စာစဉ်(၆) အပိုင်း(၈၄)

ကြောက်မက်ဖွယ်ကောင်းသောနဂါးဒေါသအဆိပ်

ချီဟောင်ရဲ့ရက်စက်လိုသည့်အပြုံးကို မြင်လိုက်ရပေမဲ့ ဇူယွမ်၏အမူအယာက ပြောင်းလဲသွားခြင်းမရှိခဲ့ပေ။ သူ့အနေဖြင့် ချီပင်လယ်ကိုမဖွင့်နိုင်သေးသည့်အပြင် ချီစုဆောင်းမှုအဆင့်ကိုမရောက်ရှိသေးခဲ့ဘူးဆိုလျှင် ချီဟောင်ကိုရင်ဆိုင်နိုင်ဖို့ဆိုတာက ဖြစ်နိုင်လိမ့်မည်မဟုတ်ပေ။

ချီဟောင်အတွက် ကံမကောင်းခဲ့တာက ရှေးဟောင်းနယ်မြေအတွင်း မဝင်ရောက်ခင်မှာပင် ဇူယွမ်ကချီစုဆောင်းမှုအဆင့်ကို ခြေလှမ်းနိုင်ခဲ့ရသလို သွေးနီရောင်ချီပင်လယ်ကိုပါ ဖွင့်ထားနိုင်ခဲ့သည်။

“ငါအရင်ကပြောခဲ့သလိုပဲ… မင်းက ချီအမျိုးယုတ်ကောင်ဆိုတဲ့နာမည်နဲ့ ထိုက်တန်မှုရှိတယ်…” ဇူယွမ်ကရယ်မောကာပြောလိုက်သည်။

ချီဟောင်ရဲ့မျက်နှာက ဒေါသကြောင့်နက်မှောင်သွားခဲ့ရပြီး သူ့ရဲ့မျက်လုံးတွေထဲမှာ လူသတ်လိုစိတ်တွေထွက်ပေါ်လာခဲ့ရကာ အံကိုတင်းတင်းကြိတ်၍ ဒေါသတကြီးပြောလိုက်သည်… “အမှိုက်ကောင် မင်းခဏစောင့်နေလိုက်ဦး… မင်းသာငါ့လက်ထဲရောက်လာခဲ့ရင် ငါမင်းလျှာကို အရင်ဆုံးဖြတ်ပစ်မယ်…”

“မင်းရဲ့ညီချီယွဲ့လည်း ငါ့ကိုဒီလိုပြောခဲ့တာပဲ… ဒါပေမဲ့နောက်ဆုံးကျတော့လည်း သူ့ရဲ့လက်ကငါဖြတ်တာကိုခံလိုက်ရသလို အခုချီအိမ်တော်ထဲမှာ နွားတစ်ကောင်လိုနေထိုင်နေရပြီး အပြင်ထွက်ဖို့ကို ကြောက်နေရတယ်မလား…” ဇူယွမ်က ပြန်လည်ချေပလိုက်သည်။

“ဟားဟားဟား…”

ချီဟောင်က ဒေါသတကြီးရယ်မောလိုက်သလို သူ့ရဲ့မျက်လုံးထဲမှာ လူသတ်လိုစိတ်တွေက အထွတ်အထိပ်ကိုရောက်ရှိသွားခဲ့ရသည်။ ထို့နောက်မှာ သူကလက်သီးကိုတင်းတင်းဆုပ်လိုက်ပြီး သူ့ခန္ဓာကိုယ်ပတ်လည်မှာ မူလချီတွေလှုပ်ရှားထွက်ပေါ်လာခဲ့ကာ သူ့ကိုဖုံးလွှမ်းသွားခဲ့သည်။

