Switch Mode

အခန်း ( ၂၅၈ )

မင်းက ဓမ္မလက်နက်ကျင့်ကြံသူဆိုတော့ကော ဘာဖြစ်သေးလဲ

ဝမ်ပေါင်လဲ့သည် သုံးချောင်းထောက်ဒယ်စောက်အိုးလေးကို ပိုင်ဆိုင်ထားရခြင်း၏ နောက်ဆက်တွဲပြဿနာများကို သိရှိပြီးဖြစ်သည်။ သူ့အရှေ့တွင် မည်သည့်အရာများ စောင့်ကြိုနေကြောင်းကို သူသိ၏။ လကမ္ဘာ ချိတ်ပိတ်ခံလိုက်ရပြီးနောက် နေရာတိုင်းတွင် အန္တရာယ်ရှိသည်ကိုလည်း သူသိလေသည်။

သို့သော် သူသည် ထိုရတနာကိုသုံး၍ အခြေတည်အဆင့်ကို တက်လှမ်းရန် ဆုံးဖြတ်ခဲ့ပေသည်။
‘ ငါ အဆင့်မြင့်အရာရှိတွေရဲ့ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိတွေကနေပြီး သင်ယူခဲ့ရတာက လူလူချင်းဆက်ဆံရေးတွေတင်မကဘူး ဘဝသင်ခန်းစာတွေကိုလည်း သင်ယူခဲ့ရတာပဲ။ ဘဝထဲက တချို့အရာတွေက ဧကန်မလွဲဖြစ်လာမှာလို့ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိတစ်ခုထဲမှာ ‌ရေးထားတယ်။ တစ်ခါတလေတော့ အောင်မြင်နိုင်ဖို့ အခွင့်အရေးခြောက်ဆယ်ရာခိုင်နှုန်းရှိတယ်ဆိုရင် စွန့်စားပြီး လောင်းကြေးထပ်ရမှာပဲ။ တကယ်လို့ အောင်မြင်နိုင်တဲ့ အခွင့်အရေး ခုနစ်ဆယ်ကနေ ရှစ်ဆယ်ရာခိုင်နှုန်းရှိတယ်ဆိုရင်တော့ စွန့်ကိုစွန့်စားသင့်နေပြီ… ’

‘ လောင်းကြေးထပ်တယ်ဆိုတာ သိပ်နားဝင်မချိုဘူးဆိုပေမဲ့ ငါသာ အဲဒါအတွက် ကြိုးစားပြီးမတိုက်ခိုက်ဘူးဆိုရင် ဘယ်လိုလုပ် ရှင်သန်နိုင်မှာလဲ ’
ဝမ်ပေါင်လဲ့၏မျက်ဝန်းများ အရောင်တလက်လက် တောက်ပသွားသည်။ သူသည် ထိုသို့ အလေးအနက် ထားခဲသည်။ ထိုအရာသည် သူလုပ်နေကြ ရွဲ့တဲ့တဲ့အပြုအမူမျိုးမဟုတ်ဘဲ ထိုနေရာတွင် ဆုံးဖြတ်ချက်ပြတ်သားမှုများက အစားထိုးဝင်ရောက်နေပေသည်။

သူသည် စိတ်လှုပ်ရှားမနေဘဲ တည်ငြိမ်နေကာ ခေါင်းထဲတွင် သူရွေးချယ်နိုင်သည့် လမ်းများကို ဂရုတစိုက်သုံးသပ်လိုက်လေသည်။ လကမ္ဘာအလင်းခြမ်းသို့ သွားမည့်ကိစ္စကိုမူ ထည့်တွက်ရန်ပင် မလိုကြောင်း သူသိ၏။ သူအစိုးရိမ်ဆုံးအရာမှာ သူစိမ်းများနှင့် ရင်ဆိုင်ရမည်ကိုမဟုတ်ဘဲ သူ သိရှိရင်းနှီးသောသူများနှင့် ရင်ဆိုင်ရမည်ကို ဖြစ်သည်။

