စာစဉ်(၆) အပိုင်း(၈၃)

ယှဉ်ပြိုင်ပွဲ

လူတိုင်းက ဖုန်မှုန့်တွေထဲကနေလျှောက်လှမ်းထွက်လာသည့် ထူးဆန်းတဲ့မှော်သားရဲကို အံ့ဩတကြီးစိုက်ကြည့်နေခဲ့ကြသည်။ ဇူယွမ်ကိုယ်တိုင်တောင်မှပင် အံ့ဩလွန်း၍စကားမပြောနိုင်အောင်ဖြစ်သွားခဲ့ရသည်။

စုယုဝေက သူမရဲ့ပါးစပ်လေးကို လက်တစ်ဖက်နဲ့ဖုံးအုပ်လိုက်မိရင်းမှ မယုံကြည်နိုင်စွာမေးလိုက်သည်… “ဒါက… ဒါက ထန်ထန်လား…”

ဇူယွမ်က အချိန်အတော်ကြာအောင် တုန့်ဆိုင်းနေခဲ့ရပြီးမှ ခေါင်းညိတ်ပြလိုက်သည်… “အမှန်ပဲ…”

အမြဲတမ်းပျင်းရိကာ အစားသောင်းကျန်းလှသည့်ထန်ထန်က ဒီလိုမျိုးထူးခြားဆန်းကြယ်ပြီး ရက်စက်ကြမ်းကြုတ်လှသည့်မှော်သားရဲတစ်ကောင်ဖြစ်တယ်ဆိုတာကို သူ့အနေနဲ့အနည်းငယ်မယုံကြည်နိုင်မိပေမဲ့လည်း သူတို့ရဲ့မျက်လုံးရှေ့က ဒီကြောက်မက်ဖွယ်ကောင်းလှသည့်မှော်သားရဲက အမှန်တကယ်ပင်ထန်ထန်ဖြစ်ကြောင်းကို သူ့ရဲ့မသိစိတ်ထဲမှာ သိနေရပေသည်။

ဝေချင်းချင်းကလည်း အံ့အားသင့်တုန်လှုပ်စွာပင် ရေရွတ်လိုက်မိသည်… “ဒီမူလမှော်သားရဲကလည်း မူလစဦးအဆင့်ခွန်အားကို ပိုင်ဆိုင်ထားတာပဲ…”

“ထန်ထန်က ကလေးပဲရှိသေးတယ်…” ယောင်ယောင်က ခပ်ဖွဖွပြုံးကာပြောလိုက်သည်။

သူမရဲ့စကားက လူတိုင်းကိုနောက်တစ်ကြိမ် အံ့အားသင့်သွားစေခဲ့ရပြန်သည်။ ဝေချင်းချင်းရဲ့နီထွေးထွေးနှုတ်ခမ်းထောင့်စွန်းလေးက လှုပ်လှုပ်ရွရွဖြစ်သွားခဲ့ရသလို သူမရဲ့နှလုံးခုန်နှုန်းကလည်း မြန်ဆန်သွားခဲ့ရသည်။ မူလစဦးအဆင့်ခွန်အားကို ပိုင်ဆိုင်ထားတာတောင် ကလေးအရွယ်ပဲရှိသေးတယ်လား။

ဒီကြောက်စရာကောင်းတဲ့မူလမှော်သားရဲက ဘာအမျိုးအစားဖြစ်နိုင်လိမ့်မလဲ။

ထန်ထန်သာ အရွယ်ရောက်လာခဲ့မယ်ဆိုရင် ဘယ်လောက်ထိတောင် ကြောက်စရာကောင်းလိုက်လိမ့်မည်နည်း။

ဇူယွမ်တစ်ယောက် တံတွေးကိုသာမျိုချလိုက်မိသည်။ သူ့အနေဖြင့် ထန်ထန်နဲ့အချိန်ကြာမြင့်စွာ နေထိုင်ခဲ့ရသည့်အတွက် ၎င်းကသာမန်မဟုတ်ဘူးဆိုတာကို သိထားပေမဲ့လည်း အကောင်ပေါက်အရွယ်မှာပင် မူလစဦးအဆင့်ခွန်အားကို ပိုင်ဆိုင်ထားလိမ့်မယ်လို့ သူ့ရဲ့အိပ်မက်ထဲမှာတောင် ထင်မထားမိခဲ့ပေ။ ဒါကတကယ်ကို ကြောက်မက်ဖွယ်ရာကောင်းလှပေသည်။

