Switch Mode

စာစဉ်(၆) အပိုင်း(၈၂)

ထန်ထန်အစွမ်းပြခြင်း

အနိုင်ရလဒ်က သူ့လက်ထဲမှာရှိနေသည့်အလား ချီဟောင်ရဲ့အေးစက်ကာလှောင်ပြောင်မှုတွေနဲ့ပြည့်နှက်နေသည့်အသံက ချိုင့်ဝှမ်းထဲမှာ ပဲ့တင်ရိုက်ခတ်ကာ ထွက်ပေါ်လာခဲ့ရသည်။

ဇူယွမ်ရဲ့မျက်လုံးတွေ အနည်းငယ်ကျဉ်းမြောင်းသွားခဲ့ရသည်။ ချီဟောင်ရဲ့ယုံကြည်မှုအပြည့်ရှိနေသည့်ဟန်ပန်က သူ့အတွက်တော့ အန္တရာယ်ရဲ့အငွေ့အသက်ကို ခံစားရစေခဲ့သည်။ ချီဟောင့်အနေဖြင့်လည်း သူတို့နှစ်ဖွဲ့စလုံးရဲ့အင်အားက လက်ရှိအချိန်မှာ ညီမျှမှုရှိနေသည်ကို နားလည်ထားရပေမည်။

ဇူယွမ်က ဖြည်းညှင်းစွာပြောလိုက်သည်… “ဒီကြီးမားတဲ့တိုက်ပွဲဂိုလမ်စပါးအုံးမြွေကြီးကို မင်းတို့တစ်ဖွဲ့တည်းနဲ့ ရင်မဆိုင်နိုင်မှာကို ငါစိုးရိမ်မိတယ်…”

ချီဟောင်ကရယ်မောလိုက်ပြီး သူ့ရဲ့နှုတ်ခမ်းထက်မှာ ထူးဆန်းတဲ့အပြုံးတစ်ခုထွက်ပေါ်လာခဲ့ရကာ ပြန်ပြောလိုက်သည်… “ဒီပြဿနာနဲ့ပတ်သက်လို့ စိုးရိမ်ရမယ့်လူတွေက မင်းတို့တွေပဲလို့ ငါခံစားရတယ်…”

စုယုဝေ၊ ဝေချင်းချင်းနဲ့ ကျန်တဲ့လူအားလုံးတစ်ယောက်ကို တစ်ယောက်ကြည့်လိုက်မိကြပြီး သူတို့ရဲ့မျက်လုံးတွေထဲမှာ ဇဝေဇဝါဖြစ်သွားခဲ့ကြရသည်။ ကြီးမားတဲ့တိုက်ပွဲဂိုလမ်စပါးအုံးမြွေက သူတို့အဖွဲ့ကိုတိုက်ခိုက်မှာမဟုတ်ဘူးလို့ ချီဟောင့်အနေနဲ့ ဘာလို့ဒီလောက်သေချာမှုရှိနေရတာလဲ။

သူတို့ရဲ့အမူအယာကိုမြင်လိုက်ရသည့်အခါ ချီဟောင်က ခပ်ဖွဖွပြုံးလိုက်မိသည်။ အဲ့ဒီနောက်မှာ သူ့ရဲ့လက်ကတစ်ချက်လှုပ်ရှားသွားခဲ့ရပြီး အနက်ရောင်ပလွေတစ်ချောင်းက သူ့ရဲ့လက်ထဲမှာ ထွက်ပေါ်လာခဲ့သည်။

ပလွေထံမှ မှိန်ဖျော့ဖျော့အလင်းရောင်တစ်ခုထွက်ပေါ်နေပြီး ၎င်းရဲ့မျက်နှာပြင်ပေါ်မှာ မြင်နိုင်ရုံမျှသာရှိသည့် မှော်စာလုံးတွေစီးဆင်းနေသည်ကို လူတိုင်းမြင်တွေ့လိုက်ရသည်။ ဒီအရာက လွန်စွာထူးခြားဆန်းကြယ်လှသည့် မြင်ကွင်းတစ်ခုပင်ဖြစ်သည်။

