ကျိဖန်သည် ရွှေငါးကို တချိန်လုံး မျက်စိကျနေခဲ့သည်။ ဇောင်ထျန်ကျောက်၊ ချိန်ယွဲ့ရှန် နှင့် ဟီရတစ် မှလွဲ၍ စစ်သင်္ဘောပေါ်မှ လူအားလုံးလိုလိုပင် ချက်ချင်း လိုချင်တပ်မက်စိတ်များ ပေါ်လာကြသည်။
ထို့ကြောင့်ပင် ကျိဖန်သည် စဥ်းစားတွေးတောခြင်းမပြုဘဲ အလစ်သုတ်ရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။ ပိုင်ရှောင်ချန်းကို အတိုင်းအတာတစ်ခုထိ ကြောက်ရွံ့သော်လည်း သူနှင့် ကုန်းစွန်းဝမ်အာ ပူးပေါင်းသွားလျှင်ပင် ကိုင်တွယ်နိုင်လိမ့်မည်ဟု ယုံကြည်နေသည်။
မည်သို့ပင်ဖြစ်စေ၊ နောက်ခံအင်အားရှိသည်မှာ ပိုင်ရှောင်ချန်းတစ်ဦးတည်း မဟုတ်ပေ။ ကျိဖန်တွင်လည်း သူ့ကိုယ်ပိုင်နောက်လိုက်နောက်ပါများ ရှိပေသည်။ ထို့ကြောင့် တုံ့ပြန်ရန်ပင် ဂရုမစိုက်ဘဲ အသာလေး လှည့်ထွက်သွားခြင်းဖြစ်သည်။
” လုံးဝ အနိုင်ကျင့်လိုက်တဲ့ကောင် ”
ပိုင်ရှောင်ချန်းသည် ဒေါသတကြီးပြောလိုက်သည်။ သူ၏ ပိုင်ဆိုင်မှုများကို ဗြောင်ကျကျဓါးပြတိုက်ခံလိုက်ရခြင်းသည် မြိုချရန် ခက်ခဲသည့် ဆေးခါးကြီးတစ်ခွက်ဖြစ်သည်။ သို့ဖြစ်၍ သူက ကျိဖန်ကို မသွားနိုင်အောင်တားဆီးရန် ရှေ့တိုးမည့်ဟန်ပြင်လိုက်ရာ နတ်ဆရာက လက်မောင်းကို ဆွဲထားလိုက်သည်။
” ခေါင်းဆောင်လေး… ထားလိုက်ပါတော့။ ကျိဖန်က အဆင့်၅ကို ကျသွားပြီဆိုပေမယ့် ထိပ်ဆုံး၃ယောက်ထဲမှာ ရှိခဲ့တာ။ သူက ခုထိလည်း ကြောက်စရာကောင်းလောက်အောင် အစွမ်းထက်နေတုန်းပဲ။ ”
” ငါးလေးတစ်ကောင်ပါပဲကွာ ”
စုန့်ချွဲက ကျိဖန်ထွက်သွားသည်ကို အံကြိတ်လျက်ကြည့်နေရင်းမှ ပြောလိုက်သည်။
” ဒါလေးအတွက်နဲ့ ရန်ပွဲကြီးဖြစ်စရာမလိုပါဘူး။ ဂိုဏ်းရဲ့ ရှေ့တန်းစစ်မြေပြင် ရောက်တာနဲ့ ပြဿနာတက်သွားနိုင်တယ်။ ”
အားလုံးက နောက်ဆုတ်ရန် ဝိုင်း၍ဖျောင်းဖျကြရာ ပိုင်ရှောင်ချန်းသည် မေးရိုးများတင်းနေအောင် အံကြိတ်လိုက်ပြီး အေးစက်စက်နှာမှုတ်သံတစ်ချက်သာ ပေးလိုက်သည်။ စုန့်ချွဲနှင့် နတ်ဆရာတို့သည် အလားတူခံစားနေရပြီး ကျိဖန်အား ရန်မစလိုသည်ကို သူသိလိုက်သည်။ ပိုင်ရှောင်ချန်းက တစ်ယောက်ထဲသွား၍ ရန်စသည့်တိုင် သူတို့ပါ ရောပါမည်ဖြစ်ရာ သူသည် မည်သို့မျှ မတတ်နိုင်ဘဲ သည်းခံ၍သာ နေရလေသည်။
