ခြင်ဆယ်ကောင်မှာ မကြာသေးမီတုန်းက ထိုနေရာတစ်ဝိုက်တွင် ဖြန့်ကျက်နေရာယူထားကြ၏။ ကျိုးဖေ စတင်ပေါ်ပေါက်လာခဲ့သည့် အချိန်ကတည်းက ဝမ်ပေါင်လဲ့မှာ သူတို့နှစ်ယောက်ကြားရှိ စွမ်းအားခြားနားမှုမှာ သိသိသာသာ ကြီးမားနေကြောင်းကို လေ့လာသိရှိထားပြီးသား ဖြစ်သည်။ သူသည် ကျိုးဖေကို သတ်နိုင်ခြေ ရှိပါသော်လည်း အောင်မြင်နိုင်မည့် ရာခိုင်နှုန်းမှာ အလွန်အင်မတန်မှ နည်းပါး၏။
ထို့ကြောင့် သူသည် အစီအစဉ်တကျ ပြင်ဆင်ထားခဲ့ပြီး အခွင့်အရေးရသည်နှင့် သူ့အား သတ်ဖြတ်နိုင်ရန် ကြိုးစားမည်ဖြစ်သည်။ အကယ်၍ သူ့အား မသတ်နိုင်လျှင်တောင် အနည်းဆုံးတော့ ခြောက်လှန့်၍ အဝေးသို့မောင်းထုတ်ပစ်ရန် လိုအပ်ပေသည်။
ထိုအချက်များကြောင့် သူသည် ခြင်များကို ထုတ်လွှတ်ကာ တိုက်ခိုက်ခဲ့ခြင်း မရှိဘဲ နတ်ဘုရားရတနာများကိုသာ အာရုံလွှဲစရာတစ်ခုအဖြစ် အသုံးပြုကာ သူ၏ ဓမ္မလက်နက်ဖြင့် အငိုက်ဖမ်း၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ထို့အပြင် သူသည် ရန်သူကိုခြောက်လှ့န်နိုင်ရန်နှင့် သူ၏ အစွမ်းများကို ယာယီမြှင့်တင်ပြီး နောက်ဆုံးတိုက်ကွက်ကို ပြီးမြောက်အောင် အသုံးပြုနိုင်ရန်အတွက် မန္တန်၏ အစပိုင်းကိုပင် စိတ်ထဲတွင်ကျိတ်၍ ရေရွတ်ခဲ့သေးသည်။
တချိန်တည်းမှာပင် သူသည် သူ၏အကြံအစည် မအောင်မြင်ပဲ ပျက်ပြားသွားခဲ့ရမည်ဆိုလျှင် အရန်အနေနှင့် သုံးနိုင်မည့် အစီအစဉ်တစ်ခုကိုလည်း ရေးဆွဲထားခဲ့၏။ ၎င်းမှာ ထိုခြင်များပင် ဖြစ်သည်။
ဝမ်ပေါင်လဲ့မှာ မိုးသစ်တောနှင့် သားရဲလှိုင်းတို့ထဲတွင်သာမက ကူးလောင်ချိုင့်ဝှမ်းထဲ၌ပါ ကြုံတွေ့ခဲ့ရသော အတွေ့အကြုံများကြောင့် ပိုမိုရက်စက်ကြမ်းကြုတ်လာပြီဖြစ်သလို သူ၏တိုက်ကွက်နှင့် ဗျူဟာများမှာလည်း ပို၍စေ့စပ်တိကျလာပြီဖြစ်သည်။ ခြင်များ အောင်မြင်နိုင်စေရန်အတွက် သူသည် အံကြိတ်ကာ နောက်သို့ လျင်မြန်စွာဆုတ်ခွာသွားလိုက်ပြီး ကျိုးဖေအား အာရုံများသွားအောင် လုပ်လိုက်သည်။
ကျိုးဖေတစ်ယောက် ခေါင်းမော့လာပြီး ဝမ်ပေါင်လဲ့ရှိရာဘက်သို့ ကြည့်လိုက်သည့်အချိန်မှာပင် ခြင်ဆယ်ကောင်မှာ ချက်ချင်းဆိုသလို ပျံသန်း ရောက်ရှိလာကြ၏။ ထို့နောက် ကျိုးဖေမှာ ရုတ်တရက်ဆိုသလို နာကျည်းစွာ အော်ဟစ်မြည်တမ်းလိုက်ရတော့သည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံး ဖူးရောင်လာပြီး ပြင်းပြသောဝေဒနာများနှင့် စကားလုံးများနှင့်ပင် ဖော်ပြ၍မရနိုင်သည့် ယားယံမှုတို့ကြောင့် သူသည် ရူးသွပ်လုမတတ် ဖြစ်နေရတော့သည်။ ထိုအချိန်တွင် သူ၏ခန္ဓာကိုယ်မှာ တုန်ရီသွားပြီး အခြေတည်အဆင့် စွမ်းအင်တစ်မျိုးကို ရုတ်တရက်ဆိုသလို ထုတ်လွှတ်လိုက်သဖြင့် ၎င်းမှာ အပြင်ဘက်သို့ ပျံ့နှံ့သွားတော့သည်။
