လကမ္ဘာ၏ အမှောင်ခြမ်းနှင့် အလင်းခြမ်းတို့ ထိစပ်ရာနယ်နိမိတ်တွင် တောင်တန်းတစ်ခု ရှိလေသည်။
ဝမ်ပေါင်လဲ့သည် ထိုတောင်တန်းတစ်နေရာသို့ တည်နေရာရွှေ့ပြောင်းခံလိုက်ရ၏။ သူ ထိုနေရာတွင် ပေါ်လာသည်နှင့် တစ်ပြိုင်နက် သွေးများအန်ထုတ်လိုက်သည်။ သူသည် မတ်တတ်ရပ်မနေနိုင်တော့သဖြင့် မြေပြင်ပေါ်တွင် လဲကျသွားလေသည်။ သူ၏ မျက်လုံး၊ နှာခေါင်း၊ ပါးစပ်နှင့် နားတို့မှနေ၍ သွေးများယိုစီးကြလာ၏။ သူ၏ မျက်နှာသည် ဖြူဖျော့နေပြီး သူ၏အသွင်အပြင်သည် ညစ်ပတ်ပေရေနေကာ ထိတ်လန့်ဖွယ်ကောင်းနေပေသည်။
သူသည် တောင်တန်း၏ တောင်စောင်းတစ်နေရာတွင် ပေါ်လာခြင်းပင်။ ထို့ကြောင့် သူ၏ မြေပြင်ပေါ်လဲကျသွားသောခန္ဓာကိုယ်သည် တောင်အောက်သို့ ဒလိမ့်ကောက်ကွေးကျသွားပြီး ကျယ်လောင်သောအသံကြီးတစ်ခုနှင့်အတူ ချိုင့်ဝှမ်းတစ်ခုအတွင်း ရောက်သွားလေသည်။ သူ့ကို ကာကွယ်ပေးနေရန်အတွက် သူ၏ရုပ်သေးရုပ်ကို မထုတ်လိုက်နိုင်ခင်မှာပင် သတိလစ်သွားလေတော့သည်။
သူ၏ဒဏ်ရာများသည် အလွန်ပြင်းထန်၏။ သတ္တမအဆင့် ဓမ္မလက်နက်ကို နှစ်ကြိမ်သုံးခဲ့သဖြင့် ပြန်ခံခဲ့ရသောဒဏ်များအပြင် ထိုသို့ခံနေရစဉ်မှာပင် သူ၏ ဆွေ့ရှင်းပေါင်နှင့် လျှပ်စီးပညာရပ်ကိုလည်း အသုံးပြုခဲ့ရလေသည်။ ထို့ပြင် အခြေတည်အဆင့်ကျင့်ကြံသူ ကျိုးဖေ၏ မန္တန်အစွမ်းများကိုလည်း ခံခဲ့ရသည်။ ထိုသို့အဆက်မပြတ်ခံခဲ့ရသော ဒဏ်များကြောင့် ဝမ်ပေါင်လဲ့၏ ကိုယ်အင်္ဂါအစိတ်အပိုင်းများသည် တစ်စစီဖြစ်ရန် တဲတဲသာလိုတော့ပေသည်။ ယခု သူ ရရှိခဲ့သော ဒဏ်ရာများသည် မိုးသစ်တောထဲတွင် သူရရှိခဲ့သော ဒဏ်ရာများနီးပါး များပြားလေသည်။
သူသည် တစ်နေကုန် သတိလစ်နေ၏။
ထိုနေရာသည် လကမ္ဘာအမှောင်ခြမ်းတွင်ဖြစ်သော်လည်း အလင်းခြမ်းနှင့် နီးကပ်သဖြင့် တော်သေးပေသည်။ ထိုနေရာတွင် ကျင့်ကြံသူအနည်းသာရှိ၏။ ထိုနေရာတွင် သူ တစ်နေကုန် သတိလစ်နေသော်လည်း သူ့ကို မည်သူမှ တွေ့မသွားကြပေ။
