အများကြီးတွေးပြီးသည့်တိုင် ပိုင်ရှောင်ချန်းသည် သေဆုံးခြင်း၏ တရားခံမှာ နှစ်တစ်ရာ ရွှေငါးဟုတ်၊မဟုတ် မဆုံးဖြတ်နိုင်ပေ။ သို့သော် သူ့အခန်းထဲတွင် စဥ်းစားနေပါက မည်သည့်အဖြေမျှ ထွက်လာမည်မဟုတ်သည်ကို သေချာသိသောကြောင့် နောက်ဆုံးတွင် ဤကိစ္စကို ထပ်မံဆွေးနွေးရန် သူ၏ တာအိုအစောင့်အရှောက်များကို ခေါ်လိုက်လေသည်။
လွန်ခဲ့သောရက်များအတွင်း သူ၏ တာအိုအစောင့်အရှောက်များသည် ကျင့်ကြံခြင်းတွင် အပြည့်အဝအာရုံမစိုက်နိုင်လောက်အောင် တတွတ်တွတ်စကားပြောနေခဲ့ကြသော်လည်း ပိုင်ရှောင်ချန်း၏ ငါးအယူအဆကို ကြားလိုက်ရသည်တွင် တည်ငြိမ်စပြုလာကြသည်။
နောက်ဆုံးတွင် သီးခြားကျင့်ကြံခြင်းလဝက်ခန့်ကြာပြီးသောအခါ ပိုင်ရှောင်ချန်းသည် ထွက်လာကာ ပင်မကုန်းပတ်ဆီသို့ ဦးတည်သွားလေသည်။ ထိုနေရာတွင် သူသည် အပျင်းပြေ ကုန်းပတ်ပေါ်သို့ တက်လာဟန်တူသော ကုန်းစွန်းဝမ်အာကို တွေ့လိုက်ရလေသည်။ သူမသည် ပိုင်ရှောင်ချန်းနှင့် သူ၏ တာအိုအစောင့်အရှောက်များကို တွေ့သွားသောအခါ ချစ်စဖွယ်ပြုံး၍ သူတို့ဆီ ရောက်လာလေသည်။
ကုန်းပတ်ပေါ် ရှိ ကျင့်ကြံသူအများစုမှာ ၂ယောက်၊ ၃ယောက် အုပ်စုလိုက်ရှိနေကြပြီး အနည်းငယ်မှာ သီးခြား ရပ်နေကြသည်။
သို့ဖြစ်ရာ ပိုင်ရှောင်ချန်း၏ အဖွဲ့သည် လက်ရှိတွင် အကြီးဆုံးဖြစ်သည်။ စုန့်ချွဲသည် လုံးဝအနားကပ်မရနိုင်ပုံပေါ်စေသည့် သူ၏ ပုံမှန်ရှိနေကျ လူသတ်အငွေ့အသက်များကို ထုတ်လွှတ်နေကာ ပိုင်ရှောင်ချန်းနောက်မှ လျှောက်လာလေသည်။ နတ်ဆရာသည် ပိုင်ရှောင်ချန်း၏ဘေးတွင် လျှောက်နေပြီး သူ၏သက်တော်စောင့်တစ်ယောက်ဟန်တူေနပေသည်။ ထို့ပြင် တစ်ဖက်တွင် ကုန်းစွန်းဝမ်အာသည် စွဲမက်ဖွယ်ကောင်းနေပြီး အခြားတစ်ဖက်တွင် တမူထူးခြားစွာ လှပနေသော ချင်းမေ့ယွမ်ရှိပေသည်။ သူတို့နှစ်ယောက်ကို အတူယှဥ်တွဲမြင်နေရသည်မှာ လွန်စွာမျက်စိပသာဒ ဖြစ်ပေသည်။
ထိုနေရာရှိ ကျင့်ကြံသူအများစုသည် ပိုင်ရှောင်ချန်းကို လှမ်းကြည့်ကြလိုက်ကြလေ၏။လူအချို့၏ မျက်နှာမှာ အေးစက်စက်အကြည့်များ ဖြစ်နေကြသော်လည်း အများစုမှာ အားကျနေပုံပေါ်သည်။
