ဝမ်ပေါင်လဲ့နှင့် ကျိုးချူတောက်တို့၏ တိုက်ပွဲကြီးကြောင့် အရပ်မျက်နှာအနှံ့သို့ တုန်ခါမှုလှိုင်းများ ပျံ့နှံ့သွားကြ၏။ ပွဲကြည့်ပရိသတ်များအားလုံးမှာ အံ့သြတုန်လှုပ်နေကြရပြီဖြစ်သည်။ သူတို့မှာ ကျိုးချူတောက် ဝမ်ပေါင်လဲ့၏ လှုပ်ရှားမှုများကို ကြိုတင်မှန်းဆနိုင်ခဲ့သည့် အခိုက်အတန့်များနှင့် ကြုံတွေ့ခဲ့ရသလို ဝမ်ပေါင်လဲ့တစ်ယောက် လှည့်ကွက်အမျိုးမျိုးထုတ်ကာ တိုက်ခိုက်ခဲ့သည်ကိုလည်း မြင်ခဲ့ရသည်မဟုတ်ပါလော။
အထူးသဖြင့် နောက်ဆုံးအခိုက်အတန့်တွင် သူ့အား ချုံခိုတိုက်ခိုက်ခဲ့သည့် လူသုံးယောက်မှာ နိဂုံးမလှဘဲ ဖြစ်သွားရ၏။ သူတို့ သေဆုံးသွားခဲ့သည့် ပုံစံနှင့် အမြန်နှုန်းတို့ကို အကဲခတ်ကြည့်ပါက ဝမ်ပေါင်လဲ့၏ စွမ်းရည်များမှာ အမြုတေအဆင့် ထိပ်ဆုံးသို့ရောက်ရှိနေပြီး သူနှင့် ကျင့်ကြံခြင်းအဆင့် အတူတူတွင် ရှိနေသော အခြားသူများကို ချုပ်တည်းနိုင်စွမ်း ရှိနေသည့်ပုံ ပေါက်နေတော့သည်။
သို့ရာတွင် ဝမ်ပေါင်လဲ့မှာ အလယ်အလတ် အမြုတေအဆင့်တွင်သာ ရှိနေသေးသည် မဟုတ်ပါလော။
ထို အဖြစ်အပျက်များကြောင့် လူတိုင်းမှာ ကြောက်ရွံ့တုန်လှုပ်သွားကြပြီး သူ၏အနီးသို့ မသွားရဲကြတော့ပေ။ မည်သည့်ပြိုင်ပွဲဝင်ကမှ ခိုးကြောင်ခိုးဝှက်နှင့် မတိုက်ခိုက်ရဲကြတော့သလို ထိုပြိုင်ပွဲကြီးအား ကြည့်ရှုနေခဲ့ကြသည့် ကျယ်ပြန့်တာအိုနန်းတော် ဂိုဏ်းသားများအားလုံးမှာလည်း ပြည်သူ့ရင်ပြင်ထဲတွင် ရှိနေကြသည့် ပြည်ထောင်စုပျိုးပင်များအား လှမ်း၍ အကဲခတ်နေကြတော့သည်။
ဤတိုက်ပွဲကြီး ပြီးဆုံးသွားပြီးလျှင် ပြည်ထောင်စုကြီးထဲ၌ ထိပ်တန်းအဆင့် ပညာရှင် တစ်ယောက်တစ်လေပင် မရှိဟု မည်သူကမှ ဆက်ပြောရဲကြတော့မည် မဟုတ်ပေ။
ထို့ကြောင့် ပြည်သူ့ရင်ပြင်ထဲမှ ပြည်ထောင်စုပျိုးပင်အားလုံးမှာ နှလုံးသားထဲ၌ ခံစားချက်မျိုးစုံဖြင့် ဗြောင်းဆန်နေရတော့သည်။ သူတို့မှာ ရှေးဟောင်း အစိမ်းရောင်ကြေးဓားကြီးပေါ်သို့ ရောက်ရှိလာခဲ့ပြီး ကျယ်ပြန့်တာအိုနန်းတော်ထဲသို့ ဝင်ရောက်လာခဲ့သည့် အချိန်ကတည်းက အဆင့်နိမ့် ဂိုဏ်းသားများအဖြစ် ဆက်ဆံခံခဲ့ရသည် မဟုတ်ပါလော။
ကျယ်ပြန့်တာအိုနန်းတော် ဂိုဏ်းသားများမှာ သူတို့အား တစ်နှစ်ပတ်လုံး ပမာမခန့် ပြောဆိုဆက်ဆံခဲ့ကြသည်ဖြစ်ရာ သူတို့၏ နှလုံးသားများထဲ၌ မကျေနပ်ချက်များမှာ အငြိတွယ်နေပြီဖြစ်သည်။ သူတို့မှာ အချိန်တိုင်း အချိန်တိုင်းတွင် ကျီးလန့်စာစားနေရသကဲ့သို့ ပြုမူနေထိုင်ခဲ့ရပြီး အချို့မှာဆိုလျှင် စိတ်ဓာတ်များ ယိမ်းယိုင်ကာ ကျယ်ပြန့်တာအိုနန်းတော်ဂိုဏ်းသားများဆီ၌ အောက်ကျို့ရန်ပင် တွေးမိခဲ့ကြ၏။
