ဝမ်ပေါင်လဲ့နှင့် ဒူဂူလင်းတို့ အရည်အချင်းစမ်းသပ်ပွဲထဲ၌ တစ်ယောက်ကိုတစ်ယောက် လှမ်းကြည့်နေကြစဉ် သူတို့၏ ပတ်ပတ်လည်တွင် ရှုံးနိမ့်သွားကြသူများ ရှိနေကြ၏။ သို့သော် ကျိုးချူတောက်တစ်ယောက် ပူပင်ကြောင့်ကြမှုမရှိဘဲ ထွက်ခွာသွားချိန်တွင် ချိုင့်ဝမ်းထဲ၌ လဲလျောင်းနေသည့် ရှုမင်မှာ နှလုံးသားထဲ၌ တဆစ်ဆစ် နာကြည်းနေပြီး နောက်ထပ်တစ်ကြိမ်ထပ်၍ မတိုက်ခိုက်ရဲခဲ့သောကြောင့် သူ့ကိုယ်သူ လှောင်ရယ်နေမိတော့သည်။
ယခုတွင် တည်းနေရာပြောင်းရွှေ့ခြင်း လုပ်ငန်းစဉ်ကြီး စတင်တော့မည်ဖြစ်သည်။
အရည်အချင်းစမ်းသပ်ပွဲကြီး၏ အရပ်မျက်နှာအနှံ့မှနေ၍ ထစ်ချုန်းသံများ ထွက်ပေါ်လာ၏။ အစပိုင်းတွင် ၎င်းတို့မှာ တိုးတိုးလေးသာ မြည်ဟည်းနေပါသော်လည်း တဖြည်းဖြည်းနှင့် မိုးခြိမ်းသံများကဲ့သို့ ကျယ်လောင်လာ၏။ ထို့ကြောင့် ဧရာမဘီလူးကြီးတစ်ကောင်မှာ အရည်အချင်းစမ်းသပ်ပွဲ ကျင်းပနေသည့် ကမ္ဘာကြီးဘက်သို့လှည့်ကာ အသံကုန်အော်ဟစ်နေသည့်အလားပင်။
ထိုအချိန်တွင် ကောင်းကင်ယံထဲရှိ ညကောင်းကင်ကြီးမှာ ပထမဆုံးအကြိမ်အဖြစ် တွန့်လိမ်ပုံပျက်သွား၏။ ထို့နောက် မြေပြင်ကြီးနှင့် တောင်တန်းများမှာ စတင်တုန်ရီလာတော့သည်။
ထစ်ချုန်းသံများမှာ ပို၍ ကျယ်လောင်လာနေကြပြီး မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီးတို့မှာ ပြောင်းပြန်ဖြစ်သွားတော့မည့် အလားပင်။ ထို့နောက် အသက်ရှူကြိမ် အနည်းငယ်အတွင်းတွင် တည်နေရာပြောင်းရွှေ့ခြင်းစွမ်းအားများမှာ အရည်အချင်းစမ်းသပ်ပွဲထဲ၌ ရုတ်ခြည်းဆိုသလို ပေါ်ပေါက်လာကြ၏။
၎င်းမှာ ပထမဆုံး တည်နေရာပြောင်းရွှေ့ခြင်းဖြစ်စဉ်ဖြစ်ပြီး လူတိုင်းဆီမှ သော့တစ်ချောင်းစီ နုတ်ယူသွားမည် ဖြစ်သည်။ မိမိ၏လက်ထဲတွင် သော့တစ်ချောင်းမှ မရှိတော့သည့်လူများမှာမူ ပြိုင်ပွဲထဲမှ နှုတ်ထွက်ရမည်ဖြစ်သည်။
ထိုအခိုက်အတန့်တွင် နဂိုတုန်းက ငြိမ်သက်နေခဲ့သည့် အရည်အချင်းစမ်းသပ်ပွဲ ကျင်းပရာ ကမ္ဘာကြီးမှာ အုပ်အော်သောင်းနင်ဖြစ်သွား၏။ မိမိတို့၏ သော့များကို ဆုံးရှုံးခဲ့ရသည့် ပြိုင်ပွဲဝင်ပေါင်း မြောက်များစွာမှာ ရုတ်တရက်ဆိုသလို ပုန်းကွယ်နေရာမှ ထလာကြပြီး သူတို့၏အနီးတွင်ရှိနေသည့် သော့များပိုင်ဆိုင်ထားသော အခြားပြိုင်ပွဲဝင်များဆီသို့ အရှိန်အဟုန်ဖြင့် ပြေးသွားလိုက်ကြတော့သည်။