ထိုစွမ်းအင်ကြောင့် ခြင်ကိုးကောင်မှာ တစ်စစီကြေမွ ပျက်စီးသွား၏။ ထူးဆန်းသည်မှာ မီးခိုးရောင်ခြင်ကြီးမှာမူ အကောင်းအတိုင်း ကျန်ရှိနေဆဲဖြစ်ပြီး ရှေ့သို့ဆက်၍ ပျံသန်းလာ၏။ ၎င်းမှာ ကျိုးဖေ၏ လက်မောင်းအား အားပါပါ ကိုက်လိုက်သောအခါ အပြာရောင်အကွက်တစ်ကွက် သူ၏ခန္ဓာကိုယ်အနှံ့အပြားတွင် ချက်ချင်းဆိုသလိုပင် ပျံ့နှံ့သွားတော့သည်။ ကျိုးဖေမှာလည်း ချက်ချင်းဆိုသလိုပင် အထိတ်တလန့်ဖြစ်သွားရ၏။ သူသည် နောက်သို့ချက်ချင်းဆုတ်ခွာသွားကာ သွေးတစ်ပွက်အန်ထွက်လာပြီး သူ၏ခန္ဓာကိုယ်ထဲသို့ ထိုးဝင်နိုင်ရန် အစွမ်းကုန်ကြိုးစားနေသော မီးခိုးရောင်ခြင်ကြီးအား အမှုန့်ချပစ်ရန် ကြိုးစားလိုက်၏။
ဝမ်ပေါင်လဲ့မှာ မျက်လုံးများမှေးကာ နောက်သို့ အလျင်အမြန်ဆုတ်ခွာသွားသော ကျိုးဖေအားအား ငေးကြည့်နေမိတော့သည်။ သူသည် သူ၏နောက်သို့ ပြေးလိုက်မသွားခဲ့ပေ။ ထို့နောက် သူသည် မီးခိုးရောင်ခြင်ကြီးမှလွဲ၍ အခြားခြင်အားလုံးမှာ သူ၏ခန္ဓာကိုယ်ထဲရှိ ဓားအိမ်လေးထဲတွင် ချက်ချင်းဆိုသလိုပင် ပြန်လည်ပေါ်ထွက်လာပြီဖြစ်ကြောင်း အာရုံခံမိလိုက်၏။ မီးခိုးရောင်ခြင်ကြီးမှာမူ ချက်ချင်းပြန်ပေါ်မလာသေးပါသော်လည်း ဓားအိမ်လေးထဲတွင် တဖြည်းဖြည်းနှင့် ပြန်လည်ပေါ်ထွက်လာနေပြီ ဖြစ်ကြောင်း သိနိုင်ပေသည်။ အချိန်အနည်းငယ်ခန့် ကြာမြင့်သွားပြီးလျှင် ၎င်းကို ထပ်၍ အသုံးပြုနိုင်မည် ဖြစ်သည်။
ထိုအခါမှသာ သူသည် စိတ်သက်သာရာရသွားကာ သက်ပြင်းချလိုက်ပြီး နောက်သို့လှည့်ကာ တောအုပ်ထဲသို့ ဝင်သွားလိုက်တော့သည်။
ထိုတိုက်ပွဲကြီးကြောင့် သူသည် သူနှင့် အခြေတည်အဆင့် ကျင့်ကြံသူတစ်ယောက်၏ ကြား၌ ရှိနေသောခြားနားချက်ကြီးကို ကောင်းကောင်းနားလည် သဘောပေါက်သွားတော့သည်။ သူသည် အခြေတည်အဆင့်ကျင့်ကြံသူများနှင့် ယခုမှ ပထမဆုံးအကြိမ်အဖြစ် တိုက်ခိုက်ဖူးခြင်း မဟုတ်သည့်တိုင်အောင် ထိုတိုက်ပွဲမှာ အရေးအပါဆုံး ဖြစ်ပေသည်။ သူ အခြေတည်အဆင့်ကျင့်ကြံသူတစ်ယောက်နှင့် နောက်ဆုံးတိုက်ခိုက်ခဲ့သည့် အချိန်တုန်းက ကျိုးရိဖန်နှင့် ကျောက်ယမုန့်တို့နှင့် ပူးပေါင်းကာ အခြေတည် ထိပ်ဆုံးအဆင့်တွင် ရှိနေသော ဧရာမသစ်ပင်ကြီးနှင့် တိုက်ခိုက်ခဲ့ခြင်း မဟုတ်ပါလော။
