ရုတ်တရက်ထွက်ပေါ်လာသော ဝိညာဉ်ချီများကို အာရုံခံမိလိုက်သောအခါ ဝမ်ပေါင်လဲ့၏ မျက်နှာပေါ်တွင် ခံစားချက်များ ရောထွေးသွားလေသည်။ သူသည် ဝိညာဉ်ချီများထွက်ပေါ်လာရာဘက်ကို ငေးကြည့်လိုက်သည်။ သူ၏ ခေါင်းထဲတွင် အတွေးအချို့ရှိနေ၏။ ထိုအတွေးများကြောင့် သူစိတ်လှုပ်ရှားသွားသော်လည်း မရေမရာလည်းဖြစ်နေ၏။
မျက်လုံးဖုတ်ကောင်များနှင့် လဝိညာဉ်တို့သည် ထိုဝိညာဉ်ချီများထွက်ပေါ်လာရာနေရာသို့ သွားနေကြောင်း ထင်ရှားပေသည်။ လကမ္ဘာပေါ်ရှိအခြား မိစ္ဆာများသည်လည်း ထိုဝိညာဉ်ချီများထွက်ပေါ်နေသော နေရာသို့ သွားနေနိုင်ကြောင်း ဝမ်ပေါင်လဲ့ ခန့်မှန်းလိုက်၏။ ထိုဝိညာဉ်ချီများသည် မကြာသေးခင်ကမှ ထွက်ပေါ်လာခြင်း ဖြစ်ရပေမည်။ မဟုတ်လျှင် ထိုနေရာတွင် လကမ္ဘာပေါ်မှ မိစ္ဆာများနှင့် ပြည့်နှက်နေမည်ဖြစ်သည်။
‘ သွားကြည့်တာပေါ့ကွာ ’
ဝမ်ပေါင်လဲ့၏ မျက်လုံးများ အရောင်လက်သွား၏။ သူ အံကြိတ်လိုက်သည်။ သူသည် ထိုနေရာကို မျက်နှာလွှဲ၍ ဤအတိုင်း ထွက်သွားရန် အင်တင်တင်ဖြစ်နေသည်။ သူသည် သူရဲဘောကြောင်သူတစ်ဦး မဟုတ်ပေ။ သူက စိတ်ပိုင်းဖြတ်ပြီးနောက် တုံ့ဆိုင်းခြင်းမရှိဘဲ ဝိညာဉ်ချီများထွက်ပေါ်လာရာနေရာသို့ လျင်မြန်စွာသွားလိုက်လေသည်။
ဝမ်ပေါင်လဲ့သည် စိတ်ပိုင်းဖြတ်ထားပြီးဖြစ်သော်လည်း သတိထားနေဆဲပင်။ သူသည် မျက်လုံးဖုတ်ကောင်များအနီးသို့ ကပ်မသွားခဲ့ပေ။ သူသည် ၎င်းတို့နောက်သို့ တည်တည်ငြိမ်ငြိမ်ဖြင့် လိုက်သွားခဲ့သည်။ ထိုဝိညာဉ်ချီလှိုင်းများသည် အနီးရှိ အခြားကျင့်ကြံသူများကိုလည်း ဖိတ်ခေါ်လိုက်သကဲ့သို့ဖြစ်နေမည်ကို သူသိ၏။ သို့သော် အလျင်မလိုရန် သူ့ကိုယ်သူသတိပေးလိုက်သည်။
အကယ်၍ သူသာ စိတ်လှုပ်ရှားစွာဖြင့် အလျင်စလိုပြုလုပ်မိပါက ရှားပါးသောပစ္စည်းတစ်ခုကို ရရှိမည့်အခွင့်အရေးသည် သူ၏လက်ချောင်းများအကြားမှ လွတ်ကျသွားပေလိမ့်မည်။ သူ့အသက်ပင် ဆုံးရှုံးသွားနိုင်ပေသည်။ ထိုဖြစ်နိုင်ချေများသည် အမှန်ပင်ဖြစ်နိုင်လေသည်။