” အဲဒီကောင်က တအားကို နှိပ်ကွပ်လွန်းတယ်။ ” ဟု သူက ရေရွတ်လိုက်သည်။
” အဲဒီလို စိတ်ဓါတ်မျိုးနဲ့ဆိုရင် မြေရိုင်းဒေသကို ရောက်တာနဲ့ သေချာပေါက် အသတ်ခံရမှာပဲ။ ”
ထို့နောက် သူသည် စိတ်ပျက်စွာဖြင့် သူ့အခန်းကို ပြန်လာခဲ့သည်။
ဤအဖြစ်အပျက်များ ပြီးဆုံးသွားသည့်နောက်တွင် ကုန်းစွန်းဝမ်အာတစ်ယောက်တည်းသာ နေရာတွင် ရပ်လျက် ကျန်ခဲ့လေသည်။ မည်သူမျှ သတိမထားမိသော်လည်း သူမသည် ကျိဖန် လျှောက်သွားသည်ကို ကြည့်ရင်း တခစ်ခစ်ရယ်မောနေခဲ့သည်။ ထို့နောက် သူမက နှုတ်ခမ်းများကို သပ်လိုက်ပြီး မျက်လုံးထဲတွင်လည်း ထူးဆန်းသော အလင်းတစ်ချက်ဖြတ်ပြေးသွားလေသည်။
” စားလို့ကောင်းမယ့်ပုံပဲ။ ” ဟု သူ့ဘာသာ ရေရွတ်လိုက်သည်။
ထိုညတွင် ပိုင်ရှောင်ချန်းမှာ ဘာမျှ အထွေအထူး မဖြစ်ခဲ့ပေ။ တင်ပျဥ်ခွေကာ ထိုင်လျက် ကျင့်ကြံရင်း တစ်နေ့တာ အဖြစ်အပျက်များကို ပြန်လည် တွေးတောနေစဥ် ပို၍ စိတ်တိုလာလေသည်။
” ငါ ဒီတိုင်းတော့ မပြီးနိုင်ဘူး။” ဟု သူက တွေးလိုက်သည်။
” ကျိဖန်က အစွမ်းထက်တာ ဟုတ်လိမ့်မယ်။ ဒါပေမဲ့ ငါက ပိုပြီးတော့ အစွမ်းထက်တာပဲ။ သူမမေ့နိုင်လောက်မယ့် သင်ခန်းစာတစ်ခုပေးဖို့ ငါ နည်းလမ်းတစ်ခုခုရှာရမယ်။ ” ဟု တွေးမိသွားကာ သူ၏ ထည့်စရာအိတ်ကို ဖွင့်၍ လိပ်ကလေးကို ရှာလိုက်သော်လည်း အတော်ကြာသည့်တိုင် မတွေ့ပေ။
အာရုဏ်ဦး ရောင်ခြည်တန်းလေးများ ထွက်ပေါ်လာချိန်တွင် သူ ပို၍ စိတ်ဓါတ်ကျသွားလေသည်။ ထိုအချိန်မှာပင် စစ်သင်္ဘော၏ တိတ်ဆိတ်ငြိမ်သက်နေသော အခြေအနေကို ပိုင်ရှောင်ချန်း၏ အခန်းရှိသည့် ကုန်းပတ်၃ပေါ်မှ ထွက်ပေါ်လာသော သွေးပျက်ဖွယ်အော်ဟစ်သံတစ်သံက ဖျက်ဆီးလိုက်လေသည်။
