Switch Mode

အခန်း ( ၂၅၆ )

သုံးချောင်းထောက် ဒယ်စောက်အိုးလေး

သူတို့ ပပ်ကြားအက်၏ ပိုနက်ရှိုင်းသောနေရာသို့ ရောက်ရှိလာသောအခါ အနီရောင်အလင်းသည် ပို၍တောက်ပလာလေသည်။ ထိုအနီရောင်အလင်းသည် သွေးရောင်ကဲ့သို့ပင်။ မြေနံရံနှစ်အကြားတွင် လမ်းလေးတစ်ခုသာရှိပြီး သူတို့အရှေ့တွင် အဆုံးမရှိသော သွေးနီရောင်အလင်းတောက်ပနေပေသည်။

မျက်လုံးဖုတ်ကောင်များနှင့် အခြားသန္ဓေပြောင်းသားရဲမိစ္ဆာများသည် ထိုသွေးနီရောင်အလင်းအတွင်း ဝင်၍ ပျောက်ကွယ်သွားကြခြင်းပင်။ သို့သော် ဝမ်ပေါင်လဲ့၊ ချန်ဟွေ့နှင့် ဝမ်ပေါင်လဲ့၏ ရုပ်သေးရုပ်ပင် ထိုအလင်းအတွင်းသို့ မဝင်လိုက်ကြပေ။ သူတို့သည် မြေနံရံကို ကျောမှီ၍ သတိတကြီးဖြင့် သွားနေကြသည်။

သူတို့တစ်ဦးနှင့်တစ်ဦးအကြားတွင် အနည်းငယ် လှမ်းလေသည်။ ချန်ဟွေ့နှင့် ဝမ်‌ပေါင်လဲ့တို့ နှစ်ဦးစလုံးသည် သတိကြီးကြီးထား၍ သူတို့၏ ပတ်ဝန်းကျင်ကိုလေ့လာနေကြသည်။ သူတို့အချင်းချင်း မတွေ့သွားစေရန်လည်း အကောင်းဆုံးကြိုးစားကာ ပုန်းကွယ်နေပေသည်။

အကယ်၍ သူ့တွင် အကျိုးအပဲ့များစွာသာ ရှိနေပါက သူ့ကိုယ်မှထွက်နေသော ဝိညာဉ်ချီများကို ဝါးမျိုခြင်းသစ်စေ့က အ‌တော်အတန်ဖိနှိပ်ပေးထားနိုင်သော်လည်း အခြားသူများ လုံးဝအာရုံမခံနိုင်လောက်အောင်အထိ ဖိနှိပ်ထားနိုင်မည်မဟုတ်ပေ။ ထိုသို့ဆိုလျှင် သူ့ကိုသေချာပေါက်တွေ့ရှိသွားမည်ဖြစ်သည်။ ငါးဆက်မြောက် ကောင်းကင်မျိုးနွယ်၏ လျှို့ဝှက်နေရာတွင်လည်း ထိုသို့ဖြစ်ခဲ့ခြင်းပင်။ သို့သော် ယခုတွင် သူ့ကိုယ်ပေါ်၌ အကျိုးအပဲ့နှစ်ခုသာ ရှိတော့သည်ဖြစ်ရာ သူ့ထံမှထွက်နေသော ဝိညာဉ်ချီများကို ယာယီဖုံးကွယ်ထားနိုင်ပေသည်။

ချန်ဟွေ့သည်လည်း ထိုသို့ဖုံးကွယ်ထားခြင်းဖြစ်ရပေမည်။ ဝမ်ပေါင်လဲ့သည် သူမကိုယ်မှထွက်နေသော ဝိညာဉ်ချီများကို အာရုံမခံနိုင်ပေ။

သူတို့သည် ပပ်ကြားအက်အတွင်း အောက်သို့ဆက်ဆင်းနေစဉ်မှာပင် အပေါ်မှနေ၍ သားရဲများ၊ မိစ္ဆာများခုန်ချလာသည်ကို မကြာခဏဆိုသလို တွေ့ရလေသည်။ ထိုသားရဲများသည် သူတို့ကိုဖြတ်ကျော်ကာ သွေးနီရောင်အလင်းအတွင်းသို့ ကျသွားကြသည်။

