Switch Mode

အခန်း ( ၂၅၉ )

မင်းရဲ့ဆရာကို အာခံချင်နေတာလား

တချို့က အသတ်ခံလိုက်ရ၏။ တချို့က လက်လျှော့သွားကြ၏။ တချို့က ဆက်၍လိုက်နေကြ၏။ ဝမ်ပေါင်လဲ့ ကိုယ်ပေါ်မှ ထွက်ပေါ်နေသော ဝိညာဉ်ချီများ၏ အရင်းအမြစ်မှ တောက်ပမှုသည် မီးတိုင်တစ်ခုဟူသော သတ်မှတ်ချက်ကို ကျော်လွန်ခဲ့ပေပြီ။ ၎င်းသည် တောက်လောင်နေသော မီးတောင်ကြီးတစ်ကောင်ကဲ့သို့ ဖြစ်နေပေပြီ။ မိုင်နှစ်ထောင်ပတ်လည်အတွင်းရှိ ကျင့်ကြံသူများသည် ထိုဝိညာဉ်ချီများကို ချက်ချင်းအာရုံခံနိုင်လာပြီဖြစ်သည်။

အထူးသဖြင့် မိုင်ရာချီပတ်လည်အတွင်းရှိ ကျင့်ကြံသူများသည် ထိုဝိညာဉ်ချီများကို အာရုံခံမိလိုက်သည်နှင့် ရုတ်ခြည်း စိတ်လှုပ်ရှားလာကြလေတော့သည်။ တစ်ပါးသူထံမှ လုယက်ခြင်းသည် မကောင်းကြောင်း သူတို့သိသော်လည်း သူတို့ရင်ထဲရှိ အလိုလောဘများနှင့် အသေးငယ်ဆုံး ‌ငွေရောင်မျှော်လင့်ချက်လေးများကြောင့် ထိုဝိညာဉ်ချီများထွက်ပေါ်လာရာသို့ သွားနေကြဆဲပင်။

ဥပမာအားဖြင့် ထိုဝိညာဉ်ချီများကို အာရုံခံနိုင်သည့် အဝန်းအဝိုင်းအတွင်း ဆည်းဆာကြယ်စင်စုဂိုဏ်းမှ တပည့် ခုနစ်ဆယ်ကျော် ရှစ်ဆယ်ခန့်ရှိနေလေသည်။ သူတို့သည် ထိုနေရာတစ်ခုလုံးတွင် လူခွဲကာ အကျိုးအပဲ့များကို တစ်ဦးချင်း ရှာဖွေနေကြခြင်းပင်။ သို့သော် သူတို့သည် ထိုဝိညာဉ်ချီများကို အာရုံခံမိလိုက်သောအခါ မျက်ဝန်းများထဲတွင် အေးစက်စက်အလင်းများ ဖြတ်သန်းသွားပြီး ဦးတည်ရာတစ်ခုတည်းသို့ စတင်ပြေးသွားလိုက်ကြသည်။

ဆည်းဆာကြယ်စင်စုဂိုဏ်းအပြင် ငါးဆက်မြောက် ကောင်းကင်မျိုးနွယ်မှလူများလည်း ရှိပေသေးသည်။ လကမ္ဘာအမှောင်ခြမ်းတွင် ဖြစ်ပျက်နေသည်များကို ငါးဆက်မြောက် ကောင်းကင်မျိုးနွယ်မှ လူအားလုံး သိသည်မဟုတ်ပေ။ ငါးဆက်မြောက် ကောင်းကင်မျိုးနွယ်သည် မျိုးနွယ်မိသားစုအများအပြား ပေါင်းစည်းဖွဲ့စည်းထားသော အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ထိုမိသားစုများသည် တစ်စုနှင့်တစ်စု အမြဲမပြတ် ပဋိက္ခများဖြစ်နေကြသည်မဟုတ်ပေလော။ ထိုအခိုက်တွင် ငါးဆက်မြောက် ကောင်းကင်မျိုးနွယ်မှ တပည့်များသည် လကမ္ဘာပေါ်ရှိ အကျိုးအပဲ့များကို ရှာဖွေနေကြ၏။ သူတို့သည်လည်း ဝမ်ပေါင်လဲ့ထံမှ ထွက်ပေါ်လာသော ဝိညာဉ်ချီများကို အာရုံခံမိလိုက်သောအခါ သွက်လက်ပေါ့ပါးလာကြပြီး ထိုနေရာသို့ အလျင်အမြန်သွားလိုက်ကြလေသည်။