ဇူယွမ်တို့လူစုက ထန်ထန်ရဲ့ပြောင်းလဲသွားတဲ့ပုံစံကြောင့် အံ့အားသင့်သွားခဲ့ရစဉ်မှာ သူတို့နဲ့ဆန့်ကျင်စွာပင် ချီဟောင်တို့လူစုရဲ့အမူအယာတွေက အလွန်အမင်းပျက်ယွင်းသွားခဲ့ရသည်။

“ဇူယွမ်က ဒီမူလစဦးအဆင့်မူလမှော်သားရဲကို ဘယ်နေရာကနေရှာလာခဲ့တာလဲ…” ချီဟောင်ရဲ့လေသံက အံ့အားသင့်တုန်လှုပ်နေမှုတို့ဖြင့် ပြည့်နှက်နေရသည်။ သူ့အနေနဲ့ အဆင့် ၄စပါးအုံးအမျိုးအစားတိုက်ပွဲဂိုလမ်ကို ထိန်းချုပ်နိုင်ခဲ့သည်ဆိုပေမဲ့ ဒါကခဏတာအတွက်သာဖြစ်ပြီး ထိုတိုက်ပွဲဂိုလမ်ကို သူကအဝေးသို့ ယူဆောင်သွားနိုင်ခြင်းမရှိပေ။

သူနဲ့ဆန့်ကျင်စွာပင် ဇူယွမ်တို့ဘက်မှာ ထွက်ပေါ်လာသည့်မူလမှော်သားရဲက ဇူယွမ်ရဲ့အမိန့်ကို အလုံးစုံနာခံမှုရှိပေသည်။

“ဒါက တော်ဝင်ကလန်ရဲ့ဖုံးကွယ်ထားတဲ့ ဝှက်ဖဲတစ်ခုများဖြစ်နိုင်မလား…” ချီဟောင်ကတစ်စုံတစ်ခုကို တွေးလိုက်မိပြီး သူ့ရဲ့မျက်လုံးတွေက ဖြတ်ခနဲတောက်ပသွားခဲ့ရသည်။

ချီဟောင်ရဲ့စိတ်ထဲမှာ ဒီအတွေးတွေဖြစ်ပေါ်နေခဲ့စဉ်မှာပင် တိုက်ပွဲဂိုလမ်စပါးအုံးမြွေက ထန်ထန်ရှိရာကို နှာမှုတ်သံတရှူးရှူးပြုလုပ်၍ စိုက်ကြည့်နေခဲ့သလို သူ့ရဲ့အနက်ရောင်ခန္ဓာကိုယ်ထက်က ရှေးဟောင်းမှော်စာလုံးတွေက စတင်ပြီးလင်းလက်လာခဲ့သည်။

၎င်းရဲ့အမြီးကိုတစ်ချက်လွှဲယမ်းလိုက်မှုကြောင့် ချိုင့်ဝှမ်းအတွင်းရှိနေရာတော်တော်များများ ကြေမွပျက်စီးသွားခဲ့ရသည်။ ကြီးမားသည့်ကျောက်တုံးကြီးတွေက ထန်ထန့်ဆီသို့ အရှိန်ဖြင့်လွင့်စဉ်သွားခဲ့ရသလို စပါးအုံးဂိုလမ်၏အမြီးကလည်း နောက်မှတစ်ပါတည်းလိုက်ပါသွားခဲ့သည်။

ကျောက်တုံးတွေရောက်ရှိသွားသည့်အခါ ထန်ထန်ရဲ့ချွန်ထက်သည့်လက်သည်းတွေက လေထုကိုဖြတ်သန်းကာ လွှဲရိုက်လိုက်သည်။