သားရဲများ၊ မိစ္ဆာများသည် အသိစိတ်လွတ်နေသည်ဟု ထင်ရပေသည်။ ဝမ်ပေါင်လဲ့သည် ၎င်းတို့ကို သေချာလေ့လာလိုက်ရာ ၎င်းတို့၏ မျက်ဝန်းများထဲတွင် အသိစိတ်ပျောက်ကာ မိန်းမောနေသည့် အရိပ်အယောင်များကို တွေ့လိုက်ရလေသည်။ ၎င်းတို့ကို တစ်စုံတစ်ခုက ထိန်းချုပ်ထားပြီး သွေးနီရောင်အလင်းအတွင်းသို့ ခုန်ဆင်းခိုင်းနေပုံရပေသည်။

ဝမ်ပေါင်လဲ့၏ ရင်ထဲတွင် ထိတ်လန့်မှုများ ပေါ်လာ၏။ သူ၏ ဝါးမျိုခြင်းသစ်စေ့က သွေးနီရောင်အလင်းထဲတွင်ရှိနေသည့် သူလျစ်လျူမရှုနိုင်လောက်အောင် များပြားသော ဝိညာဉ်ချီများကိုသာ အာရုံခံမိမနေပါက ဝမ်ပေါင်လဲ့သည် ထိုနေရာမှ အမြီးကုပ်၍ ထွက်ပြေးသွားမည်ဖြစ်သည်။

ထိုသွေးနီအလင်းများ၏ နောက်ကွယ်တွင် ကြီးမားသောလျှို့ဝှက်ချက်ကြီးတစ်ခုရှိနေပြီး တွေးတော၍ပင်မရနိုင်သည့် ထိတ်လန့်ဖွယ်တစ်ခုရှိနေသည်ဟု ဝမ်ပေါင်လဲ့ခံစားနေရလေသည်။

‘ ငါအခုလုပ်နေတာက တော်တော်လေး ဦးနှောက်မရှိတဲ့ မဆင်မခြင်လုပ်ရပ်တစ်ခုလို့ ခံစားနေရတယ်… ’
ဝမ်ပေါင်လဲ့ ရင်ထဲတွင် သက်ပြင်းချလိုက်၏။ သူသည် သွေးနီအလင်းများ၏အစွန်းကို ရောက်ရှိနေပြီဖြစ်သော သူ၏ရုပ်သေးရုပ်ကို လှမ်းကြည့်လိုက်သည်။ သူသည် သူ့ကိုယ်သူသတိပေးလိုက်ပြီး ရုပ်သေးရုပ်ကို ကိုယ်တိုင်စတင်ထိန်းချုပ်ကာ သွေးနီအလင်းများကို လေ့လာလိုက်လေသည်။ ထိုအခိုက်တွင် ဝမ်ပေါင်လဲ့၏ မျက်နှာထား ရုတ်ခြည်းပြောင်းသွားလေသည်။

သူ၏ ရုပ်သေးရုပ်သည် သွေးနီအလင်းအနားသို့ ကပ်သွားသောအခါ အကြောင်းပြချက်မရှိဘဲ ရုတ်တရက် တုန်ခါသွား၏။ ၎င်းသည် လျင်မြန်စွာနောက်သို့လှည့်လိုက်ပြီး ချန်ဟွေ့ရပ်နေရာနေရာသို့ လှမ်းကြည့်လိုက်လေသည်။ သို့သော် ၎င်း၏အကြည့်သည် ချန်ဟွေ့ကို ဖြတ်ကျော်သွားပြီး သူ့ထံသို့ရောက်လာသည်။

ထို့နောက် ၎င်း၏ နှုတ်ခမ်းစွန်းနှစ်ခုသည် တွန့်တက်ကာ ပြုံးသွားလေသည်။ ထိုအပြုံးသည် ထူးဆန်းသော အေးစက်စက်အပြုံးတစ်ခုပင်။ ၎င်းသည် မြေနံရံနှင့် ကျော်ကပ်နေရာမှ သမုဒ္ဒရာတစ်ခုကဲ့သို့ ဖြစ်နေသည့် သိပ်သည်းသော သွေးနီရောင်အလင်းများအတွင်းသို့ ရုတ်တရက် ခုန်ချသွားလေတော့သည်။

ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ ချန်ဟွေ့တစ်ယောက် မျက်နှာပျက်သွားပြီး ထိတ်လန့်သွားလေသည်။ သူမကို တွေ့သွားပြီဖြစ်ကြောင်း သူမ သိသွားသည်။ သူမအရှေ့ရှိ လူသည် သာမန်လူတစ်ဦးနှင့် မတူဟု သူမ မတွေးမိပေ။ သို့သော် သူမ၏ ခေါင်းထဲတွင် ထိုကဲ့သို့ အတွေးဝင်လာလျှင်လည်း ထိုရုပ်သေးရုပ်၏ ထူးဆန်းသောမျက်နှာထားနှင့် မျက်ဝန်းထဲတွင် လက်သွားသော အလင်းတို့ကြောင့် သူမသည် ထိုရုပ်သေးရုပ်ကို လူအစစ်ဟုသာထင်မည်ဖြစ်သည်။ ဝမ်ပေါင်လဲ့သည်ပင် ကြောင်သွားလေသည်။ သူ၏ နှလုံးသားထဲတွင် ခံစားချက်များ ထွက်ပေါ်လာသည်။

‘ ဘာတွေဖြစ်နေတာလဲ… ’
သူ၏ ဦးရေပြားယားလာသည်ကို ဝမ်‌ပေါင်လဲ့ ခံစားလိုက်ရသည်။ သူ့စိတ်ထဲတွင် ဖော်ပြ၍မရနိုင်သောခံစားချက်တစ်ခု ပေါ်လာလေသည်။ သူ၏ နှလုံးသားသည် တဒိတ်ဒိတ်ခုန်နေ၏။ သူ၏ ကြွက်သားများလည်း တွန့်လှုပ်သွားကြသည်။ သူသည် ရုပ်သေးရုပ်ကို နောက်လှည့်ကြည့်ရန် မခိုင်းစေခဲ့ပေ။ ထို့ပြင် ရုပ်သေးရုပ်၏ မျက်နှာထားကိုလည်း သူထိန်းချုပ်ထားခြင်းမဟုတ်ချေ။ သူ၏ ရုပ်သေးရုပ်ပြုလုပ်သော စွမ်းရည်သည် အခြားသူများထက် များစွာသာလွန်သော်လည်း၊ သူပြုလုပ်သော ရုပ်သေးရုပ်များသည် လူအစစ်နှင့် လွန်စွာတူသော်လည်း ယခုရုပ်သေးရုပ် ခေါင်းလှည့်၍ကြည့်ကာ ပြုလုပ်လိုက်သော မျက်နှာထားမျိုးကို ပြုလုပ်နိုင်မည်မဟုတ်ပေ။

ထိုအခိုက်တွင် ယင်းရုပ်သေးရုပ် အသက်ဝင်လာသည်ဟုပင် သူထင်မိခဲ့လေသည်။

အကယ်၍ ရုပ်သေးရုပ်သာ အမှန်တကယ် အသက်ဝင်လာခြင်းဖြစ်ပါက ၎င်းသည် ဝမ်ပေါင်လဲ့နှင့် တစ်ထေရာတည်းတူနေသည်ဖြစ်ရာ ဝမ်ပေါင်လဲ့သည် သူနှင့်ရုပ်ချင်းတူသော သက်ရှိလူတစ်ဦးနှင့် မျက်နှာချင်းဆိုင်လိုက်ရသကဲ့သို့ပင် ဖြစ်သွားပေမည်။ ဝမ်ပေါင်လဲ့၏ ခေါင်းထဲတွင် အတွေးများစွာ ပေါ်လာသည်။ သူသည် ရှင်းပြ၍မရနိုင်လောက်အောင် ဦးနှောက်ခြောက်စေသည့် ကိစ္စနှင့် ကြုံတွေ့လိုက်ရခြင်းပင်။

ဝမ်ပေါင်လဲ့သည် သူ၏အောက်ရှိ သွေးနီအလင်းများကို ပို၍ ကြောက်ရွံ့လာ၏။ သူ ချက်ချင်းလှည့်ပြန်သွားရမည်လောဟု တွေးလိုက်စဉ်မှာပင် ချန်ဟွေ့တစ်ယောက် လက်ဟန်များ ပြုလုပ်နေသည်ကို သူတွေ့လိုက်လေသည်။ သူမသည် မန္တန်တစ်ခုကို ထုတ်နေခြင်းပင်။ ရုတ်တရက် သူမ ရှိနေသောနေရာမှ ပြင်းထန်သောလေတစ်ချက် တိုက်ခတ်သွား၏။

