ခြင်များ၏ မြင်ကွင်းအကူအညီကြောင့် ဝမ်ပေါင်လဲ့သည် တောအုပ်ထဲတွင် သေမင်းတစ်ပါးနှယ် လျင်မြန်စွာသွားလာနေပြီး သူ၏မျက်လုံးများသည်လည်း နေရာအနှံ့ကို မြင်နေရသကဲ့သို့ ဖြစ်နေလေသည်။ သူ၏ရန်သူများသည် သူ့ကိုသတိပင်မပြုမိကြဘဲ ခြင်များ၏ အကိုက်ကိုခံခဲ့ရလေသည်။
ဝမ်ပေါင်လဲ့၏ ထိန်းချုပ်မှုအောက်တွင် ခြင်များသည် ငါးဆက်မြောက် ကောင်းကင်မျိုးနွယ်မှ ကျင့်ကြံသူများကို အုံလိုက်ကျင်းလိုက် ဝိုင်းကိုက်ကြ၏။ ထိုကျင့်ကြံသူများသည် ပြင်ထန်သောနာကျင်မှုများကို ခံစားရသဖြင့် အချက်ပြရန်ပင် အချိန်မရခဲ့ပေ။ သူတို့သည် ရုတ်တရက်ထွက်ပေါ်လာတတ်သောဝမ်ပေါင်လဲ့၏ သတ်ဖြတ်မှုကို ခံခဲ့ရလေသည်။
မီးခိုရောင်ခြင်သည် လွန်စွာအစွမ်းကြီးပေသည်။ ထိုခြင် မည်မျှအစွမ်းကြီးကြောင်းကို သိသွားသောအခါ ဝမ်ပေါင်လဲ့သည် ၎င်းကို ၎င်းဘာသာလှုပ်ရှားခိုင်းလိုက်သည်။ ဝမ်ပေါင်လဲ့၏ လေ့လာချက်များအရ မီးခိုးရောင်ခြင်အကိုက်ခံရသော ကျင့်ကြံသူများသည် လျင်မြန်စွာ ပြာနှမ်းလာပြီး သေဆုံးသွားကြသည်သာ ဖြစ်သည်။ သူတို့သည် ရေခဲတုံးတစ်တုံးအဖြစ် ပြောင်းလဲသွားသကဲ့သို့ပင်။ မီးခိုးရောင်ခြင်သည် သူတို့ မျက်ခုံးနှစ်ခုကြားရှိ နဖူးပြင်မှ ထိုးဖောက်ထွက်လာသည့်အခါတိုင်း ယခင်ကထက် ပို၍အစွမ်းကြီးလာသည်ဟု ထင်ရပေသည်။
မီးခိုးရောင်ခြင်၏ အကူအညီကြောင့် ဝမ်ပေါင်လဲ့သည် ကျားအတောင်ပံတပ်ပေးလိုက်သကဲ့သို့ ဖြစ်လာလေတော့သည်။ သူသည် တစ်နာရီမပြည့်ခင်မှာပင် သူ့နောက်သို့လိုက်လာသည့် ငါးဆက်မြောက် ကောင်းကင်မျိုးနွယ်မှ ကျင့်ကြံသူ ဆယ့်တစ်ဦးလုံးကို သတ်ပစ်လိုက်ပေပြီ။
သူ၏ဓားပျံက ခြင်များအကိုက်ခံခဲ့ရသဖြင့် ပုံပျက်ပန်းပျက်ဖြစ်နေသော ငါးဆက်မြောက် ကောင်းကင်မျိုးနွယ်မှ နောက်ဆုံးကျင့်ကြံသူ၏ နဖူးကို ဖောက်ဝင်သွားပြီးနောက် ဝမ်ပေါင်လဲ့သည် အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ပြီး အချိန်ဖြုန်းမနေတော့ဘဲ အဝေးသို့ ဆက်လက်ထွက်ပြေးလိုက်လေသည်။
