ရှေးဟောင်း စစ်သင်္ဘောကြီးပေါ်သို့ လူများရောက်လာစဥ် နတ်အဆင့်သက်တန့် ထွက်ပေါ်လာသည့် မျက်လုံးသုံးလုံးနှင့် အဘိုးကြီး ပျောက်ကွယ်သွားပြီးနောက် သင်္ဘော ပေါ်တွင် ပြန်ပေါ်လာတော့သည်။ သူတစ်ယောက်ထဲတော့မဟုတ်ပေ။ သူနှင့်အတူ ယင်ယန်ဝိညာဥ်အဆင့် ကျင့်ကြံသူ ငါးယောက်ပါဝင်သည်။
သင်္ဘောကြီးမှာ ထွက်ခွာဟန်ပြုနေစဥ်တွင် ခပ်လှမ်းလှမ်းမှနေ၍ အလင်းတန်းတစ်ခုက လေကိုထိုးခွင်းကာလာနေသဖြင့် လေထုကြီးထဲတွင် လေချွန်သံကဲ့သို့သောအသံများမှာ ပဲ့တင်ထဲ့သွားတော့သည်။
” ဇောင်ထျန်ကျောက်ဆိုတဲ့ ငါက ဒီလို ကိစ္စရပ်ကြီးထဲမှာ ဝင်မပါလို့ ဖြစ်ပါ့မလားကွ။ ”
ထိုသူမှာ ခရီးပန်းနေပုံရသည့် လူငယ်တစ်ယောက်ဖြစ်ပြီး အရပ်မြင့်မြင့်နှင့် ပိန်ပါးပါးရှိကာ ရှည်လျားနက်မှောင်သည့် ဆံပင်ရှည်များကိုပိုင်ဆိုင်ထားပြီး သူ၏အငွေ့အသက်မှာလည်း ရေခဲတမျှ အေးစက်နေသည်။ သူသည် နှောင်းပိုင်း အမြုတေအဆင့်တွင်သာ ရှိသေးသော်လည်း သူ့ဆီမှထွက်ပေါ်နေသည့် ကျင့်ကြံခြင်းအခြေခံ အငွေ့အသက်များမှာ ပိုမို အားကောင်းနေသည်။ သူသည် ယင်ယန်ဝိညာဥ်အဆင့် ကျင့်ကြံသူတစ်ယောက် နှင့်ပင် ဆင်တူနေပြီး ထိုအဆင့်သို့ အပြီးတိုင်မရောက်သေးသော်လည်း အနီးသို့ ကပ်လာသည်နှင့်အမျှ သူ၏ ပုံရိပ်မှာ ရံခါဖန်ခါ ဆိုသလို မှုန်ဝါးသွားသဖြင့် မျက်စိနှင့် မမြင်နိုင်တော့ပေ။
သူသည် တည်နေရာရွှေ့ပြောင်းခြင်းပညာရပ်တစ်ခုကို အသုံးပြုနေသည်။ အကွာအဝေးအနည်းငယ်ကိုသာ တည်နေရာရွှေ့ပြောင်းနိုင်ပါသော်လည်း သူသည် အမြုတေအဆင့် ကျင့်ကြံသူတစ်ယောက်သာ ဖြစ်သေးပြီး သူ၏ပုံစံမှာ ဟီရတစ် ထက်ပင် ပို၍ အံ့သြဖို့ကောင်းနေသည်။
အချိန်အနည်းငယ်အတွင်း ထိုလူငယ်သည် သင်္ဘောပေါ်သို့ရောက်လာပြီး ကုန်းပတ်ပေါ်တွင် နေရာယူလိုက်တော့သည်။ သူက အထီးကျန်ဆန်ကာ မာနကြီးသောအသွင်ဖြင့် ရပ်နေရာ အခြားသော ကျင့်ကြံသူများနှင့် ကွဲပြားနေပြီး ကြယ်ရောင်စုံပြည့်နှက်နေသည့် ကောင်းကင်ယံထဲရှိ လမင်းကြီးတစ်စင်းနှင့်ပင် တူနေတော့သည်။
” အစ်ကိုအကြီးဆုံးပါလား။ ”
” ဘုရားရေ။ စောစောက အစ်ကိုအကြီးဆုံးက တည်နေရာရွှေ့ပြောင်းနေတာလားဟ။ ”