ထိုအသံမှာ ငြိမ်းခါနီးဆဲဆဲ သက်စောင့်အားတစ်ခုက အားဖြည့်ပေးထားသည့်အလား ကြောက်မက်ဖွယ်ကောင်းလှပေသည်။ ပိုင်ရှောင်ချန်းအပါအဝင် လူအတော်များများက အော်သံကို ကြားလိုက်ရလေသည်။
” ဘာတွေ ဖြစ်နေတာလဲ။ ”
စုန့်ချွဲနှင့် အခြားတာအို အစောင့်အရှောက်များကလည်း ထိတ်လန့်ကာ မျက်လုံးများဖွင့်၍ ဟိုဟိုသည်သည် ကြည့်လိုက်ကြသည်။ မကြာမီမှာပင် ပိုင်ရှောင်ချန်းအပါအဝင် ကုန်းပတ်၃ပေါ် ရှိ ထိပ်ဆုံးလက်ရွေးစင်၁၀ဦးထဲမှ အခြားလူများကလည်း ထွက်လာကြသည်။
ကုန်းပတ်၂မှ ဇောင်ထျန်ကျောက်နှင့် ချိန်ယွဲ့ရှန်တို့ပင် ဆင်းလာကာ အော်သံ၏ မူလအစကို ရှာဖွေရာတွင် ပူးပေါင်းလိုက်ကြသည်။
မကြာမီပင် ကုန်းပတ်၃ရှိ အခန်းတစ်ခုထဲမှ ရှုံ့တွနေသော အလောင်းတစ်ခုကို ရှာဖွေတွေ့ရှိသွားကြလေသည်။
ထိုအလောင်းကို ကျိဖန်၏ အခန်းမှ ရှာတွေ့ခြင်းဖြစ်ကာ…အနီးကပ်စစ်ဆေးပြီးနောက်တွင် ထိုသူမှာ အခြားမဟုတ် ကျိဖန်သာဖြစ်ကြောင်း အားလုံးသိသွားလေသည်။
” ဒီဟာက…”
ပိုင်ရှောင်ချန်းသည် အံအားသင့်လျက်ပြောလိုက်လေသည်။
ကျိဖန်သည် ခြောက်သွေ့ရှုံ့တွသွားသည်မှာ မမှတ်မိနိုင်လောက်သည့် အခြေအနေသို့ ရောက်ရှိသွားလေသည်။ အရိုးခြောက်သာသာမျှ ကျန်ပြီး သေဆုံးသည်မှာ မကြာသေးကြောင်း သိသာလှသည့်တိုင် လုံးပါး ပါးနေပြီဖြစ်သည်။ ရှိသမျှလူအားလုံးသည် အမြုတေအဆင့်ကျင့်ကြံသူများဖြစ်ပြီး ထိပ်ဆုံးလက်ရွေးစင်များဖြစ်ရာ ကျိဖန်သည် အလွန်ထူးဆန်းလှသော နည်းလမ်းဖြင့် သေဆုံးသွားသည်ကို သတိပြုမိရန်မှာ မကြာလိုက်ပေ။ သူ၏ သွေးအားလုံးစုပ်ယူခံလိုက်ရသည်မှာ သေချာသည်။
အားလုံး၏ မျက်နှာတွင် အံ့အားသင့်မှုများ၊ မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေလေသည်။ မည်သို့ပင်ဖြစ်စေ ကျိဖန်သည် အမြုတေအဆင့်၏ မဟာစက်ဝန်းတွင် ရှိနေပြီး မယုံနိုင်လောက်သည့် အတိုက်အခိုက်စွမ်းရည်များကို ပိုင်ဆိုင်ထားသူဖြစ်သည်။ သို့တိုင်အောင် ဤနေရာတွင် ထူးဆန်းသောတိုက်ပွဲ၏ အရိပ်လက္ခဏာများ မတွေ့ရသောကြောင့် ကျိဖန်သည် အချိန်တိုအတွင်းတွင် အသတ်ခံလိုက်ရခြင်းဖြစ်သည်။
