Switch Mode

အခန်း ( ၂၅၇ )

သုံးချောင်းထောက်ဒယ်စောက်အိုးလေးအတွက် တိုက်ပွဲ

သစ်သားရုပ်လေးသည် ရုတ်တရက် အပြင်းအထန်လှုပ်ယမ်းသွားပြီး ပေါက်ကွဲကာ သွေးနီရောင်အလင်းပင်လယ်အတွင်း ကျသွားလေသည်။ ထိုပေါက်ကွဲမှုကြောင့် ပတ်ဝန်းကျင်သို့ ပေါက်ကွဲမှုအဟုန်များ ပျံ့လွင့်သွားပြီး သုံးချောင်းထောက်ဒယ်စောက်အိုးလေးပါ အဝေးသို့လွင့်သွားမတတ်ဖြစ်သွားသည်။

သို့သော် မအောင်မြင်လိုက်ပေ။ သွေးနီရောင်အလင်းပင်လယ်သည် ထိုအဟုန်များကို ဖယ်ရှားပစ်နိုင်သော ထူးဆန်းသည့်အစွမ်းတစ်မျိုးရှိသကဲ့သို့ပင်။ သစ်သားရုပ်လေးသည် ၎င်းကိုယ်၎င်း ဖောက်ခွဲလိုက်သဖြင့် ပေါက်ကွဲမှုအဟုန်များထွက်လာသော်လည်း သိပ်၍အကျိုးမရှိခဲ့ချေ။

လေဆင်နှာ‌မောင်းကြီးလည်း ပျောက်ကွယ်သွားပြီး သုံးချောင်းထောက်ဒယ်စောက်အိုးလေးသည် လေထဲတွင် လည်ကာ သွေးနီရောင်အလင်းပင်လယ်အတွင်းသို့ ပြန်ဆွဲခေါ်ခံသွားရသည်ကို ချန်ဟွေ့တစ်ယောက် အားမတန်မာန်လျှော့သည့်ဟန်ဖြင့် နှမြောတသကြည့်နေရလေသည်။

အခြေတည်အဆင့်ရောက်ရန် အသုံးချနိုင်သည့် ထိုသုံးချောင်းထောက်ဒယ်စောက်အိုးလေးကို ပြန်ယူရန်အခွင့်အရေးမရှိတော့ကြောင်း သူမ သိလေသည်။ ထိုသွေးနီရောင်အလင်းပင်လယ်သည် မည်သည့်အရာဖြစ်ကြောင်း အခြားသူများမသိနိုင်သော်လည်း သူမသည် ထိုအရာအကြောင်းကို ဂိုဏ်းစာကြည့်တိုက်အတွင်း အနည်းငယ်ဖတ်ခဲ့ဖူးသည်။ ထိုအရာသည် မည်မျှကြောက်မက်ဖွယ်ကောင်းကြောင်း သူမသိလေသည်။ သူမသည် နှုတ်ခမ်းကိုက်လိုက်ပြီး လက်လျှော့ကာ ထွက်ခွာသွားရန် ဆုံးဖြတ်လိုက်၏။

သူမသည် မျှော်လင့်ချက်အားလုံးကို စွန့်ပစ်လိုက်၏။ သုံးချောင်းထောက်ဒယ်စောက်အိုးလေးသည်လည်း သွေးနီရောင်အလင်းပင်လယ်အတွင်းသို့ ဝင်သွားပေတော့မည်။ ထိုအချိန်တွင် ဝမ်ပေါင်လဲ့ စတင်လှုပ်ရှားလိုက်သည်။ သူ၏မျက်ဝန်းများအတွင်းမှ ထူးဆန်းသောအလင်းတစ်ခု တောက်ပသွားသည်။ သူ၏ ကိုယ်တွင်းရှိ ဝါးမျိုခြင်းသစ်စေ့သည် စွမ်းအားအများအပြားထုတ်လွှတ်လိုက်ရာ သူ၏လက်ထဲတွင် အားကောင်းသော စုပ်အားတစ်ခုပေါ်လာလေတော့သည်။ သူသည် လက်နှစ်ဖက်ကို သွေးနီရောင်အလင်းပင်လယ်အတွင်း နစ်မြုပ်သွားတော့မည့် သုံးချောင်းထောက်ဒယ်စောက်အိုးလေးဘက်သို့ လှည့်လိုက်ကာ ၎င်းကို လှမ်း၍စုပ်ယူလိုက်သည်။