ထိုမန္တန်နှင့် မလုံလောက်သေးသည့်အလား ချန်ဟွေ့သည် သူမ၏ ညာလက်ကို မြှောက်၍ သစ်သားရုပ်လေးတစ်ရုပ်ကို ထုတ်လွှတ်လိုက်သည်။ ၎င်းသစ်သားရုပ်‌လေးသည် ခရမ်းရောင်ဖြစ်သည်။ ဝမ်ပေါင်လဲ့ရပ်နေသောနေရာမှ လှမ်းကြည့်လျှင် ထိုသစ်သားရုပ်လေးသည် ရင်ဘတ်ပေါ်တွင် လက်ကြက်ခြေခတ်တင်ထားသော အရုပ်ကလေးဖြစ်ကြောင်းသာ မြင်ရပြီး အခြားအင်္ဂါရပ်များကို မမြင်ရပေ။ ထိုသစ်သားရုပ်လေးသည် ဝမ်‌ပေါင်လဲ့ကို ထိတ်လန့်အံ့အားသင့်ဖွယ် အငွေ့အသက်များကို ပေးနေပေသည်။ ၎င်းမှ ထွက်ပေါ်နေသော အစွမ်းသည် သူ၏ဓမ္မလက်နက်ထက် တစ်ဆင့်သာနိမ့်ပုံပေါ်လေသည်။

ချန်ဟွေ့သည် သစ်သားရုပ်လေးကို ထုတ်လွှတ်လိုက်ပြီးနောက် ၎င်းကို သွေးနီအလင်းများဆီသို့ အလျင်အမြန်ပျံသန်းသွားစေလိုက်သည်။ ၎င်းသည် သွေးနီအလင်းများအတွင်းသို့ ဝင်သွား၏။ ပြင်းထန်သောလေများသည်လည်း ၎င်းအနောက်မှ လိုက်သွား၏။ လေပြင်းများသည် သစ်သားရုပ်ထံမှ စွမ်းအင်များ စုပ်ယူနေပုံပေါ်ပြီး တဖြည်းဖြည်း ပို၍အားကောင်းလာကာ လေဆင်နှာမောင်းတစ်ခုဖြစ်သွားပြီး သစ်သားရုပ်ကို ပတ်၍ လည်ပတ်လိုက်လေတော့သည်။ လေဆင်နှာမောင်းသည် သွေးနီရောင်အလင်းများအတွင်းသို့ ရောက်သွားသောအခါ ရုတ်တရက်ပေါက်ကွဲသွားလေသည်။

ထိုပေါက်ကွဲမှုကြောင့် လေပြင်းများသည် အရပ်မျက်နှာအဘက်ဘက်သို့ ကန်ထွက်သွား၏။ ဝမ်ပေါင်လဲ့သည် မြေနံရံကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်ရ၏။ သူသည် လေပြင်းများကြောင့် လွင့်ထွက်သွားမလိုပင် ဖြစ်သွားသည်။ သူ ထိတ်လန့်သွားပြီး သစ်သားရုပ်နှင့် လေဆင်နှာမောင်းကြီးတို့ ပေါက်ကွဲသွားမှုကြောင့် သွေးနီရောင်အလင်းများ မှိန်လာသည်ကို တွေ့လိုက်ရလေသည်။ အလင်းများသည် လွင့်ပြယ်လာသကဲ့သို့ပင်။ အလင်းသည် တဖြည်းဖြည်း ပါးလျလာပြီး လျင်မြန်စွာပင် ပျောက်ကွယ်သွားလေတော့သည်။

အလင်းများ လုံးဝပျောက်ကွယ်သွားသောအခါ ဝမ်ပေါင်လဲ့သည် ပပ်ကြားအက်အောက်ခြေတွင် ပုန်းအောင်းနေသာ လျှို့ဝှက်ချက်ကို တွေ့လိုက်ရလေသည်။

