Switch Mode

အခန်း (၅၆၇)

မင်းကို လက်သီးချက်ငါးချက်တည်းနဲ့ အနိုင်ယူပြမယ်

ဒူဂူလင်းကဲ့သို့ပင် ကျိုးချူတောက်မှာလည်း ညကောင်းကင်ပေါ်တွင် ပေါ်ပေါက်လာခဲ့သည့် ဆဋ္ဌမမြောက်ကြယ်ကြီးကြောင့် ဇဝေဇဝါ ဖြစ်နေရ၏။ အရည်အချင်းစမ်းသပ်ပွဲထဲတွင် အသံလွှင့်အကြောင်းကြားစာများ မပေးပို့နိုင်သည့်တိုင်အောင် မြဲ့လျဲ့ကျိနှင့် ဖုန့်ချိုးရန်တို့၏ အဖွဲ့အစည်းနှစ်ခုကြားရှိ ရန်ပွဲထဲ၌ မပါသော တာအိုဘုန်းတော်ကြီး ယိုရန်၏ အဖွဲ့အစည်းမှ တပည့်ရင်းတစ်ယောက်ဖြစ်သည့် ကျိုးချူတောက်မှာ မိတ်ဆွေအမြောက်အမြား ပိုင်ဆိုင်ထားသည်မဟုတ်ပါလော။ ထို့အပြင် သူ၏ ပင်ကိုယ်စရိုက်မှာလည်း အလွန်အင်မတန်မှ ယဉ်ကျေးသိမ်မွေ့ပေသည်။

ထို့ကြောင့်လည်း သူသည် သော့တစ်ချောင်း ဆုံးရှုံးလိုက်ရသည့် လူတစ်ယောက်ဆီမှ ဆဋ္ဌမမြောက်ကြယ်ကြီးမှာ မည်သူမည်ဝါဖြစ်ကြောင်း သိရှိခဲ့ရသည်။ သို့သော် သူသည် ထိုကဲ့သို့ သိထားသည့်တိုင်အောင် မယုံကြည်နိုင်လောက်အောင် ဖြစ်နေဆဲပင်။ သူကိုယ်တိုင် မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရသော အခါမှသာ ယုံကြည်သွား၏။ ထို့နောက် သူ၏ မျက်ဝန်းများမှာ တည်ကြည်သွားတော့သည်။

ကျိုးချူတောက် ဝမ်ပေါင်လဲ့အား လှမ်းကြည့်‌လိုက်စဉ် ဝမ်ပေါင်လဲ့မှာလည်း လေထဲ၌ ရပ်တန့်သွားပြီး ညာလက်သီးပေါ် ဘယ်လက်ဝါးတင်ကာ ကျိုးချူတောက်အား ဂါရဝပြုလိုက်၏။

” တာအိုရောင်းရင်းကျိုး ”

” တာအိုရောင်းရင်းဝမ်။ တကယ်ပဲ တိုက်ခိုက်ဖို့လိုလို့လား။ မင်း… ငါ့ကို မယှဥ်နိုင်လောက်ဘူးနော် ” ကျိုးချူတောက်မှာ ရှုံ့မဲ့မဲ့ဖြစ်နေသည့်် မျက်နှာဖြင့် ဝမ်ပေါင်လဲ့အား လက်လျှော့ရန် တိုက်တွန်းလိုက်၏။

ဝမ်ပေါင်လဲ့မှာမူ တစ်ခဏမျှ စဉ်းစားတွေးတောလိုက်ပြီးနောက် ခေါင်းညိတ်ကာ ပြန်ဖြေလိုက်သည်။

” ကျွန်တော် အခုလိုတိုက်ခိုက်ရတာ ကျွန်တော့်တစ်ယောက်တည်းအတွက် မဟုတ်ပါဘူး။ အဲတာမလို့ နားလည်ပေးပါ တာအိုရောင်းရင်းကျိုး။ ကျေးဇူးပြုပြီး… စတိုက်ပါတော့ ”