သူတို့ထဲမှ အချို့မှာ အောင်မြင်သွားကြပါသော်လည်း အများစုမှာမူ ကျရှုံးသွားရသည်သာဖြစ်သည်။ တည်နေရာပြောင်းရွှေ့ခြင်း ဖြစ်စဉ်ကြီး၏ အလင်းရောင်များ မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ ကြားတွင် တဖိတ်ဖိတ်တောက်ပနေစဉ် သော့များမှာ တစ်ချောင်းပြီးတစ်ချောင်း ပျောက်ကွယ်သွားကြသဖြင့် ပြိုင်ပွဲဝင်များမှာလည်း တစ်ယောက်ပြီးတစ်ယောက် နုတ်ထွက်သွားရတော့သည်။
ထိုဖြစ်စဉ်ကြီးမှာ သော့များပိုင်ဆိုင်ထားသည့်လူများသာ တောင့်ခံနိုင်စွမ်းရှိသော လေမုန်တိုင်းကြီးတစ်ခု တိုက်ခတ်သွားသကဲ့သို့ပင်။ လက်ထဲတွင် သော့မရှိတော့သည့် လူများမှာ ထို လေမုန်တိုင်းကြီးကြောင့် အရည်အချင်းစမ်းသပ်ပွဲ ကျင်းပရာ ကမ္ဘာကြီးထဲမှ ပျောက်ကွယ်သွားရတော့မည်ဖြစ်သည်။
ရှုမင်နှင့် ကျိုးချူတောက်တို့မှာ ထိုဖြစ်ရပ်ကြီးနှင့် ကြုံလိုက်ရ၏။ ဝမ်ပေါင်လဲ့မှာလည်း သူ၏လက်ထဲမှ သော့တစ်ချောင်း ပျောက်ကွယ်သွားသည်ကို မြင်လိုက်ရသည်။ ဝမ်ပေါင်လဲ့၏ ခပ်လှမ်းလှမ်းရှိ သူ့အား ကျောပေးထားသော ကျိုးချူတောက်မှာ ဟင်းလင်းပြင်ကြီးထဲသို့ ဝင်ရောက်သွားနေသည့်အလား သူ၏ ခန္ဓာကိုယ်မှာ တဖြည်းဖြည်းနှင့် မှုန်ဝါးလာ၏။ သူသည် အပြီးတိုင်ပျောက်ကွယ်မသွားခင် ဝမ်ပေါင်လဲ့အား ကျောပေးထားရင်း သူ့အား နှုတ်ဆက်နေသည့် အမူအရာဖြင့် သူ၏ ညာဘက်လက်ကိုမြှောက်လိုက်၏။
သူသည် သုံးကြိမ်တိတိသာ လက်ယမ်းပြနိုင်လိုက်ပြီးနောက် အစအန ရှာမရလောက်အောင် ပျောက်ကွယ်သွားတော့သည်။
တည်နေရာပြောင်းရွှေ့ခြင်း ဖြစ်စဉ်ကြီးမှာ အသက်ရှူကြိမ် အနည်းငယ်မျှသာ ကြာမြင့်ပေသည်။ မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီး ပြန်လည်တည်ငြိမ်သွားသည့် အချိန်တွင် ထိုဖြစ်စဥ်ကြီးမှာ ပြီးဆုံးသွားပြီဖြစ်သည်။ ညကောင်းကင်ထဲရှိ တွန့်လိမ်ပုံပျက်နေသော မြေပုံကြီးမှာလည်း ပြန်၍ ကြည်လင်ပြတ်သားသွားပြီဖြစ်သည်။ သို့သော် ၎င်းပေါ်တွင် ရှိနေခဲ့သည့် သော့အရေအတွက်မှာမူ သိသိသာသာ လျော့နည်းသွား၏။
