သတ်ဖြတ်မှုများ ဖြစ်ပေါ်နေဆဲပင်။
ဝမ်ပေါင်လဲ့အနောက်သို့ လိုက်နေသူများလည်း ရှိနေဆဲပင်။
လူများသည် အရပ်မျက်နှာအနှံ့မှ လာနေကြခြင်းဖြစ်ပြီး လကမ္ဘာပေါ်တွင် တစ်ယောက်ထံတစ်ယောက် အသံပို့လွှတ်၍မရသဖြင့် ဖြစ်ပျက်နေသောကိစ္စများကို မသိနိုင်ကြပေ။ ထို့ကြောင့် သူတို့ တစ်ဦးနှင့်တစ်ဦးအကြားတွင် အဆက်အသွယ်မရှိသဖြင့် ထိုဝိညာဉ်ချီများထွက်ပေါ်နေသော အရင်းအမြစ်ကို ပိုင်ဆိုင်ထားသည်မှာ မည်သူဖြစ်ကြောင်း သို့မဟုတ် ထိုသူသည် မည်မျှအစွမ်းကြီးကြောင်းကို မသိကြချေ။
ဝမ်ပေါင်လဲ့သည်လည်း ထိုအခြေအနေကို မည်သို့မှ ပြောင်းလဲမပစ်နိုင်ပေ။ သူ့တွင် ရွေးစရာတစ်ခုသာ ရှိလေသည်။ သတ်ဖြတ်ရန်နှင့် ဆက်၍သတ်ဖြတ်နေရန်သာဖြစ်ပေသည်။ သူသည် တစ်စုံတစ်ယောက်ကို သတ်ပြီးလျှင် အလောင်းကို ချန်ခဲ့၍ သွေးနံ့များကို လေထဲတွင် လွင့်မျောနေစေလိုက်သည်။ သူသည် ထိုအလောင်းများကို အဟန့်အတားအနေဖြင့် ချန်ခဲ့ခြင်းပင်။
အခြားအုပ်စုတစ်စုသည် ထိုအလောင်းများရှိသောနေရာကို ဖြတ်သန်းခဲ့ရပါက ချီတုံချတုံဖြစ်ကာ သူ့နောက်သို့ဆက်လိုက်မည့်အကြံကို လက်လျှော့သွားနိုင်ပေသည်။ အဘယ်ကြောင့်ဆိုသော် သူတို့သည် အလောင်းကောင်များကို မြင်လိုက်ပြီး သတ်ဖြတ်သွားသူ၏ သတ်ဖြတ်လိုသောအငွေ့အသက်များကို ခံစားသွားမိနိုင်သောကြောင့်ပင်။
ထိုကဲ့သို့ အဟန့်အတားမျိုးသည် အတန်ငယ်အသုံးဝင်သော်လည်း လူသားများသည် သူတို့၏ကံကောင်းမှုကို အမြဲစမ်းသပ်လိုနေသူများပင် မဟုတ်ပေလော။ ယေဘုယျကျကျတွေးတော၍ အလိုလောဘများကို ထိန်းချုပ်ကာ နောက်သို့ပြန်ဆုတ်သွားမည့်သူများ ရှိနိုင်သော်လည်း ထိုကဲ့သို့လုပ်မည့်သူများမှာ အနည်းငယ်သာဖြစ်ပေလိမ့်မည်။
ဝမ်ပေါင်လဲ့တစ်ယောက် သုံးချောင်းထောက်ဒယ်စောက်အိုးကလေးကို ရရှိခဲ့သည်မှာ နှစ်ရက်ရှိခဲ့ပေပြီ။ ထိုနှစ်ရက်အတွင်း သူသည် သူ၏ခန္ဓာကိုယ်ကို ထိုဒယ်စောက်အိုးကလေးနှင့် ပေါင်းစည်းရန် ကြိုးစားခဲ့၏။ သို့သော် ထိုဒယ်စောက်အိုးလေးနှင့် စတင်ပေါင်းစည်းလိုက်သည်နှင့် သူ၏ခန္ဓာကိုယ်သည် အနှောင့်အယှက်မခံနိုင် သို့မဟုတ် အထိမခံနိုင်သော