အခန်း ( ၄၄၅ )

နောက်ဆုံးတော့...တကယ့်အသား စားရတော့မယ်

ကုန်းပတ် ၅ အပေါ်တွင် အခန်းပေါင်းတစ်ရာကျော်ရှိပြီး တစ်ခန်းမှ ကျယ်ကျယ်ဝန်းဝန်းမရှိပေ။ ထိုမျှသာမက သီးသန့် တစ်ယောက်ခန်းနေရသည် မဟုတ်ဘဲ တစ်ခန်းစီတွင် လူငါးယောက် စုပေါင်းနေထိုင်ရလေသည်။

အခန်းတစ်ခန်းစီတွင် လူတစ်ဦးတစ်ယောက်စီတိုင်းအတွက် မန္တန်အစီအရင်များဖြင့် ချိတ်ပိတ်ထားနိုင်သည့် သီးသန့်နေရာများရှိသော်လည်း ထို နေရာများကို ပိုင်ရှောင်ချန်း၏အခန်းနှင့် နှိုင်းယှဥ်လိုက်ပါလျှင် မိုးနှင့်မြေ သို့မဟုတ် တိမ်နှင့်အညစ်အကြေးကို နှိုင်းယှဥ်သည့်အလားဖြစ်နေတော့သည်။

တခဏကြာ လှည့်ပတ်ကြည့်ရှုပြီးနောက်တွင် နတ်ဆရာ၏အခန်းကို ရှာတွေ့သွားလေသည်။ နတ်ဆရာမှာ ညစ်ပတ်နေသော ပတ်ဝန်းကျင်ကို ကြည့်နေရင်း စိတ်ညစ်လက်ညစ် ထိုင်နေ၏။ ဤအခြေအနေဖြင့် တစ်နှစ်ခွဲနေရမည်ဟု တွေးလိုက်ရုံနှင့်ပင် သူ့မျက်နှာ အလွန်တရာသုန်မှုန်နေတော့သည်။

သူအလွန်အမင်း စိတ်ဓာတ်ကျတော့မည့်ဆဲဆဲတွင် ပိုင်ရှောင်ချန်း ပေါ်လာလေ၏။

“ခေါင်းဆောင်လေး… ”
သူက ငိုသံပါပါဖြင့် အော်လိုက်သည်။

” ကဲကဲ ”
ပိုင်ရှောင်ချန်းက လက်ကို ဝှေ့ယမ်း၍ ပြောလေသည်။
” မင်းငါနဲ့ လိုက်ခဲ့။ ငါ့အခန်းက တော်တော်ကြီးတယ်”
နတ်ဆရာမှာ ချက်ချင်း စိတ်အားတက်ကြွသွားပြီး ပိုင်ရှောင်ချန်း၏ဘေးသို့ အလောတကြီးသွားလိုက်ရာ အခန်းထဲရှိ အခြားသောကျင့်ကြံသူများမှာ အားကျမနာလိုဖြစ်သွားကြလေသည်။

ပိုင်ရှောင်ချန်းက လည်ချောင်းရှင်းလိုက်ကာ လက်နောက်ပစ်၍ သူ၏အခြားသော မိတ်ဆွေအပေါင်းအဖော်များကို သွားရှာတော့သည်။ နောက်ဆုံးတွင် ချင်းမေ့ယွမ်နှင့် တိုက်တိုက်ဆိုင်ဆိုင် အခန်းတူသော စုန့်ချွဲကို တွေ့လိုက်ရလေသည်။

ချင်းမေ့ယွမ်က ပိုင်ရှောင်ချန်းကို မြင်သည်နှင့် တောက်ပစွာ ပြုံးပြလေရာ လွန်စွာစွဲမက်ဖွယ် ကောင်းနေချေတော့သည်။ စုန့်ချွဲမှာမူ ထုံးစံအတိုင်း မျက်နှာထားက တင်းမာဆူပုပ်နေလေသည်။ အခြားလူများနှင့် တစ်ခန်းတည်းအတူနေရသည်မှာ သူ့အတွက် ပထမဆုံးအကြိမ်ဖြစ်လေရာ လွန်ခဲ့သောရက်များမှာ သူ့အတွက် အလွန်တရာစိတ်အနှောင့်အယှက်ဖြစ်ခဲ့ရသည်။