ပိုင်ရှောင်ချန်းသည် ပင်လယ်လေကို တစ်ဝကြီး ရှူရှိုက်လိုက်ကာ ကောင်းကင်သို့ မော့ကြည့်လိုက်ပြီးနောက် ရွှေရောင် ပင်လယ်ကြီးကို ငေးမောနေလိုက်သည်။ တဖြည်းဖြည်းနှင့် သူ့နှလုံးသားတွင် လိပ်ခဲတည်းလဲဖြစ်နေခဲ့သော ဝန်ထုတ်ဝန်ပိုးက လျော့နည်းလာခဲ့သည်။
” ဟူးး ”
သူ သက်ပြင်းချလိုက်သည်။
” ငါတို့ရဲ့ လှပတဲ့ခရီးရှည်က ဒီလိုအဆိုးဘက်ကို ဦးတည်သွားမယ်ဆိုတာ ငါ မယုံနိုင်ဘူး။ ”
လူအုပ်ကြီးကို ဝေ့ဝဲကြည့်လိုက်ရာ လူအများစုက သူ့ကို ကြည့်နေကြသည်ကို ရုတ်တရက် သိသွားသည်။ သူ လှည့်ကြည့်လိုက်ရာ ကုန်းစွန်းဝမ်အာနှင့် ချင်းမေ့ယွမ်တို့သည် သူ့ဘေးတွင် ရှိနေပြီး မတိုင်ပင်ထားပါဘဲ သူတို့နှစ်ယောက်လုံးက သူ့ကို ပြုံးပြလိုက်ကြသည်။ ကွဲပြားသော အပြုံးနှစ်ပွင့်ဖြစ်ပြီး မတူညီသော မျက်နှာအမူအရာများဖြစ်သည့်တိုင် သူတို့နှစ်ယောက်လုံးသည် လွန်စွာချောမောလှပကြသည်။ ချက်ချင်းပင် ပိုင်ရှောင်ချန်း၏ စိတ်အခြေအနေက ပိုမိုကောင်းမွန်လာခဲ့သည်။
ထိုအချိန်မှစ၍ သူသည် ဝါသနာအသစ်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့သည်။ နောက်ရက်များတွင် သူသည် ကုန်းပတ်ပေါ်တွင် အချိန်တစ်ခုပေး၍ အေးအေးဆေးဆေး လမ်းလျှောက်ကာ ချင်းမေ့ယွမ်၊ ကုန်းစွန်းဝမ်အာတို့နှင့် အမြဲစကားပြောလေ့ရှိသည်။ သူတို့က သူနှင့်အတူ ပြုံးရွှင်ရယ်မောနေကြလျှင် ထိုနေရာမှ ကျင့်ကြံသူအများစုက သူ့ကို အားကျစွာဖြင့် ကြည့်နေကြလေသည်။
ထိုသို့ အကြည့်ခံရလေ၊ သူ၏ ဝါသနာအသစ်ကို ပိုကြိုက်လေဖြစ်သည်။ တချိန်တည်းမှာပင် သူသည် ကုန်းစွန်းဝမ်အာနှင့် ရင်းနီးလာသည်ဟု ခံစားလိုက်ရသည်။
” ကုန်းစွန်းဝမ်အာက ပြုံးလိုက်ရင် တကယ်လှတာပဲ။ ” ဟု သူက လူအုပ်ကို ဂုဏ်ယူစွာဖြင့် ကြည့်ရင်း တွေးလိုက်သည်။ ထိုစဥ် ခပ်လှမ်းလှမ်းတွင် ဇောင်ထျန်ကျောက်သည် ရုပ်ထုတစ်ခုအလား အေးစက်စွာ ရပ်နေလေသည်။
လွန်ခဲ့သော ရက်အနည်းငယ်အတွင်း သူသည် ဇောင်ထျန်ကျောက်နှင့် ချိန်ယွဲ့ရှန်တို့ကို နှစ်ကြိမ်၊သုံးကြိမ်မြင်ဖူးခဲ့သည်။ သူတို့နှစ်ယောက်လုံးက ထိပ်ဆုံးသုံးယောက်ထဲမှ ကြယ်ပွင့်များဟူသည့် အလွန်တရာ မြင့်မားသော ဂုဏ်ပုဒ်များနှင့် ဖြစ်သည်။ သူတို့သည် ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများဆီမှ အားကျသောအကြည့်များရရန် အားထုတ်နေစရာလိုသည့် လူစားမျိုးမဟုတ်ပေ။