ထိုအချိန်အတွင်း၌ သူ၏ခြင်ကိုးကောင်သည် သူသတိမလစ်ခင်က ပေးခဲ့သော အမိန့်များကို ရိုရိုကျိုးကျိုး လိုက်နာနေကြ၏။ ၎င်းတို့သည် ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ပေါ်တွင် နားနေကြပြီး သူ့အား မြင်ကွင်းမှ ဖုံးကွယ်ပေးထားလေသည်။ ၎င်းတို့သည် ဖြတ်သန်းသွားသောသူများကိုလည်း စောင့်ကြည့်နေကြ၏။ ဖြတ်သန်းသွားသူများမှာ မည်သူပင်ဖြစ်စေကာမူ ၎င်းတို့သည် ထိုသူများ ဝမ်ပေါင်လဲ့အနားသို့ မကပ်နိုင်စေရန် တိုက်ခိုက်ကြမည်ဖြစ်သည်။
တစ်ရက်ကြာပြီးနောက် ဝမ်ပေါင်လဲ့တစ်ယောက် မျက်လုံးများကို ခပ်ဖြည်းဖြည်းဖွင့်လိုက်၏။ သူသည် သူ၏ပတ်ဝန်းကျင်ကို သေချာမကြည့်ရသေးပေ။ သူ့ခန္ဓာကိုယ်အနှံ့မှ ထွက်ပေါ်လာသော နာကျင်မှုများကြောင့် သူ့မျက်လုံးများ ပြူးကျယ်သွားလေသည်။ သူ၏ နဖူးမှနေ၍ ချွေးများ အဆက်မပြတ်ထွက်လာ၏။
အချိန်အတန်ကြာပြီးနောက် ဝမ်ပေါင်လဲ့ အားတင်း၍ ထထိုင့လိုက်သည်။ သူသည် မောဟိုက်စွာဖြင့် ပတ်ဝန်းကျင်ကိုကြည့်ကာ သူ၏အခြေအနေကို သုံးသပ်လိုက်ပြီး ခပ်မဲ့မဲ့ ပြုံးလိုက်၏။
ယင်းသည် တည်နေရာရွှေ့ပြောင်းခြင်းကို မဆင်မခြင်သုံးခဲ့သဖြင့် ပြန်ပေးရသော တန်ကြေးပင်ဖြစ်လေသည်။ ဝမ်ပေါင်လဲ့သည် သူသတိလစ်နေစဉ်တစ်လျှောက်လုံး မလွှတ်တမ်းဆုတ်ကိုင်ထားသည့် ဓမ္မလက်နက်ကို ကြည့်လိုက်ပြီး ရင်ထဲတွင် ခံစားချက်များပြည့်နှက်သွားလေသည်။
သူသာ ဓမ္မလက်နက်တစ်ခုကို မပိုင်ဆိုင်ထားလျှင် သေလမ်းမှ လွတ်မြောက်နိုင်ခဲ့မည်မဟုတ်ပေ။
သူ အပြင်းအထန်ဒဏ်ရာရခဲ့သော်လည်း အသက်နှင့်ကိုယ်မြဲနေပေသေးသည်။ သူသည် သေမင်းနှုတ်ခမ်းဝမှ လွတ်မြောက်ခဲ့ရုံသာမကာ အခြေတည်အဆင့်ကျင့်ကြံသူတစ်ဦးကိုပင် ဒဏ်ရာရအောင်လုပ်နိုင်ခဲ့ပြီး ထိုသူကို ဒေါသထွက်သွားအောင် လုပ်နိုင်ခဲ့ပေသည်။ ထိုသို့တွေးမိသွားသောအခါ ဝမ်ပေါင်လဲ့ အတော်လေးကျေနပ်သွား၏။