သို့သော် လက်ရှိတွင်မူ ထိုအတွေးများအားလုံး ပျောက်ကွယ်သွားပြီဖြစ်ပြီး ၎င်းတို့၏ နေရာ၌ ဂုဏ်ယူဝင့်ကြွားမှုများနှင့် စိတ်လှုပ်ရှားမှုများ အစားထိုးဝင်ရောက်လာပြီဖြစ်သည်။ ဝမ်ပေါင်လဲ့၏ ကြိုးစားအားထုတ်မှုများကြောင့် ပြည်ထောင်စုပျိုးပင်များမှာ သူတို့၏ တန်ဖိုးများကို သက်သေပြနိုင်ခဲ့ပြီ ဖြစ်သည်။
လက်ရှိတွင် ဝမ်ပေါင်လဲ့မှာ ပြည်ထောင်စုကြီး၏ တစ်ဦးတည်းသော ထိပ်တန်းအဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်နေသည့်တိုင်အောင် ကျယ်ပြန့်တာအိုနန်းတော်ထဲတွင် သူတို့မှာ အညတရများ မဟုတ်ကြတော့ဘဲ နာမည်တစ်လုံး ရလာကြပြီ ဖြစ်သည်။
လူများစွာမှာ ထိုအချက်ကိုနားလည်ထားကြ၏။ ထို့ကြောင့် ခံစားချက်မျိုးစုံ ရောယှက်နေကြသော ကျယ်ပြန့်တာအိုနန်းတော်ဂိုဏ်းသားများမှာ ပြည်ထောင်စုပျိုးပင်များအား ယခင်တုန်းကလောက် အထင်မြင်သေးနေကြခြင်း မရှိတော့ပေ။ သူတို့၏မျက်ဝန်းများနှင့် ပြောဆိုပြုမူပုံများကို ကြည့်လျှင် သိနိုင်ပေသည်။ သူတို့မှာ ဝမ်ပေါင်လဲ့၏ ပုံရိပ်ကြီးကို ကြည့်ရှုရင်း အမူအရာများ တည်ကြည်သွားကြ၏။ သူတို့၏မျက်ဝန်းများထဲတွင် ဝမ်ပေါင်လဲ့အပေါ် ထားရှိသော လေးစားကြောက်ရွံ့မှု အရိပ်အယောင်များကို မြင်နိုင်ပေသည်။
သို့သော်လည်း သူတို့မှာ နှလုံးသားထဲတွင်မူ ဝမ်ပေါင်လဲ့နှင့် ပြည်ထောင်စုကြီးတို့မှာ သူတို့ထင်ထားသည်ထက် ပို၍အစွမ်းထက်နေသည့်အချက်ကို လက်မခံနိုင်ဘဲ ဖြစ်နေရဆဲပင်။ ကံကောင်းစွာဖြင့် ပထမဆုံး တည်နေရာပြောင်းရွှေ့ခြင်းလုပ်ငန်းစဉ် မစခင် ဝမ်ပေါင်လဲ့တစ်ယောက်သာ ရင်သက်ရှုမောဖွယ် အစွမ်းများကို ထုတ်ပြန်နိုင်ခဲ့သည်တော့ မဟုတ်ပေ။ ဒူဂူလင်းသည်လည်း ထူးချွန်ပြောင်မြောက်စွာ တိုက်ခိုက်နိုင်ခဲ့သည်မဟုတ်ပါလော။
ဒူဂူလင်းနှင့် ရှုမင်တို့၏ ကြားရှိ တိုက်ပွဲကြီးမှာလည်း အလားတူပင် အရှိန်အဟုန် ပြင်းထန်လွန်းနေပြီး အရပ်မျက်နှာအနှံ့သို့ တုန်ခါမှုလှိုင်းများ ထုတ်လွှတ်နေဆဲပင်။ ထို့ကြောင့် ပြည်သူ့ရင်ပြင်ထဲရှိ ကျယ်ပြန့်တာအိုနန်းတော်ဂိုဏ်းသားများအားလုံးမှာ စိတ်လှုပ်တရှားဖြစ်နေကြ၏။ ထိုပြိုင်ပွဲဝင် နှစ်ယောက်စလုံးမှာ ကျယ်ပြန့်တာအိုနန်းတော် ဂိုဏ်သားများ ဖြစ်နေကြသောကြောင့် သူတို့ ခံစားနေရသည့် စိတ်လှုပ်ရှားမှုများမှာ အဆပေါင်းများစွာ ကြီးထွားလာကြပြီး ဝမ်ပေါင်လဲ့ကြောင့် ခံစားနေရသည့် စိတ်မကျေနပ်ချက်အချို့အား ဖြေဖျောက်နိုင်သွားကြတော့သည်။