ဝမ်ပေါင်လဲ့မှာ ညကောင်းကင်ထဲရှိ မြေပုံကြီးအားကြည့်ရင်း အသက်ပြင်းပြင်းရှူလိုက်၏။ ထိုအချိန်တွင် ကျောက်ယမုန့်၏ စကားသံ ထွက်ပေါ်လာသည်။
” တည်နေရာပြောင်းရွှေ့ခြင်း ဖြစ်စဉ် ပေါ်ပေါက်လာတဲ့အချိန်တိုင်း သော့မရှိတော့တဲ့ ပြိုင်ပွဲဝင်တွေကို ပြိုင်ပွဲထဲကနေ ထုတ်ပယ်ဖြစ်မှာ။ အဲတာပြီးရင် သော့မရှိတော့တဲ့ ပြိုင်ပွဲဝင်အသစ်တွေ ထပ်ပြီးတော့ ပေါ်လာကြမှာပဲ။ ပြီးရင် နေ့စဉ်နေ့တိုင်း အဲဒီအချိန် တစ်ချိန်ထဲမှာပဲ သော့မရှိတော့တဲ့ ပြိုင်ပွဲဝင်တွေရဲ့ တည်နေရာကို သိနိုင်မှာ ”
” ဘာလို့လဲဆိုတော့ မြေပုံပေါ်က သော့တစ်ချောင်းစီရှိနေခဲ့တဲ့ နေရာတစ်ခုချင်းစီတိုင်းမှာ သော့မရှိတော့တဲ့ ပြိုင်ပွဲဝင်တစ်ယောက်စီ ပေါ်ပေါက်လာမှာမလို့ပဲ ” ကျောက်ယမုန့်မှာ ထိုသို့ရှင်းပြလိုက်ပြီးနောက် သူမ၏ညာဘက်လက်အား မြှောက်ကာ ဝှေ့ယမ်းလိုက်၏။ ထိုအခါ သူမ၏ ညာဘက်လက်ထဲတွင် ရှိနေသော သံလိုက်အိမ်မြှောင်လေးထဲမှ ဖျော့တော့တော့ အလင်းရောင်တစ်ခု ထွက်ပေါ်လာပြီး သူမ၏ရှေ့တွင် စုဝေးကာ မြေပုံတစ်ခုအဖြစ် ပြောင်းလဲသွား၏။
” သော့တစ်ချောင်းစီ ပျောက်သွားတဲ့ နေရာတွေအကုန်လုံးကို ငါ မှတ်ပြီးသွားပြီ။ ဒီနေရာတွေက သော့မရှိတော့တဲ့ ပြိုင်ပွဲဝင်တွေရဲ့ တည်နေရာပဲ။ ဒီမြေပုံကိုကြည့်ပြီးတော့ သော့မရှိတော့တဲ့ပြိုင်ပွဲဝင်တွေ ရှိနေနိုင်မယ့်နေရာကို ခန့်မှန်းလို့ရတယ် ” ကျောက်ယမုန့်မှာ သူမ၏ဘယ်ဘက်လက်ဖြင့် သံလိုက်အိမ်မြှောင်အား လက်ညှိုးထိုးပြရင်း ဆိုလိုက်၏။ ထိုအခါ သူမ၏ရှေ့ရှိ အလင်းရောင်မြေပုံပေါ်တွင် နေရာပေါင်းမြောက်မြားစွာမှာ တလက်လက် တောက်ပလာကြ၏။
ကျောက်ယမုန့်၏ ခန့်မှန်းချက်များအရဆိုလျှင် ထို တလက်လက်တောက်ပနေသည့် နေရာများမှာ အရည်အချင်းစမ်းသပ်ပွဲ ကျင်းပရာကမ္ဘာကြီးထဲရှိ သော့မရှိတော့သော ပြိုင်ပွဲဝင်များ၏ တည်နေရာများဖြစ်ကြပေသည်။ ယခုတွင် သူတို့၏ ပတ်ပတ်လည်၌ ထိုကဲ့သို့သော နေရာမျိုး သုံးနေရာတိတိ ရှိနေ၏။
” ငါတို့တွေ ဒီကိစ္စကို ဘယ်လိုဖြေရှင်းကြမလဲ ” ကျောက်ယမုန့်မှာမှာ ဝမ်ပေါင်လဲ့အား ကြည့်ကာ သူတို့၏ အနီးတွင်ရှိနေသည့် သော့မရှိတော့သော ပြိုင်ပွဲဝင်များအား မည်သို့ ကိုင်တွယ်ဖြေရှင်းမည်နည်းဟု မေးလိုက်၏။