ပို၍ သေချာစေသည်မှာ ကျိဖန်၏ အခန်းတွင် လူတိုင်း၏ စိတ်နှလုံးကို လှုပ်ခါစေသည့် ပြင်းထန်သော အေးစိမ့်ချီများ ပြည့်နှက်နေခြင်းကြောင့် ဖြစ်သည်။
ပိုင်ရှောင်ချန်းသည် ကျိဖန်၏ အလောင်းကို တိတ်ဆိတ်စွာ စိုက်ကြည့်နေလျက်မှ သူ၏ မျက်လုံးသည် မယုံကြည်နိုင်ခြင်းကြောင့် ပြူးထွက်လာလေသည်။ သူသည် တစ်ညလုံး ကျိဖန်အကြောင်းကို တွေးနေမိပြီး နောက်နေ့တွင် သူသည် အမှန်တကယ်သေဆုံးသွားလိမ့်မည်ဟု စိတ်ပင် မကူးဖူးချေ။
” သူ တကယ်ကြီး သေသွားတာလား။ ” ပိုင်ရှောင်ချန်းသည် အသက်ကို မှန်အောင်မရှူနိုင်တော့ပေ။ အထူးသဖြင့် ထိုအလောင်းကို အမှန်တကယ်ရင်းနှီးနေကြောင်း သတိထားမိသွားသောအခါတွင် ဖြစ်သည်။ ထိုအကြောင်းကို များစွာမတွေးရသေးမီ နတ်ဆရာနှင့် စုန့်ချွဲတို့၏ မျက်နှာမှာ သွေးဆုတ်ဖြူရော်သွားကြကာ မျက်လုံးထဲတွင် ကြောက်ရွံ့မှုများ ပေါ်လာကြသည်။
ချင်းမေ့ယွမ်သည်လည်း အံ့အားသင့်သွားကာ သူမ၏မျက်နှာပေါ်တွင် ကြောက်လန့်သည့်အမူအရာများ ပေါ်လာလေသည်။
မျက်လုံး၃လုံး ချိန်ဟဲ့ထျန်နှင့် ယင်ယန်ဝိညာဥ်အဆင့် ကျင့်ကြံသူများရှိခဲ့လျှင်မူ ယခုကဲ့သို့ ကြောက်စရာကောင်းချင်မှ ကောင်းပေမည်။ သို့သော် ဝါရင့်မျိုးဆက်အဖွဲ့ဝင်များအားလုံး မရှိကြရာ လက်ရှိ အမြုတေအဆင့်ဂိုဏ်းသားများမှာ မည်သို့ဆက်လုပ်ရမည်ကို တစ်ယောက်မှ သေချာမသိကြပေ။ ထို့ကြောင့် အားလုံးသည် ဇောင်ထျန်ကျောက်ကို ခေါင်းဆောင်နေရာယူရန် ကြည့်လိုက်ကြသည်။ အလောင်းကို ချဥ်းကပ်ကာ ခဏမျှ စစ်ဆေးလိုက်ပြီးနောက် သူ၏ အမူအရာမှာ လှုပ်ခတ်သွားပြီး ပြောလိုက်လေသည်။
” မေကာင်းဆိုးဝါးတစ်ကောင်က သင်္ဘောပေါ်မှာ ငါတို့နဲ့ အတူတူရှိနေတယ်။ အားလုံး အထူးသတိထားဖို့လိုမယ်။ ”
ဂိုဏ်းသားအားလုံးသည် ကြောက်ရွံ့တုန်လှုပ်သွားကြကာ ပိုင်ရှောင်ချန်းမှာ ဦးရေပြားများပင် ထုံကျဥ်သွားလေသည်။ ကံမကောင်းစွာဖြင့်ပင် ကျိဖန်သေဆုံးခြင်း၏ ဆန်းကြယ်မှုသည် ယခုအချိန်တွင် ဖြေရှင်း၍ရနိုင်သည့် အရာမျိုးမဟုတ်ရာ အားလုံးသည် နောက်ဆုံးတွင် လုစုခွဲလိုက်ကြကာ ပြန်လမ်းတစ်လျှောက် သတိအပြည့်ဖြင့် သွားကြလေသည်။
