Switch Mode

အခန်း (၅၆၈)

ဓားသွေးကျောက်

ထိုလက်သီးချက်၏ ပြင်းအားမှာ ထပ်တူကျမှုကြောင့် ခုနစ်ဆယ်ရာခိုင်နှုန်းတိတိ ပို၍အားကောင်းနေ၏။

ဝမ်ပေါင်လဲ့ ထိုသို့ဆိုလိုက်ပြီးနောက် သူတို့နှစ်ယောက်မှာ ထိပ်တိုက်ရင်ဆိုင်တွေ့သွားကြ၏။ ဝမ်ပေါင်လဲ့၏ လက်သီးချက်နှင့် ကျိုးချူတောက် လက်ချောင်း ထိပ်တိုက်တွေ့သွားသောအခါ သူတို့၏ ကျင့်ကြံခြင်းစွမ်းအားများမှာ ချက်ချင်းပင်ထွက်ပေါ်လာသည်။ ထိုစွမ်းအားများမှာ အရာအားလုံးကို ဖျက်စီးပစ်နိုင်လောက်အောင် အလွန်အင်မတန်မှ အားကောင်းလွန်းနေ၏။

ထိုအခါ ပေါက်ကွဲသံများ ထွက်ပေါ်လာပြီး ကျိုးချူတောက်မှာ ပါးစပ်ထဲမှ သွေးများစီးကျလာသောကြောင့် နောက်သို့ဆုတ်သွားရ၏။ အလားတူပင် ဝမ်ပေါင်လဲ့၏ ပါးစပ်ထဲမှာလည်း သွေးများစီးကျလာသည်။ သို့သော် ဝမ်ပေါင်လဲ့၏ မျက်ဝန်းများမှာမူ ပို၍ တောက်ပလာပြီဖြစ်သည်။ သူသည် ဟက်ဟက်ပက်ပက်ရယ်မောကာ ရှေ့သို့လှမ်းသွားလိုက်ပြီး ကျိုးချူတောက်အား ထပ်၍ တိုက်ခိုက်လိုက်ပြန်သည်။

သူတို့နှစ်ယောက်၏ ရိုက်ခတ်မှုကြောင့် ပေါက်ကွဲသံအကျယ်ကြီးတစ်သံ ထွက်ပေါ်လာပြီး ကျိုးချူတောက်မှာ နောက်သို့ဆုတ်ခွာသွားပြန်သည်။ ဝမ်ပေါင်လဲ့မှာမူ ဟန်အမူအရာ ပျက်သွားခြင်းမရှိပေ။ သူသည် ကျိုးချူတောက်အား စိန်ခေါ်ခဲ့သည် မဟုတ်ပါလော။ ထို့ကြောင့် သူသည် သူ၏ ကျင့်ကြံခြင်းစွမ်းအားများကို နောက်ထပ်တစ်ကြိမ်ထပ်၍ ထုတ်လွှတ်လိုက်သဖြင့် သူ၏ အငွေ့အသက်များမှာ ပို၍ပင် အားကောင်းလာတော့သည်။ ထို့နောက် သူသည် ကျိုးချူတောက်၏ အနီးသို့ ချက်ချင်းပင်ရောက်ရှိသွား၏။

” အခု စတုတ္တထမြောက် လက်သီးချက်လာပြီ ” ဝမ်ပေါင်လဲ့၏ စကားသံကြီးမှာ မိုးခြိမ်းသံများကဲ့သို့ပင်။ ထိုအခိုက်အတန့်တွင် အငွေ့အသက်များ ပတ်လည်ဝိုင်းနေသည့် ဝမ်ပေါင်လဲ့မှာ ပြိုင်ဘက်ကင်းနေသည့်ပုံ ပေါက်နေ၏။ ထို့ကြောင့် ကျိုးချူတောက်မှာ အသက်ရှူသံများ ထိန်းမနိုင် သိမ်းမရ မြန်ဆန်လာရပြီး အကယ်၍ ဝမ်ပေါင်လဲ့သာ ယခုအတိုင်း သူ၏ အငွေ့အသက်များကို အဆက်မပျက် အဆင့်မြှင့်တင်နေမည်ဆိုပါက သူ၏ ပဉ္စမမြောက်‌နှင့် နောက်ဆုံးလက်သီးချက်မှာ အံ့ဩမှင်တက်ဖွယ်ကောင်းလောက်အောင် အစွမ်းထက်နေလိမ့်မည်ဖြစ်ကြောင်း နားလည်သွား၏။