ယွီဟွားရှန်ထျန်းဂိုဏ်းမှ တပည့်များသည်လည်း ထို့အတူပင်။ ထိုနိုင်ငံရေးအင်အားစုကြီး သုံးစုအပြင် လွှတ်တော်ဝင်များဖြစ်ကြသောမြို့စားများ၏ မျိုးဆက်များနှင့် အမွေခံများ၊ လွှတ်တော်နှင့် ပူးပေါင်းထားသည့် နိုင်ငံရေးအင်အားစုအသေးလေးများမှလူများသည်လည်း ထိုမိုင်နှစ်ထောင်အဝန်းအဝိုင်းအတွင်း အင်အားတစ်ရာကျော်မျှ ရှိနေလေသည်။

သူတို့သည် ထိုအဝန်းအဝိုင်းအတွင်းရှိ မည်သည့်နေရာတွင် ရှိနေသည်ဖြစ်စေ အခြားသူများနည်းတူ ထိုဝိညာဉ်ချီများထွက်ပေါ်လာရာနေရာသို့ ဦးတည်သွားလိုက်ကြသည်။

ထိုသူများအထဲတွင် ဂုဏ်ရှိန်ကြီးသည့် လီရှို့ကဲ့သို့ လူများလည်းပါ၏။ လီရှို့အပြင် အခြားနှစ်ဦးပါလေသည်။ တစ်ဦးမှာ ချန်ထျန်းမြို့တော်မှ မြို့စား၏တူတော်ဖြစ်ပြီး ကျန်တစ်ဦးမှာ ယုံလဲ့မြို့တော်မှ မြို့စား၏ တူတော်ဖြစ်သည်။

ထိုနှစ်ဦးသည် အာဏာယစ်မူးကာ နိုင်ထက်စီးနင်းလုပ်တတ်သူများ ဖြစ်လေသည်။ သူတို့သည် ကောင်းကင်သစ်သီးစားပွဲသို့လည်း တက်ရောက်ခဲ့ကြ၏။ သူတို့သည် ယခုတွင် လကမ္ဘာပေါ်သို့ ရောက်နေပြီး အခြေတည်အဆင့်သည် သူတို့နှင့်လက်တစ်ကမ်းအကွာတွင်ရှိနေသည်ဖြစ်ရာ ထိုဝိညာဉ်ချီများကို အာရုံခံမိလိုက်သောအခါ သူတို့တွင် အလျှော့ပေးရန်အကြောင်းမရှိချေ။

နိုင်ငံရေးအင်အားစုအားလုံးသည် ထိုဝိညာဉ်ချီများထွက်ပေါ်နေသောနေရာသို့ ဦးတည်သွားနေကြသည်။ သူတို့သည် ဝမ်ပေါင်လဲ့ကို ဗဟိုပြု၍ အရပ်မျက်နှာအနှံ့တွင် မိုင်ထောင်ချီပြန့်ကားနေသည့် ကြီးမားသောဝဲကတော့ကြီးတစ်ခုကို ပြုလုပ်နေသကဲ့သို့ပင်။

ထိုအခြေအနေ၏ အစပြုရာဖြစ်သော ဝမ်ပေါင်လဲ့သည် လက်ရှိတွင် တောအုပ်အတွင်း၌ ပြေးလွှားနေပြီး အချိန်ကို တိတ်တဆိတ်ရေတွက်နေလေသည်။ သူသည် အသေအကျေတိုက်ခိုက်ရန် မကြောက်ပေ။ သို့သော် သူသည် ထိုကဲ့သို့ သွေးစာနေသောလူမဟုတ်ပေ။ အကယ်၍ တစ်စုံတစ်ယောက်ကိုမှ မသတ်လိုက်ရဘဲ ထိုအခြေအနေကိုဖြေရှင်းနိုင်မည့်နည်းလမ်းရှိပါက ထိုနည်းလမ်းအတိုင်း မတုံ့မဆိုင်းပြုလုပ်မည်ဖြစ်သည်။