‘ အခြားသူများ၏ စိတ်ဓာတ်ကောင်းများကို ယုံကြည်ပါ။ သို့သော် ထိုအပေါ်တွင်တော့ လောင်းကြေးမထပ်ပါနှင့် ‘
ထိုစာသားများသည် ဝမ်ပေါင်လဲ့ ဖတ်ရှုခဲ့ဖူးသည့် အဆင့်မြင့်အရာရှိများ၏ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိတစ်ခုထဲမှ စာသားများဖြစ်ပြီး ထိုစာသားများအကြောင်းကို ဝမ်ပေါင်လဲ့ အတော်လေး လေးလေးနက်နက်တွေးတောခဲ့ဖူးလေသည်။ အနှစ်ချုပ်ရလျှင် လူ့သဘာဝသည် စိန်ခေါ်ရန်သင့်တော်သော အရာတစ်ခုမဟုတ်ဟု ဆိုရပေမည်။

များသောအားဖြင့် လူတစ်ယောက် ပြောင်းလဲသွားရခြင်းသည် သူကိုယ်တိုင်ကြောင့်မဟုတ်ဘဲ အခြားသူများက သူ့ကိုပေးခဲ့သော အခွင့်အရေးများ၏ ရလာဒ်သာဖြစ်လေသည်။ သို့သော် ထိုသို့ပြောင်းလဲခဲ့သဖြင့် တစ်ဘဝလုံး နောင်တရသွားနိုင်သူများလည်း ရှိပေသည်။

ကောက်ချက်ချရသော် မိမိနှင့် ရင်းနှီးသော လူများ၊ မိတ်ဆွေသူငယ်ချင်းများနှင့် မိသားစုဝင်များကို ထိုကဲ့သို့အခွင့်အရေးမျိုးကို မပေးမိအောင် ရှောင်ရပေမည်။ ဝမ်‌ပေါင်လဲ့သည် ထိုအကြောင်းကို သေသေချာချာ သိပေသည်။ ယခုတွင် အခြားသူများ၏မျက်စိအတွင်း၌ သူသည် ထိုကဲ့သို့ အခွင့်အရေးတစ်ခု ဖြစ်နေပေပြီ။
“ အဲ့လိုဆိုတော့လည်း ငါ လကမ္ဘာအမှောင်ခြမ်းမှာပဲ ဆက်နေတာပေါ့။ ဒီမှာက ငါသိတဲ့သူသိပ်မရှိဘူး… ပြီးတော့ ရန်သူနည်းနည်းပဲရှိတယ်… ”

“ ငါ မှော်လမ်းကြောင်းမြူခိုးတွေကိုလည်း ဆက်ရှာသင့်တယ်။ တခြားနေရာတစ်ခုကို တည်နေရာရွှေ့ပြောင်းခံလိုက်ရနိုင်တဲ့ အန္တရာယ်ရှိပေမယ့် နောက်ဆုံးရွေးစရာမရှိတော့ရင်တော့ ထွက်ပြေးဖို့ မှော်လမ်းကြောင်းမြူခိုးတွေကို အသုံးချရမှာပဲ ”

“ ငါ့အတွက် အကျိုးရှိစေမယ်ဆိုရင် အရာအားလုံးကို အသုံးပြုရမှာပဲ။ အခုလောလောဆယ် အရေးအကြီးဆုံးက နေရာတစ်ခုရှာပြီး အခြေတည်အဆင့်ကို မြန်နိုင်သမျှမြန်မြန် တက်လှမ်းနိုင်အောင် လုပ်ဖို့ပဲ ”

“ ငါ အခြေတည်အဆင့်မရောက်ခင် လောဘကြီးတဲ့တစ်ကောင်ကောင်က ငါ့ကိုလာအန္တရာယ်ပြုရင်တော့ ငါပြန်တိုက်ရတော့မှာပေါ့ ”
ဝမ်ပေါင်လဲ့ တိတ်တဆိတ်တွေးတောနေလေသည်။ သူ၏ မျက်ဝန်းများထဲတွင် အေးစက်စက်အလင်းတစ်ခု လက်သွား၏။ သူသည် လကမ္ဘာအမှောင်ခြမ်းရှိ တောနက်အတွင်းသို့ အလျင်အမြန် ဆက်ဝင်သွားလိုက်လေသည်။

