“ ဆရာတူအစ်ကို…ဒါကဘာကြီးလဲ။ မန္တန်အစီအရင်တွေကို မြန်မြန်ဆင်နိုင်အောင် လုပ်ပေးတဲ့ ကိရိယာလား … ”
လန်လင်းအယ်မှာ ထိုတစ်ခွန်းမျှသာ မေးလိုက်ရပြီး ကောင်းကင်ဘိုးဘိုးအား တိုင်တည်၍ ကျိန်ဆိုလိုက်ရသည်။ ထို့နောက် ချက်ချင်းပင် ဆရာတူအစ်ကိုက သူမအား ခေါ်ကာ သစ်သားလှောင်ချိုင့်အတွင်း ပိတ်ထားလိုက်ရာ အစမ်းသပ်ခံကြွက်ဖြူလေးတစ်ကောင် ဖြစ်သွားခဲ့ရတော့သည်။
သစ်သားလှောင်ချိုင့်သည် လူတစ်ရပ်စာ မြင့်၏။ ၎င်းကို မိုးကြိုးလွှဲသစ်သားချောင်းများဖြင့် ဆက်စပ်တပ်ဆင်ထားပြီး ၎င်း၏အတွင်းထဲမှာလည်း ရောင်စုံသံဇကာ အလွှာတစ်ခုရှိလေသည်။
မိုးကြိုးလွှဲသစ်သားချောင်းများကို ချည်နှောင်ရုံသာ လုပ်ထား၍ သစ်သားလှောင်ချိုင့်မှာ အတန်ငယ် အမြင်မတင့်လှချေ။
ထိုသစ်သားလှောင်ချိုင့်၏ထိပ်တွင် ရှည်လျားသည့် သက်တံ့ရောင်အပ်တစ်ချောင်းရှိပြီး အောက်ခြေတွင် နတ်လျှပ်စီးခုနစ်သွယ်သတ္တုဖြင့် ပြုလုပ်ထားသည့် ဆဋ္ဌဂံတစ်ခု ရှိလေသည်။ သို့သော် ထိုဆဋ္ဌဂံသည် မန္တန်အစီအရင်တစ်ခု မဟုတ်ပေ။ ထို့ပြင် မည်သည့် တံဆိပ်တော်မျှ မပါချေ။ ၎င်းသည် သာမန် ဆဋ္ဌဂံပုံရှိသည့် အရာတစ်ခုပင်ဖြစ်သည်။
ကျင့်ကြံသူတစ်ဦးသည် ကောင်းကင်ပြစ်ဒဏ်ခံရသည့်အခါ တိုက်ခိုက်မှုများကို ကာကွယ်ရန် မန္တန်အစီအရင်များကို သုံး၍မရပေ။ ကောင်းကင်ပြစ်ဒဏ်၏ မိုးကြိုးများသည် မည်သည့်မန္တန်အစီအရင်ကိုမဆို ဖျက်ဆီးပစ်နိုင်သည်။
ကျင့်ကြံသူများ ပြုလုပ်ထားသည့် ဓမ္မရတနာများမှာမူ အံ့အားသင့်ဖွယ် အသုံးချ၍ ရကြသည်။ သို့သော်လည်း ထိုဓမ္မရတနာများ၏ အတွင်းအပြင်တွင် ထွင်းထားသော တံဆိပ်တော်များအပေါ်သာ အဓိကမှီခိုရခြင်း ဖြစ်သည်။
နှစ်ပေါင်းများစွာလေ့လာပြီးနောက် လီချန်ရှို့သည် အခြင်းအရာတစ်ခုအား သေချာသိရှိခဲ့ရသည်။ တံဆိပ်တော်များ၏ အခြေခံသဘောတရားများသည် မန္တန်အစီအရင်များ၏ အခြေခံသဘောတရားများနှင့် အတူတူပင်။ နှစ်ခုလုံးသည် စိတ်တန်ခိုးများကို စုပ်ယူရန် တိကျသော သင်္ကေတများ၊ ပုံစံများအပေါ် အခြေခံထားသည်။ တစ်ခုတည်းသောကွာခြားချက်သည် ထိုသင်္ကေတများ၊ ပုံစံများ၏ ရှုပ်ထွေးမှုနှင့် အရွယ်အစားသာ ဖြစ်ပေ၏။
ဓမ္မရတနာများပေါ်၌ တံဆိပ်တော်များအား ထွင်းထားကြသည်။ ဓမ္မရတနာသည် မန္တန်အစီအရင်များ၏ အောက်ခြေကဲ့သို့ အလားသဏ္ဍာန် တူသည်။ ကျင့်ကြံသူများသည် ဓမ္မရတနာများအတွင်း နတ်တန်ခိုးများ သွင်းပေးခြင်းဖြင့် တံဆိပ်တော်များကို နှိုးဆွကာ စွမ်းအားအမြောက်အမြားကို ထုတ်ေဖာ်နိုင်လေသည်။
မန္တန်အစီအရင်များတွင်မူ အောက်ခြေသည် အမှတ်အသားများနှင့် ဆင်တူသည်။ ကောင်းကင်နှင့်မြေကြီးတို့၏ စွမ်းအင်များကို စုပ်ယူခြင်းအားဖြင့် မန္တန်အစီအရင်များ၏ အောက်ခြေများအတွင်း စိတ်တန်ခိုးများကို စီးဆင်းစေသည်။
တံဆိပ်တော်များနှင့် မန္တန်အစီအရင်များ၏ အခြေခံသဘောတရားသည် ဆင်တူလှသော်လည်း လုပ်ဆောင်ချက်များသည် ကွဲပြားလှပေ၏။
