Switch Mode

အခန်း (၅၆၉)

ကြီးစိုးခြယ်လှယ်ခြင်း

ထို ကိုးမျိုးဆက် ဟင်းလင်းပြင်သတ်ဖြတ်ခြင်း ပညာရပ်မှာ ပြည်ထောင်စုကြီးထဲရှိ ငါးဆက်မြောက်ကောင်းကင်မျိုးနွယ်စု၏ လျှို့ဝှက်ဆန်းကြယ် ပညာရပ်နှင့် မူလဇာစ်မြစ် အတူတူပင် ဖြစ်ပေသည်။

သို့သော် ကွဲပြားခြားနားချက်မှာ ငါးဆက်မြောက်ကောင်းကင်မျိုးနွယ်စုမှာ ရှေးဘဝငါးခုမှ ပုံရိပ်များကိုသာ ပြန်လည်ဆင့်ခေါ်နိုင်သည်ဖြစ်ပြီး ကျိုးချူတောက်မှာမူ ရှေ့ဘဝကိုးခုမှ ပုံရိပ်များကို ပြန်လည်ဆင့်ခေါ်နိုင်စွမ်း ရှိနေခြင်းဖြစ်သည်။ သူ၏နောက်တွင် ထိုပုံရိပ်ယောင်များ ပေါ်ပေါက်လာပြီးနောက် သူသည် မန္တန်လက်ကွက်များ ဖော်လိုက်ပြန်သည်။ ထိုအခါ သူနှင့် ဝမ်ပေါင်လဲ့တို့၏ ကြားတွင် ဆူးချွန်ကိုးခု ပေါ်ပေါက်လာ၏။

တစ်ချိန်ထဲမှာပင် ထိုပုံရိပ်ယောင်များမှာလည်း သူ့အတိုင်း မန္တန်လက်ကွက်များ ဖော်လိုက်ကြသဖြင့် ထို ဆူးချွန်များ၏အရေအတွက်မှာ ကိုးခုမှ ရှစ်ဆယ့်တစ်ခုအဖြစ် ချက်ချင်းပင်ပြောင်းလဲသွားတော့သည်။

ထို ဆူးချွန်ရှစ်ဆယ့်တစ်ခု ပေါ်ပေါက်လာသောအခါ ၎င်းတို့ဆီမှ ထွက်ပေါ်လာသည့် အားကောင်းသော စွမ်းအင်လှိုင်းတစ်မျိုးကြောင့် ထိုနေရာကြီး တစ်ခုလုံးမှာ တုန်ရီသွားရပြီး ညကောင်းကင်ကြီးမှာလည်း တွန့်လိမ်ပုံပျက်သွားရ၏။ ထို့နောက် လေပြင်းများ စတင်တိုက်ခတ်လာပြီး သူတို့၏အောက်တွင်ရှိနေသော တောင်ထိပ်ကြီးပင်လျှင် အပြင်းအထန် တုန်ရီနေပြီဖြစ်သည်။ နောက်ဆုံးတွင် တောင်ကြီးမှာ ပြိုလဲပျက်စီးသွားတော့မည့်အလား ဖြစ်နေတော့သည်။

မြေပြင်ကြီးမှာလည်း ထို ပြင်းအားများကို တောင်ခံနိုင်စွမ်းမရှိသည့်ပုံပင်။ ထို့ကြောင့် မြေပြင်ပေါ်တွင် အက်ကွဲကြောင်းများ ပေါ်ပေါက်လာပြီး တောင်ကြီးတစ်ခုလုံးမှာလည်း တုန်ရီနေပြီဖြစ်ရာ ထိုနေရာကြီး တစ်ခုလုံးမှာ အစိတ်စိတ်အမြွှာမြွှာ ကြေမွပျက်စီးသွားတော့မည့်အလား ဖြစ်နေတော့သည်။

ထိုအချိန်တွင် ကျိုးချူတောက်မှာ မျက်လုံးများနီမြန်းသွားပြီး အသံကုန်အော်ဟစ်ကာ သူ၏ လက်နှစ်ဖက်ကို မြှောက်လိုက်၏။ သူ၏ နောက်တွင်ရှိနေသော ပုံရိပ်ယောင်များမှာလည်း ထိုနည်းတူပင်။ သူတို့မှာ ဆူးချွန်ရှစ်ဆယ့်တစ်ချောင်းကို ထိန်းချုပ်ကာ ဝမ်ပေါင်လဲ့ဆီသို့ ပစ်လွှတ်နိုင်ရန် ကြိုးစားနေကြသည်ပုံပင်။

