နေ့ရက်များ တရွေ့ရွေ့ ကုန်လွန်သွား၏။ ပိုင်ရှောင်ချန်း၏ အခန်းထဲတွင် စုန့်ချွဲ၊ နတ်ဆရာနှင့် ချင်းမေ့ယွမ်တို့အားလုံးမှာ ကိုယ်ပိုင်နေရာများရှိနေကြပြီး ရှင်းကုံကျစ်တာအိုထိပ်တန်းကြယ်ပွင့်များသာ ရနိုင်သော အကျိုးခံစားမှုများကို ပျော်ပျော်ကြီး ခံစားနေကြလေသည်။ ကျေးဇူးတင်ခြင်းများ ပြည့်နှက်လျက် သူတို့၏ ကျင့်ကြံခြင်းအပေါ်တွင် အကောင်းဆုံး အာရုံစိုက်ထားကြလေသည်။
ပိုင်ရှောင်ချန်းသည် အမြုတေအဆင့်၏ မဟာစက်ဝန်းနှင့် မဝေးတော့၍ သူ့ကို အတော်အတန်ရှိန်နေကြလောက်ပြီဟု ခံစားနေရလေသည်။ ထို့ကြောင့် သူ့အချိန်အများစုကို လသာဆောင်တွင် နေပူဆာလေးလှုံရင်း ပင်လယ်ကိုကြည့်ကာ အချိန်ဖြုန်းနေတော့သည်။
သင်္ဘော၏ ပင်မကုန်းပတ်သည် ပိုင်ရှောင်ချန်း၏ လသာဆောင်နှင့် မဝေးပေ။ ကျင့်ကြံသူများအကြားတွင် ကုန်းစွန်းဝမ်အာသည် ပင်လယ်ပြင်ကို ငေးကြည့်နေပုံရလေသည်။
နောက်ဆုံးတွင် ပိုင်ရှောင်ချန်းသည်လည်း ပင်လယ်ရေပြင်မှ အကြည့်လွှဲလိုက်ပြီးနောက် စိတ်စွမ်းအင်အရက်ကို အားပါးတရ မော့ချလိုက်လေသည်။
” ဒါက ဘဝ ပဲ ”
သူက သက်ပြင်းချရင်း ပြောလိုက်သည်။ သူ့နောက်တွင် သူ့ပခုံးကို နှိပ်ပေးနေသည့် ရုပ်သေးရုပ်နှစ်ရုပ်ရှိလေသည်။
ရံဖန်ရံခါ ပင်လယ်ရေပြင်မှ လှိုင်းလုံးကြီးများ တလိပ်လိပ်တက်လာသော်လည်း ယခုအခါ ၄င်းက လှပသောရွှေရောင်မှန်တစ်ချပ်သဖွယ်ပင်။ ပိုင်ရှောင်ချန်းသည် လေကို ကျင့်သားရနေပြီဖြစ်ပြီး ပင်လယ်ရေအတွက်မူ သူကျင့်ကြံထားသော ပညာရပ်များကြောင့် အချိန်ကြာကြာမထိတွေ့သရွေ့ အန္တရာယ်မရှိပေ။
ထို့အပြင် စစ်သင်္ဘောတွင် တည်ဆောက်ထားသော မန္တန်အစီအရင်များကြောင့် ရေထဲရှိ မယုံကြည်နိုင်ဖွယ် ပြင်းထန်သော စိတ်စွမ်းအင်များသည် အားပျော့သွားပြီး သင်္ဘောအထဲ မဝင်ရောက်မီ သန့်စင်သွားလေသည်။