‘ ကောင်လေး… ငါ အခြေတည်အဆင့်ကိုရောက်သွားရင် မင်းကိုသတ်ပစ်မယ် ’
ဝမ်ပေါင်လဲ့သည် သူ၏အကျင့်အတိုင်း ဝမ်းဗိုက်ကိုပုတ်လိုက်၏။ သူ့ခန္ဓာကိုယ်တစ်ခုလုံး အလွန်အမင်းနာကျင်သွား၏။ သူသည် နာကျင်လှသဖြင့် တုန်ခါသွားသည်။ ထိုနာကျင်မှုသည် အချိန်တစ်ခဏကြာမှ ပျောက်သွားလေသည်။
သူသည် မျက်နှာရှုံ့မဲ့ကာ မတ်တပ်ရပ်ရန် ကြိုးစားလိုက်၏။ ထို့နောက် သူ၏ ပတ်ဝန်းကျင်တစ်ခုလုံးကို သေချာကြည့်လိုက်သည်။ သူသည် လကမ္ဘာအမှောင်ခြမ်းတွင်သာ ရှိသေးကြောင်း သိသွားလေသည်။ သို့သော် ထိုနေရာမှနေ၍ ကမ္ဘာမြေကို တစ်စွန်းတစ်စ လှမ်းမြင်နေရ၏။ ထို့ကြောင့် သူသည် လကမ္ဘာအလင်းခြမ်းနှင့် သိပ်မကွာလောက်ပေ။
အကယ်၍ သူသာ ဤကဲ့သို့ဒဏ်ရာများနှင့် ခရီးဆက်ပါက အန္တရာယ်များနှင့်ကြုံတွေ့ခဲ့လျှင် ပြန်ခုခံနိုင်မည်မဟုတ်ချေ။ သူ အတန်ကြာတွေးတောလိုက်ပြီးနောက် သတ္တမအဆင့် ဓမ္မလက်နက်ကိုသုံး၍ ချိုင့်ဝှမ်းတစ်ဖက်တွင် ဂူအသေးလေးတစ်ခုကို တူးလိုက်ပြီး အတွင်းသို့ဝင်ကာ ဝင်ပေါက်ကို မပွင့်တပွင့်ပိတ်လိုက်၏။ ထို့နောက် သူ၏ရုပ်သေးရုပ်များကို ထုတ်ကာ ဂူတစ်ဖက်တစ်ချက်စီတွင် စောင့်ကြပ်ခိုင်းလိုက်လေသည်။
သူသည် တင်ပျဉ်ခွေထိုင်လိုက်ပြီး ဆေးလုံးများကိုထုတ်၍ သူ့ကိုယ်သူ ကုသလိုက်၏။
ဝမ်ပေါင်လဲ့သည် လကမ္ဘာခရီးစဉ်အတွက် ဆေးလုံးအလုံအလောက် ပြင်ဆင်လာ၏။ သို့သော် သူ၏ဒဏ်ရာများသည် အလွန်ပြင်းထန်ပေသည်။ အကယ်၍ သူသည် သာမန်ဆေးလုံးများကိုသာ သောက်ခဲ့ပါက ဒဏ်ရာသက်သာစေရန် အချိန်အတော်ကြာယူရမည်ဖြစ်သည်။
ထို့ကြောင့် ဝမ်ပေါင်လဲ့သည် စိတ်ပျက်လက်ပျက်ဖြင့် သူ၏သိုလှောင်လက်ကောက်အတွင်းမှ ထူးခြားကောင်းမွန်သော ကုသစွမ်းရည်ရှိသည့် ရှားပါးဆေးလုံးကို ထုတ်ယူလိုက်ရလေသည်။ ထိုဆေးလုံးသည် သူ ကျိုးရိဖန်၊ ကျောက်ယမုန့်တို့နှင့်အတူ ကူးလောင်ချိုင့်ဝှမ်းမှ လွတ်မြောက်ခဲ့စဉ်က ရရှိခဲ့သော ဆေးလုံးပင်။ ကယ်ဆယ်ရေးအဖွဲ့ကို ဦးဆောင်လာခဲ့သော ကောင်းကင်တာအိုကျောင်း၏ လက်ထောက်ဂိုဏ်းချုပ်က သူတို့ကို ပေးခဲ့ခြင်းဖြစ်သည်။ ထိုအချိန်က ဝမ်ပေါင်လဲ့သည် ဒဏ်ရာသိပ်မပြင်းထန်သဖြင့် ထိုဆေးလုံးကို မသောက်ခဲ့ခြင်းပင်။