ထိုအရာသည် သူပြုလုပ်ရန် ကြံထားသောအရာပင်။ သူသာ သုံးရက်အချိန်ဆွဲထားနိုင်လျှင် သူ့အတွက် အခွင့်အရေးတစ်ခုရရှိပေလိမ့်မည်။ သူသည် ထိုသုံးရက်အတွင်း အခြေတည်အဆင့်သို့ တက်လှမ်းနိုင်ပေသည်။ ထိုအကြံသည် အကြံကောင်းတစ်ခုပင်။ သို့သော် ထိုအကြံကို အကောင်အထည်ဖော်ရန် မလွယ်ကူချေ။

ဝမ်ပေါင်လဲ့တစ်ယောက် တောအုပ်ကို ဖြတ်သန်းပြေးလွှားနေရင်းမှာပင် ရုတ်တရက် မျက်ဝန်းအတွင်းတွင် အလင်းတစ်ချက်လက်သွားလေသည်။ သူသည် ညာလက်မြှောက်၍ သူ့အနောက်သို့ ဝှေ့ယမ်းလိုက်သည်။ သူ၏ ဝိညာဉ်ချီများထွက်သွားပြီး သူ၏ညာလက်ပေါ်တွင် လျှပ်စီးတန်းများသည် မြွေတစ်ကောင်ကဲ့သို့ ရစ်ပတ်သွားကာ သူထံသို့ ပျံသန်းလာသည့် ဓားပျံတစ်ချောင်းကို ဖမ်းလိုက်လေသည်။

ဓားပျံသည် အနက်ရောင်ဖြစ်ပြီး ၎င်း၏ဓားသွားပေါ်တွင် ဆန်းကြယ်သောအလင်းတစ်ခု တောက်ပနေ၏။ ဓားသွားပေါ်တွင် အဆိပ်တစ်မျိုးပါသည့်ပုံပင်။ ဝမ်ပေါင်လဲ့သည် ထိုဓားပျံကို လမ်းတစ်ဝက်တွင်ပင် ရပ်တန့်လိုက်ခြင်းဖြစ်ပြီး လျှပ်စီးတန်းများသည် ထိုဓားပျံကိုရစ်ပတ်လိုက်ကာ ၎င်းထွက်ပေါ်လာသော‌နေရာဆီသို့ ပြန်ပစ်လွှတ်လိုက်သည်။

သူ၏ တုံပြန်မှုများသည် ရေကဲ့သို့ ပြေပြစ်၍ အလွန့်အလွန် လျင်မြန်ပေသည်။ ရုတ်ခြည်းအတွင်းမှာပင် နာကျင်စွာ အော်ဟစ်သံတစ်သံ ထွက်ပေါ်လာ၏။ တောနက်အတွင်းမှ လူရိပ်တစ်ခု ထွက်ပေါ်လာ၏။ ထိုသူသည် သူ့ရင်ဘတ်ကိုသူဖိ၍ နောက်သို့လျင်မြန်စွာဆုတ်သွားလေသည်။

သူ အဝေးသို့ မရောက်နိုင်ခဲ့ချေ။ သူ၏တစ်ကိုယ်လုံးတုန်ရင်ကာ ပြာနှမ်းသွားပြီး မြေပြင်ပေါ်သို့ လဲကျသေဆုံးသွားလေတော့သည်။

သူ့နဖူးပေါ်တွင် အက်ကြောင်းတစ်ခုရှိလေသည်။ ထိုအက်ကြောင်းအတွင်းမှ မီးခိုးရောင်ခြင်တစ်ကောင်ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်ရှိ တောအုပ်အတွင်းသို့ဝင်ကာ ပျောက်ကွယ်သွားလေသည်။