သူသည် ဤတိုက်ပွဲကို အနိုင်ရနိုင်ခြေရှိကြောင်း သိရှိထား၏။ သို့သော် သူ့တွင် ရှိနေသော ဓမ္မလက်နက်ကို အာနာပါနအဆင့် ကျင့်ကြံသူတစ်ယောက်က အပြည့်အဝ ကိုင်တွယ်အသုံးချနိုင်မည်မဟုတ်ပေ။ သူသည် ဉာဏ်နီဉာဏ်နက်အားလုံး ထုတ်သုံးကာ မန္တန်ရွတ်ဖတ်၍ ကျိုးဖေအား ထိတ်လန့်သွားအောင် လုပ်နိုင်ခဲ့ပြီး သူ၏ မန္တန်နှင့် နတ်ဘုရားရတနာ နှစ်ခုစလုံးကို ပျက်ပြားသွားအောင် လုပ်နိုင်ခဲ့သည့်တိုင်အောင် သူကိုယ်တိုင်မှာလည်း သူ၏ အခြေတည်အဆင့် အပြင်ခန္ဓာကိုယ်အား မှီခိုအားထား၍ ထိုဓမ္မလက်နက်ကြီးကို အတင်းအဓမ္မ ကိုင်တွယ်အသုံးပြုနေရခြင်းဖြစ်သည်။ သူ၏ ဗျူဟာမှာ အောင်မြင်သွားခဲ့ပါသော်လည်း ပြီးပြည့်စုံခြင်းမရှိသည့်အတွက် သူသည် ကျိုးဖေကို မသတ်နိုင်ခဲ့ပေ။ ထို့အပြင် သူ၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်ခဲ့သည့် တန်ပြန်အားမှာလည်း အင်မတန်မှ ကြီးမားနေ၏။
အကယ်၍ သူသာ ထိုနည်းလမ်းကို သုံးကြိမ်တိတိ ထပ်၍အသုံးပြုလိုက်မည်ဆိုလျှင် အလိုအလျောက် သတိမေ့မျောသွားမည်ဖြစ်ရာ သူ၏ရန်သူမှာ အပင်ပန်းခံနေစရာပင် လိုတော့မည်မဟုတ်ပေ။
” ငါ သူ့ကို သတ်နိုင်ဖို့အတွက် အသက်သေစေနိုင်လောက်တဲ့အထိ ဒဏ်ရာ အပြင်းအထန်ရအောင် စွန့်စားရမှာပဲ ”
ဝမ်ပေါင်လဲ့မှာ တည်ကြည်စွာ တွေးတောလိုက်ပြီး သူ အသုံးပြုနိုင်မည့် နည်းလမ်းအမျိုးမျိုးကို ချင့်ချိန်သုံးသပ်ကြည့်လိုက်သည်။ ထို့နောက် သူသည် ဆေးလုံးတစ်လုံးကို ချက်ချင်းပင် ထုတ်ယူလိုက်ပြီး မျိုချလိုက်၏။ နောက်ဆုံးတွင် သူသည် နောင်တကြီးစွာဖြင့် တောအုပ်ကြီးထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားတော့သည်။
တောအုပ်ထဲတွင် မျက်နှာဖြူဆုတ်နေသော ကျိုးဖေတစ်ယောက်မှာ သူ၏နောက်၌ အလောတကြီးဖြင့် ထွက်ပြေးနေ၏။ ဝမ်ပေါင်လဲ့မှာ သူ၏နောက်သို့ ဆက်လိုက်လာခြင်းမရှိကြောင်း သိလိုက်ရသောအခါ သူသည် အံကြိတ်မိသွားတော့သည်။ အမှန်တွင် သူသည် အပြင်းအထန် ဒဏ်ရာရရှိထားသည့်တိုင်အောင် သူ၏ နောက်သို့ဆုတ်ခွာမှုမှာ ထောင်ချောက်တစ်ခုသာ ဖြစ်သည်။ သူသည် ဝမ်ပေါင်လဲ့အား သူ့ကို လိုက်ဖမ်းအောင် မျှားခေါ်ပြီး ထိုအခွင့်အရေးကို အသုံးပြု၍ ဝမ်ပေါင်လဲ့အား ပြန်လည်တိုက်ခိုက်ရန် ကြံစည်ထားခြင်းဖြစ်သည်။