အခြေအနေသို့ ရောက်သွားကြောင်းကို သူသိရှိခဲ့ရလေသည်။ အကယ်၍ သူသာ ထိုကဲ့သို့အန္တရာယ်များသောနေရာတွင် အခြေတည်အဆင့်သို့ တက်လှမ်းရန် ကြိုးစားခဲ့ပါက မတော်တဆမှုတစ်ခုဖြင့် ကြုံခဲ့ရလျှင် သူသေချာပေါက် ကျရှုံးသွားပေလိမ့်မည်။
ထို့ကြောင့် ဝမ်ပေါင်လဲ့သည် ထိုသို့တိုက်ခိုက်နေရစဉ်တွင် ဒယ်အိုးစောက်လေးနှင့် ပေါင်းစည်းမည့်အကြံကို လက်လျှော့လိုက်ရလေသည်။ သူ တောနက်အတွင်းသို့ရောက်လေလေ သူသတ်ခဲ့သောလူအရေအတွက် ပိုများလာလေလေပင်။ သူသတ်ခဲ့သောလူအရေအတွက်သည် တစ်ရာနားပင်ကပ်လာပေပြီ။
ထိုလူတစ်ရာနီးပါးအတွင်း ဆည်းဆာကြယ်စင်စုဂိုဏ်းမှလူများ၊ ယွီဟွားရှန်ထျန်းဂိုဏ်းမှလူများနှင့် ငါးဆက်မြောက် ကောင်းကင်မျိုးနွယ်မှလူများ ပါဝင်ပေသည်။ သူ့နောက်သို့လိုက်လာသူများထံတွင် သတ်ဖြတ်လိုသည့်အငွေ့အသက်များရှိနေပါက သူတို့သည် ဝမ်ပေါင်လဲ့၏ သတ်ဖြတ်မှုကို အနှေးနှင့်အမြန်ခံလိုက်ရမည်သာ ဖြစ်သည်။
သူသည် ယခင်က သတ်ဖြတ်ရာတွင် ချီတုံချတုံဖြစ်ခဲ့သော်လည်း တဖြည်းဖြည်းဖြင့် သွေးအေးလာလေတော့သည်။ သူသည်ပြေးလွှားနေရာမှရပ်၍ ရှေ့သို့ကြည့်လိုက်ရာ သူ့ရှေ့တွင် လူရှစ်ယောက်၊ ကိုးယောက် တိတ်တဆိတ်ထွက်ပေါ်လာသည်ကို တွေ့လိုက်ရ၏။
ထိုလူရှစ်ယောက်၊ ကိုးယောက်ထဲတွင် ဝမ်ပေါင်လဲ့သိသောသူ သုံးယောက်ပါလေသည်။ မကြာသေးခင်ကပင် သူသည် ထိုသုံးယောက်ထဲမှတစ်ယောက်နှင့် မိတ်ဆွေရင်းချာများသဖွယ် စကားပြောနေခဲ့သေးပေသည်။ သို့သော် ထိုသူများထွက်ပေါ်လာသည်နှင့်တပြိုင်နက် လေထဲတွင် ဖိအားများ ပေါ်လာလေတော့သည်။
ထိုသူများသည် လွှတ်တော်အမတ်များ၏ မိသားစုဝင်များ၊ သားတော်များဖြစ်ကြ၏။ ထိုသူများအထဲတွင် လီရှို့အပြင် ချန်ထျန်းမြို့တော်နှင့် ယုံလဲ့မြို့တော်တို့မှ မြို့စားများ၏ တူတော်များလည်း ပါလေသည်။
အခြားသူများမှာမူ အိမ်တော်တချို့၏ သခင်လေးများဖြစ်နိုင်ပေသည်။ ဝမ်ပေါင်လဲ့သည် ထိုသူများကို တစ်ခါမှ မမြင်ဖူးသော်လည်း သူတို့၏ ဂုဏ်အရှိန်အဝါသည် လီရှို့နှင့် သိပ်ကွာမည်မဟုတ်ကြောင်း ခန့်မှန်းမိလေသည်။