‘ နောက်တစ်ယောက်လား… ’
ဝမ်ပေါင်လဲ့၏ မျက်နှာထား အေးစက်မာကြောသွား၏။ သူသည် ထိုလူ၏ အဝတ်အစားများကို မှတ်မိသွားသည်။ ထိုလူသည် ဆည်းဆာကြယ်စင်စုဂိုဏ်းမှ တပည့်တစ်ယောက်ပင်။ ဝတ်ရုံအနက်နှင့် လူငယ်ကို ထည့်မတွက်လျှင် ထိုလူသည် သူတွေ့သည့် ခုနစ်ယောက်မြောက် ဆည်းဆာကြယ်စင်စုဂိုဏ်းမှတပည့်ဖြစ်သည်။

သူတို့အားလုံးသည် ပုန်းကွယ်ခြင်းအတတ်တွင် အလွန်ကျွမ်းကျင်သည့် တမူထူးခြားသော အမူအကျင့်ရှိသူများပင်။ သူတို့သည် ချုံခိုတိုက်ခိုက်ခြင်းကိုလည်း ကျွမ်းကျင်ကြသည်။ အကယ်၍ ဝမ်‌ပေါင်လဲ့ထံတွင်သာ ခြင်များ၏ အမြင်မရှိပါက သူ့အနေဖြင့် ထိုသူများကို ရှင်းရှင်းလင်းလင်း အာရုံခံနိုင်ရန် မလွယ်ပေ။

ဝမ်‌ပေါင်လဲ့သည် အလောင်းကို စစ်ဆေးမနေတော့ပေ။ သူသည် တောနက်အတွင်းသို့ ဆက်၍ဝင်သွားရန် ဟန်ပြင်လိုက်စဉ်မှာပင် မျက်ဝန်းများအတွင်း၌ အလင်းတစ်ချက် ဖြတ်သန်းသွားလေသည်။ သူ နောက်သို့ လျင်မြန်စွာဆုတ်လိုက်၏။ သူနောက်သို့ဆုတ်လိုက်သည်နှင့်တပြိုင်နက် သူ့ဘေးနှစ်ဖက်မှနေ၍ ကျယ်‌လောင်သောအသံကြီးတစ်ခုဖြင့်အတူ မန္တန်ဆယ်ခုမှ အလင်းများထွက်ပေါ်လာပြီး သူ့ပတ်လည်ရှိ သစ်ပင်များကို ဖျက်ဆီးပစ်လိုက်ကြသည်။ မကြာခင်က ဝမ်‌ပေါင်လဲ့ ရပ်နေခဲ့သောနေရာသည် တုန်ခါသွားပြီး လေထဲတွင် သစ်ကိုင်းကျိုးများနှင့် စုတ်ပြဲနေသောသစ်ရွက်များ ဝဲလွင့်နေကြသည်။

အကယ်၍ ဝမ်ပေါင်လဲ့သာ အချိန်မီမရှောင်ခဲ့ပါက သူ့အား ထိုမန္တန်ဆယ်ခု ထိမှန်သွားမည်ဖြစ်သည်။

သူနောက်သို့ဆုတ်လိုက်သည်နှင့် သူ့ဘေးနှစ်ဖက်ရှိ တောအုပ်အတွင်းမှနေ၍ လူနှစ်ဆယ်ခန့်ထွက်ပေါ်လာ၏။ ထိုသူများသည် ငါးဆက်မြောက် ကောင်းကင်မျိုးနွယ်မှဖြစ်ကြ၏။ သူတို့သည် ဝမ်ပေါင်လဲ့ မကြာသေးခင်ကကြုံတွေ့ခဲ့ရသော ငါးဆက်မြောက် ကောင်းကင်မျိုးနွယ်မှတပည့်များနှင့် မိသားစုမတူပေ။ သို့သော် သူတို့မျက်ဝန်းများအတွင်းရှိ အလိုလောဘများနှင့် သတ်ဖြတ်လိုစိတ်များသည် အတူတူပင်ဖြစ်လေသည်။