” ဒီလို ဆက်ဖြစ်နေရင် မဟန်ဘူး ” ကျိုးချူတောက်၏ မျက်ဝန်းများထဲမှ တိုက်ခိုက်လိုစိတ် မီးဝောာက်မှာ မှေးမှိန်သွားခြင်းမရှိဘဲ ပို၍ပင် တောက်ပလာ၏။ ဝမ်ပေါင်လဲ့ သူ၏အနီးသို့ အရှိန်အဟုန်ဖြင့် ရောက်လာသောအခါ သူသည် နောက်သို့ဆုတ်ခွာသွားပြီး ညာဘက်လက်ကိုမြှောက်ကာ မန္တန်လက်ကွက်များ ဖော်လိုက်၏။ ထိုအခါ ချက်ချင်းဆိုသလိုပင် သူ၏ ရင်ဘတ်ထဲမှ လရောင်များ ထိုးထွက်လာတော့သည်။ ၎င်းမှာ အလွန်အင်မတန်မှ တောက်ပနေ၏။ ထိုအချိန်တွင် ကျိုးချူတောက်မှာ မန္တန်လက်ကွက်များ ထပ်ဖော်လိုက်သောကြောင့် ထိုလရောင်များမှာ သူ၏ရှေ့တွင် လမင်းကြီးတစ်စင်းအဖြစ် ပြောင်းလဲသွားတော့သည်။

ထိုလမင်းကြီးမှာ ထိန်ထိန်သာနေသည်တိုင်အောင် ၎င်း၏ အငွေ့အသက်များမှာ သန့်ရှင်းစင်ကြယ်ခြင်းမရှိဘဲ ကျောချမ်းဖွယ်ရာကောင်းနေ၏။ ထို့အပြင် ၎င်းဆီမှ လူများသာမက ဝိညာဉ်များကိုပါ တုန်လှုပ်ချောက်ချားသွားစေနိုင်သည့် မကောင်းဆိုးဝါး ရေရွတ်သံများလည်း ထွက်ပေါ်နေသေးသည်။

” ကျိန်စာသင့်လမင်း ” ကျိုးချူတောက်မှာ ထိုသို့အော်ဟစ်လိုက်ပြီး သူ၏ညာဘက်လက်ဖြင့် ဝမ်ပေါင်လဲ့အား လက်ညှိုးထိုးလိုက်၏။ ထိုသို့ လက်ညှိုးထိုးခံလိုက်ရသည်နှင့် တစ်ပြိုင်နက် ဝမ်ပေါင်လဲ့မှာ တုန်လှုပ်ချောက်ချားသွားရပြီး အန္တရာယ်ကြီးတစ်ခုနှင့် ရင်ဆိုင်ကြုံတွေ့ရတော့မည့်အလား နှလုံးသားထဲ၌ ခံစားလိုက်ရတော့သည်။ သူသည် စဉ်းစားတွေးတောနေရန် အချိန်မရှိသောကြောင့် အရှိန်အဟုန်ဖြင့် ပြေးလွှားနေရင်း သူ၏ ခန္ဓာကိုယ်အား ကွေးကာ ရှောင်တိမ်းရန် ကြိုးစားလိုက်ရသဖြင့် ဟန်ချက်ပျက်သွား၏။