ဝုန်…

အေးစက်တဲ့အလင်းရောင်တစ်ခုကိုမြင်လိုက်ရပြီး ကြောက်မက်ဖွယ်ရာကောင်းလှသည့် လက်သည်းငါးခုက လေထုကိုဖြတ်၍ ထွက်ပေါ်လာခဲ့သည်။ ထို့နောက်မှာ ထန်ထန်ရဲ့အနီးကို ရောက်ရှိလာခဲ့သည့်ကျောက်တုံးတွေက လေထဲမှာပင် တစ်စစီဖြစ်သွားခဲ့ရသည်။

ထန်ထန်က ချိုင့်ဝှမ်းရဲ့တစ်ဖက်မှာ ရပ်တန့်နေခဲ့ပြီး သူ့ရဲ့အနီရောင်တောက်နေသည့်မျက်ဝန်းတွေထဲမှာ အထင်သေးမှုတွေပြည့်နှက်နေလျက်မှပင် စပါးအုံးအမျိုးအစားတိုက်ပွဲဂိုလမ်ကို စိုက်ကြည့်လိုက်သည်။

ဝေါင်း…

ထန်ထန်ကကျယ်လောင်စွာအော်ဟစ်လိုက်ပြီး ဘုရင်တစ်ပါးအလား သူ့ရဲ့ပြိုင်ဘက်ကို စိန်ခေါ်လိုက်သည်။ ၎င်းရဲ့လက်တစ်ဖက်က မြေပြင်ကိုရိုက်နှက်လိုက်ပြီး လူတိုင်းရဲ့အကြည့်အောက်မှာပင် ၎င်းရဲ့ပတ်ဝန်းကျင်ရှိမြေပြင်ကစတင်၍အက်ကွဲသွားခဲ့ရသည်။

ရွှစ်…

ထန်ထန်ရဲ့ပုံရိပ်က တောက်ပတဲ့အနီရောင်အလင်းတန်းတစ်ခုအလား လျှပ်စီးကဲ့သို့ရှေ့ကိုလျင်မြန်စွာပြေးထွက်သွားခဲ့ပြီး ၎င်းကလွန်စွာမှပင်ရက်စက်ကြမ်းကြုတ်ကာ ကြောက်မက်ဖွယ်ကောင်းလှသည့်မြင်ကွင်းတစ်ခုပင်ဖြစ်သည်။

တိုက်ပွဲဂိုလမ်စပါးအုံးမြွေကြီးက နှာမှုတ်သံတရှူးရှူးပြုလုပ်ကာ ၎င်းရဲ့ကြီးမားသည့်ပါးစပ်ကြီးကို ဖွင့်ဟလိုက်သည်။ ထို့နောက်မှာလူတိုင်းက ၎င်းရဲ့ပါးစပ်ထဲမှနေ ကြီးမားသည့်အနီရောင်မူလချီအလုံးတစ်လုံး ပြေးထွက်သွားခဲ့သည်ကို မြင်တွေ့လိုက်ရသည်။ ထွက်ပေါ်လာသည့်မူလချီအလုံးက မီးလျှံကဲ့သို့နီရဲနေပြီး ပြင်းထန်သည့်စွမ်းအားတွေပါဝင်လို့နေရကာ ၎င်းဖြတ်သန်းသွားသည့်လမ်းတစ်လျှောက်ရှိမြေပြင်က လောင်ကျွမ်းခံလိုက်ရသည့်အလား မဲနက်သွားခဲ့ရသည်။

ဒီမူလချီရဲ့စွမ်းအားက ကောင်းကင်ဘုံတံခါးအဆင့်ကျင့်ကြံသူတစ်ယောက်ကို ချက်ချင်းသေစေနိုင်ဖို့ လုံလောက်ပေသည်။

ဝှစ်…

သို့ပေမဲ့လည်း ထန်ထန်က ဘာတစ်ခုကိုမျှအမှုထားခဲ့ခြင်းမရှိပေ။ ထို့အပြင် ၎င်းကသူ့ရဲ့ကြီးမားတဲ့ပါးစပ်ကြီးကို ဖွင့်ဟလိုက်ပြီး ထူးခြားဆန်းကြယ်သည့်အနက်ရောင်အလင်းတစ်ခု ထွက်ပေါ်လာခဲ့ရကာ ဝင်ရောက်လာသည့်အနီရောင်မူလချီအလုံးကို ဝါးမျိုလိုက်သည်။