အဆင့်မြင့်ဓမ္မရတနာများသည် သာမန်အားဖြင့် တံဆိပ်တော်များကို လက်သည်းခွံအရွယ်အစားအထိ ဖိနှိပ်ပေးနိုင်သည်။
မန္တန်အစီအရင်များစွမ်းအားမှာမူ အရွယ်အစားအပေါ် မူတည်လေသည်။ မန္တန်အစီအရင်များသည် ၎င်းတို့၏စွမ်းအားများကို အသုံးချနိုင်ရန် ကောင်းကင်နှင့် မြေကြီးတို့နှင့် ပေါင်းစပ်ရန် လိုအပ်ပေသည်။
ထို့ကြောင့် လီချန်ရှို့သည် မန္တန်အစီအရင်ပြုလုပ်ရာတွင် အရည်အချင်းရှိသော်လည်း ဓမ္မရတနာများပြုလုပ်ခြင်းဘက်တွင်မူ မကျွမ်းကျင်ပေ။
သို့သော် သူလည်း မည်သို့မျှမတတ်နိုင်။ သူသည် (၁၁၂) နှစ်သာ ကျင့်ကြံရသေးသော လူတစ်ယောက် ဖြစ်လေသည်။ ထိုနှစ်များတွင်လည်း အိပ်ချိန်အား အတတ်နိုင်ဆုံးလျှော့၍ အကောင်းဆုံးကြိုးစားခဲ့သည်သာ ဖြစ်သည်။ ကျင့်ကြံခြင်းအပြင် မှော်ဆေးရည်ပညာ၊ အဆိပ်ဖော်ပညာ နှင့် မန္တန်အစီအရင်ပညာကဲ့သို့ ပညာရပ်များသည် ဆရာတစ်ဆူအထိဖြစ်လာစေရန် အချိန်များစွာလိုအပ်သော ပညာရပ်များ ဖြစ်ကြသည်။
တစ်ရက်(၂၄)နာရီမှ တစ်ရက်(၄၈)နာရီသို့ ပြောင်းလဲနိုင်ရန် သူ ဘာမဆို လုပ်နိုင်သည်။ သို့သော် သူ၏ကျင့်ကြံရသောအချိန်သည် အလွန်နည်းပါသည်။ ထို့ကြောင့် အခြားပညာရပ်များကို လေ့လာသည့် အချိန်အား လျှော့ချရပေရာ ပညာရပ်တိုင်းတွင် အဘယ်သို့တော်နိုင်ပေမည်နည်း။
ကောင်းကင်ပြစ်ဒဏ်အား ကာကွယ်မည့် ကိစ္စအားဆက်ရလျှင် …
ကောင်းကင်ပြစ်ဒဏ်သည် မန္တန်အစီအရင်များနှင့် သာမန် ဒိုင်းကာအမျိုးအစား ဓမ္မရတနာများကို ဖောက်ထွက်နိုင်သည်။ ရှားပါးသည့် ဓမ္မရတနာတချို့သာ ကောင်းကင်ပြစ်ဒဏ်၏ အကျိုးသက်ရောက်မှုကို အနည်းငယ်လျှော့ချနိုင်၏။ အလိုအလျောက်ဖြစ်ပေါ်သည့် ဓမ္မရတနာများနှင့် အထူးအဆင့် ဓမ္မရတနာများသည် အလွန်ရှားပါးသည်ဖြစ်ရာ ၎င်းတို့အား အသုံးပြုရန် မဖြစ်နိုင်ချေ။
သို့သော် လီချန်ရှို့တွင် အခြားမည်သူ့ထံမှ မရှိသည့် အားသာချက်တစ်ခုရှိနေသည်။ သူသည် အတိတ်ဘဝတွင် မတက်မနေရ တက်ခဲ့ရသော ပညာသင်နှစ်ကိုးနှစ် ရှိခဲ့သည်။
အထက်တွင်ဖော်ပြခဲ့သော သစ်သားလှောင်ချိုင့်သည် သူ၏ အထက်တန်း ရူပဗေဒဖတ်စာအုပ်တွင်ပါသည့် ဖရာဒေးလှောင်ချိုင့် အမှတ်တစ်အပေါ် အခြေခံထားခြင်းဖြစ်သည်။
( ဘာသာပြန်သူမှတ်စု၊ မိုက်ကယ်ဖရာေဒးသည် အင်္ဂလိပ်သိပ္ပံပညာရှင်တစ်ဦးဖြစ်ပြီး ( ၁၈၃၆ ) ခုနှစ်တွင် လျှပ်ကူးနိုင်သောပစ္စည်းများကို အသုံးချကာ လျှပ်စစ်တိုးမပေါက်နိုင်သည့် ဖရာဒေးလှောင်အိမ် ( သို့ ) ဖရာဒေးဒိုင်းကာကို တီထွင်ခဲ့သည် )
ထိုလှောင်ချိုင့်ကို လျှပ်စီးကိုကာကွယ်ရန် အသုံးပြုပြီး ဗို့အားပြင်းသောလျှပ်စီးများကို အသုံးချသော မျက်လှည့်ပြကွက်များတွင် ရံဖန်ရံခါ အသုံးပြုခဲ့သည်။
လီချန်ရှို့သည် ထိုလှောင်ချိုင့်၏ နိယာမများကို မေ့လျော့မလိုပင် ဖြစ်နေချေပြီ။ သို့သော် ၎င်း၏ပုံစံကိုမူ မှတ်မိနေသေးသည်။