သို့သော် ကျိုးချူတောက်မှာ ဒူဂူလင်းကိုယ်တိုင် အထင်ကြီးလေးစားရသည့် ကျယ်ပြန့်တာအိုနန်းတော်၏ တပည့်ရင်းတစ်ယောက်ဖြစ်ရာ သူ၏ ရက်စက်ကြမ်းကြုတ်မှုများမှာ သာမန် အမြုတေအဆင့် ကျင့်ကြံသူများထက် အဆပေါင်းများစွာပို၍ သာလွန်ပေသည်။ ယွမ်ယင်အဆင့် ကျင့်ကြံသူများပင်လျှင် သူ့ကို ယှဉ်နိုင်ကြမည် မဟုတ်ပေ။

သို့ဖြစ်ရာ ကျိုးချူတောက်၏ စကားသံကြီး ပဲ့တင်ထပ်သွားပြီး သူ လက်ညှိုးထိုးပြီးသွားသည့်အချိန်တွင် ထိုတိုက်ကွက်အား ရှောင်တိမ်းနိုင်ရန်မှာ ဝမ်ပေါင်လဲ့အတွက် နောက်ကျသွားပြီဖြစ်သည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့၏ ပတ်ပတ်လည်၌ ချက်ချင်းဆိုသလိုပင် လရောင်များ ပေါ်ပေါက်လာတော့သည်။ ထိုကဲ့သို့ အန္တရာယ်ကြီးတစ်ခုနှင့် ရင်ဆိုင်လိုက်ရချိန်တွင် ဝမ်ပေါင်လဲ့၏ မျက်ဝန်းများမှာ ဖျတ်ခနဲ လက်သွား၏။ ထို့နောက် သူ၏ ပုံစံတူ ကိုယ်ပွားပုံရိပ်တစ်ခု ပေါ်ပေါက်လာသည့်ပုံပင်။ သို့သော် ထိုအဖြစ်အပျက်အားလုံးမှာ မြန်ဆန်လွန်းနေ၏။ လရောင်များ လျင်မြန်စွာ စုဝေးလာကြပြီးနောက် မကြာသေးမီတုန်းကပင် ကျိုးချူတောက်၏ ရှေ့တွင် ရှိနေခဲ့သည့် လမင်းကြီးမှာ ဝမ်ပေါင်လဲ့အား လွမ်းခြုံသွားပြီဖြစ်သည်။ ထိုအချိန်တွင် ဝမ်ပေါင်လဲ့မှာ လမင်းကြီးအဖြစ် ပြောင်းလဲသွားသည့်အလားပင်။

ထိုလမင်းကြီး ဝမ်ပေါင်လဲ့အား လွှမ်းခြုံသွားသည်နှင့် တစ်ပြိုင်နက် သူသည် အားအင်များနုံးချည့်ကာ လေးလံထိုင်းမှိုင်းသွားပြီး မောပန်းနွမ်းနယ်သွားရ၏။ ထို့နောက် ဝမ်ပေါင်လဲ့မှာ အသက်ရှူသံများ မြန်ဆန်လာပြီး တစ်ကိုယ်လုံး တုန်ရီသွားရတော့သည်။ ထို့အပြင် သူသည် မျက်လုံးများ ဆက်မဖွင့်ထားနိုင်လောက်အောင် မျက်ခွံများ လေးလာပြီး အိပ်မောကျသွားတော့မည့်ဆဲဆဲ အနေအထားသို့ ရောက်သွား၏။ နောက်ဆုံးတွင် သူသည် အလွန်အင်မတန်မှ အားအင်ချည့်နဲ့သွားရသောကြောင့် ကျင့်ကြံသူတစ်ယောက်အဖြစ်မှ သာမန်လူတစ်ယောက်အဖြစ် ပြောင်းလဲသွားသည့်အလား ခံစားလိုက်ရတော့သည်။

