Switch Mode

အခန်း ( ၄၄၃ )

ခရီးထွက်ခြင်း

” ငါ့မှာ လုံးဝရွေးချယ်ခွင့် မရှိလို့ပါ။ ” သူမက ခေါင်းကို ခါယမ်းကာ ခါးသက်သက်ပြောလိုက်သည်။

သူမ၏ အပြုံးထဲတွင် အထင်းသားပေါ်နေသည့် နာကျင်မှုများကြောင့် ပိုင်ရှောင်ချန်း၏ နှလုံးသားမှာ အနည်းငယ် ပျော့ပျောင်းသွားရတော့သည်။ သူ၏လေသံကို တိုးရင်း ထပ်မေးလိုက်သည်။
” မင်းရဲ့ သရုပ်မှန်က ဘယ်သူလဲ။ မင်းက ဘယ်ကလာတာလဲ။ ”

အချိန်အနည်းငယ်မျှ တိတ်ဆိတ်သွားပြီးနောက် သူမက အသက်ပြင်းပြင်းရှူကာ ဖြေလိုက်သည်။
” ငါက ကောင်းကင်တံတားပင်လယ်ကနေ လာတာ။ အဲ့လောက်ပဲ ငါပြောပြနိုင်မယ်။ အဲ့အကြောင်း ထပ်မမေးပါနဲ့တော့။ ”

ပိုင်ရှောင်ချန်းကမူ အံ့အားသင့်သွားပြီး တိတ်ဆိတ်နေတော့သည်။

အပြင်ဘက်တွင် နေဝင်နေပြီဖြစ်၍ လောကတစ်ခွင်လုံး မှောင်ရီပျိုးလာပြီ ဖြစ်သည်။ အင်မော်တယ်ဂူထဲတွင် တိတ်ဆိတ်နေပြီး အသက်ရှူသံများကိုသာ အတိုင်းသား ကြားနေရသည်။

အဆုံးတွင် အင်မော်တယ်ဂူကြီးမှာ မှောင်မည်းလာသဖြင့် ပိုင်ရှောင်ချန်းက နောက်ထပ်မေးခွန်းတစ်ခု ထပ်မေးရန် ဆုံးဖြတ်လိုက်သည်။ သူ၏နှလုံးသားထဲတွင် ကိန်းအောင်းနေတာကြာပြီဖြစ်သည့် သူအဖြေအလွန်သိချင်နေသော မေးခွန်းပင်ဖြစ်သည်။

” လောချိန်တောင်တန်းမှာတုံးက မင်းကျခဲ့တဲ့ မျက်ရည်တွေက အစစ်လား။ ဒါမှမဟုတ် ဟန်ဆောင်မျက်ရည်တွေလား။ ”

သူမက သူ၏မေးခွန်းကို တည့်တိုးမဖြေချေ။ သူမ၏ ညာလက်ကို ဆန့်ထုတ်လိုက်သောအခါ လက်ထဲတွင် ခရမ်းရောင် မီးစတစ်စ ပေါ်ထွက်လာသည်။ ထိုမီးစလေးက လောင်ကျွမ်းနေကာ ကြောက်မက်ဖွယ်စွမ်းအားများကို ထုတ်လွှတ်နေပြီး ထိုစွမ်းအားမှာ ပိုင်ရှောင်ချန်းပိုင်ဆိုင်ထားသည့် နတ်အဆင့်ရှိသော သစ်ရွက်ကလေး၏ စွမ်းအင်ထက်ပင် သာလွန်နေသည်။ ထိုမီးစလေးကြောင့် နတ်အဆင့်ကျင့်ကြံသူတစ်ယောက်မှာ သူတို့နှင့်အတူ မတ်တတ်ရပ်နေသည့်အလား ခံစားနေရသည်။ ထို့အပြင် ထိုတောက်လောင်နေသည့် ခရမ်းရောင် မီးတောက်များထဲတွင်… ဝိညာဥ်တစ်ခုရှိသည်။

သူ့ကိုမော့ကြည့်လိုက်ပြီး သူမက တစ်ကိုယ်ထဲရေရွတ်နေသည့်အလား အသံတိုးတိုးဖြင့် ပြန်မေးလိုက်သည်။
” ဒီ နတ်အဆင့်ဝိညာဥ်ကိုရော နင် အစစ်လို့ထင်လား။ အတုလို့ထင်လား။ ”