သူတို့သည် အရှေ့ရှိ တောတွင်းတစ်နေရာမှ ထွက်လာကာ များစွာအားထုတ်ထားသည့်ဟန်ဖြင့် ဗျူဟာကျကျနေရာယူလိုက်ကြ၏။ ထိုသို့သာမဟုတ်လျှင် သူတို့သည် ဝမ်ပေါင်လဲ့၏လမ်းကို အတိအကျ ပိတ်ဆို့နိုင်လိုက်မည်မဟုတ်ပေ။
ထိုနေရာသည် သူတို့ကို လကမ္ဘာအမှောင်ခြမ်း၏ နက်ရှိုင်းသောနေရာနှင့် ခြားနားပေးထားသော နေရာဖြစ်လေသည်။
“ အစ်ကိုဝမ်… ”
လီရှို့သည် စိတ်ရှုပ်ထွေးနေပြီး ချီတုံချတုံဖြစ်နေပုံ ပေါ်လေသည်။ သူသည် ဝမ်ပေါင်လဲ့၏ရန်သူ မဖြစ်လိုပေ။ ထိုဝိညာဉ်ချီများ၏ အရင်းအမြစ်ကို ပိုင်ဆိုင်ထားသူမှာ ဝမ်ပေါင်လဲ့ဖြစ်ကြောင်းကိုသာ သူသိခဲ့လျှင် ထိုနေရာသို့ သူလာခဲ့မည်မဟုတ်ချေ။ သို့သော် ထိုဝိညာဉ်ချီများထွက်ပေါ်နေသော အရင်းအမြစ်ကို ပိုင်ဆိုင်ထားသူမှာ ဝမ်ပေါင်လဲ့ဖြစ်ကြောင်း သူသိရှိသွားချိန်တွင် နောက်ကျသွားပေပြီ။
ဝမ်ပေါင်လဲ့သည်လည်း သက်ပြင်းချလိုက်၏။ သူသည် ပြီးခဲ့သော နှစ်ရက်အတွင်း၌ သတ်ဖြတ်ရာတွင် ဓမ္မလက်နက်ကို ထပ်မံအသုံးမပြုခဲ့ချေ။ ထို့ကြောင့် သူ၏ခန္ဓာကိုယ်သည် တန်ပြန်ဒဏ်မခံခဲ့ရသော်လည်း သူသည် အဖွဲ့အစည်းအသီးသီးမှ ကျင့်ကြံသူအများအပြားနှင့် ရင်ဆိုင်ခဲ့ရလေသည်။ သို့ဖြစ်ရာ သူသည် မကြာခဏဆိုသလို ဒဏ်ရာအသေးအမွှားလေးများ ရခဲ့ပြီး နောက်ဆုံးတွင် ထိုဒဏ်ရာအသေးလေးများသည် တဖြည်းဖြည်းများပြားလာခဲ့လေတော့သည်။
သူသည် ထိုဒဏ်ရာအသေးလေးများကို တောင့်ခံထားသော်လည်း ကြာရှည်တောင့်ခံထားလျှင် ဒဏ်ရာများ ပြန်၍ပွင့်သွားမည်ဖြစ်သည်။
တချိန်တည်းမှာပင် သူ၏ စိတ်အခြေအနေသည်လည်း ကြီးမားသောပြဿနာနှင့်ကြုံနေရပေသည်။ ဝမ်ပေါင်လဲ့သည် သွေးအေးရက်စက်လာသော်လည်း အဆက်မပြတ် တိုက်ခိုက်သတ်ဖြတ်နေရမှုများက သူ့ကို နွမ်းနယ်လာစေ၏။
သူသည် ရင်းနှီးသောမျက်နှာများကို မြင်လိုက်ရသောအခါ ထိုနွမ်းနယ်မှုသည် ပို၍တိုးပွားလာပေသည်။
“ အမှားကျူးလွန်ပြီး ကိုယ့်ကိုယ်ကို ဒုက္ခရောက်အောင်မလုပ်ချင်စမ်းပါနဲ့ ”