‘ ငါလုပ်ရမှာက ပြဿနာနဲ့ကြုံရင် စိတ်အေးအေးထားဖို့ပဲ ’
ဝမ်ပေါင်လဲ့ ထိုသို့တွေးလိုက်ပြီးနောက် ပို၍တည်ငြိမ်လာ၏။ ဝမ်ပေါင်လဲ့သည် ထိုအတွေးကို စိတ်ထဲထား၍ သတိကြီးကြီးထားကာ ပုံမှန်အရှိန်ဖြင့် မျက်လုံးဖုတ်ကောင်များနောက်သို့ လိုက်ရင်း လကမ္ဘာ၏ အမှောင်ခြမ်းအတွင်းသို့ နက်နက်ရှိုင်းရှိုင်းဝင်ရောက်လာလေတော့သည်။
သူ တောအုပ်အတွင်းသို့ ဝင်လိုက်၏။ သူ၏ ကိုယ်တွင်းရှိ ဝါးမျိုခြင်းသစ်စေ့သည် အပြင်းအထန်လည်ပတ်လာပြီး ဝိညာဉ်ချီများကို ထုတ်လွှတ်လာသောအခါ ဝမ်ပေါင်လဲ့၏ အသက်ရှူနှုန်း မြန်လာလေသည်။ သူသည် တောအုပ်အတွင်းသို့ရောက်သောအခါ ပုန်းလျှိုးကွယ်လျှိုးသွားလိုက်သည်။ သူ၏ဝိညာဉ်ချီများကိုလည်း အတတ်နိုင်ဆုံး ဖုံးဖိထားနိုင်ရန် ကြိုးစားလိုက်သည်။
ဝမ်ပေါင်လဲ့သည် မျက်လုံးဖုတ်ကောင်များအနောက်သို့ လိုက်ရင်းဖြင့် အားကောင်းသော ဝိညာဉ်ချီများထွက်ပေါ်လာရာ တောနက်အတွင်းသို့ ရောက်သွားလေတော့သည်။ သူသည် မြေပေါ်ရှိ ကြီးမားသော ပပ်ကြားအက်ကြီးတစ်ခုကို ရုတ်တရက်တွေ့လိုက်ရ၏။
ထိုပပ်ကြားအက်သည် မကြာသေးခင်ကမှ ပေါ်လာခြင်းဖြစ်ကြောင်း ထင်ရှားလေသည်။ ၎င်း၏ဘေးပတ်လည်ရှိ သစ်ပင်များသည် အမြစ်မှလန်နေသည့်အပင်ကလန်၊ တစ်စစီဖြစ်နေသည့်အပင်ကဖြစ်နှင့် ရှိနေလေသည်။ မြေပြင်မှနေ၍ ပြင်းထန်သောအားတစ်ခု ရုတ်တရက်ထွက်ပေါ်လာ၍ မြေကြီးသည် မို့လာပြီး နှစ်ခြမ်းကွဲသွားကာ ပပ်ကြားအက်ကြီးပေါ်လာခြင်း ဖြစ်ရပေမည်။
၎င်းသည် ဆယ်ပေကျယ်၍ ပေတစ်ထောင်ကျော်ရှည်လေသည်။ ပပ်ကြားအက်အတွင်းမှနေ၍ များပြားသိပ်သည်းသော ဝိညာဉ်ချီများ အဆက်မပြတ်ထွက်နေပြီး အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့နေလေသည်။
လဝိညာဉ်ဦးဆောင်လာသော မျက်လုံးဖုတ်ကောင်များသည် ပပ်ကြားအက်အနီးသို့ ချဉ်းကပ်သွားကြ၏။ ၎င်းတို့သည် တုံ့ဆိုင်းခြင်းမရှိဘဲ ပပ်ကြားအက်အတွင်းသို့ခုန်ချကာ ပျောက်ကွယ်သွားကြလေသည်။ ဝမ်ပေါင်လဲ့သည် အခြားလဝိညာဉ်တစ်ကောင်ဦးဆောင်လာသော အခြားလကမ္ဘာမိစ္ဆာများကိုလည်း တွေ့လိုက်ရ၏။ ၎င်းတို့သည်လည်း ပပ်ကြားအက်အတွင်းသို့ ခုန်ချသွားကြသည်။