“ဒါက စိတ်ဝိညာဉ်ထိန်းချုပ်ခြင်းပလွေပဲ… ဒါကို မှော်သားရဲတွေရဲ့စိတ်ဝိညာဉ်ကို ထိန်းချုပ်တဲ့နေရာမှာအသုံးပြုတယ်…” ချီဟောင်က ခပ်ဖွဖွရယ်မောလိုက်ပြီးမှ ဆက်ပြောသည်… “ဒီကြီးမားတဲ့တိုက်ပွဲဂိုလမ်စပါးအုံးမြွေက ဂိုလမ်တစ်ကောင်ဖြစ်ပေမဲ့လည်း ဒါရဲ့အရေးကြီးဆုံးအစိတ်အပိုင်းက အဆင့် ၄စပါးအုံးအမျိုးအစားမှော်သားရဲစိတ်ဝိညာဉ်ပဲ… ငါကသာ ဒီမှော်သားရဲစိတ်ဝိညာဉ်ကိုထိန်းချုပ်လိုက်မယ်ဆိုရင် ဘာတွေဖြစ်သွားမယ်လို့ မင်းထင်လဲ…”

ဇူယွမ်တို့အားလုံးရဲ့မျက်နှာအမူအယာတွေက နောက်ဆုံးမှာပြောင်းလဲသွားခဲ့ရသည်။ သူတို့အနေဖြင့် ချီဟောင့်မှာ ဒီလိုမျိုးရတနာတစ်ခုပိုင်ဆိုင်ထားလိမ့်မယ်လို့ ထင်မှတ်မထားခဲ့မိပေ။

ဒီပစ္စည်းက အဆင့် ၄မှော်သားရဲစိတ်ဝိညာဉ်ကို ယာယီထိန်းချုပ်ထားနိုင်ခြင်းကပင် သေချာပေါက်တန်ဖိုးမဖြတ်နိုင်သောအရာတစ်ခုဖြစ်ပေသည်။

ချီဟောင်က အနက်ရောင်ပလွေကို လှည့်ပတ်ဆော့ကစားနေရင်းမှ ပြုံး၍ပြောလိုက်သည်… “အမှန်အတိုင်းပြောရရင် ဒါတွေအားလုံးက မင်းသားလေးရဲ့ကျေးဇူးကြောင့်ပဲ… မင်းသားလေးရဲ့နာမည်ဂုဏ်သတင်းက မြင့်တက်လာခဲ့တဲ့အတွက် ငါတို့ကဝူအင်ပါယာကနေ အထောက်အပံ့တွေပိုပြီးရရှိခဲ့တယ်… ဒါ့ကြောင်ပဲ ဒီလိုရတနာတစ်ခုကို ငါ့လက်ထဲမှာကိုင်ထားနိုင်ခဲ့တာပဲ…”

“ဒီအတွက်တော့ ငါမင်းကို အမှန်တကယ်ကျေးဇူးတင်မိတယ်…”

ဇူယွမ်ကသက်ပြင်းကိုလေးပင်စွာချလိုက်ပြီး ဟန်ဆောင်၍ပြုံးနေသည့်ချီဟောင်ကို ကြည့်လိုက်သည်။ ချီဟောင်ကသာ တိုက်ပွဲဂိုလမ်စပါးအုံးမြွေကို ယာယီထိန်းချုပ်နိုင်ခဲ့မယ်ဆိုရင် သူတို့နှစ်ဖွဲ့ကြားရှိအင်အားညီမျှမှုချိန်ခွင်လျှာက ချီဟောင့်ဘက်ကို အလေးသာသွားရပေလိမ့်မည်။

တိုက်ပွဲဂိုလမ်စပါးအုံးမြွေတစ်ကောင်တည်းနှင့်ပင် သူတို့အားလုံးကိုထိန်းချုပ်ထားနိုင်စဉ်မှာ ချီဟောင်အနေဖြင့် မည်သည့်အဟန့်အတားအနှောင့်အယှက်မှမရှိဘဲ မီးဝိညာဉ်အစေ့ကို ရယူနိုင်ဖို့အခွင့်အရေးရရှိသွားပေလိမ့်မည်။

ဝူ… ဝူ…

ဇူယွမ်က ဒီအခြေအနေကိုပြောင်းလဲနိုင်ဖို့နည်းလမ်းကို စဉ်းစားနေစဉ်မှာပင် ချီဟောင်ကအနက်ရောင်ပလွေကို စတင်ပြီးမှုတ်လိုက်သည်။ ပလွေမှုတ်သံကတိုးညှင်းသော်ငြား ထွက်ပေါ်လာသည့်အသံက ချိုင့်ဝှမ်းထဲမှာပဲ့တင်ရိုက်ခတ်ကာ ထွက်ပေါ်လာခဲ့ရသည်။