ချီဟောင့်ထံမှထွက်ပေါ်နေသည့် မူလချီတွေက ရွှေရောင်အရောင်အဆင်းရှိကာ လွမ်းမိုးနိုင်စွမ်းအပြင် ကြောက်မက်ဖွယ်ရာအရှိန်အဝါတစ်ခုကိုလည်း ထုတ်လွှတ်နေပေသည်။ ၎င်းက ချီအိမ်တော်ရဲ့စွမ်းအားအမြင့်ဆုံးမူလချီဖြစ်သည့် အဆင့် ၄မူလချီ၊ ကမ္ဘာဦးသတ္တုချီပင်ဖြစ်သည်။

ချီဟောင်က အနည်းငယ်မနှစ်မြို့စရာကောင်းပေမဲ့လည်း သူကအမှန်ပင် ရင်ဆိုင်ဖို့ခက်ခဲသည့် ခွန်အားကိုပိုင်ဆိုင်ထားရသည်။

ကမ္ဘာဦးသတ္တုချီနဲ့ဆိုယင် သူ့ကိုချီစုဆောင်းမှုအဆင့်ကျင့်ကြံသူတွေထဲမှာတောင် ထိပ်တန်းအဆင့်မှာရှိနေသည်လို့ သတ်မှတ်နိုင်ပေသည်။

ဇူယွမ်ကလည်း သူ့ရဲ့ချီပင်လယ်ထဲမှ မူလချီတွေကို ထုတ်ဖော်လိုက်ပြီး သူ့ရဲ့ခန္ဓာကိုယ်ပတ်လည်မှာ လှည့်ပတ်စေလိုက်သည်။

ဇူယွမ်ရဲ့မူလချီတွေက ဖောက်ထွင်းမြင်နိုင်လောက်အောင် ကြည်လင်မှုရှိပေမဲ့ ၎င်းရဲ့အထဲမှာ သွေးနီရောင်အမျှင်တန်းလေးတွေ ကူးခတ်နေလျက်ရှိပေသည်။

ချိုင့်ဝှမ်းအပေါ်ဘက်ရှိလူအားလုံးရဲ့အကြည့်တွေက ချိုင့်ဝှမ်းအောက်ခြေရှိ မူလချီတွေထုတ်ဖော်ကာ မျက်နှာချင်းဆိုင်ရပ်နေသည့်လူနှစ်ယောက်ကို မျက်တောင်မခတ်တမ်းစိုက်ကြည့်နေကြသည်။ သူတို့တွေက မတူညီတဲ့မူလချီနှစ်ခုကို မြင်လိုက်ရသည့်အခါ တီးတိုးပြောဆိုသံတွေက စတင်၍ပျံ့နှံ့သွားခဲ့ရသည်။

“ဒီချီဟောင်က အမှန်တကယ်ရော အလယ်အလတ်ချီစုဆောင်းမှုအဆင့်ကျင့်ကြံသူတစ်ယောက်ရော ဟုတ်ရဲ့လား… သူက ချီအိမ်တော်ရဲ့ ထိပ်တန်းအဆင့်မူလချီဖြစ်တဲ့ ကမ္ဘာဦးသတ္တုချီကိုတောင် လေ့ကျင့်ထားနိုင်ခဲ့တယ်… သူ့ရဲ့တိုက်ပွဲစွမ်းအားက အမှန်တကယ်ကို အထင်ကြီးစရာကောင်းလိမ့်မယ်…”

“မင်းသားလေးဇူယွမ်ရဲ့မူလချီက… သူက ချီကျင့်ကြံခြင်းနည်းလမ်းတစ်ခုကိုမှ လေ့ကျင့်မထားခဲ့ဘူးလား…”

“ဒါက ကျားတစ်ကောင်ကို နွားပေါက်လေးတစ်ကောင်က မကြောက်မရွံ့ရင်ဆိုင်နေတာနဲ့တောင် တူနေသေးတယ်… ဒါပေမဲ့လည်း ကျားကိုစိန်ခေါ်တဲ့ နွားပေါက်လေးရဲ့အဆုံးသတ်က ဘယ်လိုမှလှပနိုင်မှာမဟုတ်ဘူး…”