ထိုသို့ နတ်အဆင့်ဝိညာဥ်တစ်ခုကို ကိုင်ထားသည့် တုလင်ဖေးအား မြင်လိုက်ရသောအခါ ပိုင်ရှောင်ချန်းမှာ ရိုးတွင်းချင်ဆီသို့တိုင် တုန်လှုပ်သွားရတော့သည်။ သူ့ဆီတွင်လည်း ခေါင်းဆောင်ကြီး ဟန်ဇောင်က ပေးအပ်ထားသည့် သစ်သားအမျိုးအစား နတ်အဆင့်ဝိညာဥ်တစ်ခု ရှိသည်။ နတ်အဆင့် ဝိညာဥ်များမှာ မည်မျှရှားပါးကြောင်းကို သူစသိခဲ့စဥ်က သူ အလွန်တရာ တုန်လှုပ်ခဲ့ရပါသော်လည်း ထိုစဥ်က သူသည် ထိုရှားပါးမှုကို ခပ်ရေးရေးမျှသာ သိသေးသည်။

ယခု ရှင်းကုံကျစ်တာအိုဂိုဏ်းက များစွာသော ဂိုဏ်းသားများအား ဝိညာဥ်အမဲလိုက်ခရီးသို့ စေလွှတ်ခါနီးရောက်မှသာ နတ်အဆင့်ဝိညာဥ်များ၏ ရှားပါးမှုကို သူကသေချာနားလည် သိမြင်လာသည်။

ကောင်းကင်တာအို ယင်ယန် ဝိညာဥ်အဆင့်ကို ရောက်ရှိလိုသော မည်သူမဆို အမျိုးအစားမတူညီသည့် နတ်အဆင့်ဝိညာဥ်ငါးမျိုးကို လိုအပ်မည်ဖြစ်သည်။ နတ်အဆင့်သားရဲဝိညာဥ်များကိုမူ…. နတ်အဆင့်ဝိညာဥ်တစ်ခုရှိပါက ထိုသားရဲဝိညာဥ်ငါးခုပါသော တစ်စုံဖြင့် လဲလှယ်နိုင်သည်။

ထိုတစ်ချက်ထဲကို ကြည့်ပါက နတ်အဆင့်ဝိညာဥ်များမှာ မည်မျှရှားပါးကြောင်းကို သိနိုင်ပေသည်။

ပိုင်ရှောင်ချန်းက သူမ၏ မေးခွန်းကိုပြန်မဖြေနိုင်ခင်မှာပင် တုလင်ဖေးက ထို မီးအမျိုးအစား နတ်အဆင့်ဝိညာဥ်ကို ပိုင်ရှောင်ချန်းထံသို့ ပျံဝဲသွားစေလိုက်သည်။ ထို့နောက် သူမ၏ ခန္ဓာကိုယ်မှာလည်း တဖြည်းဖြည်း ပျောက်ကွယ်စ ပြုသွားတော့သည်။

ထိုပျောက်ကွယ်သွားသည့် တစ်ချိန်လုံး သူမသည် နူးညံ့သိမ်မွေ့သောအကြည့်များဖြင့် ပိုင်ရှောင်ချန်းကို စိုက်ကြည့်နေပြီး သူမ၏မျက်ဝန်းများမှာ နောင်တများ၊ ချစ်ရိပ်လွှမ်းနေသော ခံစားချက်များဖြင့် ပြည့်နှက်နေတော့သည်။

” မြေရိုင်းဒေသက အင်မတန် အန္တရာယ်များတဲ့နေရာ။ နင်….. အန္တရာယ်များတဲ့ အရာတွေ မလုပ်မိစေနဲ့။ ဒီကိုပြန်ရောက်ရင် အဲ့ နတ်အဆင့်ဝိညာဥ်ကို နတ်အဆင့်သားရဲဝိညာဥ်တွေ တစ်စုံနဲ့လဲလှယ်လိုက်။ အဲ့အချိန်ရောက်ရင်….. ငါ အကုန်ရှင်းပြပါ့မယ်။ ”
ထိုသို့ဆိုကာ သူမက လုံးဝ ပျောက်ကွယ်သွားတော့သည်။