” သူတို့ကို ဂရုစိုက်နေစရာမလိုပါဘူး… ဟင် ” ဝမ်ပေါင်လဲ့မှာ ထိုသို့ပြန်ဖြေရင်း တစ်စုံတစ်ခုကို သတိထားမိသွားသည့်ပုံပင်။ သူသည် ထိုမြေပုံထဲမှ နေရာတစ်နေရာကို ကြည့်လိုက်ပြီးနောက် သူ၏ ညာဘက်လက်ကိုမြှောက်ကာ ဝှေ့ယမ်းလိုက်၏။ ထိုအခါ သူ၏ သုံးရောင်ခြယ်ဓားပျံ ပေါ်ပေါက်လာပြီး အခြားနေရာ နှစ်ခုဆီသို့ ဦးတည်ပျံသန်းသွားသည်။
ထို သုံးရောင်ခြယ်ဓားပျံ ဟင်းလင်းပြင်ကြီးအား ထိုးခွင်းသွားသောအခါ ကျင့်ကြံသူနှစ်ယောက်မှာ ထိုနေရာနှစ်ခုမှ ခုန်ထွက်လာကြ၏။ ထို့နောက် ၎င်းတို့မှာ နောက်သို့ပင်လှည့်မကြည့်ဘဲ ချက်ချင်းထွက်ပြေးသွားကြတော့သည်။ သို့သော် သူတို့၏ အမြန်နှုန်းမှာ ဓားပျံလေးအား မယှဉ်နိုင်ကြပေ။ ထို့ကြောင့် တစ်အောင့်ခန့် ကြာမြင့်သွားပြီးနောက် သနားစရာကောင်းသော အော်ဟစ်မြည်တမ်းသံများ ထွက်ပေါ်လာပြီး သူတို့နှစ်ယောက်မှာ မြေကြီးပေါ်သို့ တစ်ယောက်ပြီးတစ်ယောက် ပြုတ်ကျသွားကြတော့သည်။
ဝမ်ပေါင်လဲ့မှာ သူတို့အား သတ်ဖြတ်ခဲ့ခြင်းမရှိဘဲ တစ်ရက်စာ လှုပ်ရှား၍မရအောင်သာ လုပ်လိုက်ခြင်းဖြစ်သည်။ ထို့ကြောင့် သူတို့မှာ ဤနေရာတစ်ဝိုက်တွင် ရှိနေကြတော့မည် ဖြစ်သည်။
သုံးရောင်ခြယ်ဓားပျံလေးမှာမူ ဝမ်ပေါင်လဲ့ဆီသို့ ပြန်ရောက်လာ၏။ ထို့နောက် သူသည် တတိယမြောက် နေရာဆီသို့ ဦးတည်သွားလိုက်သည်။ သူ ထိုနေရာအနီးသို့ ရောက်ရှိသွားသောအခါ မြေပြင်ကြီးမှာ တုန်ရီသွားပြီး လူတစ်ယောက်ထွက်ပေါ်လာ၏။ ထိုပုဂ္ဂိုလ်မှာ ထွက်ပြေးသွားခြင်းမရှိဘဲ အောက်သို့ထိုင်ချကာ မျက်နှာရှုံ့မဲ့မဲ့နှင့် ရယ်မောနေသည်။ ထို့နောက် သူသည် မယုံကြည်နိုင်လောက်အောင်ဖြစ်နေသော မျက်ဝန်းများဖြင့် ဝမ်ပေါင်လဲ့အား စိုက်ကြည့်ရင်း ရီဝေဝေ ဖြစ်နေတော့သည်။
” ပေါင်လဲ့… မင်း …. ”
ဝမ်ပေါင်လဲ့မှာမူ သူနှင့် ခန္ဓာကိုယ်အရွယ်အစား မတိမ်းမယိမ်းတွင် ရှိနေသည့် ထိုပုဂ္ဂိုလ်နှင့် ခင်မင်ရင်းနှီးနေသောကြောင့် ပြုံးကာ နှုတ်ဆက်လိုက်၏။
” ဂိုဏ်းတူအစ်ကို ယွင်ဖျောင်ကျိ ”
