Switch Mode

အခန်း ( ၄၄၉ )

မင်းက အဲဒီလိုလူမျိုးပေါ့....

ထိုကိစ္စရပ်အပေါ် ကြည့်ရှုနေကြသူများက ထင်ကြေးအမျိုးမျိုးပေးနေကြစဥ် စုန့်ချွဲနှင့် နတ်ဆရာမှာ တအံ့တသြကြည့်နေရင်း ဇောင်ထျန်ကျောက်နှင့် ပိုင်ရှောင်ချန်းတို့ ဘာပြောနေကြကြောင်း စဥ်းစား၍မရတော့ပေ။ ချင်းမေ့ယွမ်ပင်လျှင် အလွန် သိချင်နေသည့်ဟန်ရှိလေသည်။

ကုန်းစွန်းဝမ်အာတစ်ယောက်သာလျှင် ခပ်ယဲ့ယဲ့ကလေးပြုံးနေ၏။

ထိုအချိန် သင်္ဘော၏ ဦးပိုင်း၌ ပိုင်ရှောင်ချန်းမှာ ယခုလေးတင် အံ့သြနေရာမှ ပြန်လည်က္ကန္ဒြေဆည်လိုက်နိုင်လေသည်။ ယင်ယန်ဝိညာဥ်အဆင့်ပညာရှင်များကို သုတ်သင်နိုင်သည့် ထူးခြားဆန်းကြယ်သော ကျင့်ကြံခြင်းအခြေခံဖြင့် လူတစ်ယောက်၊ ရှင်းကုံကျစ်တာအိုဂိုဏ်းထိပ်တန်းကြယ်ပွင့်များမှ အဆင့်တစ် နေရာရှိ အစ်ကိုအကြီးဆုံးက မည်သို့ဖြစ်သွားကြောင်း စဥ်းစားရင်း ဇောင်ထျန်ကျောက်ကို အူကြောင်ကြောင် ကြည့်နေမိသည်။

“ အင်း…. ဒီလို လူစားမျိုးကို ငါမိတ်ဆွေဖွဲ့သင့်တယ်”
သူက တွေးလိုက်သည်။
” မြေရိုင်းဒေသမှာ တစ်ယောက်ယောက်က ငါ့ကို လိုက်သတ်ရင် အကူအညီတောင်းဖို့ လူလိုတယ်။ သူ့လို လူမျိုး မိတ်ဆွေရှိရင် ပိုပြီး အဆင်ပြေသွားလောက်တယ်” သူ့ခေါင်းထဲတွင် ထိုအတွေးများပေါ်လာသဖြင့် ပိုင်ရှောင်ချန်းက ပြုံးလိုက်ပြီး ဇောင်ထျန်ကျောက်၏ ပခုံးကို ရင်းနှီးသော သွေးသောက်ရောင်ရင်းတစ်ယောက်ပမာ ပုတ်လိုက်လေသည်။ ထို့နောက် နွေဦးလေပြေအလား ပေါ့ပေါ့ပါးပါးအသံဖြင့် ပြောလိုက်၏။

” အစ်ကိုကြီး… ”

ဇောင်ထျန်ကျောက်သည် လူများက သူ့အသားအား ထိသည်ကို ကျင့်သားမရ၍ နောက်သို့ဆုတ်ရန်ပြင်လိုက်စဥ် ပိုင်ရှောင်ချန်း၏လေသံကို ကြားလိုက်ရသောအခါ စိတ်ရင်းဖြင့်ပြောကြောင်း သိလိုက်လေသည်။ ထို့ကြောင့် သူက ပိုင်ရှောင်ချန်းအား သူ့ပခုံးကို ဆုပ်ကိုင်ခွင့်ပြုလိုက်၏။