ပိုင်ရှောင်ချန်းမှာ တချိန်လုံး ငူငူကြီးရပ်နေပြီး စကားမပြောပေ။ သူမ ပျောက်ကွယ်သွားပြီးနောက် သူက ခေတ္တမျှ မျက်လုံးမှိတ်လိုက်ပြီး လက်ကိုဆန့်ထုတ်ကာ မီးအမျိုးအစား နတ်အဆင့်ဝိညာဥ်ကို လှမ်းယူလိုက်သည်။ ထို့နောက် သူက တင်ပျဥ်ခွေထိုင်ကာ သူကိုယ်တိုင်ပင် သေချာမသိသော အရာများကို စဥ်းစားနေတော့သည်။

အချိန်များမှာ တရွေ့ရွေ့ ကုန်ဆုံးသွားသည်။ လတစ်ဝက်ကြာပြီးနောက် နတ်မီးလျှံစမ်းသပ်ပွဲ၏ သတ်မှတ်ထားသောနေ့ရက်မှာ ပို၍နီးကပ်လာသည်။ အဆုံးတွင် ပိုင်ရှောင်ချန်းသည် ရွေးချယ်စရာမရှိတော့၍ သူ့ကိုယ်သူအားတင်းကာ ပြင်ဆင်မှုများကို စတင်လိုက်တော့သည်။ သူသည် ထိပ်ဆုံးအနေအထားသို့ ရောက်ရှိစေရန် ဆေးလုံးများကိုဖော်စပ်ခြင်း၊ စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်းများပြုလုပ်ခြင်းနှင့် အခြားသောအရာများဖြင့် အလုပ်ရှုပ်နေတော့သည်။

နတ်မီးလျှံစမ်းသပ်ပွဲ မစခင် တစ်ရက်အလိုတွင် သူက အင်မော်တယ်ဂူထဲမှထွက်လာကာ ဖက်တီးကျန်းကြီးကို နှုတ်ဆက်ရန် မိစ္ဆာနှိမ်နင်းရေးခန်းမသို့သွားလိုက်သည်။ ဖက်တီးကျန်းကြီးမှာ သတိပြန်မလည်လာသေးသော်လည်း အတော်အတန် အားအင်ပြန်ပြည့်လာပြီဖြစ်သည်။ သူ၏ အငွေ့အသက်မှာ တည်ငြိမ်နေပြီး သူ၏ ကျင့်ကြံခြင်းအခြေခံမှာလည်း အားပိုကောင်းလာတော့သည်။ နှစ်လသုံးလ အတွင်း သူသည် အမြုတေအဆင့်သို့ အောင်မြင်စွာ ရောက်ရှိသွားနိုင်မည် ဖြစ်သည်။

သူသည် ယခင်ကထက်ပင် ပို၍ ထွက်မသွားလိုသော စိတ်များဖြင့် ဖက်တီးကျန်းကြီး၏ ရှေ့တွင် ထိုင်ချလိုက်သည်။
” အစ်ကိုအကြီးဆုံးရေ… ကျနော်တို့ပြန်တွေ့ရမယ့် အချိန်က ဆယ်နှစ်ကြာမှဗျ။ ကျနော် မသွားပဲနေလို့ရရင် သိပ်ကောင်းမှာပဲဗျာ။ ”

သူက နှလုံးသားထဲမှ လာသော စကားများကို နေဝင်သည်အထိ ပြောနေတော့သည်။ ဖက်တီးကျန်းကြီး၏ အမြုတေအဆင့်ကို သူကနှောင့်ယှက်နေသကဲ့သို့ ဖြစ်နေမည်စိုးသဖြင့် ဘုံကျောင်းထဲမှထွက်ကာ ဖုန်းယွမ်ဒဲ့ကို သွားတွေ့လိုက်သည်။ တရိုတသေ လက်ယှက်ကာ အရိုအသေပေးပြီးနောက် ဖုန်းယွမ်ဒဲ့ကို သူ့အားပေးအပ်ခဲ့သည့် အကူအညီများအတွက် သူက ကျေးဇူးတင်ကြောင်း ပြောလိုက်တော့သည်။

” နှလုံးသားကို အမြဲတမ်း တည်ငြိမ်အေးချမ်းအောင်ထား။ အဲ့တာ မင်းလုပ်နိုင်တဲ့ အကောင်းဆုံးအရာပဲ။ ” ဖုန်းယွမ်ဒဲ့ ဆိုသည်။
” မင်းငါ့ကို ကျေးဇူးပြန်ဆပ်ချင်တယ်ဆိုရင် ယင်ယန်ဝိညာဥ်အဆင့်ကျင့်ကြံသူ တစ်ယောက်အဖြစ်နဲ့သာ ပြန်လာပေးရင်ရပြီ။ မင်းရဲ့ အစ်ကိုအကြီးဆုံးကို ငါစောင့်ရှောက်ထားပေးဖို့ အာမခံပါတယ်။ ”