သူ၏ အစွမ်းသည် သူ၏ခံနိုင်ရည်ကောင်းသောပြင်ပခန္ဓာကိုယ်နှင့် သာမန် အာနပါနအထွတ်အထိပ်အဆင့်ထက် သာလွန်သော ကျင့်ကြံခြင်းအဆင့်အပေါ် မူတည်ကြောင်း ဝမ်ပေါင်လဲ့သိ၏။ သူ့တွင် ဓမ္မလက်နက်တစ်ခုအပြင် နတ်ဘုရားရတနာအများအပြားလည်း ရှိပေသေးသည်။ သူ၏ အခြားအားသာချက်တစ်ခုမှာ လကမ္ဘာအမှောင်ခြမ်းရှိ တောအုပ်ထဲတွင် ဦးတည်ရာရှာတတ်သော သူ၏အတွေ့အကြုံဖြစ်လေသည်။

လူတိုင်းသည် သူကဲ့သို့ အတွေ့အကြုံ၊ ဗဟုသုတများကို မပိုင်ဆိုင်ကြပေ။ သူသည် လကမ္ဘာအမှောင်ခြမ်းရှိ တောအုပ်ထဲတွင် အမဲလိုက်ခံရခြင်း၊ ပြန်၍ အမဲလိုက်ခြင်းတို့ကို တွေ့ကြုံခဲ့ဖူးလေသည်။ သူသည် ထိုအတွေ့အကြုံများ၊ ဗဟုသုတများကို အသုံးချ၍ တောနက်အတွင်းသို့ ဆက်ဝင်နေလေသည်။ သူ၏ ဘေးပတ်ပတ်လည်တွင် သစ်ပင်များပိုထူထပ်လာရာ ဝမ်ပေါင်လဲ့သည် ပို၍လုံခြုံမှုရှိလာသည်ဟု ခံစားလိုက်ရ၏။ မီးခိုးရောင်ခြင်သည် အသစ်ပြန်လည်ပေါက်ပွားလာပြီဖြစ်ပြီး အခြားခြင်များနှင့်အတူ တောအုပ်အနှံ့ ဖြန့်ကျက်နေပေသည်။ ဝမ်‌ပေါင်လဲ့သည် ကိုက်တစ်ရာအဝန်းအဝိုင်းအတွင်းရှိ နေရာအနှံ့ကို ရှင်းရှင်းလင်းလင်း မြင်ရ၏။

ထို့ကြောင့် အခြားသူများသည် မရင်းနှီးသော အန္တရာယ်များကို မတွေ့ကြုံဖူးသဖြင့် အတန်ငယ် နှေးကွေးလာသော်လည်း ဝမ်ပေါင်လဲ့၏ အမြန်နှုန်းသည် ပို၍မြင့်လာလေတော့သည်။

‘ ငါ အခြေတည်အဆင့်ရောက်ဖို့ အချိန်သုံးရက်လိုတယ်… ’
ဝမ်‌‌ပေါင်လဲ့သည် ပြေးလွှားနေရင်း တွက်ချက်လိုက်၏။ ထို့ပြင် သူသည် ဝါးမျိုခြင်းသစ်စေ့ကိုသုံး၍ ဒယ်စောက်လေးမှထွက်ပေါ်နေသော ဝိညာဉ်ချီများကို ဖိနှိပ်ရန် အဆက်မပြတ်ကြိုးစားနေ၏။ ရလာဒ်သည် သိပ်၍မကောင်းသော်လည်း အနည်းငယ်တော့ အကူအညီဖြစ်လေသည်။

သူ ထိုသုံးချောင်းထောက်ဒယ်စောက်အိုးလေးကို ရရှိခဲ့သည်မှာ ခြောက်နာရီရှိပေပြီ။ သူသည် အခြားကျင့်ကြံသူများနှင့် ရင်မဆိုင်ရသေးပေ။ သို့သော် သူသည် ကုန်ဆုံးသွားသည့် အချိန်များကို တွက်ကြည့်မိပြီးနောက် ရုတ်တရက် သူ၏မျက်လုံးသူငယ်အိမ်များ ကျုံ့သွား၏။ သူသည် ညာလက်မြှောက်၍ သူ့အနောက်ဘက်ရှိ တောအုပ် ညာဘက်သို့ လျှပ်စီးကွေးတစ်ခုကို ပစ်လွှတ်လိုက်သည်။