‘ ဖေကြီးဆီလာခဲ့စမ်း ’
သွေးနီရောင်အလင်းပင်လယ်အတွင်းသို့ နစ်မြုပ်နေသည့် သုံးချောင်းထောက်ဒယ်စောက်အိုးလေးသည် ရုတ်ခြည်း တုန်ခါသွားသည်။ ၎င်းကို မမြင်နိုင်သော လက်နှစ်ဖက်က ဆုပ်ကိုင်လိုက်သကဲ့သို့ပင်။ သုံးချောင်းထောက်ဒယ်စောက်အိုးလေးသည် ဝမ်ပေါင်လဲ့ထံသို့ ပျံသန်းသွားသည်ကို မြင်လိုက်ရသောအခါ ချန်ဟွေ့ အံ့အားသင့်သွား၏။ ဝမ်ပေါင်လဲ့သည် ဝမ်းသားအားရမျက်နှာထားဖြင့် ၎င်းကို ဖမ်းယူလိုက်သည်။ ထို့နောက် ဝါးမျိုခြင်းသစ်စေ့ကို အသုံးပြု၍ ဝိညာဉ်ချီများကို ဖိနှိပ်လိုက်ပြီး ပပ်ကြားအက်အပေါ်သို့ ပြန်တက်သွားလိုက်လေသည်။

ချန်ဟွေ့သည် သွေးနီရောင်အလင်းပင်လယ်အတွင်း ခုန်ချသွားသောရုပ်သေးရုပ်နှင့် တစ်ထေရာတည်းတူသည့် ဝမ်ပေါင်လဲ့ကို ကြည့်ကာ မျက်လုံးပြူးသွားလေသည်။ သူမသည် ချက်ချင်းပင် သဘောပေါက်သွားပြီး စူးစူးဝါးဝါး အော်ဟစ်ကာ ဝမ်ပေါင်လဲ့အနောက်သို့ ချက်ချင်းပြေးလိုက်သွားလိုက်၏။

သူမသည် ဝမ်ပေါင်လဲ့အနောက်သို့ တရှိန်ထိုးလိုက်နေပြီး သူမ၏ကိုယ်မှနေ၍ သတ်ဖြတ်လိုသောအရောင်အဝါများ ထွက်ပေါ်နေပေသည်။ သူမ၏ မျက်ဝန်းများသည် ခက်ထန်မှုများ၊ ရူးသွပ်မှုများနှင့် တလက်လက်ထနေလေသည်။ သူမသည် မာနကြီး၍ ပလွှားသူတစ်ဦးဖြစ်ရာ ထိုဖက်တီးသည် သူမကို လှည့်ဖျားသွားလိမ့်မည်ဟု အိပ်မက်အတွင်းပင် ထည့်မမက်ဖူးချေ။

သူသည် သူ၏ရုပ်သေးရုပ်ကိုသုံးကာ လှည့်ဖျားပြီး ပုန်းအောင်းနေခဲ့ခြင်းဖြစ်ပေမည်။ သူမက အရူးတစ်ယောက်သဖွယ် ရုပ်သေးရုပ်နောက်သို့ တချိန်လုံး လိုက်နေခဲ့ခြင်းပင်။ ထို့ပြင် အဖိုးတန်သစ်သားရုပ်တစ်ရုပ်ကိုလည်း ဖြုန်းတီးပစ်ခဲ့မိပေသည်။ ထိုခွေးကောင်သည် သူမနောက်သို့လိုက်ကာ သူမထံမှ သုံးချောင်းထောက်ဒယ်စောက်လေးကို အချိန်ကောင်းတွင် လုယူနိုင်ခဲ့သဖြင့် သူ့ကိုယ်သူ အလွန်ကျေနပ်အားရနေပေလိမ့်မည်။