သူ၏ လျင်မြန်သောအရှိန်ကို ခြင်များ၏ အကူအညီနှင့် ပေါင်းစပ်လိုက်သောအခါ ဝမ်ပေါင်လဲ့သည် တောအုပ်အတွင်းရှိ မျောက်ဝိညာဉ်တစ်ကောင်ကဲ့သို့ဖြစ်လာပြီး ပို၍ မြန်ဆန်လာလေတော့သည်။ သို့သော် သူ၏ရင်ထဲတွင် နောင်တအနည်းငယ်ရှိနေလေသည်။ အသတ်မခံရရန်နှင့် နောက်မှလိုက်လာသော ရန်သူများကို လူခွဲပစ်ရန်အတွက် သူ့တွင်ရှိသော အကျိုးအပဲ့များကို ရုပ်သေးရုပ်များကို အညီအမျှခွဲဝေပေးရန်မှလွဲ၍ သူ့တွင်အခြားရွေးချယ်စရာမရှိခဲ့ပေ။ သူ့တွင် အကျိုးအပဲ့နှစ်ခုသာ ကျန်ခဲ့လေသည်။
‘ ငါးဆက်မြောက် ကောင်းကင်မျိုးနွယ်… ငါ ဒီကိစ္စကို မေ့မှာမဟုတ်ဘူး ’
ဝမ်ပေါင်လဲ့ အံကြိတ်လိုက်၏။ သူသည် ပြေးလွှားနေရင်း အနီးရှိနေရာများကို ရှာဖွေနေ၏။ မကြာမီတွင် သူ့ပတ်လည်တွင် တည်နေရာရွှေ့ပြောင်းမှုလက္ခဏာများကို အာရုံခံမိလိုက်လေတော့သည်။
ထိုလက္ခဏာများသည် မြူခိုးတန်းများဖြင့် အတူရှိနေ၏။ ဝမ်ပေါင်လဲ့သည် ၎င်းတို့ကို မြင်လိုက်သောအခါ ဝမ်းသာသွားလေသည်။ သူ၏အတွေ့အကြံအရ ထိုလက္ခဏာများသည် မှော်လမ်းကြောင်းမြူခိုးများကြောင့် ဖြစ်လာသောလက္ခဏာများဖြစ်ကြောင်း သိလေသည်။
‘ ဘယ်အချိန်မှာ မြူခိုးတွေဖြစ်လာမယ်ဆိုတာကို အတိအကျပြောလို့မရပေမယ့် ငါတောနက်ထဲကို ဆက်ဝင်သွားမယ်ဆိုရင် မကြာခင် မြူခိုးတွေဖြစ်လာမှာပဲ ’
ဝမ်ပေါင်လဲ့ စိတ်တက်ကြွသွား၏။ သူသည် တောနက်အတွင်းသို့ ဆက်ဝင်ရန် ဆုံးဖြတ်လိုက်သည်။ သို့သော် ထိုအခိုက်တွင် သူ့ခြင်များ၏ မြင်ကွင်းမှတစ်ဆင့် မြူခိုးလွှာပါးပါးအကြားတွင် တိတ်တဆိတ်ပုန်းရှိုးလာနေသော အရိပ်တစ်ခုကို တွေ့လိုက်ရ၏။ ၎င်းသည် ပတ်ဝန်းကျင်နှင့် အတော်လေးတစ်သားတည်းကျနေပြီး လျင်မြန်သော အရှိန်ဖြင့် သူ့ထံသို့လာနေလေသည်။ သို့သော် မည်သည့် အသံမှထွက်မနေပေ။
ထိုအရိပ်၏ အရှိန်သည် လွန်စွာထိတ်လန့်ဖွယ်ဖြစ်ပြီး မတွေးနိုင်လောက်အောင် လျင်မြန်ပေသည်။ ထိုအရိပ်သည် တစ်မဟုတ်ခြင်းမှာပင် သူနှင့် ကိုက်တစ်ရာအကွာသို့ ရောက်လာပြီး ထို့နောက်တွင် သူ့အရှေ့တည့်တည့်သို့ ရောက်လာလေသည်။
ဝမ်ပေါင်လဲ့တွင် ဆက်တွေးတောနေရန် အချိန်မရှိတော့ပေ။ သူသည် ညာဘက်လက်ဖဝါးကို မြှောက်လိုက်ပြီး မြေပြင်ကိုရိုက်ချကာ ဆွေ့ရှင်းပေါင်ကို ထုတ်ဖော်လိုက်လေသည်။ ကျယ်လောင်သောအသံကြီးတစ်ခုနှင့်အတူ ဖှုန်မှုန့်များ၊ မြေမှုန့်များ လေထဲမြောက်တက်သွား၏။ ဝမ်ပေါင်လဲ့သည် ထိုအရှိန်ကိုသုံး၍ နောက်သို့ခုန်လိုက်ပြီး သူ့ထံသို့ ချဉ်းကပ်လာသော အရိပ်နှင့် ဝေးရာသို့ ရှောင်ထွက်လိုက်သည်။