ဝမ်ပေါင်လဲ့သည် လီရှို့ကို အတန်ကြာစိုက်ကြည့်လိုက်ပြီး ဘေးသို့ပြေးထွက်ကာ တောအုပ်အတွင်း ဝင်ရောက်ပျောက်ကွယ်သွားလေသည်။ ထိုအခိုက်တွင် လီရှို့တစ်ယောက်သာ ချီတုံချတုံဖြစ်သွားသည်။ သူတို့သည် ဝမ်ပေါင်လဲ့တစ်ယောက် သူ၏ နွမ်းနယ်မှုများ၊ ဒဏ်ရာများကို တောင့်ခံနေကြောင်း သိလေသည်။ ထို့ကြောင့် အခြား၏မျက်ဝန်းများထဲတွင် သတ်ဖြတ်လိုသော အရိပ်အယောင်များ ထွက်ပေါ်လာပြီး ဝမ်ပေါင်လဲ့ ထွက်ခွာသွားသောနောက်သို့လိုက်ကာ တောအုပ်အတွင်းသို့ တစ်ယောက်ပြီးတစ်ယောင် ဝင်ရောက်ပျောက်ကွယ်သွားကြလေသည်။
လီရှို့သာ ထိုနေရာတွင် ငူငူငိုင်ငိုင်ဖြင့် ကျန်ခဲ့လေသည်။ သူသည် ဒွိဟဖြစ်နေပြီး ဝမ်ပေါင်လဲ့နောက်သို့ဆက်လိုက်ရန် ချီတုံချတုံဖြစ်နေသည်။ သူထိုသို့ချီတုံချတုံဖြစ်နေစဉ်တွင် သူ့အရှေ့တောအုပ်အတွင်းရှိ လှမ်းမမြင်နိုင်သောနေရာမှ မချိမဆန့်အော်ဟစ်လိုက်သံများ ထွက်ပေါ်လောတော့သည်။
ထိုမချိမဆန့်အော်ဟစ်သံများသည် လွန်စွာထိတ်လန့်ဖွယ်ကောင်းပြီး ထိုကဲ့သို့အော်ဟစ်လိုက်သူများသည် လွန်စွာကြောက်မက်ဖွယ်ကောင်းသောကိစ္စတစ်ခုနှင့် ကြုံတွေ့လိုက်ရသည်ဟု ယူဆနိုင်ပေသည်။ မန္တန်များ၏ အလင်းတန်းများနှင့် ကျယ်လောင်သောအသံများလည်း ပေါက်ကွဲထွက်ပေါ်လာ၏။ လီရှို့သည်ပင် တောအုပ်အတွင်းမှ ထွက်ပေါ်လာသော လျှပ်စီးတန်းများကို တွေ့လိုက်ရလေသည်။ ပတ်ဝန်းကျင်ရှိ အပင်များမှနေ၍ ညှော်နံ့များထွက်ပေါ်လာ၏။
ထိုကဲ့သို့ ပေါက်ကွဲသံများ၊ အော်ဟစ်သံများအကြားမှ ချန်ထျန်းမြို့တော်မှ မြို့စား၏ တူတော်မောင်နှင့် လွှတ်တော်အမတ်တစ်ဦးဖြင့် ပူးပေါင်းထားသော မိသားစုတစ်စုမှ သခင်လေးတစ်ဦးတို့သည် အလျင်အမြန် ပြန်ပြေးလာကြလေသည်။ သူတို့နှစ်ဦးစလုံး၏ ဖြူဖျော့နေသောမျက်နှာပေါ်တွင် ထိတ်လန့်ကြောက်ရွံ့စိတ်များ ရှိနေပေသည်။
သူတို့ အဝေးသို့မပြေးနိုင်ခင်မှာပင် အနောက်မှနေ၍ ဓားပျံတစ်ချောင်းရောက်လာပြီး ထိုနှစ်ဦးထဲမှ တစ်ဦး၏ ခေါင်းကို တိုက်ရိုက်ထွင်းဖောက်သွားလေသည်။ လွှတ်တော်ဝင်တစ်ဦးနှင့် ပူးပေါင်းထားသော မိသားစုတစ်စုမှ သခင်လေးသည် မျက်လုံးပြူးသွားကာ ထိုနေရာတွင်ပင် လဲကျသေဆုံးသွား၏။