တိုက်ပွဲဂိုလမ်စပါးအုံးမြွေရဲ့မျက်လုံးက အသက်ဝင်လာသကဲ့သို့ တဖြည်းဖြည်းတောက်ပလာခဲ့ရသည်။ ထို့နောက်မှာ ၎င်းရဲ့နီရဲနေသည့်မျက်လုံးတွေက ဇူယွမ်တို့ဘက်ကို လှည့်လာခဲ့ရသည်။

ဝှစ်…

တိုက်ပွဲဂိုလမ်စပါးအုံးမြွေက ၎င်းရဲ့အမြီးကိုလွှဲယမ်းလိုက်မှုကြောင့် ၎င်း၏အောက်ရှိမြေပြင်ကကွဲအက်သွားခဲ့ရပြီး ၎င်းရဲ့ခန္ဓာကိုယ်က နောက်မှာအရိပ်တွေထင်ကျန်ခဲ့လောက်အောင်ပင် လျှပ်စီးအလားအလွန်လျင်မြန်စွာဖြင့် ဇူယွမ်တို့ရှိသည့်နေရာကို တိုးဝင်သွားခဲ့သည်။ ၎င်းက လွန်စွာကြောက်မက်ဖွယ်ရာကောင်းလှသည့်မြင်ကွင်းတစ်ခု ဖြစ်ပေသည်။

ကောင်းကင်ထက်မှာရှိနေသည့် ဝေကန်းလန်ရဲ့အမူအယာက ဒီအခြင်းအရာကိုမြင်လိုက်ရပြီးနောက်မှာ ပြောင်းလဲသွားခဲ့ရပြီး လျင်မြန်စွာလှုပ်ရှားလိုက်ကာ သူတို့ကိုကယ်ဖို့ရန်ကြိုးစားလိုက်သည်။

“ဟက်… မင်းရဲ့ပြိုင်ဘက်ကငါလေ… ဒီလိုအာရုံပြောင်းသွားလို့ဘယ်ဖြစ်မလဲ…” သို့ပေမဲ့လည်း ထိုအခိုက်အတန့်မှာပင် ဆိုးရွားတဲ့အနံ့အသက်တစ်ခုကို သယ်ဆောင်လာသည့် အနက်ရောင်မူလချီတစ်ခုက ဝေကန်းလန်ထံသို့ တိုးဝင်လာခဲ့သည်။

ဝေကန်းလန်အနေနဲ့ရွေးချယ်စရာမရှိခဲ့ဘဲ သူ့ရဲ့လက်ဝါးဖြင့်ပြန်လည်ရိုက်နှက်ခဲ့လိုက်ရသည့်အတွက် အနက်ရောင်ချီတွေက လွင့်ပြယ်သွားခဲ့ရသည်။ သို့ပေတည့်လည်း ဇူယွမ်တို့ကို သွားရောက်ကယ်တင်နိုင်ဖို့အခွင့်အရေးကို လက်လွှတ်ခဲ့လိုက်ရသည်။

“မင်းသားလေးကို ကာကွယ်ကြ…”

လုတိန်ရှန်းက လေးနက်သည့်အမူအယာဖြင့်အော်ဟစ်လိုက်သည်။ ကောင်းကင်ဘုံတံခါးအဆင့်ကျင့်ကြံသူရှစ်ယောက်က အတူတကွတိုက်ခိုက်လိုက်ကြသလို တစ်ဦးချင်းစီက လက်ဝါးရိုက်ချက်တစ်ချက်စီကို ထုတ်ဖော်လိုက်သကဲ့သို့ မူလချီရှစ်ခုကလည်းရှေ့ကိုပြေးထွက်သွားခဲ့ရကာ ဝင်ရောက်လာသည့် တိုက်ပွဲဂိုလမ်စပါးအုံးမြွေ၏ခန္ဓာကိုယ်ပေါ်သို့ ကျဆင်းသွားခဲ့ရသည်။

ဘန်း…

ကျယ်လောင်သည့်အသံတစ်ခုကို ကြားလိုက်ရပြီး ဝင်ရောက်လာသည့်တိုက်ပွဲဂိုလမ်စပါးအုံးမြွေက နောက်ဆုံးမှာရပ်တန့်သွားခဲ့ရသည်။ သို့ပေမဲ့လည်း ၎င်းရဲ့အမြီးက ရုတ်တရက်ရှေ့ကို လွင့်ပျံလာခဲ့ရပြီး လေထုကိုခွဲထွက်သွားကာ အရိပ်များစွာခွဲဖြာလျက် ကောင်းကင်ပေါ်မှကျဆင်းလာခဲ့သည်။