ကျိုးရိဖန်နှင့် ကျောက်ယမုန့်တို့ ထိုဆေးလုံးကို သောက်လိုက်သောအခါ ဒဏ်ရာအပြင်းအထန်ရနေသော်လည်း အလျင်အမြန် ပြန်ကောင်းသွားသည်ကို သူမြင်ခဲ့ရလေသည်။ သာမန်ဆေးလုံးများနှင့်သာဆိုလျှင် ပြန်ကောင်းရန် အချိန်အတော်ကြာယူရမည်ဖြစ်သဖြင့် သူသည် အသက်ပြင်းပြင်းတစ်ချက်ရှူကာ ရှားပါးဆေးလုံးကို မျိုချလိုက်လေတော့သည်။
ထိုဆေးလုံးသည် သူ၏ဝမ်းတွင်းသို့ ဝင်သွားသောအခါ ပူနွေးသောစွမ်းအင်တစ်ခုအဖြစ် ပြောင်းလဲသွားပြီး ထိုစွမ်းအင်သည် သူ့ခန္ဓာကိုယ်တစ်ခုလုံးကို ပျံ့နှံ့သွားလေသည်။ သူ၏ဒဏ်ရာများသည် အံ့အားသင့်ဖွယ် လျင်မြန်သောနှုန်းဖြင့် ပြန်ကောင်းလာသည်ကို ဝမ်ပေါင်လဲ့ ခံစားနေရ၏။
ဒဏ်ရာရနေသော ကြွက်သားများ၊ အသားစိုင်များနှင့် ကျိုးနေသောအရိုးများသည် သူ့မျက်စိရှေ့တွင်ပင် ပြန်ကောင်းလာလေသည်။ ဓမ္မလက်နက်ကို သုံးခဲ့သဖြင့် တန်ပြန်ခံခဲ့ရမှုများကြောင့် တစ်စစီဖြစ်လုဆဲဆဲ ကိုယ်အင်္ဂါအစိတ်အပိုင်းများပင် ပြန်၍ကောင်းလာသည့် လက္ခဏာများပြလာ၏။
ဝမ်ပေါင်လဲ့ အလွန်အမင်း စိတ်လှုပ်ရှားလာ၏။ သူသည် ဆေးလုံး၏ ကုသစွမ်းအင်များကို စုပ်ယူရန် စိတ်ရောကိုယ်ပါ အာရုံစိုက်လိုက်လေသည်။ သူ၏ ဒဏ်ရာများ တဖြည်းဖြည်း ပြန်ကောင်းလာ၏။ ထိုကုသခြင်း ဖြစ်စဉ်တစ်ခုလုံးသည် တစ်ရက်ကြာခဲ့ပေသည်။
တစ်ရက်ကြာပြီးနောက် ဝမ်ပေါင်လဲ့ မျက်လုံးပြန်ဖွင့်လိုက်သောအခါ သူသည် ပြန်လည်အားအင်ပြည့်နေပြီဖြစ်သည်။ သူ၏ခန္ဓာကိုယ်တွင် အဆုံးမရှိသော စွမ်းအင်တွင်းကြီးတစ်ခု ရှိနေသကဲ့သို့ ခံစားနေရပြီး သူ၏ကျင့်ကြံခြင်းသည်လည်း အဆင့်တက်သွားပုံရလေသည်။
‘ ဒီလိုနည်းမျိုးနဲ့လည်း ကျင့်ကြံလို့ရတာပဲလား ’