“ ဝမ်ပေါင်လဲ့… ငါ့ဦးလေးက ချန်ထျန်းမြို့တော်ရဲ့ မြို့စားနော်… ပြီးတော့ လွှတ်တော်အမတ် ဆယ့်ခုနစ်ယောက်ထဲက တစ်ယောက်… မင်းက ငါ့ကို သတ်ရဲလို့လား ”
ချန်ထျန်းမြို့တော်မှ မြို့စား၏ တူတော်မောင်သည် မျက်စိမျက်နှာပျက်ကာ အော်ပြောလိုက်သည်။ သူသည် အော်ဟစ်ရင်းဖြင့် နောက်သို့ အလျင်အမြန်ဆုတ်နေ၏။ သူသည် တောအုပ်အတွင်းမှ ထွက်လာသော ဝမ်ပေါင်လဲ့ကို ကြည့်လိုက်၏။ သူ၏အကြည့်များထဲတွင် ကြောက်ရွံ့မှုများနှင့် ပြည့်နှက်နေပေသည်။
ဝမ်ပေါင်လဲ့၏ အဝတ်အစားများသည် သွေးများစွန်းထင်းနေ၏။ သူ၏ အသက်ရှူနှုန်းလည်းမြန်နေပေသည်။ သူ၏ နှုတ်ခမ်းစွန်းမှနေ၍ သွေးများစီးကျနေ၏။ သူသည် သူ၏အတွင်းဒဏ်ရာများကို ဆက်၍မဖိနှိပ်ထားနိုင်တော့သကဲ့သို့ လွန်စွာအားနည်းနေပုံပေါ်လေသည်။
သို့သော် သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော သတ်ဖြတ်လိုသည့်အငွေ့အသက်များသည် လွန်စွာအားကောင်းနေသေးပေသည်။
“ ရှို့ရှို့… ငါကိုကယ်ပါဦး… ငါ့ကိုကယ်ပါဦး ”
ချန်ထျန်းမြို့တော်မှ မြို့စား၏ တူတော်မောင်သည် နောက်သို့ဆုတ်ရင်း လီရှို့ကို စိတ်လှုပ်တရှား အကူအညီတောင်းလိုက်သည်။
ထိုမြင်ကွင်းကြောင့် လီရှို့တစ်ယောက် ကျောရိုးတစ်လျှောက် အေးစက်သွား၏။ ဝမ်ပေါင်လဲ့သည် အစွမ်းကြီးကြောင်း သူသိ၏။ ဝမ်ပေါင်လဲ့နှင့် ကျိုးရိရှန်တို့၏ တိုက်ပွဲကို သူမြင်ဖူးခဲ့သဖြင့် ထိုအကြောင်းကို သိခြင်းပင်။ သို့သော် သူသည် ဝမ်ပေါင်လဲ့ကို အစွမ်းကြီးသူဟု သတ်မှတ်ထားခဲ့သော်လည်း ထိုသတ်မှတ်ချက်သည် အတန်ငယ်လျှော့တွက်မိသလိုပင် ဖြစ်နေသည်ကို သဘောပေါက်သွားလေသည်။
ဝမ်ပေါင်လဲ့သည် ထိုရက်ပိုင်းအတွင်း အကြိမ်များစွာ တိုက်ခိုက်ခဲ့ရသဖြင့် ဒဏ်ရာများစွာရနေကြောင်း သူသိ၏။ ထိုသို့ဒဏ်ရာများစွာရနေသော်လည်း သူ၏အဖော်များကို သတ်ရန် အချိန်အနည်းသာလိုခဲ့ပေသည်။