သူ၏ စိတ်ခံစားချက်များမှာလည်း အမျိုးမျိုးပြောင်းလဲသွား၏။ သူသည် မျှော်လင့်ချက်များပျက်သုဉ်းကာ ဝမ်းနည်းမှုများ ခံစားနေရရုံသာမက သူ့ကိုယ်သူ သတ်သေချင်သည့် အတွေးများနှင့် အခြားသော မကောင်းသည့်အတွေးများအားလုံးမှာ သူ၏ အသိစိတ်ထဲ၌ ဆက်တိုက်ဆိုသလို ပေါ်ပေါက်လာတော့သည်။

သူ၏ ကျင့်ကြံခြင်းစွမ်းအားများပင် ထိခိုက်သွားရ၏။ အတိအကျဆိုရမည်ဆိုလျှင် သူ၏ ကျင့်ကြံခြင်းစွမ်းအားများမဟုတ်ဘဲ သူ၏ ထိန်းချုပ်နိုင်စွမ်းများ လျော့နည်းသွားရခြင်းဖြစ်သည်။ ယခင်တုန်းက သူသည် သူ၏ ကျင့်ကြံခြင်းစွမ်းအားများကို အပြည့်အဝထိန်းချုပ်နိုင်ပါသော်လည်း ယခုလက်ရှိတွင်မူ သူ၏ ထိန်းချုပ်နိုင်စွမ်းမှာ ငါးဆယ်ရာခိုင်နှုန်းတိတိ လျော့ကျသွားရပြီဖြစ်သည်။

၎င်းမှာ ကျိုးချူတောက်၏ ဝှက်ဖဲတစ်ချပ်ဖြစ်သည့် ကျိန်စာသင့်လမင်းပညာရပ်ပင် ဖြစ်ပေသည်။

အကယ်၍ ဝမ်ပေါင်လဲ့မဟုတ်ဘဲ အခြားတစ်ယောက်ယောက်သာ ဆိုပါက ကျိုးချူတောက်မှာ သူ၏ ကျင့်ကြံခြင်းစွမ်းအားများနှင့် ဓမ္မရတနာများအား အကုန်ခံနေမည် မဟုတ်ဘဲ သူ၏ ပြိုင်ဘက်ဆီသို့ ချက်ချင်းပင် ချဉ်းကပ်သွားပြီး သတ်ဖြတ်ပစ်လိုက်မည်သာဖြစ်သည်။ သို့သော် ယခုတွင်မူ သူ၏ပြိုင်ဘက်မှာ ဝမ်ပေါင်လဲ့ နေသည်မဟုတ်ပါလော။ သူသည် သူ၏အကြောင်းကို ကောင်းကောင်းနားမလည်ထားသည့်တိုင်အောင် သူနှင့် တိုက်ခိုက်ခဲ့ရသည့် အချိန်တိုလေးအတွင်းတွင် ကျိုးချူတောက်မှာ ဝမ်ပေါင်လဲ့အား အထင်ကြီးမိသွားပြီဖြစ်သည်။ သူသည် ဝမ်ပေါင်လဲ့မှာ ဒူဂူလင်းနှင့်ပင် လက်ရည်တူနေလိမ့်မည်ဟု မှတ်ယူထား၏။

ထိုကဲ့သို့ အစွမ်းထက်လွန်းလှသည့် ပြိုင်ဘက်တစ်ယောက်နှင့် ရင်ဆိုင်နေရသည်ဖြစ်ရာ ကျိုးချူတောက်မှာ ပေါ့ဆ၍ မဖြစ်ပေ။ ထို့ကြောင့် သူသည် မျက်ဝန်းများ အေးစက်စွာတောက်ပသွား‌၏။ ဝမ်ပေါင်လဲ့မှာ ကျိန်စာသင့်လမင်း ပညာရပ်၏ ချုပ်နှောင်ခြင်းကို ခံထားရသည့်တိုင်အောင် ကျိုးချူတောက်မှာ သူ၏အနီးသို့ မသွားဘဲ သူ၏သိုလှောင်အိတ်ထဲမှ အနက်ရောင် သစ်သားရုပ်တစ်ရုပ်ကို ထုတ်ယူလိုက်သည်။