ပိုင်ရှောင်ချန်းက ထပ်၍ လက်ယှက်ကာ ဦးညွှတ်လိုက်ပြီး ကျေးဇူးတင်စကားများ ထပ်ဆိုလိုက်သည်။ ရွှီပေါက်ချိုင်က သူနှင့် လိုက်ရမည် မဟုတ်သဖြင့် သူက ရွှီပေါက်ချိုင်ဆီသို့ သွားလည်ကာ လိုအပ်သည်များကို မှာကြားခဲ့တော့သည်။ အဆုံးတွင် သူက အံကြိတ်ကာ အင်မော်တယ်ဂူသို့ ပြန်သွားပြီး တစ်ညလုံး တရားမှတ်နေတော့သည်။

ထိုညတွင် မည်သည်မှ မဖြစ်ပဲ မနက်ရောက်သော် နေမင်းကြီးမှာ တိမ်ကင်းစင်နေသည့် ကောင်းကင်ယံကြီးထဲသို့ မြင့်တက်လာတော့သည်။ နတ်မီးလျှံစမ်းသပ်ပွဲ စတင်မည့် နေ့ရက်သို့ နောက်ဆုံးတွင် ရောက်ရှိလာပြီ ဖြစ်သည်။

ဗုံများ၏ တဒုန်းဒုန်း မြည်သံများမှာ မိုးခြိမ်းသံများအလား တစ်ဂိုဏ်းလုံးသို့ ပျံ့နှံ့နေတော့သည်။ ထိုအသံများကြောင့် ကျင့်ကြံသူအားလုံးမှာ စိတ်လှုပ်ရှားမှုများ၊ မျှော်လင့်ချက်များအပြည့်ဖြင့် ပေါ်ထွက်လာကြတော့သည်။

ပိုင်ရှောင်ချန်းက သူ၏အိတ်များကို ထုပ်ပိုးပြီးဖြစ်၍ အင်မော်တယ်ဂူအပြင်သို့ ဝမ်းနည်းနေသည့်ပုံစံဖြင့် ထွက်ကာ တုန်တုန်ရီရီနှင့် မတ်တတ်ရပ်နေတော့သည်။

တချိန်ထဲမှာပင် အောက်ဘက်ရှိ ပင်လယ်ထဲမှ ဧရာမ ထစ်ချုန်းသံကြီးတစ်သံ လွင့်ပျံထွက်လာတော့သည်။ ထိုအသံကြီးမှာ ဘီလူးကြီးတစ်ကောင်၏ ဟိန်းဟောက်သံနှင့်ပင် ဆင်တူနေတော့သည်။ ထို့နောက် ဧရာမ ရှေးဟောင်း စစ်သင်္ဘောကြီးက စွမ်းအားများဖြင့် ပြည့်နှက်လာသဖြင့် ပင်လယ်မျက်နှာပြင်ပေါ်တွင် ဧရာမ လှိုင်းလုံးကြီးများ ရိုက်ခတ်နေတော့သည်။

စစ်သင်္ဘောကြီးက စွမ်းအားများ မြင့်တက်လာသောအခါ ထိုအတွင်းရှိ လျှို့ဝှက်ဆန်းကျယ်သည့် သရဲကဲ့သို့ သတ္တဝါများမှာ အလန့်တကြား အော်ဟစ်ကာ ထိတ်ထိတ်ပျာပျာဖြင့် ထွက်ပြေးသွားကြတော့သည်။ စစ်သင်္ဘောကြီး၏ စိတ်ဆန္ဒပင်လျှင် နိုးထနေသဖြင့် ၎င်း၏စွမ်းအင်များမှာ ရှင်းကုံကျစ်တာအိုဂိုဏ်းအား ဖွဲ့စည်းထားသည့် သက်တန့်များကိုပင် တုန်ခါစေနိုင်လောက်အောင် မြင့်တက်သွားတော့သည်။