အနီရောင်မူလချီအလုံးကို ဝါးမျိုခဲ့ပြီးနောက်မှာ ထန်ထန်ကတိုက်ပွဲဂိုလမ်စပါးအုံးမြွေရှိရာဆီသို့ တိုက်ရိုက်တိုးဝင်သွားခဲ့သည်။ ၎င်းရဲ့လက်သည်းတွေမှာ မှိန်ဖျော့ဖျော့အနက်ရောင်အလင်းတွေ တောက်ပလာခဲ့ရပြီး ပြင်းထန်စွာရိုက်ချလိုက်သည်။

ဝုန်း…

လက်သည်းအလင်းတွေက တိုက်ပွဲဂိုလမ်စပါးအုံးမြွေကြီးနှင့် ထိပ်တိုက်ရင်ဆိုင်မိသွားခဲ့ပြီးနောက်မှာ ကျယ်လောင်တဲ့အသံတစ်ခု ထွက်ပေါ်လာခဲ့ရသည်။ ထို့နောက်မှာ တိုက်ပွဲဂိုလမ်စပါးအုံးမြွေ၏အမြီးက နှစ်ပိုင်းပြတ်သွားခဲ့သည်ကို လူတိုင်းကအံ့အားသင့်စွာမြင်တွေ့လိုက်ကြရသည်။

မြေပြင်ပေါ်တွင် လက်သည်းရာငါးခုက ထင်ကျန်နေခဲ့ရသည်။

ထန်ထန်၏လက်သည်းတွေရဲ့ထက်မြမှုက အဆင့်မြင့်အနက်ရောင်အဆင့်မူလလက်နက်တစ်ခုနှင့် ယှဉ်နိုင်စွမ်းရှိပေသည်။

တိုက်ပွဲဂိုလမ်စပါးအုံးမြွေကြီးက ရူးသွပ်စွာနှာမှုတ်လိုက်ပြီး သူ့ရဲ့လျှာနှစ်ခွကိုထုတ်ဖော်ကာ အနီရောင်မူလချီတွေကို အဆင်မပြတ်ထုတ်လွှတ်နေတော့သည်။

ထန်ထန်က အကြောက်အလန့်ကင်းစွာဖြင့်ပင် ထိန်းချုပ်မှုလွတ်သွားသည့် တိုက်ပွဲဂိုလမ်စပါးအုံးမြွေထံသို့ ခုန်အုပ်လိုက်သည်။ ကြီးမားတဲ့မူလမှော်သားရဲနဲ့ တိုက်ပွဲဂိုလမ်စပါးအုံးမြွေတို့ရဲ့အဆက်မပြတ်တိုက်ခိုက်မှုတွေကြောင့် ချိုင့်ဝှမ်းအတွင်းရှိ နေရာတော်တော်များများက ပျက်စီးသွားခဲ့ရသည်။

ဒီအခြင်းအရာကိုမြင်လိုက်ရသည့်အခါ ချီဟောင်ရဲ့အမူအယာက ပိုလို့ပင်ပျက်ယွင်းသွားခဲ့ရသည်။ တိုက်ပွဲဂိုလမ်စပါးအုံးမြွေက ထူးဆန်းသည့်မှော်သားရဲ၏ ထိန်းချုပ်မှုအောက်မှာ အလုံးစုံကျရောက်နေခဲ့ရပြီး အချိန်ကြာမြင့်စွာခုခံနိုင်ခြင်းမရှိတော့သည်ကို သူ့အနေဖြင့်ကောင်းစွာမြင်တွေ့နိုင်ပေသည်။

“ဘာမှသုံးစားမရတဲ့အကောင်…”