” သူ့ကို ချုပ်နှောင်လိုက် ” ကျိုးချူတောက်မှာ အသံအကျယ်ကြီး အော်ဟစ်လိုက်၏။ သူ၏နောက်တွင် ရှိနေသော ပုံရိပ်ယောင်များ၏ မျက်နှာအမူအရာများမှာလည်း ကြောက်မက်ဖွယ်ရာကောင်းနေပြီဖြစ်သည်။ သူတို့မှာ ပါးစပ်များဟ လာကြပြီး တစ်ပြိုင်နက်တည်း အော်ဟစ်လိုက်သဖြင့် အသံလှိုင်းတစ်လှိုင်း ချက်ချင်းဆိုသလိုပင် ပေါက်ကွဲထွက်ပေါ်လာ၏။ ထို့နောက် ထိုဆူးချွန်ရှစ်ဆယ့်တစ်ချောင်းထဲမှ အံ့ဩမှင်တက်ဖွယ်ကောင်းသော အငွေ့အသက်များ ထွက်ပေါ်လာကြပြီး ၎င်းတို့မှာ လေထဲတွင် တစ်ခုပေါ်တစ်ခုထပ်ကာ ဧရာမ လှောင်အိမ်ကြီးတစ်ခုအသွင် ပြောင်းလဲသွား၏။ နောက်ဆုံးတွင် ထိုလှောင်အိမ်ကြီးမှာ ဖိနှိပ်အားများကို ထုတ်လွှတ်ရင်း ဝမ်ပေါင်လဲ့ဆီသို့ အရှိန်အဟုန်ဖြင့် ဦးတည်လာတော့သည်။

ထို ဆူးချွန်ရှစ်ဆယ့်‌တစ်ချောင်းထဲတွင် ကိန်းအောင်းနေသည့် သတ်ဖြတ်လိုစိတ်များနှင့် ၎င်းတို့၏ ဖိနှိပ်မှုစွမ်းအားများကြောင့် ဝမ်ပေါင်လဲ့မှာ အန္တရာယ်ကြီးတစ်ခုနှင့် ရင်ဆိုင်လိုက်ရသကဲ့သို့ ခံစားလိုက်ရသဖြင့် သူ၏ ပဉ္စမမြောက် လက်သီးချက်အား ထုတ်လွှတ်နိုင်စွမ်းမရှိတော့ပေ။

အမှန်အတိုင်းဆိုရလျှင် သူသည် ထိုလက်သီးချက်အား မထုတ်လွှတ်နိုင်တော့ခြင်း မဟုတ်ပေ။ ထို ဆူးချွန်ရှစ်ဆယ့်‌တစ်ချောင်း၏ ပေါ်ပေါက်လာမှုကြောင့် သူသည် တုန်လှုပ်ချောက်ချားသွားရပြီး ယုံကြည်ချက်များပျောက်ဆုံးကာ သူ၏လက်သီးချက်ဖြင့် အနိုင်ယူနိုင်တော့မည် မဟုတ်ကြောင်း ထင်မှတ်သွားခြင်းသာ ဖြစ်သည်။

ထို့အပြင် ဆူးချွန်ရှစ်ဆယ့်‌တစ်ချောင်းဖြင့် ဖန်တီးထားသော လှောင်အိမ်ကြီး ဝမ်ပေါင်လဲ့၏အနီးသို့ ရောက်လာသောအချိန်တွင် ရင်ဆိုင်တွန်းလှန်ရန် လုံးဝမဖြစ်နိုင်သည့် ဖိနှိပ်အားကြီးတစ်မျိုးမှာ ဆူနာမီလှိုင်းလုံးကြီးကဲ့သို့ ပေါက်ကွဲထွက်ပေါ်လာ၏။ ထို ဖိနှိပ်အားမှာ အလွန်အင်မတန်မှ ပြင်းထန်လွန်းနေသောကြောင့် ဝမ်ပေါင်လဲ့မှာ တစ်စစီ ကြေမွသွားတော့မည့်အလား ခံစားနေရပြီဖြစ်သည်။