ဇောင်ထျန်ကျောက်သည် သူ့နောက်တွင် လိုက်ပါနေသည့် လွန်စွာကျိုးနွံဟန်တူသော အခြားကျင့်ကြံသူခုနစ်ယောက်၊ ရှစ်ယောက်အုပ်စုနှင့် လျှောက်လာခြင်းဖြစ်သည်။ သူတို့ထဲမှ အချို့သည် ပိုင်ရှောင်ချန်း ကုံသက်တန့်ဒေသတွင်ရှိစဥ် ခုနစ်ရောင်ခြယ်မြူပင်လယ်မြက်ကို ရရှိရန် လိုက်၍ အကူအညီတောင်းခဲ့ဖူးသူများဖြစ်သည်။
ပိုင်ရှောင်ချန်းက အသံကိုနှိမ့်ကာ ကိုယ်ကို စောင်း၍ ပြောလိုက်သည်။
” ဟေး၊ ဟွန့်ဟွန့်ဆရာ… ထိပ်တန်းကြယ်ပွင့်တွေအားလုံးက ဘာလို့ အေးစက်စက်ပုံပေါက်နေကြတာလဲ မသိဘူး။ ဇောင်ထျန်ကျောက်ကသူ့ကိုယ်သူ အားလုံးရဲ့ အထက်မှာရှိေနတဲ့ ဂိုက်နဲ့။ ချိန်ယွဲ့ရှန်နဲ့ ဟီရတစ်က လည်း အတူတူပဲ။ သူတို့က တခြားသူတွေနဲ့ ရယ်မောပျော်ရွှင်နေတာ မတွေ့ရဘူး။ သီးခြားကျင့်ကြံရင်းနဲ့ပဲ သူတို့ရဲ့ အချိန်အများစုကို ကုန်ဆုံးနေကြတာ။ ”
နတ်ဆရာသည် ခဏမျှ တွေဝေသွားပြီးနောက် ပြောလိုက်သည်။
“ဟုတ်တယ်။ အင်း … အားလုံးက သူတို့ကို အဲ့လိုပုံစံမျိုးဖြစ်ရမယ်လို့ မျှော်လင့်ထားကြလို့ အဲ့လိုမျိုးနေတာလည်း ဖြစ်နိုင်တာပဲ။ ”
ပိုင်ရှောင်ချန်းသည် ဤဖြစ်နိုင်ခြေကို တွေးတောနေစဥ်မှာပင် သူသည် ဇောင်ထျန်ကျောက်ကို ကြည့်လိုက်ရာ ဇောင်ထျန်ကျောက်သည် လှည့်ကာ သူ့ကို ပြန်ကြည့်နေသည်ကို တွေ့လိုက်ရသည်။
ရုတ်တရက် သူတို့နှစ်ယောက်၏ အကြည့်များ ဆုံသွားကြသည်။
ဇောင်ထျန်ကျောက်၏ အမူအရာမှာ တည်ကြည်နေသော်လည်း သူ၏ မျက်လုံးထဲတွင် ပြင်းထန်သော တစ်စုံတစ်ရာရှိနေပြီး ပိုင်ရှောင်ချန်းမှာ နာကျင်လုနီးပါး ခံစားလိုက်ရသည်။ ပိုင်ရှောင်ချန်းက အသက်သေရမည်ကိုကြောက်ရွံ့သည့်လူမျိုးဖြစ်သည်မှာ သေချာသော်လည်း တစ်စုံတစ်ယောက်က ရိုးရိုးကြည့်လာသည်ကို မျက်လွှာချသွားမည့်လူမျိုးမဟုတ်ပေ။ ဇောင်ထျန်ကျောက်၏ အကြည့်ထဲမှ နာကျင်စေလောက်သည့် ပြင်းထန်မှုမျိုးကို ခံစားလိုက်ရသည်နှင့် ချက်ချင်းပင် သူ၏ မျက်လုံးများမှာလည်း တောက်ပလာကာ ပြန်စိုက်ကြည့်လိုက်လေသည်။