သူသည် ထိုတိုက်ပွဲကို မမြင်ခဲ့ရသော်လည်း သူတို့အသုံးပြုခဲ့သည့် မန္တန်များကြောင့် ဖြစ်ပေါ်လာသော အသံများ၊ အရှိန်များမှနေ၍ ပုံဖော်ကြည့်နိုင်ပေသည်။ သူ၏အဖော်များသည် ဝမ်ပေါင်လဲ့နှင့် ယှဉ်နိုင်သောအဆင့်တွင် မရှိကြောင်း ထင်ရှားလေသည်။
ဝမ်ပေါင်လဲ့သည် အာနာပါနအထွတ်အထိပ်အဆင့်၌သာ ရှိသေးသူတစ်ဦး ဖြစ်၏။ သူသာ အခြေတည်အဆင့်သို့ ရောက်သွားမည်ဆိုလျှင် သေချာပေါက် ပို၍အစွမ်းထက်လာပေလိမ့်မည်။ လီရှို့ တုန်လှုပ်သွားသည်။ ဝမ်ပေါင်လဲ့သည် သတ်ဖြတ်လိုသောအငွေ့အသက်များဖြင့် ရှေ့သို့တိုးလာပြီး ချန်ထျန်းမြို့မှ မြို့စား၏ တူတော်မောင်သည် ကြောက်ရွံ့သောမျက်နှာထားဖြင့် နောက်သို့ဆုတ်နေသည်ကို မြင်လိုက်ရသောအခါ လီရှို့သည် ဘာသိဘာသာနေလိုက်ရန်သာ ဆုံးဖြတ်လိုက်လေသည်။
ဝမ်ပေါင်လဲ့သည်လည်း ခက်ခက်ခဲခဲ အသက်ရှူနေရ၏။ သူသည် ချန်ထျန်းမြို့တော်မှ မြို့စား၏ တူတော်မောင်ကို အေးစက်စက်မျက်ဝန်းများဖြင့် ကြည့်လိုက်သည်။ သူသည် ညာလက်ကိုမြှောက်၍ တိုက်ခိုက်ရန်ဟန်ပြင်လိုက်စဉ်တွင် ဒဏ်ရာများကို ဆက်၍တောင့်မခံနိုင်တော့ပေ။ သူ၏ ခန္ဓာကိုယ်သည် တုန်ခါသွားပြီး သွေးအမြောက်အမြားအန်လိုက်ကာ နောက်သို့ ဒယိမ်းဒယိုင်ဖြင့် ခြေလှမ်းအနည်းငယ် ဆုတ်လိုက်လေသည်။ သူသည် သူ၏ဒဏ်ရာများကို ဆက်၍ တောင့်ခံထားနိုင်သည့်ပုံ မပေါ်တော့ချေ။ သူ့အတွက် မတ်တပ်ရပ်ရန်ပင် ခက်ခဲနေပုံပေါ်ပြီး ခေါင်းငိုက်စိုက်နေလေသည်။
သို့သော် ဝမ်ပေါင်လဲ့၏ မျက်ဝန်းများအတွင်း၌ တစ်စုံတစ်ခုကို သတိကြီးကြီးထားနေဟန်ဖြင့် စူးရှသောအလင်းတစ်ချက်လက်သွားသည်ကိုမူ သူတို့မမြင်လိုက်နိုင်ပေ။
ဝမ်ပေါင်လဲ့၏ အခြေအနေကို မြင်လိုက်ရသဖြင့် ချန်ထျန်းမြို့တော်မှ မြို့စား၏ တူတော်မောင်သည် နောက်သို့ဆုတ်နေသည်ကို ရပ်တန့်လိုက်၏။ သူသည် ဝမ်ပေါင်လဲ့ကို လှမ်းကြည့်လိုက်ပြီး အခွင့်အရေးတစ်ခုကို တွေ့လိုက်ရသကဲ့သို့ မျက်ဝန်းအတွင်းရှိ ကြောက်ရွံ့တုန်လှုပ်မှုများနေရာတွင် အလိုလောဘများက အစားထိုးနေရာယူသွားလေသည်။
“ ထွက်သွားစမ်း ”
