အခန်း (၇၅) တစ်ခုကနေ အခြားတစ်ခုကို ဦးတည်သွားတယ်
နဂါးချုပ်လှောင်ခြင်းချောက်နက်အတွင်း အနက်ရောင်ဝတ်လူတစ်စုသည် တိတ်ဆိတ်စွာရပ်လျက် သူတို့ရှေ့မှ လျှိုမြောင်ကို ကြည့်နေ၏။
သူတို့သည် ထိုလျှိုမြောင်ဘေး ကုန်းရိုးပေါ်၌ အတန်းလိုက် ရပ်နေလေရာ တိတ်ဆိတ်အုပ်မှိုင်းနေသော တောင်စဉ်တောင်တန်းနှင့်ပင် ဆင်တူနေ၏။
သူတို့အားလုံးသည် အဆုံးမဲ့တောင်တန်း၏ကျင့်ကြံသူများ ဖြစ်ကြသည်။
တောင်တန်းနယ်မြေ၏အရှင်သခင်ဖြစ်သော အဆုံးမဲ့တောင်တန်းသည် ဝါဒတောင်ဂိုဏ်း၊ နေသူတော်စင်ဂိုဏ်းတို့နှင့်အတူ အစွန်းရောက်ရှစ်ပါးကမ္ဘာ၏ ထိပ်သီးနယ်မြေတစ်ခုအဖြစ် ယှဉ်တွဲ ရပ်တည်နေ၏။
ထိုအဆုံးမဲ့တောင်တန်းကျင့်ကြံသူအုပ်စု၏ဘေးတွင် ဆောင့်ကြွားကြွားနိုင်သော လူငယ်တစ်ဦး မတ်တပ်ရပ်နေလေ၏။
ထိုလူငယ်ကား အရှေ့တန်နိုင်ငံ၏ ဆယ့်ခြောက်ယောက်မြောက်မင်းသား ကျောက်ဟိုဖြစ်ပေသည်။
“နဂါးချုပ်လှောင်ခြင်းချောက်နက်ထဲက ဖောက်လွဲဖောက်ပြန်ဖြစ်ရပ်တွေ ပျောက်ကွယ်သွားတော့ အနက်ရောင်မြူတွေလည်း အများကြီး ငြိမ်သက်သွားတယ်၊ အခုဆို ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်ကျင့်ကြံသူတွေတောင် ဝင်လို့ရနေပြီ၊ မဟုတ်ရင် ကျွန်တော် ဒီကိုလာဖို့ အတော် အားထုတ်ရဦးမယ်”
ကျောက်ဟိုသည် သူ့ဘေးမှ အဆုံးမဲ့တောင်တန်းကျင့်ကြံသူအား ကြည့်လိုက်သည်။ “အကြီးအကဲဟီ၊ ကျွန်တော့အဖေရဲ့ နေရာကို ခန့်မှန်းလို့ ရပြီလား”
အဆုံးမဲ့တောင်တန်းကျင့်ကြံသူများကို ဦးဆောင်လာသူမှာ အိုမင်းမစွမ်းဖြစ်နေပုံရသော အဘိုးအိုတစ်ဦးဖြစ်သည်။
သို့သော်လည်း ထိုနေရာ၌ သူ ရပ်နေသည်မှာ နဂါးချုပ်လှောင်ခြင်းချောက်နက်ထဲတွင် မိုးထိအောင် ထောင်မတ်နေသည့် ဧရာမ တောင်ကြီးတစ်လုံးနှင့် ဆင်တူလေ၏။
အဘိုးအိုက ပျော့ပျော့ပျောင်းပျောင်း ပြောလိုက်သည်။ “မင်းပေးတဲ့ ဆေးမှုန့်ကသာ အမှားအယွင်းမရှိဘူးဆိုရင် ခန့်မှန်းလို့ရနိုင်တယ်”
ကျောက်ဟိုက ခေါင်းငြိမ့်၏။ “အချိန်က အဓိကပဲ၊ မြန်မြန် သွားကြတာပေါ့”
“ကျွန်တော်က အခုမှ ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်ပဲ ရှိသေးတယ်၊ အဲ့တာကြောင့် ကျင်းယန်မြို့ထဲက ကျောက်ရှီလီကို အနိုင်မရနိုင်ဘူး”