လီချန်ရှို့သည် လန်လင်းအယ်အား ညွှန်ကြားလိုက်သည်။
“ ညီမလေးဘေးမှာရှိတဲ့ သံစကာကွက်တွေကို မထိမိစေနဲ့ ”
လန်လင်းအယ်သည် လှောင်ချိုင့်အတွင်း ကြောက်ဒူးတုန်နေသည်။ သူမသည် သစ်သားပြားတစ်ခုပေါ်တွင် ရပ်လိုက်ပြီး သူမ၏ဆရာတူအစ်ကိုအား သနားစဖွယ်ကြည့်နေလေသည်။
“ ဆရာတူအစ်ကို… အစ်ကိုဘာလုပ်မလို့လဲဟင် ”
“ ငြိမ်ငြိမ်လေးသာနေပါ ”
လီချန်ရှို့သည် တည်ငြိမ်စွာပြန်ပြောလိုက်သည်။
သူသည် အင်္ကျီလက်အတွင်းမှနေ၍ အဆောင်စက္ကူအနည်းငယ်အားထုတ်လိုက်ပြီး ၎င်းတို့ကို သစ်သားလှောင်ချိုင့်အထက် (၁၀)ကျန့်ခန့်သို့ ပစ်လွှတ်လိုက်သည်။ ထို့နောက် ၎င်းတို့အား လက်ဝဲလက်ဖြင့် ညွှန်လိုက်သည်။
တဂျိမ်းဂျိမ်းမြည်ဟည်းသံ အနည်းငယ် ကြားလိုက်ရပြီး မကြာခင် ကြည်လင်သောကောင်းကင်မှနေ၍ မိုးကြိုးပစ်ချလိုက်လေသည်။
လျှပ်စီးအနည်းငယ်သည် သစ်သားလှောင်ချိုင့်အပေါ်ရှိ မိုးကြိုးလွှဲသစ်သားချောင်းများကို တိုက်ရိုက်ထိမှန်သွား၏။ သစ်သားလှောင်ချိုင့်ပတ်လည်ရှိ သံစကာကွက်တွင်လည်း လျှပ်စစ်စီးကြောင်းကလေးများ ပေါ်ထွက်လာလေသည်။ လှောင်ချိုင့်အောက်ခြေရှိ နတ်လျှပ်စီးခုနစ်သွယ်သတ္တုသည် ထိုလျှပ်စစ်စီးကြောင်းများကို ဖြန့်ကျက်ပစ်ကာ မြေကြီးအတွင်းသို့ ပို့လိုက်လေသည်။
လန်လင်းအယ်သည် ခေါင်းကလေးအား လက်ဖြင့်ကာ၍ ကြောက်ရွံ့တုန်လှုပ်နေသည်။ သူမသည် ဖြည်းဖြည်းချင်းခေါင်းမော့ကြည့်လိုက်ပြီး ဘေးပတ်လည်ကို အံ့အားသင့်ဟန်ဖြင့်ကြည့်လိုက်လေသည်။
“ ဒီရတနာက ဘာကြီးလဲ။ ဒါက မိုးကြိုးလျှပ်စီးကို ကာပေးနိုင်တာပဲ ”
လီချန်ရှို့သည် တည်တည်ငြိမ်ငြိမ်ပင် ပြန်ပြောလိုက်သည်။
“ ဒါက ဖရာဒေးလှောင်ချိုင့်လို့ခေါ်တယ်။ အထဲမှာ ခဏထပ်နေဦး။ အစ်ကို ပြင်းအားကို ထပ်မြှင့်ပြီး စမ်းကြည့်ဦးမယ် ”
“ ဆရာတူအစ်ကို… ဒီလောက်နဲ့ပဲ တော်ရအောင်နော် … ”
လန်လင်းအယ်၏ စကားမဆုံးလိုက်မီမှာပင် လီချန်ရှို့သည် အင်္ကျီလက်အတွင်းမှနေ၍ အဝါရောင်အဆောင်စက္ကူတစ်ထပ်ကို ထုတ်လိုက်သည်။ သူသည် ဓမ္မတန်ခိုးများသုံးကာ ၎င်းတို့အား နှိုးဆွလိုက်ပြီး သစ်သားလှောင်ချိုင့်အထက်သို့ ပစ်လွှတ်လိုက်သည်။
ထိုအဆောင်စက္ကူများသည် လျှပ်စီးများထုတ်လွှတ်လိုက်ရာ ကောင်းကင်တွင် မိုးကြိုးလျှပ်စီးများဖြင့် ပြည့်နှက်သွားလေသည်။
မိုးကြိုးလျှပ်စီးများသည် အောက်ရှိ သစ်သားလှောင်ချိုင့်ကို ပစ်ချလိုက်သည်။
မျက်စိတစ်မှိတ်အတွင်း ကောင်းကင်အား လျှပ်စီးများ လွှမ်းခြုံသွား၏။ ချုံတောင်လေးရှိ သစ်တောအတွင်းမှ ငှက်ကလေးများသည်လည်း အုပ်လိုက်ထပျံသွားကြပြီး သားရဲများသည်လည်း ကြောက်ရွံ့သွားကြသည်။
ထိုစမ်းသပ်ချက်များအရ ဖရာဒေးလှောင်ချိုင့်၏ အသုံးဝင်မှုသည် အတော်အတန်အထင်ကြီးစရာ ကောင်းလှသည်။ သူ့အတွက် တစ်ခုတည်းသောပူပန်စရာကား ကောင်းကင်ပြစ်ဒဏ်သည် ထိုလှောင်ချိုင့်အား ဖျက်ဆီးပစ်နိုင်၊ မပစ်နိုင်သာ ဖြစ်သည်။