” ဒီတစ်ခုအပေါ်မှာတော့ ကျုပ်ကို ယုံရမယ် အစ်ကိုကြီး။ ကျုပ်နဲ့ အတူ ကောင်မလေးနှစ်ယောက်ကို ခင်ဗျားမြင်တယ်မလား။ နှစ်ယောက်တည်းနော် ဟုတ်တယ်ဟုတ်။ အင်း.. အဏ္ဏဝါခေါ်သံဂိုဏ်းမှာတုန်းက ကျုပ် ကောင်မလေး တစ်သောင်းဆီက ရည်းစားစာ ရခဲ့တာဗျ ”
ပိုင်ရှောင်ချန်းက သက်ပြင်းချလိုက်ပြီး သူ့ကိုယ်သူဂုဏ်ယူနေသည်ဟန် မပေါ်လွင်စေရန် ကြိုးစားထိန်းလိုက်သည်။

ပိုင်ရှောင်ချန်းက အလွန်အကြူးပြောဆိုနေသည်ဟု ယူဆကာ ဇောင်ထျန်ကျောက် မျက်မှောင်ကြုတ်သွားလေသည်။

ထိုသို့ သူတို့မျက်နှာများပေါ်တွင် ဖြစ်ပေါ်နေသော အမူအရာများကြောင့် ကြည့်ရှုနေကြသူများအကြား ဆွေးနွေးငြင်းခုံမှုများကို လောင်စာထည့်ပေးလိုက်လေတော့သည်။ ပိုင်ရှောင်ချန်းက ဇောင်ထျန်ကျောက်၏ ပခုံးကို ဆုပ်ကိုင်လိုက်ပြီး ဇောင်ထျန်ကျောက်က နောက်သို့ မဆုတ်သွားသည့်အချိန်တွင် ပိုမို ဆိုးဝါးလေသည်။ ကြည့်နေသည့်လူတိုင်း၏ မျက်နှာများအပေါ်တွင် အံ့သြသွားသော အမူအရာများပေါ်လာကြတော့သည်။

ထိုလူများအတွက် ဇောင်ထျန်ကျောက်သည် ဂုဏ်ထူးအမြင့်ဆုံးကို သိမ်းပိုက်ထားပြီး မာနကြီး၍ သီးသန့်နေတတ်သောလူဖြစ်လေသည်။ သူသည် မည်သူမျှ အနားမကပ်နိုင်သည့် အေးတိအေးစက်လူစားမျိုးပင်။ ထို့ကြောင့် ဤကဲ့သို့ အပြုအမူများ ရုတ်တရက် ပြောင်းလဲသွားသည်ကို မြင်ရသည်မှာ အတော်လေးအံ့သြစရာကောင်းလှသည်။

သင်္ဘောဦးပိုင်းပေါ်တွင် ဇောင်ထျန်ကျောက်သည် ပိုင်ရှောင်ချန်းကို စိတ်ပျက်စွာ မျက်မှောင်ကြုတ်၍ ကြည့်နေလေသည်။ အမှန်တွင် သူက ပြန်လှည့်သွားရန်သာ ပြင်လိုက်လေသည်။

” ဟေး.. ခင်ဗျား ကျုပ်ကို မယုံသေးဘူးလား။ ကောင်းပြီလေ ဒါကိုကြည့် ”
ပိုင်ရှောင်ချန်းသည် သူ့ပြောစကားများအား လူအများမယုံသည်ကို မုန်းတီးလေသောကြောင့် ချက်ချင်းပင် သူ၏ ထည့်စရာအိတ်ကို ပုတ်လိုက်ရာ မိုးရွာကျသည့်အလား ရည်းစားစာ အမြောက်အမြား တဝေါဝေါကျလာတော့သည်။

ရည်စားစာများမှာ အလွန်တရာ များပြားလေရာ ကုန်းပတ်ပေါ်ဝယ် တောင်ငယ်တစ်လုံးသဖွယ် အလျင်အမြန် စုပုံသွားလေသည်။ ဇောင်ထျန်ကျောက်မှာ ပင့်သက်ရှိုက်သွားပြီး အံ့သြမယုံကြည်နိုင်မှုများကြောင့် သူ၏မျက်လုံးများ ဝိုင်းစက်ပြူးကျယ်လာလေသည်။ သူက စာအချို့ကိုပင် ကောက်ဖတ်ကြည့်လိုက်ပြီး ပိုမို တုန်လှုပ်သွားလေသည်။ ထိုရည်းစားစာများအားလုံးကို မတူညီသော လူများက ရေးထားပြီး အတုမဟုတ်သည်မှာ ပြောစရာမလိုအောင် သိသာလေသည်။ စာအပုံထဲတွင် ကျောက်စိမ်းပေလွှာအချို့ပင်ရှိပြီး အထဲတွင် ထိုစာများပေးသော မိန်းမပျိုလေးများ၏ လှပသော မျက်နှာကလေးများကို တွေ့ရလေသည်…..