ပိုင်ရှောင်ချန်းသည် သက်ပြင်းချလိုက်ရင်း သူ၏ အခန်းကျယ်ကြီးကို ပြန်လှည့်ကြည့်လိုက်ရာ စုန့်ချွဲ၊ နတ်ဆရာနှင့် ချင်းမေ့ယွမ်တို့အားလုံး တင်ပျဥ်ခွေ၍ တရားထိုင်နေပြီး ကျင့်ကြံခြင်းအပေါ်တွင် အာရုံစိုက်နေကြသည်ကို တွေ့လိုက်ရလေသည်။ အတန်ငယ် ပျင်းရိငြီးငွေ့လာသဖြင့် စကားစမြည်ပြောသင့်ကြောင်း ဆုံးဖြတ်လိုက်၏။
” ဒီကောင်တွေကွာ ကျင့်ကြံခြင်းအပေါ် သိပ်အားစိုက်လွန်းတယ်။ ဒီနှစ်ဝက်က ပျော်ပျော်ကြီးနေရမှာကို ။ ငါတို့သွားရမယ့်နေရာကို ရောက်တာနဲ့ ရှင်းကုံကျစ်တာအိုဂိုဏ်းရဲ့ တပ်စခန်းတွေနဲ့ မဟာတံတိုင်းကို သွားရမှာလေ။ အဲဒီမှာ သေချာပေါက် အဆင်ပြေပြေနေရမှာမဟုတ်ဘူး”
” ရွှီပေါက်ချိုင်သာ ရှိလို့ကတော့.. သိပ်ကောင်းမှာပဲ. ” စိတ်စွမ်းအင်အရက်နောက်တစ်ခွက်သောက်လိုက်ပြီး သူပျင်းရိနေသည်ကို မည်သို့ ဖြေဖျောက်ရန် စဥ်းစားနေဆဲမှာပင် ရုတ်တရက် ခပ်ဝေးဝေးတွင် ရွှေရောင်အလင်းတစ်ခု ဖျတ်ခနဲလက်သွားသည်ကို မြင်လိုက်ရလေသည်။
ပိုင်ရှောင်ချန်း၏စူးရှသော အမြင်ကြောင့် ထိုငါးများကို သဲသဲကွဲကွဲမြင်လိုက်ရပြီး လူတစ်ယောက်၏လက်နီးပါး ရှည်လျားကြောင်း သိလိုက်ရလေသည်။ ၎င်းတို့ကို တလက်လက်တောက်ပနေသော ရွှေရောင်အကြေးခွံများဖြင့် ဖုံးအုပ်ထားပြီး အံ့သြဖွယ်အကောင်းဆုံးမှာ ခေါင်းနှစ်လုံးရှိခြင်းပင်။ ထိုမျှသာမက ထိုခေါင်းနှစ်လုံးသည် တစ်လုံးနှင့် တစ်လုံး ကပ်လျက်တည်ရှိနေခြင်းမဟုတ်ပေ။ အတိအကျဆိုရလျှင် ဒုတိယခေါင်းသည် ပုံမှန်အားဖြင့် ငါး၏အမြီးရှိရမည့်နေရာတွင်ဖြစ်သည်။
” ရွှေငါးတွေပါလား ” ပိုင်ရှောင်ချန်း ထကြည့်ပြီး ကောက်ချက်ချလိုက်သည်။ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းတွင် သူလေ့လာခဲ့သော ဝိညာဥ်သတ္တဝါကျမ်းတစ်ခုမှ ထူးဆန်းသောငါးဖြစ်ကြောင်း သူမှတ်မိလိုက်ပြီး ဝိညာဥ်ငါးများတွင် အလွန်ရှားပါးသော အမျိုးအစားဖြစ်ကြောင်းသိလေသည်။