ထိုလှောင်ချိုင့်သည် ကောင်းကင်ပြစ်ဒဏ်၏ ပထမဆုံး ကောင်းကင်မိုးကြိုးကို သူ့ဆရာ ကာကွယ်ပေးနိုင်ရန်သာ သူ မျှော်လင့်ထားသည်။
“ ထွက်လာတော့ရပြီ။ ညီမလေး ဒီလိုကြိုးစားပေးတာ ကျေးဇူးပဲကွာ ”
လီချန်ရှို့သည် လင်းအယ်အား အပြင်သို့ ပြန်ခေါ်လိုက်သည်။ ထို့နောက် သစ်သားလှောင်ချိုင့်အား ပို၍ခံနိုင်ရည်အားကောင်းရန် မည်သို့လုပ်ရမည်နည်းဟု စဉ်းစားလိုက်သည်။
လန်လင်းအယ်သည် မကျေမနပ်ပြောလိုက်သည်။
“ ဆရာတူအစ်ကို…အထဲကို ငါးတစ်ကောင်လောက် ထည့်ထားလည်းရရဲ့သားနဲ့။ အဲဒီလိုဆိုလည်း အတူတူပဲမလား ”
“ အစ်ကိုက ဒါကိုလုပ်တဲ့အထဲ ညီမလေးရဲ့အကူအညီလည်း ပါစေချင်လို့ပါ။ ဆရာ့ကို ကောင်းကင်ပြစ်ဒဏ်ခံနိုင်အောင် ကူညီတဲ့နေရာမှာ အစ်ကိုတို့နှစ်ယောက်လုံးပါသွားတာေပါ့ ”
လီချန်ရှို့သည် ပြုံး၍ ပြန်ဖြေလိုက်၏။
လန်လင်းအယ်သည် နှုတ်ခမ်းတင်းတင်းစေ့လိုက်ပြီး လှပသောဆံစများအား နားသယ်နောက်သို့ သပ်ကာ ညင်သာစွာ မေးလိုက်သည်။
“ ဆရာတူအစ်ကို … ညီမတို့ ဆက်စမ်းဦးမှာလားဟင် ”
“ ညီမရဲ့ ကျင့်ကြံခြင်းအဆင့်က မမြင့်ပေမယ့် ဒီလိုဟာမျိုးတော့ ကူညီနိုင်ပါတယ် ”
“ နောက်စမ်းသပ်ချက်အတွက်တော့ ညီမလေး အထဲမှာ မနေပါနဲ့တော့။ ညီမပြောတဲ့အတိုင်းပဲ ပုံးတစ်ခုထဲ ငါးထည့်ပြီး စမ်းတာပေါ့ ”
လီချန်ရှို့သည် ရောင်စုံကြိုးရှည်အနည်းငယ်ထုတ်လိုက်ပြီး စိတ်နှစ်၍ အလုပ်လုပ်လိုက်သည်။
“ အစ်ကိုတို့ အခု မိုးကြိုးလျှပ်စီးရဲ့ ပြင်းအားကို စမ်းတော့မှာ။ အဲဒါသာ ညီမလေးကို ထိသွားရင် ညီမလေး ခံနိုင်မှာမဟုတ်ဘူး ”
လန်လင်းအယ်သည် ခေါင်းညိတ်ပြလိုက်ပြီး နောက်သို့လှည့်ကာ ရေကန်လေးဘေးသို့ သွားလိုက်သည်။ သူမသည် ရေကန်လေးဘေးရှိ ဆူညံသံပယ်အလွှာအတွင်း တရားထိုင်နေသော သူမ၏ဆရာကို ဂရုတစိုက် ရှောင်ကွင်းလိုက်ပြီး ရေကန်အပေါ်သို့ ခုန်လိုက်သည်။
ခေတ္တမျှကြာသောအခါ ချုံတောင်လေး၏ အထက်တွင် လျှပ်စီးများပေါ်လာပြန်လေသည်။
ထိုစမ်းသပ်မှုများသည် သုံးရက်မျှကြာလေသည်။ ထိုလျှပ်စီးများကို မြင်သောသူများသည် တောင်ထိပ်တွင် လူတစ်ယောက်ယောက် မိုးကြိုးလျှပ်စီးမန္တန်အား ကျင့်နေသည်ဟုသာ ထင်ကြပေမည်။ ထိုထူးဆန်းသည့် အခြင်းအရာများကို မည်သူမှ ဂရုမစိုက်ကြပေ။
စမ်းသပ်မှုများကို ချီယွမ်တရားထိုင်၍ ပြီးသွားသည့်အချိန်မှသာ ရပ်လိုက်ကြသည်။ သူသည် တရားထိုင်ရာမှ ကောင်းမွန်သည့်အဖြေတစ်ခုရခဲ့ဟန်ဖြင့် ကျေနပ်နေလေသည်။ သို့သော် သူ့ဘေးပတ်လည်သို့လှည့်၍ ကြည့်လိုက်ရာ ရေကန်နံဘေးရှိ မြက်ခင်းစိမ်းကလေးများနှင့် လှပသောရှုခင်းလေးမျာ စုတ်ပြတ်သတ်နေသည်ကို တွေ့လိုက်ရလေ၏။ အရေးအကြောင်းများနှင့်ပြည့်နေသော သူ၏နဖူးပြင် ရှုံ့တွသွားသည်။ ရေကန်ဘောင်တွင် တွင်းကြီးတစ်တွင်း ဖြစ်နေပြီး ထိုတွင်း၏အောက်ခြေတွင် သူ၏တပည့်တော်နှစ်ယောက်သည် ဆောင့်ကြောင့်ထိုင်ကာ ကြီးမားသော ငှက်လှောင်ချိုင့်ကြီးကို ဇွဲနပဲကြီးစွာ ပြင်ဆင်နေကြလေသည်။