သူမ၏ အသိဉာဏ်ကိုစော်ကားခံလိုက်ရပြီး အဖိုးတန်သောအခွင့်ကောင်းတစ်ခုကို ဆုံးရှုံးခဲ့ရခြင်းတို့သည် ဆည်းဆာကြယ်စင်စုဂိုဏ်းမှ တပည့်တစ်ဦးဖြစ်သည့် ချန်ဟွေ့အတွက် မည်သို့မှ သည်းမခံနိုင်သောကိစ္စများပင်။ သူမပတ်ပတ်လည်တွင် သတ်ဖြတ်လိုသောအငွေ့အသက်များ စုဝေးလာသည်။ ရုတ်ခြည်းပင် သူမ၏နောက်မှ သွေးပင်လယ်တစ်စင်း ပေါ်ပေါက်လာသကဲ့သို့ပင်။

‘ တော်တော်အားကောင်းတဲ့ လူသတ်ငွေ့တွေပါလားဟေ့ ’
ဝမ်ပေါင်လဲ့ တုန်လှုပ်သွားသည်။ သူသည် ပပ်ကြားအက်ကြီးအပြင်သို့ မထွက်လိုက်မီ အောက်ဖက်သို့ ဆွေ့ရှင်းပေါင်သုံး၍ ထိုးချလိုက်သည်။

ပပ်ကြားအက်ကြီးသည် တုန်ခါသွားပြီး ကျယ်လောင်သောပေါက်ကွဲသံများ ထွက်ပေါ်လာ၏။ ဝဲကတော့တစ်ခုလည်း ထွက်‌ပေါ်လာသည်။ ဆွေ့ရှင်း‌ပေါင်၏ စွမ်းအားများသည် ချန်ဟွေ့ထံသို့ ဦးတည်ကျဆင်းသွား၏။ ဝမ်ပေါင်လဲ့၏ မျက်ဝန်းများထဲတွင် အေးစက်စက်အလင်းတစ်ချက် လက်သွားလေသည်။ သူ၏ အတိတ်မှ သေရေး၊ ရှင်ရေး အတွေ့အကြုံများအရ ချန်ဟွေ့သည် သူ့ကို သတ်ပစ်ရန် ကြံရွယ်နေကြောင်း သူသိလေသည်။ ထိုသို့ဖြစ်ရာ သူသည်လည်း သူမကို လူကြီးလူကောင်းဆန်ဆန် ဆက်ဆံနေရန် မလိုတော့ပေ။ သူသည် ဆွေ့ရှင်းပေါင်သုံး၍ ထိုးချလိုက်ပြီးနောက် ပေါက်ကွဲပုတီးစေ့များကို လက်တစ်ဆုပ်စာ ထုတ်လိုက်ပြီး ပစ်လွှတ်လိုက်လေသည်။

လေထုထဲတွင် ကျယ်လောင်သော ပေါက်ကွဲသံများ ပဲ့တင်ထပ်သွား၏။ မြေပြင်သည် တုန်ခါသွားပြီး ပပ်ကြားအက်အစွန်းမှ မြေသားများ စတင်ပြိုကျလာလေသည်။ ချန်ဟွေ့တစ်ယောက် ပြိုကျနေသော မြေသားများအောက်တွင် မြုပ်သွားတော့မည်ကို တွေ့လိုက်သောအခါ ဝမ်‌ပေါင်လဲ့သည် ပပ်ကြားအက်အပြင်သို့ တုံ့ဆိုင်းခြင်းမရှိဘဲ ခုန်ထွက်လိုက်ပြီး အဝေးသို့ အလျင်မြန်ဆုံး ထွက်ပြေးလိုက်လေသည်။

သူသည် ထိုနေရာတွင် ဆက်နေ၍ အချိန်ဖြုန်းမနေခဲ့ပေ။ သူသည် သုံးချောင်းထောက်ဒယ်စောက်အိုးလေးကို အရယူနိုင်ခဲ့ပြီဖြစ်သည်။ ၎င်း၏ ဝိညာဉ်ချီသည် ဝမ်‌ပေါင်လဲ့၏ ဝိညာဉ်ချီနှင့် ထိတွေ့သွားသောအခါ ဝိညာဉ်ချီအသစ်များ ထွက်ပေါ်လာလေသည်။ ၎င်းထံမှ ထွက်ပေါ်လာသော ဝိညာဉ်ချီများသည် မြေကြီးကိုထက်ခြမ်းခွဲပစ်နိုင်သည်အထိ အားကောင်းပြီး ကောင်းကင်ပေါ်သို့ ထိုးတက်သွားသည်။