ထိုသို့သော ဝိညာဥ်ငါးများကို အစားအစာအဖြစ် စားသုံးရန်အတွက် ဆေးလုံးများနှင့် သန့်စင်နေရန် မလိုအပ်ပေ။ ၎င်းတို့သည် နတ်ဘုရားအာရုံများကို သန်မာစေပြီး ချီစီးေကြာင်းများကို အားဖြည့်ပေးသော ကောင်းကင်နှင့်မြေကြီး၏ အဖိုးတန်ရတနာများဖြစ်သည်။ ထိုကဲ့သို့ ငါးများသည် ကျင့်ကြံသူများအတွက် အလွန်အသုံးဝင်ပြီး ၎င်းတို့၏သက်တမ်းက နှစ်တစ်ရာကျော်နေလျှင် ယင်ယန်ဝိညာဥ်အဆင့်သို့ တက်လှမ်းခြင်းအတွက်ပင်လျှင် အကူအညီပေးနိုင်သည်။
ပိုင်ရှောင်ချန်းက ပင်လယ်ပြင်ကို စိတ်လှုပ်တရှားကြည့်နေစဥ် ရွှေငါးအုပ်လိုက်ကြီး ပြန်ပေါ်လာပြန်သည်။ ထို့နောက် အခြားသော အကောင်များထက် ဆယ်ဆကြီးသော ငါးကြီးက လေပေါ်ခုန်လိုက်လေရာ ရေစက်အများအပြား ဗွမ်းခနဲ လွင့်စင်လာလေသည်။
အခြားသော ငါးများနည်းတူ ၄င်းသည် ရွှေရောင်ဖြစ်ပြီး ခေါင်းနှစ်လုံးရှိလေသည်။ သို့သော်လည်း ဤတစ်ကောင်နှင့်ပတ်သက်၍ ရှေးဆန်နေဟန်ရှိပြီး အချိန်အတော်ကြာ အသက်ရှင်နေထိုင်ခဲ့ပုံရလေသည်။ ထိုမျှသာမက ၄င်း၏ အကြေးခွံများမှာ အခြားငါးများထက် ပိုမိုစူးရှတောက်ပကာ ရွှေရောင်အလင်းများ တလက်လက်တောက်ပနေလေသည်။
” နှစ်တစ်ရာ ရွှေငါး ”
ပိုင်ရှောင်ချန်းက ပင့်သက်ရှိုက်လိုက်ပြီး လက်ကို ဝှေ့ယမ်း၍ အေးစိမ့်ချီစီးကြောင်းတစ်ခုကို လွှတ်လိုက်ပြီး ချက်ချင်းပင် ထိုငါးကို ချုပ်နှောင်လိုက်လေသည်။ သို့သော်လည်း စွမ်းအားစီးကြောင်းတစ်ခုက သူ့ထံ တန်ပြန်ပြေးဝင်လာရာ သူ၏ ကျင့်ကြံခြင်းအခြေခံ မတည်မငြိမ်ဖြစ်သွားပြီး လသာဆောင်ပေါ်မှ ပြုတ်ကျလုနီးပါးဖြစ်သွားလေသည်။
သူ့မျက်နှာ ဝင်းလက်တောက်ပသွားပြီး အဆုတ်ကွဲလုမတတ်အော်ဟစ်လိုက်လေသည်။
” ချွဲအာ၊ ဆရာဟွန့်ဟွန့်၊ မေ့ယွမ်လေး. မြန်မြန်.. ငါ့ကို လာကူပါဦး ။ ငါဒီမှာ အဖိုးတန်ရတနာတစ်ခု တွေ့ထားတယ်”
စုန့်ချွဲ၊ နတ်ဆရာနှင့် ချင်းမေ့ယွမ်တို့မှာ တရားထိုင်နေရာမှ ချက်ချင်း မျက်လုံးဖွင့်လိုက်ကြသည်။ စုန့်ချွဲသည် အတန်ငယ် ဒေါသထွက်သွားပုံရပြီး နတ်ဆရာသည်လည်း အနည်းငယ်စိတ်တိုသွားလေသည်။ ချင်းမေ့ယွမ်မှာမူ ထုံးစံအတိုင်း မျက်နှာပေါ်တွင် အပြုံးတစ်စ ရှိနေလေသည်။ သို့သော်လည်း သူတို့အားလုံး လှမ်းကြည့်လိုက်ရာ ရေထဲမှ ခုန် ဆွ ခုန် ဆွဖြစ်နေသေည ငါးကြီးတစ်ကောင်ကို မြင်လိုက်သောအခါ သူတို့၏ မျက်လုံးများ ပြူးကျယ်သွားကြလေသည်။ စုန့်ချွဲက ပထမဦးစွာ ကမန်းကတန်းထလာပြီး ချင်းမေ့ယွမ်နှင့်နတ်ဆရာတို့က နောက်ကလိုက်လာကြလေသည်။