ဝမ်ပေါင်လဲ့ အတော်လေး ဝမ်းသာသွား၏။ သူထရပ်လိုက်ပြီး အကြောအဆစ်များကို ဖြေလျှော့လိုက်ကာ အကျိုးအပဲ့များကို ဆက်ရှာရန်အတွက် ထွက်ခွာရန် ပြင်ဆင်လိုက်သည်။
ပြီးခဲ့သည့်တိုက်ပွဲကြောင့် သူ့တွင် အကျိုးအပဲ့နှစ်ခုသာ ကျန်တော့လေသည်။ သူ့အနေဖြင့် အခြေတည်အဆင့်ကိုရောက်ရန် အတော်လေးလိုသေးပေသည်။ ထို့ကြောင့် သူ အချိန်ဖြုန်းနေ၍ မရပေ။ သို့သော် ဝမ်ပေါင်လဲ့တစ်ယောက် ဂူဝသို့သွားကာ အပေါက်ကိုမပွင့်တပွင့် ပိတ်ဆို့ထားသော ကျောက်တုံးကြီးကို ဖယ်ရန် ဟန်ပြင်လိုက်စဉ်မှာပင် ရုတ်တရက် တုံ့ဆိုင်းသွားလေသည်။ သူ၏ အပြုအမူများသည် သတိကြီးသိုသိပ်သွား၏။ သူသည် အသက်ရှူရန်ပင်မေ့သွားပြီး တစ်ခဏကြာခါမှ ခပ်ဖြည်းဖြည်း ပြန်ရှူလာလေသည်။ သူ တုန်လှုပ်ချောက်ချားလာကာ နှလုံးခုန်မြန်လာလေတော့သည်။
‘ လကမ္ဘာပေါ်ကိုရောက်ကတည်းက ငါ တော်တော်ကံဆိုးနေတာပဲ။ ငါက ဂူထဲမှာထိုင်ပြီး ကိုယ့်ကိုယ်ကိုယ် ပြန်ကုနေတာပါ… အဲဒါကိုတောင် ဘယ်လိုလုပ် မျက်လုံးဖုတ်ကောင်တွေနဲ့လာတွေ့နေရတာလဲ… ’
ဝမ်ပေါင်လဲ့သည် ဂူဝရှိ ကျောက်တုံးလွတ်နေသောနေရာမှ အပြင်သို့ချောင်းကြည့်လိုက်ရာ ချိုင့်ဝှမ်း၏ အခြားတစ်ဖက်တွင် မျက်လုံးဖုတ်ကောင် တစ်ရာကျော်ကို တွေ့လိုက်ရလေသည်။
မျက်လုံးဖုတ်ကောင်တစ်ကောင်ချင်းစီသည် မီတာသုံးဆယ်ကျော် မြင့်၏။ သူတို့၏ ပုံပန်းသွင်ပြင်သည် လူသားနှင့်တူသော်လည်း တစ်ကိုယ်လုံးတွင် မရေမတွက်နိုင်လောက်အောင် များပြားသော မျက်လုံးများ ဖုံးနေပေသည်။ ထိုမျက်လုံးများသည် ၎င်းတို့နှင့် မျက်လုံးချင်းဆုံသူတိုင်းကို ကျောက်ဖြစ်သွားစေနိုင်သည်။ မျက်လုံးဖုတ်ကောင်များသည် ၎င်းတို့၏အကြည့်ထဲ မည်သည့်သတ္တဝါကိုမဆို ဖမ်းမိသွားသည်နှင့် ထိုအတတ်ကို အသုံးပြုနိုင်လေသည်။