” ဘာလို့ ဒီလိုတွေ လုပ်နေရတာလဲကွာ ” ကျိုးချူတောက်မှာ ခေါင်းယမ်းကာ ရေရွတ်လိုက်ပြီး တောင်ထိပ်ပေါ်တွင် ထိုင်နေရာမှ မတ်တတ်ထလာ၏။ ထိုအခါ သူ၏ခါးမှာ တဖြည်းဖြည်းနှင့် ပြန်မတ်လာပြီး သူ၏ ရှုံ့မဲ့မဲ့ဖြစ်နေသော မျက်နှာအမူအရာမှာလည်း တဖြည်းဖြည်း ပျောက်ကွယ်သွားတော့သည်။ ထို့နောက် မိုးကောင်းကင်ကြီးကိုပင် ရိုက်ခတ်နိုင်စွမ်းရှိသော အငွေ့အသက်တစ်ခု ပေါ်ပေါက်လာ၏။

ထိုအချိန်တွင် လေထဲ၌ ပေါက်ကွဲသံများ ထွက်ပေါ်လာပြီး ကျိုးချူတောက်၏ ပတ်ပတ်လည်တွင် လေမုန်တိုင်းတစ်ခု စတင်ဖြစ်တင်လာသကဲ့သို့ ဖြစ်သွား၏။ ထိုလေမုန်တိုင်းကြီးမှာ အရပ်မျက်နှာအနှံ့သို့ တိုက်ခတ်သွားသဖြင့် ဘေးပတ်ပတ်လည်တွင် တရွှီးရွှီးမြည်သံများ ထွက်ပေါ်လာတော့သည်။ အဝေးမှ ကြည့်လိုက်ပါက ထိုလေမုန်တိုင်းကြီးမှာ ကျိုးချူတောက်အား ဗဟိုပြုကာ ဝဲကြီးတစ်ခုအဖြစ် ပြောင်းလဲသွားသည်ကို မြင်ရပေသည်။

ထိုဝဲကြီးမှာ အဆက်မပြတ်လည်ပတ်နေပြီး ကျိုးချူတောက်၏ အငွေ့အသက်များမှာလည်း တဖြည်းဖြည်းနှင့်ပို၍ အားကောင်းလာ၏။ မျက်စိတစ်မှိတ်အတွင်းတွင် ၎င်းမှာ အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားပြီ ဖြစ်သည်။ သူ၏ အနီးတွင် ရပ်နေကြသော ကျင့်ကြံသူပေါင်း မြောက်မြားစွာမှာ အံ့ဩတုန်လှုပ်သွားကြပြီး ချက်ချင်းပင်အဝေးသို့ ထွက်ပြေးသွားကြတော့သည်။ ထိုအချိန်တွင် တောင်ထိပ်ပေါ်ရှိ လေမုန်တိုင်းကြီး၏ အလယ်ဗဟိုထဲ၌ ရှိနေသော ကျိုးချူတောက်၏ စကားသံကြီးမှာ ‌လေထဲ၌ ပဲ့တင်ထပ်သွား၏။

” ဂိုဏ်းတူညီလေးတို့ ကျေးဇူးပြုပြီးတော့ ဒီနေရာရဲ့ ပေတစ်သောင်းပတ်ပတ်လည်ထဲကို ဝင်မလာပါနဲ့။ တကယ်လို့ တိုက်ပွဲကို ကြည့်ချင်တယ်ဆိုရင် ဝေးဝေးကနေပဲ ကြည့်ကြပါ ”

ထိုအချိန်တွင် ကျောက်ယမုန့်နှင့် ခုန်းတောက်တို့မှာလည်း ရောက်ရှိလာကြသည်။ သူတို့နှစ်ယောက်မှာ ထိုအနီးသို့ ရောက်ရှိလာသောအခါ ဝမ်ပေါင်လဲ့ ခက်ထန်တင်းမာသော အေးစက်စက်စကားသံများ ပဲ့တင်ထပ်နေသည်ကို ကြားလိုက်ရ၏။