” မြန်မြန်.. ကူပါဦး ”
ပိုင်ရှောင်ချန်းက စိတ်လှုပ်တရှားအော်လိုက်သည်။
” ငါတို့ ဒီငါးကြီးကို ဖမ်းနိုင်လို့ကတော့ ဒီနေ့ည ညစာ ပွဲတော်တည်မယ်ဟေ့” ထို့နောက် သူ၏အားထဲကို ကျင့်ကြံခြင်းအခြေခံစွမ်းအားအနည်းငယ်ထည့်လိုက်လေသည်။ ကံကောင်းထောက်မစွာ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းက အဖွဲ့ဝင်တစ်ယောက်အနေနှင့် အချိန်အတော် ထိန်းချုပ်ခြင်းစွမ်းအားကိုကျင့်ကြံနေခဲ့လေရာ သူနှင့် အလွန်အကျွမ်းတဝင်ဖြစ်နေလေပြီ။ ထို့ကြောင့် ငါးကြီး ရေအောက်သို့ ပြန်ကျသွားသည့်တိုင် ၄င်းနှင့် ချိတ်ဆက်နေရန် သူထိန်းထားနိုင်သေးလေသည်။
ဧရာမငါးကြီး၏ ရုန်းကန်မှုကြောင့် ပြင်းထန်သော ပြိုလဲသံများနှင့်အတူ လှိုင်းလုံးများမြောက်တက်လာတော့သည်။ ကံကောင်းထောက်မစွာ စုန့်ချွဲနှင့် အခြားသူများ အလျင်အမြန် ကူပေးရန် ရောက်လာကြလေသည်။ စုန့်ချွဲ၏ ညာလက်က မန္တန်လက်ကွက်တစ်ခု လက်သွားပြီး သူ့ခြေထောက်အောက်မှ အရိပ်တစ်ခုက ရေထဲသို့ ပျံနှံ့သွား၏။ရေကြောင့် အတန်ငယ်အားလျော့သွားသော်လည်း ငါးကြီးထံတဟုန်ထိုးရောက်သွား၏။
နတ်ဆရာသည်လည်း လက်ကွက်တစ်ကွက်ဖော်ကာ မှော်ပစ္စည်းတစ်ခု၏ စွမ်းအားကို ထုတ်ဖော်လိုက်၏။
အားလုံးအထဲတွင် ချင်းမေ့ယွမ်၏ လှုပ်ရှားမှုသည် အထူးဆန်းဆုံးဖြစ်သည်။ မန္တန် လက်ကွက်ဖော်ပြီးနောက် သူမက ပါးစပ်ဟလိုက်ပြီး ပန်းရောက်တိမ်တစ်ခုကို ထွေးထုတ်လိုက်ရာ အလျင်အမြန်ပင် မြူသိမ်းငှက်ပုံစံကျုံ့သွားပြီး ခပ်စူးစူးအော်သံဖြင့် ငါးထံ ထိုးဆင်းသွားတော့သည်။
ပိုင်ရှောင်ချန်းမှာ စိတ်လှုပ်ရှားရင်း ပျော်ရွှင်မြူးထူးစွာ အော်ဟစ်လိုက်လေသည်။ လွန်ခဲ့သော အချိန်အနည်းငယ်က သူပျင်းနေခဲ့သော်လည်း ယခုအခါ အရာအားလုံးပြောင်းလဲသွားလေပြီ။