အကြည့်ချင်းဆုံရာမှ အသံထွက်မလာသော်လည်း သူတို့နှစ်ယောက်လုံး၏ စိတ်ထဲတွင် ပြင်းထန်သော လှုပ်ခတ်မှုများဖြင့် ပြည့်နှက်သွားလေသည်။ ပိုင်ရှောင်ချန်း၏မျက်နှာ လက်ခနဲဖြစ်သွားပြီး လမ်းလျှောက်နေရာမှရပ်သွားသည်။ ဇော်ထျန်ကျောက်မှာမူ သူ့အကြည့်ကို ပြန်ရုတ်သိမ်းလိုက်၏။ သို့သော် သူက ပိုင်ရှောင်ချန်းကဲ့သို့ လမ်းလျှောက်ရပ်သွားခြင်းမဟုတ်ဘဲ ပိုင်ရှောင်ချန်းရှိရာသို့ ဦးတည်လာနေခြင်းဖြစ်သည်။
ဇောင်ထျန်ကျောက်သည် ရှင်းကုံကျစ်တာအိုဂိုဏ်းထိပ်တန်းကြယ်ပွင့်များထဲတွင် နံပါတ်တစ်နေရာ ရထားသည်ဖြစ်ရာ မည်သည့်နေရာသို့ သူ သွားသည်ဖြစ်စေ၊ သူက အမြဲတမ်းပင် လူအများ၏ အာရုံစိုက်မှုကို ခံရပေသည်။ သူသည် ပိုင်ရှောင်ချန်းဆီသို့ လျှောက်သွားနေခြင်းဖြစ်ကြောင်း သိသွားကြသောအခါ လူအားလုံးက ပို၍ အာရုံစိုက်လာကြသည်။
အထူးသဖြင့် သူသည် နောက်လိုက် ၇ယောက်၊၈ယောက်ဖြင့် လူတန်းကြီးပမာ လျှောက်လာခြင်းကြောင့်ဖြစ်သည်။
စုန့်ချွဲ၏ မျက်နှာအမူအရာမှာ အလွန်လေးနက်တည်ကြည်သွားသည်။ နတ်ဆရာမှာ အစောပိုင်းက အံ့ဩကာ ပါးစပ်အဟောင်းသားဖြစ်နေခဲ့သော်လည်း သူ၏ အမူအရာမှာ ခပ်မြန်မြန်ပင် စုန့်ချွဲကဲ့သို့ ဖြစ်လာခဲ့သည်။ ချင်းမေ့ယွမ်ပင်လျှင် အံ့ဩသွားဟန်ရှိသည်။ အုပ်စုထဲတွင် မျက်နှာအမူအရာပြောင်းမသွားသည့် တစ်ဦးတည်းသော လူမှာ ကုန်းစွန်းဝမ်အာဖြစ်ပြီး ဇောင်ထျန်ကျောက်နှင့် ပိုင်ရှောင်ချန်း မည်သို့ဖြစ်ပျက်မည်ကို စောင့်ကြည့်ရန် စိတ်ဝင်တစားပင် ဖြစ်နေသည်ဟု ထင်ရသည်။
ဇောင်ထျန်ကျောက်သည် ရှေ့ဆက်သွားနေရာ ပင်မကုန်းပတ်ပေါ်တွင် ငြိမ်ကျသွားလေသည်။ သူသည် ပိုင်ရှောင်ချန်းရှေ့တည့်တည့်တွင် ဖြည်းညင်းစွာ ရပ်တန့်လိုက်သည်ကို လူအားလုံးက ကြည့်နေကြလေသည်။
သူ၏ အမူအရာမှာ ရေခဲတစ်မျှ အေးစက်လျက်ရှိပြီး ဓါးအိမ်မှ ချွတ်ထားသော ဓါးတစ်လက်ကဲ့သို့ စူးရှတောက်ပကာ သူ့အောက်တွင်ရှိသော အရာအားလုံးကို အပေါ်စီးမှ ဆက်ဆံနိုင်သည့် တောင်တစ်လုံးပမာ အင်အားကြီးမားနေသည်။ သူသည် ပိုင်ရှောင်ချန်း၏ အနားသို့ ရောက်လာသည်တွင် ပိုင်ရှောင်ချန်းသည် မျက်တောင်တဖျပ်ဖျပ်ခတ်ကာ မည်သည့်အရာများ ဖြစ်ပျက်လာမည်နည်းဟု စဥ်းစားနေမိသည်။ တွက်ကြည့်လျှင် သူနှင့် ဇောင်ထျန်ကျောက်တို့သည် တစ်ဦးနှင့်တစ်ဦး အကြိမ်အနည်းငယ်သာ တွေ့ဖူးပြီး စကားပင် မပြောဖူးပေ။