ဝုန်း…

အမြီးရိုက်ချက်ကြောင့် ချိုင့်ဝှမ်းအတွင်းရှိမြေပြင်က ကွဲအက်သွားခဲ့ရသလို နေရာအနှံ့ရှိကျောက်တုံးတွေကလည်း ကွဲကြေပျံ့နှံ့သွားခဲ့ရသည်။ လုတိန်ရှန်းနဲ့ ကောင်းကင်ဘုံတံခါးအဆင့်ကျင့်ကြံသူခုနှစ်ယောက်တို့က လူစုခွဲကာကြိုးစား၍ တိမ်းရှောင်လိုက်ရသည်။

သူတို့တွေက အရေအတွက်အားဖြင့်သာများပြားရပေမဲ့ မူလစဦးအဆင့်ရှိတိုက်ပွဲဂိုလမ်စပါးအုံးမြွေကို အလွယ်တကူရင်ဆိုင်နိုင်ခြင်းမရှိဘူးဆိုတာ ထင်ရှားလှပေသည်။

လုတိန်ရှန်းတို့တွေ တိုက်ပွဲဂိုလမ်စပါးအုံးမြွေရဲ့တိုက်ခိုက်မှုတွေကို အဆက်မပြတ်ကြိုးစားတိမ်းရှောင်နေရသည်ကို မြင်လိုက်ရသည့်အခါ ဇူယွမ်ရဲ့မျက်ခုံးတွေ တွန့်ကွေးသွားခဲ့ရသည်။ ဒီအလှည့်အပြောင်းက သူထင်ထားတာထက်ပင် များစွာကျော်လွန်လို့သွားရပေသည်။

“မင်းသားလေး ငါတို့တွေဘယ်လိုလုပ်ကြမလဲ…” ဝေချင်းချင်းက ဇူယွမ်ကိုကြည့်လိုက်ပြီး စိုးရိမ်ပူပန်စွာဖြင့်မေးသည်။

ဇူယွမ်သူ့ရဲ့ခေါင်းကိုသာ ခါယမ်းပြလိုက်နိုင်ခဲ့သည်။ သူ့ရဲ့မျက်နှာကတင်းမာခက်ထန်နေသော်ငြား အထိတ်တလန့်ဖြစ်သွားခဲ့ရခြင်းတော့မရှိခဲ့ပေ။ ချီဟောင်မှာ သူ့ရဲ့ဝှက်ဖဲတစ်ခုရှိနေသလိုပဲ ဇူယွမ့်မှာလည်း သူ့ရဲ့ဝှက်ဖဲတစ်ခုရှိနေပေသည်။

သူ့ရဲ့ဝှက်ဖဲက ယောင်ယောင်ပင်ဖြစ်သည်။

သူတို့တွေ ရှေးဟောင်းနယ်မြေကို စတင်ဝင်ရောက်လာခဲ့စဉ်ကတည်းကပင် ဇူယွမ်တစ်ယောက် သူတို့ဘက်မှာအခွင့်အရေးမသာခဲ့လို့ရှိရင် ယောင်ယောင့်ကိုဝင်ရောက်ကူညီပေးဖို့တောင်းဆိုထားခဲ့ပြီး ယောင်ယောင်ကလည်း ကူညီပေးဖို့သဘောတူထားခဲ့လေသည်။

ဇူယွမ်က အခြေအနေကိုအကောင်းဆုံး ထိန်းချုပ်ထားနိုင်ခဲ့မယ်ဆိုရင် စစချင်းမှာပင် ယောင်ယောင်ရဲ့အကူအညီကိုလိုအပ်လိမ့်မည်မဟုတ်ပေ။ သို့ပေမဲ့လည်း လက်ရှိအချိန်မှာ ချီဟောင်တို့ဘက်ကို ပိုပြီးအခွင့်သာနေခဲ့ရသည့်အတွက် သူ့မှာရွေးချယ်စရာမရှိခဲ့ဘဲ ဒီမိန်းမငယ်လေးကို အကူအညီပေးစေဖို့အတွက် မေးရပေတော့မည်။