ထိုကဲ့သို့ အန္တရာယ်ကြီးနှင့် ရင်ဆိုင်နေရချိန်တွင် ဝမ်ပေါင်လဲ့၏ မျက်ဝန်းများမှာ အေးစက်စွာ တောက်ပသွား၏။ သူသည် ရှောင်တိမ်းရန် ဆန္ဒမရှိသလို နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာကိုလည်း အစောကြီးထုတ်သုံးရန် ဆန္ဒမရှိပေ။ ထို့ကြောင့် သူသည် မျက်လုံးများမှေးသွားကာ သူ၏ ညာဘက်လက်ကို မြှောက်လိုက်သောအခါ သူ၏ သိုလှောင်လက်ကောက်ထဲမှ တစ်ခါသုံး အဋ္ဌမအဆင့် ဓမ္မလက်နက်သုံးခု ပျံထွက်လာပြီး သူ၏ ပတ်လည်၌ ဝန်းရံသွားကြတော့သည်။

ထိုဓမ္မရတနာသုံးခုမှာ တစ်ပုံစံတည်းပင်။ ၎င်းတို့မှာ ဧရာမခေါင်းလောင်းကြီးများနှင့် တူနေကြ၏။ ၎င်းတို့မှာ အပြင်ဘက်သို့ ပျံထွက်လာသည်နှင့် တစ်ပြိုင်နက် အရွယ်အစား ကြီးမားသွားကြပြီး တစ်လုံးပေါ်တစ်လုံး ထပ်သွားကြသည်။ ထို့နောက် ၎င်းတို့မှာ ဝမ်ပေါင်လဲ့အား လွှမ်းခြုံထားလိုက်တော့သည်။ အဝေးမှ ကြည့်လိုက်ပါက ထို ဓမ္မရတနာများမှာ ဆူနာမီလှိုင်းလုံးများပင်လျှင် ဖျက်ဆီးနိုင်စွမ်းမရှိလောက်အောင် ခိုင်ခံ့တောင့်တင်းသော အကာအရံတစ်ခုအား ဖန်တီးပေးလိုက်သည့်ပုံပင်။ ထို ဓမ္မရတနာများထဲမှ ဖိနှိပ်အားများ ထွက်ပေါ်လာပြီး ၎င်းတို့မှာ ဆူးချွန်ရှစ်ဆယ့်‌တစ်ချောင်းအား ထိပ်တိုက်ရင်ဆိုင်တွေ့လိုက်ကြတော့သည်။

ထိုအဖြစ်အပျက်များအားလုံးမှာ လျှပ်တစ်ပြက်အတွင်း ဖြစ်ပျက်သွားခဲ့ခြင်းဖြစ်သည်။ မျက်စိတစ်မှိတ်အတွင်းတွင် ဆူးချွန်ရှစ်ဆယ့်‌တစ်ချောင်းမှာ ဝမ်ပေါင်လဲ့၏ အနီးသို့ရောက်ရှိလာပြီး သူ၏ တစ်ခါသုံး အဋ္ဌမအဆင့် ဓမ္မလက်နက်များနှင့် ရိုက်ခတ်သွားတော့သည်။

” မင်း ခုခံတားဆီးနိုင်မှာမဟုတ်ပါဘူး ” ကျိုးချူတောက်မှာ ရှေ့သို့လှမ်းလာပြီး အော်ဟစ်ကြိမ်းဝါးလိုက်၏။ သို့သော် သူ စကားဆုံးသွားပြီး မြေကြီးပေါ်သို့ သူ၏ခြေထောက် ပြန်ကျလာစဉ်မှာပင် ဝမ်ပေါင်လဲ့၏ စကားသံမှာ ပဲ့တင်ထပ်သွား၏။

” ခုခံတားဆီးတဲ့ နည်းဗျူဟာက ငါ့ရဲ့တာအိုထဲမှာ မပါဘူးကွ ” အကာအရံကြီးထဲတွင် ရှိနေသော ဝမ်ပေါင်လဲ့၏ မျက်ဝန်းများထဲတွင် တိုက်ခိုက်လိုစိတ်များကို အထင်အရှား မြင်နေရပေသည်။ သူသည် ထိုသို့ဆိုလိုက်ပြီးနောက် သူ၏လက်နှစ်ဖက်ကို အကာအရံကြီးပေါ်သို့ တင်ကာ အသံကုန်အော်ဟစ်လိုက်တော့သည်။