သူတို့သည် စကားပြော၍ အချိန်ဖြုန်းမနေကြဘဲ ထွက်ပေါ်လာသည်နှင့်တပြိုင်နက် အလိုလောဘများပြည့်နှက်နေသော မျက်ဝန်းများဖြင့် ဝမ်ပေါင်လဲ့ထံသို့ ပြေးဝင်သွားကြလေသည်။ သူတို့သည် ဝမ်ပေါင်လဲ့ကို တစ်ခါမျှပင် တွေ့ဖူးသူများမဟုတ်သည့်အပြင် သူနှင့်မည်သည့်ရန်ငြိုးရန်စမှလည်း မရှိပေ။ သို့သော် ထိုအခိုက်တွင် သူတို့၏မျက်လုံးထဲ၌ ထိုကဲ့သို့များပြားသော ဝိညာဉ်ချီများထုတ်ပေးနေသည့် အရင်းအမြစ်တစ်ခုကို ပိုင်ဆိုင်ထားသူသည် သူတို့၏ရန်သူသာဖြစ်လေသည်။ သူတို့သည် ထိုပစ္စည်းကို ဝမ်‌ပေါင်လဲ့ထံမှ လုယူလိုက်ပါက မည်သည့်နောက်ဆက်တွဲပြဿနာများနှင့် ကြုံတွေ့ရမည်ကို လောဘဇောဖုံးနေသဖြင့် မတွေးနိုင်ကြသေးပေ။ သူတို့သည် အရင်ဆုံး ထိုပစ္စည်းကိုသာ လုယူလိုနေပေသည်။

ဝမ်ပေါင်လဲ့သည် ဆုံးဖြတ်ချက်မပြတ်သားသောသူတစ်ဦး မဟုတ်ပေ။ သူသည် သတ်ဖြတ်ရခြင်းကိုလည်း မနှစ်သက်ပေ။ သို့သော် သူသာ လိုအပ်သည့်အချိန်သုံးရက်ကို မရနိုင်လျှင် သူ့တွင် အခြားရွေးချယ်စရာမရှိတော့ပေ။

‘ ငါ့မှာ တခြားရွေးစရာမရှိ‌တော့ဘဲ အချိန်သုံးရက်ရအောင် လူသတ်ပြီးယူရတော့မယ်ဆိုရင်လည်း လုပ်ရတော့မှာပဲ ’
ဝမ်ပေါင်လဲ့၏ မျက်ဝန်းများထဲတွင် ခက်ထန်သောအလင်းတစ်ချက် ဖြတ်သန်းသွား၏။ ထို ငါးဆက်မြောက် ကောင်းကင်မျိုးနွယ်မှ လူနှစ်ဆယ်ခန့် သူ့ထံသို့ ပြေးဝင်လာကြစဉ်တွင် သူက ရှောင်လိုက်ပြီး ညာလက်ဖြင့် လက်ဟန်များပြုလုပ်လိုက်သည်။ လျှပ်စီးတန်းများ ရုတ်ခြည်းထွက်ပေါ်လာပြီး လေထဲတွင် လျှပ်စီးသံလိုက်ကွန်ရက်တစ်ခု ပျံထွက်သွား၏။ ထိုလျှပ်စီးတန်းများသည် လျှပ်စီးဓားများအဖြစ် ပြောင်းလဲသွားပြီး ရန်သူများထံသို့ ပျံသန်းဝင်ရောက်သွားလေသည်။

တိုက်ခိုက်မှုသည် ထိုမျှဖြင့် မပြီးဆုံးသေးပေ။ ဓမ္မလက်နက်အဆောင်၏ လက်ထောက်အဆောင်မှူးဖြစ်သော ဝမ်ပေါင်လဲ့ထံတွင် နတ်ဘုရားရတနာအများအပြား ရှိလေသည်။ သူသည် သူ့တွင်ရှိသည့် နတ်ဘုရားရတနာအချို့ကို အသုံးပြုခဲ့ပြီးဖြစ်သော်လည်း သူ့ထံတွင် နတ်ဘုရားရတနာ အလုံအလောက်ကျန်သေးပေသည်။ သူသည် လက်တစ်ချက်ဝှေ့ယမ်းလိုက်ပြီး ဆီးနှင်းဓားပျံ တစ်ဒါဇင်ကို ဆင့်ခေါ်လိုက်ပြီးနောက် ပေါက်ကွဲပုတီးစေ့ လက်တစ်ဆုပ်စာကိုထုတ်၍ ပစ်လွှတ်လိုက်သည်။ ရုတ်တရက် ကျယ်လောင်သော ပေါက်ကွဲသံကြီးများထွက်ပေါ်လာပြီး ကောင်းကင်နှင့် မြေပြင် တုန်ခါသွား၏။