ဝမ်ပေါင်လဲ့သည် အသက်ပြင်းပြင်းတစ်ချက်ရှူ၍ ခေါင်းမော့ကာ အသံဩဩဖြင့် အော်ပြောလိုက်သည်။ သူသည် လီရှို့ကို မကြည့်လိုက်ဘဲ ထိုနေရာမှ ထွက်ခွာသွားတော့မည့်ဟန်ဖြင့် နောက်သို့ ဆုတ်သွားလိုက်၏။ သို့သော် ထိုအခိုက်တွင် ချန်ထျန်းမြို့တော်မှ မြို့စား၏ တူတော်မောင်သည် အံကြိတ်၍ ဝမ်ပေါင်လဲ့ထံသို့ ပြေးဝင်သွားလေသည်။
“ သေစမ်း ”
ထိုသူ သူ့ထံပြေးဝင်လာသည်ကို တွေ့လိုက်ရသောအခါ ဝမ်ပေါင်လဲ့သည် ဆတ်ခနဲ ခေါင်းမော့လိုက်၏။ သူ၏ မျက်ဝန်းများထဲတွင် တောက်ပနေသောအလင်းတစ်ခု ပေါ်လာလေသည်။ သူ၏ အားနည်းချက်အကုန်လုံး ရုတ်ခြည်းပျောက်ကွယ်သွားပြီး သူ့ခန္ဓာကိုယ်အတွင်းမှနေ၍ ကြောက်ခမန်းလိလိအားတစ်ခု ထွက်ပေါ်လာလေသည်။
သူသည် ဒဏ်ရာများစွာ ရရှိထားသော်လည်း ထိုဒဏ်ရာများကို မဖိနှိပ်ထားနိုင်တော့လောက်သည်အထိ မပြင်းထန်ပေ။ မကြာသေးခင်က သူ၏ အပြုအမူများသည် ဟန်ဆောင်နေခြင်းသာဖြစ်လေသည်။ ထိုသို့လုပ်ရသော သူ၏ရည်ရွယ်ချက်မှာ ချန်ထျန်းမြို့တော်မှ မြို့စား၏ တူတော်မောင်ကို သတ်ရန်မဟုတ်ပေ။ ထိုတူတော်မောင်အနောက်မှ သူ့ထံသို့ လာနေသည့် လူရိပ်ကို သတ်ရန်သာဖြစ်သည်။
ထိုလူရိပ်သည် မိန်းမပျိုတစ်ဦးပင်။ သူမ၏ အရှိန်သည် လွန်စွာလျင်မြန်ပြီး သူမ သူ့အနီးသို့ ချဉ်းကပ်လာသောအခါ သူက အစွမ်း ကုန်ထုတ်ဖော်လိုက်လေတော့သည်။
ဝမ်ပေါင်လဲ့သည် ချန်ထျန်းမြို့တော်မှ မြို့စား၏ တူတော်မောင်ကို လျစ်လျူရှုလိုက်ပြီး သူ၏လက်ထဲရှိ သတ္တမအဆင့် ဓမ္မလက်နက်ဖြစ်သော ဓားကြီးဖြင့် ထိုမိန်းမပျိုကို ပိုင်းချလိုက်သည်။
“ နောက်ဆုံးတော့ မင်းထွက်လာပြီပေါ့ ”
အနက်ရောင် လေဆင်နှာမောင်းကြီးတစ်ခု ထွက်ပေါ်လာပြီး အထဲတွင် အနက်ရောင်မိကျောင်းတစ်ကောင် ပေါ်လာလေသည်။ ဓားချက်ကြောင့် ပတ်ဝန်းကျင်သည် တုန်ခါသွားပြီး ချောင်းမြောင်းတိုက်ရန် ကြံရွယ်ထားသော ထိုမိန်းမပျိုသည် ဝမ်ပေါင်လဲ့၏ ဓားချက်က သူမထံသို့ ဝင်ရောက်လာသည်ကို တွေ့လိုက်ရသောအခါ မျက်နှာထားပြောင်းသွားလေတော့သည်။ သို့သော် သူမသည် သာမန်မိန်းမပျိုမဟုတ်ပေ။ ထိုကဲ့သို့ အန္တရာယ်များသောအခြေအနေတွင် သူမသည် သစ်သားရုပ်သုံးရုပ်ကို ထုတ်လိုက်၏။ သစ်သားရုပ်လေးများသည် ရင်ဘတ်ပေါ်တွင် လက်ကို ကြက်ခြေခတ်တင်ထားသည့် အရုပ်ကလေးများဖြစ်ပြီး ထူးဆန်းသော အရောင်အဝါများကို ထုတ်လွှတ်နေလေသည်။ ၎င်းတို့ထံမှ ထွက်ပေါ်နေသော အရောင်အဝါများသည် ဝမ်ပေါင်လဲ့၏ ဓားချက်ကို တိုက်ရိုက်ခုခံလိုက်လေသည်။