ပိုင်ရှောင်ချန်းမှာ အသက်ပြင်းပြင်းရှူလိုက်ပြီး ဧရာမစစ်သင်္ဘောကြီးကို လှမ်းကြည့်လိုက်သည်။ ၎င်းမှာ မီတာသုံးသိန်းခန့် ရှည်လျားပြီး နက်မှောင်နေကာ စုတ်ပြတ်သပ်နေသည်။ ၎င်းသည် မယုံကြည်နိုင်လောက်အောင် ရှေးကျလွန်းနေပြီး မည်သူမှ မချဥ်းကပ်နိုင်လောက်အောင် ရက်စက်ကြမ်းကြုတ်သည့် သင်္ဘောကြီးတစ်စင်းနှင့် တူနေတော့သည်။ ပုတ်ပွနေသည့် ဧရာမသားရဲကြီးတစ်ကောင်၏ ရုပ်အလောင်းကို ၎င်း၏ လှေဦးပိုင်းတွင် ချည်နှောင်ထားသည်။ ထိုရုပ်အလောင်းကြီးမှာ ပုံပျက်လွန်းနေသဖြင့် မည်သည့်သားရဲဖြစ်ကြောင်းကို ခွဲခြားရန် မဖြစ်နိုင်ပေ။ သို့သော်လည်း ၎င်းမှာ လူပုံစံရှိပြီး မီတာသုံးသောင်းကျော်အထိ အမြင့်ရှိခဲ့ဖူးသည်မှာ အသေအချာပင်။

စစ်သင်္ဘောကြီး၏ မျက်နှာပြင်ကို မရေမတွက်နိုင်သော ဆူးချွန်များဖြင့် အုပ်မိုးထားပြီး ထိုဆူးချွန်များမှာ အနက်ရောင်အလင်းရောင်များ တလက်လက် တောက်ပနေကြသည်။ ထိုဆူးချွန်များထံမှ စွမ်းအားကြီး မှော်သိုင်းများကို ထုတ်လွှတ်လိုက်ပါက ကောင်းကင်နှင့် ကမ္ဘာမြေကြီးပင် တုန်လှုပ်သွားနိုင်သည်ကို ခန့်မှန်းကြည့်လျှင် သိနိုင်ပေသည်။

သင်္ဘောပေါ်တွင် ကုန်းပတ်၅ခု ပါဝင်ပြီး အချို့သောနေရာများကို မှော်အချုပ်အနှောင်များသုံးကာ ပိတ်လှောင်ထားသည်။

ပိုင်ရှောင်ချန်းမှာ ထိုစစ်သင်္ဘောကြီးကို လေ့လာနေစဥ် ၎င်းမှာ စတင်လှုပ်ရှားသွားပြီး ပြင်းထန်သော စွမ်းအားများကို ထုတ်လွှတ်လိုက်သဖြင့် ကောင်းကင်တံတားပင်လယ်ပြင်ပေါ်တွင် ဧရာမလှိုင်းလုံးကြီးများ ထသွားတော့သည်။

ထိုစစ်သင်္ဘောကြီးက စတင်လှုပ်ရှားသွားသောအခါ နတ်အဆင့်သက်တန့်ဆီမှ အဘိုးကြီးတစ်ယောက် ပျံထွက်လာသည်။ သူသည် ရှေးဟောင်းဆန်ပြီး သူ၏အဖြူရောင်ဆံပင်ရှည်များမှာ လေထဲတွင်လွင့်ပျံနေသဖြင့် ကောင်းကင်ဘုံက လူတစ်ယောက်နှင့်ပင် တူနေတော့သည်။ ထို့အပြင် သူ၏နဖူးပေါ်တွင် တတိယမျက်လုံးတစ်လုံး ရှိသဖြင့် သူ၏ပုံပန်းသွင်ပြင်မှာ ခြိမ်ခြောက်မှုအပေါင်းဖြင့် လွှမ်းခြုံထားတော့သည်။

” ငါ့နာမည်က ချိန်ဟဲ့ထျန်း။ ဒီ ဂိုဏ်းအပြင်ဘက်ကိုသွားမဲ့ ဝိညာဥ်အမဲလိုက် ခရီးကို ငါဦးဆောင်မှာ။ ပင်လယ်ပြင်ကိုဖြတ်ရမဲ့ ခရီးက အကြာကြီးပဲ။ နှစ်တစ်ဝက်လောက်ကို ကြာမှာ။ မင်းတို့အားလုံး အခုချက်ချင်း သင်္ဘောပေါ်တက်ပြီး ထွက်ခွာဖို့ပြင်ထားကြတော့။ ”
မျက်လုံးသုံးလုံးရှိသည့် အဘိုးကြီး၏ နောက်ဆုံးစကားလုံးများမှာ နားထောင်နေသူများ၏ နှလုံးသားများထဲသို့ လျှပ်စီးများအလား ထိုးခွင်းဝင်ရောက်သွားသည်။