ခဏကြာလျှင် ပိုင်ရှောင်ချန်းသည် မနေနိုင်ဘဲ ပြောလိုက်မိတော့သည်။
” အစ်ကိုကြီးဇောင် ”
ပိုင်ရှောင်ချန်း၏ နှုတ်ခမ်းမှ ထိုစကားများထွက်ကျလာသည်နှင့် ဇောင်ထျန်ကျောက်သည် အေးစက်စက် လေသံဖြင့် ပြန်ပြောလိုက်သည်။
” ညီလေးပိုင်…ကျေးဇူးပြုပြီး စကားလေးတစ်ခွန်းလောက် ပြောလို့ရမလား ”
ဇောင်ထျန်ကျောက်သည် သူ၏ အငွေ့အသက်များကို တစ်ခုမှ ထုတ်လွှတ်မထားသော်လည်း သူ၏ ဂုဏ်ပုဒ်နှင့် တိုက်ပွဲအောင်မြင်မှုများကို စဥ်းစားကြည့်လျှင် မည်သူ့ကိုမဆို ကြောက်ရွံ့ကာ တုန်လှုပ်သွားစေနိုင်သည့် လူမျိုးဖြစ်သည်။
” ဟင် ”
ပိုင်ရှောင်ချန်းက အနည်းငယ်အံ့ဩသွားကာ ပြောလိုက်သည်။ထို့နောက် သူက ခဏတွေးပြီး ခေါင်းညိတ်လိုက်သည်။ အမှန်မှာ သူသည် ကြောက်ရွံ့နေခြင်းမဟုတ်ဘဲ ဇောင်ထျန်ကျောက်ကဲ့သို့သော ထိပ်တန်းကြယ်ပွင့်တစ်ဦးက အဘယ့်ကြောင့် သူနှင့် စကားပြောချင်နေရသည်ကို သိချင်နေခြင်းသာဖြစ်သည်။
ဇောင်ထျန်ကျောက်က အေးစက်စက်အသွင်ဖြင့် သင်္ဘောဦးဆီသို့ လျှောက်သွားေလသည်။ ထိုနေရာသို့ သူနီးကပ်လာသည်နှင့် ထိုနေရာတွင် မူလက စုဝေးနေကြသော ကျင့်ကြံသူများသည် နေရာဖယ်ပေးရန် နောက်ဆုတ်ပေးလိုက်ကြသည်။
ပိုင်ရှောင်ချန်းသည်လည်း သိချင်စိတ်ပိုမိုပြင်းပြကာ နောက်မှ လိုက်လာခဲ့သည်။ ဇောင်ထျန်ကျောက်တွင် မကောင်းသော ရည်ရွယ်ချက်တစ်စုံတစ်ရာရှိပြီး တစ်ခုခုပြင်ဆင်လာသည်ဟု သူ သံသယမဝင်သော်လည်း လမ်းတစ်လျှောက်လုံးတွင် သတိကြီးစွာထားခဲ့သည်။
မကြာမီ ပိုင်ရှောင်ချန်းနှင့် ဇောင်ထျန်ကျောက်တို့သာ သင်္ဘောဦးတွင် ကျန်ရှိနေတော့သည်။ ဇောင်ထျန်ကျောက်သည် ညာလက်ကို ဝှေ့ယမ်းလိုက်ရာ တလက်လက်တောက်ပနေသော အလင်းဒိုင်း ဖြစ်ပေါ်လာပြီး ပြင်ပရှိ အရာအားလုံးနှင့် လုံးဝအဆက်ဖြတ်လိုက်လေသည်။ ဤအရာမှာ အကာအကွယ်ဒိုင်းမဟုတ်ဘဲ အသံနှင့် နတ်ဘုရားအာရုံကဲ့သို့ အရာများကို တားဆီးသည့် အရာဖြစ်ကြောင်း သိသာလှသည်။ ယခုအချိန်မှစ၍ သူတို့နှစ်ယောက်သည် အခြားမည်သူမျှ မကြားစေရဘဲ လွတ်လပ်စွာ ပြောဆိုနိုင်ပေသည်။