ချီဟောင်က ကျယ်လောင်စွာပင် ကျိန်ဆဲမိလိုက်သည်။ မူလကသူ့အနေဖြင့် တိုက်ပွဲဂိုလမ်စပါးအုံးမြွေဖြင့် အခြေအနေတစ်ခုလုံးကိုထိန်းချုပ်ပြီး ဇူယွမ်တို့လူစုကို ဒီနေရာကနေပြန်မထွက်နိုင်အောင် ပြုလုပ်နိုင်လိမ့်မယ်လို့ ယုံကြည်ထားခဲ့သည်။ ဇူယွမ့်မှာလည်း သူ့လိုပင်ဝှက်ဖဲတစ်ခုရှိနေလိမ့်မည်လို့ မည်သို့များထင်မှတ်ထားမိလိမ့်မည်နည်း။

ချီဟောင်က လေသံတိုးတိုးဖြင့်ပြောလိုက်သည်… “ငါတို့တွေ ဒီအတိုင်းထိုင်စောင့်နေလို့ မဖြစ်တော့ဘူး… မီးဝိညာဉ်အစေ့ကို ငါတို့လက်ထဲရောက်အောင် အရင်ဆုံးသွားယူရမယ်…”

အခုအချိန်မှာ အခြေအနေအားလုံးက သူ့ရဲ့ထိန်းချုပ်မှုအောက်ကနေ လွတ်ထွက်သွားခဲ့ရသည့်အတွက် သူ့အနေဖြင့် မီးဝိညာဉ်အစေ့ကိုသာ အရင်ဦးစွာရယူနိုင်အောင် ပြုလုပ်ရပေမည်။ ဒီလိုမှသာသူတို့တွေက ဒီပြိုင်ပွဲမှာ အနိုင်ရရှိသူဖြစ်လာရပေလိမ့်မည်။

“သွားကြမယ်…”

ချီဟောင်က နောက်ထပ်နှောင့်နှေးကြန့်ကြာနေခြင်းမရှိခဲ့ဘဲ ချိုင့်ဝှမ်းအတွင်းပိုင်းသို့ ဦးတည်ကာဝင်ရောက်သွားခဲ့သည်။ သူ့နောက်မှလူအားလုံးကလည်း ချီဟောင့်ကိုအလယ်မှာထား၍ ကာကွယ်ပေးလျက်မှပင် အတူတကွလိုက်ပါလာခဲ့ကြသည်။

“ချီဟောင်ကစပြီးလှုပ်ရှားပြီဆိုတော့ ငါတို့လည်းလှုပ်ရှားရတော့မှာပေါ့…” ဇူယွမ်ရဲ့မျက်လုံးတွေက အစောပိုင်းကတည်းကပင် ချီဟောင်ကိုသတိထားကာ စောင့်ကြည့်နေခဲ့သည်။ ထို့ကြောင့်ပင် ချီဟောင်ကစတင်လှုပ်ရှားလိုက်သည်ကို မြင်လိုက်ရသည့်အခါ သူကလည်း တစ်ပြိုင်နက်တည်းစတင်လှုပ်ရှားလိုက်သည်။

စုယုဝေ၊ ဝေချင်းချင်းနဲ့ လုတိန်ရှန်းတို့အားလုံးက ခေါင်းညိတ်ပြလိုက်ကြသည်။

နှစ်ဖက်စလုံးက သူတို့ရဲ့ဝှက်ဖဲတွေကို ထုတ်ဖော်အသုံးပြုခဲ့ပြီးပြီဖြစ်သည့်အတွက် ဒီတစ်ကြိမ်မှာ ထိပ်တိုက်ရင်ဆိုင်ရုံကလွဲပြီး အခြားမရှိကြတော့ပေ။

ဇူယွမ်က ယောင်ယောင်ကိုကြည့်ကာပြောလိုက်သည်… “အစ်မကြီးယောင်ယောင်… ချိုင့်ဝှမ်းအပြင်ဘက်ကလူတွေ ကြားဝင်ပြီးအမြတ်မထုတ်နိုင်အောင် စောင့်ကြည့်ထားပေးပါလား…”