ထို သစ်သားရုပ်မှာ အနက်ရောင်ဖြစ်ပြီး ၎င်းအား ထုတ်ယူလိုက်သည်နှင့် တစ်ပြိုင်နက် ၎င်းဆီမှ အေးစက်စက် အငွေ့အသက်တစ်မျိုး ထွက်ပေါ်လာ၏။ ၎င်းမှာ မိစ္ဆာမျက်ဝန်းများ ပိုင်ဆိုင်ထားသည့် ရက်စက်ကြမ်းကြုတ်ဖွယ်ကောင်းသော ငရဲခွေးကြီးတစ်ကောင်၏ ပုံစံတူရုပ်တုတစ်ခု ဖြစ်ပေသည်။ ထို ရုပ်ထုကြီး ထွက်လာသည်နှင့် တစ်ပြိုင်နက် ထို ရက်စက်ကြမ်းကြုတ်ဖွယ် ငရဲခွေးကြီးမှာ ၎င်း၏လျှာကို သူကိုယ်တိုင် ပြန်ကိုက်လိုက်ပြီး သွေးတစ်ပွက်အန်ထုတ်လိုက်၏။ ထိုအခါ ထို သစ်သားရုပ်ထုကြီးထဲမှ အနက်ရောင်ချီအမြောက်အမြား ချက်ချင်းဆိုသလိုပင် ထွက်ပေါ်လာတော့သည်။

ထို့အပြင် မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီးတို့ကိုပါ တုန်ရီသွားစေနိုင်သည့် ဟိန်းဟောက်သံကြီးတစ်သံလည်း ပဲ့တင်ထပ်သွားပြန်သည်။ ထို့နောက် သစ်သားရုပ်မှာ အသက်ဝင်လာပြီး ပေတစ်ရာခန့် မြင့်မားသည့် အနက်ရောင် ‌ငရဲခွေးကြီးတစ်ကောင်အဖြစ် ပြောင်းလဲသွား၏။

ထိုခွေးကြီး၏ သွားများမှာ အလွန်အင်မတန်မှ ချွန်ထက်နေပြီး ၎င်း၏ မျက်ဝန်းများထဲ၌ ရူးသွပ်မှုအရိပ်အယောင်များနှင့် လောဘစိတ်များ ပြည့်နှက်နေသည်ကို မြင်နိုင်ပေသည်။ ၎င်းမှာ အသံကုန်အော်ဟစ်ရင်း ဝမ်ပေါင်လဲ့အား ဝါးမျိုတော့မည့်ပုံဖြင့် သူ့ဆီသို့ ပြေးလာ၏။

ထို့ကြောင့်… ထိုခွေးကြီးမှာ လမင်းကြီးအား ဝါးမျိုရန် ကြိုးစားနေသည့်ပုံနှင့် တူနေတော့သည်။

” ပြီးသွားပြီ။ နောက်ဆုံးမှာ မင်းရဲ့ အစွမ်းအစတွေကို အကုန်ထုတ်မပြနိုင်ခဲ့တာ စိတ်မကောင်းစရာပဲ ” ကျိုးချူတောက်မှာ မျက်လုံးများမှေးကာ ရေရွတ်လိုက်၏။ ‌ငရဲခွေးကြီးမှာမူ ၎င်း၏ ပါးစပ်ပေါက်အား အဆမတန် ဖြဲထားရင်း ဝမ်ပေါင်လဲ့၏အနီးသို့ ရောက်ရှိလာပြီဖြစ်သည်။ ထို့နောက် ၎င်းမှာ ဝမ်ပေါင်လဲ့နှင့် သူ့အား လွှမ်းခြုံထားသော လမင်းကြီးတို့ကို ဝါးမျိုရန် ပြင်လိုက်တော့သည်။