ဒူဂူလင်းမှာ အမှန်တကယ်ပင် အစွမ်းထက်ပေသည်။ ရှုမင်မှာလည်း တပည့်ရင်းတစ်ယောက်ဖြစ်ပြီး အခြားသော အမြုတေအဆင့် ကျင့်ကြံသူပေါင်းမြောက်မြားစွာကို အနိုင်ယူနိုင်စွမ်း ရှိသည့်တိုင်အောင် ဒူဂူလင်းအား မယှဥ်နိုင်ပေ။
ယခုတွင် ဒူဂူလင်းနှင့် ရှုမင်တို့မှာ တိုက်ပွဲကြီးမှာ လွင်ပြင်တစ်ခုပေါ်၌ တိုက်ခိုက်နေကြခြင်းဖြစ်၏။ မြေပြင်ပေါ်တွင် အက်ကွဲကြောင်း မြောက်မြားစွာ ပေါ်ပေါက်လာကြပြီး ရှုမင်၏ အော်ဟစ်သံများမှာလည်း မကြာခဏဆိုသလို ထွက်ပေါ်လာနေသည်။ သူသည် ထပ်ခါတလဲလဲ လေပေါ်သို့မြောက်တက်သွားလိုက်၊ အောက်သို့ပြန်ကျလာလိုက် ဖြစ်နေ၏။ ထို့နောက် သူ ပြန်ထလာပြီးလျှင် ယခင်အတိုင်းပြန်၍ သံသရာလည်နေသည်သာ ဖြစ်သည်။
လေထဲတွင် အသက်မပါသည့် မျက်နှာအမူအရာဖြင့် ရပ်နေသည့် ဒူဂူလင်းမှာ အစကတည်းက စကားအများကြီးမပြောခဲ့ပေ။ ရှုမင်မှာ မည်မျှပင် ခက်ခဲပင်ပန်းကြီးစွာ ကြိုးစားခဲ့သည့်တိုင်အောင် ဒူဂူလင်းအား အနိုင်မယူနိုင်ဘဲ ဖြစ်နေရ၏။ သူသည် သူ၏ ဓမ္မရနာများအား ဖောက်ခွဲပစ်ခဲ့ပြီး၊ သူ၏ ဝှက်ဖဲများကို တစ်ချပ်ပြီးတစ်ချပ် ထုတ်သုံးခဲ့သည့်အပြင် လျှို့ဝှက်ဆန်းကြယ် ပညာရပ်များကိုအသုံးပြု၍ သူ၏ တိုက်ကွက်များအား အဆင့်မြှင့်တင်ခဲ့သည့်တိုင်အောင် အချည်းနှီးပင်။
ဒူဂူလင်းမှာ သူ၏ ကြိုးစားအားထုတ်မှုအားလုံးကို လက်သီးချက်တစ်ချက်တည်းဖြင့် တွန်းလှန်ဖယ်ရှားလိုက်သည့်သာ ဖြစ်သည်။ တိုက်ပွဲအစမှနေ၍ အဆုံးအထိ တစ်ချိန်လုံး ထိုသို့ဖြစ်နေခဲ့၏။
ထို့ကြောင့် သူသည် ရှုမင်အား အပြတ်အသတ် ဖိနှိပ်ချုပ်တည်းထားခဲ့ခြင်း ဖြစ်ပေသည်။ တိုက်ပွဲအစမှ ယခုအထိ ရှုမင်မှာ ပါးစပ်ထဲမှ သွေးများ အဆက်မပြတ် စီးထွက်နေခဲ့ရပြီး သူ၏ ဆံပင်များမှာလည်း ရှုပ်ပွနေပြီဖြစ်သည်။ သူသည် သူ၏ နှလုံးသားထဲ၌ ခံစားနေရသော မျှော်လင့်ချက်အားလုံး ပျက်သုဥ်းသွားသည့် ခံစားချက်ကြီးနှင့် မကျေနပ်ချက်များကြောင့် နှိပ်စက်ညှဉ်းပန်းခံနေရသလို ခံစားနေရတော့သည်။