အရာအားလုံးသည် အလွန်လျင်မြန်စွာ ဖြစ်ပျက်သွားခြင်းပင်။ ထိုအရိပ်သည် လေထုကို ဖောက်ထွင်းလာပြီး ဝမ်ပေါင်လဲ့ရပ်နေခဲ့သောနေရာကို ရိုက်ချလိုက်သည်။ ဝမ်ပေါင်လဲ့ နောက်လှည့်ကာ ကြည့်လိုက်ချိန်တွင် ထိုအရိပ်သည် ထွင်းဖောက်မြင်နေရသော အရိပ်ပုံစံကဲ့သို့ မဟုတ်တော့ဘဲ ပုံသဏ္ဍာန်အစစ်အမှန်ပေါ်လာပြီဖြစ်သည်။ ထိုအရိပ်သည် ငါးဆက်မြောက် ကောင်းကင်မျိုးနွယ်၏ ဝတ်စုံကိုဝတ်ဆင်ထားသော သက်လတ်ပိုင်းအရွယ် ကျင့်ကြံသူတစ်ယောက်ပင်။ သူသည် အတန်ငယ် အံ့အားသင့်နေပုံပေါ်၏။
ထိုသူကား ဝမ်ပေါင်လဲ့အနောက်သို့ လိုက်နေသောအုပ်စု၏ ခေါင်းဆောင် ကျိုးဖေပင်။
ကျိုးဖေကိုမြင်လိုက်သောအခါ ဝမ်ပေါင်လဲ့၏ ရင်ထဲတွင် စိုးရိမ်စိတ်များ ကြီးထွားလာလေတော့သည်။ ကျိုးဖေထံမှ ဝိညာဉ်ချီလှိုင်းများ ထွက်ပေါ်လာပြီး သူ့အပေါ်သို့ ဖိအားများဖြင့် ဖိလိုက်လေသည်။ ကျိုးဖေသည် အခြေတည်အဆင့် အစောပိုင်းတွင် ရှိနေသည်မဟုတ်ဘဲ အလယ်အဆင့်တွင် ရှိနေခြင်းဖြစ်ကြောင်း ထင်ရှားပေသည်။
သူ၏ မန္တန်များကလည်း ကြောက်မက်ဖွယ်ကောင်း၏။ ဝမ်ပေါင်လဲ့တွင်သာ ခြင်များ၏ မြင်ကွင်းအကူအညီသာမရှိပါက ကျိုးဖေလာနေသည်ကို သိပင်သိလိုက်မည်မဟုတ်ဘဲ ချက်ချင်းအသတ်ခံလိုက်ရမည်ဖြစ်သည်။
“ စိတ်ဝင်စားစရာပဲ… အဲဒါကြောင့်လည်း မင်းက ပြည်ထောင်စုပျိုးပင်တစ်ယောက် ဖြစ်လာတာ ဖြစ်မယ်။ ငါတို့သာ ကမ္ဘာမြေပေါ်မှာဆိုရင် မင်းလိုလူတစ်ယောက်ကို သတ်ဖို့က စိတ်ခေါ်မှုတစ်ခု ဖြစ်နေမှာပဲ။ ဒါပေမဲ့ ဒီမှာတော့… မင်းအတွက် လွတ်လမ်းမရှိဘူးကွ ”
ကျိုးဖေသည် ဝမ်ပေါင်လဲ့ မည်သူဖြစ်သည်ကိုသိကြောင်း ထင်ရှားပေသည်။ သူလှောင်ပြုံး,ပြုံးလိုက်ပြီး သူ၏မျက်ဝန်းများထဲတွင် ရက်စက်သောအရိပ်အယောင်တစ်ခု လက်သွားလေသည်။ ပါရမီရှင်တစ်ဦးကို သတ်ရခြင်းသည် သူ့ဘဝတွင် ကြုံတောင့်ကြုံခဲကိစ္စတစ်ခုဟု ထင်နေသကဲ့သို့ပင်။
“ မပူပါနဲ့… ငါမင်းကို ချက်ချင်းသတ်မှာမဟုတ်ပါဘူး။ မင်းကိုယ်တိုင် သတ်ပါတော့လို့ တောင်းပန်လာတဲ့အထိ လုပ်ပေးမှာ… ပြီးရင် အဲ့မြင်ကွင်းတစ်ခုလုံးကို မှတ်တမ်းတင်ထားမှာပါ။ အဲဒါမှ နောက် ငါပြန်ကြည့်ချင်တဲ့အချိန် ပြန်ကြည့်ပြီး ကျေနပ်နေနိုင်မှာ ”