ချီယွမ်သည် စိတ်ပျက်လက်ပျက် သက်ပြင်းချလိုက်ပြီး ထိုနှစ်ယောက်အား ဆူလိုက်သည်။
“ မင်းတို့နှစ်ယောက် ကျင့်ကြံမနေဘဲ ဘာတွေလုပ်နေတာလဲကွ ”
“ ဆရာ…နိုးလာပြီလား… ”
လန်လင်းအယ်သည် စိတ်လှုပ်ရှားစွာ အော်ပြောလိုက်သည်။
“ အစ်ကိုကြီးက ဆရာကောင်းကင်ပြစ်ဒဏ်ခံတာကို ကူညီပေးနိုင်မယ့် ရတနာတစ်ခု လုပ်ထားတယ်။ လင်းအယ်တို့ မိုးကြိုးအချက်တစ်ရာလောက်နဲ့ စမ်းပစ်ပြီးသွားပြီ။ ငါးတွေက ရှင်နေတုန်းပဲ ”
လီချန်ရှို့ က ဝင်ရောက်ပြောလိုက်သည်။
“ ခဏလေးပဲ စောင့် ဆရာ။ ခဏဆို ဒါ ပြီးတော့မှာ ”
“ အိုး… ”
ချီယွမ်၏မျက်နှာထားသည် ရုတ်ခြည်းပင် ပြောင်းလဲသွားသည်။ သူ၏တပည့်အကြီး ပြင်ဆင်နေသော တီထွင်မှု အသစ်အဆန်းအား စိတ်ဝင်စားသွားသည်။
သို့သော် သူ ရှေ့သို့ထွက်လိုက်သည်နှင့် တစ်ပြိုင်နက် ကွက်ခနဲ မျက်နှာပျက်သွားပြီး မလှုပ်မယှက်ရပ်ကာ အရှေ့ဘက်ရှိ ကောင်းကင်ကြီးအား ကြည့်လိုက်သည်။
လန်လင်းအယ်သည် ခေါင်းမော့၍ မေးလိုက်၏။
“ ဘာဖြစ်လို့လဲ ဆရာ… ”
“ ဟာ …”
ချီယွမ်သည် လက်နှစ်ဘက်အားနောက်ပစ်ကာ ညင်ညင်သာသာပြန်ဖြေလိုက်သည်။
“ ကောင်းကင်ပြစ်ဒဏ် ရောက်လာပြီ ”
ထိုစကားလုံးများကြောင့် လီချန်ရှို့နှင့် လန်လင်းအယ်တို့၏ မျက်နှာများပေါ်ရှိ အပြုံးများ ရုတ်ခြည်းပျောက်ကွယ်သွားသည်။
သူတို့သည် တွင်းထဲမှ လျင်မြန်စွာ ခုန်ထွက်လိုက်ကြပြီး သူတို့၏ဆရာကြည့်နေသည့် နေရာသို့ ကြည့်လိုက်ကြသည်။ အရှေ့အရပ်တွင် တိမ်မည်းတစ်အုပ်ရှိနေပြီး ၎င်းသည် တုနတ်ဝိဇ္ဇာဂိုဏ်းဆီသို့ အရှိန်အဟုန်ဖြင့် လာနေသည်။
“ လင်းအယ်… မြန်မြန် ”
လီချန်ရှို့သည် ချက်ချင်းပင်အော်ပြောလိုက်သည်။
“ လင်းအယ်..မြန်မြန်… လှောင်ချိုင့်ကို တောင်အနောက်ပိုင်းက ဆရာရွေးထားတဲ့ ကောင်းကင်ပြစ်ဒဏ်ခံယူမယ့်နေရာကို ယူသွား။ ပြီးတော့ နတ်လျှပ်စီးခုနစ်သွယ် သတ္တုချောင်းခြောက်ချောင်းကို မြေကြီးထဲ သေချာမြှုပ်ဖို့ မမေ့နဲ့ဦး ”
“ ဟုတ်ကဲ့… ”
လန်လင်းအယ်သည် ဖရာဒေးလှောင်ချိုင့်အား လက်မောင်းပိန်ပိန်လေးဖြင့်မ,ကာ တောင်အနောက်ပိုင်းဆီသို့ တိမ်စီး၍ သွားလိုက်သည်။ သူမမှာ နတ်မိမယ်လေးပမာ ပြုမူနေထိုင်ရန်ပင် ဂရုမစိုက်နိုင်တော့ပေ။
ထိုအချိန်တွင် လီချန်ရှို့သည် သူ၏ဆရာထက်ပင် ပို၍ပူပန်နေလေသည်။ သူသည် အင်္ကျီလက်အတွင်းမှ ယွန်းဘူးလေးတစ်ဘူးကို ထုတ်ယူလိုက်ပြီး ဆရာချီယွမ်ထံသို့ ကတိုက်ကရိုက် သွားလိုက်သည်။
“ ဆရာ…ဒါက ကျွန်တော် ဆရာ့အတွက် အထူးဖော်စပ်ထားတဲ့ တန်ဖိုးကြီးဆေးလုံးပဲ။ အဲ့..အဲ့ဆေးလုံးက ကောင်းကင်မိုးကြိုးတစ်ချက်ကို ခံနိုင်အောင် ကူညီပေးလိုက်မယ်။ ပထမအချက်ခံပြီးလို့ နောက်တစ်ချက်ကို မခံနိုင်လောက်တော့ဘူးထင်ရင် ဒါကို ချက်ချင်းသောက်လိုက်နော် ”
ချီယွမ်သည် လီချန်ရှို့အား ပြုံး၍ကြည့်လိုက်ပြီး တိုးညင်းသောအသံဖြင့်ပြောလိုက်သည်။