” ဒူဂူလင်း။ မင်းရဲ့ပြိုင်ဘက်က ငါကွ ” ရှုမင်မှာ လေပေါ်မှနေ၍ မြေကြီးပေါ်သို့ ထပ်၍ ပြုတ်ကျသွားသည့်တိုင်အောင် သွေးတစ်ပွက် အန်ထွက်လာပြီးနောက် ထိုသို့ ဆိုလိုက်ဆဲပင်။ သူသည် မတ်တတ်ထနိုင်ရန် ကြိုးစားနေရင်း မျက်ဝန်းများ နီမြန်းသွားရ၏။ သူ၏ပုံစံမှာ ပို၍ပင် ကြောက်မက်ဖွယ်ရာ ကောင်းသွားပါသော်လည်း သူ၏ စကားသံမှာ မာန်ပါခြင်း မရှိဘဲ နာကျည်းနေသည့်လေသံသာ ပေါက်နေ၏။
အဘယ်ကြောင့်ဆိုသော် ဒုတိယလက်သီးချက် ပြီးကတည်းက ဒူဂူလင်းမှာ ရှုမင်အပေါ် အာရုံစိုက်နေခြင်း မရှိတော့သောကြောင့် ဖြစ်သည်။ သူသည် တစ်ချိန်လုံး ခေါင်းမော့ကာ ညကောင်းကင်မြေပုံကြီးအား အာရုံစိုက်နေခဲ့၏။ တိတိကျကျ ဆိုရလျှင် သူသည် ဝမ်ပေါင်လဲ့နှင့် ကျိုးချူတောက်တို့ တိုက်ပွဲဖြစ်နေသည့်နေရာအား စိုက်ကြည့်နေခြင်း ဖြစ်သည်။
ဒူဂူလင်းမှာ သူတို့၏ တိုက်ပွဲအား မမြင်ရသည့်တိုင်အောင် သူ၏ မျက်ဝန်းများထဲ၌ မျှော်လင့်ချက်ရောင်ခြည်များ တောက်ပလာရ၏။ သူ၏အမြင်တွင် ရှုမင်မှာ…
အညတရတစ်ယောက် အဆင့်တွင်သာ ရှိပေသည်။
ဒူဂူလင်း၏ လျစ်လျူရှုမှုမှာ ရှုမင်အတွက် ခံစားရအခက်ဆုံး ဖြစ်နေ၏။ သူသည်လည်း တပည့်ရင်းတစ်ယောက်ဖြစ်ပြီး ယခုအဖြစ်အပျက်ကြီးနှင့် မကြုံခဲ့ရခင်တုန်းက သူ့ကိုယ်သူ ယုံကြည်မှု အပြည့် ရှိနေခဲ့သည် မဟုတ်ပါလော။ သို့သော် ဤ တိုက်ပွဲကြီး ပြီးဆုံးသွားသောအခါမှသာ သူသည် ဒူဂူလင်းနှင့် ယှဉ်လိုက်ပါက သာမန်အဆင့်တွင်သာ ရှိနေသေးကြောင်း သိလိုက်ရခြင်းဖြစ်သည်။
ထိုကဲ့သို့ အစွမ်းမရှိသလို ခံစားနေရသည့် ခံစားချက်ကြီးကြောင့် ရှုမင်မှာ နာကြည်းနေပါသော်လည်း သူ၏ စိတ်ထဲတွင်မူ မကျေမချမ်း ဖြစ်နေဆဲပင်။ ထို့ကြောင့် သူသည် အသက်ရှူသံများ မြန်ဆန်လာရပြီး သူ၏ မျက်ဝန်းများထဲ၌ တိုက်ခိုက်လိုစိတ်များ ပြန်လည်တောက်ပလာတော့သည်။ သူသည် အောင်မြင်နိုင်လိမ့်မည်မဟုတ်ကြောင်း သိထားသည့်တိုင်အောင် သွေးဆူနေသောကြောင့် နောက်ထပ်တစ်ကြိမ်ထပ်၍ တိုက်ခိုက်ရင်ပြင်လိုက်ပြန်သည်။
သို့သော် ထိုအချိန်တွင် ဒူဂူလင်းမှာ ရုတ်တရက် ဆိုလိုက်၏။
“‘မင်းက…. အားနည်းလွန်းနေတယ် ”
” ငါ့ရဲ့ နောက်ထပ်လက်သီးချက်တစ်ချက်စာ မိသွားရင် မင်း သေချာပေါက် သေသွားလိမ့်မယ်။ ငါကလည်း မင်းကို သတ်ရလောက်အောင်အထိ စိတ်ရှုပ်မခံချင်ဘူး။ အဲတာမလို့… မင်းရဲ့သော့တွေကို ငါ့ဆီပေးလိုက် ” ဒူဂူလင်းမှာ ညကောင်းကင်မြေပုံကြီးအား မော့ကြည့်နေရာမှ ခေါင်းပြန်ငုံ့လာပြီး ရှုမင်အား စိုက်ကြည့်ကာ တည်ကြည်စွာဆိုလိုက်၏။ သူ၏ မျက်နှာအမူအရာမှာ ပြောင်းလဲသွားခြင်းမရှိဘဲ အေးတိအေးစက် ဖြစ်နေဆဲပင်။