” ပေါက်ကွဲစေ ” သူ ထိုသို့ဆိုလိုက်သည်နှင့် အပြင်ဘက်ဆုံးတွင် ရှိနေသော ခေါင်းလောင်းကြီးမှာ အပြင်းအထန်တုန်ရီသွားပြီး ချက်ချင်းပင် ပေါက်ကွဲသွား၏။ ထို့ကြောင့် အားကောင်းသောပြင်းအားတစ်ခု ထွက်ပေါ်လာကာ အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားပြီး မျက်လုံးဖြင့် မမြင်နိုင်သော လက်ကြီးတစ်ဖက်မှာ သူ့ဆီသို့ ဦးတည်လာနေသည့် ဆူးချွန်လှောင်အိမ်ကြီးဆီသို့ အရှိန်အဟုန်ဖြင့် ထိုးထွက်သွားလိုက်တော့သည်။

ထိုမျှလောက်နှင့် ပြီးမသွားသေးပေ။

ဝမ်ပေါင်လဲ့၏ မျက်ဝန်းများထဲရှိ တိုက်ခိုက်လိုစိတ်များမှာ ပို၍ပင်အားကောင်းလာပြီဖြစ်သည်။ ထို့နောက် သူသည် နှစ်ကြိမ်ဆက်တိုက် ပေါက်ကွဲသွားရန် အမိန့်ပေးလိုက်၏။ ထိုအခါ ဒုတိယမြောက်‌ ခေါင်းလောင်းကြီးနှင့် နောက်ဆုံးခေါင်းလောင်းကြီးတို့မှာ တစ်ပြိုင်နက်တည်းနီးပါး ပေါက်ကွဲသွားကြပြီး ပြင်းအားကြီးတစ်မျိုး ထွက်ပေါ်လာ၏။ ၎င်းတို့မှာ ပထမခေါင်းလောင်း ပေါက်ကွဲမှုကြောင့် ထွက်ပေါ်လာခဲ့သော ပြင်းအားများနှင့် ပေါင်းစည်းသွားသဖြင့် မျက်လုံးဖြင့်မမြင်နိုင်သော လက်ကြီးမှာ အရွယ်အစားကြီးမားလာပြီး ဆူးချွန်ရှစ်ဆယ့်‌တစ်ချောင်းအား အားပါပါ လှမ်းရိုက်လိုက်တော့သည်။

ဤ တိုက်ပွဲကြီးထဲတွင် ကျိုးချူတောက်နှင့် သူတို့နှစ်ယောက် အသုံးပြုနေကြသော မန္တန်များနှင့် ကျင့်ကြံခြင်း ပညာရပ် အမျိုးမျိုးမှာ အမြုတေထိပ်ဆုံးအဆင့်တွင် ရှိနေကြပြီဖြစ်သည်။ ထို့ကြောင့် ဤ တိုက်ပွဲကြီးအား စံနမူနာ ထား၍ပင် လေ့လာသင့်ပေသည်။ အကယ်၍ သူတို့မှာ တစ်ယောက်ကိုတစ်ယောက် ရင်ဆိုင်တိုက်ခိုက်နေခြင်းမဟုတ်ဘဲ အခြားပြိုင်ပွဲဝင်များနှင့်သာ ရင်ဆိုင်တိုက်ခိုက်နေကြမည်ဆိုပါက သူတို့၏ပြိုင်ဘက်မှာ ရှုံးနိမ့်နေပြီးလောက်ပြီ ဖြစ်သည်။

သို့သော် ၎င်းမှာ မှန်းဆချက်တစ်ခုသာ ဖြစ်ပေသည်။ ယခုတွင်မူ ဝမ်ပေါင်လဲ့မှာ တိုက်ခိုက်လိုစိတ်များ ပြင်းထန်နေပြီး ကျိုးချူတောက်မှာလည်း ထိုနည်းတူပင်။ သူသည် ဝမ်ပေါင်လဲ့၏ နည်းဗျူဟာများကို ကြိုတင်မှန်းဆထားခဲ့သည့်ပုံပင်။ ထို့ကြောင့် ထိုခေါင်းလောင်းကြီး သုံးလုံး အလိုအလျောက် ပေါက်ကွဲသွားပြီး မျက်လုံးဖြင့်မမြင်နိုင်သောလက်ကြီး လှမ်းရိုက်လိုက်စဉ်တွင် သူသည် မန္တန်လက်ကွက်များဖော်ကာ လက်ညှိုးထိုးလိုက်တော့သည်။