ထိုပရမ်းပတာအခြေအနေအတွင်း ငါးဆက်မြောက် ကောင်းကင်မျိုးနွယ်မှ လူနှစ်ဆယ်ခန့်သည်လည်း သူတို့၏ နတ်ဘုရားရတနာများကို ထုတ်လိုက်ကြပြီး မန္တန်များကို အသုံးပြုလိုက်ကြသည်။ ဝမ်‌ပေါင်လဲ့၏ပုံရိပ် ဝေဝါးသွား၏။ လျှပ်စီးနဂါးတစ်ကောင် ထွက်ပေါ်လာသကဲ့သို့ လေထဲတွင် အေးစက်စက်အငွေ့အသက်တစ်ခု ရုတ်တရက်ထွက်‌ပေါ်လာလေသည်။ ဝမ်‌‌ပေါင်လဲ့သည် ထိုသူများထဲမှတစ်ယောက်၏အနောက်တွင် ရုတ်တရက်ပေါ်လာပြီး တုံ့ဆိုင်းခြင်းမရှိဘဲ ထိုသူကိုလက်ဝါးဖြင့် ရိုက်ချလိုက်လေသည်။

ထိုသူ၏ မျက်နှာပေါ်တွင် ခံစားချက်များ ဖြတ်သန်းသွား၏။ သူသည် နောက်သို့လျင်မြန်စွာဆုတ်၍ ထိုလက်ဝါးချက်ကို ကာကွယ်ရန် ကြိုးစားလိုက်သော်လည်း အချည်းနှီးသာ။ သူ၏ ရင်ဘတ်သည် အတွင်းသို့ ချိုင့်ဝင်သွားပြီး သူ့ပါးစပ်မှနေ၍ သွေးများစီးကျလာလေသည်။ သူသည် ကြောက်မက်ဖွယ်အော်ဟစ်လိုက်ပြီး ကြိုးပြတ်သွားသော စွန်တစ်စင်းသဖွယ် မှောက်လျက်လဲကျသွားလေတော့သည်။ ဝမ်ပေါင်လဲ့သည် တစ်ချက်မျှပင် တုံ့ဆိုင်းခြင်းမရှိဘဲ နောက်လှည့်၍ အခြားသူတစ်ဦး၏ခွကြားကို ကျင်လည်စွာ ကန်လိုက်သည်။ ထိုအကန်ခံလိုက်ရသူသည် သူ၏ ညာလက်ဖြင့် ခုခံရန် ကြိုးပမ်းလိုက်သော်လည်း အလုပ်မဖြစ်ခဲ့ပေ။

ဝမ်‌ပေါင်လဲ့၏ကန်ချက်က ထိုသူ၏ခွကြားသို့ ကျရောက်သွားသောအခါ လက်ကျိုးသံတစ်ချက်ကို ကြားလိုက်ရ၏။ လေထဲတွင် မချိမဆန့်အော်သံကြီးတစ်သံ ပဲ့တင်ထပ်သွားလေသည်။ ထိုသူ၏ တစ်ကိုယ်လုံး ဆန့်ငင်ဆန့်ငင်ဖြစ်သွားပြီး မြေပေါ်သို့ လဲကျသေဆုံးသွားလေတော့သည်။

လူနှစ်ယောက်ကို ဆက်တိုက်သတ်လိုက်သဖြင့် ဝမ်‌ပေါင်လဲ့၏ တိုက်ခိုက်လိုစိတ်များ ပို၍ ပြင်းထန်လာပေသည်။ ထိုသူများကလည်း သူ့ကိုသတ်ရန် ကြံရွယ်နေကြောင်း သူသိ၏။ သူ့တွင် ‌ရွေးစရာနှစ်ခုရှိလေသည်။ သတ်မည်လော၊ သေမည်လော။