သူ၏ လက်ရှိကျင့်ကြံခြင်းအဆင့်ကြောင့် အလင်းကွေးသည် သာမန်လျှပ်စီးကွေးတစ်ခုကိုသာ ဆင့်ခေါ်နိုင်သည်မဟုတ်တော့ပေ။ ထိုတိုက်ခိုက်မှုတွင် လျှပ်စစ်သံလိုက်အားများလည်း ပေါင်းစပ်ပါဝင်နေပေသည်။ ၎င်းသည် လေထဲတွင် လျှပ်စီးကွန်ယက်ကြီးတစ်ခုအဖြစ် ပြန့်ကားသွားပြီး သစ်ပင်များကိုဖြတ်ကာ ဝမ်ပေါင်လဲ့နောက်မှနေ၍ လေးမှလွှတ်လိုက်သောမြားတစ်စင်းကဲ့သို့ ရုတ်တရက်ပြေးဝင်လာသည့် မိန်းမပျိုလေးထံ ဦးတည်သွားလေသည်။

မိန်းမပျိုလေးသည် အရပ်မြင့်ကာ တုတ်ခိုင်ပြီး လက်ထဲတွင် ကြီးမားသောဓားကြီးတစ်ချောင်းကို ကိုင်ထား၏။ သူမသည် ချန်ဟွေ့မဟုတ်သလို ဆည်းဆာကြယ်စင်စုဂိုဏ်းမှ တပည့်တစ်ဦးလည်းမဟုတ်ပေ။ သူမသည် အခြားသူများထက် ‌ရှေ့ရောက်နေသော ယွီဟွာရှန်ထျန်းဂိုဏ်းမှ ကျင့်ကြံသူတစ်ဦးဖြစ်လေသည်။ သူမတို့သည် ဝမ်ပေါင်လဲ့ မျှော်လင့်ထားသည်ထက် ပို၍ပြင်ဆင်လာကြပုံပင်။ သူတို့သည် ဝမ်ပေါင်လဲ့အနားသို့ ချဉ်းကပ်ကာ ချောင်ပိတ်တိုက်ရန် ပြင်ဆင်ထား‌သော်လည်း ခြင်များက သူမတို့ကို ရှာတွေ့သွားလေသည်။

မိန်းမပျိုသည် လျှပ်စီးကွန်ယက်ကြီးကို တွေ့လိုက်ရသောအခါ ကျယ်လောင်စွာအော်လိုက်ပြီး ထိုပြန့်ကားနေသော ကွန်ယက်ကြီးကို ပြင်းထန်စွာ ခုတ်ချလိုက်သည်။ သူမထံမှ အံ့ဩတုန်လှုပ်ဖွယ် စွမ်းအားများ ထွက်ပေါ်လာ၏။ ကွန်ယက်ကြီးသည် ရုတ်ခြည်းပင် နှစ်ခြမ်းကွဲသွားပြီး မရေမတွက်နိုင်လောက်အောင်များပြားသော လျှပ်စီးကွေးများအဖြစ် နေရာတစ်ခုလုံးတွင် ပြန့်ကျဲသွားလေသည်။

“ နင့်ကိုယ်ပေါ်မှာရှိတဲ့ ဝိညာဉ်ချီအရင်းအမြစ်ကို ပေးလိုက်… အဲ့လိုဆို နင့်ရဲ့ အလောင်းကို အကောင်းအတိုင်းထားခဲ့ပေးမယ် ”
မိန်းမပျိုသည် ခေါင်းမော့၍ ဝမ်ပေါင်လဲ့ကို ကြည့်လိုက်၏။ သူမသည် ကြောက်မက်ဖွယ် ရယ်လိုက်ရာ သူမအနောက်မှနေ၍ လူခုနစ်ယောက်၊ ရှစ်ယောက်ထွက်လာလေသည်။ ထိုသူများသည် မိန်းမပျို၊ ယောက်ျားပျိုများဖြစ်ပြီး သူတို့အားလုံးသည် မြင့်မားတုတ်ခိုင်ကြသည်။ သူတို့ထံမှ ထွက်ပေါ်နေသည့် တိုက်ခိုက်လိုသောအငွေ့အသက်များသည် ထိတ်လန့်ဖွယ်ပင်။ သူတို့သည် ကြောက်မက်ဖွယ်ကောင်းသော သူရဲကောင်းများဖြစ်ပြီး သန်စွမ်းသောခန္ဓာကိုယ်များရှိလေသည်။