ပိုင်ရှောင်ချန်းက သက်ပြင်းချ၍ ပြောလိုက်၏။
” ချွဲအာ ။ မင်းအဒေါ်က မင်းကို အပ်ထားတာဆိုတော့ မင်းခံစားနေရတာကို ငါဘယ်လိုလုပ် လက်ပိုက်ကြည့်နေနိုင်မလဲ။ မင်းဦးလေးနဲ့ လိုက်ခဲ့လေကွာ။ ငါ့မှာ တစ်ယောက်ထဲ နေ့တိုင်း ဝိညာဥ်စားသောက်ဖွယ်ရာတွေ စားနေရတာ၊ များလွန်းလို့ ကုန်အောင်တောင်မစားနိုင်ပါဘူးကွာ ”

စုန့်ချွဲ၏မျက်နှာကြီး မည်းမှောင်သွားပြီး ပိုင်ရှောင်ချန်းကို အံကြိတ်ကာ ဝါးစားတော့မတတ် ကြည့်နေလေသည်။

ထိုအခြင်းအရာကြောင့် ပိုင်ရှောင်ချန်း ကျေနပ်သွားလေသည်။ စုန့်ချွဲက သူ့ကို အမြင်မကြည်မှန်းသိသဖြင့် သူလည်း စုန့်ချွဲကို သိပ်သဘောမကျလေရာ အခါအားလျော်စွာ သူ့ကို လှောင်ရန် အခွင့်ကောင်းရှာလေ့ရှိသည်။

ပိုင်ရှောင်ချန်းက ချင်းမေ့ယွမ်အား ခေါ်ရန်ပြင်လိုက်ဆဲမှာပင် သူမက ပြောလာ၏။

” ညီမလဲ လိုက်မယ်နော် ကိုကြီးရှောင်ချန်း။ ကိုကြီး နေ့တိုင်း ဝိညာဥ်အစားအသောက်တွေ စားသောက်ပြီး များလွန်းလို့ မကုန်တာလဲသိတယ်။ အဲ့ပြဿနာကို ညီမ ဖြေရှင်းပေးပါ့မယ်”
သူမက လက်ကလေးအုပ်ပြီး ပြုံးေနရင်း ပိုင်ရှောင်ချန်း၏ဘေးသို့ လှစ်ခနဲရောက်လာကာ နတ်ဆရာနှင့်အတူ ပေါင်းလိုက်တော့သည်။

စုန့်ချွဲကစကားတစ်ခွန်းမှ မပြောသည်ကို ကြည့်ပြီး ပိုင်ရှောင်ချန်းသည် ခေါင်းခါလိုက်ကာ လှည့်ပြန်လိုက်သည်။ သို့သော်လည်း တံခါးဝတွင် ရပ်ကာ စုန့်ချွဲကို ပြန်ကြည့်လိုက်လေသည်။

” မင်းတကယ် မလာဘူးလား။ ဒီနေရာထက် ငါ့အခန်းက စိတ်စွမ်းအင်တွေက ပိုအားကောင်းတယ်။ မင်းရဲ့ ကျင့်ကြံခြင်းအဆင့် မြန်မြန်တက်လိမ့်မယ်”

စုန့်ချွဲသည် ပိုင်ရှောင်ချန်းနှင့်အတူ မလိုက်ချင်သော်လည်း ကုန်းပတ် ၅ အပေါ်ရှိ ကျင့်ကြံသူတစ်ယောက်ကိုမျှ သူ မသိပေ။ သူတို့နှင့် တစ်နှစ်ခွဲအတူနေရမည်ဆိုသော အတွေးကြောင့် သူ၏စိတ်များ ပိုမိုနောက်ကျိလာတော့သည်။

ပိုင်ရှောင်ချန်းက သူ့အခန်းထဲရှိ စိတ်စွမ်းအင်များမှာ အားကောင်းပြီး ကျင့်ကြံခြင်းတွင် အကူအညီဖြစ်လိမ့်မည်ဟုပြောသည်ကို သူ ကြားလိုက်ရလေသည်။ ထိုအချက်မှာ သူလိုအပ်သည့် အခွင့်အရေးပင် မဟုတ်ပါလော။

” ငါ သူ့ကို ကျောရမယ်” သူကတွေးလိုက်သည်။
” ယောက်ျားစစ်စစ်တစ်ယောက်ဟာ ဘယ်အချိန်မှာ ခေါင်းမော့ရမယ်။ ဘယ်အချိန်မှာ အောက်ကျို့ရမယ်ဆိုတာကို သိရမယ်။ ဒီနှစ်ဝက်အတွင်းမှာ ငါ အရမ်းနောက်ကျကျန်နေလို့မရဘူး။ ငါဒီလိုလုပ်တာက ကျင့်ကြံအားထုတ်ဖို့အတွက်ပဲ..ဟုတ်တယ် ဒါလေးပဲ ”
ဤနည်းဖြင့် သူ့ကိုယ်သူ ဖျောင်းဖျပြီးနောက် စုန့်ချွဲက အံတင်းတင်းကြိတ်ကာ မျက်နှာရှစ်ခေါက်ချိုးဖြင့် ပိုင်ရှောင်ချန်း၏ဘေးသို့ လျှောက်လာတော့သည်။

ပိုင်ရှောင်ချန်းသည် စုန့်ချွဲက သူနှင့်အတူ ပူးပေါင်းမည်မဟုတ်ဟု အသေအချာတွေးထားသဖြင့် အတန်ငယ် အံ့သြသွားလေသည်။ သူက စုန့်ချွဲ၏ပခုံးကို ဆုပ်ရင်း ပြောလိုက်၏။
” ဒါက စိတ်ဓာတ်ပဲကွ။ ငါတို့အားလုံးက မိသားစုကြီးပဲ မဟုတ်ဘူးလား။ ငါနဲ့ မင်းအဒေါ်ရဲ့ ပတ်သက်မှုကိုထောက်ပြီး နောင်ကျရင် ပိုပြီး လိမ်လိမ်မာမာနားထောင်သင့်တယ်။ ကဲ.. မင်း ဦးလေးက ဘယ်တုန်းကများ မင်းကို မတရားသဖြင့် ဆက်ဆံဘူးလို့လဲကွာ”

ပိုင်ရှောင်ချန်းသည် သက်ပြင်းများချနေပြီး ဝါရင့်ဂိုဏ်းဝင်ကြီးတစ်ယောက်ကဲ့သို့ပင် ပိုမိုခံစားလာရကာ မည်သို့ပင် စုန့်ချွဲ ပြုမူပါစေ စောင့်ရှောက်ပေးရမည်ဟု သိလေသည်။ ထိုမှသာလျှင် အဏ္ဏဝါခေါ်သံဂိုဏ်းကို ပြန်ရောက်ပြီးနောက် ထိုအကြောင်းအရာအားလုံးကို စုန့်ကျင်းဝမ်အား ပြောနိုင်မည်မဟုတ်ပါလော။ သူမ ပျော်ရွှင်ကျေနပ်သွားမည်မှာ အသေအချာပင်။

ပိုင်ရှောင်ချန်းသည် သက်ပြင်းများချရင်း သူ၏ တာအိုစောင့်ရှောက်သူများအားလုံးကို ကုန်းပတ် ၃ အပေါ် ပြန်လည် ဦးဆောင်ခေါ်သွားလိုက်သည်။