” ဒါ….ဒါ…..ဒါ..”

ဇောင်ထျန်ကျောက်မှာ အထစ်ထစ်အငေါ့ငေါ့ဖြစ်သွားပြီး သူ၏နှလုံးမှာ အံ့သြတုန်လှုပ်ခြင်းလှိုင်းလုံးများ ဝင်ဆောင့်ခြင်းခံလိုက်ရလေရာ ပြင်းပြင်းထန်ထန်တုန်ရီသွားတော့သည်။ သူ့မျက်လုံးထဲတွင် နတ်ဘုရားတစ်ပါးကိုတွေ့လိုက်ရသည့် အကြည့်မျိုးဖြင့် ပိုင်ရှောင်ချန်းကို မော့ကြည့်လိုက်လေသည်။

ပိုင်ရှောင်ချန်းက
အင်္ကျီလက်ကို ဂုဏ်ယူစွာခါလိုက်ရင်း မေးကို မော့ကာ ပြော၏။
” တွေ့ပြီလား။ အခု ကျုပ်ကို ယုံပြီလား။ ဒါက ကျုပ် ကြိုက်လို့သပ်သပ်သိမ်းထားတာလေးပဲ ရှိသေးတာ။ အိတ်ထဲမှာ အများကြီးရှိသေးတယ်။ လက်ဖျောက်တစ်ချက်တီးလိုက်တာနဲ့ ပိုင်ရှောင်ချန်းဆိုတဲ့ ကျုပ်က အဏ္ဏဝါခေါ်သံဂိုဏ်းက မိန်းမလှလေးတွေရဲ့ နှလုံးသားေတွကို သိမ်းပိုက်နိုင်တယ်”

ဖြစ်ပျက်နေသော ထူးဆန်းသည့်မြင်ကွင်းကြောင့် ကြည့်ရှုနေကြသူများ၏ စိတ်နှလုံးတွင် အံ့သြမှုများနှင့် ထင်မြင်ချက်အမျိုးမျိုးပြည့်သွားတော့သည်။ ပြောနေသည့်စကားများကို တစ်ယောက်မှ မကြားရဘဲ နတ်ဘုရားအာရုံများသည်လည်း အသုံးမဝင်လေရာ သူတို့အားလုံးမှာ ဖြစ်ပျက်နေသည်ကို စောင့်သာကြည့်နေနိုင်တော့သည်။

ပိုင်ရှောင်ချန်း၏ အိတ်ထဲမှ စာတစ်ပြုံတစ်ခေါင်း ထွက်ကျလာသည်ကို လူအများမြင်လိုက်သောအခါ အံ့သြကာ ပါးစပ်များ အဟောင်းသားဖြစ်သွားကြတော့သည်။ ပထမတွင် လူများမှာ ထိုစာများကို ထွေထွေထူးထူး အာရုံစိုက်နေသော်လည်း မကြာမီ စာအမြောက်အမြားမှာ အသည်းပုံစံခေါက်ထားကြောင်း သတိပြုမိလိုက်ကြလေသည်။

” အဲ့တာ ဘာတွေတုန်း။ ဘုရား ဘုရား… အစ်ကိုကြီးက တကယ်ကြီး ဖတ်တော့မလို့လား။ ရည်စားစာတွေလို့ ငါဘာလို့များ ခံစားနေရပါလိမ့်”

” သောက်ကျိုးနည်း..မဖြစ်နိုင်ဘူး။ အဲ့လို ရည်းစားစာအများကြီးကို ဘယ်သူ မြင်ဖူးလို့လဲ။ အားလုံးပေါင်းတစ်သောင်းတောင်ကျော်မယ်ထင်တယ်။ ရည်းစားစာ မဟုတ်တာ ကျိန်းသေပဲ။ ဒါ့အပြင် အစ်ကိုကြီးရဲ့ အမူအရာကိုကြည့်။ သူက ထူးဆန်းတဲ့လျှို့ဝှက်ချက်ကို နှိုက်နှိုက်ချွတ်ချွတ်ရှာနေတဲ့ပုံပဲ ”