“ ဒီလို တန်ဖိုးကြီးဆေးလုံးကို မင်းအတွက်ပဲသိမ်းထားပါကွာ။ မင်း ကောင်းကင်ပြစ်ဒဏ်ခံရတဲ့အခါကျ သုံးလို့ရတာပေါ့။ ဆရာ့အတွက် ဖြုန်းမပစ်ပါနဲ့ ”
“ ဆရာ… ”
လီချန်ရှို့သည် ချီယွမ်၏ရှေ့တွင် ဒူးထောက်လိုက်ပြီး ယွန်းဘူးလေးအား ချီယွမ်၏လက်အတွင်းသို့ အတင်းထည့်ပေးလိုက်သည်။ ထို့နောက် စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။
“ ဆရာက ကျွန်တော့်ကို နှစ်ပေါင်းများစွာ ပြုစုပျိုးထောင်ပြီး သင်ကြားပေးခဲ့တာပါ။ ကျွန်တော့်ကို တာအိုလမ်းစဉ်ပေါ်တင်ပေးခဲ့တာလည်း ဆရာပါပဲ။ ဆရာက ကျွန်တော့်ကို ကြမ်းကြမ်းတမ်းတမ်း မဆက်ဆံခဲ့သလို တစ်ခါမှလည်း ကျွန်တော့်ဆီက တောင်းဆိုတယ်ဆိုတာမျိုး မရှိခဲ့ဖူးပါဘူး။ ဒါက ဆရာ့အတွက် ကျွန်တော်လုပ်ပေးနိုင်တဲ့ တစ်ခုတည်းသောအရာပါ။ ဆရာသာဒီဆေးလုံးကို လက်မခံဘူးဆိုရင် ကျွန်တော်အခုချက်ချင်းပဲ အဲဒါကို ဖျက်ဆီးပစ်လိုက်မှာနော် … ”
ချီယွမ်သည် ခါးသက်သက်ပြုံး၍ ပြောလိုက်သည်။
“ မင်းက ဘာလို့ အဲဒီလိုလုပ်ချင်ရတာလဲ။ ငါလည်း ငါ့အခြေအနေကို သိပါတယ် ”
“ ေဩာ် ဟုတ်သား မေ့နေလိုက်တာ… ကျွန်တော့်မှာ ဒီလိုဆေးလုံး (၁၁)လုံး ရှိသေးတယ် ”
လီချန်ရှို့သည် သူ၏ဗျူဟာအား ရုတ်ခြည်းပြောင်းလဲလိုက်သည်။
“ ကျွန်တော့်မှာ ဒီလိုဆေးလုံးမျိုး နောက်ထပ်(၁၁)လုံးရှိသေးတယ်ဆိုတာ မဟာတာအိုတရားကိုတောာင် ကျိန်ဆိုဝံ့ပါတယ်။ ပြီးတော့ ကျင့်ကြံသူတစ်ယောက်က ဒီဆေးလုံးကို တစ်ကြိမ်ပဲသောက်လို့ရတာ ”
ချီယွမ်သည် အနည်းငယ်ချီတုံချတုံဖြစ်နေသည်။
“ တကယ်လား… ”
“ သေချာပါတယ်ဆရာ ”
“ ဒါဆိုလည်း ကောင်းပြီလေ… ”
ချီယွမ်သည် သူ၏လက်အတွင်းသို့ အတင်းထည့်ပေးနေသော ယွန်းဘူးလေးအား ယူလိုက်ကာ ပြောလိုက်၏။
“ သွားကြစို့။ တောင်အနောက်ဘက်ကို သွားကြမယ်။ ကောင်းကင်ပြစ်ဒဏ်က ငါတို့နေနေတဲ့ နေရာကို ဖျက်ဆီးပစ်တာတော့ မခံနိုင်ဘူး ”
တိမ်မည်းများသည် တုနတ်ဝိဇ္ဇာဂိုဏ်းသို့ မကြာမီရောက်လာပေတော့မည်။
လီချန်ရှို့သည် တိမ်ဖြူတစ်အုပ်ပေါ်သို့ အမြန်တက်လိုက်ပြီး သူ၏ဆရာကို ဆွဲတင်ကာ တောင်အနောက်ဘက်သို့ သွားလေသည်။
“ ဆရာရဲ့ ဓမ္မတန်ခိုးကို အခုချွေတာထားရမယ်။ ေဩာ်…ဟုတ်သား…ဆရာ့မှာ အားဖြည့်ဆေးလုံးတွေကော အလုံအလောက်ပါလာရဲ့လား။ ကောင်းကင်ပြစ်ဒဏ်ခံနေတုန်း ဆေးလုံးတွေ ဆရာကြိုက်သလောက် သုံးလို့ရတယ်နော်။ ဆရာရဲ့ ဒဏ်ရာတွေကို ကုဖို့နဲ့ အားအင်ပြန်ဖြည့်ဖို့ ဆေးတွေရော ပြင်ဆင်ထားလား။ တောက်… ဒီကောင်းကင်ပြစ်ဒဏ်ကလဲ ဘာလို့သတိတစ်ချက်မှ မပေးဘဲ ရုတ်တရက်ရောက်လာရတာတုန်း ”
“ ဆရာ အဲဒါတွေအကုန် ပြင်ထားပြီးပြီ။ ပြင်ထားပြီးပါပြီ ”
ချီယွမ်သည် သူ၏ရှေ့တွင်ရပ်နေသော လီချန်ရှို့အား ပြုံး၍ကြည့်လိုက်သည်။ သူသည် တောင်သို့ခေါ်လာခါစက ရှက်ရှက်ရွံ့ရွံ့နှင့် မသိနားမလည်ဟန်ရှိသည့် ကလေးအရွယ်လီချန်ရှို့ကလေးအား ပြန်မြင်ယောင်သွား၏။