သူသည် နောက်သို့ဆုတ်ခွာနေရင်း ပြန်လည်တိုက်ခိုက်မည့် ပုံစံများကိုပင် သူ၏အတွေးထဲ၌ ကြိုတင်လေ့ကျင့်ထားပြီးသားဖြစ်သည်။ သို့သော် ဝမ်ပေါင်လဲ့မှာ သူ၏နောက်သို့လိုက်မလာခဲ့ပေ။
” ဉာဏ်များလိုက်တဲ့ မျိုးမစစ်ကောင် ”
ကျိုးဖေမှာ သူ၏ပါးစပ်မှ သွေးများကို သုတ်လိုက်၏။ ထို့နောက် သူ၏ အသက်ရှုနှုန်းကို တည်ငြိမ်အောင်လုပ်လိုက်ပြီး လက်မြှောက်ကာ နဖူးပေါ်ရှိ ဒဏ်ရာကို စမ်းကြည့်လိုက်၏။ ထို့နောက် သူ၏ညာဘက်လက်ပေါ်ရှိ အပြာရောင်အကွက်ကြီးကို ငေးကြည့်ရင်း ရင်ခုန်နှုန်းများမြန်လာရတော့သည်။
၎င်းမှာ အလွန်အင်မတန်မှ ဆိုးရွားသောအဆိပ်တစ်ခုနှင့် တူနေပြီး သူ၏ကျင့်ကြံခြင်းကို အသုံးပြုနေသည့်တိုင်အောင် ၎င်းအား ပျောက်ကင်းသွားအောင် ကုသနိုင်ခြင်းမရှိဘဲ ချုပ်တည်းထားရုံမျှသာ လုပ်နိုင်၏။ သူ၏ လက်မောင်းတစ်ခုလုံး ထုံကျဥ်နေပြီး ရေခဲတမျှအေးစက်နေသောကြောင့် ကျိုးဖေမှာ ထိတ်လန့်တုန်လှုပ်သွားရ၏။
သူသည် အလယ်အလတ် အခြေတည်အဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်နေသည့်တိုင်အောင် အာနာပါနထိပ်ဆုံးအဆင့်သာ ရှိသော ကျင့်ကြံသူတစ်ယောက်ကြောင့် ဒဏ်ရာအပြင်းအထန် ရသွားခဲ့ရ၏။ ထို့အပြင် သူသည် ထိုကျင့်ကြံသူကို သတ်ပင် မသတ်နိုင်ခဲ့ပေ။ ထို့ကြောင့် သူသည် သူ၏နှလုံးသားထဲမှ တဟုန်းဟုန်းတောက်နေသော ဒေါသမီးများကို မျိုသိပ်ထားနိုင်စွမ်း မရှိဘဲ ဖြစ်နေရတော့သည်။ သို့သော် ခဏအကြာတွင် သူ၏မျက်ဝန်းများထဲ၌ ယခင်ကနှင့် လုံးဝမတူတော လောဘစိတ်များ ပေါ်လာပြီး သူသည် အသက်ရှူသံများ မတည်မငြိမ်ဖြစ်လာတော့သည်။
” သူ့ဆီမှာ တကယ့်ကို ဓမ္မလက်နက်တစ်ခု ရှိနေတာပဲဟ ”
ကျိုးဖေမှာ ထိုတိုက်ပွဲကြီးအကြောင်းကို ပြန်လည်တွေးတောရင်း ပို၍ပင် စိတ်လှုပ်ရှားလာတော့သည်။ သူသည် ဓမ္မလက်နက်တစ်ခုမှာ မည်မျှရှားပါးပြီး မည်မျှအထိအဖိုးတန်ကြောင်းကို ကောင်းကောင်းကြီး သိထား၏။ သူ့ဆီမှာပင် ဆဋ္ဌမမြောက် နတ်ဘုရားရတနာတစ်ခုသာ ရှိသည်မဟုတ်ပါလော။ သူသည် ဓမ္မလက်နက်တစ်ခု လိုချင်ခဲ့သည်မှာ နှစ်ပေါင်းမြောက်မြားစွာ ကြာမြင့်နေပြီဖြစ်သည်။ သို့သော် ဓမ္မလက်နက်တစ်ခုမှာ အလွန်အင်မတန်မှစျေးကြီးသောကြောင့် သူသည် မတတ်နိုင်ခဲ့သဖြင့် မပိုင်ဆိုင်ခဲ့ရပေ။