“ဟဲဟဲ… မင်းသားလေးဇူယွမ်သာ ဒီနေရာမှာ သေသွားခဲ့ရမယ်ဆိုရင် ဇူအင်ပါယာကပိုပြီးရှုပ်ထွေးသွားလိမ့်မယ်…”

“ပိုပြီးရှုပ်ထွေးသွားတော့ကောင်းတာပေါ့… အဲ့ဒီအချိန်ကျရင် အဆိပ်ရေအိုင်မှာရှိတဲ့ ငါတို့အင်အားစုတွေက ဇူအင်ပါယာကို လုယူနိုင်ဖို့အခွင့်အရေးရလာလိမ့်မယ်…”

“……”

သူတို့တွေတီးတိုးပြောဆိုနေစဉ်မှာ ဇူယွမ်ကိုကြည့်နေကြသည့် သူတို့ရဲ့မျက်လုံးထဲမှာ သနားမှုတွေနဲ့ ကျေနပ်ပီတိဖြစ်မှုတွေ ရောထွေးနေရပေသည်။ ဒါကိုကြည့်ခြင်းအားဖြင့် သူတို့အားလုံးက ဇူယွမ့်ကို သူ့ထက်များစွာသန်မာသည့်ချီဟောင်နဲ့ ရင်ဆိုင်ခြင်းက သူ့ရဲ့သေခြင်းနဲ့သာ အဆုံးသတ်သွားလိမ့်မည်လို့ယုံကြည်နေကြသည်မှာ ထင်ရှားလှပေသည်။

ချိုင့်ဝှမ်းရဲ့အောက်ခြေမှာ ချီဟောင်က ဇူယွမ်ရဲ့ခန္ဓာကိုယ်ပတ်လည်မှာ လှည့်ပတ်နေသည့်မူလချီတွေကို မြင်လိုက်ရပြီးနောက်မှာ အံ့အားသင့်သွားခဲ့ရပေမဲ့ နှာခေါင်းတစ်ချက်ရှုံ့ကာပြောလိုက်သည်… “မင်းက ချီစုဆောင်းမှုအဆင့်ကို ရောက်ရှိသွားခဲ့ပြီပေါ့… ဒီလိုဆိုမှတော့ မင်းကငါ့ကို တစ်ယောက်ချင်းရင်ဆိုင်ရဲတာ ငါ့အနေနဲ့အံ့ဩစရာမရှိတော့ဘူး…”

ဇူယွမ်က ချီစုဆောင်းမှုအဆင့်ကို ရောက်ရှိနိုင်ခဲ့တယ်ဆိုရင်တောင်မှ စဦးအဆင့်မှာပဲရှိနေသေးစဉ်မှာ ချီဟောင်ဆိုတဲ့သူက အလယ်အလတ်ချီစုဆောင်းမှုအဆင့်ကိုရောက်ရှိနေသည့် ကျင့်ကြံသူတစ်ယောက်ဖြစ်ပေသည်။

“ဒါ့အပြင် မင်းရဲ့ဒီမူလချီတွေက… မင်းက ချီကျင့်ကြံခြင်းနည်းလမ်းတစ်ခုတစ်လေကိုတောင်မှ မလေ့ကျင့်ထားခဲ့ရသေးဘူးလား…”

“မင်းက ဒီအရသာကိုမြည်းမစမ်းရသေးခင်အထိတော့ ရှာတွေ့နိုင်လိမ့်ဦးမှာမဟုတ်ဘူး…” ဇူယွမ်က ခံစားချက်ကင်းမဲ့စွာဖြင့်ပြောလိုက်သည်။

“ကိုယ့်ကိုကိုယ်အထင်ကြီးနေတာကလည်း မင်းကိုကယ်တင်နိုင်လိမ့်မှာမဟုတ်ဘူး…” ချီဟောင်က အေးစက်စွာရယ်မောလိုက်ပြီးပြောသည်။ ထို့နောက်မှာ သူ့ရဲ့မျက်လုံးတွေက အေးစက်မှုတွေနဲ့ပြည့်နှက်သွားခဲ့ရပြီး မြေပြင်ပေါ်ကိုခြေတစ်ချက်ဆောင့်လိုက်ကာ ဇူယွမ့်ထံ ရွှေရောင်အလင်းတစ်ခုအလား တိုးဝင်သွားခဲ့သည်။

