ဝမ်ပေါင်လဲ့သည် လူအုပ်ကို တည်ငြိမ်အေးစက်သော မျက်ဝန်းများဖြင့် ကြည့်လိုက်၏။ သူသည် စိုးရိမ်ပူပန်မှုများကို ဘေးဖယ်ထားပြီး သူ၏ သေရေး၊ ရှင်ရေးကိုလည်း ဂရုမစိုက်တော့သဖြင့် မတုန်မလှုပ်ရှိနေလေသည်။
သူသည် သူ၏ရှေ့ရှိ ငါးဆက်မြောက် ကောင်းကင်မျိုးနွယ်မှ ကျင့်ကြံသူများကို ဂရုမစိုက်ပေ။ သူ့အနေဖြင့် ဓမ္မလက်နက်ကို မသုံးဘဲ အပြင်းအထန် ဒဏ်ရာရနေခဲ့လျှင်ပင် ထိုသူများကို သေရေး၊ ရှင်ရေးတိုက်ပွဲတွင် အလွယ်တကူ သတ်ပစ်နိုင်ပေသည်။ သူ၏ တစ်ခုတည်းသော စိုးရိမ်မှုမှာ အခြေတည်အဆင့် အစောပိုင်းရောက်ရှိနေသော ကျင့်ကြံသူသာ ဖြစ်သည်။
ထိုသူသည် အဆင်သင့်မဖြစ်သေးသဖြင့် ထွက်၍ မတိုက်လိုသေးခြင်း ဖြစ်ရပေမည်။ ထိုသူသည် ဝမ်ပေါင်လဲ့ ပင်ပန်းသွားစေရန်နှင့် ဝမ်ပေါင်လဲ့၏အစွမ်းကို စမ်းသပ်ရန် အာနာပါနအဆင့် ကျင့်ကြံသူများကို အသုံးပြုလိုက်ခြင်း ဖြစ်နိုင်ပေသည်။ ထိုသူသည် အနီးတွင် ပုန်းအောင်းနေပြီး သူတို့ကို ဂရုတစိုက်ကြည့်ရှုနေလောက်၏။
ထိုလူများ၏ ပြုမူပုံများအရ သူတို့သည် ဤနေရာ၌ မှော်လမ်းကြောင်းမြူခိုး ထွက်ပေါ်လာမည်ကို သိသည့်ပုံမပေါ်ပေ။ ဝမ်ပေါင်လဲ့ မျက်မှောင်ကြုတ်လိုက်ပြီး သူ၏အတွေးကို အတည်ပြုလိုက်၏။ ထိုသူများ မသိခြင်းသည်လည်း အံ့ဩဖွယ်မဟုတ်ပေ။ မှော်လမ်းကြောင်းမြူခိုးများကို အသုံးပြု၍ တည်နေရာရွှေ့ပြောင်းခြင်းကို လုပ်ရလောက်အောင် ရူးမိုက်သောသူသည် အနည်းငယ်သာရှိသည် မဟုတ်ပေလော။
ထိုကဲ့သို့ အခြေအနေတွင် အကောင်းဆုံးဗျူဟာသည် အချိန်ဆွဲခြင်းဖြစ်သည်။ ဝမ်ပေါင်လဲ့ စိတ်ဆုံးဖြတ်လိုက်၏။ သတ္တမအဆင့် ဓမ္မလက်နက်မှ တန်ပြန်သက်ရောက်မှုက ပြင်းထန်ပေသည်။ သူသည် ထိုတန်ပြန်ဒဏ်ရာများကို တောင့်ခံနေခြင်းဖြစ်ပြီး မဖြစ်မနေအခြေအနေမဟုတ်လျှင် ထိုဓမ္မလက်နက်ကို ဒုတိယအကြိမ်ထပ်၍ အသုံးပြုတော့မည်မဟုတ်ချေ။
အချိန်သည် နှေးကွေးစွာ ကုန်ဆုံးသွား၏။ အသက်ရှူချိန်သုံးဆယ် ကြာသွားသောအခါ လေထုအတွင်းရှိ ဖိအားသည် ပို၍ အားကောင်းလာလေသည်။ ငါးဆက်မြောက် ကောင်းကင်မျိုးနွယ်မှ ကျင့်ကြံသူများ စတင်လှုပ်ရှားလိုက်ကြ၏။