ကြောက်လန့်မှုကြောင့် နှလုံးများ ခုန်နေကာ ပိုင်ရှောင်ချန်းသည် သူ၏ အခန်းကို နတ်ဆရာ၊ စုန့်ချွဲ၊ ချင်းမေ့ယွမ်တို့နှင့်အတူ ပြန်လာခဲ့လေသည်။ အားလုံးအထဲရောက်သည်နှင့် သူသည် တံခါးကို ပိတ်လိုက်ကာ ဖြူဖပ်ဖြူရော်မျက်နှာလေးများနှင့် သူငယ်ချင်းများကို ကြည့်လိုက်သည်။
အခြေအနေကို အလွန်အမင်းအကဲခတ်ရာကျမည်ကို စိတ်ပူကာ သူက မဝံ့မရဲမေးလိုက်လေသည်။
” မင်းတို့… အဲဒီအလောင်းကို ရင်းနှီးနေတယ်လို့ မထင်ကြဘူးလား။ ”
သတိတရားနှင့် ကြောက်လန့်မှု ယှဥ်တွဲနေသော မျက်နှာဖြင့် နတ်ဆရာက ဖြေလိုက်သည်။
” ခေါင်းဆောင်လေး…အဲဒီအလောင်းကိုကြည့်ရတာ အဏ္ဏဝါခေါ်သံဂိုဏ်းမှာတုန်းက အလောင်းတွေကို ပြန်ပြီး သတိရသွားတယ်။ ”
” လုံးဝတစ်ထပ်တည်း တူတာ။”
စုန့်ချွဲက ပြောလိုက်သည်။
” ငါလည်း သတိထားမိတယ်။ ”
ချင်းမေ့ယွမ်က ခဏအကြာတွင် ပြောလိုက်သည်။
“ဒီအလောင်းက ဟိုတခြားအလောင်းတွေလို တစ်ပုံစံတည်းပဲ။ ”
သူတို့၏ အဖြေများကို ကြားရသောအခါ ပိုင်ရှောင်ချန်းသည် ဦးရေပြားမှာ ကျဥ်ခဲလှသောကြောင့် ပေါက်ကွဲထွက်တော့မည်ဟု ခံစားနေရသည်။ ဤအလောင်းကို ရင်းနှီးနေရုံသာမက ဇောင်ထျန်ကျောက်၏ စကားများနှင့် ပေါင်းလိုက်သောအခါ အဏ္ဏဝါခေါ်သံဂိုဏ်းတွင် မည်သို့ဖြစ်ပျက်ခဲ့သည်များကို မတွေးဘဲမနေနိုင်အောင် ဖြစ်သွားသည်။
ယခု တာအိုအစောင့်အရှောက် သုံးဦး၏ အတည်ပြုစကားကြောင့် အဖြစ်အပျက်နှစ်ခု ဆက်စပ်နေသည်မှာ သေချာသွားသည်။
” သေလိုက်ပါလား။” ဟု သူက ငိုသံပါနှင့် ပြောလိုက်သည်။
” ဘယ်လိုလုပ်ပြီး ဒီလိုဖြစ်နိုင်ရတာလဲ။ ငါ ဒီနေရာထိရောက်လာတာတောင် အဲ့ဒီ မကောင်းဆိုးဝါးက တစ်လျှောက်လုံးလိုက်လာခဲ့တာလား…” ထိုအကြောင်းကို တွေးလေလေ ထူးဆန်းလေဖြစ်ကာ ပို၍ကြောက်စရာကောင်းလာခဲ့သည်။ သူသည် ချက်ချင်းပင် မကောင်းဆိုးဝါးနှင် စက္ကူလက်ဖွဲ့များကို အိတ်ထဲမှ ထုတ်ကာ ကိုယ်ပေါ်သို့ ကပ်လိုက်သည်။