သူတို့၏ ဘေးပတ်ပတ်လည်မှနေ၍ ကြည့်ရှုနေကြသည့် လူများနှင့် အရည်အချင်းစမ်းသပ်ပွဲ အပြင်ဘက်ရှိ ပရိသတ်များအားလုံးမှာ အံ့ဩတုန်လှုပ်နေကြရပြီဖြစ်သည်။ ပြည်ထောင်စုပျိုးပင်များမှာဆိုလျှင် အလွန်အင်မတန်မှ စိုးထိတ်နေကြ၏။

ထိုအချိန်တွင် မည်သူမှ မထင်ထားသည့် အဖြစ်အပျက်ကြီးတစ်ခု ပေါ်ပေါက်လာတော့သည်။

လမင်းကြီး၏ လွမ်းခြုံခြင်းကိုခံထားရသော ဝမ်ပေါင်လဲ့ဆီမှ နောင်တရနေသည့် စကားသံတစ်သံ ထွက်ပေါ်လာခြင်းဖြစ်သည်။

” မင်း ငါ့နားကို ရောက်မလာခဲ့တာ တကယ် စိတ်မကောင်းစရာပဲ ”

ထိုစကားသံကြီး ပေါ်ပေါက်လာသောအခါ ကျိန်စာသင့်လမင်းထဲမှ လျှပ်စီးများဖြင့် ဖွဲ့စည်းထားသည့် လက်ကြီးတစ်ဖက် ဆန့်ထွက်လာ၏။ ၎င်းမှာ အလွန်အင်မတန်မှ လျင်မြန်‌လွန်းနေသောကြောင့် ‌ငရဲခွေးကြီး၏ သွားများအား ချက်ချင်းပင် ဆုပ်ကိုင်မိသွား၏။

ထိုအခါ လျှပ်စီးတန်းများ ထွက်ပေါ်လာပြီး ပေါက်ကွဲမှုလှိုင်းများမှာ အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွား၏။ ထို့နောက် ပေါက်ကွဲသံများပဲ့တင်ထပ်နေစဉ် အလွန်အင်မတန်မှ အားကောင်းသော ပြင်းအားကြီးတစ်ခုမှာ ကျိန်စာသင့်လမင်းကြီးထဲမှ ထိုးထွက်လာတော့သည်။ ၎င်းမှာ ထိုလမင်းကြီးအား ဖျက်ဆီးပစ်လိုက်ရုံသာမက ‌ငရဲခွေးကြီး၏ ခန္ဓာကိုယ်အား ရိုက်ခတ်သွား၏။ ထို့ကြောင့် မျက်စိတစ်မှိတ်အတွင်းတွင် ကျိန်စာသင့်လမင်းကြီးမှာ ပျက်စီးသွားရပြီး ‌ငရဲခွေးကြီးမှာလည်း နာကျည်းစွာ အော်ဟစ်မြည်တမ်းရင်း နောက်သို့ဆုတ်ခွာသွားရတော့သည်။ ထိုဖြစ်ရပ်များကြောင့် ကျိုးချူတောက်တစ်ယောက် အံ့ဩမှင်တက်သွားရစဉ် ဝမ်ပေါင်လဲ့မှာ တစ်စစီ ကွဲအက်ပျက်စီးသွားသော ကျိန်စာသင့်လမင်းကြီးထဲမှ ပြန်ထွက်လာပြီ၏။ သူသည် ယခင်တုန်းကထက် သိသိသာသာပို၍ မြန်ဆန်နေပြီဖြစ်သည်။ ထိုသို့ဖြင့် သူသည် လျှပ်စီးကဲ့သို့သော အမြန်နှုန်းမျိုးဖြင့် ကျိုးချူတောက်၏ အနီးသို့ ရောက်ရှိလာပြီး သူ့အား လှမ်း၍ ထိုးနှက်လိုက်တော့သည်။

၎င်းမှာ စတုတ္ထမြောက် လက်သီးချက် ဖြစ်ပေသည်။

ထိုလက်သီးချက်၏ ပြင်းအားမှာ ထပ်တူကျမှုကြောင့် တစ်ရာ ရာခိုင်နှုန်းတိတိ ပို၍အားကောင်းနေ၏။