ထိုပုဂ္ဂိုလ်မှာ အမှန်တကယ်ပင် ယွင်ဖျောင်ကျိ ဖြစ်နေ၏။ သူသည် ဝမ်ပေါင်လဲ့နှင့် ကျိုးချူတောက်တို့၏ တိုက်ပွဲကြီးကို မြင်ခဲ့ရသည်ဖြစ်ရာ အလွန်အင်မတန်မှ တုန်လှုပ်နေရ၏။ ထို့အပြင် သူသည် သူ၏ စိတ်ထဲတွင် ရှိနေသည့် ဝမ်ပေါင်လဲ့၏ ပုံရိပ်နှင့် ယခု သူ၏ရှေ့တွင်ရှိနေသော ဝမ်ပေါင်လဲ့တို့အား ဆက်စပ်တွေးတောနိုင်စွမ်းမရှိဘဲ ဖြစ်နေရသည်။
ဝမ်ပေါင်လဲ့မှာ သူ မျှော်မှန်းထားသည်ထက်ပင် အများကြီးပို၍ အစွမ်းထက်နေသည်မဟုတ်ပါလော။ ထို့ကြောင့် သူသည် ဝမ်ပေါင်လဲ့နှင့် ပို၍ပင် အလှမ်းဝေးသွားသကဲ့သို့ ခံစားနေရ၏။
” ကျွန်တော် ဒီနားတစ်ဝိုက်က သော့မရှိတော့တဲ့ ပြိုင်ပွဲဝင်တွေအားလုံးကို ရှင်းပြီးသွားပြီ။ အစ်ကို ဒီနေရာကနေ ထွက်သွားပြီးရင် ဂရုစိုက်နော် ” ဝမ်ပေါင်လဲ့မှာ ယွင်ဖျောင်ကျိ တွေးတောနေသည့် အရာများကို ရိပ်မိသည့်အပြင် သူ၏ မျက်ဝန်းများထဲရှိ အထူးတဆန်းဖြစ်နေသော အရိပ်အယောင်များကို သတိထားမိလိုက်၏။ ထို့ကြောင့်သူသည် တစ်ခဏမျှ နှုတ်ဆိတ်သွားပြီးနောက် ချက်ချင်း စကားပြန်ပြောလိုက်ခြင်းဖြစ်သည်။ ထို့နောက် သူသည် ကျောက်ယမုန့်အား လှည့်ကြည့်လိုက်၏။
ကျောက်ယမုန့်မှာ ဝမ်ပေါင်လဲ့ဆိုလိုချင်သည့် အဓိပ္ပါယ်အား နားလည်သောကြောင့် သော့တစ်ချောင်း ထုတ်ယူကာ ယွင်ဖျောင်ကျိ၏ရှေ့၌ ချထားပေးလိုက်၏။
” ယွင်ဖျောင်ကျိ။ ဂိုဏ်းထဲရောက်ရင် ပြန်တွေ့မယ်နော်။ နှုတ်ဆက်ပါတယ် ” ဝမ်ပေါင်လဲ့မှာ ညာလက်သီးပေါ် ဘယ်လက်ဝါးတင်ကာ ယွင်ဖျောင်ကျိအား ပြုံးပြလိုက်ပြီး ကျောက်ယမုန့်နှင့် ခုန်းတောက်တို့နှင့်အတူ ထွက်ခွာသွားတော့သည်။ သူတို့ထွက်ခွာသွားနေရင်း ခုန်းတောက်မှာ အထူးတဆန်းဖြစ်နေသော မျက်နှာအမူအရာဖြင့် နောက်သို့လှည့်ကာ ယွင်ဖျောင်ကျိအား လှမ်းကြည့်လိုက်၏။
အစတွင် ဝမ်ပေါင်လဲ့မှာ ထို သော့မရှိတော့သည့် ပြိုင်ပွဲဝင်နှစ်ယောက်အား ရှင်းလင်းရန် အစီအစဉ်မရှိခဲ့ကြောင်း သူက နားလည်သွား၏။ သူသည် ယွင်ဖျောင်ကျိအတွက်သာ ထိုနှစ်ယောက်အား ရှင်းလင်းပေးခဲ့ခြင်းဖြစ်သည်။