ဝါးမျိုခြင်းသစ်စေ့သည် ဝိညာဉ်ချီများကို ဖိနှိပ်ရန် ကြိုးစားလိုက်သော်လည်း အချည်းနှီးသာ။ ထို့ကြောင့် သူသည် မှောင်မိုက်သောညတွင် ဖြစ်ပေါ်လာသော ဧရာမမီးမုန်တိုင်းကြီးကဲ့သို့ ဖြစ်နေလေတော့သည်။ သူ့အား အဝေးမှပင် ထင်ထင်ရှားရှား လှမ်းမြင်နိုင်ပေသည်။ သုံးချောင်းထောက်ဒယ်စောက်အိုးလေးမှ ထွက်ပေါ်နေသော ဝိညာဉ်ချီများသည် ပပ်ကြားအက်ထဲတွင် ရှိခဲ့သည့်အချိန်ကထက် ပို၍တောက်ပနေပြီး ပို၍များပြားနေ၏။

များပြားသောဝိညာဉ်ချီများသည် အားကောင်းသောလှိုင်းလုံးများကဲ့သို့ ထွက်ပေါ်နေပြီး ဝမ်ပေါင်လဲ့၏ ဝိညာဉ်ချီဖြင့် ရိုက်ခတ်နေ၏။ သူ့ရင်ထဲတွင် ကြံ့ကြံ့ခံရန်ခက်ခဲသည့် ထင်ရှားသောအလိုဆန္ဒတစ်ခု လွှမ်းခြုံသွားလေသည်။ သူသည် ထိုဒယ်စောက်အိုးလေးနှင့် ပေါင်းစည်းကာ အခြေတည်အဆင့်သို့တက်လှမ်းလိုသွား၏။

ထိုအချိန်တွင် တစ်ခဏမျှ အချိန်ဆွဲနေလျှင်ပင် အန္တရာယ်ရှိလေသည်။ အကယ်၍ ပပ်ကြားအက်အတွင်းမှ မိန်းမပျိုသည် သူ့ကိုမီလာသဖြင့် တိုက်ခိုက်ခဲ့ရပါက သူ၏ ဓမ္မလက်နက်ကိုသုံး၍ သူမကိုသတ်နိုင်ခဲ့လျှင်ပင် ၎င်းသည် အဖိုးတန်အချိန်များကို ဖြုန်းပစ်လိုက်ခြင်းသာဖြစ်ပေမည်။ ထို့ပြင် သူဒဏ်ရာရသွားခဲ့ပြီး အခြေတည်အဆင့်သို့ မတက်လှမ်းနိုင်ခဲ့ပါက ထိုသုံးချောင်းထောက်ဒယ်စောက်အိုးလေးကို လာရောက်လုသော လူများရန်မှ ကာကွယ်နိုင်မည်ဟု သူ ယုံကြည်မှုမရှိပေ။

သူသည် ထိုသုံးချောင်းထောက်ဒယ်စောက်အိုးလေးကို လုယူလိုက်ကတည်းက သူသည် အမှောင်ညတွင် တောက်ပနေသော မီးတိုင်တစ်တိုင်ကဲ့သို့ဖြစ်သွားပြီး လကမ္ဘာပေါ်ရှိ အစွမ်းကြီးသောလူမှန်သမျှသည် ၎င်းကို လိုချင်တပ်မက်လာတော့မည်ဖြစ်ကြောင်း သူသိလေသည်။

ယခင်က လကမ္ဘာကို ဖွင့်လှစ်ခဲ့သည့်အခါတိုင်း ယခုကဲ့သို့ ထူးဆန်းမှုများ မဖြစ်ခဲ့သည်ပင် နိုင်ငံရေးအင်အားစုများ၏ ပြိုင်ဆိုင်မှုများအကြားတွင် သေဆုံးမှုဆိုသည်မှာ တွေ့ရလေ့ရှိသော သာမန်ကိစ္စသာဖြစ်လေသည်။ ယခုတွင် လကမ္ဘာသည် ချိတ်ပိတ်ခံလိုက်ရပြီး သူတို့သည် အပြင်လောကနှင့် အဆက်အသွယ်ပြတ်နေသည်ဖြစ်ရာ ပို၍ပင်ဆိုးလေသည်။ ထို့ပြင် သူ့ထံတွင် အကောင်းပကတိရှိနေသော ရတနာတစ်ခုလည်းရှိနေပေသည်။