“ မင်းတို့သာ အခုပြန်လှည့်သွားမယ်ဆိုရင် ငါမင်းတို့ကို သတ်စရာမလိုတော့ဘူးပေါ့… ”
ဝမ်ပေါင်လဲ့ အေးစက်စက်ပြောလိုက်၏။

“ ရယ်စရာပြောတတ်တာပဲ … ”
မိန်းမပျိုသည် ဒေါသအမျက်ခြောင်းခြောင်းထွက်လျက် လှောင်ရယ်,ရယ်လိုက်၏။ သူမသည် ရှေ့သို့တိုး၍ တိုက်ခိုက်ရန် ဟန်ပြင်လိုက်သည်။ သူမနောက်ရှိလူများသည်လည်း လှောင်ရယ်,ရယ်၍ လေထဲသို့ ခုန်လိုက်ကြသည်။ သူတို့၏ ခြေထောက်များ မြေပြင်နှင့်ခွာသွားသည်နှင့် တပြိုင်နက် ဝမ်‌ပေါင်လဲ့သည် ညာလက်ကိုမြှောက်၍ လက်ဟန်ဖော်လိုက်၏။ မကြာသေးခင်က မိန်းမပျိုလေးကြောင့် တစ်စစီဖြစ်သွားသော လျှပ်စီးကွန်ယက်မှ လျှပ်စီးတန်းများသည် ရုတ်တရက် လေထဲသို့ ပျံတက်သွားပြီး လျှပ်စီးဓားများအဖြစ်ပြောင်းလဲသွားလေသည်။ ၎င်းတို့သည် ထိုလူအုပ်အတွင်းသို့ ပျံဝင်သွားကြ၏။

၎င်းတို့သည် ထိတ်လန့်ဖွယ် အမြန်နှုန်းဖြင့် ပျံသန်းနေ၏။ ယွီဟွားရှန်ထျန်းဂိုဏ်းမှ တပည့်များသည် ထူထဲကြမ်းတမ်းသောအရေပြားများနှင့် မာကြောသောကြွက်သားများရှိလေသည်။ သူတို့သည် ထိုဓားများကို အရေးမစိုက်ဘဲ ကြက်ခြေခတ်ပျံသန်းနေသော လျှပ်စီးဓားများကို ဖြတ်ကျော်ကာ လောဘဇောတက်နေသည့် မျက်ဝန်းများ၊ ရုပ်ဆိုးသောအပြုံးများဖြင့် ဝမ်ပေါင်လဲ့ထံ ထိပ်တိုက်ဝင်သွားကြလေသည်။

သူတို့သည် လျှပ်စီးဓားများကို အရေးမစိုက်ဘဲနေနိုင်သော်လည်း ခြင်များထံမှ မလွတ်ခဲ့ပေ။ ဝမ်‌ပေါင်လဲ့၏ ခြင်ဆယ်ကောင်သည် အရှေ့သို့ လျှင်မြန်စွာပျံသန်း၍ ၎င်းတို့နှင့်ထိပ်တိုက်တွေ့သည့် လူတစ်ယောက်ချင်းစီကို ကိုက်လိုက်ကြလေသည်။ ရုတ်တရက် ထိုယွီဟွားရှန်ထျန်းဂိုဏ်းမှ တပည့်ခုနစ်ယောက်၊ ရှစ်ယောက်တို့၏ မျက်နှာထားများသည် တဖြည်းဖြည်းပြောင်းလဲသွားလေတော့သည်။ သူတို့ အံ့ဩတကြီး ပင့်သက်ရှိုက်လိုက်၏။
“ ဘာဖြစ်နေတာလဲ ”