သို့သော် ရှုမင်မှာ သူ၏အကြည့်ကို မြင်လိုက်ရပြီး သူ၏စကားများကို ကြားလိုက်ရသောအခါ ရုတ်တရက်ဆိုသလို တစ်ကိုယ်လုံး တုန်ရီသွားရ၏။ ဒူဂူလင်း၏ ပြောစကားများမှာ အမှန်ပင်ဖြစ်ကြောင်း သူက အလိုလို သိနေ၏။
အကယ်၍ သူသာ ဆက်၍တိုက်ခိုက်လိုက်မည်ဆိုပါက သူ လေပေါ်သို့ ပျံတက်သွားပြီး ဒူဂူလင်း၏ ရှေ့သို့ ရောက်ရှိသွားသည်နှင့် တစ်ပြိုင်နက် သေချာပေါက် သေဆုံးသွားမည်သာဖြစ်သည်…
သူ တိုက်ခိုက်သင့်သည်လော။ မတိုက်ခိုက်ဘဲ အရှုံးပေးလိုက်သင့်သည်လော။
ရှုမင်မှာ နှုတ်ဆိတ်သွားပြီး နှလုံးသားထဲ၌ နာကြည်းမှုများနှင့် ပြည့်နှက်သွားရပြီး မျှော်လင့်ချက်များအားလုံး ပျက်သုဉ်းသွားရတော့သည်။ သူ၏ မျက်ဝန်းများထဲရှိ တိုက်ခိုက်လိုစိတ်များမှာလည်း တဖြည်းဖြည်းနှင့် လွင့်ပါးပျောက်ကွယ်သွားရ၏။ အကယ်၍ သူသာ ရှေ့သို့ ပြေးထွက်ကာ တိုက်ခိုက်လိုက်ပြီးနောက် အသက်ရှင်ကျန်ရစ်နေခဲ့မည်ဆိုပါက သူ၏ အဆင့်အတန်းမှာ သေချာပေါက် ပြောင်းလဲသွားလိမ့်မည်ဖြစ်ကြောင်း နားလည်ထား၏။ သို့သော်ငြားလည်း သူသည် အသက်မသေချင်သေးပေ။
ထို့ကြောင့် ရှုမင်မှာ နာကြည်းစွာ ရယ်မောလိုက်ပြီး သော့အချောင်းနှစ်ဆယ်ကျော်အား ထုတ်ပေးလိုက်၏။ ထို့နောက် သူသည် စွမ်းအင်များအားလုံး ကုန်ခန်းသွားပြီး မတ်တတ်ရပ်နိုင်စွမ်းပင် မရှိတော့သဖြင့် မြေကြီးပေါ်သို့ လဲကျသွားတော့သည်။ သူသည် ကောင်းကင်ကြီးအား လှမ်းကြည့်နေလိုက်၏။ သို့သော် သူသည် ဒူဂူလင်းအား လှမ်းကြည့်နေခြင်းမဟုတ်ဘဲ ညကောင်းကင်မြေပုံထဲရှိ အခြား တိုက်ပွဲကြီးတစ်ခုအား လှမ်း၍ ငေးကြည့်နေခြင်းဖြစ်ပေသည်။
” အဲတာ ဝမ်ပေါင်လဲ့လား ” ရှုမင်မှာ တိုးတိုးလေးရေရွတ်လိုက်၏။ ထိုအချိန်တွင် ဒူဂူလင်းမှာ သူ၏ အကြည့်အား ပြန်လည်ရုပ်သိမ်းလိုက်၏။ ထို့နောက် သူသည် ညကောင်းကင်မြေပုံကြီးအား မဟုတ်ဘဲ အရှေ့တောင်အရပ်ရှိ ဝမ်ပေါင်လဲ့နှင့် ကျိုးချူတောက်တို့ တိုက်ခိုက်နေသည့်နေရာအား လှမ်း၍ ကြည့်နေတော့သည်။