ထိုအခါ ထို ဆူးချွန်ရှစ်ဆယ့်‌တစ်ချောင်းမှာ စုဝေးသွားကြပြီး လှောင်အိမ်ကြီးမှာလည်း ဆူးချွန်ဒိုင်းကာတစ်ခုအဖြစ် ပြောင်းလဲသွား၏။

ထို ဒိုင်းကာကြီးမှာ ထိုခေါင်းလောင်းသုံးလုံး၏ အလိုအလျောက် ပေါက်ကွဲမှုကြောင့် ထွက်ပေါ်လာသော ပြင်အားများကို ခံစားလိုက်ရ၏။ ၎င်းတို့ ရိုက်ခတ်မိသွားကြသောအခါ ယခင်အကြိမ်တုန်းကထက် အဆပေါင်းများစွာပို၍ အားကောင်းသော ပြင်းအားတစ်မျိုး ချက်ချင်းဆိုသလိုပင် ထွက်ပေါ်လာတော့သည်။ ထို့ကြောင့် ကျိုးချူတောက်၏ အသက်ရှုနှုန်းများမှာ မတည်မငြိမ်ဖြစ်သွားရပြီး သူ၏ ဆံပင်များမှာလည်း ရှုပ်ပွသွားရ၏။ ထိုအချိန်တွင် သူသည် ပါးစပ်ထဲမှ သွေးများပန်းထွက်လာသည်တိုင်အောင် မာန်ပါပါ အော်ဟစ်လိုက်၏။

” ဝမ်ပေါင်လဲ့။ မင်း လှည့်စားခံလိုက်ရပြီကွ … ကိုးမျိုးဆက်… ဆန့်ကျင်တုန်ခါမှု … ” ကျိုးချူတောက်၏ စကားသံကြီးနှင့်အတူ အံ့ဩမှင်တင်ဖွယ်ရာကောင်းလောက်အောင် အစွမ်းထက်သော ဆန့်ကျင်တုန်ခါမှုအားတစ်မျိုး ထွက်ပေါ်လာတော့သည်။ ဆူးချွန်တစ်ဝက်တိတိအား ဖျက်ဆီးပစ်ရာမှ ထွက်ပေါ်လာသည့် ထို ပြင်းအားကြီးမှာ ခေါင်းလောင်းသုံးလုံး၏ ပေါက်ကွဲမှုအားများနှင့် ပေါင်းစည်းသွားပြီး ဝမ်ပေါင်လဲ့ပေါ်သို့ ကျရောက်လာသောကြောင့် သူသည် အဝေးသို့ လွင့်ထွက်သွားရတော့သည်။

ထို အဖြစ်အပျက်များအားလုံးမှာ မြန်ဆန်လွန်းနေသည်။ ဝမ်ပေါင်လဲ့မှာ တစ်ကိုယ်လုံးတုန်ရီသွားကာ ပါးစပ်ထဲမှ သွေးများပန်းထွက်လာ၏။ သူသည် လေထဲတွင် ရစ်ဝဲနေရင်း နောက်သို့ ဒယိမ်းဒယိုင်နှင့် ဆုတ်ခွာသွားလိုက်ရပြီး သူ၏ညာဘက်လက်သီးအား ကျစ်ကျစ်ပါအောင် ဆုပ်နိုင်လိုက်ပါသော်လည်း ထိုးနှက်ရန် အင်အားမရှိတော့ပေ။ သူပါးစပ်ထဲမှ သွေးများ အဆက်မပြတ် ပန်းထွက်လာနေသောကြောင့် ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်မှာလည်း နုံးချည့်လာရတော့သည်။

တစ်ချိန်ထဲမှာပင် စကားလုံးများနှင့် ဖော်ပြ၍မရနိုင်လောက်အောင် အားကောင်းသော စွမ်းအင်လှိုင်းများ ထွက်ပေါ်လာပြီး အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွား၏။ ထိုလှိုင်းများ ပျံ့နှံ့သွားသည့်နေရာတိုင်းတွင် တောင်တန်းများမှာ ပြိုလဲပျက်စီးကာ မြေပြင်ကြီးမှာလည်း အက်ကွဲသွားရတော့သည်။ ကျောက်ယမုန့် တပ်ဆင်ထားခဲ့သည့် မန္တန်အစီအရင်ကြီးပင်လျှင် ချက်ချင်း ပျက်စီးသွား၏။