ချိုင့်ဝှမ်းရဲ့အပြင်ဘက်မှာ အင်အားစုများစွာက စုစည်းနေခဲ့ကြပြီး သူတို့အားလုံးကလေထဲမှ ဝေကန်းလန်နှင့်အဆိပ်ဘုရင်တို့၏ ပြင်းထန်သည့်တိုက်ပွဲ၊ ချိုင့်ဝှမ်းအတွင်းမှ မူလမှော်သားရဲကြီးနှင့်တိုက်ပွဲဂိုလမ်တို့၏ ပြင်းထန်သည့်တိုက်ပွဲတွေကြောင့် အနည်းငယ်သောလှုပ်ရှားမှုလေးကိုပင် ပြုလုပ်ရဲခြင်းမရှိခဲ့ပေ။ ထို့ကြောင့်ပင် သူတို့မှာရွေးချယ်စရာမရှိခဲ့ဘဲ သူတို့ရဲ့လုံခြုံရေးကိုသာ အလေးထားခဲ့ရပြီး အခွင့်အရေးတစ်ခုကိုသာ စောင့်ဆိုင်းနေခဲ့ကြသည်။

ယောင်ယောင်က ပေါ့ပါးစွာပင်ခေါင်းညိတ်ပြလိုက်သည်။

ဒါကိုမြင်လိုက်ရသည့်အခါ ဇူယွမ်ကလက်ဝှေ့ယမ်းပြလိုက်ပြီး လူစုကိုဦးဆောင်ကာ ချိုင့်ဝှမ်းအတွင်းသို့ ဝင်ရောက်သွားခဲ့သည်။

ချိုင့်ဝှမ်း၏နက်ရှိုင်းလှသည့်နေရာတစ်နေရာတွင် ချီဟောင်တို့လူစုက သူတို့ရဲ့အမြန်နှုန်းကို အကန့်အသတ်ထိရောက်အောင်တင်လိုက်ကာ လျင်မြန်စွာပင်သွားနေခဲ့ကြသည်။ ချီဟောင်က အဝေးတစ်နေရာကိုကြည့်လိုက်သည့်အခါ ဇူယွမ်တို့လူစုကလည်း သူတို့နောက်မှလိုက်ပါလာသည်ကို မြင်လိုက်ရသည့်အတွက် သူ့ရဲ့မျက်လုံးတွေက အလွန်အမင်းနက်မှောင်သွားခဲ့ရသည်။

“သူတို့ကို တားထားလိုက်…”

ချီလင်းက များစွာသောကောင်းကင်ဘုံတံခါးအဆင့်ကျင့်ကြံသူတွေကို ဦးဆောင်ကာ ပြေးထွက်သွားခဲ့သည်။

“ခေါင်းဆောင်လု…” ဇူယွမ်ကချက်ချင်းပင် လုတိန်ရှန်းကိုခေါ်လိုက်သည်။

“နားလည်ပါပြီမင်းသားလေး…” လုတိန်ရှန်းက ခေါင်းညိတ်ပြလိုက်ပြီး များစွာသောကောင်းကင်ဘုံတံခါးအဆင့်ကျင့်ကြံသူတွေကိုခေါ်ဆောင်ကာ ချီလင်းတို့ထံပြေးထွက်သွားခဲ့သည်။

သူတို့နှစ်ဖွဲ့စလုံးထိပ်တိုက်ရင်ဆိုင်မိကြသည့်အခါ ပတ်ဝန်းကျင်တစ်ခုလုံး၌ မူလချီတွေလှုပ်ရှားသွားခဲ့ရပြီး ချိုင့်ဝှမ်းတစ်ခုလုံးက ပိုပြီးရှုပ်ထွေးသွားခဲ့ရသည်။

နှစ်ဖွဲ့စလုံးက လျင်မြန်စွာတိုက်ခိုက်နေကြပြီး တစ်ဖွဲ့နဲ့တစ်ဖွဲ့နှောင့်နှေးကြန့်ကြာမှုရှိအောင် ပြုလုပ်နေကြလျက်ရှိသည်။