သို့သော် ယခုတွင်မူ ဓမ္မလက်နက်တစ်ခုမှာ အာနာပါနထိပ်ဆုံးအဆင့်တွင် ရှိနေသော ကျင့်ကြံသူတစ်ယောက်၏ လက်ထဲတွင် ပေါ်လာပြီဖြစ်သည်။ သူသည် အစပိုင်းတွင် စိုးထိတ်ကြောက်ရွံ့နေပါသော်လည်း သူ၏ နှလုံးသားထဲရှိ အံ့အားသင့်မှုများနှင့် စိတ်လှုပ်ရှားမှုများမှာ ဖော်ပြ၍မရနိုင်လောက်အောင် ကြီးထွားလာတော့သည်။
ထို့အပြင် သူသည် ထိုဓမ္မလက်နက်၏ အစွမ်းကို မျက်ဝါးထင်ထင် မြင်ခဲ့ရသည်မဟုတ်ပါလော။ ထို့ကြောင့် သူသည် သူခံစားခဲ့ရသည့် ကြောက်ရွံ့မှုများကို ပြန်လည်တွေးတောရင်း ပို၍ ယောဘတက်လာတော့သည်။ ထို ဓမ္မလက်နက်၏ စွမ်းအားကြောင့် ထိုသို့ ကြောက်ရွံ့နေခြင်း ဖြစ်ရမည်ဟု သူက မှတ်ယူလိုက်၏။
” အဲဒါ အနည်းဆုံး အဋ္ဌမအဆင့်ထိရှိတဲ့ ဓမ္မလက်နက်တစ်ခုပဲ ”
” အခု ငါ့အပိုင်ဖြစ်ရမယ် ”
ကျိုးဖေ၏ မျက်ဝန်းများထဲတွင် စိတ်လှုပ်ရှားမှုအရိပ်အယောင်များ ထင်ဟပ်သွား၏။ စစချင်းတွင် သူသည် ဝမ်ပေါင်လဲ့အား နှုတ်ပိတ်ရန် တာဝန်ပေးခံခဲ့ရသောကြောင့် သူ့အား လိုက်ဖမ်းခဲ့ခြင်း ဖြစ်ပါသော်လည်း ယခုတွင်မူ သူ၏ ရည်မှန်းချက်ပန်းတိုင်မှာ ပြောင်းလဲသွားပြီဖြစ်သည်။ သူ၏ အဓိကပန်းတိုင်မှာ ဝမ်ပေါင်လဲ့အား သတ်ဖြတ်ပြီးနောက် သူ၏ ဓမ္မလက်နက်ကို အပိုင်သိမ်းရန်ဖြစ်သည်။
သူသည် ဝမ်ပေါင်လဲ့တစ်ယောက် ထို ဓမ္မလက်နက်ကို ကိုင်စွဲကာ အခြေတည်အဆင့် ကျင့်ကြံသူတစ်ယောက်နှင့် အတိုင်းအတာတစ်ခုအထိ ယှဉ်ပြိုင်တိုက်ခိုက်နိုင်ခဲ့သည့် ပုံရိပ်များကို ပြန်လည်တွေးမိသွားသောအခါ ပို၍ပင် စိတ်လှုပ်ရှားလာ၏။ သို့သော် သူ၏ညာဘက်လက်ပေါ်ရှိ အပြာရောင်အကွက်တစ်ဝိုက်တွင် ခံစားနေရသော အေးစက်စက် ထုံကျဉ်ကိုက်ခဲမှု ဝေဒနာများနှင့် သူ၏ နဖူးပေါ်ရှိ သွေးထွက်နေသော ဒဏ်ရာများကြောင့် ဝမ်ပေါင်လဲ့မှာ ခက်ခက်ခဲခဲ ရင်ဆိုင်တိုက်ခိုက်ရမည့် ပြိုင်ဘက်တစ်ယောက်ဖြစ်ကြောင်း သူက သိထားသည်။ ထို့ကြောင့် သူသည် မျက်လုံးများမှေးကာ ညာဘက်လက်ကိုမြှောက်၍ လုံးဝန်းသော ပုတီးစေ့တစ်လုံးကို ထုတ်ယူလိုက်ပြီး တစ်စစီ ချေမွလိုက်၏။ ထိုအခါ ထူထဲသော အနက်ရောင်မီးခိုးများမှာ ချက်ချင်းဆိုသလိုပင် ကောင်းကင်ပေါ်သို့ ထိုးတက်သွား၏။
ခဏအကြာတွင် တောအုပ်ကြီးထဲရှိ လေးဘက်လေးတန်စလုံးမှ အရိပ်ပေါင်းများစွာ သူ့ဆီသို့ ဦးတည်ပြေးလာကြ၏။ သူတို့မှာ ငါးဆက်မြောက်ကောင်းကင်မျိုးနွယ်စုထဲမှ ကျန်ရှိနေသေးသည့် အာနာပါနထိပ်ဆုံးအဆင့် ကျင့်ကြံသူ တစ်ဒါဇင်ကျော် ဖြစ်သည်။