ကျိုးဖေ၏မျက်နှာထားတွင် စိတ်ဖောက်ပြန်နေသော အရိပ်အယောင်တစ်ခု ရှိနေလေသည်။ ဝမ်ပေါင်လဲ့၏ ဦးရေပြားထုံသွား၏။ ထို့နောက် သူ၏ ဒေါသများပေါက်ကွဲထွက်လာပြီး အော်ပြောလိုက်သည်။
“ ခွေးကောင်… မင်းရဲ့ ဘိုးဘေးတွေကလည်း ငရဲရောက်နေတဲ့ ခွေးကောင်တွေပဲ ”
ဝမ်ပေါင်လဲ့အော်လိုက်၏။ သူသည် ထွက်မပြေးလိုက်ဘဲ အသက်ကိုအရေးမစိုက်သည့်ဟန်ဖြင့် ရှေ့သို့ပြေးထွက်သွားလိုက်သည်။ ထို့နောက် နတ်ဘုရားရတနာများထုတ်လိုက်ပြီး ၎င်းတို့ကို လေထဲသို့ မစဉ်းစားမဆင်ခြင်ဘဲ ပစ်လွှတ်လိုက်လေသည်။ မရေမတွက်နိုင်အောင် များပြားသော ရတနာများသည် ကောင်းကင်ကိုလွှမ်းခြုံသွားပြီး ကျိုးဖေထံသို့ ပျံသန်းသွားလေတော့သည်။
“ တတိယအဆင့် နတ်ဘုရားရတနာလေးတွေပဲရှိတဲ့ အာနာပါနအဆင့် ကျင့်ကြံသူလေးကများ… မင်းက မင်းအသက်ရှင်ဖို့အတွက် တိုက်ခိုက်ဖို့တောင် မထိုက်တန်ဘူးကွ ”
ကျိုးဖေ ခေါင်းခါယမ်းလိုက်၏။ သူသည် ညာလက်ကိုမြှောက်၍ ထိုနတ်ဘုရားရတနာများကို ရိုက်ချလိုက်သည်။ ဝမ်ပေါင်လဲ့တစ်ယောက် နတ်ဘုရားရတနာ အများအပြားကိုထုတ်၍ သူ့ထံသို့ပစ်လွှတ်လိုက်သောအခိုက်တွင် ကျိုးဖေ ပေါ့လျော့သွားလေသည်။ ထိုအချိန်တွင် ဝမ်ပေါင်လဲ့သည် သူ၏သိုလှောင်လက်ကောက်အတွင်းမှ ဓားတစ်ချောင်းကို ထုတ်လိုက်၏။
ထိုဓားသည် သတ္တမအဆင့် ဓမ္မလက်နက်ပင်။
ထိုဓားထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ကောင်းကင်သည် ပုံစံပြောင်းလဲသွား၏။ ကောင်းကင်ပေါ်တွင် ကြောက်ခမန်းလိလိ စွမ်းအားများ ထွက်ပေါ်လာပြီး ဝမ်ပေါင်လဲ့ကိုပတ်ကာ လည်နေသော အနက်ရောင်လေဆင်နှာမောင်းတစ်ခုအဖြစ် ပြောင်းလဲသွားကာ တဖြည်းဖြည်းကြီးထွားလာလေတော့သည်။ ထိုလေဆင်နှာမောင်းကြီးအတွင်းမှ ဧရာမမိကျောင်းကြီးတစ်ကောင်၏ ပုံရိပ်ထွက်ပေါ်လာပြီး ကျယ်လောင်စွာ အော်မြည်လိုက်၏။ ကြောက်မက်ဖွယ်မျက်နှာထားနှင့် မျက်ဝန်းများထဲတွင် တိုက်ခိုက်လိုသည့်အရိပ်အယောင်များနှင့် ပြည့်နေသော ဝမ်ပေါင်လဲ့သည် ဓားကို လက်နှစ်ဖက်ဖြင့်ကိုင်ကာ လေဆင်နှာမောင်းကြီးအပြင်သို့ တစ်ချက်တည်းခုန်၍ ထွက်လာပြီး ဓားကိုမြှောက်၍ ကျိုးဖေကို ခုတ်ချလိုက်သည်။