ထိုလက်သီးချက်မှာ ထပ်တူကျမှုစွမ်းအားများကို အမြောက်အမြား စုစည်းထားကြောင်း သိသာထင်ရှားပေသည်။ ၎င်း၏ ပြင်းအားမှာ ဝမ်ပေါင်လဲ့၏ ပုံမှန်စွမ်းအားထက် နှစ်ဆတိတိ ပို၍မြင့်မားနေ၏။

ထိုသို့ဖြစ်နေရခြင်းမှာ ထပ်တူကျခြင်း၏ စွမ်းအားများကြောင့် ဝမ်ပေါင်လဲ့၏ ကျင့်ကြံခြင်းစွမ်းအားနှင့် ဝိညာဉ်စွမ်းအင်များမှာ အထိန်းအကွပ်မဲ့စွာ မြင့်တက်သွားသောကြောင့် ဖြစ်သည်။ ထိုလက်သီးချက်ကြီး ကျဆင်းလာသောအခါ ကျိုးချူတောက်မှာ ၎င်းအား ရှောင်တိမ်းနိုင်စွမ်းမရှိတော့သဖြင့် မာန်တင်းကာ ၎င်းအား ခုခံနိုင်ရန် ကြိုးစားလိုက်ရ၏။ ထိုအခါ ပေါက်ကွဲသံကြီးတစ်သံ ပဲ့တင်ထပ်သွားပြီး ကျိုးချူတောက်၏ ပါးစပ်ထဲမှ သွေးတစ်ပွက် အန်ထွက်လာ၏။ သူ၏ အကာအကွယ် ဓမ္မရတနာများအားလုံးမှာ ပျက်စီးသွားပြီဖြစ်သလို သူ၏ရင်ဘတ်ကြီးမှာလည်း အတွင်းဘက်သို့ ကျွံဝင်သွားပြီး သွေးများအဆက်မပြတ် ပန်းထွက်နေပြီ ဖြစ်သည်။ ထို့ကြောင့် သူသည် မခံမရပ်နိုင်ဖြစ်နေသော မျက်နှာအမူအရာဖြင့် နောက်သို့ ဆုတ်ခွာသွားရ၏။

” လျှပ်စီး ကိုယ်ပွားပါလား ”

” သိပ်မှန်တာပေါ့ ” ဝမ်ပေါင်လဲ့မှာ သေရေးရှင်ရေး အခိုက်အတန့်ကြီးနှင့် ကြုံခဲ့ရစဉ်တုန်းက လျှပ်စီးကိုယ်ပွားတစ်ခုအား ဖန်တီးခဲ့ခြင်းဖြစ်ပေသည်။ ကျိန်စာသင့်လမင်းကြီးနှင့် ‌ငရဲခွေးကြီးတို့ နှစ်ခုစလုံးမှာ သူ၏ကိုယ်ပွားအား ပစ်မှတ်ထားခဲ့ကြခြင်းဖြစ်၏။ ထိုကိုယ်ပွားကြီး ပေါက်ကွဲသွားပြီး အန္တရာယ်များ ရှင်းလင်းသွားသောအချိန်မှ ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်အစစ်မှာ ပြန်လည်ပေါ်ထွက်လာပြီး စတုတ္ထမြောက် လက်သီးချက်အား ထုတ်လွှတ်လိုက်ခြင်းဖြစ်သည်။

အကယ်၍ ကျိုးချူတောက်သာ စိုးရိမ်စိတ် လွန်ကဲနေခဲ့ခြင်း မရှိဘဲ ဝမ်ပေါင်လဲ့၏ အနီးသို့သာ ချဉ်းကပ်သွားလိုက်မည်ဆိုပါက ဤတိုက်ပွဲကြီးမှာ ပြီးဆုံးသွားလောက်ပြီဖြစ်သည်။