ပြင်းထန်သည့်တိုက်ပွဲက ဆက်လက်ဖြစ်ပွားနေတုန်းပင် ရှိသေးသည်။

လုတိန်ရှန်းနဲ့ ကောင်းကင်ဘုံတံခါးအဆင့်ကျင့်ကြံသူခုနှစ်ယောက်တို့ ပူးပေါင်းတိုက်ခိုက်ကြသည့်တိုင်အောင် တိုက်ပွဲဂိုလမ်စပါးအုံးမြွေကို ရင်ဆိုင်နိုင်ခြင်းမရှိခဲ့ပေ။ သူတို့အားလုံးက ခက်ခက်ခဲခဲပင် ခုခံရှောင်တိမ်းနေခဲ့ရသည်။

အဝေးမှရပ်ကြည့်နေသည့် ချီဟောင်ရဲ့မျက်နှာထက်ရှိ အပြုံးကပို၍ပင်ပီပြင်လာခဲ့ရသည်။

ဝုန်း…

နောက်ထပ်ရက်စက်ကြမ်းကြုတ်သည့်တိုက်ခိုက်မှုတစ်ခုကို ရင်ဆိုင်ခဲ့လိုက်ရပြီးနောက်မှာ လုတိန်ရှန်းတို့ရှစ်ယောက်စလုံး နောက်ဘက်သို့ပြန်လည်လွင့်ထွက်သွားခဲ့ရပြီး သူတို့လွင့်ထွက်သွားခဲ့ရတဲ့လမ်းကြောင်းတစ်လျောက်ရှိ မြေပြင်ပေါ်မှာ စွပ်ကြောင်းရာတွေထင်ကျန်နေခဲ့ရသည်။ သူတို့ရဲ့အဝတ်အစားတွေက စုတ်ပြဲနေခဲ့ရပြီး ဒါကသူတို့ကို အလွန်အမင်းဒေါသဖြစ်စေခဲ့သည်။

လုတိန်ရှန်းက ရှက်ရွံ့စွာဖြင့်ပင်ပြောလိုက်သည်… “မင်းသားလေး… ကျွန်တော်တို့တွေ တိုက်ပွဲဂိုလမ်ကို ရပ်တန့်နိုင်စွမ်းမရှိဘူး…”

ဇူယွမ်ခေါင်းညိတ်ပြလိုက်သည်။ လျှောတိုက်သွားနေသည့် ကြီးမားတဲ့ခန္ဓာကိုယ်ကြီးက သူတို့နဲ့နီးကပ်လာသည်ကို ကြည့်လိုက်ပြီးနောက်မှာ သူကယောင်ယောင့်ဘက်ကိုလှည့်ကြည့်လိုက်ပြီး… “အစ်မကြီးယောင်ယောင်… ဒီတိုက်ပွဲဂိုလမ်စပါးအုံးမြွေကြီးကို ရင်ဆိုင်နိုင်ဖို့နည်းလမ်းရှိလား…”

ယောင်ယောင်က သူမရဲ့ခေါင်းကိုအနည်းငယ်စောင်းငဲ့ကြည့်လိုက်ပြီး တဒင်္ဂကြာတွေးတောနေခဲ့လိုက်သည်။ ထို့နောက်မှာ သူမကခပ်ဖွဖွရယ်မောလိုက်ပြီး ပြောလိုက်သည်… “ပုံမှန်အားဖြင့်တော့ နည်းလမ်းတစ်ခုပဲရှိတယ်…”

“အာ… အစ်မကြီးယောင်ယောင်က ဘာကိုပြောတာလဲ…”

ယောင်ယောင်က အရုပ်ဆိုးလှသည့်တိုက်ပွဲဂိုလမ်စပါးအုံးမြွေကြီးရဲ့ခေါင်းကိုတစ်ချက်ကြည့်လိုက်ပြီး မနှစ်မြို့သည့်အလား သူမရဲ့နှာခေါင်းကရှုံ့မဲ့သွားခဲ့ရသလို သူမရဲ့ခေါင်းကိုလည်းခါယမ်းခဲ့လိုက်သည်။ အဲ့ဒီနောက်မှာသူမက ထန်ထန်အားဇူယွမ့်ထံ ပစ်ပေးလိုက်သည်။

“ဒီကောင်က နင့်ရဲ့မူလမှော်သားရဲအသားခြောက်တွေအများကြီး စားထားခဲ့တယ်ဆိုတော့ အခုအချိန်က ဒီကောင့်အတွက် အလုပ်လုပ်ပေးရဖို့ အချိန်ရောက်လာခဲ့ပြီပေါ့…”