“ မင်းတို့အကုန်လုံးကို ငါ သတ်ပစ်မယ်ကွ ”
ဝမ်ပေါင်လဲ့ ကြုံးဝါးလိုက်၏။ သူသည် ရှေ့သို့ပြေးဝင်သွားပြီး ထိုကျင့်ကြံသူနှစ်ဆယ်ခန့်နှင့် တိုက်ခိုက်ကာ သေခြင်းတရားကို မျက်ဝါးထင်ထင်ပြပေးခဲ့လေသည်။

ဆယ့်ငါးမိနစ်ခန့်ကြာပြီးနောက် မြေပြင်ပေါ်တွင် အလောင်းများပြန့်ကျဲနေပေပြီ။ ထိုငါးဆက်မြောက် ကောင်းကင်မျိုးနွယ်မှ လူနှစ်ဆယ်ခန့်တွင် နှစ်ယောက်သာကျန်လေတော့သည်။ သူတို့၏ မျက်နှာများတွင် သွေးများစွန်းထင်နေပြီး သူတို့၏မျက်ဝန်းများတွင်လည်း ကြောက်ရွံ့မှုများ၊ ရှုပ်ထွေးမှုများနှင့် ပြည့်နှက်နေလေသည်။ သူတို့သည် သူတို့၏ ရူးသွပ်မှုများ၊ လောဘဇောတက်နေမှုများမှနေ၍ နိုးထလာပေပြီ။ သူတို့သည် တုန်တုန်ရင်ရင်အော်ဟစ်၍ အလျင်အမြန်ထွက်ပြေးသွားကြသည်။

ဝမ်‌ပေါင်လဲ့ အတန်ငယ် ပင့်သက်ရှိုက်လိုက်၏။ သူသည် ဒဏ်ရာအများအပြားမရလိုက်ပေ။ သို့သော် အာနာပါနအထွတ်အထိပ်အဆင့်ရှိနေသော ကျင့်ကြံသူနှစ်ဆယ်ခန့်နှင့် တိုက်ခိုက်ရခြင်းသည် လွန်စွာပင်ပန်းစေလေသည်။ သို့သော် ဓမ္မလက်နက်မှ တန်ပြန်ခံရသောဒဏ်နှင့်နှိုင်းစာလျှင် မပြောပလောက်ချေ။ ထိုမျှလောက်ကိုမူ ဝမ်ပေါင်လဲ့ ခံနိုင်ပေသေးသည်။

ဝမ်ပေါင်လဲ့သည် ထွက်ပြေးသွားသောလူနှစ်ယောက်ကိုကြည့်၍ မျက်မှောင်ကြုတ်လိုက်၏။ သူသည် ထိုသူများအနောက်သို့ လိုက်ရန်အစီအစဉ်မရှိပေ။ သို့သော် သူထွက်သွားရန် ပြင်လိုက်စဉ်မှာပင် အော်သံနှစ်သံ ရှေ့ဆင့်နောက်ဆင့် ထွက်ပေါ်လာသည်ကို ကြားလိုက်ရလေသည်။

ဝမ်ပေါင်လဲ့၏မျက်ဝန်းများ အရောင်တစ်ချက်လက်သွား၏။ သူသည် ထိုသူများကိုသတ်ရန် ခြင်များကို အမိန့်မပေးခဲ့ပေ။

မီးခိုးရောင်ခြင်သည် လျင်မြန်စွာပျံသန်းလာပြီး ဝမ်ပေါင်လဲ့ရှေ့တွင် ဝဲနေ၏။ မီးခိုးရောင်ခြင်သည် အကြိမ်များစွာသတ်ဖြတ်ခဲ့သဖြင့် ၎င်း၏ဝိညာဉ်ချီသည် ပြောင်းလဲသွားခဲ့ပေပြီ။ သေချာဂရုတစိုက်ကြည့်မည်ဆိုလျှင် ထိုမီးခိုးရောင်ခြင်မှ ထွက်ပေါ်နေသည့် သွေးဆာနေသော အရိပ်အယောင်များကို ရှင်းရှင်းလင်းလင်းသိရှိနိုင်ပေလိမ့်မည်။