ချီဟောင်က သူ့ရဲ့လှုပ်ရှားမှုကို ပြုလုပ်လိုက်ပြီဖြစ်သည်။

ရွှေရောင်အရိပ်တစ်ခုက လျင်မြန်စွာပင် ဇူယွမ်၏မျက်လုံးထဲကို ဝင်ရောက်လာခဲ့သည်။ သို့ပေမဲ့လည်း ချီဟောင်ရဲ့ရက်စက်ကြမ်းတမ်းသည့်လှုပ်ရှားမှုကို မြင်လိုက်ရပြီးနောက်မှာ ဇူယွမ်ရဲ့မျက်လုံးတွေက အနည်းငယ်တောက်ပသွားခဲ့ရသည်။ သူက ထိုတိုက်ခိုက်မှုကို ရှောင်ရှားဖို့မလုပ်ခဲ့ဘဲ နေရာမှာတွင် ဆက်လက်ရပ်တန့်နေကာ သူ့ထံမှထွက်ပေါ်နေသည့်မူလချီတွေ တစ်စထက်တစ်စ ပိုပြီးပြင်းပြင်းထန်ထန်လှုပ်ရှားလာခဲ့ရသည်။

“အရူး… မင်းကသေချင်နေတာပဲ…”

ဇူယွမ်ရဲ့လှုပ်ရှားမှုမရှိသည့်ပုံစံကိုမြင်လိုက်ရသည့်အခါ ချီဟောင်ရဲ့မျက်လုံးထဲမှာ အေးစက်မှုတွေထွက်ပေါ်လာခဲ့ရသည်။ သူက အလယ်အလတ်ချီစုဆောင်းမှုအဆင့်ကျင့်ကြံသူတစ်ယောက်ဖြစ်ပြီး အဆင့် ၄မူလချီကိုလေ့ကျင့်ထားနိုင်သည်ဆိုတဲ့အချက်နဲ့ပင် သူကဇူယွမ့်အပေါ်မှာ အလုံးစုံအထင်သေးထားခဲ့သည်။ ဒါ့ကြောင့်ပင် ဇူယွမ်တစ်ယောက် သူနဲ့ထိပ်တိုင်ရင်ဆိုင်ခြင်းက သူ့အတွက် သေခြင်းကိုလက်ယပ်ခေါ်နေသည်နှင့်ပင် တူလှပေသည်။

ဘုန်း…

ချီဟောင်က လက်ဝါးတစ်ချက်ရိုက်ထုတ်လိုက်ပြီး လက်ဝါးအားလှိုင်းတွေက လျှပ်စီးအလား ရွှေရောင်မူလချီတွေပါဝင်လျက်တိုးဝင်သွားခဲ့ပြီးနောက်မှာ သတ္တုသတ္တုချင်းထိခိုက်မိသံလိုမျိုး အသံတစ်ခုပဲ့တင်ရိုက်ခတ်ကာ ထွက်ပေါ်လာခဲ့ရသည်။ ထိုလက်ဝါးရိုက်ချက်က လွန်စွာမှပင်ပြင်းထန်လှကာ ကျောက်တုံးကိုပင် အမှုန့်ဖြစ်သွားအောင်ပြုလုပ်နိုင်စွမ်းရှိပေသည်။

ဇူယွမ်က သက်ပြင်းတစ်ချက်လေးလေးပင်ပင်ချလိုက်ပြီး သူ့ရဲ့မျက်လုံးထဲမှာ အေးစက်မှုတွေဖြတ်ပြေးသွားခဲ့ရသလို သူ့ရဲ့လက်ငါးချောင်းကိုကွေးလိုက်ပြီး လက်သီးတစ်ချက်ရှေ့ကို ထိုးထုတ်လိုက်သည်။