ဇူယွမ်တစ်ယောက် ထန်ထန်ကိုဖမ်းယူလိုက်ရင်းမှ အနည်းငယ်အံ့အားသင့်သွားခဲ့ရသည်။ ထန်ထန်က သူ့ရဲ့လက်ထဲမှနေ အသိဉာဏ်ရှိလှသည့် မှော်သားရဲမျက်လုံးတွေနဲ့ ဇူယွမ့်ကိုအပြစ်ကင်းစွာစိုက်ကြည့်နေခဲ့သည်။ ထန်ထန့်ကို ဒီကြီးမားတဲ့တိုက်ပွဲဂိုလမ်စပါးအုံးမြွေကြီးနဲ့သွားပြီး ရင်ဆိုင်စေရမှာလား။

သူကအနည်းငယ်စိတ်ရှုပ်ထွေးသွားခဲ့ရပေမဲ့လည်း ယောင်ယောင်ရဲ့စကားကိုယုံကြည်မှုရှိသည့်အတွက် ထန်ထန်ရဲ့ခေါင်းကို ပွတ်သပ်ပေးလိုက်ပြီး ညင်သာစွာပြောလိုက်သည်… “ကောင်းပြီထန်ထန်… မင်းကသာ ဒီကောင်ကြီးကိုရှင်းပြီးသွားပြီဆိုတာနဲ့ ငါကမင်းအတွက် မှော်သားရဲအသားအခြောက် ဆယ်ပန်းကန်အသင့်ပြင်ပေးထားမယ်…”

ထန်ထန်နဲ့အတူတူနေလာခဲ့တာ အချိန်ကြာမြင့်လာခဲ့သည်နှင့်အမျှ သူ့အနေနဲ့ ဒီပျင်းရိနေတဲ့ကောင်လေးကို ဘယ်လိုစိတ်လှုပ်ရှားလာအောင် လုပ်ရမလဲဆိုတာကို ကောင်းစွာသိထားရပေသည်။

သေချာပေါက်ပင် ဇူယွမ်ဒီစကားကိုပြောလိုက်တဲ့အခိုက်အတန့်မှာ ထန်ထန်ရဲ့ပျင်းရိငြီးငွေ့မှုတွေနဲ့ပြည့်နှက်နေရသည့်မျက်လုံးတွေက ချက်ချင်းဆိုသလိုတောက်ပသွားခဲ့ရသည်။

ရှူး… ရှူး…

ကြီးမားတဲ့တိုက်ပွဲဂိုလမ်စပါးအုံးမြွေကြီးက နှာမှုတ်သံတရှူးရှူးပေးကာ သူတို့ထံတိုးဝင်လာခဲ့သည်။ ၎င်းဝင်ရောက်လာတဲ့လမ်းကြောင်းတစ်လျောက်မှာရှိတဲ့ အရာအာလုံးက အပိုင်းပိုင်းအစစတွေဖြစ်သွားခဲ့ရသည်။

စုယုဝေ၊ ဝေချင်းချင်းနဲ့ ကျန်တဲ့လူတွေအားလုံးရဲ့တွေဝေနေတဲ့ အကြည့်တွေအောက်မှာပင် ဇူယွမ်က ထန်ထန်အားရှေ့ကိုလှမ်းပစ်လိုက်သည်။ ထန်ထန်က လေထဲမှာကျွမ်းတစ်ပတ်ထိုးသွားခဲ့ပြီးနောက်မှာ မြေပြင်ပေါ်သို့ကျရောက်သွားခဲ့သည်။

“မင်းသားလေး… နင်က ထန်ထန့်ကို ဒီကောင်ကြီးနဲ့သွားပြီး တိုက်ခိုက်စေမှာလား…” စုယုဝေက ဇူယွမ့်ကိုကြည့်၍ပြောလိုက်သလို သူမရဲ့မျက်လုံးတွေထဲမှာလည်း သံသယတွေဖြင့်ပြည့်နှက်နေရပေသည်။ ထန်ထန်က အလွန်ပင်ချစ်စရာကောင်းလှတာမှန်ပေမဲ့ ဒီလိုချစ်စရာကောင်းလှတဲ့အကောင်လေးက ကြီးမားတဲ့တိုက်ပွဲဂိုလမ်စပါးအုံးမြွေကြီးကို အမှန်တကယ်ရော အနိုင်ယူနိုင်ပါ့မလား။