ဓားချက်ကျလာစဉ်တွင် လေဆင်နှာမောင်းကြီးအတွင်းရှိ ဧရာမမိကျောင်းကြီးသည်လည်း ကျဆင်းလာ၏။ ၎င်း၏ ကြီးမားသောအမြီးကြီးသည် ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်နှင့် ပေါင်းစည်းသွားသကဲ့သို့ ထင်ရပြီး သူ၏အစွမ်းများလည်း တိုးပွားလာလေတော့သည်။
“ မင်း… ”
ကျိုးဖေ မျက်လုံးပြူးသွား၏။ သူ၏အတွေးများကို တလိပ်လိပ်ထနေသော စွမ်းအင်လှိုင်းများက သယ်ဆောင်သွားပြီး သူ့စိတ်ထဲတွင် မယုံနိုင်မှုများ၊ အံ့အားသင့်မှုများသာ ကျန်ခဲ့လေတော့သည်။ အရာအားလုံးသည် လျင်မြန်စွာ ဖြစ်ပျက်သွားခဲ့၏။ ဓမ္မလက်နက်တစ်ခု ပေါ်လာလိမ့်မည်ဟု ကျိုးဖေမထင်ထားခဲ့ပေ။ ဝမ်ပေါင်လဲ့သည် ဓမ္မလက်နက်တစ်ခုကို အမှန်ပင် ပိုင်ဆိုင်လိမ့်မည်ဟု သူ၏ ဂယောက်ဂယက် အိပ်မက်ထဲ၌ပင် ထည့်မမက်ဖူးခဲ့ပေ။
ထို့ပြင် ဝမ်ပေါင်လဲ့က သူ့ထံသို့ နတ်ဘုရားရတနာများကို ပစ်လွှတ်လိုက်ခြင်းသည် အာရုံလွှဲခြင်းသာ ဖြစ်ကြောင်း ထင်ရှားပေသည်။
မမျှော်လင့်ထားသည့် ရုတ်တရက်ထွက်ပေါ်လာသော တိုက်ခိုက်မှုသည် မြေကြီးကိုနှစ်ခြမ်းခွဲပစ်နိုင်သည့် လျှပ်စီးတန်းတစ်ခုအလား ကျိုးဖေအပေါ် ကျရောက်သွားလေတော့သည်။ ထိုကဲ့သို့ အရေးပေါ်အခြေအနေတွင် ကျိုးဖေ၏ စိတ်သည်ရှုပ်ထွေးနေပြီး ရုတ်တရက် အော်ဟစ်လိုက်၏။ သူ့တစ်ကိုယ်လုံး တွန့်လိမ်သွားပြီး သူ့လျှာသူကိုက်လိုက်ကာ ပါးစပ်အတွင်းမှ သက်စောင့်သွေးများကို ထွေးထုတ်လိုက်လေသည်။
သူ့အနောက်တွင် သူ၏ကိုယ်ပွားသုံးယောက်ထွက်ပေါ်လာပြီး ထိုသွေးများဖြင့် ပေါင်းစည်းလိုက်ကာ သွေးလက်ဝါးကြီးတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ဓမ္မလက်နက်ကို ခုခံလိုက်လေသည်။ သွေးလက်ဝါးကြီးက ဓမ္မလက်နက်ကို လှမ်းရိုက်လိုက်စဉ် ကျိုးဖေသည် ခရမ်းရောင်ဒိုင်းတစ်ခုကို ထုတ်လိုက်၏။ ထိုဒိုင်းမှနေ၍ သိပ်သည်းသော အရောင်အဝါများ ထွက်ပေါ်နေ၏။ ၎င်းသည် ဓမ္မလက်နက်နှင့် မယှဉ်နိုင်သော်လည်း ဆဋ္ဌမအဆင့် နတ်ဘုရားရတနာတစ်ခုဖြစ်ပုံရလေသည်။
ကျိုးဖေသည် သူ့တွင်ရှိသည့်အရာအားလုံးကို အသုံးပြု၍ ဝင်ရောက်လာသည့် တိုက်ခိုက်မှုကို ခုခံရန် ပြင်ဆင်လိုက်ခြင်းပင်။