“ဒါပေမယ့် ခမည်းတော်သာ ကျွန်တော့လက်ထဲမှာ ရှိရင် အခွင့်အရေး ရလာလိမ့်မယ်”
အကြီးအကဲဟီက ပြောလိုက်၏။ “မင်း ဘယ်လောက်ကောင်းကောင်း လုပ်နိုင်မလဲအပေါ် မူတည်တယ်၊ ဝါဒတောင်ဂိုဏ်းနဲ့ နေသူတော်စင်ဂိုဏ်းကလူတွေ စိတ်လွတ်ကိုယ်လွတ် တိုက်ခိုက်နေစေဖို့ ငါတို့ဂိုဏ်းရဲ့ ပထမအဆင့်အကြီးအကဲတွေ အရှေ့တန်ပိုင်နက်ထဲမှာ ရောက်မနေဘူး၊ ဒါပေမယ့် ပြင်ဆင်မှုတွေက ပြည့်စုံပြီ”
“မင်း အောင်မြင်ရင် ငါတို့ဂိုဏ်းရဲ့အကူအညီတွေက ချက်ချင်း လိုက်လာမယ်၊ အရှေ့တန်ထဲဝင်လာပြီး မင်း နန်းတက်ဖို့ ကူညီပေးမယ်”
“ကျရှုံးတယ်ဆိုရင်တောင် အဆင်ပြေတယ်၊ မင်း ငါတို့နဲ့အတူ အဆုံးမဲ့တောင်တန်းကို လိုက်ခဲ့ရုံပဲ”
“မင်းရဲ့ သိုင်းပါရမီနဲ့ဆို ငါတို့ရဲ့အဆုံးမဲ့တောင်တန်းဂိုဏ်းကို ဝင်ဖို့ အရည်အချင်း ပြည့်မီပါတယ်”
ကျောက်ဟိုက ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်သည်။ “ကျွန်တော် ကျရှုံးမှာ မဟုတ်ဘူး”
“အသက်ခြွေတဲ့ဓားကို လက်တစ်ဖက်က ကိုင်ရင်း သောက်စားမူးယစ်ပြီး မိန်းမလှလေးရဲ့ပေါင်ပေါ်မှာ အိပ်မောကျနေရတာကမှ ဘဝရဲ့ အနှစ်သာရပဲ”
…….
“အကြီးအကဲရန်၊ တစ်ဖက်အုပ်စုရဲ့ရည်မှန်းချက်က ရန်ကျောက်ကဲမဟုတ်လောက်ဘူး၊ အရှေ့တန်တစ်ခုလုံးဖြစ်မယ် ထင်တယ်” ကျင့်ကြံသူတစ်ယောက်က စိုးရိမ်စွာ ပြောဆိုလိုက်သည်။
ရန်ရှု့၏မျက်နှာက မပြောင်းလဲပေ။ “ငါတို့ အရှေ့တန်နန်းတော်ကို သွားမယ်၊ ကျင်းယန်မြို့ရဲ့မဟာအစီအရင် ကစဉ့်ကလျားမဖြစ်ဖို့က ပထမဦးစားပေးပဲ”
မည်သည့်အစီအစဉ်ကို သူ တိတ်တဆိတ် စီစဉ်သည်ဖြစ်စေ နေသူတော်စင်ဂိုဏ်းက ဝါဒတောင်အား တွန်းထုတ်ပြီး အရှေ့တန်ကို ထိန်းချုပ်သွားမည်ကို ရန်ရှု့ မမြင်ချင်ပေ။
သူ့လက်အောက်မှ ကျင့်ကြံသူများကို ညွှန်ကြားရင်း ရန်ရှု့ မေးလိုက်သည်။ “ရန်ကျောက်ကဲက နဂါးချုပ်လှောင်ခြင်းချောက်နက်ထဲ ဝင်သွားပြီလား”
သူ့လက်အောက်ငယ်သားက ဖြေကြား၏။ “ဟုတ်ကဲ့၊ သူက အကြီးအကဲခုံနဲ့အတူ ဝင်သွားပါတယ်”