လဝိညာဉ်များသည် ပက်ကြားအက်ကြီးအတွက် အစာများရှာပေးနေသကဲ့သို့ပင်။ ၎င်းတို့သည် နေရာအနှံ့သို့သွား၍ မိစ္ဆာများကိုရှာကာ ပပ်ကြားအက်ကြီးဆီသို့ ဦးဆောင်ခေါ်လာကြလေသည်။
ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ ဝမ်ပေါင်လဲ့၏ နှလုံးခုန်နှုန်း ပို၍မြန်လာလေသည်။ ပပ်ကြားအက်ထဲတွင် မည်သည့်အရာရှိကြောင်း သူ မသိသော်လည်း သူ၏ကိုယ်တွင်းမှ ဝါးမျိုခြင်းသစ်စေ့၏ အာရုံအရ များပြားသိပ်သည်းသောဝိညာဉ်ချီများ၏ အရင်းအမြစ်သည် ထိုပပ်ကြားအက်အတွင်း၌ရှိကြောင်း သူသိလေသည်။
အတန်ကြာ တိတ်ဆိတ်သွားပြီးနောက် အခြားမိစ္ဆာတစ်အုပ်သည် ပပ်ကြားအက်ကြီးအနားသို့ရောက်ရှိလာပြီး အတွင်းသို့ခုန်ချကာ ပျောက်ကွယ်သွားပြန်လေသည်။ လဝိညာဉ်များသည် လကမ္ဘာပေါ်ရှိ အခြားမိစ္ဆာများကိုရှာရန် ထပ်မံထွက်ခွာသွားကြ၏။ ထိုနေရာတစ်ဝိုက်တွင် ထပ်မံတိတ်ဆိတ်သွားသောအခါ ဝမ်ပေါင်လဲ့သည် ပုန်းအောင်းနေရာမှ တုံ့ဆိုင်းခြင်းမရှိဘဲ ထွက်လိုက်ပြီး ပပ်ကြားအက်ကြီးအတွင်းသို့ ခုန်ချကာ ပျောက်ကွယ်သွားလေတော့သည်။
“ ငါသိသားပဲ… ဖက်တီးတွေက လောဘကြီးပြီး ဦးနှောက်မရှိတဲ့ကောင်တွေဆိုတာ ”
ဝမ်ပေါင်လဲ့ ပပ်ကြားအက်အတွင်းသို့ ဝင်သွားသည်နှင့်တပြိုင်နက် ပပ်ကြားအက်၏ အခြားတစ်ဖက်ရှိ အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသော မိန်းမပျိုလေးတစ်ဦးက ပြောလိုက်လေသည်။ သူမသည် မန္တန်တစ်ခုကိုသုံး၍ ပတ်ဝန်းကျင်နှင့်တစ်သားတည်းဖြစ်နေစေရန် ပြုလုပ်ထားခြင်းပင်။
သူမကို သာမန် လူသားမျက်စိဖြင့် ကြည့်လျှင် မြင်နိုင်မည်မဟုတ်ပေ။ ကျင်ကြံခြင်းကို အသုံးချ၍ ကြည့်လျှင်ပင် မူမမှန်သည့်အရာတစ်ခုကိုပင် မြင်နိုင်ရန် ခဲယဉ်းပေလိမ့်မည်။ ဝတ်စုံဖြူနှင့် မိန်းမပျိုသည် လွန်စွာချောမောလှပလေသည်။ သူမ၏ ရုပ်သွင်သည် စွဲမက်ဖွယ်ကောင်း၏။ သို့သော် သူမ၏ မျက်ဝန်းများထဲတွင်မူ ရက်စက်မှုများ၊ အကြင်နာတရားကင်းမဲ့မှုများ ရှိနေလေသည်။ သူမ၏ နှုတ်ခမ်းစွန်းနှစ်ခုသည် ကောက်ကျစ်သောအပြုံးတစ်ခုအဖြစ် တွန့်တက်သွားလေသည်။