သူ့အနေဖြင့် သူ့ရဲ့မူလချီထဲမှာပေါင်းစပ်ပါဝင်နေသည့် နဂါးဒေါသအဆိပ်ရဲ့စွမ်းအားဘယ်လောက်ရှိလဲဆိုတာကို စမ်းကြည့်ချင်မိပေသည်။

ဘန်း…

လက်သီးနဲ့လက်ဝါးတို့က အချင်းချင်းတွေ့ဆုံသွားခဲ့ရပြီး အားလှိုင်းတစ်ခုက လွင့်ပျံထွက်ပေါ်လာခဲ့ရသလို မြေပြင်ရှိဖုန်မှုန်တွေက တထောင်းထောင်းထသွားခဲ့ရသည်။

သူတို့နှစ်ယောက်က အသက်ရှူချိန်အနည်းငယ်ကြာအောင် ရပ်တန့်နေခဲ့ရပြီးနောက်မှာ ဇူယွမ်ရဲ့ခန္ဓာကိုယ်က နောက်ဘက်ကိုပြန်လည်လွင့်ထွက်သွားခဲ့ရပြီး ခြေလှမ်းများစွာဆုတ်ခွာခဲ့ပြီးမှသာ သူ့ရဲ့ခန္ဓာကိုယ်ကို တည်ငြိမ်အောင်ထိန်းလိုက်နိုင်ခဲ့သည်။ သိုပေမဲ့လည်း သူ့ခန္ဓာကိုယ်ထဲရှိ သွေးတွေနဲ့ မူလချီတွေက ပြင်းပြင်းထန်ထန်လှုပ်ရှားနေတုန်းပင်ဖြစ်သည်။

“အဆင့် ၄မူလချီကို လေ့ကျင့်ထားတဲ့ အလယ်အလတ်ချီစုဆောင်းမှုအဆင့်ကျင့်ကြံသူတစ်ယောက်ရဲ့ စွမ်းအားက တကယ်ကိုအထင်ကြီးစရာပဲ…”

ဇူယွမ်က သူ့ရဲ့လက်သီးကို ပြန်လည်ဖြေလျှော့လိုက်သလို သူ့ရဲ့လက်မောင်းကလည်း အနည်းငယ်နာကျင်နေခဲ့ရပေသည်။ ဒါကိုကြည့်ခြင်းအားဖြင့် သူကချီဟောင်ရဲ့စွမ်းအားကို အနည်းငယ်လျှော့တွက်ခဲ့ခြင်းဖြစ်သည်မှာ ထင်ရှားလှပေသည်။

သို့ပေမဲ့…

ဇူယွမ်က သူ့ရဲ့ခေါင်းကိုမော့လိုက်ပြီး သူနဲ့ခြေလှမ်းအနည်းငယ်ကွာဝေးတဲ့နေရာမှာ ရပ်နေလျက်ရှိသည့် ချီဟောင်ကိုကြည့်လိုက်သည်။ သူ့ရဲ့အခြေအနေကလည်း ကောင်းသည့်ပုံမပေါ်ပေ။ အစောပိုင်းက ထိပ်တိုက်ရင်ဆိုင်မှုကိုအခွင့်ကောင်းယူပြီး ဇူယွမ်ရဲ့မူလချီထဲမှာ ပါဝင်သည့်သွေးအမျှင်တန်းတစ်ခုက ချီဟောင်ရဲ့ခန္ဓာကိုယ်ထဲကို ဝင်ရောက်သွားခဲ့ရသည်။