ထိုသို့ ကျိုးဖေ ခုခံလိုက်ချိန်တွင် ဝမ်ပေါင်လဲ့သည်လည်း ဓားကြီးကို ကိုင်၍ အနက်ရောင်လေဆင်နှာမောင်းကြီးအတွင်းမှ ထွက်လာပြီဖြစ်သည်။ သူ၏ကိုယ်တွင်းမှ သိပ်သည်းသော ထိတ်လန့်ဖွယ်စွမ်းအားတစ်ခုထွက်လာပြီး သူသည် ကောင်းကင်ပေါ်သို့ ပျံတက်သွား၏။
ကြောက်ခမန်းလိလိ စွမ်းအားများသည် ဝမ်ပေါင်လဲ့၏ ကိုယ်တွင်းမှထွက်ပေါ်နေသည့်အပြင် လောကကြီးတစ်ခုလုံး၊ နဂါးငွေ့တန်းတစ်ခုလုံးနှင့် စကြဝဠာကြီးတစ်ခုလုံးမှ ထွက်ပေါ်လာသည်ဟုပင် ထင်ရပေသည်။
‘ ဉာဏ်အလင်းပွင့်စေ … ’
သူ၏ ရင်တွင်းမှ ထိုစကားလုံးကို ရေရွတ်လိုက်သောအခါ သိပ်သည်းများပြားသော စွမ်းအားများသည် ကောင်းကင်ပေါ်သို့ ထိုးတက်သွားပြီး အဝေးရှိ ကြယ်တာရာများမှ စတင်ထွက်ပေါ်လာသည်ဟု ထင်ရသည့်အလား မဖော်ပြနိုင်လောက်အောင် အားပြင်းသည့် ဖိအားတစ်ခုပေါ်လာလေသည်။ အသိစိတ်တစ်ခုသည် မတော်တဆ ဉာဏ်အလင်းပွင့်သွားလုနီးနီးဖြစ်နေသကဲ့သို့ပင်။
ထိုဖိအားကြီးသည် ရုတ်တရက် လျင်မြန်စွာ ရောက်ရှိလာခြင်းဖြစ်သည်။ ဝိညာဉ်ချီစွမ်းအားများကို အစွမ်းကုန်ထုတ်လွှတ်ထားသော ကျိုးဖေသည် ရုတ်ခြည်းပင် စိတ်ထဲ ဗလာကျင်းသွား၏။ သူ၏စိတ်ထဲ အကြောက်တရားများ နေရာယူမသွားသေးခင်မှာပင် သူ၏မျက်နှာထား ပြောင်းလဲသွားလေသည်။ သူ၏ ကိုယ်တွင်းရှိ ကျင့်ကြံခြင်းအစွမ်းများသည်လည်း ပြိုကွဲသွားပြီး အဆက်မပြတ် တုန်ခါလာသည်။ သူ၏ နှလုံးသားနက်နက်ရှိုင်းရှိုင်းနေရာမှ ကူရာကယ်ရာမဲ့သောခံစားချက်နှင့် စွမ်းအားမဲ့သောခံစားချက်များ ထွက်ပေါ်လာ၏။ သူ၏စိတ်ထဲတွင် ထွက်ပြေးလိုစိတ်များ ရုတ်တရက်ပေါ်လာပေသည်။
သူ၏ စိတ်သည် မတည်မငြိမ်ဖြစ်နေပြီး သူ၏မန္တန်သည်လည်း ပျောက်ကွယ်တော့မည့် လက္ခဏာများပြလာလေသည်။ သူ့ရှေ့တွင် ကာထားသော ခရမ်းရောင်ဒိုင်းသည်လည်း သူ၏စိတ်အခြေအနေရှုပ်ထွေးနေမှုကြောင့် မတည်မငြိမ်ဖြစ်လာသည့် လက္ခဏာများပြလာလေတော့သည်။
အရာအားလုံးသည် မျက်စိတစ်မှိတ်အတွင်း ဖြစ်ပျက်သွားခြင်းပင်။ ကျိုးဖေ၏စိတ် မတည်မငြိမ်ဖြစ်လာပြီး သူ၏ မန္တန်နှင့် နတ်ဘုရားရတနာတို့ကို ထိန်းချုပ်နိုင်စွမ်း လျော့နည်းနေချိန်တွင် ဝမ်ပေါင်လဲ့သည် သူ၏ဓားကိုရွယ်၍ သွေးလက်ဝါးကြီးကို ခုတ်ချလိုက်သည်။