သူမ၏ အမည်မှာ ချန်ဟွေ့ဖြစ်သည်။ သူမသည် ဆည်းဆာကြယ်စင်စုဂိုဏ်းမှ ဖြစ်သည်။ ဂိုဏ်းအတွင်းရှိ တပည့်များအကြားတွင် သူမသည် လက်တွင်ပက်တီးအနက်များပတ်ထားသော လူငယ်ထက်ပင် ပို၍ ရက်စက်လေသည်။ သူမသည် ထိုနှစ်တွင် လကမ္ဘာသို့ဝင်ရောက်ခဲ့သော ဆည်းဆာကြယ်စင်စုဂိုဏ်း၏ ထိပ်သီးတပည့်တစ်ဦးပင်။
သူမသည် ဝမ်ပေါင်လဲ့ထက် အရင်ရောက်လာခဲ့ခြင်းဖြစ်သော်လည်း အန္တရာယ်ကိုအာရုံခံခဲ့မိသဖြင့် ပပ်ကြားအက်အတွင်းသို့ ချက်ချင်းဆင်းမသွားခြင်းဖြစ်လေသည်။ ဝိညာဉ်ချီများက အခြားသူများကို မျှားခေါ်မည့် အချိန်တိုင်အောင် သူမသည် ပတ်ဝန်းကျင်ကိုလေ့လာရင်း စောင့်နေခဲ့ခြင်းပင်။ အခြားသူများကို သူမအတွက် လမ်းရှင်းခိုင်းရန် ကြံရွယ်နေခြင်းဖြစ်သည်။
‘ ငါက နာရီဝက်စောင့်လို့မှ ဘယ်သူမှရောက်မလာရင် ကိုယ်တိုင်ဆင်းသွားမလိုပဲ… ဒါပေမဲ့ ငတုံးတစ်ကောင်ရောက်လာလိမ့်မယ်လို့ ဘယ်သူက တွေးမိမှာလဲ ’
‘ အဲ့လိုဆိုတော့လည်း သူ့ကိုပဲ လမ်းရှင်းခိုင်းရတော့မှာပေါ့… အန္တရာယ်တစ်ခုခုနဲ့သာကြုံရင် သူကကံဆိုးသူဖြစ်သွားမှာပဲ။ သူ့အားထုတ်မှုကို ငါက အညွန့်ခူးစားလိုက်ရုံပဲ ’
ချန်ဟွေ့ ခပ်ဖွဖွရယ်လိုက်၏။ သူမသည် သူမအရှေ့ရှိ မြေပြင်ပေါ်မှ ပပ်ကြားအက်ကြီးကို ကြည့်လိုက်သည်။
သူမသည် နောက်ထပ် အသက်တစ်ဒါဇင်ရှူစာမျှ ထပ်စောင့်ကြည့်လိုက်ပြီးနောက် ပပ်ကြားအက်အတွင်းသို့ ဆင်းသွားလိုက်လေတော့သည်။
သူမသည် မကြာမီ ပပ်ကြားအက်အတွင်းသို့ ရောက်သွားလေသည်။ အထဲတွင် မည်းမည်းမှောင်နေသည် မဟုတ်ပေ။ ပို၍နက်သော အောက်ခြေတွင် အနီရောင်အလင်းမှုန်မှုန်တစ်ခု ထွက်ပေါ်ရာ ကျင့်ကြံသူများအတွက် အတော်အသင့် မြင်နိုင်ပေသည်။ ချန်ဟွေ့တစ်ယောက် ပပ်ကြားအက်အတွင်းသို့ ရောက်ရှိသွားသောအခါ မျက်လုံးများ အရောင်လက်သွား၏။ ထို့နောက် ပပ်ကြားအက်၏ ပို၍နက်ရှိုင်းသောနေရာအတွင်းသို့ ဆက်ဆင်းသွားလိုက်လေသည်။ အရှေ့သို့သတိတကြီးနှင့်သွားနေသော အဝေးရှိ ဖက်တီး၏ ပုံရိပ်ကိုလည်း သူမလှမ်းမြင်နိုင်ပေသည်။