” ယမုန့်၊ မန္တန်အစီအရင်တွေကို နေရာချထားလိုက်။ ခုန်းတောက်။ မင်းက ဒီနေရာကို ကာကွယ်ပေးထား။ ငါနဲ့ တာအိုရောင်းရင်ကျိုးရဲ့ တိုက်ပွဲကို မဆိုင်တဲ့လူတွေ လာနှောင့်ယှက်လို့ မဖြစ်ဘူး ”

ထိုအခါ ကျောက်ယမုန့်မှာ ချက်ချင်းပင် ခေါင်းညိတ်ပြလိုက်ပြီး သံလိုက်အိမ်မြှောင်အား ထုတ်ယူကာ တောင်ထိပ်ကြီး၏ ပတ်ပတ်လည်တွင် မန္တန်အစီအရင်များ တပ်ဆင်နေလိုက်တော့သည်။ ထို မန္တန်အစီအရင်များမှာ အသုံးတစ်မျိုးတည်းသာ ရှိပေသည်။ ၎င်းမှာ မည်သူမှ သူတို့၏အနီးသို့ မသွားနိုင်အောင် ပိတ်ပင်တားဆီးရန်ဖြစ်သည်။ ထို မန္တန်အစီအရင်ကြီးထဲတွင် ပုန်းကွယ်နေကြသည့်လူများ ရှိနေနိုင်ပြီး ဝမ်ပေါင်လဲ့မှာလည်း ထိုကဲ့သို့ ရှိနေနိုင်သည်ဟု သိထားသည့်တိုင်အောင် စကားတစ်ခွန်းမှ မပြောခဲ့ပေ။ ထို့ကြောင့် ကျောက်ယမုန့်မှာ သူ့အား တစ်ချက်မျှသာ လှမ်းကြည့်လိုက်ပြီးနောက် ထိုကိစ္စနှင့် ပတ်သတ်၍ မမေးရန် ဆုံးဖြတ်လိုက်တော့သည်။

ခဏအကြာတွင် မန္တန်အစီအရင်များအားလုံးကို အောင်မြင်ပြီးစီးစွာ တပ်ဆင်ပြီးသွားပြီဖြစ်ပြီး ခုန်းတောက်မှာလည်း ပတ်ဝန်းကျင်တစ်ခုလုံးအား သတိဝီရီယအပြည့်ဖြင့် စောင့်ကြည့်နေပြီဖြစ်သည်။ ဝမ်ပေါင်လဲ့မှာမူ ချက်ချင်းတိုက်ခိုက်လိုက်ခြင်း မရှိဘဲ ကျိုးချူတောက်၏ ခန္ဓာကိုယ်ထဲမှ အငွေ့အသက်များ တဖြည်းဖြည်းပို၍ အားကောင်းလာသည်ကိုသာ စောင့်ဆိုင်းနေလိုက်၏။ ထိုအချိန်တွင် ထိုဝဲကြီးမှာ လေပြင်းမုန်တိုင်းတစ်ခုအသွင် ပြောင်းလဲသွားပြီး ဟင်းလင်းလင်ပြင်ကြီးအား တစ်စစီ ဆုတ်ဖြဲပစ်တော့မည့်အလား ဖြစ်သွား၏။ ထိုအချိန်တွင် ဝမ်ပေါင်လဲ့မှာ ရုတ်တရက် ဆိုလိုက်သည်။

” တာအိုရောင်းရင်းကျိုး။ အချိန်ဖြုန်းနေလို့ မရဘူး …. စလိုက်ရအောင် ” ဝမ်ပေါင်လဲ့မှာ ကျိုးချူတောက်အား စိုက်ကြည့်လိုက်သောအခါ သူတို့နှစ်ယောက်မှာ အကြည့်ချင်းဆုံသွား၏။ ထိုအခါ သူတို့၏မျက်ဝန်းများမှာ အလွန်အင်မတန်မှ အသွားထက်သော ဓားများအဖြစ် ပြောင်းလဲသွားပြီး တိုက်ခိုက်လိုစိတ်များဖြင့် ပြည့်နှက်သွားတော့သည်။