ဝမ်ပေါင်လဲ့သည် သူ၏လက်ထဲတွင် ဓမ္မလက်နက်ဓားကို ကိုင်ထား၍ သူရဲကောင်းနတ်ဘုရားတစ်ပါးနှင့် ဆင်တူသော ကိုယ်ရောင်ကိုယ်ဝါများကိုထုတ်လွှတ်ကာ မတုန်မလှုပ်ရပ်နေလေသည်။ အနက်ရောင် လေဆင်နှာမောင်းကြီးနှင့် ထိုအတွင်းမှ ထွက်ချည်၊ ပေါ်ချည်ဖြစ်နေသော မိကျောင်းကြီးတို့၏ ကျယ်လောင်သောအသံများက ဝမ်ပေါင်လဲ့၏ ကြောက်မက်ဖွယ်ကိုယ်ရောင်ကိုယ်ဝါကို ပို၍ အားကောင်းနေစေသည်။
သို့သော် သူ ထိုသို့ ကြာရှည်ဆက်၍ မရပ်နေနိုင်ပေ။ တဖြည်းဖြည်းဖြင့် သူ့ပတ်လည်ရှိ လူတစ်ဒါဇင်တို့၏ အသက်ရှူသံများ ဖျော့သွား၏။ သူတို့၏ မျက်ဝန်းများထဲတွင် သတ်ဖြတ်လိုသော အရိပ်အယောင်များ လက်သွားလေသည်။ ရဲရင့်သော တချို့လူများသည် ဝမ်ပေါင်လဲ့ဆီသို့ အော်ဟစ်၍ ပြေးဝင်လာ၏။
“ အားလုံး အတူတူတိုက်မယ်။ ဒီ ဝမ်ပေါင်လဲ့ဆိုတဲ့ကောင်က တစ်ယောက်တည်းကွ… ”
ထိုစကားသံ ထွက်ပေါ်လာပြီးနောက် လူသုံးယောက်သည် ရှေ့သို့ထွက်လိုက်ကြပြီး စက်ဝိုင်းအတွင်း၌ ရပ်လိုက်ကြသည်။ အခြားသူများ၏ မျက်ဝန်းများထဲတွင်လည်း သတ်ဖြတ်လိုသော အရိပ်အယောင်များ လက်သွားလေသည်။ သူတို့သည်လည်း စက်ဝိုင်းအတွင်းသို့ ဝင်လိုက်ပြီး သူတို့၏ နတ်ဘုရားရတနာများနှင့် မန္တန်များကို ထုတ်သုံးလိုက်လေသည်။ ရုတ်တရက် စက်ဝိုင်းထဲတွင် အရောင်အသွေးစုံလင်သောရတနာများ ထွက်လာပြီး ဝမ်ပေါင်လဲ့ကို တိုက်ခိုက်လိုက်ကြသည်။
စက်ဝိုင်းအတွင်းသို့ ပထမဆုံးသုံးဦး ဝင်လာကတည်းက ဝမ်ပေါင်လဲ့၏ မျက်ဝန်းများထဲတွင် ရက်စက်သော အရိပ်အယောင်များ ပေါ်လာပေပြီ။ သူသည် လျှပ်စီးကဲ့သို့ လျင်မြန်စွာဖြင့် ရှေ့သို့တက်သွားပြီး ထိုသူများအနီးသို့ ရုတ်တရက် ချဉ်းကပ်သွားလေသည်။ သူသည် ဓားဖြင့်မတိုက်ခိုက်လိုက်ဘဲ မကြာခင်က ရရှိခဲ့သော ဒဏ်ရာများကို လျစ်လျူရှုလိုက်ကာ ဘယ်ဘက်လက်သီးဆုပ်လိုက်ပြီး အားကုန်သုံး၍ ထိုးလိုက်သည်။