ပိုင်ရှောင်ချန်း၏ အခန်းထဲ ဝင်လိုက်ကြပြီးနောက် စုန့်ချွဲပင်လျှင် သူ့စိတ်သူမထိန်းချုပ်နိုင်တော့ပဲ ပင့်သက်ရှိုက်ရင်း အခန်းအရွယ်အစား၊ ဝိညာဥ်စားသောက်ဖွယ်ရာများ၊ ရုပ်သေးရုပ်များ၊ ထုံးကျောက်ကြမ်းပြင်နှင့် လသာဆောင်တို့အား တအံ့တသြ လှည့်ပတ်ကြည့်ရှုနေမိလေသည်။ ချက်ချင်းပင် သူ့နှလုံးသားကို ဓားနှင့်ထိုးနေသည့်အလား နာကျင်မှုများ ခံစားနေရတော့သည်။

အမှန်တကယ်ပင် ခြားနားချက်မှာ အလွန်တရာ ကြီးမားလေရာ စုန့်ချွဲသည် သူ့မျက်လုံးများ အတန်ငယ် စိုစွတ်လာသည်ကိုပင် ခံစားလိုက်ရလေသည်။

နတ်ဆရာသည်လည်း ပင့်သက်ရှိုက်သွားပြီး ချက်ချင်းပင် ပြတင်းပေါက်များ၏ ဆွဲဆောင်ခြင်းခံလိုက်ရတော့သည်။ လွန်ခဲ့သောသုံးရက်အတွင်းက သူ့မျက်နှာပေါ်တွင် နေရောင်ခြည်လေးကျသည်ကို ခံစားနိုင်ရန်အတွက် ပင်မကုန်းပတ်ပေါ်သို့ သွားရန်တစ်နည်းသာရှိသော်လည်း ထိုနေရာတွင် အလွန်တရာဆူညံပြီး လှိူင်းများမှ လွင့်စင်လာသော ရေမှုန်ရေမွှားများကြောင့် အလွန်အန္တရာယ်များလေသည်။ သို့သော် ပိုင်ရှောင်ချန်း၏အခန်းတွင် ကြိုက်သည့်အချိန် ပြတင်းပေါက်ကို ကြည့်နေနိုင်ပြီး လသာဆောင်တွင် အန္တရာယ်ကင်းကင်းပင် ထိုင်နေနိုင်လေသည်။

နတ်ဆရာမှာ စိတ်လှုပ်ရှားမှုများဖြင့် ချက်ချင်း ပြည့်နှက်လာတော့သည်။

ချင်းမေ့ယွမ်မှာမူ ဆွံ့အလျက် ကြက်သေသေနေတော့သည်။ ထိုမတိုင်ခင်က အခန်းများကြား ခြားနားချက်သည် ကြီးမားလိမ့်မည်ဟု ယူဆခဲ့သော်လည်း ဤမျှ ကွာဟလိမ့်မည်ဟု မထင်ခဲ့ပေ။ ဤ အခိုက်အတန့်တွင် ရှင်းကုံကျစ်တာအိုဂိုဏ်း မည်သို့ အစီအစဥ်ချထားသည်ကို သည်းမခံနိုင်တော့ပဲ စိတ်ဆိုးဒေါသထွက်သွားမိလေသည်။

သူတို့ မျက်နှာများအပေါ်ရှိ အကြည့်များကြောင့် ပိုင်ရှောင်ချန်း သက်ပြင်းချလိုက်မိသည်။ ဤအခြေအနေကို တမင်တကာကြွားရန်ပြသခြင်းမဟုတ်လေရာ ယခုတွင် သူ၏ မိတ်ဆွေများ အထင်မြင်လွဲသွားမည်ကို စိုးရိမ်သွားလေသည်။ ထို့ကြောင့် သူမည့်သို့ ခံစားရသည်ကို အလျင်အမြန်ရှင်းပြလိုက်သည်။