“တကယ်ကို စဉ်းစားဉာဏ်မရှိတာပဲ…” ချိုင့်ဝှမ်းအပြင်ဘက်ရှိလူတွေက သူတို့နှစ်ယောက်ရဲ့အစောပိုင်း ထိပ်တိုက်ရင်ဆိုင်မှုကိုမြင်လိုက်ရသည့်အခါ တိတ်တဆိတ်ပင်သူတို့ရဲ့ခေါင်းကို ခါယမ်းမိခဲ့လိုက်ကြသည်။ စဦးချီစုဆောင်းမှုအဆင့်ကျင့်ကြသူတစ်ယောက်က အလယ်အလတ်ချီစုဆောင်းမှုအဆင့်ကျင့်ကြံသူတစ်ယောက်ကို ထိပ်တိုက်ရင်ဆိုင်တာလား။ ဇူယွမ်က သေခြင်းတရားကဘာလဲဆိုတာကို မသိသေးသည့်ပုံပင်။

“ဒါပေမဲ့ ချီဟောင်ကဘာဖြစ်လို့ဆက်ပြီး ဖိအားပေးမတိုက်ခိုက်ရတာလဲ…” ရုတ်တရက်သူတို့ထဲမှလူတစ်ယောက်က ဝေခွဲမရဖြစ်စွာဖြင့်မေးလိုက်သည်။ ချီဟောင်က သူရပ်နေတဲ့နေရာကနေ ရွေ့လျားခဲ့ခြင်းမရှိသလို ဇူယွမ်ကိုဆက်ပြီးတိုက်ခိုက်ဖို့အတွက်လည်း အရိပ်အယောင်မပြခဲ့ပေ။

“သူတို့ရဲ့အစောပိုင်းက ထိပ်တိုက်ရင်ဆိုင်မှုမှာ သူဒဏ်ရာရသွားခဲ့တာများလား…” တစ်စုံတစ်ယောက်က မေးလိုက်၏။

အခြားတစ်ယောက်က နှာခေါင်းရှုံ့လိုက်ပြီး အထင်သေးစွာဖြင့်ပြောလိုက်သည်… “ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ… ချီဟောင်က အလယ်အလတ်ချီစုဆောင်းမှုအဆင့်ကို ရောက်နေရုံသာမကဘဲ အဆင့် ၄မူလချီကိုလည်း လေ့ကျင့်ထားနိုင်သေးတယ်… ဇူယွမ်က ချီဟောင်ရဲ့လက်ဝါးရိုက်ချက်တစ်ချက်ကိုခုခံနိုင်ခဲ့တာ အရမ်းကံကောင်းတယ်လို့ပြောရမယ်…”

သူတို့တွေက တစ်ဦးနဲ့တစ်ဦးဆွေးနွေးနေကြစဉ်မှာ ချိုင့်ဝှမ်းအောက်ခြေ၌ ချီဟောင်ရဲ့ခန္ဓာကိုယ်က အနည်းငယ်တုန်ခါနေရသလို သူ့ရဲ့မျက်နှာထက်မှာလည်း ရွှေရောင်အလင်းနဲ့ သွေးနီရောင်အလင်းတို့က တစ်လှည့်စီဖြစ်ပေါ်နေရပေသည်။

အသက်ရှူချိန်အနည်းငယ်ကြာပြီးနောက်မှာ သူ့ရဲ့ခန္ဓာကိုယ်က ပြင်းပြင်းထန်ထန်လှုပ်ရှားလာခဲ့ကာ ပါးစပ်အပြည့်နဲ့သွေးတစ်လုတ် အန်ထုတ်လိုက်ရသည်။

ရွဲ…

သူထွေးထုတ်လိုက်သည့်သွေးတွေက မြေပြင်နဲ့ထိတွေ့မိလိုက်သည့်အခါ စတင်ပြီးတိုက်စားသွားခဲ့သည်။

စောင့်ကြည့်နေကြသည့်လူအားလုံးက အထိတ်တလန့်အော်ဟစ်လိုက်မိကြသည်။

ချီဟောင်ရဲ့အပြုအမူကြောင့် များစွာသောလူတွေက အထိတ်တလန့် အော်ဟစ်လိုက်မိကြသည်။ လူတိုင်းက ဒီမြင်ကွင်းကို အံ့ဩတုန်လှုပ်စွာဖြင့် ကြည့်နေမိလိုက်ကြသည်။