ပတ်ဝန်းကျင်တွင် ကျယ်လောင်သောအသံကြီးတစ်သံ ပဲ့တင်ထပ်သွားပြီး အားပြင်းသော တန်ပြန်လှိုင်းများ ထွက်ပေါ်လာ၏။ ထိုတန်ပြန်လှိုင်းများ ဖြတ်သန်းသွားရာတစ်လျှောက်ရှိ သစ်ပင်များ အပြင်းအထန်လှုပ်ယမ်းသွားပြီး မြေကြီးသည်လည်း တုန်ခါသွားလေသည်။ ထိုတန်ပြန်လှိုင်းများသည် ဝမ်ပေါင်လဲ့ထံပြေးဝင်လာသော ချန်ထျန်းမြို့တော်မှ မြို့စား၏ တူတော်မောင်ကိုလည်း ရိုက်ခတ်သွားပြီး သူ့ခန္ဓာကိုယ်အတွင်းရှိ အရိုးများအားလုံးကို ချိုးပစ်လိုက်လေသည်။ သူသည် အော်ရန်ပင် အချိန်မရလိုက်ဘဲ အရုပ်ကြိုးပြတ်လဲကျကာ သေဆုံးသွားလေတော့သည်။
သူသေဆုံးသွားခြင်းကို မည်သူမှ သတိမပြုမိလိုက်ပေ။ ဝမ်ပေါင်လဲ့သည် သွေးများအန်လိုက်ပြီး လက်ထဲတွင် ဓားကြီးကိုကိုင်၍ မြေပေါ်သို့ပြန်ကျလာ၏။ သစ်သားရုပ်သုံးရုပ်သည်လည်း ပေါက်ကွဲသွားပြီဖြစ်သည်။ မိန်းမပျိုသည် မကျေမနပ်အော်ဟစ်လိုက်ပြီး ဓားချက်ကို ရှောင်ရန် အကောင်းဆုံးကြိုးစားခဲ့သည်။ သို့သော် သူမသည် အဓိကကိုယ်အင်္ဂါအစိတ်အပိုင်းများကို မထိသွားအောင်သာ ရှောင်နိုင်လိုက်ပြီး သူမ၏ညာလက် ပြတ်ထွက်သွားလေတော့သည်။
သေစိမ်းရှင်ရှင် ပန်းထွက်လာ၏။ မိန်းမပျို၏ ဆံပင်များသည် ဖရိုဖရဲဖြစ်နေပေပြီ။ သူမ၏ မျက်နှာသည် ဖြူဖပ်ဖြူရော်ဖြစ်နေပြီး သူမ၏အကြည့်များထဲတွင်လည်း အမုန်းတရားများဖြင့် ပြည့်နှက်နေ၏။ သူမ၏ ပါးစပ်အတွင်းမှ သွေးများအန်ထွက်လာ၏။ သူမတစ်ကိုယ်လုံးတွင် သွေးများဖြင့်လွှမ်းနေပေပြီ။ သူမသည် အဝေးသို့ လျင်မြန်စွာ ထွက်ပြေးသွားပြီး ဝေဟင်၍ သူမ၏ သွေးရူးသွေးတန်းအော်လိုက်သံ ပဲ့တင်ထပ်သွားလေသည်။
“ ဝမ်ပေါင်လဲ့ … ဘယ်လောက်ပဲ ဘဝခြားနေပါစေ ငါ ချန်ဟွေ့ နင့်ကိုရအောင်သတ်ပြီး နင့်ရဲ့ ဝိညာဉ်ကို ဖျက်ဆီးပစ်မယ်လို့ ကျိန်ဆိုတယ် ”