ပိုင်ရှောင်ချန်း၏ သိချင်စိတ်မှာ ပို၍ ပြင်းပြလာပြီး ဇောင်ထျန်ကျောက် ဘာပြောမည်ကို စောင့်ဆိုင်းရင်း သူ့ကို မျှော်လင့်တကြီး ကြည့်လိုက်လေသည်။
ဇောင်ထျန်ကျောက်သည် ပိုင်ရှောင်ချန်းကို ကြည့်ရင်း ခဏမျှ ငြိမ်သက်စွာ ရပ်နေသည်။ သူ၏ အမူအရာမှာ အလွန်တရာ တည်ကြည်လျက်ရှိပြီး အရေးကြီးကိစ္စတစ်ခုကို စဥ်းစားနေသည့်အလားဖြစ်သည်။ ပိုင်ရှောင်ချန်း၏ သိချင်စိတ်မှာ ရေဆူမှတ်ကို ရောက်ရှိနေပြီဖြစ်ကာ ပင်မကုန်းပတ်ပေါ်မှ လူအားလုံးမှာ အဖြစ်အပျက်ကို မျက်နှာအမူအရာအမျိုးမျိုးဖြင့် စောင့်ကြည့်နေကြလေသည်။
“အစ်ကိုကြီးက ပိုင်ရှောင်ချန်းကို ဘာလို့ စကားပြောချင်တာလဲဆိုတာ ငါသိချင်လိုက်တာ။ ”
“ထူးဆန်းတာတစ်ခုခုတော့ ဖြစ်နေပြီ…ကျိဖန်သေဆုံးသွားတာနဲ့များ ဆိုင်နေမလား။ ”
“ငါ အခု အဲဒီအကြောင်းကို စဥ်းစားတော့ ကျိဖန်မသေခင်လေးမှာ ပိုင်ရှောင်ချန်းနှင့် ကျိဖန်ကြားမှာ ဇာတ်လမ်းတစ်ခုခုရှိခဲ့တာထင်တယ်။ ”
စောင့်ကြည့်နေသူများ၏ စိတ်ထဲတွင် အမျိုးမျိုးသော ထင်မြင်သုံးသပ်ချက်များ ပြည့်နေလေသည်။
ပိုင်ရှောင်ချန်းသည်ပင် ခန့်မှန်းကြည့်ရန် တွေးလိုက်ချိန်တွင် ဇောင်ထျန်ကျောက်က ပင့်သက်ရှိုက်ကာ ပြောလိုက်သည်။
” ညီလေးပိုင်…”
ပိုင်ရှောင်ချန်းသည် စိတ်အားထက်သန်စွာဖြင့် ရှေ့ကို ကိုင်းလိုက်သည်။
ထို့နောက် ဇောင်ထျန်ကျောက်က အလွန်တရာ လေးနက်နေဟန်ဖြင့် ပြောလိုက်သည်။
” ညီလေးပိုင် ဟို…ဟို မင်းနဲ့အတူ အပြင်ထွက်လာတဲ့ မိန်းကလေးနှစ်ယောက်က အတော်လေး လှတယ်…”
” ဟင် ”
ပိုင်ရှောင်ချန်းသည် အံ့ဩတကြီးဖြစ်သွားကာ ရေရွတ်လိုကိမိသည်။ ဇောင်ထျန်ကျောက်၏ မျက်နှာပေါ်မှ လေးနက်သော အကြည့်ကို မြင်လိုက်ရသောအခါ သူ နားကြားမှားလေသလားဟု စဥ်းစားနေမိသည်။