ထိုမျှနှင့် မလုံလောက်သေးပေ။ နတ်ဆရာနှင့် စုန့်ချွဲတို့ကို အခန်းထဲတွင် မန္တန်အစီအရင်များ ထပ်မံတပ်ဆင်ရာ၌ အကူအညီတောင်းရန် အမြန် ပြေးသွားလေသည်။ ထို့နောက် သူ့ကိုယ်ပိုင်သီးသန့်အခန်းသို့ သွားကာ အပိုဆောင်းမန္တာန်အစီအရင်အချို့ကို ထပ်မံတပ်ဆင်လိုက်ပြီး သူ့တွင် ဝိညာဥ်စုစည်းဆေးလုံးများ ပေါပေါများများ အဆင့်သင့်ရှိ၊မရှိ သေချာအောင် ကြည့်လိုက်သည်။
” ငါ့မှာ မကောင်းဆိုးဝါးနှင် စက္ကူလက်ဖွဲ့တွေ၊ မန္တန်အစီအရင်တွေ၊ ဝိညာဥ်စုစည်းဆေးလုံးတွေ ရှိတယ်။ အဲဒီ မကောင်းဆိုးဝါးက နည်းနည်းပါးပါး အသိစိတ်ရှိရင် ငါ့ကို လာထိရဲမှာ မဟုတ်ပါဘူး။ အင်း၊ ဟုတ်တယ်။ လာထိခဲ့ရင်လဲ သေချာပေါက် ဆိုးဆိုးဝါးဝါး အဆုံးသတ်နဲ့ ကြုံရမှာ။ ”
သူသည် မျက်ရည်များဝဲလျက် ပြောဆိုနေရင်း စုန့်ချွဲနှင့် အခြားလူများလည်း ရှိသေးသည်ဟူသော အချက်ဖြင့် သူ့ကိုယ်သူအားပေးရန် ဆက်လက်ကြိုးစားသည်။ သူတို့ရှိနေသည်ကို ထောက်လျှင် ထိုမကောင်းဆိုးဝါးက သူ့ဆီသို့ မလာလောက်ဟု ထင်ရသည်။
ထို့နောက် သူသည် ကျိဖန်မှာ အမြုတေအဆင့် မဟာစက်ဝန်းတွင် ရှိနေခဲ့သည်ကို သတိရသွားသည်။ သူသည်လည်း အမြုတေအဆင့်သာရှိသေးသည်ကို တွေးကြည့်လျှင် ယခင်ထက်ပို၍ အကာအကွယ်မဲ့ကာ မလုံခြုံဟု ခံစားရသည်။ ခြောက်သယောင်းနေကာ သွေးမရှိတော့သည့် ကျိဖန်အလောင်း၏ ပုံရိပ်သည် သူ့စိတ်ထဲတွင် အမြဲလို ရစ်ဝဲလျက်ရှိသည်။
” ငါတို့ရင်ဆိုင်နေရတာ ဘယ်လိုသရဲမျိုးပါလိမ့်…” သူကတွေးလိုက်သည်။
” ဟိုနတ်အဆင့် ချိန်ဟဲ့ထျန်က ဘယ်ချိန်မှ ပြန်ရောက်မှာလဲ…”
သူသည် ဤပုံစံဖြင့် တစ်ညလုံး စိတ်ပူပန်လျက်ရှိကာ သတိထားနေလေသည်။
စိတ်လှုပ်ရှားနေသည်မှာ သူတစ်ယောက်တည်းမဟုတ်ပေ။ စုန့်ချွဲ၊ နတ်ဆရာ၊ ချင်းမေ့ယွမ်နှင့် ကုန်းပတ်သုံးမှ အခြားလက်ရွေးစင်အားလုံးသာမက ကုန်းပတ် ၄ နှင့် ၅ ရှိ ဂိုဏ်းသားအားလုံးပင် အလွန်အမင်း စိတ်ပူပန်လျက်ရှိကြသည်။