ရုတ်ခြည်းပင် ဆွေ့ရှင်းပေါင် ထွက်ပေါ်လာသည်။ အရာအားလုံးကို တစ်စစီလုပ်ပစ်နိုင်သည့် ဝဲကတော့ကြီး ပေါ်ထွက်လာပြီး ငါးဆက်မြောက် ကောင်းကင်မျိုးနွယ်မှ ကျင့်ကြံသူသုံးဦးကို တိုက်ရိုက်ထိသွားလေသည်။ ထိုသုံးဦးသည် ခုခံလိုက်သော်လည်း အချည်းနှီးသာ။ သူတို့၏ ပါးစပ်အတွင်းမှ သွေးများ အန်ထွက်လာပြီး သူတို့၏ခန္ဓာကိုယ်များ နောက်သို့လွင့်သွားလေသည်။ ဝမ်ပေါင်လဲ့သည် သူ၏ သိုလှောင်လက်ကောက်ကို ခါလိုက်ရာ ဓားပျံသုံးစင်းထွက်လာကာ ထိုသုံးဦး၏ နဖူးဆီသို့ ပျံသန်းသွားလေတော့သည်။
ကျယ်လောင်သော ထိခတ်သံများနှင့်အတူ အလောင်းသုံးလောင်းသည် စက်ဝိုင်းအတွင်းမှ ထွက်သွားလေသည်။ အရာအားလုံးသည် မျက်တောင်တစ်ခတ်စာအချိန်အတွင်း ဖြစ်ပျက်သွားခြင်းပင်။ တိုက်ခိုက်ရန် ဟန်ပြင်နေသော အခြားသူများသည်လည်း ဝမ်ပေါင်လဲ့က သူတို့ဘက်သို့လှည့်၍ ကိုယ်တွင်းမှ ရက်စက်သော အငွေ့အသက်များအား ထုတ်လွှတ်နေသည်ကို တွေ့လိုက်ရသောအခါ အထိတ်တလန့်ဖြစ်သွားပြီး တုံ့ဆိုင်းသွားကြ၏။ သူတို့သည် ရှေ့သို့ဆက်မတိုးဝံ့တော့သဖြင့် စက်ဝိုင်းအတွင်းမှ အလျင်အမြန်ပြန်ထွက်လိုက်ကြသည်။
“ စက်ဝိုင်းထဲကို ဝင်လာတဲ့သူမှန်သမျှ သေရမယ် ”
ဝမ်ပေါင်လဲ့သည် သူ၏ ပျို့တက်လာသော သွေးများကို အခြားသူများ မရိပ်မိစေရန် ဖြည်းဖြည်းချင်း ပြန်မျိုချလိုက်ပြီး အေးစက်စက်ပြောလိုက်လေသည်။ လေထုအတွင်းရှိ အားကောင်းသော သွေးနံ့များနှင့် သူ၏ကိုယ်တွင်းမှ ထွက်ပေါ်နေသော ရက်စက်ကြမ်းကြုတ်သည့် အငွေ့အသက်များကြောင့် သူ၏စကားသည် ယခင်ကပြောခဲ့သည်ထက် ပို၍ အကျိုးသက်ရောက်မှုရှိနေပေသည်။
သူ့ကိုဝန်းရံထားသော ကျင့်ကြံသူများသည် ဖိအားပြင်းသော ကြောက်မက်ဖွယ်အရှိန်အဝါကြောင့် နောက်သို့ ခြေလှမ်းအနည်းငယ် ထပ်ဆုတ်လိုက်ကြ၏။ သူတို့သည် ဝမ်ပေါင်လဲ့ကို ကြောက်ရွံ့စိတ်ဖြင့် ကြည့်လိုက်ကြသည်။ ထိုမျှကြောက်မက်ဖွယ်ကောင်း၍ ထူးခြားဆန်းပြားသောတိုက်ခိုက်ရေးစွမ်းရည်များရှိသည့် အာနာပါနအထွပ်အထိတ်အဆင့်ရှိသောသူမျိုးကို သူတို့တစ်သက်နှင့်တစ်ကိုယ် တစ်ခါမျှ မတွေ့ခဲ့ဖူးပေ။