” အားလုံးပဲ လာကြဟေ့.. ဘာမှ ချန်မထားနဲ့ ”
သူက အော်ဟစ်လိုက်သည်။
” ဒီငါးကို အလွတ်မခံနိုင်ဘူးကွ” ပိုင်ရှောင်ချန်း၏ စိတ်လှုပ်ရှားမှုများမှာ အခြားသူများဆီသို့ ကူးသွားပြီး သူတို့အားလုံး ရင်တဒိန်းဒိန်း ခုန်လာကြတော့သည်။ ငါးကြီး မည်မျှရုန်းကန်နေသည်ကို စဥ်းစားကြည့်ပါက ၄င်းသည် မည်သည့်နည်းနှင့်မျှ သာမန်မဟုတ်နိုင်ပေ။
ငါးကြီးမှာ အတင်းအဓမ္မရုန်းကန်နေပြီး ခပ်အုပ်အုပ်အသံများဖြင့် အော်နေလေရာ ကုန်းပတ်ပေါ်တွင် စုဝးနေကြသည့် ကျင့်ကြံသူများ ကြားသွားတော့သည်။ ကုန်းစွန်းဝမ်အာမှာ ပိုင်ရှောင်ချန်း၏နေရာနှင့် မဝေးဘဲ ငုံ့ကြည့်လိုက်သောအခါ ငါးသာမက ပိုင်ရှောင်ချန်းနှင့် သူ၏တာအိုစောင့်ရှောက်သူများကို သေသေချာချာမြင်လိုက်ရလေသည်။
သဘောကျစွာ တိုးတိုးကလေး ရယ်လိုက်ရင်း သူမ၏ကျင့်ကြံခြင်းအခြေခံစွမ်းအားကိုထုတ်ကာ ပိုင်ရှောင်ချန်းနှင့် အခြားသူများကို ကူညီရန် သူမ၏ လက်ချောင်းကလေးကို ငါးကြီးထံ ဝှေ့ယမ်းလိုက်လေသည်။
ပိုင်ရှောင်ချန်းသည် ကုန်းစွမ်းဝမ်အာက သူတို့ကို ကူညီနေကြောင်း အာရုံရလိုက်ရာ အတော်အတန် စိတ်လှုပ်ရှားသွားလေသည်။
“ဝမ်အာ ” သူက အော်လိုက်သည်။
” ငါတို့ကို ဒီငါးဖမ်းဖို့ ကူပေးပါဦး။ ငါတို့အားလုံး ညစာပွဲတော်တည်ရအောင်ဟေ့”
ကုန်းစွန်းဝမ်အာက ပိုင်ရှောင်ချန်းကို ငုံကြည့်လိုက်ပြီး ချစ်စဖွယ် ပြံုး၍ ပြော၏။
” ညစာ။ ဒီညလား”
” ဟုတ်တယ် ”
သူက မေးခွန်းကို ထွေထွေထူးထူးစဥ်းစားမနေပဲ ပြန်ဖြေလိုက်သည်။ အဖွဲ့လိုက်စုပေါင်းအားထုတ်မှုကြောင့် ရုန်းကန်နေသောငါးကြီးမှာ တဖြည်းဖြည်းအားနည်းလာပြီး မကြာမီ ၄င်းကို ရေထဲမှ စစ်သင်္ဘောထံသို့ ဆွဲတင် နိုင်လိုက်သည်။
ပိုင်ရှောင်ချန်းက စိတ်လှုပ်ရှားစွာ ရယ်ရင်း ငါးကို ဖမ်းဆွဲရန် လက်လှမ်းလိုက်သည်။ တစ်ဆက်တည်းမှာပင် စုန့်ချွဲ၊ နတ်ဆရာနှင့် ချင်းမေ့ယွမ်တို့ပင် စိတ်လှုပ်ရှားကာ ပြုံးလိုက်ကြသည်။ သူတို့သည် ငါးကြီးကို ဖမ်းရာတွင် အန္တရာယ်မဖြစ်ခဲ့သော်လည်း ကောင်းကင်တံတားပင်လယ်၏ အလယ်တွင် ရောက်နေကြရာ အောင်မြင်ရန် အတော်ကြိုးစားအားထုတ်ခဲ့ရလေသည်။