ထို့ကြောင့် လူအားလုံးသည် ၎င်းကို အလွန်လိုချင်တပ်မက်နေကြမည်မှာ သေချာပေသည်။ သူသည် သွေးမြေကျရမည့် အရေးများကို ကြိုမြင်နေပေပြီ။ အန္တရာယ်သည်လည်း နေရာတိုင်းတွင် ရှိနေပြီဖြစ်သည်။

သူ့တွင် ရွေးချယ်စရာမရှိတော့ပေ။ သူသာ သုံးချောင်းထောက်ဒယ်စောက်အိုးလေးကို မစွန့်ပစ်လိုလျှင် သူ့အတွက် အခြား‌ရွေးစရာလမ်းမှာ အခြေတည်အဆင့်ကို အမြန်ဆုံး တက်လှမ်းရန်သာ ရှိတော့လေသည်။ သူအခြေတည်အဆင့်သို့ တက်လှမ်းနိုင်မှသာ ထိုလာရောက်လုယူမည့်သူများကို ခုခံနိုင်မည်ဖြစ်သည်။

ဝမ်‌ပေါင်လဲ့သည် ငါးဆက်မြောက် ကောင်းကင်မျိုးနွယ်မှ အခြေတည်အဆင့်ကျင့်ကြံသူများနှင့် အမြုတေအဆင့်အကြီးအကဲများ သူ့ထံရောက်လာမည်ကို ပို၍စိုးရိမ်နေပေသည်။ သူ အချိန်ဖြုန်းနေ၍ မရပေ။

ထို့ကြောင့် သူသည် ပပ်ကြားအက်အပြင်သို့ရောက်သည်နှင့် ချက်ချင်းထွက်ပြေးခဲ့ခြင်းဖြစ်သည်။ သူသည် အဝေးသို့ လျှပ်စီးတန်းတစ်ခုသဖွယ် ပြေးလွှားနေပေသည်။

ဝမ်‌ပေါင်လဲ့ ခန့်မှန်းသကဲ့သို့ပင်။ တောအုပ်အတွင်း မိုင်အတော်အတန်ကွာဝေးသည့်နေရာတွင် ယွီဟွားရှန်ထျန်းဂိုဏ်းမှ တပည့် ခုနစ်ယောက်၊ ရှစ်ယောက်သည် သူ့ထံသို့ ပြေးလာနေကြလေသည်။ ထိုလူအုပ်၏ ရှေ့ဆုံးမှတစ်ယောက်သည် ဝမ်‌ပေါင်လဲ့ ယူဆောင်လာသော သုံးချောင်းထောက်ဒယ်စောက်အိုးလေးကို ညွှန်ပြနေသည့် သံလိုက်အိမ်မြောင်လေးကို ကိုင်ထားလေသည်။
“ ဝိညာဉ်ချီက ရွေ့လျားနေတာပဲ။ သေစမ်း… တစ်ယောက်ယောက်က အဲဒါကို ငါတို့အရင်ရသွားပြီ။ မင်းမေဘ … ဒီအရင်းအမြစ်က ဘာလို့ဒီလောက် အားကောင်းနေရတာလဲ။ အဲဒါက အရင်ကထက် ဆယ်ဆပိုပြီး အားကောင်းနေတယ် ”