“ဒါအားလုံးက ငါရဲ့ အမှားပါ” သူက ပြော၏။
” ငါသာ အားထပ်စိုက်ပြီး ကြိုးစားလိုက်ရင် ထိပ်ဆုံး ၃ ယောက်ထဲပါရင် ပါသွားမှာ ။ သူတို့ရဲ့ အခန်းတွေက ဒီဟာတွေထက် ပိုတောင်ကောင်းပြီး ပိုလည်း ကြီးတယ်လို့ ကြားတယ်။ ငါရဲ့ဟာတွေက.. အရမ်း… အရမ်း…” ပိုင်ရှောင်ချန်းမှာ အမှန်တကယ်တွင် အဆင်ပြေရန် ကြိုးစားနေခြင်းဖြစ်သော်လည်း သူ့၏မိတ်ဆွေသုံးဦးမျက်နှာများအပေါ်ရှိ အကြည့်များမှာ ပို၍ပင် ထူးဆန်းလာတော့သည်။

ထိုသည်ကို မြင်လိုက်ရသည်တွင် ပိုင်ရှောင်ချန်းမှာ သေသေချာချာ ကြိုးစားရှင်းပြရန် အဆင်သင့်ပြင်လိုက်စဥ်မှာပဲ ရုတ်တရက် အပြင်ဘက်ပင်လယ်မှ နားကွဲလုမတတ် အသံကြီးကြားလိုက်ရလေသည်။ အခန်းကို မန္တန်အစီအရင်ဖြင့် ကာကွယ်ထားခြင်းဖြစ်သောကြောင့် ထိုအော်သံကြီးကို ပြတ်ပြတ်သားသားကြားလိုက်လေရာ မည်မျှမယုံကြည်နိုင်ဖွယ် စွမ်းအားကြီးကြောင်း ထင်ရှားလေသည်။ ထို့ပြင် စစ်သင်္ဘောတစ်ခုလုံးလည်း ဘယ်ညာ လှုပ်ရမ်းသွားလေသည်။

ပိုင်ရှောင်ချန်း မျက်နှာပျက်သွားပြီး သူ၏တာအိုစောင့်ရှောက်သူများလည်း ထိုနည်းတူပင်။ သူတို့အားလုံး လသာဆောင်ကို ပြေးသွားလိုက်ပြီး လှမ်းကြည့်လိုက်ရာ ပင်လယ်ထဲမှ ကောင်းကင်ယံအထိ ထိုးထွက်နေသော ငွေရောင်အလင်းတန်းတစ်ခုကို မြင်လိုက်ရလေသည်။

ထိုအလင်းတန်းသည် ယခုလေးတွင် ထွက်လာသည့်အသံကို ဖြစ်ပေါ်စေပြီး သင်္ဘော၏ ဘေးနံရံများကို လှိုင်းလုံးကြီးတစ်လုံးပေးပို့လိုက်သော အရာဖြစ်လေသည်။ ဤအခြင်းအရာကြောင့် ထိုအလင်းကိုဖြစ်စေသော မည်သည့်အရာမဆို သာမန်ထက်ထူးကဲကြောင်း ခန့်မှန်းကြည့်နိုင်လေသည်။

ပိုင်ရှောင်ချန်းသည် ပင့်သက်ရှိုက်လိုက်ပြီး အလင်းထဲတွင် ရှိနေသော အရာကို မြင်ရန် လည်ဆန့်ကြည့်လိုက်ရာ ချက်ချင်းပင် ထိုအရာသည် ကောင်းကင်တာအို အရှိန်အဝါနှင့် တစ်စုံတစ်ခုဖြစ်ကြောင်း သိလိုက်ရလေသည်။

အခြားသူများက မသိနိုင်သော်လည်း ပိုင်ရှောင်ချန်းမှာ ကောင်းကင်တာအိုအမြုတေရှိခြင်းကြောင့် ထိုကိစ္စရပ်များနှင့်ပတ်သက်၍ သူများထက်ပို၍ အထူးတလည်ယဥ်ပါးလေသည်။

“ဘာကြီးပါလိမ့်…”
သူက တွေးလိုက်သည်။ ထိုအချိန်တွင် မအောင့်နိုင်တော့ပဲ သူ၏ ကောင်းကင်တံတားဓမ္မမျက်လုံးဖွင့်လိုက်လေသည်။ ချက်ချင်းပင် သူ့ခေါင်းထဲတွင် ထစ်ခြုန်းသံများ ပြည့်နှက်သွားပြီး သူ့နဖူးတွင် တဆစ်ဆစ်နာကျင်မှုကို ခံစားလိုက်ရ၏။ သွေးအချို့ပင် စီးကျနေပြီဖြစ်သောကြောင့် သူ၏ တတိယမျက်လုံးကို အလျင်အမြန် ပြန်ပိတ်လိုက်လေသည်။