ထို့ကြောင့် သူမ ကျေနပ်သွားသည်။ သူမကိုယ်သူမ ပုစဉ်းရင်ကွဲကောင်ကို ချောင်းနေသည့် သတိလက်လွတ်ဖြစ်နေသော ရှိခိုးကောင်နောက်တွင် နားနေသော ငှက်ရွှေဝါတစ်ကောင်ကဲ့သို့ ခံစားနေရလေသည်။ သူမသည် ခပ်လှမ်းလှမ်းမှနေ၍ သူမ၏ ရှိခိုးကောင်နောက်သို့ လိုက်,လိုက်လေသည်။
သို့သော် ချန်ဟွေ့ ထိုဖက်တီးနောက်သို့ လိုက်နေစဉ် မလှမ်းမကမ်းရှိ ပပ်ကြားအက်ထိပ်အစွန်းမှ မြေများ ပြိုကျလာလေသည်။ ဝမ်ပေါင်လဲ့သည် မြေကြီးအတွင်းမှ တိုးထွက်လိုက်ပြီး မျက်တောင်ခတ်ကာ မိန်းမပျိုရှိထွက်ခွာသွားသည်နေရာကို လှမ်းကြည့်လိုက်သည်။ သူသည် အံ့ဩတကြီးဖြင့် ရယ်လိုက်၏။
အပြင်တွင် အမှန်ပင် တစ်စုံတစ်ယောက်ရှိနေပေသည်။
ဝမ်ပေါင်လဲ့သည် ပပ်ကြားအက်အတွင်းသို့ ချက်ချင်းဆင်းလာခဲ့ခြင်း မဟုတ်ပေ။ သူသည် ပတ်ဝန်းကျင်ကိုလေ့လာလိုက်ပြီးနောက် အခြားမည်သူမှရှိမနေဟု ကောက်ချက်ချခဲ့သော်လည်း လိုရမယ်ရအနေဖြင့် သူ၏ ရုပ်သေးရုပ်တစ်ရုပ်ကိုထုတ်၍ ပပ်ကြားအက်အတွင်းသို့ ဝင်ခိုင်းလိုက်ပြီး သူကိုယ်တိုင်ကမူ တွင်းတစ်တွင်းကို အလျင်အမြန်တူးကာ အထဲတွင် ပုန်းနေခဲ့ခြင်းဖြစ်လေသည်။
အခြားသူများ ပုန်းအောင်းစောင့်ဆိုင်းနေ၊ မနေကို သူသေချာမသိသဖြင့် အကောင်းဆုံးနည်းလမ်းဖြစ်သော ငါးစာချ၍ ပုန်းအောင်းနေသူများကို မျှားထုတ်သောနည်းလမ်းကို သုံးလိုက်ခြင်းပင်။ အကယ်၍ အပြင်တွင် အမှန်ပင်တစ်စုံတစ်ယောက်ရှိနေပါက သူထွက်သွားသည်ကို တွေ့လျှင် ထိုသူများသည် သူ့နောက်သို့ သေချာပေါက်လိုက်သွားမည်ဖြစ်သည်။ ထိုသူများသည် သူတို့အတွက် သူ့ကို အရင်ဆုံးလမ်းရှင်းခိုင်းရန်ပင် ကြံရွယ်ထားနိုင်ပေသည်။
အကယ်၍ ပုန်းအောင်းနေသော အခြားမည်သူတစ်ဦးမှ မရှိခဲ့ပါက ဝမ်ပေါင်လဲ့သည် မြေတွင်းအတွင်းမှထွက်၍ ပပ်ကြားအက်အတွင်းသို့ ကိုယ်တိုင်ဆင်းသွားမည်ဖြစ်သည်။
