန်အနည်းငယ်က သူသည် ရုတ်တရက် ပို၍ နားလည်လာပြီဟု ခံစားခဲ့ရသော်လည်း ယခုတွင် ကြောက်လန့်မှုကြောင့် တုန်ရီနေလေပြီ။ အမှန်တကယ်တွင် သူသည် ချိန်ယွဲ့ရှန်ကို မြတ်မြတ်နိုးနိုး ချစ်နေမိသော်လည်း သူ၏ပင်ကိုယ်စရိုက်ကြောင့် တည့်တိုးပြောရန် ခက်ခဲနေတော့သည်။ သူမကို ပိုးပန်းရန် မည်သို့ကြိုးစားရမည်ကို သူ လုံးဝ မသိချေ။ ထို့ကြောင့် ပိုင်ရှောင်ချန်းက မိန်းမလှလေးများနှင့် အလွယ်တကူ အဆင်ပြေနေသည်ကို မြင်ရသောအခါ အကြံတောင်းရန်လာခြင်းဖြစ်ပေသည်။

ပထမဦးစွာ သူသည် ပိုင်ရှောင်ချန်း၏ ရည်းစားစာများကြောင့် တုန်လှုပ်ခဲ့ရပြီးနောက် ယခုတွင် “ အချစ်ကို အနိုင်ယူခြင်း “ ကြောင့် အံ့သြရပြန်သည်။ လက်ရှိအချိန်တွင် သူ၏ရင်ထဲတွင် လုံးဝယုံကြည်ချက်ပြင်းထန်နေပြီး ပိုင်ရှောင်ချန်း၏ နောက်လာမည့် စကားလုံးများကို နားထောင်ရန် မစောင့်နိုင်တော့ပေ။

“ဒီတော့ ငါ. ဘာလုပ်ရမလဲ”
သူက စိုးရိမ်တကြီး မေးလိုက်သည်။

” စိတ်အေးအေးထားပါ ”
ပိုင်ရှောင်ချန်းက စိတ်ရင်းအတိုင်းပြောလိုက်သည်။
” ကျုပ်အခုထိ စကားမဆုံးသေးပါဘူး။ အဲဒီအခက်အခဲကို ခင်ဗျား အမြဲတမ်း သိနေပေမယ့် ခင်ဗျားရဲ့ မျက်နှာပေါ်မှ ပြလို့မရဘူး။ ရင်ထဲပဲ သိမ်းထား။ ဒါမှ.. အချိန်က အကန့်အသတ်ရှိတယ်ဆိုတာ ခင်ဗျား အမြဲနားလည်နေမှာ ”

ဇောင်ထျန်ကျောက်မှာ သူ့စိတ်သူ တည်ငြိမ်အောင်ထိန်းရန် အသက်ပြင်းပြင်းရှူလိုက်လေသည်။

ထိုသည်ကို တွေ့ရသောအခါ ပိုင်ရှောင်ချန်း၏ မျက်လုံးများမှာ သဘောကျမှုများဖြင့် လက်သွား၏။ ခေါင်းတညိတ်ညိတ်ဖြင့် သူက ဆက်ပြောသည်။
” သိပ်ကောင်းတယ်။ အခု အလိုက်သင့်ပြောဆိုဆက်ဆံခြင်းကို ကိုယ်စားပြုတဲ့ ပါးစပ်စကားလုံးကို ဆက်သွားရအောင်။ ခင်ဗျား အစ်မချိန်ကို ချစ်တယ်ပြောတယ်နော်။ ဒီတော့ နောက်ပြဿနာအတွက် ခင်ဗျားတုံ့ပြန်တာကို စောင့်မနေတော့ဘူး။ ခင်ဗျား ခံစားနေရတာတွေ သူ့ကို ပြောဖူးလား။ ဒါမှမဟုတ် ချစ်နေတာပေါ်အောင် ပြသဖူးလား။သေချာပေါက် မလုပ်ဖူးဘူးမလား။ ရတယ် အဆင်ပြေတယ်။ ဒီလိုကိစ္စတွေနဲ့ ပတ်သက်ပြီး လောနေစရာမလိုဘူး။ ဒါပေမယ့် သူနဲ့ နဲနဲပါးပါး ရင်းနှီးဖို့ အခွင့်ကောင်း ရှာဖို့လိုတယ်။ ပြီးတော့ အဲ့လိုလုပ်တဲ့ အချိန်မှာ ခင်ဗျားက ဆွဲဆောင်မှုရှိပြီး နှစ်လိုဖွယ်ကောင်းနေရမယ်။ အဲဒါ အင်မတန် အရေးကြီးတယ်။ ဘာပြောရမလဲ စိုးရိမ်မနေနဲ့ ။ ကျုပ် အားလုံးသင်ပေးမယ်”

Comment

  1. Anonymous says:

    ကိုယ်တော်ပိုင် ကြမ်းပြီ

Leave a Reply

Options

not work with dark mode
Reset