သူတို့ထဲမှတစ်ယောက်သည် ဝမ်ပေါင်လဲ့၏လက်အတွင်းရှိ ဓားကိုသတိပြုမိလိုက်သော်လည်း သူ့တွင်ဆက်၍တွေးတောနေရန် အချိန်မရှိချေ။
ထိုလူအုပ် ပြန်ဆုတ်သွားသည်ကို ဝမ်ပေါင်လဲ့ မျက်မှောင်ကြုတ်၍ ကြည့်လိုက်၏။ ထိုအချိန်တွင် မည်သူမှ မမြင်နိုင်သော အနက်ရောင်လေဆင်နှာမောင်းကြီးအတွင်းပိုင်းတွင် မှော်လမ်းကြောင်းမြူခိုးများသည် တိတ်တဆိတ် စတင်စုစည်းဖြစ်ပေါ်နေပေပြီ။ သူ့အနောက်တွင် တည်နေရာရွှေ့ပြောင်းမှု ဖြစ်ပေါ်လာတော့မည်ကို ဝမ်ပေါင်လဲ့ အာရုံခံမိလိုက်၏။ သူသည် နောက်သို့ ခြေတစ်လှမ်းခြင်းစီ မသိမသာ ဆုတ်လိုက်ပြီး ဓားကို ပို၍တင်းကြပ်စွာ ဆုပ်ကိုင်လိုက်၏။
ထိုနေရာနှင့် မလှမ်းမကမ်းရှိ တောတွင်းတစ်နေရာတွင် ကျိုးဖေသည် သူ၏ရှေ့ရှိ တိုက်ပွဲကို မမှိတ်မသုန်ကြည့်နေလေသည်။ သူ၏ မျက်ခုံးမွှေးများ ဖြည်းဖြည်းချင်း တွန့်ကွေးသွား၏။ သူစေလွှတ်လိုက်သော အာနာပါနအဆင့် ကျင့်ကြံသူများ၏ အသုံးမကျမှုများကြောင့် သူ မကျေမနပ်ဖြစ်သွားလေသည်။
‘ သုံးစားမရတဲ့ ခွေးကောင်တွေ … ဒါနဲ့ ဘာလို့ ဝမ်ပေါင်လဲ့က ဒီနေရာမှာ ဆက်ပြီး ချောင်ပိတ်ခံနေတာလဲ ’
ကျိုးဖေ၏ မျက်ဝန်းအတွင်း၌ သံသယအရိပ်အယောင်များ ထွက်ပေါ်လာ၏။ သူဆက်အချိန်ဆွဲနေ၍ မရတော့ကြောင်း တွေးမိသွား၏။ သူနှာခေါင်းရှုံ့လိုက်သည်။ ထို့နောက် သူ၏ ညာလက်ကိုမြှောက်၍ မန္တန်တစ်ခု ထုတ်သုံးရန် ဟန်ပြင်လိုက်၏။ ထိုအခါမှ တစ်စုံတစ်ခု မူမမှန်ကြောင်း သူခံစားမိသွားလေသည်။ သူ ခပ်သွက်သွက် ခေါင်းလှည့်၍ ကြည့်လိုက်ရာ သူနှင့်မလှမ်းမကမ်းနေရာတွင် မြူခိုးတန်းတစ်ခု လျင်မြန်စွာစတင်စုစည်းနေသည်ကို တွေ့ရှိလိုက်လေသည်။
သူသည် မြူခိုးတန်းကို တွေ့လိုက်ရသဖြင့် ကြက်သေ,သေသွားပြီး သူ၏ မျက်နှာထားသည်လည်း ပြောင်းလဲသွားလေတော့သည်။