” အစ်ကိုကြီး ဟီရတစ် မှာ လေဟုန်စီးသိုင်း ရှိပေမဲ့ အစ်ကိုအကြီးဆုံးကတော့ အသေးစား တည်နေရာရွှေ့ပြောင်းခြင်းအစစ်တွေကို သုံးနေတာကွ။ ”
လူအုပ်ထဲရှိ လူတိုင်းမှာ ဇောင်ထျန်ကျောက်ကို ချစ်ကြောက်ရိုသေ လေးစားမှုများပြည့်နှက်နေသည့် အမူအရာများဖြင့် ကြည့်နေကြတော့သည်။
” ဟေး။ ငါလည်း တည်နေရာရွှေ့ပြောင်းနိုင်ပါတယ်ကွ။ ” ပိုင်ရှောင်ချန်းမှာ မခံချင်စိတ်ဖြင့် ရေရွတ်လိုက်တော့သည်။ ဇောင်ထျန်ကျောက်မှာ ဤလူအုပ်ကြီးက ထင်နေသကဲ့သို့ အံ့သြဖွယ်ကောင်းမည်မဟုတ်ကြောင်း ပိုင်ရှောင်ချန်းက တွေးနေသော်လည်း အနည်းငယ်ပါရမီ ရှိသည်ကိုတော့ သူ မငြင်းဆန်နိုင်ပေ။ ထို့အပြင် သူ့ထံမှ ထွက်ပေါ်နေသည့် ကြောက်မက်ဖွယ် အငွေ့အသက်များအရ သူသည် ကုန်းစွန်းဝမ်အာ၏ ရုပ်တုထက် စွမ်းအားကြီးမည်ဖြစ်ကြောင်းကို ပိုင်ရှောင်ချန်းက သိလိုက်သည်။
မျက်စိသုံးလုံးနှင့် ချိန်ဟဲ့ထျန်းကမူ ဇောင်ထျန်ကျောက်ကို သိမ်မွေ့ သော အကြည့်များနှင့် ကြည့်လိုက်သော်လည်း သူ၏ စကားလုံးများမှာ ခက်ထန်နေဆဲပင်။
” မင်းဒီလို နောက်ကျရတဲ့အတွက် အကြောင်းပြချက်ရှိလား။ ”
ဇောင်ထျန်ကျောက်က လက်ကိုရိုသေစွာယှက်ကာ ပြန်ဖြေလိုက်သည်။
” ပြီးခဲ့တဲ့တစ်နှစ်တုံးက ရှင်းကုံကျစ်တာအိုဂိုဏ်းက ဂိုဏ်းသားတစ်ယောက် ပျောက်ဆုံးသွားလို့ ကျနော်လိုက်ရှာနေခဲ့တာပါ။ အခုဒီသုံးယောက်က အဲဒီ ပျောက်ဆုံးမှုအတွက် တာဝန်ရှိတဲ့လူတွေပါ။ သူတို့အကုန်လုံးက တကွဲတပြား ထွက်ပြေးသွားကြလို့ ကျနော်လိုက်ဖမ်းရတာ အချိန်ကြာသွားရတာပါ။ ”
ထိုသို့ဆိုကာ သူ၏ အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်သောအခါ ဦးခေါင်းသုံးလုံးမှာ ကုန်းပတ်ပေါ်သို့ ပြုတ်ကျလာတော့သည်။
ထိုထဲမှ နှစ်ယောက်မှာ အဘိုးကြီးများဖြစ်ပြီး တစ်ယောက်မှာ သက်လတ်ပိုင်းအရွယ်လူတစ်ယောက်ဖြစ်သည်။ သူတို့အားလုံး၏ သေဆုံးနေပြီဖြစ်သော မျက်ဝန်းများထဲတွင်မူ တအံ့တသြဖြစ်နေသည့် အရိပ်အယောင်များမှာ ထင်ကျန်ရစ်နေဆဲပင်။ သူတို့ထံတွင် ကျန်ရစ်နေသေးသည့် အငွေ့အသက်များအရ သူတို့အားလုံးမှာ ယင်ယန်ဝိညာဥ်အဆင့် ကျင့်ကြံသူများဖြစ်ကြောင်း သိနိုင်သည်။