ထို့‌ကြောင့် ကျောက်ယမုန့်နှင့် ခုန်းတောက်တို့မှာ အလွန်အင်မတန်မှ စိုးထိတ်သွားရ၏။ ထို့အပြင် ထိုပြင်းအားများကြောင့် သူတို့မှာလည်း သူတို့ကိုသူတို့ ထိန်းချုပ်နိုင်စွမ်းမရှိတော့ဘဲ နောက်သို့ဆုတ်ခွာသွားလိုက်ရသည်။ ထိုနေရာတစ်ဝိုက်တွင် ပုန်းကွယ်နေခဲ့သည့် ကျင့်ကြံသူများမှာလည်း ပါးစပ်ထဲမှ သွေးများပန်းထွက်လာကြပြီး ထိုနေရာ၏ အဝေးသို့ ပြေးထွက်သွားလိုက်ရတော့သည်။

ထိုကျင့်ကြံသူများမှာ သော့များဆုံးရှုံးလိုက်ရသဖြင့် မြေပုံပေါ်မှ ပျောက်ကွယ်သွားကြသော ပြိုင်ပွဲဝင်များဖြစ်ကြပေသည်။ သူတို့မှာ ကြောက်လန့်တကြားနှင့် ထွက်ပြေးနေကြသည်တိုင်အောင် သူတို့ထဲမှ သုံးယောက်မှာ အပြင်ပန်းတွင် ထိတ်လန့်ကြောက်ရွံ့နေကြသည့်ပုံ ပေါက်နေပါသော်လည်း သူတို့၏ မျက်ဝန်းများထဲတွင်မူ လောဘမီးတောက်များ တောက်လောင်နေကြသည်ကို မြင်နိုင်ပေသည်။

အကယ်၍ အခြားတစ်ချိန်ချိန်တွင်သာဆိုပါက သူတို့၏ အသိစိတ်များထဲ၌ ယခု‌လို ယုတ်မာရက်စက်သည့် အ‌တွေးများ ပေါ်ပေါက်လာကြမည်မဟုတ်ပေ။ သို့သော် ယခုတွင်မူ ဝမ်ပေါင်လဲ့မှာ အပြင်းအထန် ဒဏ်ရာရထားသည်မဟုတ်ပါလော။ ထို့ကြောင့် သော့မရှိတော့သည့် ထိုပြိုင်ပွဲဝင်သုံးယောက်မှာ စဉ်းစားတွေးတောမနေတော့ဘဲ လေပေါ်သို့ ခုန်တက်သွားကြပြီး သူတို့၏ ကျင့်ကြံခြင်းစွမ်းအားများကို ထုတ်လွှတ်လိုက်ကြတော့သည်။ သူတို့ထဲမှ တစ်ယောက်မှာ နှောင်းပိုင်း အမြုတေအဆင့်တွင် ရှိနေသည်ဖြစ်ပြီး အခြားနှစ်ယောက်မှာ အလယ်အလတ် အမြုတေအဆင့်၏ ထိပ်ဆုံးသို့ ရောက်နေကြပြီဖြစ်သည်။ ယခုတွင် သူတို့မှာ ပါးစပ်ထဲမှ သွေးများအန်ထွက်ကာ‌ နောက်သို့ဆုတ်ခွာသွားနေသည့် ဝမ်ပေါင်လဲ့၏နောက်သို့ ပြေးလိုက်သွားကြ၏။

သူတို့မှာ ဝမ်ပေါင်လဲ့အား သတ်ဖြတ်ကာ သူ၏သော့များအား လုယူရန် ကြံစည်နေကြခြင်းဖြစ်သည်။

ထိုအခါ ကျိုးချူတောက်မှာ အနည်းငယ်ခန့် မျက်မှောင်ကြုတ်သွား၏။ သို့သော် ခဏအကြာတွင် သူသည် မျက်ဝန်းများ အရောင်လက်သွားပြီး သော့မရှိတော့သည့် ထိုပြိုင်ပွဲဝင်သုံးယောက်အား လိုက်မဖမ်းဘဲ လွှတ်ပေးလိုက်ရန် ဆုံးဖြတ်လိုက်တော့သည်။ အကယ်၍ ပြည်ထောင်စုကြီး၏ ထိပ်သီးကျင့်ကြံသူတစ်ယောက်မှာ သူ၏လက်ချက်ကြောင့် သေဆုံးသွားရမည်ဆိုပါက အနာဂတ်တွင် သူ့အတွက် ဆိုကျိုးများ ပေါ်ပေါက်လာနိုင်ပေသည်။