ဝေချင်းချင်းရဲ့အကြည့်တွေကလည်း ဘယ်လောက်တောင်ရက်စက်လိုက်သလဲဆိုပြီး ပြောနေသည့်အလားပင်။

ဇူယွမ်တစ်ယောက် ကို့ရို့ကားရားနိုင်စွာဖြင့်ပင် ရယ်လိုက်မိသည်။ သူ့အနေဖြင့် ထန်ထန်က အစားအသောက်နဲ့ပတ်သက်ရင် အလွန်ကိုလောဘကြီးတာကိုသာ သိထားခဲ့ရသည်။ သူသည်လည်းပဲ ၎င်းကဘယ်လောက်စွမ်းအားမြင့်လဲဆိုသည်ကို တိတိကျကျသိရှိထားခြင်းမရှိခဲ့ပေ။

“မှော်သားရဲလေးတစ်ကောင်ကို ပစ်လိုက်တာလား… သူတို့တွေအတွက် ရွေးချယ်စရာမရှိတော့ဘဲ လုပ်မိလုပ်ရာလျှောက်လုပ်လိုက်တာလား…” ချီဟောင်တို့လူစုက ပထမတော့ ဇူယွမ်ရဲ့အပြုအမူကြောင့် အံ့အားသင့်သွားခဲ့ရပေမဲ့လည်း နောက်ပိုင်းမှာဟက်ဟက်ပက်ပက်ပင် ရယ်မောလိုက်မိကြရသည်။

ထန်ထန်က လွန်စွာမှပင်ချစ်စရာကောင်းလှပြီး အနည်းငယ်လေးမျှပင်ကြောက်ရွံ့ထိတ်လန့်စိတ်ကို မဖြစ်ပေါ်စေမိခဲ့ပေ။

ဝုန်း…

သို့ပေမဲ့လည်း တိုက်ပွဲဂိုလမ်စပါးအုံးမြွေကြီးက သနားကြင်နာမှုအနည်းငယ်လေးမျှပင်မရှိခဲ့ပေ။ ၎င်းက ရက်စက်ကြမ်းကြုတ်စွာဖြင့်ပင် ရှေ့ကိုတိုးဝင်လာခဲ့ပြီး ၎င်းရဲ့ကြီးမားသည့်စပါးအုံးအမြီးဖြင့် အပေါ်မှမိုးကာရိုက်ချလိုက်သည်။ ထိုရိုက်ချက်မှာ အံ့အားသင့်စရာကောင်းလောက်သည့် စွမ်းအားတွေပါဝင်နေခဲ့ရပြီး လေထုတောင်မှပင် ဖြတ်ပိုင်းခြင်းခံလိုက်ရကာ ၎င်းကပြင်းထန်စွာပင် ထန်ထန့်အပေါ်သို့ ကျဆင်းလာခဲ့သည်။

ဒီရိုက်ချက်က တောင်တစ်လုံးကို ကြေမွသွားစေနိုင်ဖို့ လုံလောက်မှုရှိပေသည်။

စုယုဝေနဲ့ ဝေချင်းချင်းတို့က ဆက်လက်ကြည့်ရှုနိုင်ခြင်းငှါ မစွမ်းသာတော့ပေ။

ဘုန်း…

စပါးအုံးအမြီးက မြေပြင်ကိုပြင်းပြင်းထန်ထန်ရိုက်နှက်သွားခဲ့မိကာ ပတ်ပတ်လည်ရှိအရာအားလုံးကို ကြေမွပျက်စီးသွားခဲ့ရစေသည်။ ကြီးမားသည့်ကျောက်တုံးကြီးတွေက အဆက်မပြတ်ကွဲကြေသွားခဲ့ရပြီး လွင့်ပျံနေခဲ့ကြပေသည်။

သို့ပေမဲ့လည်း ထိုအခိုက်အတန့်မှာပင် ကောင်းကင်ကိုပင်လှုပ်ခါနိုင်စွမ်းရှိသည့် အော်ဟစ်လိုက်သံတစ်ခုထွက်ပေါ်လာခဲ့ရပြီး ပတ်ဝန်းကျင်ရှိသစ်ပင်တွေကိုပင် လှုပ်ခါသွားစေခဲ့သည်။