ဝမ်ပေါင်လဲ့မှာ ယွင်ဖျောင်ကျိအား သော့တစ်ချောင်းပေးရန် ကြံရွယ်ထားသောကြောင့် ထိုကဲ့သို့ လုပ်ခဲ့ခြင်း ဖြစ်ပေသည်။ ထို့ကြောင့်လည်း ခုန်းတောက်မှာ အထူးတဆန်းဖြစ်သွားရခြင်းဖြစ်သည်။ သူတို့မှာ ပြည်ထောင်စုကြီးမှ ရောက်လာသည့် ဂိုဏ်းသားများ ဖြစ်နေကြသည်မဟုတ်ပါလော။ သို့ဖြစ်ရာ သူတို့မှာ ကျယ်ပြန့်တာအိုနန်းတော် ဂိုဏ်းသားများနှင့် ခင်မင်ရင်းနှီးသော ဆက်ဆံရေးတစ်ခု ပိုင်ဆိုင်ထားနိုင်ရန်မှာ အလွန်အင်မတန်မှ ခဲယဉ်းပေသည်။
ယွင်ဖျောင်ကျိမှာမူ နှုတ်ဆိတ်သွားပြီး သူ၏ရှေ့တွင်ရှိနေသော သော့အား စိုက်ကြည့်နေ၏။ တစ်အောင့်ခန့် ကြာပြီးသွားသောအခါမှ သူသည် ခေါင်းမော့လာပြီး အဝေးသို့ ထွက်ခွာသွားနေသော ဝမ်ပေါင်လဲ့နှင့် အပေါင်းအပါများအား လှမ်းကြည့်လိုက်သည်။ ထို့နောက် သူသည် မတ်တတ်ထလာပြီး အကျယ်ကြီးအော်ခေါ်လိုက်၏ ” ပေါင်လဲ့ရေ ”
ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ လေထဲတွင်ပျံသန်းနေရာမှ ရပ်တန့်သွားပြီး ယွင်ဖျောင်ကျိအား လှည့်ကြည့်လိုက်၏။
” စောစောတုန်းက ဒူဂူလင်းက ရှုမင်နဲ့ တိုက်ခိုက်ခဲ့တာ။ မင်း… သတိထားဦး ”
ဝမ်ပေါင်လဲ့မှာ ထိုစကားကိုကြားလိုက်ရသောအခါ တစ်ခဏမျှ စဉ်းစားတွေးတောလိုက်ပြီးနောက် ပြုံးကာ သူ၏လက်အား ဝှေ့ယမ်းပြလိုက်ပြီး နောက်သို့လှည့်ကာ ထွက်ခွာသွားတော့သည်။ သူ ပျောက်ကွယ်သွားသောအခါမှ ယွင်ဖျောင်ကျိမှာ သူ၏ရှေ့တွင်ရှိနေသော သော့အား ငုံ့ကြည့်ရင်း မျက်ဝန်းများထဲ၌ ရိုသေလေးစားမှု အရိပ်အယောင်များ ပေါ်ပေါက်လာ၏။
ထို ရိုသေလေးစားမှုများမှာ ဝမ်ပေါင်လဲ့ သူ့အား သော့တစ်ချောင်း ပေးခဲ့သောကြောင့် ပေါ်ပေါက်လာခဲ့ခြင်းမဟုတ်ဘဲ သူ သော့မရှိတော့သည့် ပြိုင်ပွဲဝင်နှစ်ယောက်အား သူ့အတွက် ရှင်းလင်းပေးခဲ့သောကြောင့်သာ ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။
တစ်ချိန်ထဲမှာပင် သူသည် သူနှင့် ဝမ်ပေါင်လဲ့၏ကြားရှိ ခြားနားချက်မှာ သူတို့၏ တိုက်ရည်ခိုက်ရည် စွမ်းရည်တစ်မျိုးတည်းသာ မဟုတ်ကြောင်း နားလည်သွားတော့သည်။ သူတို့မှာ အရေးအကြီးဆုံးဖြစ်သည့် ခံယူချက်အပိုင်းတွင်ပါ ကွဲပြားခြားနားနေကြခြင်းဖြစ်သည်။
သူသည် ဤပြိုင်ပွဲထဲရှိ သော့များနှင့် စည်းမျဉ်းစည်းကမ်းများကိုပင် ဂရုမစိုက်ပေ။ သူနှင့် အခြား တပည့်ရင်းများအတွက် ၎င်းတို့မှာ အရေးမပါကြပေ။ သူတို့မှာ သူတို့၏ ကိုယ်ပိုင်စည်းမျဉ်းများကို ပိုင်ဆိုင်ထားကြသောကြောင့် အခြားစည်းမျဉ်းများကို လိုက်နာနေစရာမလိုပေ။