တစ်အောင့်ခန့်အကြာတွင် ကျိုးချူတောက်မှာ တောင်ပေါ်မှ ဆင်းလာပြီး အရပ်မျက်နှာအနှံ့သို့ တိုက်ခတ်နေသော လေပြင်းများကို သူနှင့်အတူ ဆောင်ကျဉ်းလာ၏။ သူသည် ဝမ်ပေါင်လဲ့ဆီသို့ နတ်ဘုရားတစ်ပါးကဲ့သို့ ချဉ်းကပ်လာနေပြီ ဖြစ်သည်။ သူ၏ အငွေ့အသက်များမှာ အားကောင်းလွန်းနေသောကြောင့် သူ ဝမ်ပေါင်လဲ့၏ အနီးသို့ ရောက်မလာခင်မှာပင် ဝမ်ပေါင်လဲ့မှာ ၎င်းတို့အား ခံစားမိနေပြီဖြစ်သည်။ သူ၏ အားကောင်းသော အငွေ့အသက်များကြောင့် ပေါက်ကွဲသံမျိုးစုံ ထွက်ပေါ်လာနေသကဲ့သို့ ဖြစ်နေ၏။ ထို့အပြင် ထိုအငွေ့အသက်များထဲတွင် လမ်းတစ်လျှောက်ရှိ အရာအားလုံးကို ချေမှုန်းပစ်နိုင်သည့်ပုံ ပေါ်သော စွမ်းအားတစ်မျိုး ကိန်းအောင်နေသကဲ့သို့ပင်။

” ဝမ်ပေါင်လဲ့။ မင်းက ငါ့ပြိုင်ဘက် မဟုတ်ဘူးကွ ” ကျိုးချူတောက်၏ အော်ဟစ်သံကြီးမှာ မိုးခြိမ်းသံကြီးကဲ့သို့ပင်။ ထို အသံကြီးနှင့်အတူ မျက်လုံးဖြင့် မမြင်နိုင်သော လက်ကြီးတစ်ဖက်ပေါ်ပေါက်လာပြီး ဝမ်ပေါင်လဲ့အား ဖိနှိပ်ချုပ်တည်းထားလိုက်သကဲ့သို့ ဖြစ်သွား၏။

ထိုမြင်ကွင်းကြောင့် ကျောက်ယမုန့်နှင့် ခုန်းတောက်တို့မှာ အံ့သြတုန်လှုပ်သွားရ၏။ ပုန်းကွယ်နေကြသည့် လူများမှာလည်း အသက်ရှူသံများ မြန်ဆန်လာကြတော့သည်။ ပြင်ပကမ္ဘာထဲတွင်ရှိနေသည့် ကျယ်ပြန့်တာအိုနန်းတော်မှ ဂိုဏ်းသားများပင်လျှင် ကျိုးချူတောက်၏ အငွေ့အသက်များကို သတိထားမိလိုက်သောအခါ တုန်လှုပ်ချောက်ချားသွားရသည်သာ ဖြစ်သည်။

လူတိုင်းမှာ ထိုကဲ့သို့ အံ့ဩတုန်လှုပ်နေကြစဉ် ဝမ်ပေါင်လဲ့မှာ အော်ဟစ်ရယ်မောကာ ရှေ့သို့လှမ်းလိုက်၏။ သူသည် ယှဉ်ပြိုင်တိုက်ခိုက်ရန်ရောက်လာသည် မဟုတ်ပါလော။ ထို့အပြင် သူသည် အငွေ့အသက်ပိုင်းတွင်လည်း နိမ့်ကျနေမည်မဟုတ်ချေ။ ထို့ကြောင့် သူ၏ ခြေထောက် မြေကြီးပေါ်သို့ ပြန်ကျလာသောအခါတွင် ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ထဲမှလည်း အလွန်အင်မတန်မှ အားကောင်းသည့် တိုက်ခိုက်လိုစိတ်များ ထွက်ပေါ်လာတော့သည်။