အစောပိုင်းက ထိပ်တိုက်ရင်ဆိုင်မှုမှာ ချီဟောင်က အသာစီးရယူနိုင်ခဲ့တယ်မဟုတ်ဘူးလား… ဒါဆိုဘာကြောင့်သူက သွေးအန်လိုက်ရတာလဲ…

ဘာဖြစ်သွားခဲ့တာလဲ…

ချီဟောင်ရဲ့အမူအယာက လွန်စွာပျက်ယွင်းနေရပြီး သူ့ရဲ့နှုတ်ခမ်းထောင့်စွန်းရှိသွေးတွေကို သုတ်လိုက်သည်။ ထို့နောက်မှာ သူကဇူယွမ်ကိုကြည့်လိုက်ပြီး အံတင်းတင်းကြိတ်ကာပြောလိုက်သည်… “မင်းရဲ့မူလချီထဲမှာ အဆိပ်ရှိနေတာလား…”

ထို့အပြင် ဒီအဆိပ်က အလွန်ပင်ကြောက်စရာကောင်းလှကာ သူ့ရဲ့နှလုံးသားထဲမှာတောင်မှ ကြောက်ရွံ့မှုကြောင့်တုန်လှုပ်သွားခဲ့ရသည်။ အစောပိုင်းတုန်းက သူတို့နှစ်ယောက်ရဲ့ထိပ်တိုက်ရင်ဆိုင်မှုမှာ ချီဟောင့်အနေနဲ့ ဇူယွမ်ရဲ့မူလချီကို ချေဖျက်နိုင်ခဲ့ပေမဲ့လည်း အဆိုပါမူလချီထဲမှာ ပါဝင်လာသည့် ထူးဆန်းတဲ့သွေးနီရောင်အဆိပ်ချီတွေက ချီဟောင်ရဲ့ခန္ဓာကိုယ်ထဲကို ကျူးကျော်ဝင်ရောက်သွားခဲ့ရသည်။

ထိုသွေးနီရောင်အဆိပ်ချီတွေက သူ့ရဲ့ခန္ဓာကိုယ်ထဲဝင်ရောက်လာခဲ့ပြီးပြီးချင်းမှာပင် သူ့ရဲ့သွေးအဆီအနှစ်တွေကို စတင်ပြီးဝါးမျိုလာခဲ့သည့်အတွက် ချီဟောင်ကတိတ်တဆိတ်ပင် သူ့ခန္ဓာကိုယ်ထဲရှိ ထိုအဆိပ်ချီတွေကို ကြိုးစားဖယ်ရှားနေခဲ့ရသည်။

ချီဟောင်ရဲ့မူလချီတွေက အနည်းငယ်မငြိမ်မသက်ဖြစ်နေသည့် အခြေအနေကိုမြင်လိုက်ရသည့်အခါ ဇူယွမ်ရဲ့မျက်လုံးတွေက တောက်ပသွားခဲ့ရသည်။ ဒါကိုကြည့်ရတာ သူ့ရဲ့မူလချီထဲမှာပါဝင်သည့် နဂါးဒေါသအဆိပ်က ထင်ထားတာထက်ပင် ပိုပြီးကြောက်မက်ဖွယ်ရာကောင်းပေလိမ့်မည်။

အစောပိုင်းတုန်းက ထိပ်တိုက်ရင်ဆိုင်မှုမှာ သူ့ရဲ့အဆိပ်ချီတွေက ချီဟောင်ရဲ့ခန္ဓာကိုယ်ထဲကို အမျှင်တန်းလေးတစ်ခုမျှသာ ဝင်ရောက်သွားခဲ့ရခြင်းဖြစ်ပြီး သူ့အနေနဲ့ဒီထက်နည်းနည်းပိုပြီးဝင်ရောက်စေနိုင်ခဲ့မယ်ဆိုရင် ချီဟောင့်ကိုတခြားအကူအညီယူပြီးတိုက်ခိုက်စရာမလိုဘဲနှင့် နဂါးဒေါသအဆိပ်တစ်ခုတည်းဖြင့်ပင် သတ်ဖြတ်နိုင်လိမ့်ပေမည်။