“ အဲဒါက အကျိုးအပဲ့တစ်ခု မဟုတ်ဘူးထင်တယ်… အဲဒါက… အကောင်းပကတိရှိနေတဲ့ ရတနာပဲ ”
ထိုစကားကို ကြားလိုက်ရသောအခါ လူတိုင်း မျက်လုံးပြူးသွားကြသည်။ သူတို့သည် အသက်ရှူနှုန်းမြန်လာကြပြီး သူတို့၏ မျက်ဝန်းများထဲတွင် သတ်ဖြတ်လိုသောအရိပ်အယောင်များ လက်သွား၏။ သူတို့သည် တုံ့ဆိုင်းမှုမရှိဘဲ ယခင်ကထက် ဆယ်ဆပို၍တောက်ပနေသည့် သံလိုက်အိမ်မြောင်ရှိ အလင်းတန်းညွှန်ပြနေသော နေရာဆီသို့ အရှိန်အဟုန်အပြည့်ဖြင့် သွားလိုက်ကြလေသည်။

တချိန်တည်းမှာပင် ပပ်ကြားအက်ကြီးနှင့် ခပ်လှမ်းလှမ်းတစ်နေရာတွင် ရှိနေသည့် ဆည်းဆာကြယ်စင်စုဂိုဏ်းမှ ဝတ်ရုံနက်နှင့် လူငယ်သည်လည်း မည်းမှောင်တည်ငြိမ်သော မျက်နှာထားဖြင့် ချဉ်းကပ်လာလေသည်။ သို့သော် ရုတ်တရက် သူ၏မျက်နှာထား ပြောင်းလဲသွား၏။ သူသည် ဝမ်‌ပေါင်လဲ့ရှိနေရာဘက်သို့ ခေါင်းလှည့်ကြည့်လိုက်သည်။ သူ့မျက်နှာပေါ်တွင် မယုံသင်္ကာမှုများ၊ ဝမ်းသာမှုများ ပေါ်လာလေတော့သည်။

‘ ဒီဝိညာဉ်ချီအရင်းအမြစ်… အကောင်းပကတိရတနာတစ်ခုများ ဖြစ်နေမလား။ ဘယ်ကောင် အဲဒီရတနာကို ယူထားနေပါစေ အဲဒါက ငါ့ဟာဖြစ်ရစေရမယ် ’
သူ့ထံမှနေ၍ ရက်စက်သောအငွေ့အသက်များ ထွက်ပေါ်လာလေသည်။ သူသည် သူ၏ညာဘက်လက်ရှိ ပတ်တီးနက်များကို ဖြေလိုက်သည်။ အနက်ရောင်အခိုးအငွေ့များ လျင်မြန်စွာ ထွက်ပေါ်လာ၏။ သူ၏ အမြန်နှုန်းသည် အဆများစွာ မြင့်တက်သွားပြီး ထိုဝိညာဉ်ချီများထွက်ပေါ်လာရာသို့ ပြေးသွားလိုက်လေသည်။

ထိုမျှနှင့် မဆုံးသေးပေ။ ထိုအခိုက်တွင် နိုင်ငံရေးအင်အားစု အသီးသီးမှ ကျင့်ကြံသူများသည် လကမ္ဘာအမှောင်ခြမ်းနှင့် အလင်းခြမ်းတို့ ထိစပ်ရာ နယ်နမိတ်တွင် ရှာဖွေနေကြသည်။ သူတို့သည် လကမ္ဘာအလင်းခြမ်းတွင် နေရာအနှံ့ရှာဖွေပြီးခဲ့ပေပြီ။ သူတို့အားလုံးသည် လကမ္ဘာအမှောင်ခြမ်းတွင် ရှာလိုနေကြလေသည်။

ထို့ကြောင့် ထိုနယ်နိမိတ်အတွင်း ရှာဖွေနေကြသော ကျင့်ကြံသူများသည် ရာချီရှိလာလေတော့သည်။ ပပ်ကြားအက်ကြီးသည်လည်း အလင်းခြမ်းနှင့် အမှောင်ခြမ်းတို့ ထိစပ်ရာ အနီးတစ်နေရာတွင် ရှိနေခြင်းပင်။ ထိုကဲ့သို့ ပရမ်းပတာအခြေအနေတွင် အကျိုးအပဲ့များကို လုယူရန်အတွက် သတ်ဖြတ်မှုများ၊ တိုက်ပွဲများ ဖြစ်နေသေးပေသည်။ လကမ္ဘာပေါ်သို့ ရောက်လာသူများထဲမှ အချို့သည် အခြေတည်အဆင့်သို့ တက်လှမ်းနိုင်ခဲ့လောက်ပြီဖြစ်ကြောင်း သူတို့သိကြ၏။