မျက်လုံးဖုတ်ကောင်တစ်ကောင်စီ၏ တိုက်ခိုက်မှုစွမ်းရည်များသည် အာနာပါနအထွတ်အထိပ်အဆင့်ရောက်နေသူ ကျင့်ကြံသူတစ်ဦး၏ စွမ်းရည်များနှင့် တူညီ၏။ သေရေး၊ ရှင်ရေးတိုက်ပွဲသာဖြစ်ပါက မျက်လုံးဖုတ်ကောင်များသည် သူ့ထက်ပို၍ စွမ်းအားကြီးမည်ဖြစ်သည်။
ဂူအပြင်ဘက်ရှိ ချိုင့်ဝှမ်းတစ်ဖက်ခြမ်းတွင် မျက်လုံးဖုတ်ကောင်တစ်ရာကျော်ရှိနေ၏။ ဝမ်ပေါင်လဲ့သည် ဒဏ်ရာပျောက်ခါစသာဖြစ်သေးသဖြင့် မျက်လုံးဖုတ်ကောင်များသာ သူ့ကိုရှာတွေ့သွားပါက ဒဏ်ရာများထပ်မံရသွားမည်ကိုတွေးမိသွားသဖြင့် ခေါင်းကိုက်သွားလေသည်။
‘ ကံဆိုးလိုက်တာကွာ ’
ဝမ်ပေါင်လဲ့ စိတ်ထဲမှနေ၍ သက်ပြင်းချလိုက်၏။ သူသည် တစ်လက်မပင် မရွေ့ရဲပေ။ ထို့ကြောင့် ဂူအပြင်သို့ထွက်ရန်အတွက် မျက်လုံးဖုတ်ကောင်များ ထွက်ခွာသွားသည်အထိ စောင့်ဆိုင်းနေရန် ဆုံးဖြတ်လိုက်သည်။
သူ အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေသော်လည်း မျက်လုံးဖုတ်ကောင်များသည် ထိုနေရာတွင်သာ မလှုပ်မရှား ရပ်နေကြလေသည်။ ဝမ်ပေါင်လဲ့သည် ဂူဝရှိ ကျောက်တုံးလွတ်နေသောနေရာမှ ချောင်းကြည့်လိုက်ရာ လူတစ်ယောက်သည် အဝေးရှိ ကောင်းကင်ပေါ်မှနေ၍ သူတို့ထံသို့ ပျံသန်းလာသည်ကို တွေ့လိုက်ရ၏။
ဝမ်ပေါင်လဲ့တစ်ယောက် ဦးရေပြားပင် ထုံသွား၏။ ထိုသူသည် အမြုတေအဆင့်ကျင့်ကြံသူတစ်ဦးဖြစ်သည်ဟု သူ ထင်မိသွားလေသည်။ သို့သော် ထိုသူ တဖြည်းဖြည်းနီးကပ်လာသောအခါ သူ ပို၍ရှင်းရှင်းလင်းလင်းမြင်လိုက်ရပြီး ထိုသူသည် အမြုတေအဆင့်ကျင့်ကြံသူမဟုတ်ဘဲ လဝိညာဉ်တစ်ကောင်ဖြစ်ကြောင်းကို သိရှိသွားလေသည်။
လဝိညာဉ်ဆိုသည်မှာ လူအများပြောလေ့ရှိသည့် တစ္ဆေဝိညာဉ်များကဲ့သို့ပင် ဖြစ်သည်။ ၎င်းသည် ဝေဝေဝါးဝါးပုံရိပ်တစ်ခုဖြစ်ပြီး အသက်ကိုရန်ရှာတတ်လေသည်။ ၎င်းသည် အခြေတည်အဆင့်ကျင့်ကြံသူနှင့်ပင် ယှဉ်နိုင်ပြီး ပို၍အစွမ်းကြီးသောလဝိညာဉ်များသည် အခြေတည်အထွတ်အထိပ်အဆင့်ရှိသော ကျင့်ကြံသူများနှင့်ပင် ယှဉ်နိုင်ပေသည်။ အာနာပါနအဆင့်ကျင့်ကြံသူများအနေဖြင့် လဝိညာဉ်တစ်ကောင်နှင့် တွေ့ဆုံခဲ့ပါက အသက်ရှင်ရန် အခွင့်အလမ်းမရှိနိုင်ချေ။