မျက်စိတစ်မှိတ် လက်ဖျောက်တစ်ချက်အတွင်း နှစ်ပေါင်းများစွာ ကုန်ဆုံးခဲ့လေပြီ။
ထိုကလေးငယ်လေးသည် အတန်ငယ် ဆုံးမရခက်သော်လည်း ကောင်းစွာအရွယ်ရောက်လာခဲ့ချေပြီ။
ချီယွမ်သည် ချုံတောင်လေးရှိ နောက်ဆုံးကျန်ရှိသည့် ပစ္စည်းအရင်းအမြစ်များကို လီချန်ရှို့အတွက် အသုံးချခဲ့သည်။ သူ၏တစ်ခုတည်းသောဆန္ဒမှာ လီချန်ရှို့တစ်ယောက် နတ်ဝိဇ္ဇာအဖြစ်သို့ အောင်အောင်မြင်မြင် တက်လှမ်းနိုင်ရေးပင်ဖြစ်သည်။
“ ချန်ရှို့… ဆရာ ဒီကောင်းကင်ပြစ်ဒဏ်ကို မဖြတ်ကျော်နိုင်ခဲ့ရင် ချုံတောင်လေးကို မင်းလက်ထဲ အပ်ခဲ့မယ်နော်။ တကယ်လို့ ချုံတောင်လေးကို ဂိုဏ်းက ပြန်သိမ်းချင်တယ်ဆိုရင်လည်း သူတို့ကို အာမခံပါနဲ့။ ဂိုဏ်းက စီစဉ်သလိုသာ နာခံလိုက်။ ဆရာနဲ့ ရင်းနှီးတဲ့ ဂိုဏ်းထဲက လူတချို့ကို အကူအညီတောင်းထားတယ်။ မင်းနဲ့ လင်းအယ်ကို သူတို့ရဲ့တောင်မှာ လာကျင့်ကြံဖို့ ခေါ်ကြပါလိမ့်မယ် ”
“ ဆရာရယ် … ဆရာသေချာပေါက် ဒီကောင်းကင်ပြစ်ဒဏ်ကို ဖြတ်ကျော်နိုင်မှာပါ ”
လီချန်ရှို့က ဆက်၍ ပြောလိုက်သည်။
“ ဆရာ … ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိလေ။ စိတ်ဓာတ်မကျပါနဲ့။ ဒါက ကောင်းကင်တာအိုတရားကြီးက ဆရာ့ကို ကျော်ဖြတ်စေချင်တဲ့ အတားအဆီးတစ်ခုပဲလေ။ ဆရာကျော်ဖြတ်ပြီးတာနဲ့ အရာအားလုံး အဆင်ပြေသွားမှာပါ။ တကယ်လို့ သက်ရှိတွေသာ သူတို့ရဲ့ ရှင်သန်မှုအတွက် မတိုက်ခိုက်ဘူးဆိုရင် သူတို့ရဲ့ဖြစ်တည်မှုက ဘာအဓိပ္ပာယ်ရှိတော့မှာလဲ။ ကြောက်စရာကောင်းတဲ့ အခက်အခဲတိုင်းမှာ ရှင်သန်နိုင်ဖို့ အခွင့်အရေးနည်းနည်းတော့ ရှိပါတယ်။ ရှင်သန်ဖို့အတွက် အဲဒီအခက်အခဲကို ပြန်တိုက်ခိုက်မှ ရှင်သန်နိုင်မှာပေါ့ ”
ချီယွမ် သက်ပြင်းချလိုက်သည်။ ထို့နောက် ခါးသက်သက်ပြုံး၍ ပြောလေ၏။
“ တပည့်လေး … မင်း အဲဒီလို နိယာမတွေကို သိရဲ့သားနဲ့ ဘာလို့ နေ့တိုင်း သတိကြီးကြီးနဲ့ နေနေရတာတုန်း ”
လီချန်ရှို့က လေးလေးနက်နက် ပြန်ဖြေလိုက်သည်။
“ ဆရာ ကျွန်တော့်ကို သင်ပေးထားတဲ့ အဲဒီနိယာမတွေကို ဘယ်တုန်းကမှ မမေ့ခဲ့ပါဘူး။ ကျွန်တော် သတိကြီးကြီးထားနေရတဲ့ အကြောင်းက အဲဒီလို ကြောက်စရာ အခက်အခဲတွေထဲ မရောက်အောင်လို့ပါ ”
အချိန်တခဏလေးအတွင်း သူတို့သည် ချုံတောင်လေး၏ အနောက်ဘက်သို့ ရောက်သွားကြသည်။ လန်လင်းအယ်သည် သစ်တောအတွင်းရှိ မြေကွက်လပ်တစ်ခုမှနေ၍ လက်ဝှေ့ယမ်းပြနေလေသည်။ လီချန်ရှို့သည် သူ၏ဆရာအားတွဲကာ ခုန်ချလိုက်၏။ သူသည် ဆွေးနွေးနေခွင့်မပေးတော့ဘဲ သူ၏ဆရာကို သစ်သားလှောင်ချိုင့်အတွင်းသို့ တွန်းပို့လိုက်သည်။
ထို့နောက်တွင် သူသည် ခေါင်းငုံ့ကာ လှောင်ချိုင့်၏ အခြေအနေကို စစ်ဆေးလိုက်သည်။ သူသည် ကြွေပုလင်းနှစ်လုံးအား ထုတ်ကာ သူ၏ဆရာ လက်တွင်းသို့ထည့်ပေးလိုက်ပြီး လှောင်ချိုင့်တံခါးကို ပိတ်လိုက်၏။ ထို့နောက် သူသည် လန်လင်းအယ်အား ခေါ်ကာာ အဝေးသို့ လျင်မြန်စွာ ဆုတ်ခွာလိုက်သည်။