ပပ်ကြားအက်အောက်ခြေတွင် ရှိနေသောအရာမှာ သစ်ကိုင်းတစ်ခုပင်။

သစ်ကိုင်းသည် အရွယ်အစားကြီးမားပြီး ကျန်အပိုင်းများသည် မြေအောက်ထဲတွင် နက်နက်ရှိုင်းရှိုင်း နစ်မြုပ်နေပေသည်။ မြေပေါ်တွင်ပေါ်နေသော အပိုင်းအသေးလေးသည်ပင် မီတာသုံးရာရှည်လေသည်။ ၎င်းသည် အဝါရောင်ဖြစ်ပြီး အမဲရောင်အချို့လည်းရှိလေသည်။ အရောင်နှစ်ခုသည် မြွေတစ်ကောင်ပေါ်ရှိ အမှတ်များသဖွယ် တစ်ရောင်နှင့်တစ်ရောင် ရောယှက်နေကြသည်။ သစ်ကိုင်း၏ အစိတ်အပိုင်းတော်‌တော်များများသည် လုံးဝရွတ်တွနေပြီး သေဆုံးနေပုံရ၏။ ၎င်းသည် အချိန်ကြာမြင့်စွာ တည်ရှိခဲ့သောအရာတစ်ခုနှယ် ရှေးဟောင်းဝိညာဉ်စွမ်းအင်များကို ထုတ်လွှတ်နေ၏။ အမှန်တွင် ထိုသစ်ကိုင်းတည်ရှိခဲ့သည်မှာ လွန်စွာကြာမြင့်ခဲ့ပြီဟု ဆိုနိုင်ပေသည်။

မြေ‌ပေါ်တွင် ပေါ်နေသောအပိုင်းသည် ကြီးမားသော သစ်ပင်ကြီး၏ သေးငယ်သော ကိုင်းတစ်ကိုင်းသာဖြစ်နိုင်၏။ ၎င်း၏ ကြီးမားသောပုံစံအပြည့်အစံသည် မြေအောက်ထဲတွင် နစ်မြုပ်နေလေသည်။ ၎င်း၏ အရွယ်အစားကို အတိအကျမသိရပေ။ အကယ်၍ ထိုနေရာတွင်သာ ပပ်ကြားအက်တစ်ခုပေါ်မလာပါက လကမ္ဘာ၏ မြေအောက်ထဲတွင် ထိုကဲ့သို့ ကြီးမားသည့်သစ်ပင်ကြီးတစ်ပင် ရှိနေသည်ကို ဝမ်ပေါင်လဲ့ သိမည်မဟုတ်ပေ။

ထိုသစ်ပင်ကြီးသည် လ‌ပေါ်ရှိ အမြဲစိမ်းမှော်သစ်ပင်ကြီးဖြစ်ရမည်ဟု ဝမ်ပေါင်လဲ့ တွေးမိသွား၏။

သို့သော် ထိုသစ်ပင်သည် ရှေးဟောင်းဒဏ္ဍာရီများထဲမှ အရာတစ်ခုဖြစ်သည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့ပင် မယုံနိုင်ဖြစ်နေ၏။ သူသည် မြေအောက်တွင်မြုပ်နေသော သစ်ပင်ကြီး၏ အရွယ်အစားအစစ်အမှန်ကို တွေးပင်တွေးမကြည့်နိုင်ပေ။ မြေပေါ်တွင်ပေါ်နေသည့် သစ်ကိုင်းတစ်ကိုင်းသည်ပင် ဧရာမကြီးမားနေသည် မဟုတ်ပေလော။

သူ ကူးလောင်ချိုင့်ဝှမ်းတွင် တွေ့ခဲ့ရသော ဧရာမသစ်ပင်များနှင့် ဟွမ်ရှန်းအဖြစ်မှ ပြောင်းလဲသွားသော ဧရာမသစ်ပင်သည်ပင် ယခုသူ့ရှေ့တွင် ရှိနေသော သစ်ပင်ကြီးနှင့် အရွယ်အစားခြင်း မယှဉ်နိုင်ချေ။ ၎င်းတို့သည် ပုရွက်ဆိတ်နှင့် လူသားကဲ့သို့ အရွယ်ကွာခြားလေသည်။