သူတို့မှာ ရောက်ရှိလာပြီးနောက် ဖရိုဖရဲဖြစ်နေသော ကျိုးဖေအား မြင်လိုက်ရသောအခါ သူတို့အားလုံးမှာ ချက်ချင်းပင် အထိတ်တလန့်ဖြစ်သွားကြ၏။ သို့သော် သူတို့မှာ ကျိုးဖေအား မေးခွန်းတစ်ခုမှ မမေးရဲပေ။
” ဝမ်ပေါင်လဲ့ အပြင်းအထန် ဒဏ်ရာရထားတယ်။ မင်းတို့တွေအားလုံး သူ့ကိုလိုက်ရှာကြ။ သူ့ကိုသတ်နိုင်တဲ့လူကို ငါ ဆုချီးမြှင့်မယ်။ အခြေတည်အဆင့်ကို တက်လှမ်းနိုင်ဖို့အတွက် လိုအပ်တဲ့ အပိုင်းအစအခုနှစ်ဆယ်ကို ချက်ချင်းရစေရမယ်ကွာ ”
ကျိုးဖေက ဖြည်းဖြည်းချင်းဆိုလိုက်၏။ အခြားသူများမှာ သူ၏ စကားကိုကြားလိုက်ရသောအခါ အသက်ရှုနှုန်းများ မြန်လာကြပြီး ချက်ချင်းဆိုသလိုပင် မျက်နှာများ နီရဲသွားကြတော့သည်။ ထို့နောက် သူတို့အားလုံးမှာ အမိန့်နာခံလိုက်ပြီး ကျိုးဖေ လက်ညှိုးထိုးပြသည့်ဘက်သို့ ထွက်သွားကြတော့သည်။
ကျိုးဖေကမူ သူတို့နောက်မှလိုက်လာ၏။ သူသည် သူ၏ရှေ့တွင်ရှိနေသော ကျင့်ကြံသူ တစ်ဒါဇင်ကျော်ကို ကြည့်လိုက်၏။ သူ၏ မျက်ဝန်းများထဲတွင် အေးတိအေးစက်နှင့် အထင်သေးသော အရိပ်အရောင်များ ပြည့်နှက်နေ၏။
သူတို့၏ တစ်ခုတည်းသောတာဝန်မှာ ဝမ်ပေါင်လဲ့အား မောပန်းနွမ်းနယ်သွားအောင် လုပ်ရန်ဖြစ်သည်။ အကယ်၍ သူတို့မှာ ဝမ်ပေါင်လဲ့အား ထိုဓမ္မလက်နက်ကို ထပ်၍ အသုံးပြုအောင် ဖိအားပေးနိုင်မည်ဆိုပါက ပို၍ပင်ကောင်းပေသည်။
သူတို့မှာ ဝမ်ပေါင်လဲ့အား မောပန်းနွမ်းနယ်သွားအောင် လုပ်နိုင်မည်ဆိုလျှင် သူသည် ဝမ်ပေါင်လဲ့အား အလွယ်တကူသတ်ဖြတ်ကာ သူ၏ ဓမ္မလက်နက်ကို သိမ်းပိုက်နိုင်မည်ဖြစ်သည်။ အကယ်၍ တိုက်ပွဲထဲတွင် ကျသွားခဲ့ခြင်းမရှိဘဲ သူ ပိုင်ဆိုင်ထားသော ဓမ္မလက်နက်အကြောင်းကို သိရှိသွားမည့် လူအချို့ရှိနေလျှင်လည်း သူသည် သူတို့ကိုသတ်၍ ရေငုံနှုတ်ပိတ်ကာ သူတို့၏ သေဆုံးမှုများကို ဝမ်ပေါင်လဲ့ပေါ်သို့ ပုံချလိုက်ရုံပင်။ ထိုအစီအစဉ်မှာ ခြောက်ပြစ်သလဲ ကင်းစင်နေ၏။
ကျိုးဖေမှာ ထိုသို့တွေးတောရင်း သူ၏မျက်ဝန်းများထဲရှိ လောဘစိတ်များနှင့် စိတ်လှုပ်ရှားမှုအရိပ်အယောင်များမှာ ပို၍ပင်တောက်ပလာတော့သည်။ ထို့နောက် သူသည် တခြားသူများနှင့်အတူ တောအုပ်ကြီးထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားတော့သည်။