တိမ်ညိုတိမ်မည်းများသည် တုနတ်ဝိဇ္ဇာဂိုဏ်း အထက်တွင်ဖုံးလွှမ်းနေပြီဖြစ်ကာ ပြင်ပအလင်းရောင်များကို ပိတ်ဆို့ထားပြီး တုနတ်ဝိဇ္ဇာဂိုဏ်းတစ်ခုလုံး မှောင်မည်းသွားလေသည်။
လီချန်ရှို့သည် အဆုတ်ကွဲမတတ် အော်ပြောလိုက်သည်။
“ ဆရာ… ပြန်တွန်းလှန်နိုင်ဖို့ အစွမ်းကုန်ကြိုးစားနော်။ ကျွန်တော်ပေးလိုက်တဲ့ အဖိုးတန်ဆေးလုံးက ကောင်းကင်မိုးကြိုး ပထမဆုံး တစ်ချက်ခံယူပြီးမှ သောက်ရမှာ … ”
ချီယွမ်သည် တည်ငြိမ်စွာပင် ခေါင်းညိတ်ပြလိုက်ပြီး ကောင်းကင်ပြစ်ဒဏ်တိမ်တိုက်ကြီးကို မော့ကြည့်လိုက်သည်။ ဓမ္မတန်ခိုးများသည် သူ၏ခန္ဓာကိုယ်တွင်း စီးဆင်းသွားသည်။ သူ၏အင်္ကျီလက်များနှင့် တာအိုဝတ်ရုံအစွန်းများသည် လေမတိုက်ပါဘဲ လှုပ်ယမ်းသွားလေသည်။
လန်လင်းအယ်က အော်ပြောလိုက်၏။
“ ဆရာ … အားတင်းထား ”
“ ဒီတစ်ခါတော့ င့ါအတွက် ငါတိုက်ခိုက်တော့မယ် ”
ချီယွမ်သည် ကောင်းကင်ပေါ်သို့ မော့ကြည့်လိုက်သည်။ သူ၏ မျက်လုံးများသည် အရောင်တလက်လက် တောက်ပနေသည်။
‘ ကံကြမ္မာနဲ့စစ်ခင်းမယ်ကွ … ‘
ရုတ်တရက် တိမ်များအတွင်းမှ နဂါးတစ်ကောင်၏ အော်ဟစ်သံကို ကြားလိုက်ရသည်။ တိမ်မည်းများအတွင်းမှနေ၍ ကျန့်(၁၀၀၀) ရှည်လျားကာ အနီရောင်တောက်ပနေသည့် အကြေးခွံများဖြင့်လွှမ်းခြုံထားသော ကောင်းကင်နဂါးတစ်ကောင် ထွက်ပေါ်လာပြီး ၎င်း၏ လက်သည်းများဖြင့် တောင်ကာမန္တန်အစီအရင်အပေါ်သို့ ရိုက်ချလိုက်သည်။
တောင်ကာမန္တန်အစီအရင်တွင် အလင်းရောင်များ ဖြာထွက်သွားပြီး တောင်များသည်လည်း တုန်ခါသွားလေသည်။ တော်လည်းသံကြီးများသည်လည်း မြေပြင်အနှံ့မှ ထွက်ပေါ်လာလေသည်။
တချိန်တည်းမှာပင် ကောင်းကင်မှ အသံနက်ကြီးတစ်သံ ထွက်ပေါ်လာလေ၏။
“ တုနတ်ဝိဇ္ဇာဂိုဏ်းက ဂိုဏ်းချုပ် … ထွက်လာပြီး ငါကိုလာတွေ့စမ်းဟေ့… ”
‘ နပေါဦး… ‘
` ကောင်းကင်နဂါးက ဂိုဏ်းချုပ်ကိုခေါ်နေတာပါလား … ‘
တိမ်မည်းကြီးသည် တောင်ကာမန္တန်အစီအရင် အပြင်တွင်သာ ရှိနေသည်။ ၎င်းသည် မန္တန်အစီအရင်ကို ချိုးဖျက်နိုင်သည့် တန်ခိုးအစွမ်း မရှိချေ။
၎င်းတွင် ဖိအားများရှိနေသည်မှာ မှန်သော်လည်း သေသေချာချာအနီးကပ်လေ့လာကြည့်ရာ ကောင်းကင်ဖိအားများ မဟုတ်ကြောင်း သိရလေသည်။
“ အာ…ဒါက ဆရာ့ရဲ့ ကောင်းကင်ပြစ်ဒဏ်တိမ်တိုက်မဟုတ်ဘူးပဲ… ”
လီချန်ရှို့သည် ခေါင်းရမ်းကာ နဖူးကို ပွတ်လိုက်သည်။ ဖရာဒေးလှောင်ချိုင့်အတွင်း ရပ်နေသော ချီယွမ်သည်လည်း နှုတ်ခမ်းထောင့်စွန်း တွန့်ကွေးသွားသည်။
ထိုတာအိုရသေ့အိုကြီးသည် တိတ်တဆိတ်လှည့်ကာ ဖြည်းဖြည်းချင်းထိုင်ချလိုက်လေသည်။
‘ ဟေ ကောင်းကင်ဘိုးဘိုးရေ … ငါတော့ ကိုယ့်အရှက်ကိုယ်ခွဲလိုက်မိပြီ ’
( ဤနေရာတွင် ကောင်းကင်ဘိုးဘိုးရေ ဆိုိလိုက်သည်မှာ အမယ်လေးဗုဒ္ဓေါ/ ဘုရားရေ ဆိုပြီး ဘုရားတလိုက်သည်နှင့် ဆင်တူပေသည် )
***