သို့သော် သူသည် ပုန်းအောင်းနေသူတစ်ဦးကို အောင်အောင်မြင်မြင် မျှားထုတ်နိုင်ခဲ့ပေသည်။ ထိုသူသည် သူ မရင်းနှီးသည့် မိန်းမပျိုလေးတစ်ဦးဖြစ်ပြီး အလွန်စိတ်ဝင်စားဖွယ်ကောင်းမည့် ပုံပေါ်လေသည်။ ဝမ်ပေါင်လဲ့ လှောင်ရယ်,ရယ်လိုက်၏။ ထို့နောက် သူသည် သူမအနောက်သို့ ခပ်ဖြည်းဖြည်းလိုက်သွားလိုက်လေသည်။
သူတို့နှစ်ဦးသည် ပပ်ကြားအက်ရှိ ပို၍နက်ရှိုင်းသော နေရာသို့ရောက်လာသောအခါ တစ်ဦးရှေ့တွင် တစ်ဦးရှိနေသဖြင့် သူတို့ကိုယ်သူတို့ ငှက်ရွှေဝါဟုထင်နေကြပေသည်။ သို့သော် ပပ်ကြားအက်အပြင်ဘက် တောအုပ်အလွန်ရှိ ဆယ်မိုင်ကွာသောနေရာတွင် အရပ်မြင့်၍ တုတ်ခိုင်တောင့်တင်းသော ကျင့်ကြံသူ ခုနစ်ဦး၊ ရှစ်ဦးရှိနေပေသည်။ သူတို့၏ မျက်လုံးများတွင် ထူးဆန်းသော အလင်းများလက်နေပြီး ပပ်ကြားအက်ရှိရာသို့ လာနေကြလေသည်။
ထိုသူများအထဲမှ တစ်ယောက်သည် အနီရောင်အလင်းတောက်ပနေသော သံလိုက်အိမ်မြောင်တစ်ခုကို ကိုင်ထားသည်။ ထိုအလင်းတန်းသည် ဝမ်ပေါင်လဲ့နှင့် ချန်ဟွေ့တို့ဝင်သွားသည့် ပပ်ကြားအက်ကို တိုက်ရိုက်ညွှန်ပြနေလေသည်။
“ အကြီးအကဲလီ ကိုယ်တိုင်ပြုလုပ်ထားတဲ့ ရှာဖွေရေးသံလိုက်အိမ်မြောင်က တကယ်ကို အံ့အားသင့်စရာကောင်းတာပဲ။ ဒါနဲ့ဆို မိုင်သုံးဆယ်ပတ်လည်အတွင်းမှာရှိတဲ့ ဝိညာဉ်ချီအရင်းအမြစ်တွေကို ငါရှာလို့ရတယ်။ ငါတို့ ယွီဟွားရှန်ထျန်းဂိုဏ်းကလူတွေဆီမှာ ဒီသံလိုက်အိမ်မြောင်သာရှိရင် ဒီနှစ်လကမ္ဘာပေါ်မှာ အခြေတည်အဆင့်ရောက်သွားတဲ့သူတွေက ငါတို့ဂိုဏ်းက အများဆုံးဖြစ်တော့မှာပဲ ”
“ တကယ်လို့ မမျှော်လင့်တာတစ်ခုခု ဖြစ်လာရင်တောင် ငါတို့အခြေတည်အဆင့်ကိုရောက်သွားရင် ကိုယ့်ကိုယ်ကို ကာကွယ်နိုင်မှာပါ ”
ယွီဟွားရှန်ထျန်းဂိုဏ်းမှ ကျင့်ကြံသူ ခုနစ်ဦး၊ ရှစ်ဦးသည် စိတ်လှုပ်ရှားနေဟန် ခပ်အက်အက်လေသံများဖြင့် ပြောလိုက်ကြသည်။ သူတို့သည် အရှိန်မြှင့်သွားနေရင်း သူတို့၏ အစီအစဉ်ကို အတည်ပြုလိုက်ကြလေသည်။
“ အားလုံး အသင့်ပြင်ထားတော့။ ရှားပါးရတနာကို ငါတို့ဂိုဏ်းကလူတွေမရဘဲ တခြားနိုင်ငံရေးအဖွဲ့အစည်းကလူတွေရသွားရင်… အဲဒီလူတွေက ဘယ်သူတွေဖြစ်ဖြစ် ငါတို့ရှင်းပစ်ရမှာပဲ။ အဲ့ရှားပါးရတနာကို တခြားဘယ်သူ့လက်ထဲမှ အပါမခံနိုင်ဘူး ”