ရှုမင်တစ်ယောက် ရှုံးနိမ့်သွားပြီး တိုက်ခိုက်လိုစိတ်အားလုံး ပျောက်ကွယ်သွားသည့်အချိန်တွင် အရှေ့တောင်အရပ်ရှိ ဝမ်ပေါင်လဲ့နှင့် ကျိုးချူတောက်တို့၏ တိုက်ပွဲကြီးမှာ နောက်ဆုံးအဆင့်သို့ ရောက်လာပြီဖြစ်သည်။ ကျိုးချူတောက်မှာ အံ့သြတုန်လှုပ်သွားရသည့်တိုင်အောင် ဆူးချွန်ဒိုင်းကာကြီးအား အလျင်အမြန် ထိန်းချုပ်နိုင်လိုက်၏။ ထို့အပြင် သူသည် ဝမ်ပေါင်လဲ့ လေထဲသို့ မြှောက်ထားသော ညာဘက်လက်ပေါ်တွင် ပေါ်ပေါက်လာသော သွေးရောင် စွမ်းအင်စီးဆင်းမှုလမ်းကြောင်းများကိုလည်း မြင်လိုက်ရပြီဖြစ်သည်။
ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်အနှံ့အပြားသို့ ထို စွမ်းအင်စီးဆင်းမှုလမ်းကြောင်းများ ပျံ့နှံ့သွားနေစဉ် သူ၏ ပတ်ပတ်လည်၌ ဧရာမ လူထွားကြီးတစ်ယောက်၏ ပုံရိပ်ကြီးတစ်ခုမှာ မျက်စိတစ်မှိတ်အတွင်း ပေါ်ပေါက်လာ၏။
၎င်းဆီမှ ထွက်ပေါ်နေသော အငွေ့အသက်များမှာ အလွန်အင်မတန်မှ အားကောင်းပြီး ကြောက်မက်ဖွယ်ရာကောင်းပေသည်။ ဝမ်ပေါင်လဲ့၏ အငွေ့အသက်များထွက်ပေါ်လာပြီး သူ၏ ခန္ဓာကိုယ်ထဲမှ ထပ်တူကျမှုစွမ်းအားများနှင့် ပေါင်းစည်းသွားသောအခါ သူသည် နတ်ဘုရားတစ်ပါးအဖြစ်သို့ ရောက်သွားသည့်ပုံပင်။
” ပြီးသွားပြီ ” ဝမ်ပေါင်လဲ့မှာ တည်ကြည်စွာဆိုလိုက်၏။ သူ၏ စိတ်ခံစားချက်များမှာ လွှမ်းမိုးခံထားရသောကြောင့် သူ၏ အေးစက်စက်စကားသံကြီးထဲတွင် ရက်စက်ကြမ်းကြုတ်မှု အငွေ့အသက်များ ကိန်းအောင်းနေ၏။ ထို့နောက် သူသည် ရှေ့သို့လှမ်းလာပြီး လက်သီးချက်တစ်ချက် ထုတ်လွှတ်လိုက်တော့သည်။
ထို လက်သီးချက်မှာ အမြုတေအဆင့်ထက် သာလွန်နေ၏။ ၎င်းမှာ လေထုကြီးအား ထိုးခွင်းသွားသဖြင့် ချက်ချင်းဆိုသလိုပင် အက်ကွဲကြောင်းများ ပေါ်ပေါက်လာပြီး မိုးကောင်းကင်ကြီးကိုပင် ပြောင်းလဲသွားစေနိုင်သည့် ပြင်းအားတစ်မျိုး ထွက်ပေါ်လာတော့သည်။
အဝေးမှ ကြည့်လိုက်ပါက ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်မှာ သွေးရောင်လေမုန်တိုင်းကြီး တစ်ခုကဲ့သို့ ဖြစ်နေ၏။ လျှပ်စီးတန်းနှင့် မိုးကြိုးသွားများမှာ နတ်ဆိုးများ ကခုန်နေကြသကဲ့သို့ လိမ်ယှက်သွားကြပြီး ကောင်းကင်ယံကြီးအား ဖြတ်သန်းကာ ကျိုးချူတောက်ဆီသို့ ဦးတည်လာကြတော့သည်။
၎င်းမှာ သူ၏ ပဉ္စမမြောက် လက်သီးချက်အစစ် ဖြစ်ပေသည်။
ထိုလက်သီးချက်၏ ပြင်းအားမှာ ထပ်တူကျမှုစွမ်းအားကြောင့် နှစ်ရာရာခိုင်နှုန်းတိတိ ပို၍အားကောင်းနေ၏။
ကျူးသိုပညာရပ် နတ်ဘုရားဧကရာဇ်ချပ်ဝတ်တန်ဆာ၏ ပထမအဆင့်မှာလည်း သုံးဆတိတိ အစွမ်းပိုထက်လာ၏။