သူတို့နှစ်ဖွဲ့လုံးရဲ့ အရေးပါဆုံးလူတွေဖြစ်ကြသည့် ဇူယွမ်နဲ့ချီဟောင်တို့က ရပ်တန့်ခဲ့ခြင်းမရှိဘဲ ချိုင့်ဝှမ်းအတွင်းသို့ ဆက်လက်တိုးဝင်သွားခဲ့ကာ သူတို့ဘေးမှာလိုက်ပါလာသည့် အစောင့်အကြပ်တွေကလည်း လမ်းတစ်လျှောက်မှာ တစ်ဖွဲ့ပြီးတစ်ဖွဲ့ရင်ဆိုင်တိုက်ခိုက်ကာ ကျန်နေခဲ့ကြသည်။

မကြာမီမှာ ဇူယွမ်၏ဘေးတွင် စုယုဝေနှင့် ဝေချင်းချင်းတို့နှစ်ယောက်သာကျန်နေတော့ပြီး ချီဟောင်ရဲ့ဘေးမှာလည်း ချီစုဆောင်းမှုအဆင့်ကျင့်ကြံသူ လေးယောက်သာကျန်ရှိနေတော့သည်။

ချီဟောင်က ဇူယွမ့်ကိုနက်မှောင်စွာတစ်ချက်ကြည့်လိုက်ပြီး ခေါင်းတစ်ချက်ညိတ်ပြလိုက်သည်။

ချီစုဆောင်းမှုအဆင့်ကျင့်ကြံသူလေးယောက်က ချက်ချင်းလှုပ်ရှားလိုက်ပြီး ဇူယွမ်တို့သုံးယောက်ကို စက်ဝိုင်းပုံဝိုင်းရံလိုက်ကြသည်။

“မင်းသားလေး… ငါကသူတို့ထဲကနှစ်ယောက်ကိုပဲ ရင်ဆိုင်နိုင်လိမ့်မယ်…” ဝေချင်းချင်းရဲ့ခန္ဓာကိုယ်မှ မူလချီတွေထွက်ပေါ်လာခဲ့ပြီး သူမကဝိုင်းရံထားသည့် လူလေးယောက်ထဲမှ အလယ်အလတ်ချီစုဆောင်းမှုအဆင့်ကျင့်ကြံသူတစ်ယောက်နှင့် စဦးချီစုဆောင်းမှုအဆင့်ကျင့်ကြံသူတစ်ယောက်ကို အေးစက်စွာကြည့်လိုက်သည်။

“မင်းသားလေး… နင်က မီးဝိညာဉ်အစေ့ကိုသွားယူလိုက်… ငါကကျန်တဲ့နှစ်ယောက်ကို ရင်ဆိုင်လိုက်မယ်…” စုယုဝေက နောက်ထပ်ကျန်နေသည့် လူနှစ်ယောက်ကိုကြည့်လိုက်သည်။ ထိုလူနှစ်ယောက်စလုံးက အလယ်အလတ်ချီစုဆောင်းမှုအဆင့်ကျင့်ကြံသူတွေဖြစ်ကြသည်။

“နင်အဆင်ပြေပါ့မလား…” ဇူယွမ်တစ်ယောက် ခဏကြာတုန့်ဆိုင်းသွားခဲ့ရသည်။ စုယုဝေက စဦးချီစုဆောင်းမှုအဆင့်မှာသာရှိနေပြီး သူမရဲ့ပြိုင်ဘက်နှစ်ယောက်လုံးက အလယ်အလတ်ချီစုဆောင်းမှုအဆင့်ကျင့်ကြံသူတွေဖြစ်ကြသည်။

စုယုဝေက ဇူယွမ်ရဲ့စကားကိုကြားလိုက်ရသည့်အခါ ခပ်ဖွဖွပြုံးလိုက်မိပြီး တစ်စုံတစ်ရာပြန်လည်ပြောဆိုခြင်းမရှိခဲ့ပေ။ ထို့နောက်မှာ သူမရဲ့လက်နှစ်ဖက်ထံမှ မီးလျှံလျှပ်စီးချီနှင့် ရေခဲမြူချီတို့ထွက်ပေါ်လာခဲ့သည်။ မတူညီတဲ့သဘာဝရှိသည့်မူလချီနှစ်ခုထွက်ပေါ်လာခဲ့သလို သူမရဲ့လှပတဲ့မျက်နှာလေးကလည်း အလွန်တရာလေးနက်သွားခဲ့ရသည်။