ထိုကဲ့သို့ တိုက်ခိုက်လိုစိတ်များ ထွက်လာသောအခါ ဝမ်ပေါင်လဲ့မှာ သူ၏ ညာဘက်လက်သီးကို ဆုပ်ပြီးသွားပြီဖြစ်သည်။ ထို့နောက် သူ၏ အပြင်ခန္ဓာကိုယ်စွမ်းအား၊ လျှပ်စီးအမြုတေစွမ်းအားနှင့် အမှောင်အမြုတေစွမ်းအားများ အားလုံးမှာ တစ်ပြိုင်နက်တည်း ထွက်ပေါ်လာကြပြီး အတူတကွ ပေါင်းစည်းသွားကြတော့သည်။ ထို့နောက် ၎င်းမှာ ဝမ်ပေါင်လဲ့၏ တိုက်ခိုက်လိုစိတ်များနှင့် တစ်သားတည်း ဖြစ်သွားသောကြောင့် ထိုအခိုက်အတန့်တွင် သူ၏ စိတ်ဆန္ဒနှင့် ကျင့်ကြံခြင်းစွမ်းအားများမှာ ထပ်တူကျသွားတော့သည်။

ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ထို ထပ်တူကျမှု အဆင့်ပေါ် မူတည်၍ သူ၏ သာမန် စွမ်းအားများထက် ပို၍အားကောင်းသော စွမ်းအားများကို ထုတ်လွှတ်နိုင်တော့မည်ဖြစ်သည်။

အကယ်၍ ကျိုးချူတောက်၏ အငွေ့အသက်များအား အားကောင်းသော လှိုင်လုံးကြီးများအဖြစ် ဖော်ပြမည်ဆိုပါက ဝမ်ပေါင်လဲ့မှာမူ လှိုင်းတံပိုးများ မည်မျှပင် အားကောင်းနေစေကာမူ ယိုယွင်းပျက်စီးသွားခြင်းမရှိသော သန္တာကျောက်တန်းကြီးတစ်ခုကဲ့သို့ ဖြစ်နေပြီ ဖြစ်သည်။

သို့သော် ဝမ်ပေါင်လဲ့အား ထိုသန္တာကျောက်တန်းကြီးအဖြစ် ဖော်ပြခြင်းမှာ လုံလောက်မှု မရှိသေးသည့်ပုံပင်။ အဘယ်ကြောင့်ဆိုသော် ဝမ်ပေါင်လဲ့မှာ သူ၏ အငွေ့အသက်များကို ထုတ်လွှတ်ကာ သူ၏ခြေထောက်အား အောက်သို့ပြန်ချလိုက်ပြီးနောက် သူ့ဆီသို့ အရှိန်အဟုန်ဖြင့် ဦးတည်ပျံသန်းလာနေသည့် လေထဲရှိ ကျိုးချူတောက်အား ညာဘက်လက်သီးဖြင့် လှမ်းထိုးလိုက်သောကြောင့်ဖြစ်ပေသည်။

၎င်းမှာ ဆွေ့ရှင်းပေါင် ဖြစ်၏။

ထို လက်သီးချက်၏ ပြင်းအားမှာ ထပ်တူကျမှုကြောင့် ဆယ်ရာခိုင်နှုန်းတိတိ ပို၍ အားကောင်းနေ၏။

အဖြစ်အပျက်အားလုံးမှာ မြန်ဆန်လွန်းနေ၏။ မျက်စိတစ်မှိတ်အတွင်းတွင် သူတို့နှစ်ယောက်မှာ တစ်ယောက်နှင့်တစ်ယောက် ထိသွားကြသည်။ သူတို့၏ အငွေ့အသက်များနှင့် စိတ်ဆန္ဒများမှာ အားပြိုင်နေကြခြင်းဖြစ်သောကြောင့် အရပ်မျက်နှာအနှံ့တွင် ပေါက်ကွဲသံအကျယ်ကြီးများ ပဲ့တင်ထပ်နေကြတော့သည်။ ထိုအခိုက်အတန့်တွင် သူတို့နှစ်ယောက်၏ အားပြိုင်မှုကြောင့် ပေါ်ပေါက်လာသော တုန်ခါမှုလှိုင်းများမှာ သူတို့နှစ်ယောက်၏ ကြား၌ ပေါက်ကွဲသွားသဖြင့် ပြင်းအားတစ်မျိုးမှာ အရပ်မျက်နှာအနှံ့သို့ ပြန့်ထွက်သွား၏။ ဝမ်ပေါင်လဲ့မှာ ထိုပြင်းအားများကို သတိထားမိလိုက်သောအခါ အော်ဟစ်ရယ်မောကာ ကြိမ်းဝါးလိုက်၏။