မြေပေါ်တွင်ပေါ်နေသော သစ်ကိုင်းကြီးပေါ်တွင် ဧရာမသစ်ပင်တစ်ပင်အတွက်ဆိုလျှင် မပြောပလောက်သော်လည်း ဝမ်‌ပေါင်လဲ့၏မျက်စိထဲတွင်မူ လွန်စွာကြီမားသည်ဟုဆိုနိုင်သော ပေတစ်ရာရှည်သည့် အမာရွတ်ကြီးတစ်ခုကို လှမ်းတွေ့လိုက်သည်။

ထိုအမာရွတ်သည် ပြင်ပထိခိုက်မှုကြောင့် ဖြစ်ပေါ်လာခြင်းမဟုတ်ဘဲ အတွင်းမှ ရွတ်တွပျက်ဆီးလာသဖြင့် ပေါ်လာသောအမာရွတ်တစ်ခုဟု ထင်ရပေသည်။ အမာရွတ်အတွင်း၌ သစ်စေးများထွက်မနေတော့ပေ။ သို့သော် ထိုအထဲသို့ ကျသွားသော မျက်လုံးဖုတ်ကောင်များ၊ လင်းနို့မိစ္ဆာများအပြင် ဝမ်‌ပေါင်လဲ့၏ ရုပ်သေးရုပ်သည်ပင် ဧရာမသစ်ပင်ကြီး၏ ဝါးမျိုခြင်းကို ၎င်းတို့ကိုယ်တိုင် လိုလိုလျားလျား ခံလိုက်ပြီး သစ်ပင်၏ တစ်စိတ်တစ်ပိုင်းအဖြစ် ခံယူလိုက်ကြပုံပင်။

ထိုအမာရွတ်ကြီး၏ အထက်ရှိ သစ်ခေါက်ထဲတွင် သုံးချောင်းထောက်ဒယ်စောက်အိုးလေးတစ်ခု မြုပ်ဝင်နေ၏။ ဝမ်ပေါင်လဲ့တစ်ယောက် ထိုသုံးချောင်းထောက်ဒယ်စောက်အိုးလေးကို မြင်လိုက်သောအခါ ခေါင်းထဲတွင် ကျယ်လောင်သံပေါက်ကွဲသံကြီးတစ်ခု ပေါ်လာသကဲ့သို့ ခံစားလိုက်ရလေသည်။ သူ၏ ရင်ထဲတွင် ခံစားချက်များ ထိမ်းမနိုင်သိမ်းမရ ထွက်ပေါ်လာသည်။ များပြားသိပ်သည်းသော ဝိညာဉ်ချီများ ထွက်ပေါ်လာရာ အရင်းအမြစ်သည် ထိုသုံးချောင်းထောက်ဒယ်စောက်အိုးလေးဖြစ်လေသည်။ ဝမ်ပေါင်လဲ့သည် ၎င်းကို မြင်လိုက်သည်နှင့်ချက်ချင်း လိုချင်လာလေတော့သည်။

ထိုအရာသည် အခြေတည်အဆင့်ရောက်ရန်အတွက် အသုံးပြုနိုင်သော ပစ္စည်းတစ်ခုပင်။

ထိုအရာသည် တာအိုကျောင်းတော်က ဖော်ပြထားသော ပစ္စည်းများကဲ့သို့ လွန်စွာကံကောင်းသူမှသာ တွေ့နိုင်သည့် အကောင်းပကတိရှိနေသော ရတနာတစ်ခုပင် ဖြစ်လေသည်။

ထိုကဲ့သို့ ရတနာတစ်ခုဖြစ်နေနိုင်သည်ဟု သူခန့်မှန်းမိခဲ့သဖြင့် အန္တရာယ်များကိုစွန့်စားကာ ထိုနေရာသို့ သူလာခဲ့ခြင်းပင်။ ထိုသုံးချောင်းထောက်ဒယ်စောက်အိုးလေးကို သူမျက်ဝါးထင်ထင်မြင်လိုက်ရသောအခါ သူ၏ခန့်မှန်းချက် မှန်ကန်ကြောင်း အတည်ပြုလိုက်နိုင်ပေပြီ။ သူစိတ်လှုပ်ရှားနေကြောင်း သူ၏မျက်နှာပေါ်တွင် ထင်းထင်းကြီးပေါ်နေလေသည်။ သူ၏ရင်ထဲတွင် ခံစားချက်များ ပြည့်နှက်လာပြီး သူ၏မျက်ဝန်းများထဲတွင် လိုချင်တပ်မက်မှု အရိပ်အယောင်များ ပေါ်လာလေ‌တော့သည်။