၎င်းသည် ထိုကဲ့သို့ အမိန့်မနာခံသည့် လက္ခဏာများကို ဝမ်ပေါင်လဲ့ရှေ့တွင် ပထမဆုံးအကြိမ်ပြသခြင်းပင်။ ၎င်းသည် ကြမ်းကြုတ်စွာ တဝီဝီ ပျံသန်းနေပြီး ရန်လိုသော အရိပ်အယောင်များနှင့် ပြည့်နှက်နေလေသည်။ ထိုတဝီဝီမြည်သံများထွက်ပေါ်လာသောအခါ ပတ်ဝန်းကျင်ရှိ တောအုပ်အတွင်းမှ အခြားခြင်ကိုးကောင် ထွက်ပေါ်လာကာ ဝမ်ပေါင်လဲ့ကို ဝန်းရံလိုက်ပြီး ထိုမီးခိုးရောင်ခြင်ကို ရန်လိုတော့မည့်ဟန် ပြသလိုက်လေသည်။ ကိုးကောင် တစ်ကောင်ယှဉ်တော့မည်ပုံပင်။

“ မင်းကို ငါဖန်ဆင်းထားတာပါကွ။ မင်းက ကိုယ့်ဆရာကိုပြန်ပြီး အာခံရဲတယ်‌ပေါ့လေ။ မင်းတော်‌တော်သတ္တိရှိလာပြီပေါ့… ဟုတ်လား ”
ဝမ်ပေါင်လဲ့ နှာခေါင်းရှုံ့လိုက်၏။ သူ၏ ကိုယ်တွင်းရှိ ဓားအိမ်သည် စတင်လည်ပတ်လာပြီး ရုတ်ခြည်းပင် ချုပ်နှောင်အားတစ်ခုထွက်ပေါ်လာပြီး မီးခိုးရောင်ခြင်ကို လွှမ်းခြုံသွားလေသည်။ မီးခိုးရောင်ခြင်သည် အပြင်းအထန်တုန်ခါသွား၏။ ၎င်း၏ခန္ဓာကိုယ်တွင် ပြိုကွဲမှုလက္ခဏာများ စတင်ပြလာပေသည်။

ဓားအိမ်ကိုပိုင်ဆိုင်ထားသော ဝမ်ပေါင်လဲ့အနေဖြင့် ထိုခြင်၏အသက်ကို သူ၏လက်ခုပ်ထဲတွင် ကိုင်ထားနိုင်လေသည်။

တဒင်္ဂမျှကြာပြီးနောက် မီးခိုးရောင်ခြင်သည် ငဲ့ညှာပေးရန် စတင်အော်ဟစ်လိုက်လေသည်။ ၎င်း၏အတွေးများသည် ဝမ်ပေါင်လဲ့၏စိတ်အတွင်း၌ ပေါ်လာ၏။ ထို့ကြောင့် သူ၏မျက်ဝန်းထဲတွင် အံ့အားသင့်သော အရိပ်အယောင်များ ပေါ်လာလေသည်။ သူသည် ဓားအိမ်၏အစွမ်းများကို ပြန်ရုတ်သိမ်းလိုက်သည်။

“ ဒီလိုမျိုး ထပ်ဖြစ်လာလို့ကတော့ ငါမင်းရဲ့ နှာမောင်းကို ဖျက်ဆီးပစ်မယ် ”
ဝမ်ပေါင်လဲ့ အေးစက်စက်ပြောလိုက်ပြီး နောက်သို့လှည့်ကာ ထွက်သွားလေတော့သည်။

မီးခိုးရောင်ခြင်သည် တစ်ခဏမျှ ရပ်တန့်နေပြီး ဝမ်ပေါင်လဲ့နောက်သို့ လိုက်သွားလေသည်။ ၎င်းသည် အခြားခြင်များနှင့်အတူပြန်ပူးပေါင်းလိုက်ပြီးနောက် တစ်ကောင်စီခွဲထွက်၍ အဝေးသို့ပျံသန်းကာ ဝမ်ပေါင်လဲ့၏အမြင်ကို တိုးချဲ့ပေးလိုက်ပြီး တချိန်တည်းမှာပင် သူတို့၏ဆရာကိုလည်း ကာကွယ်နေကြလေတော့သည်။

Comment

Leave a Reply

Options

not work with dark mode
Reset