လကမ္ဘာသို့လာသောလမ်းခရီးတွင် ကောင်းကင်တာအိုကျောင်း၏ ဂိုဏ်းချုပ်က သူတို့ကို လဝိညာဉ်တစ်ကောင်နှင့် တွေ့ဆုံခဲ့ပါက တုံ့ဆိုင်းမနေဘဲ ရှင်သန်ရေးကျောက်စိမ်းပြားကို ချက်ချင်းဖောက်ခွဲလိုက်ရန် မှာထား၏။
‘ အခု ကျောက်စိမ်းပြားက အသုံးမှမဝင်တော့တာ… ပေါက်ခွဲလိုက်ရင်လည်း အလကားပဲ ’
ဝမ်ပေါင်လဲ့တစ်ယောက် အသက်ရှူအောင့်ထားလိုက်၏။ သူသည် သူ၏သိုလှောင်လက်ကောက်ကို ကိုင်လိုက်သည်။ ထိုအထဲတွင်ရှိသည့် သတ္တမအဆင့် ဓမ္မလက်နက်သည်သာ သူ၏ တစ်ခုတည်းသော ယုံကြည်အားထားရာဖြစ်လေသည်။
လဝိညာဉ်သည် တဖြည်းဖြည်း နီးကပ်လာရာ သူ ပို၍ထင်ထင်ရှားရှား မြင်လာရ၏။ ၎င်းသည် မိန်းမပျိုလေးတစ်ဦးအသွင်ရှိလေသည်။ ၎င်းချဉ်းကပ်လာသောအခါ ပတ်ဝန်းကျင်ရှိ အပူချိန်သည် အလွန်အမင်းလျော့ကျသွား၏။ ၎င်း၏ ဝေဝေဝါးဝါး ဆံနွယ်များသည် လေထဲတွင် ဝဲလွင့်နေ၏။ ၎င်းသည် ကောင်းကင်ပေါ်မှ တဖြည်းဖြည်းဆင်းလာလေသည်။ ၎င်း၏ မျက်နှာသည်လည်း ဝေဝါးနေပြီး ထင်ထင်ရှားရှား မမြင်ရပေ။
၎င်းသည် မြေပေါ်သို့ မဆင်းလိုက်ဘဲ မျက်လုံးဖုတ်ကောင်များအထက်ရှိ လေထဲတွင်သာ ဝဲပျံနေပေသည်။ ၎င်းတို့သည် တစ်ဦးကိုတစ်ဦး တိတ်တဆိတ် စိုက်ကြည့်နေကြ၏။
ဝမ်ပေါင်လဲ့သည် သူ့မျက်စိရှေ့ရှိ မြင်ကွင်းကြောင့် စိတ်လှုပ်ရှားသွားလေသည်။ ၎င်းတို့သည် တစ်ဖက်နှင့်တစ်ဖက် ဆက်သွယ်ပြောဆိုနေသကဲ့သို့ပင်။ သူဆက်၍ စိတ်ဝင်တစား ကြည့်ရှုလိုက်၏။ တဒင်္ဂမျှကြာပြီးသောအခါ လဝိညာဉ်သည် ပြန်လှည့်ကာ ကောင်းကင်ပေါ်ပြန်တက်၍ အဝေးသို့ ပျံသန်းသွားလေတော့သည်။ ထို့နောက် မျက်လုံးဖုတ်ကောင်များသည်လည်း ခေါင်းငုံ့ကာ လဝိညာဉ်ပျံသန်းသွားရာဘက်သို့ တစ်ကောင်ပြီးတစ်ကောင် တိတ်တဆိတ်လိုက်သွားလိုက်ကြလေသည်။