လေထဲတွင် မိုးချုန်းသံကဲ့သို့ ကျယ်လောင်သောအသံကြီးတစ်သံ ပဲ့တင်ထပ်သွား၏။ သွေးလက်ဝါးကြီးနှင့် ဓမ္မလက်နက်တို့ ရိုက်ခတ်သွားပြီး ၎င်းတို့၏ ကျယ်လောင်သောထိခတ်သံသည် ကောင်ကင်ပေါ်တွင် ဆူညံသွားလေသည်။ သွေးလက်ဝါးကြီးသည် နှစ်ပိုင်းပြတ်သွားပြီး ချက်ချင်းပင် ပျောက်ကွယ်သွားလေတော့သည်။ ဝမ်ပေါင်လဲ့ သွေးအနည်းငယ် အန်လိုက်၏။ သို့သော် သူ၏မျက်နှာထားသည် ခက်ထန်နေဆဲပင်။ သူ၏ မျက်ဝန်းများထဲတွင် ရူးသွပ်မှု အရိပ်အယောင်တစ်ခု ရှိနေပြီး ခရမ်းရောင်ဒိုင်းကို ဆက်ခုတ်လိုက်သည်။
ကျယ်လောင်သော သံသံချင်းထိခတ်သံကြီးနောက်တစ်သံသည် လေထုကိုဖောက်ထွင်း၍ ကောင်းကင်ပေါ်သို့ ထိုးတက်သွား၏။ ထိခတ်မှုအရှိန်များသည် အရှေ့သို့ရိုက်ခတ်သွားပြီး ခရမ်းရောင်ဒိုင်းလေးကို တမဟုတ်ခြင်းပင် လွင့်ထွက်သွားစေကာ ကျိုးဖေ၏ ရင်ဘတ်ကို ထိသွားလေသည်။ ဝမ်ပေါင်လဲ့၏ ဓမ္မလက်နက်သည် သူ့ရှေ့တွင်ပေါ်လာပြီး သူ့ကိုတစ်ချက်တည်းပိုင်းချလိုက်ရာ သူ၏ပါးစပ်အတွင်းမှ သွေးများအန်ထွက်လာလေတော့သည်။
ကျိုးဖေ၏ နဖူးတွင်လည်း သွေးစီးကြောင်းတစ်ကြောင်း ပေါ်လာ၏။ ဓားသည် သူ၏ဦးခေါင်းကို မဖောက်ထွင်းသွားပေ။ သူသည် ရုတ်တရက် နာကျင်စွာအော်လိုက်ပြီး နောက်သို့ ကိုက်တစ်ရာခန့် အလျင်အမြန်ဆုတ်လိုက်၏။
ဝမ်ပေါင်လဲ့သည် နောက်သို့ဆုတ်သွားသော ကျိုးဖေကိုကြည့်ကာ နောင်တရနေဟန်ဖြင့် သက်ပြင်းချလိုက်လေသည်။ သူ၏တိုက်ခိုက်မှုမှ သူကိုယ်တိုင်ပြန်ခံရမှုသည် လွန်စွာပြင်းထန်ပေသည်။ သူသည် သူ၏စွမ်းအားအကုန်ကို ထုတ်သုံးခဲ့ခြင်းဖြစ်သဖြင့် သူ၏ မျက်လုံးများ၊ နားများ၊ နှာခေါင်းနှင့် ပါးစပ်တို့မှနေ၍ သွေးများယိုစီးကျလာ၏။ သူ၏ ခေါင်းထဲတွင် တကျီကျီမြည်သံများ အဆက်မပြတ်ကြားနေရပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် ရုတ်တရက် အားအင်ကုန်ခမ်းသွားလေသည်။
သူ၏ မျက်ဝန်းများအတွင်း၌ အေးစက်စက် အလင်းတစ်ချက် လက်သွား၏။
တိုက်ပွဲသည် မပြီးသေးပေ…
သူ၏ပတ်ပတ်လည်တွင် ပုန်းအောင်းစောင့်ဆိုင်းနေသော ခြင်ဆယ်ကောင်သည် ကျိုးဖေထံသို့ ရုတ်ခြည်း ဦးတည်ပျံသန်းသွားလေတော့သည်။