ထိုမျှတိုတောင်းသော အခိုက်အတန့်လေးမှာပင် ပိုင်ရှောင်ချန်းသည် ထိုအလင်းရှိအရာကြီးကို ဖျတ်ခနဲမြင်လိုက်ရပြီး သူစိတ်နှလုံးတွင် အံ့သြတုန်လှုပ်မှုလှိုင်းများ ရိုက်ခတ်သွားတော့သည်။

ထိုအလင်းအတွင်းရှိအရာမှာ ငွေနဂါးကြီးပင်။

ကြည့်ရသ၍ ထိုနဂါးမှာ ထိခိုက်ဒဏ်ရာရထားပြီး ၄င်းပျံသန်းနေသည့်တစ်လျှောက်မှာပင် ဒဏ်ရာများမှ ငွေရောင်သွေးများ စီးကျနေလေသည်။

ငွေနဂါးကြီးပေါ်လာသည့် အခိုက်အတန့်တွင် မျက်လုံးသုံးလုံးနှင့် ချိန်ဟဲ့ထျန်သည် ကုန်းပတ် ၁ အပေါ်၌ တရားထိုင်နေလျက်ရှိသည်။ ရုတ်တရက် သူ့မျက်လုံးများ ဖျတ်ခနဲပွင့်လာပြီး သူ၏အမူအရာမှာ မယုံကြည်နိုင်မှုများနှင့်အတူ ပျော်ရွှင်ဝမ်းမြောက်မှုများဖြင့် ဝင်းလက်သွားလေသည်။

” ငွေစန္ဒာ နဂါးငါးကြီးပါလား ”
သူက အော်လိုက်သည်။
“ဟုန်လဲ့ .. အခုချက်ချင်း မင်းတို့ငါးယောက် ငါနဲ့ လိုက်ခဲ့။ ငါတို့ အဲဒီ သားရဲကြီးကို သွားဖမ်းမယ်”

ထို့နောက် သူက ပျောက်ကွယ်သွားပြီး တခဏကြာသော် လေထဲတွင် ပြန်ပေါ်လာ၏။ ယင်ယန်ဝိညာဥ်အဆင့်ကျင့်ကြံသူငါးယောက်မှာမူ ချိန်ဟဲ့ထျန်နှင့် ပူးပေါင်းရန် တည်နေရာရွှေ့ပြောင်းလိုက်ကြလေသည်။ သူတို့၏မျက်နှာများတွင် မျှော်လင့်ချက်များ တလက်လက် တောက်ပနေပြီး အပေါက်ဝတွင် ပေါ်လာသည်နှင့် ငွေရောင်အလင်းတန်းကြီးမှာ မိုးကုပ်စက်ဝန်းအောက်တွင် ပျောက်ကွယ်စပြုလာလေသည်။

” သွားကြမယ်ဟေ့။ အဲဒီ နဂါးငါးကြီးကို ဖမ်းမိရင် မင်းတို့ငါးယောက်လုံးကို မယုံကြယ်နိုင်စရာကောင်းတဲ့ ဆုလာဘ်တွေ ချီးမြှင့်မယ်။ ” ချိန်ဟဲ့ထျန်၏ မျက်လုံးများတွင် စိတ်အားထက်သန်မှူများပြင်းပြနေကာ ယင်ယန်ဝိညာဥ်အဆင့်ကျင့်ကြံသူငါးဦးနှင့်အတူ အဝေးသို့ တဟုန်ထိုးထွက်သွားတော့သည်။