ဘေးနားရှိ ဂိုဏ်းသားများသည် ထိုဦးခေါင်းများကို မြင်လိုက်သောအခါ သူတို့ထံမှ တအံ့တသြ အော်ဟစ်သံများ ပေါ်ထွက်လာတော့သည်။
” ခေါင်းဆောင်ကြီး အဏ္ဏဝါ ပါလား။ ”
” ဥာဏ်အလင်းပွင့်ထားတဲ့ ပညာရှိ သွေးဆိုးလေပြေ ပါလား ”
” အဲ့တာ… မီးလျှံနတ်ဆိုး မလား။ ”
” အဲ့သုံးယောက်စလုံးက ယင်ယန်ဝိညာဥ်အဆင့် ကျင့်ကြံသူတွေလေ။ အစ်ကိုအကြီးဆုံးက သူတို့သုံးယောက်စလုံးကို…. သတ်ပစ်တာပါလား။ ”
” အစ်ကိုအကြီးဆုံး ဆိုတဲ့နာမည်နဲ့ ထိုက်တန်ပါပေတယ်။ ”
ချိန်ယွဲ့ရှန်၏ မျက်လုံးအိမ်များမှာ ကျဥ်းမြောင်းသွားသော်လည်း ဘာမှဝင်မပြောပေ။ ဟီရတစ်၏မျက်နှာ အမူအရာမှာ တင်းမာသွားပြီး အသက်ရှူသံများ ကျယ်လောင်လာတော့သည်။
ပိုင်ရှောင်ချန်းမှာလည်း မျက်လုံးပြူးသွားပြီး မှင်တက်နေတော့သည်။ ဇောင်ထျန်ကျောက်မှာ အံ့သြဖွယ်ကောင်းကြောင်းကို ယခင်ထဲက သိထားပါသော်လည်း ဤအကြိမ်တွင်မူ သူ့ကို ရန်မစမိစေရန်မှာ အကောင်းဆုံးဖြစ်ကြောင်းကို ပိုင်ရှောင်ချန်း သိသွားတော့သည်။
ထိုခေါင်းပြတ်သုံးလုံးကို ကြည့်ရင်း သူက ရေရွတ်လိုက်သည်။
” အာ… ဘာပဲဖြစ်ဖြစ်ပါ။ သူ့နာမည်က ငါ့နာမည်ထက် နည်းနည်းလေးသာတယ်ဆိုတာတော့ လက်ခံလိုက်ပါ့မယ်။ ”
( “ ထျန်ကျောက် “ ဆိုသော စကားလုံးမှာ ‘ လက်ရွေးစင်’ ဟု ဘာသာပြန်ဆို၍ ရသည်။)
ချိန်ဟဲ့ထျန်ကမူ အသာအယာ ခေါင်းညိတ်ပြလိုက်ပြီး ဘာမှဆက်မပြောတော့ပဲ သင်္ဘောပေါ်ရှိ အမြင့်ဆုံး ကုန်းပတ်ပေါ်သို့ ဦးတည် သွားကာ ကျန်ရစ်ခဲ့သည့် ဂိုဏ်းသားများကို ယင်ယန်ဝိညာဥ်အဆင့်ကျင့်ကြံသူများလက်ထဲသို့ အပ်ခဲ့လိုက်တော့သည်။
ယင်ယန်ဝိညာဥ်အဆင့် ကျင့်ကြံသူတစ်ယောက်ဖြစ်သည့် သက်လတ်ပိုင်းအရွယ် လူကြီးတစ်ယောက်က အသက်မဲ့နေသည့်မျက်နှာထားဖြင့် ရှေ့သို့လှမ်းကာ ဆိုလိုက်သည်။
” မင်းတို့အကုန်လုံးက ရှင်းကုံကျစ်တာအိုဂိုဏ်းရဲ့ လက်ရွေးစင်တွေ။ ပြီးတော့ ဒီ နတ်မီးလျှံစမ်းသပ်ပွဲနဲ့ နည်းနည်းရင်းနှီးနေပြီး ဖြစ်လောက်ပြီ။ အဲ့တာကြောင့် ဘာမှဆက်ပြီး ရှည်ရှည်ဝေးဝေး ရှင်းပြမနေတော့ဘူး။ ”