သို့သော် လကမ္ဘာသည် လွန်စွာကျယ်ဝန်းလွန်းလှပေသည်။ အသံပို့လွှတ်ကျောက်စိမ်းပြားကိုလည်း အသုံးမပြုနိုင်တော့သဖြင့် အတိအကျသိရှိနိုင်ရန် နည်းလမ်းမရှိပေ။

ထိုအခိုက်တွင် ဝမ်‌ပေါင်လဲ့ ကိုယ်ပေါ်မှနေ၍ ဝိညာဉ်ချီများသည် မီးမုန်တိုင်းကဲ့သို့ထွက်ပေါ်လာကာ ကောင်းကင်ပေါ်သို့ ထိုးတက်သွားသဖြင့် မိုင်နှစ်ထောင် အဝန်းအဝိုင်းအတွင်းရှိ ကျင့်ကြံသူများအားလုံးသည် ထိုဝိညာဉ်ချီများကို အနည်းနှင့်အများဆိုသလို အာရုံခံမိလိုက်ကြလေသည်။ သူတို့သည် စိတ်လှုပ်ရှားကာ လိုချင်တပ်မက်မှုများ ပေါ်လာကြပြီး ထိုအားကောင်းသော ဝိညာဉ်ချီများထွက်ပေါ်လာသောနေရာသို့ ဦးတည်းပြေးသွားကြလေသည်။

ဝမ်ပေါင်လဲ့ သုံးချောင်းထောက်ဒယ်စောက်အိုးလေးကို ယူခဲ့သော ပပ်ကြားအက်နေရာတွင် ဝမ်ပေါင်လဲ့ထွက်ခွာသွားပြီးနောက် မြေအောက်ထဲမှနေ၍ ကျယ်လောင်သော ပေါက်ကွဲသံကြီးတစ်ခု ထွက်ပေါ်လာ၏။ မြေကြီးများ လေထဲသို့ လွင့်တက်သွားပြီး ချန်ဟွေ့သည် ရှုပ်ပွနေသောဆံပင်များဖြင့် မြေကြီးအတွင်းမှ ထွက်ပေါ်လာလေသည်။ သူမသည် မြေပေါ်သို့ ရောက်သည်နှင့် သွေးများအန်လိုက်၏။ သူမ၏မျက်နှာသည် ဖြူဖျော့နေပြီး သူမ၏ ရူးကြောင်ကြောင်ဖြစ်နေသော မျက်လုံးများထဲတွင်လည်း သွေးကြောမျှင်များ ပေါ်နေပေသည်။ သူမသည် စူးစူးဝါးဝါး အော်ဟစ်လိုက်၏။
‘ ငါ နင့်ကိုသတ်မယ် ’

သူမသည် ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်ပြီး ဝိညာဉ်ချီများထွက်ပေါ်နေသောနေရာကို စိုက်ကြည့်လိုက်လေသည်။ သူမသည် ထိုနေရာဆီသို့ ပြေးသွားလိုက်၏။ သူမ၏ မျက်ဝန်းများထဲတွင် သတ်ဖြတ်လိုသောအရိပ်အယောင်များ ရှိနေလေသည်။

အကယ်၍ တစ်စုံတစ်ယောက်သည် အမြင့်တစ်နေရာမှနေ၍ အောက်သို့ငုံကြည့်ခဲ့လျှင် လကမ္ဘာအလင်းခြမ်းနှင့် အမှောင်ခြမ်းတို့ထိစပ်၍ နယ်နိမိတ်အပါအဝင် မိုင်နှစ်ထောင်အဝန်းအဝိုင်းအတွင်း ကျင့်ကြံသူရာကျော်သည် နေရာအနှံ့မှနေ၍ တစ်နေရာဆီသို့ အလျင်အမြန်သွားနေကြသည်ကို မြင်ရမည်ဖြစ်သည်။

သူတို့သွားနေသောနေရာသည် ဝမ်‌ပေါင်လဲ့ရပ်နေသောနေရာပင်။

Comment

Leave a Reply

Options

not work with dark mode
Reset