ထိုအခါ ပေါက်ကွဲသံ အကျယ်ကြီးတစ်သံ ထွက်ပေါ်လာပြီး သွေးရောင်လေမုန်တိုင်းကြီးမှာ အသံကုန်အော်ဟစ်နေသည့် ကျိုးချူတောက် ထိန်းချုပ်ထားသော ဆူးချွန်ဒိုင်းကာပေါ်သို့ ကျရောက်သွား၏။ ၎င်းတို့နှစ်ခု ရိုက်ခတ်မိသွားကြသောအခါ ဆူးချွန်ဒိုင်းကာမှာ အပြင်းအထန်တုန်ရီသွားပြီး အသံအကျယ်ကြီးမြည်အောင် ကွဲအက်ပျက်စီးသွားတော့သည်။ မျက်စိတစ်မှိတ်အတွင်းတွင် သွေးရောင်လေမုန်တိုင်းကြီး၏ ပြင်းအားများကြောင့် ထိုဆူးချွန်ဒိုင်းကာလေးမှာ တစ်စစီကြေမွသွားရတော့သည်။
ထိုသွေးရောင်လေမုန်တိုင်းကြီးမှာမူ ရပ်တန့်သွားခြင်းမရှိဘဲ အရပ်မျက်နှာအနှံ့သို့ တုန်ခါမှုလှိုင်းများ အဆက်မပြတ်စေလွှတ်ရင်း ကျိုးချူတောက်၏ရှေ့သို့ ချက်ချင်းပင်ရောက်ရှိလာ၏။ ထိုကဲ့သို့ သေရေးရှင်းရေး အခိုက်အတန့်မျိုးတွင် ကျိုးချူတောက်မှာ သွေးများအန်ထုတ်ကာ အကာအကွယ် ဓမ္မရတနာ အမြောက်အမြားကို ထုတ်ယူလိုက်ပြီး ထိုပြင်းအားကြီးအား ခုခံကာကွယ်နိုင်ရန် အကောင်းဆုံးကြိုးစားလိုက်ပြန်သည်။
သို့သော် ထို ဓမ္မရတနာများမှာ သွေးရောင်လေမုန်တိုင်းကြီးအား လုံးဝမယှဉ်နိုင်ပေ။ ၎င်းတို့မှာ အဝေးသို့လွင့်ထွက်သွားကြပြီး ပြာပုံဘဝသို့ရောက်သွားကြ၏။ သွေးရောင်လေမုန်တိုင်းကြီးမှာမူ တိမ်တိုက်များအား ဖြတ်သန်းကာ ကျိုးချူတောက်၏ အနီးသို့ ချဉ်းကပ်လာနေဆဲပင်။ ထို့ကြောင့် ကျိုးချူတောက်မှာ သွေးရူးသွေးတန်း ဖြစ်သွားပြီး သူ၏လက်များကို ဝှေ့ယမ်းကာ နောက်ဆုံးအနေနှင့် ခုခံကာကွယ်နိုင်ရန် ကြိုးပမ်းလိုက်တော့သည်။ သူသည် သူ၏ ပုံရိပ်ယောင်များအားလုံးကို ထိန်းချုပ်ကာ သူ၏ခန္ဓာကိုယ်အား ဖြတ်သန်းသွားစေလိုက်ပြီး ထိုပြင်းအားများ တားဆီးရန် အမိန့်ပေးလိုက်၏။
သို့သော်လည်း အရာအားလုံးမှာ အချည်းနှီးပင်။
သူ၏ ပုံရိပ်ယောင်များ ထို သွေးရောင်လေမုန်တိုင်းကြီးနှင့် ရိုက်ခတ်သွားကြသောအခါ ပေါက်ကွဲသံကြီးတစ်သံ ထွက်ပေါ်လာပြီး ၎င်းတို့အားလုံးမှာ ချက်ချင်းပင်ပျက်စီးသွားကြ၏။ ထိုအချိန်တွင် သွေးရောင်လေမုန်တိုင်းကြီးမှာ မျှော်လင့်ချက်များအားလုံး ပျက်သုဉ်းနေပြီဖြစ်သော ကျိုးချူတောက်၏ရှေ့ တစ်လက်မအကွာသို့ ရောက်ရှိလာပြီနောက် ရပ်တန့်သွားတော့သည်။
ထို့နောက် ထိုလေမုန်တိုင်းကြီးမှာ လွင့်ပါးပျောက်ကွယ်သွားပြီး ဝမ်ပေါင်လဲ့၏ နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာ၏ လက်သီးချက်ကြီးအဖြစ် ပြောင်းလဲသွား၏။