“ ငါ့ကို တစ်ကောင်ကောင်ကိုက်သွားတယ် ”
သူတို့၏ မျက်နှာများတွင် ထိတ်လန့်မှုအရိပ်အယောင်များ ပေါ်လာ၏။ ဝမ်‌ပေါင်လဲ့သည် ထိုအသုံးမဝင်သော စကားများကို အရေးမစိုက်လိုက်ဘဲ ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်၏။ ထို့နောက် သူသည် လျင်မြန်သောအရှိန်ဖြင့် ယွီဟွားရှန်ထျန်းဂိုဏ်းမှ အမျိုးသားတပည့်တစ်ဦး၏ ‌ရှေ့သို့ ရုတ်ခြည်းရောက်ရှိသွားလေသည်။ သူ၏မျက်ဝန်းများထဲတွင် အေးစက်စက်အလင်းတစ်ချက်လက်သွားပြီး သူ၏ လက်သီးချက်သည် ရှေ့သို့ ပျံထွက်သွားလေတော့သည်။ မခံမရပ်နိုင်လောက်အောင်ယားယံမှုကို ကြိုးစားတောင့်ခံနေပြီး မျက်နှာပေါ်တွင် ခပ်မဲ့မဲ့အပြုံးတစ်ခုရှိနေသာ အမျိုးသားတပည့်သည်လည်း အော်ဟစ်လိုက်ကာ လက်သီးဖြင့် ပြန်ထိုးလိုက်သည်။

ဝမ်ပေါင်လဲ့သည် ထိုလက်သီးချက်ကို မရှောင်လိုက်ပေ။ ထို့ထက် သူ၏လက်သီးချက်အတွင်း၌သာ အားပိုထည့်လိုက်သည်။ ထိုလက်သီးချက်နှစ်ခု ထိခတ်သွားသောအခါ လေထဲတွင် ကျယ်လောင်သောအသံကြီးတစ်သံ ထွက်ပေါ်သွားလေသည်။ ယွီဟွားရှန်ထျန်းဂိုဏ်းမှ တပည့်များသည် မချိတင်ကဲအော်လိုက်ကြ၏။ ဝမ်ပေါင်လဲ့၏ လက်သီးဖြင့်ထိသွားသော ထိုအမျိုးသားတပည့်၏ ညာဘက်လက်သီးသည် ကျိုးပဲ့သွားလေသည်။ ထိခိုက်မှုသည် သူ၏ လက်တစ်ချောင်းလုံး၌ စီးဆင်းသွားပြီး ကိုယ်တစ်ခြမ်းလုံးကိုပါ လွှမ်းခြုံသွားသည်။ သူ၏အသားများသည် ကြေမွသွားကာ သွေးချင်းချင်းနီလာပြီးနောက် ခန္ဓာကိုယ်တစ်ခုလုံး ပေါက်ကွဲသွားလေတော့သည်။

သူသည် ထိုပြင်းထန်သောဒဏ်ရာဖြင့် သေမသွားခင် အတွေးတစ်ခုမျှ တွေးတောရန်ပင် အချိန်မရလိုက်ပေ။

ထိုမြင်ကွင်းကြောင့် အခြားသူများ ထိတ်လန့်သွားကြ၏။ သူတို့၏ ရင်ထဲတွင် ထိတ်လန့်ကြောက်ရွံ့မှုများ ထွက်ပေါ်လာပြီး နောက်သို့ အလိုလိုဆုတ်သွားမိလေသည်။ သူတို့သည် ဝမ်‌ပေါင်လဲ့ကို မယုံနိုင်သော၊ ကြောက်ရွံ့နေသော မျက်ဝန်းများဖြင့် ကြည့်လိုက်ကြ၏။ လျှပ်စီးကွန်ယက်ကြီးကို ဓားဖြင့်ခုတ်ခဲ့သော မိန်းမပျိုတစ်ဦးသာ မျက်မှောင်ကြုတ်သွားလေသည်။ သူမသည် နောက်သို့ဆုတ်မသွားဘဲ သူမ၏ တိုက်ခိုက်လိုစိတ်များသည် ပို၍ပင် များပြားလာလေသည်။