သူတို့၏ စည်းမျဉ်းမှာ သူတို့ကိုယ်တိုင်မှလွဲ၍ အခြားသောပြိုင်ပွဲဝင်များအားလုံးကို ပြိုင်ပွဲမှ နုတ်ထွက်သွားရအောင် လုပ်ရန်သာဖြစ်သည်။ သူတို့တစ်ယောက်တည်းသာ ကျန်ခဲ့ရန်လိုအပ်ပေသည်။ ယွင်ဖျောင်ကျိမှာ ထိုသော့အား စိုက်ကြည့်နေရင်း အဖြေရှာတွေ့သွားသည့်ပုံပင်။ သူသည် ခေါင်းပြန်မော့လာပြီးနောက် စိတ်အေးသွားသည့် အမူအရာဖြင့် သက်ပြင်းအရှည်ကြီးချလိုက်ပြီး ရှုံ့မဲ့မဲ့နှင့် ရယ်မောနေလိုက်တော့သည်။
ထို့နောက် သူသည် ပူပင်ကြောင့်ကြမှု မရှိတော့သည့်အမူအရာဖြင့် ခေါင်းမော့လာပြီး သော့အား ကောက်ယူခြင်းမရှိဘဲ နောက်သို့လှည့်ကာ အခြားတစ်ဘက်သို့ ထွက်ခွာသွားတော့သည်။ ဤ အရည်အချင်းစမ်းသပ်ပွဲထဲတွင် ဆက်၍ရှိနေခြင်းမှာ သူ့အတွက် အကျိုးမရှိတော့ကြောင်း သူက နားလည်သွားပြီဖြစ်သည်။ သူသည် ဘေးကင်းလုံခြုံသော နေရာတစ်ခု၌ တရားထိုင်ကာ ဒုတိယမြောက် တည်နေရာပြောင်းရွှေ့ခြင်းဖြစ်စဉ် ပေါ်ပေါက်လာသည့်အချိန်တွင် ထွက်ခွာသွားတော့မည် ဖြစ်သည်။
” ဒီပြိုင်ပွဲက ငါတို့လို သာမန်ဂိုဏ်းသားတွေအတွက် မဟုတ်တော့ဘူး ” ယွင်ဖျောင်ကျိမှာ ခေါင်းယမ်းကာ အဝေးသို့ တစ်လှမ်းချင်းစီ ထွက်ခွာသွားတော့သည်။ သော့လေးမှာမူ မြေပြင်ပေါ်တွင် ဝင်းလက်တောက်ပစွာ ကျန်ရစ်နေခဲ့ပါသော်လည်း မည်သူကမှ ၎င်းအား ဂရုမစိုက်ကြတော့ပေ။
ခပ်လှမ်းလှမ်းတွင်မူ လေထဲ၌ ပျံသန်းနေကြသော သုံးယောက်ထဲမှ ကျောက်ယမုန့်မှာ ထိုအချင်းအရာအား အရင်ဦးဆုံးသတိထားမိလိုက်၏။ သူမသည် ညကောင်းကင်ထဲတွင် ထိုသော့လေး မလှုပ်မယှက် ရပ်နေသည်ကို ငေးကြည့်သည်။ သူမသည် အဖြစ်အပျက်များအားလုံးကို မမြင်ခဲ့ရသည့်တိုင်အောင် အကြမ်းဖျင်းခန့် ခန့်မှန်းနိုင်သွား၏။ ထို့ကြောင့် သူမသည် တစ်ခဏမျှ စဉ်းစားတွေးတောနေလိုက်ပြီးနောက် ပြုံးကာ ဝမ်ပေါင်လဲ့အားကြည့်၍ ဆိုလိုက်တော့သည်။
” ပေါင်လဲ့။ နင့်မိတ်ဆွေက သာမန်လူတစ်ယောက်တော့ မဟုတ်ဘူးပဲ။ သူက ဘယ်လိုအချိန်မျိုးမှာ ထွက်ခွာသွားရမလဲဆိုတာကို ကောင်းကောင်းကြီး နားလည်ထားတာ “