သင်္ဘောပေါ်ရှိ ကျင့်ကြံသူအမြောက်အမြားမှာ ထူးထူးဆန်းဆန်းတစ်ခုခုဖြစ်နေကြောင်း သိလိုက်လေရာ ပင်မကုန်းပတ်ထံသို့ အပြေးအလွှားလာကြလေသည်။ အဖြစ်အပျက်များကို မြင်လိုက်ကြရသောအခါ သူတို့မျက်နှာများအပေါ်တွင် အမူအရာအမျိုးမျိုး ဖြစ်ပေါ်လာလေသည်။

ကုန်းပတ် ၂ အပေါ်တွင် ဇောင်ထျန်ကျောက် နှင့် ချိန်ယွဲ့ရှန်တို့သည်လည်း မည်သည့်အတွက်ကြောင့် ပွက်လောရိုက်နေသည်ကို ကြည့်ရန် ထွက်ပေါ်လာပြီး ဟီရတစ်သာလျှင် အေးအေးဆေးဆေး ရှိနေသည်။

မည်သူတစ်ဦးတစ်ယောက်မှ သတိမထားမိလိုက်ဘဲ ကုန်းစွန်းဝမ်အာသည် အခန်းထဲရှိ ပြတင်းပေါက်နား၌ မတ်တပ်ရပ်နေရင်း ငွေရောင်အလင်းပျောက်ကွက်သွားသည့်နေရာကို ကြည့်နေလေသည်။ သူမ၏မျက်နှာပေါ်တွင် ထူးဆန်းသော အပြုံးလေးတစ်စ ထွက်ပေါ်လာပြီး လက်ညှိုး၏ထိပ်တွင် ငွေရောင်သွေးစက်တစ်စက်ရှိကာ သူမက အလျင်အမြန် ရက်လိုက်လေသည်။

” နောက်ဆုံးတော့.. တကယ့်စားစရာလေးတွေ စားရတော့မယ် ”
သူမက ခပ်တိုးတိုးရယ်ရင်း ပြောလိုက်လေသည်။

ချိန်ဟဲ့ထျန်နှင့် ယင်ယန်ဝိညာဥ်အဆင့်ကျင့်ကြံသူများ မည်မျှမြန်မြန်သွားနေပုံနှင့် စစ်သင်္ဘော၏ အမြန်နှုန်းကြောင့် သူတို့ လုံးဝပျောက်ကွယ်သွားရန် အသက်ရှူချိန်ဆယ်ကြိမ်မျှသာ ကြာလိုက်လေသည်။

စစ်သင်္ဘောပေါ်ရှိ လူတိုင်းမှာ ထိုဖြစ်ရပ်များကို ဆွေးနွေးငြင်းခုံလာကြသော်လည်း မကြာမီ စကားသံများအားလုံး ငြိမ်ကျသွားလေသည်။ နတ်တစ်ပိုင်းအဆင့်နှင့် ယင်ယန်ဝိညာဥ်အဆင့်ကျင့်ကြံသူများ ထွက်သွားလေရာ ကမ်းမမြင်လမ်းမမြင်ပင်လယ်ပြင်ကြီးတွင် ရှိသမျှလူတိုင်း၏ နှလုံးသားများထဲမှာ စိုးရိမ်ပူပန်မှုများ ပြည့်ကြပ်လာတော့သည်။

အချိန်များ ကုန်လွန်လာခဲ့၏။ သုံးရက်ကြာသော် ချိန်ယွဲ့ရှန်နှင့် ယင်ယန်ဝိညာဥ်အဆင့်ကျင့်ကြံသူများပြန်မလာကြသေးလေရာ စစ်သင်္ဘောပေါ်ရှိလူတိုင်း၏ ပခုံးများထက်တွင် ဖိအားများပိုမိုများပြားလာတော့သည်။ ထိုမျှသာမက ထူးဆန်း၍ လျှို့ဝှက်ဆန်းကြယ်သော အရှိန်အဝါတစ်ခုလည်း သူတို့ပတ်လည်တွင် ဖြစ်တည်လာဟန်တူသည်။


Comment

Leave a Reply

Options

not work with dark mode
Reset