တောနက်ကြီးထဲရှိ တစ်နေရာတွင် ဝမ်ပေါင်လဲ့မှာ အပြင်းအထန် ဒဏ်ရာရထားပြီး အသက်ရှူနှုန်းများ လေးလံနေ၏။ အပြင်းထန်ဆုံးဒဏ်ရာမှာ ဓမ္မလက်နက်အား အသုံးပြုရာမှ ပြန်ကန်ထွက်လာသော ပြင်းအားကြောင့် ရရှိခဲ့ခြင်းဖြစ်သည်။ သူသည် တစ်ရာရာခိုင်နှုန်းအထိရှိသော ဝိညာဥ်သွေးကြောများကို ပိုင်ဆိုင်ထားပြီး မမလေး သင်ကြားပေးခဲ့သော ဖိသိပ်ခြင်းပညာရပ်အား လေ့ကျင့်ထားခဲ့သောကြောင့်သာ သူ၏ကျင့်ကြံခြင်းမှာ သာမန် အာနာပါနထိပ်ဆုံးအဆင့်ထက် အများကြီးပို၍ သာလွန်နေရခြင်းဖြစ်သည်။ အကယ်၍ ထိုသို့သာမဟုတ်ပါက ထိုပြန်ကန်ထွက်လာသော ပြင်းအားများမှာ ပို၍ပင်ပြင်းထန်နေမည်ဖြစ်သည်။
ကံကောင်းသည်မှာ သူသည် မှော်လမ်းကြောင်းမြူခိုးများကို သာမန်လူတစ်ယောက်ထက် အများကြီးပို၍ နားလည်နေခြင်းပင်။ သူသည် ရှေ့သို့ချီတက်ကာ အဆက်မပြတ် ရှာဖွေနေသောကြောင့် အစပိုင်းတွင် ခပ်ပါးပါးသာ ကြုံခဲ့ရသော မြူခိုးအမျှင်အတန်းလေးများမှာ သူ ရှေ့သို့ဆက်လက် ချီတက်လာသည့်နှင့်အမျှ ပိုမိုထူထဲများပြားလာတော့သည်။ ထိုအချိန်တွင် သူ၏ ပတ်ပတ်လည်၌ ဖြန့်ကြက်ထားသော ခြင်များ၏ အမြင်အာရုံများမှတစ်ဆင့် ငါးဆက်မြောက် ကောင်းကင်မျိုးနွယ်စုမှ အာနာပါန ထိပ်ဆုံးအဆင့် ကျင့်ကြံသူများကို လှမ်း၍မြင်လိုက်ရသည်။
” ဒီကောင်တွေက လက်ကိုမလျှော့ပါလား ”
ဝမ်ပေါင်လဲ့မှာ မျက်မှောင်ကြုတ်လိုက်၏။ သူသည် သူတို့အား လျစ်လျူရှုလိုက်ပြီး အရှိန်တင်ကာ မှော်လမ်းကြောင်းမြူခိုးပေါ်ပေါက်လာမည့် နယ်မြေ၏ အလယ်ဗဟိုဆီသို့ ရောက်ရှိသွား၏။ ထို့နောက် သူသည် ဘေးပတ်ဝန်းကျင်ကို အကဲခတ်လေ့လာလိုက်ပြီးနောက် နောက်သို့ ချာခနဲလှည့်လာ၏။ သူသည် ထွက်ပြေးခြင်းမရှိဘဲ သူ၏ညာလက်ကိုမြှောက်ကာ သူ၏ သတ္တမအဆင့် ဓမ္မလက်နက်ဖြစ်သော ဓားရှည်ကြီးကို ဆွဲထုတ်လိုက်သည်။ ထို့နောက် ထိုဓားရှည်ကြီးကို ဝှေ့ယမ်း၍ မြေပြင်ပေါ်တွင် ကိုက်ငါးဆယ် အချင်းဝက်ရှိသော စက်ဝိုင်းတစ်ခုကို ရေးဆွဲလိုက်သည်။
သူသည် ဓမ္မလက်နက်အား သူ၏လက်ထဲ၌ ဆုပ်ကိုင်ကာ ထိုစက်ဝိုင်း၏ အလယ်ဗဟိုတွင် မလှုပ်မယှက်ရပ်နေပြီး ခပ်လှမ်းလှမ်းရှိ တောအုပ်ကြီးအား အေးစက်စက်စိုက်ကြည့်နေ၏။ ခဏအကြာတွင် အရိပ်များစွာ ပြေးထွက်လာကြပြီး ဝမ်ပေါင်လဲ့အား ဝိုင်းထားလိုက်ကြတော့သည်။
” ဒီ စက်ဝိုင်းထဲကို ဝင်တဲ့ကောင် အသေပဲ ”
ဝမ်ပေါင်လဲ့မှာ သူ၏ ပတ်ပတ်လည်ရှိ လူများကို အေးစက်စက် စိုက်ကြည့်နေလိုက်၏။ သူသည် သူ၏ဓားရှည်ကို ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားပြီး ဓားသွားထိပ်ကို မြေပြင်ဆီသို့ ချိန်ရွယ်ထား၏။ သူ၏လေသံမှာမူ ပေါ့ပေါ့ပါးပါးပင်။