“ မှော်လမ်းကြောင်းမြူခိုး… သေစမ်း… ဒီနေရာမှာ မှော်လမ်းကြောင်းမြူခိုး ထွက်ပေါ်လာမှာကို အဲ့ကောင်က သိနေတာပဲ။ သူက ထွက်ပြေးဖို့ ကြိုးစားနေတာပဲ။ အသုံးမကျတဲ့ ငတုံးတွေ အဲ့ကောင်ကို မြန်မြန်တားကြစမ်း ”
ကျိုးဖေသည် ဆက်၍ ပုန်းအောင်းမနေနိုင်တော့ဘဲ အော်ဟစ်လိုက်လေတော့သည်။ သူသည် စိတ်လှုပ်တရှားဖြင့် နောက်သို့ တစ်လှမ်းချင်းဆုတ်နေသော ဝမ်ပေါင်လဲ့ထံသို့ အလျင်အမြန်ပြေးသွား၏။
ကျိုးဖေ၏ ဒေါသတကြီးအော်သံကို ကြားလိုက်ရသောအခါ ငါးဆက်မြောက် ကောင်းကင်မျိုးနွယ်မှ ကျင့်ကြံသူများသည် အံကြိတ်၍ စက်ဝိုင်းအတွင်းသို့ဝင်၍ ဝမ်ပေါင်လဲ့ကို တားဆီးရန် ကြိုးစားလိုက်ကြသည်။
သို့သော် သူတို့ စက်ဝိုင်းအတွင်းသို့ ရောက်သွားချိန်တွင် သူတို့အားလုံး ရုတ်ခြည်းမျက်လုံးပြူးသွားကြလေသည်။ သူတို့ တုန်လှုပ်လာကြ၏။ သူတို့၏မျက်နှာထားသည်လည်း ထူးဆန်းလာသည်။ မကြာခင် သူတို့သည် သူတို့ကိုယ်သူတို့ မထိန်းချုပ်နိုင်တော့ဘဲ စတင်ကုတ်လိုက်ကြလေတော့သည်။
သူတို့ နားမလည်နိုင်အောင် ဖြစ်နေရ၏။ သူတို့သည် အစောပိုင်းကပင် အကောင်းအတိုင်းရှိနေပေသေးသည်။ သို့သော် ရုတ်တရက် သူတို့တစ်ကိုယ်လုံး ယားယံလာခဲ့သည်။ ထိုယားယံမှုကို ဖော်ပြ၍ပင် မရနိုင်ပေ။ ထိုယားယံမှုသည် တောင့်ခံ၍မရနိုင်သော ယားယံမှုဖြစ်ပြီး အဆက်မပြတ်ကုတ်နေရလေတော့သည်။
သူတို့ ကုတ်နေစဉ်တွင် ဝမ်ပေါင်လဲ့သည် ရုတ်တရက် သူ၏ဘယ်လက်ကို မြှောက်လိုက်၏။ သူ၏လက်ချောင်းများမှ လျှပ်စီးကွေးတစ်ခုထွက်ပေါ်လာပြီး နေရာအနှံ့သို့ ပျံထွက်သွားလေသည်။ လျှပ်စီးကွေးသည် ကျင့်ကြံသူများအပေါ်တွင် ပေါက်ကွဲသွားပြီး လျှပ်စီးများမှနေ၍ ဓားတစ်ချောင်းအဖြစ် ဖွဲ့စည်းသွားလေသည်။
ရုတ်တရက် ထိုလျှပ်စီးဓားသည် လူနှစ်ဦး၏ နဖူးကို ထွင်းဖောက်သွား၏။ ငါးဆက်မြောက် ကောင်းကင်မျိုးနွယ်မှ ကျန်ကျင့်ကြံသူများသည် ကြောက်ရွံ့တုန်လှုပ်သွားကြ၏။ ထိုအခိုက်တွင် ကျိုးဖေရောက်ရှိလာပြီး စက်ဝိုင်းအတွင်းသို့ ပြေးဝင်သွားလေသည်။ သူသည် ငါးဆက်မြောက် ကောင်းကင်မျိုးနွယ်မှ ကျင့်ကြံသူများ၏ အနောက်သို့ ရောက်သွားပြီး ချက်ချင်းတိုက်ခိုက်လိုက်၏။ သူသည် ထိုကျင့်ကြံသူများအားလုံးကို တစ်ချက်စီကန်လိုက်ရာ သူတို့၏ ပါးစပ်များအတွင်းမှ သွေးများအန်သွား၏။ ကျင့်ကြံသူများသည် နောက်သို့ ဆက်ဆုတ်၍ မရတော့ပေ။ ကျိုးဖေသည် သူတို့ကို လက်နက်အဖြစ်အသုံးပြု၍ ကန်ကျောက်ကာ ဝမ်ပေါင်လဲ့ဆီသို့ လွင့်သွားအောင်လုပ်လိုက်လေသည်။
သူကလည်း နောက်မှလိုက်လာပြီး ဝမ်ပေါင်လဲ့ထံ တိုက်ရိုက်ဦးတည်သွားလိုက်၏။ သူ၏ မျက်ဝန်းများထဲတွင် သတ်ဖြတ်လိုသည့်အရိပ်အယောင်များ၊ အလိုလောဘများနှင့် ပြည့်နှက်နေပေသည်။
“ သေစမ်း ”
သူသည် လက်ဟန်များဖော်၍ အော်လိုက်သည်။ သူ့ဘေးတစ်ဖက်စီတွင် အနက်ရောင်အခိုးအငွေ့များပေါ်လာပြီး ကြီးမားသော အနက်ရောင်လက်ကြီးနှစ်ဖက်အဖြစ် ပြောင်းသွားကာ ဝမ်ပေါင်လဲ့ကို ဆုတ်ကိုင်လိုက်၏။
ကျိုးဖေတစ်ယောက် အကြင်နာကင်းမဲ့စွာဖြင့် သူ၏မျိုးနွယ်မှလူများကို လူသားလက်နက်အဖြစ်သုံးကာ သူ ထွက်ပြေးမသွားစေရန် တားဆီးလိုက်သည်ကို ဝမ်ပေါင်လဲ့မြင်လိုက်ရသောအခါ သူ၏မျက်လုံးများထဲတွင် အေးစက်စက်အလင်းတစ်ခု လက်သွားလေသည်။ သူသည် ဘယ်လက်ကိုမြှောက်၍ မြေပြင်ကို ရုတ်တရိုက် ရိုက်ချလိုက်ရာ လျှပ်စစ်သံလိုက်လှိုင်းတစ်ခု ထွက်ပေါ်လာ၏။ မြေပြင်ပေါ်မှနေ၍ လျှပ်စီးတန်းများ ရုတ်တရက် ပေါက်ကွဲထွက်ပေါ်လာပြီး ထိုနေရာတစ်ခုလုံးသည် လျှပ်စီးစက်ဝန်းတစ်ခုအဖြစ် ပြောင်းလဲသွားလေသည်။
သူ၏ တိုက်ကွက်မဆုံးသေးပေ။ မြေပြင်မှထွက်ပေါ်လာသော လျှပ်စီးတန်းများသည် လေထဲတွင် အတူတကွပေါင်းစည်းသွားပြီး လျှပ်စီးဖြင့် ပြုလုပ်ထားသော ဓားများအဖြစ် ပြောင်းလဲသွား၏။ ထိုဓားများသည် ဝမ်ပေါင်လဲ့အရှေ့တွင် တစ်ချောင်းနှင့်တစ်ချောင်း ကန့်လန့်ဖြတ်သွားကြရာ လျှပ်စီးဓားကွန်ရက်ကြီးတစ်ခု ဖြစ်ပေါ်လာလေသည်။ မိုးချုန်းသံကဲ့သို့ ကျယ်လောင်သောအသံကြီးတစ်ခုသည်လည်း ကောင်းကင်ထက်သို့ ထိုးတက်သွား၏။ အကန်ခံလိုက်ရသဖြင့် သူ့ထံသို့ လွင့်လာသော ငါးဆက်မြောက် ကောင်းကင်မျိုးနွယ်မှ ကျင့်ကြံသူများသည်လည်း ရပ်တန့်သွားလေသည်။