ချက်ချင်းပင် သက်တန့်ဒေသလေးခုစလုံးမှ ရှင်းကုံကျစ်တာအိုဂိုဏ်း၏ထိပ်တန်းကြယ်ပွင့် အယောက်တစ်ထောင်မှာ အမြန်ဆုံးနည်းဖြင့် စစ်သင်္ဘောကြီးဆီသို့ ပျံသန်းလာကြတော့သည်။

ပိုင်ရှောင်ချန်းမှာလည်း အံကြိတ်လိုက်ပြီး အခြားရွေးချယ်စရာ မရှိတော့ဖြင့် အရဲစွန့်ရန် ဆုံးဖြတ်လိုက်သည်။ အသံကုန်အော်ဟစ်ရင်းဖြင့် စစ်သင်္ဘောကြီးဆီသို့ ပျံဆင်းနေကြသည့် လူအုပ်ကြီးထဲသို့ သူကဝင်သွားတော့သည်။ သူပျံသန်းလိုက်သည့်အချိန်တွင် ကောင်းကင်တံတားပင်လယ်၏ ပြင်းထန်လွန်းလှသော စိတ်စွမ်းအင်များက သူ့အား မုန်တိုင်းအသေးစားတစ်ခုကဲ့သို့ ရိုက်ခတ်နေကြောင်း ပိုင်ရှောင်ချန်းက ခံစားလိုက်ရသည်။

သူသည် အမြုတေအဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်နေပါသော်လည်း ထိုရိုက်ခတ်ချက်ကြီးကို တောင့်ခံနိုင်ရန် ခက်ခဲလွန်းနေသည်။ သင်္ဘောကြီးဆီသို့ ပျံသန်းနေသည့် လူတိုင်းမှာ တစ်ခဏမျှ မငြိမ်မသက်ဖြစ်ကာ တုန်ရီသွားကြပြီးမှ သင်္ဘောကြီးဆီသို့ ထပ်၍ အရှိန်တင်ကာ ပျံသန်းသွားကြရသည်။

လူတိုင်းမှာ တစ်ယောက်နှင့်တစ်ယောက် ဖိအားများပေးနေကြပြီး မိမိမှာ ပိုသာကြောင်းကိုပြန်ရန် ရိုက်ခတ်နေသည့် စိတ်စွမ်းအင်များအကြားတွင် အပြင်းအထန် ကြိုးစားကာ တတ်နိုင်သမျှ အမြန်ဆုံးဖြစ်အောင် ပျံသန်းနေကြတော့သည်။

သူတို့နှင့်အတူ လိုက်ပါပျံသန်းလာသည့် အမျိုးသမီး ကျင့်ကြံသူတစ်ယောက်မှာ ရှေ့တွင် အပြတ်အသတ်ဦးဆောင်နေသည်ဖြစ်ပြီး မီးလုံးတစ်လုံးကဲ့သို့ လေကိုခွင်း၍ ပျံသန်းနေသည်။ သူမသည် ချိန်ယွဲ့ရှန်ဖြစ်သည်။ သူမသည် စစ်သင်္ဘောကြီးနှင့် နီးကပ်လာပြီး ထိုပေါ်သို့ ခြေချရန် အနည်းငယ်မျှသာ လိုတော့သည့် အချိန်တွင် ဟီရတစ်က အေးစက်စက်နှာမှုတ်သံတစ်သံပေး၍ ပေါ်ထွက်လာသည်။ သူက ရှေ့သို့ခြေတစ်လှမ်း လှမ်းလိုက်သောအခါ တည်နေရာရွှေ့ပြောင်းသည့်အလား ဖြစ်သွားပြီး ချိန်ယွဲ့ရှန်ကိုကျော်တက်ကာ စစ်သင်္ဘောပေါ်သို့ ပထမဆုံးရောက်ရှိသူ ဖြစ်သွားတော့သည်။