ဝေချင်းချင်းကလည်း ထိုအခိုက်အတန့်မှာပင် ပြောလိုက်သည်… “မင်းသားလေး… နင်ကချီဟောင်ကို နှောင့်နှေးကြန့်ကြာအောင် ထိန်းထားနိုင်ရင်ရပြီ… ငါတို့တွေက ငါတို့ရဲ့ပြိုင်ဘက်တွေကို ရင်ဆိုင်ပြီးတာနဲ့ နင့်ကိုလာကူပေးမယ်…”

သူမက ဒီစကားကိုပြောသာပြောလိုက်ရပေမဲ့ ဇူယွမ်က စဦးချီစုဆောင်းမှုအဆင့်ကိုရောက်ရှိနေရုံသာရှိစဉ်မှာ ချီဟောင်က အလယ်အလတ်ချီစုဆောင်းမှုအဆင့်ကို ရောက်ရှိနေသည့် ကျင့်ကြံသူတစ်ယောက်ဖြစ်သည်။ သူတို့တွေရဲ့ခွန်အားက သေချာပေါက်တူညီနိုင်လိမ့်မည်မဟုတ်ပေ။

ဇူယွမ်ကပြုံးလိုက်ပြီး တစ်စုံတစ်ရာပြန်လည်ပြောဆိုခြင်းမပြုခဲ့ဘဲ ဆုံးဖြတ်ချက်ပြတ်သားစွာဖြင့်ပင် ရှေ့ကိုပြေးထွက်သွားခဲ့သည်။

အခုအချိန်၌ ဇူယွမ်နဲ့ချီဟောင်တို့နှစ်ယောက်တည်းသာကျန်တော့ကာ တစ်ယောက်ကရှေ့မှာရှိနေပြီး တစ်ယောက်ကနောက်မှနေ၍ ချိုင့်ဝှမ်းအောက်ခြေကို ပြေးလွှားသွားလျက်ရှိကြသည်။

ဒီအခြင်းအရာကိုမြင်လိုက်ရသည့်အခါ ချိုင့်ဝှမ်းအပေါ်ဘက်ရှိအင်အားစုတွေက တိတ်တဆိတ်ပင် ခေါင်းခါယမ်းလိုက်မိကြသည်။ မင်းသားလေးဇူယွမ်အနေနဲ့ ချီဟောင်ကိုတစ်ယောက်ချင်းရင်ဆိုင်ဖို့က အမှန်တကယ်ကိုခက်ခဲပေလိမ့်မည်။

ချိုင့်ဝှမ်းရဲ့အောက်ခြေမှာ ကျင့်ကြံခြင်းအတွက် ဆေးဘက်ဝင်သည့်အပင်တွေများစွာပေါက်ရောက်နေသလို ချိုမြတဲ့သင်းရနံ့ကိုထုတ်လွှတ်နေသည့် အနီရောင်မီးလျှံကဲ့သို့ မီးဝိညာဉ်အပင်က ညင်သာစွာယိမ်းထိုးလှုပ်ရှားနေလျက်ရှိလေသည်။

ချီဟောင်က မီးဝိညာဉ်အပင်နဲ့ အနည်းငယ်ကွာဝေးသည့်နေရာမှာ ရပ်တန့်လိုက်ပြီး နောက်ကိုဖြည်းညှင်းစွာလှည့်လိုက်ကာ ဇူယွမ်ကိုကြည့်လိုက်သလို သူ့ရဲ့မျက်နှာထက်မှာလည်း ရက်စက်လိုသည့်အပြုံးတစ်ခု ထွက်ပေါ်လာခဲ့ရသည်။

“မင်းက ကာကွယ်ပေးမဲ့သူဘယ်သူမှမပါဘဲနဲ့ ငါ့နောက်ကိုတစ်ယောက်တည်းလိုက်လာရဲတာ တော်တော်သတ္တိရှိတယ်လို့ပြောရမယ်…”

“ကြည့်ရတာမင်းကို ဒီနေ့ဘယ်သူမှ မကယ်တင်နိုင်တော့ဘူးထင်တယ်…”


Comment

Leave a Reply

Options

not work with dark mode
Reset