သို့သော်လည်း ဧရာမငါးကြီး လေထဲပျံတက်လာသည်နှင့် ကုန်းပတ်ဆီမှ ပုံရိပ်တစ်ခုက အမြုတေအဆင့်ကျင့်ကြံခြင်းအခြေခံစွမ်းအားကိုထုတ်ကာ လျှပ်စီးသဖွယ် တဟုန်ထိုးပြေးထွက်လာလေသည်။ မည်သူမျှ မလုပ်ဆောင်နိုင်ခင် သူက ငါးရှိရာသို့ လက်ချောင်းကို ဝှေ့ယမ်းလိုက်လေသည်။
ချက်ချင်းပင် လေထဲတွင် ဧရာမလက်ကြီးတစ်ခုပေါ်လာကာ ပင်ပန်းနွမ်းနယ်နေသော ငါးထံပြေးဝင်သွားပြီးနောက် ပြင်းထန်သော စွမ်းအားဖြင့် ရိုက်ချလိုက်ရာ ငါးမှာ ချက်ချင်းပင် သေသွားတော့သည်။
ထို့နောက် လက်ကြီးက ငါးကို ရစ်ပတ်သွားပြီး သင်္ဘောကုန်းပတ်ပေါ်ရှိ လူငယ်တစ်ယောက်ထံ ဆွဲယူသွားကာ ထိုလူငယ်က အကျီလက်ကိုခါကာ ထည့်စရာအိတ်ထဲသို့ ငါးကို ထည့်လိုက်၏။
” မင်းဘာလုပ်တာလဲ ”
ပိုင်ရှောင်ချန်းက ဒေါသတကြီးအော်လိုက်သည်။ အချိန်မီ မတုံ့ပြန်လိုက်နိုင်သဖြင့် ရွေးချယ်စရာမရှိတော့လေရာ ကုန်းပတ်ထံသာ ဒေါသတကြီး ပျံသွားလိုက်ရလေသည်။ စုန့်ချွဲ၊ နတ်ဆရာနှင့် ချင်းမေ့ယွမ်တို့အားလုံး သူနှင့်အတူ ထိုလူငယ်ကို မျက်နှာချင်းဆိုင်လိုက်လေသည်။
“ဟေး ” ပိုင်ရှောင်ချန်းက ပြောသည်။
” ငါတို့ ဒီငါးကို အရင်ဆုံးတွေ့တာကွ။ ငါတို့ပဲ အားနည်းအောင် လုပ်ထားတာ။ သူခိုးကောင်..ငါတို့အခုပဲ ယူတော့မလို့ကွ ”
သူတို့အရှေ့ရှိ လူငယ်မှာ ရှင်းကုံကျစ်တာအိုဂိုဏ်းထိပ်တန်းကြယ်ပွင့်များအနက် ထိပ်ဆုံးသုံးယောက်ထဲ တစ်ကြိမ်ပါဖူးသော်လည်း ယခု အဆင့် ၅ နေရာတွင်ဖြစ်သည်။ သူ၏နာမည်ကား… ကျိဖန်။
“မင်းနောက်နေတာလား”
ကျိဖန်က ရက်စက်သော အမူအရာဖြင့် မဲ့ ရွဲ့၍ ပြောလိုက်သည်။
“ အခု ငါးက ငါ့လက်ထဲမှာဆိုတော် ငါ့အပိုင်ပဲ ”
သူက စုန့်ချွဲနှင့် အခြားသူများကို လုံးဝလျစ်လျူရှုထားပြီး ပိုင်ရှောင်ချန်းနှင့် ကုန်းစွန်းဝမ်အာတို့ကိုသာ အထင်အမြင်သေးစွာ စိုက်ကြည့်နေလေသည်။