ချန်ဟွေ့သည်လည်း ထိုသို့ပင် ခံစားနေရ၏။ သူမ၏ အသက်ရှူနှုန်း မြန်လာလေသည်။ သို့သော် သူမသည် သူမကိုယ်သူမ ပြန်၍စိတ်တည်ငြိမ်လာအောင် အလျင်အမြန်ပြုလုပ်လိုက်ပြီး လက်ဟန်များဖော်ကာ လေဆင်နှာမောင်းကြီးကို အစွမ်းပြန်ဖြည့်ပေးနေသည့် သစ်သားရုပ်ကို ညွှန်လိုက်လေသည်။ လေဆင်နှာမောင်းသည် ၎င်း၏လမ်းကြောင်းကို ဖြည်းဖြည်းချင်းပြောင်းလိုက်ပြီး သုံးချောင်းထောက်ဒယ်စောက်အိုးလေးကို ၎င်း၏ ဗဟိုသို့ ဆွဲယူရန် ကြိုးစားလိုက်သည်။

ဝမ်ပေါင်လဲ့သည် ထိုမြင်ကွင်းကို မျက်တောင်မခတ်တမ်းကြည့်နေပြီး သူဝင်ရောက်တိုက်ခိုက်နိုင်မည့် အခွင့်အရေးကောင်းကို စိတ်ရှည်ရှည်စောင့်နေလေသည်။

ချန်ဟွေ့၏ အပြင်းအထန်ကြိုးပမ်းမှုကြောင့် သုံးချောင်းထောက်ဒယ်စောက်အိုးလေးသည် သစ်ခေါက်အတွင်း နစ်မြုပ်နေရာမှ ဖြည်းဖြည်းမှန်မှန် တုန်ခါကာ ချောင်လာလေတော့သည်။

တဒင်္ဂကြာပြီးနောက် ဝမ်ပေါင်လဲ့နှင့် ချန်ဟွေ့တို့၏ စိတ်လှုပ်ရှားနေသော မျက်လုံးများအောက်တွင် သုံးချောင်းထောက်ဒယ်စောက်အိုးလေးသည် လှုပ်ရှားကာ လေဆင်နှာမောင်းနှင့်အတူ ပါသွားလေသည်။

ချန်ဟွေ့ အလွန်အမင်း ဝမ်းသာသွားပြီး ထိုသုံးချောင်းထောက်ဒယ်စောက်အိုးလေးကို သူမထံယူလာရန် သစ်သားရုပ်လေးကို ချက်ချင်းပင် ခိုင်းစေလိုက်လေသည်။ ဝမ်ပေါင်လဲ့၏ မျက်ဝန်းများသည်လည်း ရုတ်တရက် အ‌ရောင်လက်သွား၏။ သို့သော် သူ ဝင်လုရန် ဟန်ပြင်လိုက်စဉ်မှာပင် သစ်ကိုင်းကြီး၏ အမာရွတ်အတွင်းမှ အနီရောင်အလင်းတစ်ခု ပေါ်ထွက်လာ၏။ ထိုအလင်းသည် သွေးနီရောင်အလင်းပင်လယ်ကြီးတစ်ခုကဲ့သို့ အပြင်သို့ ပြန့်ကားသွားပြီး အရာအားလုံးကို အသစ်တဖန်ပြန်စလိုက်လေသည်။

သစ်သားရုပ်သည် အနီရောင်အလင်းနှင့် ထိခတ်သွားသဖြင့် တုန်ခါကာ မတည်မငြိမ်ဖြစ်သွားသည်။ ၎င်းသည် အလင်းများအကြား နစ်မြုပ်လုမတတ်ဖြစ်သွား၏။ သူမ၏ကြိုးပမ်းမှုများ ရေစုန်မျောတော့မည်ကို တွေ့လိုက်သောအခါ ချန်ဟွေ့သည် စိတ်လှုပ်တရှားဖြင့် လက်ဟန်များကို အလျင်အမြန်ဖော်ကာ ချက်ချင်း ညွှန်ပြလိုက်လေသည်။

“ ပေါက်ကွဲစမ်း ”

Comment

Leave a Reply

Options

not work with dark mode
Reset