“အာ…နားထောင်ပါဦး အထင်လွဲမသွားနဲ့ ညီလေး။ ငါက သူတို့ကို သဘောကျနေတာ မဟုတ်ပါဘူး…မင်းသူတို့ရဲ့ အချစ်ကို ဘယ်လိုများရအောင် လုပ်လိုက်တာလဲဆိုတာကိုပဲ သိချင်တာပါ။ ငါ မင်းကို ရက်နည်းနည်းလောက် စောင့်ကြည့်နေခဲ့တာ။ အဲဒီလို မိန်းမလှလေးနှစ်ယောက်ကို မင်းနဲ့အတူ အပြင်ထွက်လာအောင် ဘယ်လိုလုပ်လဲဆိုတာကို ငါ တကယ်နားလည်ချင်လို့ပါ။ ” ဇောင်ထျန်ကျောက်၏ အေးစက်နေသော မျက်နှာပြင်တွင် လေးနက်သော အမူအရာရှိနေသည်။ သူသည် ဓါးအိမ်ချွတ်ထားသော ဓါးတစ်လက်ကဲ့သို့ အရှိန်အဝါကြီးမားကာ မာနကြီးသည့်ဟန်တူသည်။ သို့တိုင်အောင် သူပြောသော စကားများသည် ပိုင်ရှောင်ချန်း၏ မျက်လုံးများကို ပန်းကန်ပြားသဖွယ် ပြူးကျယ်သွားစေသည်။
သူ၏ နားနှစ်ဖက်ဖြင့်သာ ဆတ်ဆတ်မကြားခဲ့ရလျှင်ဇောင်ထျန်ကျောက်၏ တည်ကြည်သော အမူအရာကြောင့် ထိုစကားကိုပြောတာ ဟုတ်ပါလေစဟူ၍ပင် သူ သံသယဝင်နေမိလိမ့်မည်။ လုံးဝထင်မှတ်မထားသောမေးခွန်းဖြစ်သည်…
ပိုင်ရှောင်ချန်းသည် ခေါင်းကို ကုတ်ကာ အနည်းငယ် ဝေခွဲမရဖြစ်သွားသည်။ သူက အများကြီး စဥ်းစားမနေဘဲ ပြောချလိုက်သည်။
” အပြင်ထွက်ဖို့ သူတို့နှစ်ယောက်က ကျုပ်ကို လာခေါ်ကြတာပါ။ ကျုပ်ရှောင်နေချင်ရင်တောင် သူတို့ကို ရှောင်လို့မရဘူး…”
ဇောင်ထျန်ကျောက်က ထိုစကားကို ကြားသောအခါ သူ၏ အမူအရာမှာ ယခင်ကထက်ပို၍ လေးနက်သွားပြီး မျက်မှောင်ပင် ကြုတ်လိုက်သည်။ သူ၏ ဂုဏ်ပုဒ်နှင့် မယုံကြည်နိုင်ဖွယ် စစ်ပွဲစွမ်းရည်များကို ပေါင်းစပ်လိုက်သောအခါ ထိုကဲ့သို့ မျက်မှောင်ကြုတ်ခြင်းကပင် မြင်သူတိုင်းကို မိုးကြိုးတစ်စင်း သက်ဆင်းလာသည့်အလား ခံစားရစေသည်။
သူတို့နှစ်ယောက် ပြောနေကြသည်များကို မည်သူမျှ ကြားရမည်မဟုတ်ပေ။ သူတို့၏ မျက်နှာအမူအရာများကိုသာ မြင်တွေ့ရသည်။ ပထမတွင် လူများသည် ပိုင်ရှောင်ချန်း၏ မယုံကြည်နိုင်မှုကို တွေ့ရပြီး ထိုသို့မယုံနိုင်သည့် အကြောင်းရင်းကိုပါ သူက ချက်ချင်းရှင်းပြနေသည်ကို တွေ့ရသည်။
“ကိစ္စကြီးတစ်ခုတော့ ဖြစ်နေပြီ။ ကြည့်စမ်း ဟေ့ကောင်တွေ။ ပိုင်ရှောင်ချန်းက ခေါင်းယမ်းနေတာကွ။ ခု သူက တစ်ခုခုကို ရှင်းပြနေတာ။”
“ဒါက တကယ်ကို ထူးဆန်းတာပဲ။ အစ်ကိုကြီးရဲ့ အမူအရာကို ကြည့်စမ်း။ ခုနကထက်တောင် ပိုပြီး လေးနက်သွားတယ်။ ပိုင်ရှောင်ချန်း ခုနလေးက ပြောလိုက်တာကို မယုံဘူးနဲ့တူတယ်။”