ထိုအချိန်တွင် သူ၏ အနည်းငယ်ခန့် လုံးဝန်းနေသောခန္ဓာကိုယ်ထဲမှ အားပြင်းသော သတ်ဖြတ်လိုစိတ်များ ထွက်ပေါ်လာ၏။ ထို့နောက် သူ၏ ပတ်ပတ်လည်တွင် အနက်ရောင်လေဆင်နှာမောင်းကြီးတစ်ခု ဝန်းရံသွားပြီး အရှိန်အဟုန်ပြင်းစွာ စုဝေးလာနေသော မြူခိုးများကို ဖုံးလွှမ်းသွား၏။ ထို အနက်ရောင် လေဆင်နှာမောင်းထဲတွင် ရက်စက်ကြမ်းကြုတ်သော ဧရာမ မိကျောင်းကြီးတစ်ကောင် ခိုအောင်းနေ၏။
ဝိညာဉ်စွမ်းအင်များမှာလည်း အရှိန်အဟုန်ပြင်းစွာ ထွက်ပေါ်လာပြီး ကောင်းကင်ပေါ်သို့ ထိုးတက်သွားကြ၏။ လေထုထဲတွင် သေမင်းအငွေ့အသက်များဖြင့် ပြည့်နှက်နေပြီး ဝမ်ပေါင်လဲ့၏ စကားလုံးများနှင့်အတူ အေးစက်စက်နှင့် ကရုဏာစိတ်ကင်းမဲ့သော အငွေ့အသက်တစ်ခု ပျံ့နှံ့ထွက်ပေါ်လာ၏။ သူ့အား ဝိုင်းထားကြသူများမှာ ပတ်ဝန်းကျင်ကြီးတစ်ခုလုံး ရုတ်ချည်းဆိုသလို အေးစိမ့်သွားသည်ကို ခံစားလိုက်ရ၏။
သူ၏ စကားလုံးများအပြင်၊ သူ၏ သွေးစွန်းနေသော အဝတ်အစားများနှင့် ထိတ်လန့်တုန်လှုပ်ဖွယ်ရာ စွမ်းအားများ ကိန်းအောင်းနေသည့် သူ၏ အေးစက်စက် အကြည့်များကြောင့် သူ၏စကားကိုကြားလိုက်ရသော ကျင့်ကြံသူအားလုံးမှာ လိပ်ပြာလွင့်လုမတတ် ကြောက်ရွံ့တုန်လှုပ်သွားကြတော့သည်။ သူ၏စကားများမှာ သေမင်းနတ်ဘုရား၏ သတိပေးသံတစ်သံကဲ့သို့ပင်။
ဝမ်ပေါင်လဲ့၏ ပတ်ပတ်လည်ရှိ ကျင့်ကြံသူများမှာ တဖြည်းဖြည်းနှင့် အသက်ရှူသံများ လေးလံလာကြတော့သည်။ သူတို့အားလုံးမှာ သတိကြီးကြီးထားနေကြပြီး သူ့ဆီသို့ ချက်ချင်းလက်ငင်း ချဉ်းကပ်သွားခြင်း မရှိပေ။ ထိုစက်ဝိုင်းကြီးနှင့် ထိုစက်ဝိုင်းကြီး၏ အလယ်တွင်ရပ်နေသော လူပုဂ္ဂိုလ်တို့မှာ သူတို့အား အကြီးအကျယ် ထိတ်လန့်တုန်လှုပ်သွားစေခဲ့သည် မဟုတ်ပါလော။ သူတို့မှာ တုံးအ,သူများ မဟုတ်ကြပေ။ ကျိုးဖေနှင့် တိုက်ခိုက်ပြီး အသက်ရှင်လျက် ရှိနေသေးသည့်လူမှာ ငပျော့လေးတစ်ယောက် လုံးဝမဖြစ်နိုင်ပေ။
ထို့ကြောင့် တောအုပ်ကြီးထဲတွင် စက်ဝိုင်းအလယ်ရှိ ဝမ်ပေါင်လဲ့ဖြစ်စေ၊ ၎င်း၏ ပတ်ပတ်လည်တွင် ဝိုင်းထားကြသော ကျင့်ကြံသူများဖြစ်စေ သူတို့အားလုံးမှာ တဖြည်းဖြည်းနှင့် ငြိမ်ကျသွားကြ၏။ ထိုနေရာတစ်ခုလုံးမှာ တိတ်ဆိတ်ငြိမ်သက်လွန်းနေသောကြောင့် အသက်ရှူသံများကိုပင် ကြားနိုင်ပေသည်။