” ကျိုးချူတောက်။ ငါ မင်းကို လက်သီးချက် ငါးချက်ထဲနဲ့ အနိုင်ယူပြမယ်။ ဒါ ပထမလက်သီးချက်ပဲ။ အခု … ဒုတိယလက်သီးချက် လာပြီ ” ဝမ်ပေါင်လဲ့မှာ ထိုသို့ကြိမ်းဝါးလိုက်ပြီးနောက် သူ၏ မျက်ဝန်းများထဲရှိ တိုက်ခိုက်လိုစိတ်များမှာ ပို၍ပင် ကြောက်မက်ဖွယ်ရာ ကောင်းလာတော့သည်။ သူ၏ ဆံပင်များမှာလည်း လေထဲတွင် တလူလူလွင့်နေသဖြင့် သူ၏ ပုံစံမှာ မည်သည့်အရာကိုမဆို လွှမ်းမိုးခြယ်လှယ်နိုင်စွမ်း ရှိနေသည့်ပုံ ပေါက်နေ၏။ သူသည် ကျိုးချူတောက်အား လက်ရည်တူတစ်ယောက်ကဲ့သို့ သဘောထားကာ ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်ရဲနေသည်မဟုတ်ပါလော။

ဝမ်ပေါင်လဲ့မှာ ထိုသို့ဆိုလိုက်ပြီးနောက် ရှေ့သို့ အရှိန်ဟုန်ဖြင့် ပြေးထွက်သွားလိုက်၏။ သူသည် ကြယ်ပျံတစ်လုံးကဲ့သို့ ပြောင်းလဲသွားပြီး အလွန်အင်မတန်မှ အားကောင်းသော အငွေ့အသက်တစ်ခုဖြင့် ကျိုးချူတောက်ဆီသို့ ဦးတည်လာနေပြီ ဖြစ်သည်။ ထို့အပြင် သူသည် တဖြည်းဖြည်းနှင့် ပို၍မြန်လာသောကြောင့် ဟင်းလင်းပြင်ကြီးများကိုပင် ထိုးခွင်းကာ တရွှီးရွှီးမြည်သံများ ထွက်ပေါ်လာတော့မည့်အလား ဖြစ်နေတော့သည်။ သူ ကျိုးချူတောက်၏ အနီးသို့ ရောက်သွားချိန်တွင် သူ၏ လက်သီးဖြင့် ထိုးနှက်လိုက်သောကြောင့် တိမ်တိုက်များမှာ အသွင်ပြောင်းလဲသွားရတော့သည်။

ထိုလက်သီးချက်၏ ပြင်းအားမှာ ထပ်တူကျမှုကြောင့် သုံးဆယ်ရာခိုင်နှုန်းတိတိ ပို၍အားကောင်းနေ၏။

” မင်းရဲ့ ဗျူဟာတွေကို အခုလို ထုတ်ပြောနေတာ စိတ်ဝင်စားစရာပဲ။ တကယ်လို့ မင်းပြောတဲ့အတိုင်း ဖြစ်လာအောင်လုပ်နိုင်မယ်ဆိုရင် မင်း ဘယ်လောက်အထိ အစွမ်းထက်သလဲဆိုတာကို လူတွေသိသွားမှာပါ။ အဲတာမလို့ မင်း ငါ့ကို အသုံးချပြီးတော့ မင်းရဲ့အစွမ်းအစတွေကို ထုတ်ပြနိုင်မလား ဒါမှမဟုတ် မအောင်မြင်ဘဲ ကျရှုံသွားမလားဆိုတာ ကြည့်ကြတာပေါ့ကွာ ”