” ဒါပေမဲ့ မင်းတို့ ရှင်းရှင်းလင်းလင်း သိထားရမဲ့ တစ်ချက်ရှိတယ်။ ဒီရေကြောင်း ခရီးလမ်းက နှစ်တစ်ဝက်ကြာမှာ။ အဲ့အတောအတွင်း မင်းတို့ရဲ့ ရှင်းကုံကျစ်တာအိုဂိုဏ်းထိပ်တန်းကြယ်ပွင့် အဆင့်တွေကို မူတည်ပြီးခွဲပေးထားတဲ့ နေရာတွေမှာ မင်းတို့နေရမယ်။ ”
” ထိပ်ဆုံး သုံးယောက်က ကုန်းပတ်နံပါတ် နှစ်ပေါ်မှာ နေရမယ်။ အဲ့ပေါ်မှာရှိတဲ့ အခန်းတွေထဲက မင်းတို့ရဲ့ အင်မော်တယ်ဂူအဖြစ် ကြိုက်ရာရွေးလို့ရတယ်။ အဆင့်လေးကနေ အဆင့် တစ်ဆယ်ကြားကလူတွေက ကုန်းပတ်နံပါတ် သုံးပေါ်မှာ နေရမယ်။ မင်းတို့လည်း ကိုယ်ပိုင် အင်မော်တယ်ဂူတွေရမယ်။ ”
” အဆင့် ဆယ့်တစ်ကနေ တစ်ရာအထိ လူတွေက ကုန်းပတ်နံပါတ် လေးပေါ်မှာ နေရမယ်။ ကျန်တဲ့လူတွေက ကုန်းပတ်နံပါတ် ငါးပေါ်မှာ နေရမယ်။ ”
ထိုစဥ် သင်္ဘောကြီးမှာ အရှိန်ရနေပြီဖြစ်ပြီး ပင်လယ်ရေမျက်နှာပြင်ပေါ်တွင် ရွေ့လျားနေပြီဖြစ်သည်။ သင်္ဘောကြီး၏ ဘေးဘက်များကို လှိုင်းလုံးများရိုက်ခတ်နေသံများကိုပင် ကြားနေရပြီဖြစ်သည်။
ထို့အပြင် လေပြင်းတစ်ခုလည်း တိုက်ခတ်နေပြီး ပင်လယ်ရေပြင်မှာ တိုက်စားစေတတ်သောအစွမ်းရှိသည်။ ထိုအစွမ်းက သင်္ဘောအား ထိခိုက်မှုမရှိသော်လည်း ကျင့်ကြံသူများနှင့်ထိမိပါက ဘေးဥပါဒ်ရှိသည်။
ပိုင်ရှောင်ချန်းက ထိုအခြင်းအရာကြောင့် အနည်းငယ်စိုးရိမ်နေသော်လည်း အဆင့်သတ်မှတ်ချက်အရ ကြီးစဥ်ငယ်လိုက်ဆိုသလို အခန်းများကို ခွဲဝေပေးထားကြောင်း ကြားလိုက်ရသောအခါ ချက်ချင်းပင် ဝမ်းမြောက်သွားတော့သည်။
” ငါပြောနေတာ ဒါမျိုးကွ။ ”
သူက တွေးလိုက်သည်။
” အဆင့်ပိုမြင့်တဲ့လူတွေက ပိုပြီးကောင်းမွန်တဲ့ နေရာထိုင်ခင်းတွေ ရသင့်တာပေါ့။ ”
သူ၏ ကိုယ်ပိုင်အင်မော်တယ်ဂူမှာ မည်ကဲ့သို့ပုံစံရှိမည်ကို သူက တွေးတောနေတော့သည်။
” ဒီ အမှတ်အသား ဆွဲပြားတွေကို အင်မော်တယ်ဂူတွေရဲ့ သော့တွေအဖြစ် သုံးရမယ်။ ကောင်းပြီ။ မင်းတို့အားလုံး သွားလို့ရပြီ။ ”
ထိုသို့ဆိုကာ ထိုသက်လတ်ပိုင်းအရွယ် ယင်ယန်ဝိညာဥ်အဆင့် ကျင့်ကြံသူကြီးက နောက်သို့လှည့်ကာ အခြား ယင်ယန်ဝိညာဥ်အဆင့်ကျင့်ကြံသူများနှင့်အတူ ကုန်းပတ်နံပါတ် တစ်ပေါ်သို့ ပျံသန်းသွားတော့သည်။ ထို့နောက် သူတို့၏ တရားထိုင်ရန် ကိုယ်ပိုင်အခန်းများထဲသို့ ဝင်သွားတော့သည်။