ကျိုးချူတောက်မှာ လေထဲ၌ ဆံပင်များ တလူလူလွင့်နေရင်း သူ၏ရှေ့တွင်ရှိနေသည့် သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေသော လက်သီးချက်ကြီးအား စိုက်ကြည့်နေလိုက်၏။ သူသည် နှလုံးသားထဲ၌ နာကြည်းမှုများ ခံစားနေရစဉ်မှာပင် ဝမ်ပေါင်လဲ့၏ အေးစက်စက် စကားသံကြီး ပေါ်ထွက်လာတော့သည်။
” မင်း ရှုံးသွားပြီ ”
ထိုအခါ ကျိုးချူတောက်မှာ မျက်လုံးများမှိတ်သွားပြိး သက်ပြင်းချလိုက်တော့သည်။ သူသည် မျက်လုံးများ ပြန်ပွင့်လာချိန်တွင် အလွန်အင်မတန်မှ မကျေမချမ်းဖြစ်နေသည့်ပုံ ပေါက်နေ၏။ ထို့နောက် သူသည် လယ်သမားအိုကြီးတစ်ယောက်၏ အမူအရာဖြင့် သူ၏သော့များကို ဘေးနားသို့ပစ်ချလိုက်၏။ နောက်ဆုံးတွင် သူသည် မတ်တတ်ပြန်ထလာပြီး သက်ပြင်းများချရင်း အဝေးသို့ ဒယိမ်းဒယိုင်နှင့် ထွက်ခွာသွားတော့သည်။
” ငါ့မိန်းမကို ထားခဲ့မိတာ မှားတာပဲ… ဘာလို့များ အခုလိုတွေ လုပ်နေရတာလဲကွာ ”
ဝမ်ပေါင်လဲ့မှာမူ ကျိုးချူတောက် ပစ်ချလိုက်သော သော့များကို တစ်ချက်ပင် မကြည့်ဘဲ မလှုပ်မယှက်ရပ်နေဆဲပင်။ ထိုအချိန်တွင် သူသည် တစ်စုံတစ်ခုအား အာရုံခံမိလိုက်သကဲ့သို့ ဖြစ်သွားသဖြင့် ခေါင်းမော့ကာ…ဒူဂူလင်းရှိနေသည့် အနောက်မြောက်အရပ်သို့ လှမ်းကြည့်မိလိုက်၏။
ဝမ်ပေါင်လဲ့တစ်ယောက် ထိုကဲ့သို့ လှမ်းကြည့်နေစဉ် ဒူဂူလင်းမှာလည်း သူရှိရာအရပ်သို့ လှမ်းကြည့်နေ၏။ သူတို့နှစ်ယောက်၏ကြားမှ အကွာအဝေးမှာ ဝေးကွာလွန်းနေသောကြောင့် သူတို့မှာ တစ်ယောက်နှင့်တစ်ယောက် မမြင်ရပါသော်လည်း သူတို့၏ တစ်ယောက်ကိုတစ်ယောက် တိုက်ခိုက်လိုစိတ်များမှာ လျော့နည်းသွားခြင်းမရှိပေ။
ပြည်သူ့ရင်ပြင်ထဲတွင် ရှိနေကြသည့် ဂိုဏ်းသားများအားလုံးမှာ ထိုမြင်ကွင်းအား မြင်လိုက်ရ၏။ သူတို့၏ မျက်ဝန်းများထဲတွင် မတူညီသော ပုံရိပ်ကြီးနှစ်ခုထဲ၌ ရှိနေကြသည့် ဝမ်ပေါင်လဲ့နှင့် ဒူဂူလင်းတို့ တစ်ယောက်ကိုတစ်ယောက် လှမ်းကြည့်နေကြသည့် မြင်ကွင်းကြီးမှာ ရင်သက်ရှုမောဖွယ်ရာ ကောင်းလွန်းနေသောကြောင့် သူတို့မှာ ထိုမြင်ကွင်းအား တစ်သက်လုံး မေ့နိုင်တော့မည်မဟုတ်ပေ။
ထိုအချိန်တွင် ပြည်သူ့ရင်ပြင်ကြီးတစ်ခုလုံးမှာ တိတ်ဆိတ်ငြိမ်သက်သွား၏။ နောက်ဆုံးမှသာ လူတစ်ယောက်၏ တီးတိုးရေရွတ်သံတစ်သံ ထွက်ပေါ်လာတော့သည်။
” တကယ့်ကို ထိပ်သီးအဆင့် ပညာရှင်အစစ်တွေပဲ “