ဘန်း…

လူတိုင်းရဲ့မျက်လုံးအောက်မှာပင် ကြီးမားလှသည့်တိုက်ပွဲဂိုလမ်စပါးအုံးမြွေကြီးရဲ့ ကြီးမားလှသည့်ခန္ဓာကိုယ်ကြီးက ပြင်းပြင်းထန်ထန်ရိုက်နှက်ခံလိုက်ရသည့်အလား ရုတ်တရက်နောက်ဘက်ကို ပြန်လည်လွင့်ထွက်သွားခဲ့ရသည်။

ဝုန်း…

ကြီးမားတဲ့စပါးအုံးမြွေကြီးက ချိုင့်ဝှမ်းအတွင်းရှိ နံရံတစ်ခုနဲ့ဝင်တိုက်မိသွားခဲ့ပြီး နံရံကတစ်စီကျိုးပဲ့သွားခဲ့ရသည်။

ဒီလိုရုတ်ချည်းဖြစ်ပေါ်လာတဲ့မြင်ကွင်းက လူတိုင်းရဲ့မျက်လုံးတွေကို ထိတ်လန့်တကြားဖြစ်မှုတို့နဲ့ ပြည့်နှက်သွားစေခဲ့သည်။ စုယုဝေနဲ့ ဝေချင်းချင်းတို့ရဲ့နှုတ်ခမ်းတွေကလည်း အနည်းငယ်ပွင့်ဟလို့သွားခဲ့ရသည်။

ရွှစ်…

ထိုအခိုက်အတန့်မှာ လူတိုင်းရဲ့အကြည့်က ထန်ထန်ရှိနေသည့်နေရာကို ရောက်ရှိသွားခဲ့ရပြီး ထိုနေရာတစ်ဝိုက်ရှိလေထုထဲမှာ ဖုန်မှုန့်တွေဖြင့်ပြည့်နှက်နေသည်ကို မြင်လိုက်ကြရသည်။

ဖုန်တွေကြားထဲမှ တောက်ပတဲ့အလင်းရောင်တစ်ခုထွက်ပေါ်လာခဲ့ရပြီး လူတိုင်းရဲ့အံ့အားသင့်နေကြသည့် အကြည့်တွေအောက်မှာပင် ဆယ်ပေနီးပါးမြင့်မားသည့်မူလမှော်သားရဲတစ်ကောင်က မြေပြင်ကိုတဒုန်းဒုန်းဆောင့်နင်းလျက် ဖြည်းညှင်းစွာလျှောက်လှမ်းထွက်ပေါ်လာခဲ့သည်။

ကြီးမားတဲ့မူလမှော်သားရဲရဲ့ခန္ဓာကိုယ်တစ်ခုလုံးက အနီရောင်တောက်ပနေပြီး နီရဲသည့်အကြေးခွံတွေဖြင့်ဖုံးလွှမ်းနေသည်။ ၎င်းရဲ့မျက်လုံးတွေက မီးလျှံတွေလောင်ကျွမ်းနေသည့်အလား တောက်ပနေကာ ၎င်းရဲ့ပါးစပ်ထဲမှ အရာအားလုံးကိုဝါးမျိုနိုင်စွမ်းရှိသည့် အနက်ရောင်အလင်းတွေထွက်ပေါ်နေလျက်ရှိလေသည်။

၎င်းရဲ့ခန္ဓာကိုယ်မှာ အန္တရာယ်ပေးနိုင်သည့်အရှိန်အဝါတစ်ခု တဖြည်းဖြည်းပျံ့နှံ့ထွက်ပေါ်လာခဲ့ရပြီး တောင်တန်းသစ်တောတစ်ခုလုံးကို လုံးဝတိတ်ဆိတ်ငြိမ်သက်သွားစေခဲ့သည်။

၎င်းက ရှေးဟောင်းကမ္ဘာဦးခေတ်ကနေ ထူးခြားဆန်းကြယ်ပြီး ရက်စက်ကြမ်းကြုတ်လှသည့်မှော်သားရဲတစ်ကောင် လျှောက်လှမ်းထွက်ခွာလာခဲ့သလိုပင်ဖြစ်သည်။

ဒါက ထူးခြားဆန်းကြယ်ပြီး ရက်စက်ကြမ်းတမ်းလှသည့် မြင်ကွင်းတစ်ခုပင်ဖြစ်သည်။


Comment

Leave a Reply

Options

not work with dark mode
Reset