ဝါရင့်ဂိုဏ်းဝင်များ ထွက်သွားပြီဖြစ်ရာ သင်္ဘောပေါ်ရှိ အခြားကျင့်ကြံသူတစ်ထောင်လည်း ပင်လယ်လေပြင်းကြီးနှင့် တိုက်စားနိုင်သော ရေမှုန်ရေမွှားများကို ရှောင်တိမ်းရန် ပင်မကုန်းပတ်ကြီးပေါ်မှ အသီးသီး ထွက်ခွာသွားကြတော့သည်။
ဇောင်ထျန်ကျောက်မှာ ပထမဆုံး လေပေါ်သို့ပျံသန်းကာ လှုပ်ရှားလိုက်ပြီး ကုန်းပတ်နံပါတ် နှစ်ဆီသို့ ဦးတည်သွားသည်။ သူ၏နောက်တွင် ချိန်ယွဲ့ရှန်နှင့် ဟီရတစ် တို့က ကပ်လျက် လိုက်ပါသွားသည်။ အခြားကျင့်ကြံသူအများစုမှာ ထိုသုံးယောက်ထဲက ကုန်းပတ်တစ်ခုလုံးအား အပိုင်ရသည်ကို အားကျမနာလိုနေကြပါသော်လည်း မည်သို့မျှ မတတ်နိုင်ကြပေ။
ပိုင်ရှောင်ချန်းက အနည်းငယ်မျှ စိတ်ကသိကအောက် မဖြစ်ပေ။ သူက စိတ်လှုပ်ရှားစွာဖြင့် ကုန်းပတ်နံပါတ် သုံးဆီသို့ ထိပ်ဆုံးဆယ်ယောက်ထဲမှ အခြားကျင့်ကြံသူများနှင့်အတူ ပျံသန်းသွားသည်။ ကုန်းစွန်းဝမ်အာသည်လည်း အပါအဝင်ဖြစ်သည်။
အခြားကျင့်ကြံသူများမှာမူ မနာလိုမှုများ၊ စိတ်ပျက်လက်ပျက်ဖြစ်မှုများကို ကြိုးစား မျိုသိပ်ကာ သူတို့၏ ကိုယ်ပိုင် အင်မော်တယ်ဂူများကို ရှာရန်ထွက်သွားကြသည်။
ပိုင်ရှောင်ချန်းသည် မျှော်လင့်ချက် အပြည့်ဖြင့် ကုန်းပတ်နံပါတ် သုံးထဲသို့ ဝင်လိုက်ပြီး ကုန်းပတ်တစ်ခုလုံးတွင် အခန်းခုနစ်ခန်းသာ တည်ဆောက်ထားသည်ကို တွေ့လိုက်ရ၍ ကျေနပ်သွားတော့သည်။
သူ့အားပေးအပ်ထားသည့် အမှတ်အသား ဆွဲပြားကို အသုံးပြုကာ အင်မော်တယ်ဂူတစ်လုံးကို ကြုံရာ ရွေးလိုက်ပြီး သူ၏နာမည် တပ်လိုက်တော့သည်။ ထို့နောက်သူက တံခါးကိုဖွင့်၍ အတွင်းသို့ဝင်ကာ ဘေးဘီဝဲယာသို့ လှည့်ပတ်ကြည့်ရှုလိုက်သည်။ သူ၏ဘဝတွင် မြင်ခဲ့ဖူးသည်များမှာ များပြားလွန်းလှပါေသာ်လည်း ယခုသူမြင်နေရသည့် မြင်ကွင်းကြောင့် သူ၏ နှုတ်ဖျားမှပင် အာမေဋိတ်သံတစ်သံ ထွက်ကာ မှင်တက်သွားရသည် အထိပင်။
အခန်းကြီးမှာ ကြီးမားပြီး တစ်ဖက်နှင့်တစ်ဖက် မီတာသုံးရာခန့် ကျယ်ဝန်းသည်။ ထို့အပြင် တစ်ခန်းထဲပါဝင်သည်မဟုတ်ပဲ ဧည့်ခန်းအပါအဝင် အခန်းငယ်ခုနစ်ခန်းဖြင့် ပေါင်းစည်းဖွဲ့စည်းထားသည့် အခန်းကြီးတစ်ခန်းဖြစ်သည်။ ဆေးဖော်စပ်သည့် အလုပ်ရုံတစ်ရုံလည်း ပါဝင်သေးသည်။ လူတစ်ယောက် လိုအပ်သည်မှန်သမျှ အရာအားလုံးပါရှိပြီး အလွန်ဇိမ်ကျသည့် အခန်းတစ်ခန်းဖြစ်သည်။