“အခု နဂါးချုပ်လှောင်ခြင်းချောက်နက်ထဲမှာ အခြေအနေတွေက ဗြောင်းဆန်လန်နေတယ်၊ သာမာန်လူတွေဆို အဲ့အနီးနားတောင် မသွားရဲတော့ဘူး”
“အကြီးအကဲချင်၊ အကြီးအကဲခုံနဲ့ ကျွန်တော်တို့ဂိုဏ်းက တခြားသူတွေက နေသူတော်စင်ဂိုဏ်းက လူတွေနဲ့ အပြင်းအထန် တိုက်ပွဲဖြစ်နေတယ်ထင်တယ်”
ရန်ရှု့က တွေးတွေးဆဆဖြင့် ခေါင်းငြိမ့်လိုက်သည်။ “နေသူတော်စင်ဂိုဏ်းက အရှေ့တန်ကိုကော ရန်ကျောက်ကဲကိုကော တစ်ခါတည်း ဖြေရှင်းချင်နေတယ်ထင်တယ်”
“အကြီးအကဲချင်နဲ့ အကြီးအကဲခုံတို့ကို နေဘုရင်အပါအဝင် နေသူတော်စင်ဂိုဏ်းက ထိပ်တန်းကျင့်ကြံသူတွေက အချိန်ဆွဲထားလိမ့်မယ်၊ ဒါ့အပြင် နေသူတော်စင်ဂိုဏ်းမှာ အခြားသူတွေလည်း ရှိသေးတယ်”
ရန်ရှု့၏အကြည့်က အေးစက်သုန်မှုန်သွားသည်။ “အရှေ့တန်က မင်းတို့လက်ထဲ ဘယ်တော့မှ ရောက်မှာမဟုတ်ဘူး၊ ရန်ကျောက်ကဲကတော့…”
သူ၏အယုံကြည်ရဆုံးလက်အောက်ငယ်သားများကို ဆင့်ခေါ်ကာ အမိန့်များ ပေးလိုက်သည်။ “နဂါးချုပ်လှောင်ခြင်းချောက်နက်ထဲက အခြေအနေတွေကို အနီးကပ် စောင့်ကြည့်ထား”
…….
အရှေ့တန်နိုင်ငံမြို့တော်၊ ကျင်းယန်တွင် ဖြစ်သည်။
ကျောက်ရှီလီသည် ကျင်အိမ်တော်ခြံဝင်း၏ အရှေ့ခြမ်း၌ မတ်တပ်ရပ်နေ၏။ သူ့နောက်တွင် ကျောက်ရုပ်များသဖွယ် ငြိမ်သက်စွာ မတ်တပ်ရပ်နေကြသော ကျင့်ကြံသူတစ်စု ရှိလေသည်။ သူတို့အားလုံးသည် ရဲ့ရင့်တက်ကြွနေကြ၏။
ကျောက်ရှီလီ၏ ဘေးမှ နေသူတော်စင်ဂိုဏ်းကျင့်ကြံသူတစ်ဦးက ကျောက်ရှီလီကို ကြည့်လျက် ခပ်ဖြည်းဖြည်း ပြောလိုက်သည်။ “အရှင်မင်းသားကျင်၊ ပြတ်သားစမ်းပါ”
ကျောက်ရှီလီက သက်ပြင်းတစ်ချက် ရှိုက်လိုက်သည်။
ဘုရင် ကျောက်ရှီချန်းသည် ဝါဒတောင်ဂိုဏ်းဘက်သို့ လုံးဝ ယိမ်းနေသည့်အကြောင်းကို မကြာသေးမီက ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြသခဲ့သည်။
ဤသို့ဖြင့် ကျောက်ရှီလီ၏ရပ်တည်မှုသည် ကို့ယို့ကားယား ဖြစ်လာလေ၏။
သူသည် အရှေ့တန်တော်ဝင်မိသားစု၏ သိုင်းဆရာသခင်သုံးယောက်ထဲမှ တစ်ယောက်ဖြစ်သည်။
အရှေ့တန်၏အင်အားအရ ကျောက်ရှီချန်းဖြစ်စေ ကျောက်ရှီချန်း၏ဆက်ခံသူဖြစ်စေ သူတို့ထဲက မည်သူကမှ သူ့ကို အလွယ်တကူ မဖယ်ထုတ်နိုင်ပေ။