အကယ်၍ ထို သုံးယောက်သာ ပေါ်ပေါက်လာခြင်းမရှိပါက ကျိုးချူတောက်မှာ ဝမ်ပေါင်လဲ့အား နောက်ဆုံးအကြိမ်အဖြစ် တိုက်ခိုက်လိုက်မည်သာဖြစ်သည်။ သူသည် သူ့အား မသတ်လျှင်တောင် သူ၏သော့များအားလုံးကို သိမ်းယူလိုက်မည်သာ ဖြစ်သည်။

သို့သော် ကျိုးချူတောက် ထိုကဲ့သို့ ဆုံးဖြတ်လိုက်ပြီး လောဘ‌တက်နေသည့် ကျယ်ပြန့်တာအိုနန်းတော် ဂိုဏ်းသားသုံးယောက် တိုက်ခိုက်ရန် ပြင်လိုက်စဉ်မှာပင် အပြန်းအထန် ဒဏ်ရာရထားသောကြောင့် လုံးဝတိုက်ခိုက်နိုင်စွမ်းမရှိတော့သည့်ပုံ ပေါက်နေသည့် ဝမ်ပေါင်လဲ့ဆီမှ နောင်တရနေသည့် အေးစက်စက်စကားသံကြီးတစ်သံ ထွက်ပေါ်လာတော့သည်။

” တောက်ကွာ။ မင်းတို့သုံးယောက်က တကယ်ကိုသေသင့်တဲ့ ကောင်‌တွေ “

ထို စကားသံကြီးထွက်ပေါ်လာသည်နှင့် ဝမ်ပေါင်လဲ့ဆီမှ ထွက်ပေါ်နေခဲ့သော အားအင်ချည့်နဲ့နေသည့် အငွေ့အသက်များမှာ ချက်ချင်းပင်ပျောက်ကွယ်သွား၏။ ထိုအချိန်တွင် ဝမ်ပေါင်လဲ့တစ်ယောက် ကျစ်ကျစ်ပါအောင်ဆုပ်ထားသော လက်သီးထဲမှ ပဉ္စမမြောက်လက်သီးချက်၏ ထပ်တူကျခြင်းစွမ်းအားများ ပျံ့နှံ့ထွက်ပေါ်လာတော့သည်။ ထို့ကြောင့် ကျိုးချူတောက်မှာ ကြက်သေသေသွားရပြီး နှလုံးသားတစ်ခုလုံး တဆတ်ဆတ် တုန်ရီသွားရတော့သည်။

ထိုအခါမှသာ ဝမ်ပေါင်လဲ့မှာ သူထင်ထားသလို ဒဏ်ရာအပြင်းအထန် ရသွားခဲ့ခြင်းမဟုတ်ကြောင်း သူက ရိပ်မိသွားတော့သည်။ သို့မဟုတ် ဝမ်ပေါင်လဲ့၏ အပြင်ခန္ဓာကိုယ်စွမ်းအားမှာ တမူထူးခြားနေသောကြောင့် သူ၏ ဒဏ်ရာများမှာ အလျင်အမြန် ပျောက်ကင်းသက်သာသွားရခြင်း ဖြစ်ရပေမည်။ မည်သို့ပင်ဆိုစေကာမူ ထို ငတုံးငအ သုံးယောက်ကြောင့်သာ မဟုတ်ပါက ကျိုးချူတောက်မှာ ဝမ်ပေါင်လဲ့၏ အနီးသို့ ရောက်ရှိသွားမည် မဟုတ်ပါလော။ ထို့သို့သာဆိုလျှင် သူသည် ဝမ်ပေါင်လဲ့တစ်ယောက် ကျိတ်၍ ပြင်ဆင်နေခဲ့သော ပဉ္စမမြောက် လက်သီးချက်ကြီးနှင့် ပက်ပင်းတိုးသွားမည်သာဖြစ်သည်။