” ဘာလို့များ ဒီလူ ပိုင်ရှောင်ချန်းက ပိုပြီး နားလည်ရခက်လာတာလဲကွာ ”

အမှန်တွင် ချင်းမေ့ယွမ်သည် ထိုရည်းစားစာများကို သတိထားမိသွားပြီး ရယ်ရအခက်၊ ငိုရအခက် ဖြစ်သွားကာ ဟူးခနဲ လေမှုတ်ထုတ်လိုက်တော့သည်။

ကြည့်ရှုနေသူများက
ဖြစ်ပျက်နေသည်တို့ကို သေသေချာချာစူးစမ်းရန် ပြင်လိုက်၏။ ထိုစဥ် ဇောင်ထျန်ကျောက်က သက်ပြင်းချလိုက်ပြီး လက်ကို ဝှေ့ယမ်းလိုက်ရာ အကာအကွယ်တစ်ခု ရုတ်တရက် ဝိုးတဝါးပေါ်လာကာ တစ်ယောက်မှ သူတို့ကို မမြင်ရတော့ပေ။

ဇောင်ထျန်ကျောက်က စိတ်လှုပ်ရှားပြီး အလွန်တရာရိုးသားသော အမူအရာဖြင့် လက်ယှက်ကာ ပိုင်ရှောင်ချန်းကို လေးလေးနက်နက် အရိုအသေပေးလိုက်သည်။

” ညီလေး ပိုင်။ မင်းလို ငယ်ရွယ်တဲ့ လူတစ်ယောက်မှာ ဒီလို လက်ဖျားခါလောက်တဲ့ အရည်အချင်းတွေ ရှိနေတာ အစ်ကို မယုံခဲ့ဘူး။ မင်းရဲ့ အဲဒီပညာတွေထဲက တစ်ခု၊ နှစ်ခုလောက် အစ်ကို့ကို သင်ပေးနိုင်မလား ”

ဇောင်ထျန်ကျောက်က ထိုသို့သော စကားများကို လေးလေးနက်နက် ပြောနေသော မြင်ကွင်းကြောင့် ပိုင်ရှောင်ချန်းမှာ နောက်တစ်ဖန် တုန်လှုပ်သွားရပြန်သည်။

” ဒီလိုဟာမျိုးကို သင်ချင်တယ်လား” ပိုင်ရှောင်ချန်းက နားမလည်နိုင်သလို ပြောလိုက်သည်။

ဇောင်ထျန်ကျောက်က တည်ကြည်လေးနက်မှုဖြင့် မျက်လုံးများတောက်ပနေရင်း အသက်ပြင်းပြင်းရှူကာ ထပ်မံ ခါးကုန်း၍ ဦးညွတ်လိုက်ပြန်သည်။
” ညီလေး ပိုင်… ကျေးဇူးပြုပြီး သင်ပေးပါ။ အစ်ကို ပျော်ပျော်နေချင်တယ်။ မင်းသာ အစ်ကို့ကို ကူညီပေးမယ်ဆိုရင် အသက်ရှင်နေသရွေ့ ကာလပတ်လုံး မင်းရဲ့ကျေးဇူးကို ဘယ်တော့မှ မမေ့ပါဘူး ”

ပိုင်ရှောင်ချန်းသည် မျက်တောင်တဖျတ်ဖျတ်ခတ်လိုက်၏။ နောက်ဆုံးတွင် သူ သဘောပေါက်သွားလေပြီ။ ဇောင်ထျန်ကျောက်သည် အပြင်ပန်းတွင် အေးစက်ပြီး သီးသန့်နေတတ်သော လူစားမျိုးဟု ထင်ရှားသော်လည်း အတွင်းစိတ်ထဲတွင်မူ ချစ်စိတ်ပြင်းပြပြီး စိတ်ကူးယဥ်ဆန်တတ်လေသည်။ တခဏကြာသော် ပိုင်ရှောင်ချန်းက အားပါးတရ ရယ်မောလိုက်သည်။