ဝမ်ပေါင်လဲ့ အလျင်အမြန်ဆုတ်လိုက်၏။ သူ၏ခြေထောက်တစ်ဖက်သည် သူ့အနောက်ရှိ မှော်လမ်းကြောင်းမြူခိုးအတွင်းသို့ ရောက်ရှိနေပြီဖြစ်သည်။ သူသည် တည်နေရာရွှေ့ပြောင်းခံရလုဆဲဆဲ ဖြစ်နေ၏။ သို့သော် ကျိုးဖေသည် သူ၏ဆုလာဘ်ကို အလွတ်မပေးနိုင်ချေ။
သူ၏ စိတ်ထဲတွင် မကျေနပ်မှုများ၊ နောင်တများနှင့် ပြည့်နှက်နေလေသည်။ သူ့ကိုယ်သူ အလွန်သတိထားနေသည့်အတွက် မကျေမနပ်ဖြစ်နေ၏။ ဝမ်ပေါင်လဲ့ ပင်ပန်းသွားစေရန် အခြားသူများကို တာဝန်မပေးခဲ့သင့်ပေ။ သူ ဒဏ်ရာရသွားနိုင်ချေရှိသော်လည်း စွန့်စား၍ ဝမ်ပေါင်လဲ့ကို ကိုယ်တိုင်သတ်ခဲ့သင့်ပေသည်။
ဝမ်ပေါင်လဲ့အနောက်ရှိ အနက်ရောင်လေဆင်နှာမောင်းကြီးအတွင်းတွင် ပုန်းကွယ်နေသော မြူခိုးများကို တွေ့လိုက်သောအခါ သူ ဒေါသတကြီး အော်ဟစ်လိုက်၏။ သူသည် ဘယ်ဘက်လက်ကို မြှောက်၍ သူ့နဖူးသူ အပြင်းအထန်ရိုက်လိုက်ရာ သူ့အနောက်တွင် သူ၏ကိုယ်ပွားသုံးယောက် ချက်ချင်းထွက်ပေါ်လာလေသည်။ ထိုကိုယ်ပွားများသည် ချက်ချင်းပင် ပြိုကွဲကာ အနက်ရောင်ချီတစ်ခုအဖြစ် ပြန်ပေါင်းစည်းသွားပြီး သူ၏ကိုယ်တွင်းသို့ ဝင်ရောက်သွား၏။ သူ၏တစ်ကိုယ်လုံးတွင် အနက်ရောင်အမှတ်များ ပေါ်လာလေသည်။
ထိုမှော်အစွမ်းသည် သူ၏ စွမ်းရည်များကို ယာယီတိုးတက်သွားစေ၏။ ကျိုးဖေတစ်ယောက် ရှေ့သို့ ဒေါသတကြီးပြေးသွားလိုက်သည်။ သူ၏ အမြန်နှုန်းသည် နှစ်ဆဖြစ်သွားပေပြီ။ ကျယ်လောင်သော ပေါက်ကွဲသံကြီးတစ်ခုနှင့်အတူ ကျိုးဖေသည် လျှပ်စီးဓားကွန်ရက်ကို ဖောက်ထွင်းကာ ဝမ်ပေါင်လဲ့၏ အရှေ့တွင် ပေါ်လာလေတော့သည်။ သူ၏ မျက်ဝန်းများထဲတွင် ရူးသွပ်သော အရိပ်အယောင်များရှိနေ၏။ သူသည် လက်ကိုမြှောက်ကာ ဝမ်ပေါင်လဲ့ကို ဒေါသတကြီး လှမ်းဆွဲလိုက်သည်။