ယွီဟွားရှန်ထျန်းဂိုဏ်းမှ ကျင့်ကြံသူများသည် သတ်ဖြတ်လိုသောအငွေ့အသက်များဖြင့် ရှေ့သို့ပြေးသွားနေကြသည်။ အခြားတစ်ဖက်တွင်လည်း မကြာသေးခင်ကမှ ဝမ်ပေါင်လဲ့၏ လုယက်မှုကိုခံခဲ့ရသော ဆည်းဆာကြယ်စင်စုဂိုဏ်းမှ လူငယ်သည် ပပ်ကြားအက်အတွင်းမှထွက်ပေါ်လာသော ဝိညာဉ်ချီများကို အာရုံမခဲ့မိသော်လည်း တိုက်ဆိုင်စွာပင် ပပ်ကြားအက်ရှိရာဘက်သို့ သွားကာရှာဖွေနေမိလေသည်။ သူသည် စိတ်မပါလက်မပါဖြင့် အခြေတည်အဆင့်အတွက် အသုံးချနိုင်သော အကျိုးအပဲများကို ရှာဖွေနေသည်။
ထိုနေရာနှင့် ဝေးကွာသောနေရာတွင် လွှတ်တော်မှကျင့်ကြံသူများ၊ ငါးဆက်မြောက် ကောင်ကင်မျိုးနွယ်မှလူများအပြင် တာအိုကျောင်းတော်ကြီးလေးကျောင်းမှလူများလည်း ရှိနေလေသည်။ တစ်ယောက်တည်း သွားလာရှာဖွေသူများ အများအပြားရှိနေသကဲ့သို့ သုံးယောက်တစ်ဖွဲ့၊ ငါးယောက်တစ်ဖွဲ့ရှာဖွေနေသူများလည်း ရှိပေသည်။
အချိန်ကုန်ဆုံးလာသောအခါ ရှာဖွေသူများသည် လကမ္ဘာ၏ အလင်းဘက်ခြမ်းတွင် နေရာအနှံ့ရှာဖွေခဲ့ပြီးပေပြီ။ ထိုအခါ နိုင်ငံရေးအဖွဲ့အစည်းအသီးသီးမှ ကျင့်ကြံသူများသည် လကမ္ဘာအမှောင်ဘက်ခြမ်းကို ကြည့်လိုက်ကြလေသည်။ လကမ္ဘာအလင်းခြမ်းနှင့် အမှောင်ခြမ်းတို့ ထိစပ်ရာနယ်နမိတ်တွင် ကျင့်ကြံသူအများအပြားစုဝေးသွားကြ၏။
ကံအားလျော်စွာပင် ပပ်ကြားအက်ကြီးအတွင်းရှိ ဝိညာဉ်ချီများသည် များပြားသိပ်သည်းသော်လည်း ဝမ်ပေါင်လဲ့၏ ဝါးမျိုခြင်းသစ်စေ့ကဲ့သို့သော တစ်စုံတစ်ရာကို မပိုင်ဆိုင်ထားလျှင် ပပ်ကြားအက်နှင့် နီးကပ်လာမှသာ ဝိညာဉ်ချီများကို အာရုံခံနိုင်မည်ဖြစ်သည်။ အကယ်၍ သူတို့သာ ပပ်ကြားအက်နှင့်ဝေးကွာနေလျှင် ဝိညာဉ်ချီများကို အာရုံခံမိရန် မလွယ်ပေ။
ထိုလူအုပ်သည် အနီးရှိ နေရာများတွင် ရှာဖွေနေစဉ် ဝမ်ပေါင်လဲ့သည် ချန်ဟွေ့၏အနောက်သို့ လျှို့ဝှက်နောက်ယောင်ခံလိုက်နေရင်းဖြင့် ပပ်ကြားအက်၏ နက်ရှိုင်းသောနေရာသို့ ရောက်လာလေတော့သည်။