“ဟေးး.. ကျုပ်တို့က ညီအစ်ကိုတွေပဲလေ ဟုတ်တယ်မလား။ တစ်ခု၊ နှစ်ခု သင်ပေးပါဆိုတာ ဘာကြီးတုန်း။ အချိန်တစ်ခုသတ်မှတ်ပြီး ကျုပ်သိထားသမျှ အကုန် ခင်ဗျားကို သင်ပေးမယ်။ ခင်ဗျား ဘယ်ကောင်မလေးကြိုက်သလဲသာ ပြောလိုက်။ အချစ်သူေတာ်စင် ပိုင်ရှောင်ချန်း မကိုင်တွယ်နိုင်တဲ့ စိန်ခေါ်ပွဲဆိုတာ မရှိသေးဘူး ”

ဇောင်ထျန်ကျောက်သည် စိတ်သက်သာရာရသွားပြီး သက်ပြင်းရှည်ကြီးချလိုက်လေသည်။ သူက ထိုကိစ္စကို သေချာ ဆွေးနွေးရန် အချိန်သတ်မှတ်လိုက်ပြီးနောက် အကာအကွယ်ကို ဖယ်ရှားလိုက်ပြီး စိတ်လှုပ်ရှားစွာ ထွက်သွားတော့သည်။

ပိုင်ရှောင်ချန်းက ရည်စားစာအားလုံးကို ပြန်ထည့်လိုက်ပြီး သူ၏ တာအိုစောင့်ရှာက်သူများထံ ဂုဏ်ယူစွာ ဟန်ပါပါ လျှောက်လာလေသည်။ နတ်ဆရာသည် အလွန်သိချင်နေဟန်တူပြီး စုန့်ချွဲမှာမူ လုံးဝ စိတ်မဝင်စားချင်ယောင်ဆောင်နေသော်လည်း ပိုင်ရှောင်ချန်းကို နားစွင့်နေကြောင်း သိသာလေသည်။

တခဏကြာသော် နတ်ဆရာက မနေနိုင်တော့ပဲ မေးလိုက်တော့သည်။
” ခေါင်းဆောင်လေး… ဇောင်ထျန်ကျောက်နဲ့ ဘာတွေများ ပြောခဲ့တာတုန်း” .

“ငါ မပြောနိုင်ဘူး ”
ပိုင်ရှောင်ချန်းက နားလည်ရခက်ခဲစွာ ခေါင်းခါပြီး ပြောလိုက်သည်။

” ဒါက အစ်ကိုကြီးဇောင်ထျန်ကျောက်ရဲ့ ဘဝမှာ အရေးအကြီးဆုံးကိစ္စပဲ ။ ဒါကို ငါက ဘာမှမဟုတ်သလို ဘယ်လိုလုပ်ပြောပြနိုင်မှာလဲ ”

သူသည် လက်ကို နောက်ပစ်ကာ ဟိတ်ကြီးဟန်ကြီးနှင့် သူ့အခန်းဆီသို့ အေးအေးလူလူ လျှောက်သွားတော့သည်။

မှန်ပါသည်။ သူ၏လျှို့ဝှက်ထားမှုကြောင့် နတ်ဆရာနှင့် အခြားလူများမှာ ပိုမို သိချင်လာကြပြီး ထိုမြင်ကွင်းကို စောင့်ကြည့်နေခဲ့ကြသည့် အခြားလူများအားလုံးမှာလည်း အလားတူ ဖြစ်နေတော့သည်။ လူအများစုက ထိုအကြောင်းအရာတို့ကို သိရှိရန် သိုသိုသိပ်သပ် စူးစမ်းခဲ့သော်လည်း သတင်းတစ်ခုမှမရခဲ့ပေ။

သုံးရက်တာကုန်လွန်သွားခဲ့ပြီး ထိုအချိန်အတောအတွင်း ပိုင်ရှောင်ချန်းသည် သူ၏ အခန်းမှ တဖဝါးမှ မခွာပေ။ ထိုအစား ဇောင်ထျန်ကျောက်က သူနှင့်အတူ ဆွေးနွေးရန် လာမည်ကို စိတ်ရှည်လက်ရှည်စောင့်နေလေသည်။