ဝမ်ပေါင်လဲ့သည် ထိုအတွက် ပြင်ဆင်ထားပြီးဖြစ်သည်။ သူသည် မြူခိုးများအတွင်း ကိုယ်တစ်ခြမ်းရောက်နေသော်လည်း သတိလက်လွတ်မဖြစ်သွားခဲ့ပေ။ ကျိုးဖေ သူ့အနားသို့ ချဉ်းကပ်လာစဉ်တွင် သူသည် အံကြိတ်၍ ကိုယ်တိုင်ဒဏ်ပြန်ခံရမည့်အန္တရာယ်ရှိသော်လည်း ဒုတိယအကြိမ်အဖြစ် သူ၏ညာလက်ကိုမြှောက်၍ ကျိုးဖေကို ချိန်လိုက်သည်။ ထို့နောက် ကျယ်လောင်စွာအော်ဟစ်ကာ သတ္တမအဆင့် ဓမ္မလက်နက်၏ အစွမ်းများကို ရှေ့သို့ တွန်းထုတ်လိုက်သည်။
သူတို့ပတ်လည်ရှိ လေဆင်နှာမောင်းကြီးသည် ရုတ်ခြည်းပေါက်ကွဲသွား၏။ လေဆင်နှာမောင်းအတွင်းရှိ အနက်ရောင်မိကျောင်းကြီးသည် ၎င်း၏အမြီးဖြင့် ရိုက်ချလိုက်သည်။ ဝမ်ပေါင်လဲ့ လက်ထဲရှိ ဓားအတွင်းမှ ဝိညာဉ်စွမ်းအင်အကုန်လုံးသည် ကျိုးဖေကို တိုက်ရိုက်ထိမှန်သွားလေသည်။
လေထုအတွင်း၌ မိုးချုန်းသံကဲ့သို့ ကျယ်လောင်သောအသံကြီးတစ်သံ ပဲ့တင်ထပ်သွား၏။ စိတ်ကူးကြည့်ရန်ပင် မဖြစ်နိုင်အောင် ပြင်းထန်သော ပေါက်ကွဲမှုကြီးတစ်ခုဖြစ်သွားကာ ပေါက်ကွဲမှုအဟုန်များသည် အရပ်မျက်နှာအနှံ့ ကန်ထွက်သွားပြီး အချင်းကိုက်တစ်ရာအတွင်းရှိ အပင်များအားလုံးကို ဖျက်ဆီးပစ်လိုက်လေသည်။ ငါးဆက်မြောက် ကောင်းကင်မျိုးနွယ်မှ ကျင့်ကြံသူများ၏ အမြင်များ မှောင်မိုက်သွားကြ၏။ သူတို့၏ ခန္ဓာကိုယ်များသည် ပေါက်ကွဲမှုအဟုန်ကြောင့် တမဟုတ်ခြင်း တစ်စစီဖြစ်သွားလေသည်။
ကျိုးဖေသည်လည်း သွေးအန်သွား၏။ သူသည် ဒယိမ်းဒယိုင်ဖြင့် နောက်သို့ ကိုက်တစ်ရာကျော်ဆုတ်လိုက်ကာ သူ၏ညာဘက်ခြေထောက်ကို အားပြု၍ မြဲမြဲရပ်လိုက်သည်။ သူ သွေးထပ်မံအန်လိုက်သည်။ သူ၏ ဆံပင်သည် ပခုံးတစ်ဝိုက်တွင် ဖရိုဖရဲဖြစ်နေ၏။ သူ မျက်နှာမော့လိုက်သည်။ သူ၏မျက်နှာတွင် သွေးရောင်မရှိတော့ချေ။ မကြာခင်က ဝမ်ပေါင်လဲ့ရပ်နေခဲ့သောနေရာတွင်လည်း မည်သူမှမရှိတော့ပေ။
ထိုနေရာတွင် အလျင်အမြန် ပြန့်ကားနေသော မြူခိုးများသာရှိနေပြီး ထိုမြူခိုးများသည် ကျိုးဖေကိုလွှမ်းခြုံသွားလေသည်။ ကျိုးဖေတစ်ယောက် ဒေါသတကြီးအော်ဟစ်လိုက်၏။ ထိုမြူခိုးများသည် တောအုပ်ထဲတွင် အချိန်တစ်ခုကြာအောင် ဆက်လက်ရှိနေခဲ့လေသည်။