“ကောင်းမွန်တဲ့ထိပ်တိုက်ရင်ဆိုင်မှုတစ်ခုနဲ့ရင်ဆိုင်ရတာ မင်းအတွက်အဆင်မပြေဘူးလား… လာလေ… နောက်တစ်ကြိမ်ထပ်တိုက်ရအောင်…” ဇူယွမ်ကပြုံး၍ပြောလိုက်သည်။

ချီဟောင်ရဲ့မျက်လုံးထဲမှာ ကြောက်ရွံ့မှုတွေ ဖြစ်ပေါ်လာခဲ့သည်။ ဇူယွမ်ရဲ့မူလချီက သူ့အတွက်အန္တရာယ်မဖြစ်စေနိုင်ပေမဲ့လည်း ၎င်းရဲ့အထဲမှာပါဝင်သည့် သေစေနိုင်တဲ့အဆိပ်က အလွန်အမင်းကြောက်မက်ဖွယ်ရာကောင်းလှပေသည်။

ချီဟောင်က အသက်ကိုပြင်းစွာရှူလိုက်ပြီး သူ့ရင်ထဲကခံစားချက်တွေကို အပြင်းအထန်ချိုးနှိမ်ခဲ့လိုက်သည်။ ထို့နောက်မှာသူ့ရဲ့လက်ကိုဝှေ့ယမ်းလိုက်ပြီး ရွှေရောင်လှံရှည်တစ်ချောင်းက သူ့ရဲ့လက်ထဲမှာ ထွက်ပေါ်လာခဲ့သည်။ ၎င်းကအလင်းရောင်တွေ တောက်ပနေခဲ့ရပြီး အဆင့်မြင့်အဆင့်မူလလက်နက်တစ်ခုဖြစ်ကြောင်းဖော်ပြနေပေသည်။

သူ့အနေဖြင့် ဇူယွမ်နဲ့ခန္ဓာကိုယ်ချင်း နောက်ထပ်ထိပ်တိုက်ရင်ဆိုင်လိုခြင်းမရှိတော့ပေ။ သို့ဆိုလျင် ဇူယွမ်ရဲ့အဆိပ်ပါဝင်နေတဲ့မူလချီတွေ သူ့ခန္ဓာကိုယ်ထဲကို ကျူးကျော်ဝင်ရောက်နိုင်လိမ့်တော့မည်မဟုတ်ပေ။

ရွှေရောင်လှံရှည်ကို လက်ထဲမှာကိုင်ထားလျက်မှပင် ချီဟောင်ရဲ့မျက်လုံးတွေက အေးစက်ပြီးတည်ငြိမ်လေးနက်သွားခဲ့ရကာ သူကလှံရှည်၏ထိပ်ဖျားဖြင့် ဇူယွမ့်ထံဖြည်းညှင်းစွာညွှန်ပြလိုက်သည်။

ချီဟောင်ရဲ့သတိရှိတဲ့အမူအယာကို မြင်လိုက်ရပြီးနောက်မှာ ဇူယွမ်ရဲ့အမူအယာကလည်း ပို၍လေးနက်လာခဲ့ရသည်။ သူကဒီနေ့မှာ မီးဝိညာဉ်အစေ့ကို ရယူနိုင်ဖို့အတွက်ဆိုရင် ကြောက်စရာကောင်းလှသည့်တိုက်ပွဲတစ်ခုကို ရှောင်လွဲဖို့မဖြစ်နိုင်တော့ဘူးဆိုတာကို သူ့အနေဖြင့်ကောင်းစွာသိခဲ့ရသည်။

ဒီလိုဆိုမှတော့ ဘယ်သူက ဘယ်သူ့ကိုသတ်နိုင်မလဲဆိုတာ ကြည့်ရသေးတာပေါ့…


Comment

Leave a Reply

Options

not work with dark mode
Reset