ကျိုးချူတောက်မှာ မျက်လုံးများအရောင်လက်သွား၏။ သူ၏ မျက်ဝန်းများထဲတွင် အထင်သေးသည့် အရိပ်အယောင်များ ရှိမနေတော့ပေ။ သူ၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာသည့် အငွေ့အသက်များမှာ စကားလုံးများနှင့် ဖော်ပြ၍မရနိုင်လောက်အောင် စူးရှနေ၏။ ထို့ကြောင့်လည်း ဒူဂူလင်းမှာ သူ့အား အထင်ကြီးနေရခြင်းဖြစ်သည်။

ကျိုးချူတောက်မှာ ထိုသို့ဆိုလိုက်ပြီးနောက် ညာဘက်လက်ကိုမြှောက်ကာ မန္တန်လက်ကွက်တစ်ခုဖော်လိုက်ပြီး လက်ညှိုးထိုးလိုက်၏။ ထိုအခါ သူ၏ လက်ညှိုးထဲမှ ခရမ်းရောင် မီးလုံးတစ်လုံး ထွက်ပေါ်လာသည်။ ၎င်းမှာ ချက်ချင်းဆိုသလိုပင် မီးပင်လယ်တစ်စင်း အဖြစ်ပြောင်းလဲသွားပြီး သူ၏ ပတ်ပတ်လည်၌ ဝန်းရံသွား၏။ ဝမ်ပေါင်လဲ့၏ လက်သီးချက် ကျရောက်လာသောအခါ ကျိုးချူတောက်၏ ပတ်ပတ်လည်တွင် ရှိနေသော မီးပင်လယ်ကြီးမှာ ဧရာမ မီးသားရဲကြီးတစ်ကောင်၏ ဦးခေါင်းခွံကြီးတစ်ခုအဖြစ် ပြောင်းလဲသွားတော့သည်။

ထိုသားရဲကြီးမှာ ပြည်ထောင်စုကြီး၏ ရှေးခေတ်ဒဏ္ဍာရီများထဲတွင် ဖော်ပြထားသော သတ္တဝါကြီးတစ်ကောင်နှင့် တူပေသည်။ ၎င်းမှာ ဝမ်ပေါင်လဲ့ဆီသို့ အရှိန်အဟုန်ဖြင့် ပြေးလာပြီး သူ၏ ဒုတိယမြောက် လက်သီးချက်နှင့် ရိုက်ခတ်သွားသဖြင့် အုန်းခနဲအသံကျယ်ကြီးတစ်သံ ထွက်ပေါ်လာတော့သည်။

ထိုအခါ အရပ်မျက်နှာအနှံ့တွင် ပဲ့တင်သံများ ထပ်သွား၏။ ဝမ်ပေါင်လဲ့မှာ တဆတ်ဆတ် တုန်ရီသွားရသလို သူ၏ ခန္ဓာကိုယ်ထဲရှိ သွေးချီများမှာလည်း ဆူပွက်လာတော့သည်။ တစ်ချိန်ထဲမှာပင် ဧရာမ မီးသားရဲကြီး၏ ဦးခေါင်းခွံမှာလည်း တစ်စစီ ကြေမွသွားသဖြင့် ကျိုးချူတောက် ပြန်ပေါ်လာ၏။ သူ၏ မျက်ဝန်းများထဲတွင် တိုက်ခိုက်လိုစိတ်များဖြင့် ပြည့်နှက်နေသလို သူ၏ သွေးချီများမှာလည်း ဆူပွက်နေဆဲပင်။ ထိုအချိန်တွင် သူသည် မန္တန်လက်ကွက်များဖော်ကာ အော်ဟစ်လိုက်၏။