လဝိညာဉ်နှင့် မျက်လုံးဖုတ်ကောင်များ ထွက်ခွာသွားသည်ကို မြင်လိုက်ရသောအခါ ဝမ်ပေါင်လဲ့တစ်ယောက် စိတ်သက်သာရာရသွားဟန် သက်ပြင်းချလိုက်၏။ အန္တရာယ်များမရှိတော့သည်မှာ သေချာစေရန် သူအတန်ကြာဆက်စောင့်နေလိုက်သည်။ ထို့နောက် ဂရုတစိုက်ဖြင့် ဂူအတွင်းမှ ထွက်လိုက်၏။ လဝိညာဉ်နှင့် မျက်လုံးဖုတ်ကောင်များ ထွက်သွားရာဘက်ကို သူငေးကြည့်လိုက်သည်။ ၎င်းတို့သည် ပို၍နက်ရှိုင်းသော လကမ္ဘာ၏ အမှောင်ခြမ်းဘက်သို့ ထွက်ခွာသွားခြင်းပင်။ သူသည် ၎င်းတို့ထွက်ခွာသွားသောဘက်နှင့် ဆန့်ကျင်ဘက်ကိုဦးတည်ကာ စတင်ပြေးလွှားလိုက်လေတော့သည်။
‘ ငါ လကမ္ဘာအမှောင်ခြမ်းကနေ အမြန်ဆုံးထွက်သွားရမယ်။ ဒီမှာက အရမ်းအန္တရာယ်များလွန်းတယ် ’
သူ၏ လကမ္ဘာခရီးစဉ်သည် ထိတ်လန့်တုန်လှုပ်ဖွယ်များနှင့် ပြည့်နှက်နေပေသည်။ သူသည် ပြေးလွှားနေရင်းမှာပင် သူ၏အခြေတည်အဆင့်အတွက် အကျိုးအပဲ့များကိုရှာရန် ဝါးမျိုခြင်းသစ်စေ့ကို နှိုးလိုက်၏။
ဝါးမျိုခြင်းသစ်စေ့ စတင်လည်ပတ်လာပြီး မကြာခင်မှာပင် ဝမ်ပေါင်လဲ့ ရပ်တန့်လိုက်လေသည်။ သူ၏ မျက်နှာပေါ်တွင် မယုံနိုင်သည့်အရိပ်အယောင်များ ထွက်ပေါ်လာ၏။ သူသည် ချက်ချင်းပင် နောက်သို့လှည့်လိုက်ပြီး လဝိညာဉ်နှင့် မျက်လုံးဖုတ်ကောင်များ ထွက်ခွာသွားသော ဦးတည်ရာသို့ လှမ်းကြည့်လိုက်သည်။
ထိုဦးတည်ရာဘက် မိုင်တစ်ရာအကွာတွင် မဖော်ပြနိုင်လောက်အောင် သိပ်သည်းအားကောင်းသော ဝိညာဉ်ချီတစ်ခု ရုတ်တရက်ပေါ်ပေါက်လာသည်ကို သူ၏ဝါးမျိုခြင်းသစ်စေ့က အာရုံခံလိုက်မိထားလေသည်။
ထိုဝိညာဉ်ချီ၏ သိပ်သည်းအားသည် သူကြုံတွေ့ခဲ့ဖူးသော အခြားဝိညာဉ်ချီများထက် များစွာပို၍အားကောင်းပေသည်။ သူ ကျင့်သိုမင်နှင့် တွေ့ဆုံခဲ့စဉ်က ကြုံခဲ့ရသော ဝိညာဉ်ချီထက်ပင် ဆယ်ဆကျော် ပို၍အားကောင်းပေသည်။
ဝမ်ပေါင်လဲ့တစ်ယောက် အံ့အားသင့်သွားသလို သံသယလည်းဝင်သွား၏။ သူ၏ အသက်ရှူနှုန်းမြန်လာလေတော့သည်။
‘ အဲဒီနေရာမှာ တစ်ခုခုရှိနေတာလား… ’