သို့သော် ဝါဒတောင်ဂိုဏ်းနှင့် နေသူတော်စင်ဂိုဏ်းတို့ကြား ကွဲလွဲမှုများက တစ်စထက် တစ်စ ပိုမို ပြင်းထန်လာရာ အရှေ့တန်၏ငြိမ်းချမ်းရေးအရ သူ၊ ကျောက်ရှီလီမှာ မလုံခြုံတော့ပေ။
သူ့အကို ကျောက်ရှီချန်း၏အကြောင်းကို ကျောက်ရှီလီသည် ကောင်းကောင်း နားလည်၏။ သူ့အကို ကျောက်ရှီချန်းသည် အရေးကြီးဆုံးအခိုက်အတန့်၌ လိုအပ်ပါက ပြတ်သားစွာ ဆုံးဖြတ်နိုင်သူဖြစ်သည်။
ထို့ကြောင့် သူကိုယ်တိုင်ကလည်း ဆုံးဖြတ်ချက်ချရတော့သည်။
“အစီအရင်ရဲ့ အလယ်ဗဟိုက တော်ဝင်နန်းတော်အောက်က မြေကြီးထဲမှာ ရှိတာပဲ” ကျောက်ရှီလီသည် ခြေလှမ်းကျဲကြီးများဖြင့် ရှေ့သို့ ထွက်ခွာသွားသည်။
နေသူတော်စင်ဂိုဏ်းက အရှေ့တန်နိုင်ငံကို ထိန်းချုပ်နိုင်ခဲ့လျှင်တောင်မှ သူတို့သည် ဝါဒတောင်ဂိုဏ်းကို အချိန်တိုအတွင်း အနိုင်ယူနိုင်စွမ်း မရှိသောကြောင့် သူတို့အနေဖြင့် ဝါဒတောင်ဂိုဏ်း၏ တန်ပြန်တုံ့ပြန်မှုများကို ရင်ဆိုင်ရဦးမည်ဖြစ်သည်။
ထို့ကြောင့် အရှေ့တန်နိုင်ငံသည် ထိပ်သီးနယ်မြေနှစ်ခုကြား စစ်သလင်းဖြစ်ရန် ကြမ္မာပါလာပြီးသား ဖြစ်၏။
သူ့အနေအထားက ပိုမို အန္တရာယ်များလာသည်နှင့်အမျှ သေရမှာကို ထိုင်စောင့်နေမည့်အစား သူ တတ်စွမ်းရှိသမျှ တိုက်ခိုက်ရပေမည်။
မည်သို့ပင်ဖြစ်စေ ကျောက်ရှီလီသည် သူ့အကိုထက် နိမ့်ပါးသော နေရာ၌ အမြဲတမ်းနေ‘နေရသည်ကို ကျေနပ်မှု မရှိပါချေ။
အရှေ့တန်နိုင်ငံ၏ သိုင်းဆရာသခင်သုံးယောက်အနက် ဘုရင်ကျောက်ရှီချန်းနှင့် ကျင်မင်းသား ကျောက်ရှီလီအပြင် သူတို့ထက် ဝါစဉ်ကြီးသော မင်းသားကြီးတစ်ယောက်လည်း ရှိလေ၏။
ထိုလူအိုကြီးမှာ ကျောက်ရှီချန်းနှင့် တစိတ်တဝမ်းတည်းဖြစ်ကာ လက်ရှိတွင် အစီအရင်၏ အလယ်ဗဟိုကို ကြီးကြပ်လျက်ရှိသည်။
အစီအရင်ထဲမှ တစ်ခုခု ချွတ်ယွင်းမှုကြောင့် ကျောက်ရှီချန်း ဒဏ်ရာရပြီး နဂါးချုပ်လှောင်ခြင်းချောက်နက်၌ ပိတ်မိနေသည့် သတင်းကို ထိုမင်းသားကြီး သိလျှင်သိချင်း သတင်းကို အမှောင်ချပစ်ခဲ့သည်။
သို့သော် ထိုမင်းသားကြီးသည် ကျောက်ရှီလီ ရောက်လာသည်ကို မြင်သောအခါ သူ့အဆိုးဆုံးခန့်မှန်းချက်က အမှန်ဖြစ်လာသည်ကို သိရှိသွားပြီး ရင်ထိတ်သွားသည်။ “ရှီလီ”