အခြားတစ်စုံတစ်ယောက် အသတ်ခံရလျှင် ကိစ္စကြီးတစ်ခု ဖြစ်ချင်မှ ဖြစ်ပေမည်။ သို့သော် ကျိဖန်သည် ရှင်းကုံကျစ်တာအိုဂိုဏ်း၏ ထိပ်ဆုံးကြယ်ပွင့်များထဲတွင် နံပါတ်၅နေရာရှိပြီး သာမန်ထက် ထူးခြားကောင်းမွန်သည့် စစ်ပွဲစွမ်းရည်များ ရှိသူဖြစ်သည်။ သို့ဖြစ်သည့်တိုင် သူသည် ကံကြမ္မာဆိုးနှင့် ကြုံတွေ့ရသေးရာ အားလုံးမှာ အလွယ်တကူပင် စိတ်ဓါတ်ကျဆင်းသွားကြလေသည်။
အရုဏ်တက်လျှင် လူများသည် ဘေးဘီကို စစ်ဆေးကာ နောက်ထပ်မည်သူမှ မသေသည်ကို တွေ့မှ ပင့်သက်ချနိုင်ကြပေသည်။ ပိုင်ရှောင်ချန်း၏ စိတ်ပူပန်မှုမှာ အများကြီးမဟုတ်ဘဲ အနည်းငယ်သာ လျော့ကျသွားသည်။ နေ့အလင်းရောင်ကို အားပြုကာ သူ့အခန်း၏ အတွင်းအပြင်တွင် မန္တာန်အစီအရင်များထပ်မံ တပ်ဆင်ပြန်လေသည်။ ဝမ်းနည်းစွာပင် သူသည် စက္ကူအဆောင်လက်ဖွဲ့များ ဖန်တီးခြင်းကို မတတ်ကျွမ်းပေ။ သို့မဟုတ်ပါက သူသည် ဝိညာဥ်များကို နှင်ထုတ်ရန် နောက်ထပ် အဆောင်အများကြီးကို ရေးဆွဲမည်ဖြစ်သည်။
သုံးရက်တာ ကုန်ဆုံးသွားလေသည်။ သေဆုံးသူတစ်ယောက်မှ မရှိဘဲ မကြာမီမှာပင် သင်္ဘော၏ အခြေအနေသည် ပုံမှန်ပြန်ဖြစ်သွားလေသည်။ လူများသည် ပင်မကုန်းပတ်ပေါ်သို့ တစ်ဖန် သွားလာကြပြန်သည်။ သို့သော်လည်း အားလုံးမှာ စိတ်နှလုံးများ လေးလံနေဆဲဖြစ်ကာ မျက်လုံးသုံးလုံးရှင် ချိန်ဟဲ့ထျန်နှင့် ယင်ယန်ဝိညာဥ်အဆင့်ကျင့်ကြံသူများ ပြန်လာကြသည်ကို မြင်ရနိုးနှင့်ကောင်းကင်ယံသို့ မကြာခဏမော့ကြည့်ကြလေသည်။
နောက်ဆုံးတွင် လဝက်တာ ကုန်လွန်သွားခဲ့သည်။ ယခုထိတိုင် ချိန်ဟဲ့ထျန်နှင့် အခြားသူများက ပြန်ရောက်မလာကြသေးပေ။ သို့သော်လည်း ထိုအချိန်အတွင်း မည်သူမျှ အသတ်မခံရပေ။ နောက်ဆုံးတွင် ပိုင်ရှောင်ချန်းသည် သက်ပြင်းချနိုင်သွားပေသည်။
“ငါအထင်လွဲတာလည်း ဖြစ်နိုင်ပါတယ်။ ကျိဖန်က မကောင်းဆိုးဝါး အသတ်ခံရတာမဟုတ်ဘဲနဲ့ ဟိုငါးကြီးရဲ့ အသတ်ခံရတာများလား။”