ထိုသည်ကို တွေ့ရသဖြင့် နတ်ဆရာမှာ မနေနိုင်ပဲ အခြေအနေကို အကြိမ်အနည်းငယ်ထပ်မေးသော်လည်း အကြိမ်တိုင်း သူ၏စူးစမ်းမှုများမှာ ခါးခါးသီးသီးအငြင်းခံရလေသည်။ နောက်ဆုံးတွင်တော့ ပိုင်ရှောင်ချန်းက သက်ပြင်းချပြီး ပြော၏။
” ငါ လူတစ်ယောက်ကို စောင့်နေတာ”

“ဇောင်ထျန်ကျောက်လား”
နတ်ဆရာက အံ့သြလျက် ပြန်ပြော၏။ စုန့်ချွဲသည်ပင်လျှင် နားစွင့်လာ၏။

“အင်း ဟုတ်တယ်”
ပိုင်ရှောင်ချန်းက တည်တည်ငြိမ်ငြိမ် ပြန်ပြော၏။
” ဘာလို့လဲဆိုတော့ ဒီစစ်သင်္ဘောကြီးတစ်ခုလုံးမှာ ငါ ပိုင်ရှောင်ချန်းကပဲ သူ့ကို ကူညီနိုင်မှာမလို့လေ ”
ထို့နောက် သူက သူ့ကိုယ်သူ ယခင်ကထက်ပို၍ ဂုဏ်ယူနေပုံရပြီး မျက်လုံးပိတ်ကာ ကျင့်ကြံနေလေသည်။

နတ်ဆရာနှင့် စုန့်ချွဲမှာ နားမလည်နိုင်သည့်မျက်လုံးတွေနှင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်သည်။ သို့သော်လည်း မည်မျှစဥ်းစားတွေးတောနေပါစေ တစ်လုံးတစ်ပါဒမှ သူတို့ မသိပေ။ နောက်ဆုံး သုံးရက်မြောက်နေ့ ညနေစောင်းအချိန် အခန်းတံခါးအပြင်ဘက်တွင် ဇောင်ထျန်ကျောက်၏အသံကို ကြားလိုက်ရလေသည်။

” ညီလေးပိုင်.. အထဲမှာ ရှိလား”

နတ်ဆရာနှင့် စုန့်ချွဲသည် မျက်လုံးများ တဖြည်းဖြည်းဖွင့်လာသည့် ပိုင်ရှောင်ချန်းကို လှမ်းကြည့်လိုက်ကြသည်။

” ချွဲအာ.. သွား မြန်မြန်ဖွင့်ချည်။ မေ့ယွမ် ငါတို့ကို ရှောင်ပေးဦး ”

ချင်းမေ့ယွမ်က ဟွန့်ခနဲ ခပ်ဖွဖွ နှာမှုတ်လိုက်သည်။ သူမသည်လည်း ဖြစ်ပျက်နေသောအကြောင်းတို့အတွက် ကိုယ်ပိုင်ထင်မြင်ချက်များ ရှိသော်လည်း ရွေးချယ်စရာမရှိလေရာ အခန်းထဲသွားပြီး တံခါးပိတ်လိုက်ရလေသည်။ စု့န်ချွဲမှာမူ စိန်းစိန်းဝါးဝါးဖြစ်ကာ မျက်လုံးကြီးပြူးသွားသော်လည်း တခြားလူ၏အိမ်ခေါင်မိုးအောက်တွင် နေရသော ဧည့်သည်ဖြစ်နေလေရာ ခပ်တင်းတင်း အံကြိတ်လိုက်ပြီး တံခါးသွားဖွင့်လိုက်လေသည်။

သူ တံခါးဖွင့်ပေးလိုက်သည်နှင့်တစ်ပြိုင်နက် ခါတိုင်းကဲ့သို့ တည်ကြည်ခန့်ညားသော ဇောင်ထျန်ကျောက်ပေါ်လာပြီး နောက်လိုက်နှစ်ယောက်နှင့်အတူ အထဲဝင်လာတော့သည်။