ထို့ကြောင့်လည်း ယခုတွင် ဝမ်ပေါင်လဲ့မှာ အမျက်ချောင်းချောင်းထွက်ကာ နောင်တရနေရခြင်းဖြစ်၏။ သူ၏ လက်သီးထဲမှ ထပ်တူကျခြင်းစွမ်းအင်လှိုင်းများ လွင့်ပါးပျောက်ကွယ်သွားပြီး ကျယ်ပြန့်တာအိုနန်းတော်မှ ဂိုဏ်းသားသုံးယောက် ကစဉ့်ကလျားနှင့် ထွက်ပြေးသွားကြစဉ်မှာပင် ဝမ်ပေါင်လဲ့မှာ မျက်လုံးများ အေးစက်စွာတောက်ပသွားပြီး ထိုသုံးယောက်၏ နဖူးအား လက်ညှိုးဖြင့် ထိုးလိုက်၏။

” ကျူးသိုပညာရပ် “

ထိုအခါ ထိုသုံးယောက်ဆီမှ လူအော်သံနှင့်ပင် မတူသည့် သွေးပျက်ချောက်ချားဖွယ်ရာ အော်ဟစ်သံများ ထွက်ပေါ်လာတော့သည်။ သူတို့၏ ခန္ဓာကိုယ်များမှာ သိသိသာသာ ပိန်ချုံးခြောက်သွေ့သွားကြပြီး သူတို့၏ စွမ်းအင်များနှင့် သက်စောင့်စွမ်းအား အကုန်လုံးမှာ စုပ်ယူခံလိုက်ရ၏။ ထို့နောက် သူတို့မှာ အရိုးခြောက်များအဖြစ် ပြောင်းလဲသွားကြပြီး မြေကြီးပေါ်သို့ အရှိန်အဟုန်ပြင်းစွာ ပြုတ်ကျလာကြတော့သည်။ ထိုအချိန်တွင် ဝမ်ပေါင်လဲ့မှာ တည်ကြည်မှုအပြည့်ရှိသော မျက်နှာအမူအရာဖြင့် နောက်သို့လှည့်လာပြီး တအံ့တဩဖြစ်နေသည့် ကျိုးချူတောက်အား စိုက်ကြည့်နေလိုက်တော့သည်။

” ငါက အပြင်ဘက်မှာသာ ငါ့ရဲ့ ပဉ္စမမြောက်လက်သီးချက်ကို မထုတ်လွှတ်ခဲ့ရပေမဲ့ စိတ်ထဲမှာတော့ ထုတ်လွှတ်ပြီးလို့ မင်းကိုတောင် အနိုင်ယူပြီးသွားပြီ “

” အဲတာမလို့… တည်နေရာပြောင်းရွှေ့ခြင်းလုပ်ငန်းစဉ်လည်း စတော့မှဆိုတော့…ဒီတိုက်ပွဲကြီးကို အခုပဲ အဆုံးသတ်လိုက်ရအောင် ” ဝမ်ပေါင်လဲ့ ထိုသို့ဆိုလိုက်သောအခါ ကျိုးချူတောက်မှာ ဘေးအန္တရာယ်ကြီးတစ်ခုနှင့် ကြုံရတော့မည့်အလား ရုတ်တရက်ဆိုသလို ခံစားလိုက်ရ၏။ ထို့ကြောင့် သူသည် အလျင်အမြန် လှုပ်ရှားကာ မန္တန်လက်ကွက်များ ဖော်လိုက်ပြီး ဆူးချွန်ဒိုင်းကာကြီးအား ထိန်းချုပ်၍ ဝမ်ပေါင်လဲ့‌ဆီသို့ ပစ်လွှတ်လိုက်သည်။ သို့သော်လည်း ဝမ်ပေါင်လဲ့မှာ ရုတ်တရက်ဆိုသလို သူ၏ ညာဘက်လက်အား မြှောက်လိုက်၏။

ထိုအခါ ဝမ်ပေါင်လဲ့၏ ညာဘက်လက်ပေါ်ရှိ အရေပြားများ၏ အောက်မှ အနီရောင် စွမ်းအင်စီးဆင်းမှုလမ်းကြောင်းတစ်ခု ထွက်ပေါ်လာပြီး သူ၏ ခန္ဓာကိုယ်အနှံ့အပြားသို့ ပျံ့နှံ့သွားတော့သည်။

ထိုမြင်ကွင်းကြီးမှာ အလွန်အင်မတန်မှ တုန်လှုပ်ချောက်ချားဖွယ်ရာ ကောင်းလှပေသည်။

၎င်းမှာ…. ကျူးသိုပညာရပ် နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်‌ဆာ ဖြစ်ပေသည်။

Comment

Leave a Reply

Options

not work with dark mode
Reset