ဟီရတစ်က နတ်ဘုရားစွမ်းရည်နှင့်တူသည့် တည်နေရာရွှေ့ပြောင်းခြင်းကဲ့သို့သော သိုင်းကွက်တစ်ခုကို သုံးလိုက်သောအခါ အခြားကျင့်ကြံသူများမှာ အံ့အားသင့်သွားကြပြီး ချိန်ယွဲ့ရှန်၏ မျက်ဝန်းများထဲတွင် စူးရှသော အလင်းရောင်တစ်ခု လက်သွားတော့သည်။

ပိုင်ရှောင်ချန်းပင် ခေတ္တမျှ အသက်ရှူရန် မေ့သွားသည်။ သူ၏ အေးစိမ့်အရိပ်များကို အသုံးချကာ အသေးစား တည်နေရာရွှေ့ပြောင်းမှုမျိုး လုပ်နိုင်ပါသော်လည်း ယခု ဟီရတစ် လုပ်လိုက်သည့်အရာမှာ လုံးဝမတူသော အရာဖြစ်သည်။

ပိုင်ရှောင်ချန်း၏ အနီးမှ လူအချို့မှာ သူတို့မြင်လိုက်ရသည်ကို သိကြသဖြင့် အလန့်တကြားအော်ဟစ်လိုက်သည်။

” အဲ့တာ လေဟုန်စီးခြင်းပဲ ”

” လေဟုန်စီးခြင်း ဟုတ်လား။ ” ပိုင်ရှောင်ချန်းက တအံ့တသြ ရေရွတ်လိုက်သည်။ ထိုစဥ် အခြားကျင့်ကြံသူများလည်း လှေပေါ်သို့ရောက်သွားပြီဖြစ်သည်။ ပိုင်ရှောင်ချန်းကမူ အလျင်အမြန်ကြီးမသွားပဲ ထိပ်ဆုံးအယောက်တစ်ရာ အတွင်းသာ ဝင်သွားတော့သည်။

ချက်ချင်းပင် လှေပေါ်သို့ရောက်လာသည့် ကျင့်ကြံသူများက အချင်းချင်း ခပ်ခွာခွာနေလိုက်ကြသည်။ ယှဥ်ပြိုင်လိုစိတ်များမှာ ပြင်းထန်လွန်းနေကြသဖြင့် မြေရိုင်းဒေသသို့ရောက်လျှင် မည်မျှပို၍ပြင်းထန်သွားမည်ကို ခန့်မှန်းကြည့်ရုံနှင့် သိနိုင်သည်။

ပိုင်ရှောင်ချန်း၏ အမြင်တွင် ဤလူအားလုံးမှာ မိစ္ဆာများ၊ ရုန့်ရင်းကြမ်းတမ်းသော သတ္တဝါများကဲ့သို့ ဟန်ဆောင်နေကြသဖြင့် သူက လူအုပ်ထဲမှ ထွက်ကာ လူရှင်းသောထောင့်လေးတစ်ထောင့်သို့ သွားနေလိုက်တော့သည်။

” ဒီလို သတ်ဟေ့ ဖြတ်ဟေ့၊ တိုက်ဟေ့ခိုက်ဟေ့ဆိုတာတွေက ဘာတွေတုံး။ ”
သူက တွေးလိုက်သည်။
” ဒီလူတွေကွာ… ငါ့လိုမျိုး ရိုးရိုးရှင်းရှင်း၊ စင်စင်ကြယ်ကြယ်လေး မနေနိုင်ကြဘူးလား။ ”
သူက ဘေးဘီဝဲယာသို့ ကြည့်လိုက်ပြီးနောက် အဆုံးတွင် စုန့်ချွဲ၊ နတ်ဆရာနှင့် ချင်းမေ့ယွမ်တို့ကို မြင်လိုက်ရ၍ အနည်းငယ် စိတ်ကြည်လင်သွားတော့သည်။ သို့သော် သူတို့နားသို့ ယခုအချိန်သွားရန်မှာ မဖြစ်နိုင်ပေ။

ခပ်လှမ်းလှမ်းတွင်ရှိ ကုန်းစွန်းဝမ်အာကိုလည်း သူ သတိထားမိလိုက်သည်။ သို့သော် သူမ၏ ထူးဆန်းပုံကို အမှတ်ရသွားသောအခါ သူက ခေါင်းငုံ့ကာ သူမ၏ အကြည့်ကိုရှောင်လွှဲလိုက်တော့သည်။

Comment

Leave a Reply

Options

not work with dark mode
Reset