နောက်လိုက်နှစ်ယောက်၏ မျက်နှာများအပေါ်၌ စိုးရိမ်နေသော အမူအရာများရှိလေသည်။ သူတို့သည် ပိုင်ရှောင်ချန်းက ဆေးပင်ဝယ်ပေးရန် အကူအညီတောင်းခံခဲ့သော မိစ္ဆာနှိမ်နင်းရေးခန်းမမှ လက်ရွေးစင်နှစ်ဦးဖြစ်နေလေသည်။ ထိုစဥ်က သူတို့နှစ်ယောက်လုံးသည် ပိုင်ရှောင်ချန်းကို တမင်တကာ အခက်တွေ့အောင်လုပ်ခဲ့မိသည်။ သူတို့ထဲမှ တစ်ယောက်က အလွန်များပြားသော ငွေကြေးများကို စျေးခေါ်ခဲ့ပြီး နောက်တစ်ယောက်မှာမူ တံခါးပိတ်ကျင့်နေသယောင် ဟန်ဆောင်ခဲ့သည်။

ပိုင်ရှောင်ချန်းက သက်တန့်၏ ခရမ်းရောင်အပိုင်းပေါ်ရောက်သွားပြီး တစ်ဂိုဏ်းလုံးကို လှုပ်ရမ်းကာ လက်ဖျားခါလောက်အောင် ထိပ်ဆုံးထဲ ရုတ်တရက် ရောက်သွားလိမ့်မည်ဟု မည်သူက ထင်မည်နည်း။ အမှန်တွင် သူတို့က ဇောင်ထျန်ကျောက်၏ နောက်လိုက်များဖြစ်နေသည့်အတွက် လက်စားချေရန် မလာခြင်းဖြစ်မည်ဟု ယုံကြည်နေခဲ့သေးသည်။

သို့သော် ယခုတွင် ဇောင်ထျန်ကျောက်နှင့် ပိုင်ရှောင်ချန်းမှာ တစ်ယောက်နှင့်တစ်ယောက် တစ်နည်းနည်းဖြင့် အလွန်ရင်းနှီးနေသည်ကို သိလိုက်ရသောအခါ လုံးဝမယုံကြည်နိုင်အောင် ဖြစ်သွားကြတော့သည်။ ဇောင်ထျန်ကျောက်တွင် အလွန်လေးနက်သော အမူအရာရှိပြီး လွန်စွာ ယဥ်ကျေးနေလေရာ ပို၍ပင် တုန်လှုပ်ဖွယ်ကောင်းနေတော့သည်။

သူတို့နှစ်ယောက်လုံးမှာ မတုန်လှုပ်ပဲ မနေနိုင်တော့ပေ။

ဇောင်ထျန်ကျောက်က အတွင်းထဲရောက်သည်နှင့် အသက်ပြင်းပြင်းရှူလိုက်ပြီး နတ်ဆရာနှင့် စုန့်ချွဲတို့ ရှိနေသေးသည်ကို လုံးဝလျစ်လျူရှုကာ လက်ယှက်၍ လေးလေးနက်နက် ဦးညွတ်လိုက်လေသည်။
“ ညီလေးပိုင်… မင်း ငါ့ကို မရယ်ဖို့ မျှော်လင့်ပါတယ်။ တကယ်က ညီမယွဲ့ရှန်ကို ငါ အမြဲတမ်း ချစ်မြတ်နိုးနေခဲ့တာပါ။ သူ့နှလုံးသားကို ငါ ဘယ်လို သိမ်းပိုက်ရမလဲ မသိဘူး။ အခကြေးငွေအနေနဲ့ ငါ လုပ်နိုင်သရွေ့ မင်းတောင်းတာမှန်သမျှ လုပ်ပေးပါ့မယ်။ တကယ်လို့ မင်းက နတ်သားရဲဝိညာဥ်ကို တောင်းလာခဲ့ရင်တောင် အဆင်ပြေအောင် စီစဥ်ပေးမယ်ကွာ “


Comment

Leave a Reply

Options

not work with dark mode
Reset