” ဟင်းလင်းပြင်ဆူးချွန် ” ကျိုးချူတောက်မှာ ထိုသို့ အော်ဟစ်လိုက်ပြီးနောက် မျက်လုံးများ အရောင်လက်သွားပြီး သူ၏လက်ကို ဝှေ့ယမ်းလိုက်၏။ ထိုအခါ ဝမ်ပေါင်လဲ့၏ ပတ်ပတ်လည်တွင် အက်ကွဲကြောင်းကိုးခု ပေါ်ပေါက်လာပြီး ခရမ်းရောင် ဆူးချွန်ကိုးခုအသွင် ပြောင်းလဲသွားသည်။ ထို့နောက် ၎င်းတို့မှာ ဝမ်ပေါင်လဲ့အား ထုတ်ချင်းပေါက် ထိုးဖောက်သွားတော့မည့်အလား သူ့ဆီသို့ အရှိန်အဟုန်ဖြင့် ဦးတည်သွားကြတော့သည်။

ထို ဆူးချွန်တစ်ခုချင်းစီတိုင်းမှာ နှောင်းပိုင်း အမြုတေအဆင့် စွမ်းအားများကို ထုတ်လွှတ်နေကြ၏။ ထိုဆူချွန်ကိုးခု၏ စုပေါင်းစွမ်းအားမှာ အားကောင်းလွန်းလှသောကြောင့် မည်သည့် နှောင်းပိုင်း အမြုတေအဆင့် ကျင့်ကြံသူကိုမဆို ဖိနှိပ်ချုပ်တည်းနိုင်စွမ်း ရှိပေသည်။ အမြုတေထိပ်ဆုံးအဆင့်၌ ရှိနေသည့်လူများပင်လျှင် ၎င်းတို့ကြောင့် အံ့ဩတုန်လှုပ်သွားရမည်သာ ဖြစ်သည်။

ကျိုးချူတောက်မှာ ဟင်းလင်းပြင်ဆူးချွန်ပညာရပ်အား ထုတ်သုံးပြီးသွားသည့်တိုင်အောင် ရပ်တန့်သွားခြင်းမရှိပေ။ သူသည် ဝမ်ပေါင်လဲ့၏ အနီးသို့ ချက်ချင်းပင်ရောက်ရှိသွားပြီး မီးရောင်တောက်နေသော သူ၏လက်ညှိုးဖြင့် ဝမ်ပေါင်လဲ့၏ နဖူးအား ထိုးလိုက်၏။

ဝမ်ပေါင်လဲ့မှာ ၎င်း၏ ပြင်းအားကို အာရုံခံမိလိုက်ပါသော်လည်း နောက်သို့ဆုတ်ခွာသွားခြင်းမရှိပေ။ သူသည် နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာကိုပင် ထုတ်သုံးခြင်းမရှိသေးပေ။ ကျိုးချူတောက် ပြောထားသည့်အတိုင်းပင်။ သူသည် ကျိုးချူတောက်အား အနိုင်ယူရုံတင်မဟုတ်ဘဲ ဤတိုက်ပွဲအား အသုံးချကာ သူ့ကိုယ်သူ တိုးတက်လာအောင်လုပ်ရန် လိုအပ်ပေသည်။

ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ သူ၏ ညာဘက်လက်ကိုဝှေ့ယမ်းကာ ဖဲကြိုးတစ်ချောင်းကို ထုတ်ယူလိုက်သည်။ ထိုအခါ ၎င်းမှာ သူ၏ ပတ်ပတ်လည်တွင် လည်ပတ်နေရင်း ဆူးချွန်ကိုးခုအား တားဆီးပေးလိုက်၏။ ထို့နောက် ဝမ်ပေါင်လဲ့မှာ သူ၏ ညာဘက်လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ကာ ရှေ့သို့ ပြေးထွက်လာတော့သည်။ သူ၏ နှုတ်မှလည်း မိုးခြိမ်းသံကဲ့သို့သော စကားသံကြီးတစ်သံ ထွက်ပေါ်လာ၏။

” တာအိုရောင်းရင်းကျိုး။ ဒါက… တတိယမြောက် လက်သီးချက်ပဲ “

Comment

Leave a Reply

Options

not work with dark mode
Reset