ဝမ်‌ပေါင်လဲ့သည် ထိုမိန်းမပျိုကို လျစ်လျူရှုလိုက်ပြီး ညာဘက်လက်ကို မြှောက်ကာ လေထဲတွင် ဝှေ့ယမ်းလိုက်သည်။ မြေပြင်ပေါ်တွင် မျဉ်းကြောင်းတစ်ကြောင်း ပေါ်လာ၏။

“ ငါက သူများတွေကို သတ်ရတာ ပျော်တဲ့ကောင်မဟုတ်ဘူး။ ဒါပေမဲ့ ဒီမျဉ်းကြောင်းကို ကျော်လာရင် သေမယ် ”
ဝမ်ပေါင်လဲ့သည် ထိုသို့ပြောပြီးနောက် နောက်သို့လှည့်ကာ ထွက်သွားရန် ဟန်ပြင်လိုက်သည်။

“ မကြောက်ပါနဲ့… နင်သာ ငါတို့ကို တကယ်သတ်နိုင်တဲ့ အစွမ်းရှိရင် ဘာလို့မသတ်တာလဲ။ သူက ကြောက်နေလို့ ငါတို့ကို ခြောက်လွှတ်ဖို့ ကြံနေတာပဲ ”
ကြီးမားသော ဓားကြီးကို ကိုင်ဆောင်ထားသည့် မိန်းမပျိုက ရုတ်တရက် ပြောလိုက်၏။ သူမသည် မြေပြင်ပေါ်ရှိ မျဉ်းကြောင်းကို အရေးမစိုက်ဟန်ဖြင့် ရှေ့သို့တိုးလိုက်သည်။ အခြားတပည့်များသည် သူတို့ စီနီယာအစ်မ၏ အပြုအမူနှင့် သူမပြောသော အကျိုးအကြောင်းဆီလျော်သည့်စကားများကို ကြားလိုက်ရသောအခါ တဖန်ပြန်၍ တက်ကြွလာလေသည်။ သူတို့သည် မျဉ်းကြောင်းကို ကျော်လိုက်ကြပြီး ဝမ်‌ပေါင်လဲ့ထံ ပြေးဝင်သွားကြသည်။

သူတို့ ပြေးဝင်လာသည်နှင့် တပြိုင်နက် ဝမ်‌ပေါင်လဲ့သည် နောက်သို့လှည့်ကာ သူ၏ သိုလှောင်လက်ကောက်ကို လှုပ်ခါလိုက်လေသည်။ သူ၏လက်ထဲတွင် သတ္တမအဆင့် ဓမ္မလက်နက်ဓားကြီးပေါ်လာ၏။ သူသည် ဓားကြီးကို တစ်ချက်နှစ်ချက်ယမ်းလိုက်ပြီး သူ့ထံသို့လာနေသော လူခုနစ်ယောက်၊ ရှစ်ယောက်ကို ခုတ်ချလိုက်သည်။

ဝမ်ပေါင်လဲ့သည် တန်ပြန်ခံရမည့်ဒဏ်ကို သူခံနိုင်ရည်ရှိသည့် ပမာဏအတွင်း၌သာရှိစေရန် ဓားကြီး၏အစွမ်းကို ထိန်းထိန်းသိမ်းသိမ်း ထုတ်လိုက်၏။ ထိုသို့ဆိုလျှင်ပင် ဓားကြီးထွက်ပေါ်လာသည်နှင့် ကောင်းကင်သည် ချက်ချင်း ပြောင်းလဲသွားလေသည်။ ထို့နောက် အနက်ရောင်လေဆင်နှာမောင်းကြီး ရုတ်တရက်ထွက်ပေါ်လာ၏။ မိကျောင်းကြီး၏ ပုံရိပ်သည်လည်း ရုတ်ခြည်းထွက်ပေါ်လာပြီး ဓားချက်နှင့်အတူ အမြီးရိုက်ချက်ထုတ်လိုက်လေသည်။