“ဦးရီးတော်၊ ကျွန်တော် အပြစ်ပြုမိပါပြီ” မည်သည့်စကားမှ ထပ်မပြောတော့ဘဲ ကျောက်ရှီလီသည် ချက်ချင်း ဝင်ရောက်တိုက်ခိုက်လိုက်သည်။
မင်းသားအိုကြီးလည်း သက်ပြင်းချကာ ကျောက်ရှီလီ၏တိုက်ခိုက်မှုကို ပိတ်ဆို့လိုက်သည်။
သူတို့လက်အောက်မှ ကျင့်ကြံသူများသည်လည်း အပြန်အလှန် တိုက်ခိုက်ကုန်ကြသည်။
ပြင်ပကမ္ဘာမှ အမြင်အရ ကျင်းယန်မြို့၏မဟာအစီအရင်သည် မိုးနှင့် လေတို့ ရိုက်ခတ်ခြင်းကြောင့် တုန်ခါနေသည်ဟု ထင်ရသည်။
နဂါးချုပ်လှောင်ခြင်းချောက်နက်ရှိ အနက်ရောင်မြူများ ပြည့်နှက်နေသော ချိုင့်ဝှမ်းတစ်ခု၌ ပေတစ်ထောင်ပတ်လည်ကို လွှမ်းခြုံသွားသော ဧရာမ အလင်းကြီးတစ်ခု ပေါ်လာ၏။
ထိုအလင်း လွှမ်းခြုံထားရာ မြေပြင်ပေါ်၌ တောက်ပသော စွမ်းအင်မျဉ်းကြောင်းများ အတန်းလိုက် ပေါ်လာကြသည်။
စွမ်းအင်မျဉ်းကြောင်းများ အပြန်အလှန် ယှက်နွယ်သွားရာ ထိုဧရာမ အစီအရင်၏ပုံစံမှာ ကျင်းယန်မြို့၏မဟာအစီအရင်နှင့် တစ်ထေရာတည်း ဆင်တူနေပြီး အရွယ်အစားကသာ သေးငယ်လေသည်။
ထိုအစီအရင်၏အပြင်ဘက်၌ကား နဂါးချုပ်လှောင်ခြင်းချောက်နက်၏ မုန်တိုင်းအထန်ဆုံးမြင်ကွင်းပင်။
ထိပ်သီးနယ်မြေနှစ်ခုအကြား ကျင့်ကြံသူများ၏ တိုက်ပွဲမှ အကြွင်းအကျန် တုန်ခါလှိုင်းများကြောင့် အစီအရင်သည် အချိန်မရွေး ပြိုကျပျက်စီးတော့မည်ဟု ထင်ရသည်။
စွမ်းအင်မျဉ်းကြောင်းများ ပေါင်းဆုံရာ အလယ်ဗဟိုနေရာ၌ အရှေ့တန်ဘုရင်ကျောက်ရှီချန်းသည် မေ့မျောနေ၏။
အနီရောင်အလင်းစများ မှိတ်တုတ်မှိတ်တုတ်တောက်ပနေသော ဧရာမ အနက်ရောင်ချီ တိုင်လုံးကြီးသည် သူ့ခန္ဓာကိုယ်ထဲမှ ဆန့်ထွက်လျက်ရှိသည်။
အနက်ရောင်ချီတိုင်လုံးကြီး၏ အစွန်းတစ်ဖက်သည် အစီအရင်နှင့် တိုက်မိနေပြီး ကျန်အစွန်းတစ်ဖက်မှာမူ အဝေးမှ ချောက်ထဲသို့တိုင် သွယ်တန်းလျက်ရှိ၏။
၎င်းမှာ ကျောက်ရှီလီ၏ခန္ဓာကိုယ်ကို ကြောက်မက်ဖွယ်ရာ အနက်ရောင်စပါးကြီးမြွေကြီးတစ်ကောင် ကိုက်ခဲနေသည်နှင့် ဆင်တူပေသည်။
အရှေ့တန်၏ကျင့်ကြံသူအုပ်စုသည် ကျောက်ရှီလီ၏ပတ်လည်တွင် ဝန်းရံလျက်ရှိကာ တစ်ဖက်က အစီအရင်ကို ထိန်းသိမ်းနေသလို အခြားတစ်ဖက်ကလည်း ဤအန္တရာယ်များသည့် အခြေအနေမှ သူတို့၏ခေါင်းဆောင် လွတ်မြောက်နိုင်ရေးအတွက် အနက်ရောင်ချီကို ဖြတ်တောက်ရန် ကြိုးစားလျက်ရှိသည်။