ယခုတွင်မူ ဝမ်ပေါင်လဲ့မှာ ကျိုးချူတောက်ဆီသို့ ပြေးလာနေပြီဖြစ်သည်။ သူ၏ ပုံပန်းသွင်ပြင်မှာ အလွန်အင်မတန်မှ ကြောက်မက်ဖွယ်ရာကောင်းနေသောကြောင့် အဝေးမှ ကြည့်လိုက်ပါက ကျိုးချူတောက်မှာ ဖိနှိပ်ချုပ်တည်းခံရတော့မည့် အနေအထားသို့ ရောက်လုဆဲဆဲဖြစ်နေသည်ကို မြင်နိုင််ပေသည်။

” နောက်ဆုံးလက်သီးချက် လာပြီဟေ့ ” ဝမ်ပေါင်လဲ့၏ တိုက်ခိုက်လိုစိတ်များမှာ အလွန်အင်မတန်မှ ပြင်းထန်နေပြီဖြစ်သည်။ သူသည် ကျိုးချူတောက်၏ အနီးသို့ ချဉ်းကပ်သွားရန် ပြင်လိုက်စဉ်မှာပင် ကျိုးချူတောက်မှာ အော်ဟစ်လိုက်၏။ သူသည် နောက်သို့ထွက်ပြေးနေရာမှ ရုတ်တရက်ဆိုသလို ရပ်တန့်သွားပြီး မျက်လုံးများနီမြန်းသွားတော့သည်။ ထို့နောက် ကျိုးချူတောက်၏ ခန္ဓာကိုယ်ထဲမှ ထပ်တူကျခြင်းစွမ်းအားတစ်မျိုး ရုတ်တရက်ဆိုသလို ထွက်ပေါ်လာ၏။

” မင်း နောက်ဆုံးလက်သီးချက်ကို ထုတ်လွှတ်နိုင်လိမ့်မယ်လို့ မထင်နဲ့ ” ကျိုးချူတောက်မှာ ထိုသို့ဆိုကာ သူ၏လက်နှစ်ဖက်ကိုမြှောက်၍ မန္တန်လက်ကွက်များ ဖော်လိုက်၏။ ထိုအခါ သူ၏နဖူးပေါ်တွင် သွေးကြောကြီးများထောင်မတ်လာပြီး သူ၏ ကျင့်ကြံခြင်းစွမ်းအားများမှာလည်း အပြင်းအထန် တုန်ရီလာတော့သည်။

” ကိုးမျိုးဆက်… ”

” ဟင်းလင်းပြင်သတ်ဖြတ်ခြင်း ”

ကျိုးချူတောက် ထိုသို့ရေရွတ်လိုက်သောအခါ သူ၏ ခန္ဓာကိုယ်ထဲမှ ပုံရိပ်ယောင်များ ပေါ်ပေါက်လာ၏။ ထို ပုံရိပ်ယောင် တစ်ခုချင်းစီတိုင်းမှာ သူ၏ ပုံစံတူ ပုံရိပ်များ ဖြစ်ပေသည်။ သူ၏ ခန္ဓာကိုယ်အစစ်နှင့် တွဲ၍ကြည့်လိုက်ပါက သူ၏ အတိတ်ဘဝကိုးခုမှ ပုံရိပ်များ ပေါ်ပေါက်လာသကဲ့သို့ ဖြစ်နေ၏။ သူ မန္တန်လက်ကွက်များ ဖော်လိုက်သောအခါ ထို ပုံရိပ်ယောင်များမှာလည်း သူ့အတိုင်း လိုက်လုပ်လိုက်ကြ၏။ ထိုအခိုက်အတန့်တွင် ကျိုးချူတောက်၏ ခန္ဓာကိုယ်ထဲမှ ပွဲကြည့်ပရိသတ်များကိုပင် ဆွံ့အမှင်တက်သွားစေနိုင်သည့် ကြောက်မက်ဖွယ်ရာ အငွေ့အသက်ကြီးတစ်ခု ထွက်ပေါ်လာတော့သည်။

Comment

Leave a Reply

Options

not work with dark mode
Reset