သင်္ဘောပေါ်တွင် တည်ဆောက်ထားသည်ဖြစ်၍ အများထင်ထားသကဲ့သို့ ကြမ်းပြင်ကို သစ်သားဖြင့် ပြုလုပ်ထားခြင်းမဟုတ်ဘဲ စိတ်စွမ်းအင်များ ထည့်သွင်းပေးထားသည့် အစိမ်းရောင်ထုံးကျောက်များဖြင့် လုပ်ထားသည်။ ကျောက်ပြားများမှာ အလင်းဖောက်နိုင်လောက်အောင် ကြည်လင်လှပြီး အတွင်းထဲတွင် ရစ်ဝဲနေသည့် မြူခိုးများနှင့် တိမ်တိုက်များကို တွေ့မြင်နိုင်သည်။ ၎င်းတို့မှာ အမြင်အာရုံတွင် လှပနေသည်သာမက ၎င်းတို့မှ ထွက်ပေါ်နေသည့် စိတ်စွမ်းအင်များကိုလည်း ကျင့်ကြံခြင်းတွင် အသုံးပြုနိုင်သည်။ ထို့အပြင် အခန်းထဲတွင် တည်ဆောက်ပေးထားသည့် အကာအကွယ် မန္တန်အစီအရင်များလည်း ရှိသဖြင့် အပြင်ဘက်မှ ထစ်ချုန်းသံများကိုပင် မကြားနိုင်လောက်အောင် အသံလုံလှသည်။
ထို့ထက်ပို၍ ထူးခြားသည်မှာ အခန်းထဲတွင် အိမ်ဖော်အဖြစ် ဆောင်ရွက်ပေးမည့် ရုပ်သေးရုပ် ခြောက်ရုပ်ရှိသေးသည်။ သူတို့မှာ တစ်ခန်းလုံးကို အချိန်တိုင်းတွင် အစီအရီ ကျကျနနဖြစ်နေစေရန် တာဝန်ယူထားသည်။ အခန်း၏ တစ်ဘက်ရှိ ပြူတင်းပေါက်များမှ အပြင်ဘက်ရှိ ရွှေရောင်ပင်လယ်ကြီး၏ ရင်သပ်ရှုမောဖွယ် မြင်ကွင်းကို ကြည့်နိုင်ပြီး ဆန္ဒရှိပါက လေညင်းခံနိုင်ရန်နှင့် ငါးဖမ်းနိုင်ရန်အတွက်ပင် တည်ဆောက်ပေးထားသည့် လေသာခန်း တစ်ခန်းလည်း ပါရှိသေးသည်။
ယခုအခါ နေ့လယ်ခင်းအချိန်ဖြစ်ပြီး အပြင်ဘက်တွင် နေက တောက်ပစွာ သာနေသဖြင့် ပိုင်ရှောင်ချန်းသည် ချက်ချင်းပင် အပြင်သို့ထွက်က နွေးထွေးသော နေရောင်ခြည်အောက်ဝယ် နေပူစာလှုံရန် ဆန္ဒများပင် ရုတ်တရက် ထွက်ပေါ်လာတော့သည်။
ဤအခန်းကြီးမှာ ကျယ်လွန်းနေသဖြင့် လူအယောက်တစ်ရာ ဝင်နေလျှင်ပင် နေရာကျန်ဦးမည် ဖြစ်သည်။
” အင်မတန် ဇိမ်ကျပါလား။ အဆင့်မြင့်တဲ့လူတွေကို ရှင်းကုံကျစ်တာအိုဂိုဏ်းက ကောင်းကောင်းမွန်မွန်ဆက်ဆံတဲ့ပုံက တော်တော် အံ့သြဖို့ကောင်းတာပဲ။ ” သူက အသက်ပြင်းပြင်းရှူလိုက်ပြီး အခန်းကိုအနည်းငယ်ထပ်မံ လှည့်ပတ်ကြည့်ရှုလိုက်ပြီးနောက် တင်ပျဥ်ခွေထိုင်ချကာ အသက်ရှူလေ့ကျင့်ခန်း အချို့ ပြုလုပ်လိုက်လေသည်။