ထိုစဉ် အစီအရင်သည် တစ်စုံတစ်ခုဖြင့် မွှေနှောက်ခံရသည့်အလား စွမ်းအင်မျဉ်းကြောင်းများမှာ အကြီးအကျယ် တွန့်လိမ်ပုံပျက်သွားသည်။
အစီအရင်၏သက်ရောက်မှုကြောင့် သတိလစ်နေသော ကျောက်ရှီချန်း၏ခန္ဓာကိုယ်သည်လည်း ရုတ်တရက် တုန်ခါသွားသည်။
မည်းနက်နေသော သွေးစီးကြောင်းတစ်ခု နှုတ်ခမ်းထောင့်မှ စီးကျလာသည်။
“အရှင်မင်းကြီး…” လူတိုင်း အထိတ်တလန့် ဖြစ်သွားကြသည်။
ကျောက်တုံး၊ ကျောက်ဆောင်အပိုင်းအစများ သူ့ခေါင်းထက်မှ မကြာခဏ ပြုတ်ကျလာသည်ကို ရှောင်တိမ်းရင်း ရန်ကျောက်ကဲသည် နောက်ဆုံးတွင် အစီအရင်အနီးသို့ ရောက်လာ၏။
ပထမဆုံး သူ မြင်လိုက်ရသော အရာကား အစီအရင် တုန်ခါသွားပြီး ကျောက်ရှီလီ သွေးအန်နေခြင်းပင်ဖြစ်သည်။
ရန်ကျောက်ကဲ၏မျက်ခုံးများ တွန့်ကွေးသွားသည်။ “ထင်တဲ့အတိုင်းပဲ၊ ကျင်းယန်မြို့မှာ တစ်ခုခုဖြစ်နေပြီ”
ဝါဒတောင်မှ လူများ ကူညီရန် ရောက်လာသည်ကို မြင်သောအခါ အရှေ့တန်၏လူများ တခဏမျှ ပျော်ရွင်သွားကြသည်။
သို့သော် ရန်ကျောက်ကဲနှင့် အားဟူအပြင် အခြားဘယ်သူမှ ပါမလာသည်ကို သတိထားမိသွားလေရာ သူတို့မျက်နှာများ ချက်ချင်း ညှိုးငယ်သွားသည်။
အနက်ရောင်ချီတိုင်လုံးကြီးကို ချိုးဖြတ်နိုင်ရန် သိုင်းဆရာသခင်တစ်ယောက်တော့ လိုအပ်ပေသည်။
ကျောက်ရှီချန်းတို့အုပ်စုအနီးသို့ တစ်စုံတစ်ယောက် ချည်းကပ်သွားသည်ကို အစီအရင်အပြင်ဘက်တွင် တိုက်ခိုက်နေသော နေသူတော်စင်ဂိုဏ်းသားများသည်လည်း တွေ့ရှိသွားသည်။
ထိုအခိုက်တွင် အနက်ရောင်မြူများ ရုတ်တရက် ကင်းစင်သွားကာ ရွှေရောင်အလင်းတစ်ခု ထွက်ပေါ်လာသည်။ နေတစ်စင်းသည် အဆုံးအစမဲ့သော အသူရာချောက်သို့ ဆင်းသက်လာသည့်အလား ပတ်ဝန်းကျင်တစ်ခုလုံးမှ အမှောင်ထုများမှာ ရုတ်ချည်း ကွယ်ပျောက်သွားတော့သည်။
ကြောက်မက်ဖွယ်ရာ ရွှေရောင်အလင်းသည် ရန်ကျောက်ကဲ တည့်တည့်သို့ ရုတ်တရက် ကျရောက်လာလေသည်။
MC ဟာခနဲဟင်ခနဲဖြစ်သွားအောင်အကွက်များရွေ့မလားမှတ်တယ်ဘာမှလည်းမဟုတ်ဘူး