ထို့နောက် ဝမ်‌ပေါင်လဲ့သည် သူ၏ဓားကြီးကို ချက်ချင်းပြန်သိမ်းလိုက်၏။ သူ၏ ဆံပင်များသည် လေထဲတွင် ဝဲလွင့်နေပြီး သူ့အနောက်ရှိ အနက်ရောင်လေဆင်နှာမောင်းကြီးနှင့် မိကျောင်းကြီးတို့သည်လည်း ပျောက်ကွယ်သွားလေတော့သည်။ သူသည် သူ့အရှေ့တွင် ရပ်နေသော ယွီဟွားရှန်ထျန်းဂိုဏ်းမှ တပည့်များကို တစ်ချက်ပင်မကြည့်လိုက်ဘဲ နောက်လှည့်လိုက်၏။ ထို့နောက် သူသည် အဝေးတစ်နေရာကို ကြည့်၍ အေးစက်စက်ပြောလိုက်သည်။

“ ဒီမျဉ်းကြောင်းက မင်းအတွက်လည်းပါတယ် ”
ဝမ်‌ပေါင်လဲ့သည် ထိုသို့ပြောပြီးနောက် ထွက်ခွာသွားလေတော့သည်။ ဝမ်ပေါင်လဲ့ ကြည့်လိုက်သောနေရာမှနေ၍ ဝတ်ရုံနက်နှင့် လူငယ်လေးထွက်ပေါ်လာ၏။ သူသည် မကြာသေးခင်က ဝမ်ပေါင်လဲ့၏ လုယက်မှုကို ခံခဲ့ရသော ဆည်းဆာကြယ်စင်စုဂိုဏ်းမှ ပါရမီရှင်လေးဖြစ်လေသည်။ သူသည် သူ၏တုန်ခါနေသော ခန္ဓာကိုယ်ကို မထိန်းချုပ်နိုင်အောင်ဖြစ်နေပြီး အသက်ရှူရန်ပင် ခက်ခဲနေလေသည်။ သူ၏မျက်ဝန်းများထဲတွင် မယုံနိုင်မှုများ၊ ကြောက်ရွံ့တုန်လှုပ်မှုများနှင့် ပြည့်နေပြီး မြေပြင်ပေါ်ရှိ မျဉ်းကြောင်းကို ကြည့်လိုက်သည်။ ထို့နောက် သူသည် ပခုံးထက်မှ ဦးခေါင်းများ ဖြည်းဖြည်းချင်း ပြုတ်ကျသွားသော ယွီဟွားရှန်ထျန်းဂိုဏ်းမှ တပည့်များကို ကြည့်လိုက်လေသည်။ အအေးဓာတ်တစ်ခုသည် သူ၏ကျောရိုးတစ်လျှောက် စီးဆင်းသွားပြီး ခန္ဓာကိုယ်တစ်ခုလုံးတွင် ပျံ့နှံ့သွား၏။

‘ ခွေးကောင်… ဒီကောင့်လက်နက်က ဓမ္မလက်နက်ပဲ ဖြစ်မယ်။ ဟင်း… ဓမ္မလက်နက်တစ်ခုရှိတော့ကော ဘာအထင်ကြီးစရာရှိလဲ။ မြေပေါ်မှာ မျဉ်းကြောင်းဆွဲတာလိုမျိုး အဓိပ္ပာယ်မရှိတဲ့ လုပ်ရပ်မျိုးကိုတောင် လုပ်လိုက်သေးတယ်။ တော်တော်ကလေးဆန်တာပဲ… ’
လူငယ်သည် ဒေါသထွက်သွားသော်လည်း ဝမ်ပေါင်လဲ့အနောက်သို့ ဆက်လိုက်သင့်၊ မလိုက်သင့် ချီတုံချတုံဖြစ်နေလေသည်။ သူသည် နောက်ဆုံးတွင် သက်ပြင်းရှည်ကြီးတစ်ချက်မှုတ်ထုတ်ပြီး ဓမ္မလက်နက်တစ်ခု ပိုင်ဆိုင်ထားသူတစ်ဦးသည် အမှန်ပင် အထင်ကြီးဖွယ်ကောင်းကြောင်း လက်ခံလိုက်ကာ လက်လျှော့ရန် ဆုံးဖြတ်လိုက်လေတော့သည်။

Comment

Leave a Reply

Options

not work with dark mode
Reset