အချိန်များမှာ တရွေ့ရွေ့ ကုန်ဆုံးသွားသည်။ နောက်သုံးရက်တိုင်အောင် ပိုင်ရှောင်ချန်းက ဤနေရာထိုင်ခင်းများကို ကျေနပ်နေဆဲပင်။ နေ့စဥ်ရက်ဆက် အိမ်ဖော်များက များစွာသော ဝိညာဥ်အစားအစာများကို ယူဆောင်လာပေးနေသည်ဖြစ်ရာ သူက အပျော်ကြီး ပျော်နေတော့သည်။
သူရရှိသည့် ဝိညာဥ်အစားအစာများမှာ များပြားလွန်းလှသဖြင့် အလုပ်ပြင်းပြင်းထန်ထန် လုပ်ပြီးသည့်အချိန်များတွင်ပင် သူ ကုန်အောင် မစားသုံးနိုင်ပေ။ သူ့အတွက်မူ ဘဝကြီးမှာ ရှင်းကုံကျစ်တာအိုဂိုဏ်းမှာရှိစဥ်ကထက်ပင် သာလွန် ကောင်းမွန်နေပြီး စားသောက်ပြီးတိုင်း သူ၏ဗိုက်ကလေးကိုပုတ်၍ လေချဥ်တက်ကာ လေသာခန်းထဲရှိ ညောင်စောင်းတစ်ခုပေါ်တွင် လဲလျောင်းကာ ပင်လယ်လေညင်းနှင့် နေ၏ နွေးထွေးမှုတို့ကို ခံစားနေတော့သည်။
” ငါက ထိပ်ဆုံးဆယ်ယောက်ထဲပဲ ပါတာတောင် ဒီလောက်သာယာနေတာ။ ဇောင်ထျန်ကျောက်နဲ့ တခြားလူတွေရဲ့ အခန်းသုံးခန်းဆို ဘယ်လိုများနေမတုံး မသိဘူး။ ဘယ်လောက်များ ကြီးနေမလဲ မသိဘူး။ ”
ဇောင်ထျန်ကျောက် အကြောင်းတွေးမိလိုက်သောအခါ ပိုင်ရှောင်ချန်းက ရုတ်တရက် စုန့်ချွဲနှင့် သူ၏ အခြားတာအို အစောင့်အရှောက်များကို အမှတ်ရသွားသည်။ ထိုအချိန်တွင် သူ၏ အခန်းကြီးမှာ ကြီးမားလွန်းကာ ရှင်းလင်းနေသဖြင့် အခြားလူတစ်ချို့နှင့် မျှဝေရန် တွေးလိုက်တော့သည်။ ထိုသို့တွေးကာ သူ၏ အခန်းထဲမှ ပြေးထွက်ကာ ကုန်းပတ်နံပါတ်လေးဆီသို့ ဦးတည်သွားတော့သည်။
သူပထမဆုံး သိလိုက်သည်မှာ ကုန်းပတ်နံပါတ်လေးပေါ်မှ အခန်းများ၏ ပုံစံဖြစ်သည်။ တစ်ခန်းမဟုတ် တစ်ခန်းမှ ကျင့်ကြံသူများ အမြဲတမ်း ထွက်လာသည်ကိုကြည့်လျှင် မကြာခင် သူ အဖြေရသွားတော့သည်။
ကုန်းပတ်နံပါတ် လေးမှာ နံပါတ်သုံးထက် များစွာသေးငယ်ပြီး အခန်း တစ်ခန်းစီမှာ မီတာဒါဇင်အနည်းငယ်မျှသာ ကျယ်သည်။ သို့သော်လည်း တစ်ယောက်လျှင် တစ်ခန်းနှုန်း ရသေးသည်။ သို့ရာတွင် ကုန်းပတ် နံပါတ်ငါးဆီသို့ ရောက်သွားသောအခါ ပြည့်ညပ်နေသည်ကို သူက မြင်လိုက်ရတော့သည်။