‘ အမြုတေအဆင့်… ’
ဝမ်ပေါင်လဲ့၏ သူငယ်အိမ်များ ကျုံ့သွား၏။
ထိုဧရာမသစ်ပင်သည် သူကူးလောင်ချိုင့်ဝှမ်းတွင် ကြုံခဲ့သော သစ်ပင်မဟုတ်ကြောင်း၊ ဟွမ်ရှန်း၏ ခန္ဓာကိုယ်အတွင်း၌ ရှိနေသော သစ်ပင်နှင့်လည်း ကွဲပြားကြောင်း သိနေသော်လည်း ထိုသစ်ပင်များသည် မျိုးနွယ်တူကြသည်ဟု သူ ချက်ချင်းအာရုံခံနိုင်လေသည်။
ထို့ကြောင့် ဝမ်ပေါင်လဲ့၏နှလုံးသားထဲတွင် ခံစားချက်များ ပြည့်နှက်လာလေတော့သည်။ ထို့ပြင် ဧရာမသစ်ပင်ကို စကားပြောနေသော အကြီးအကဲ၏ ကျင့်ကြံခြင်းအဆင့်ကို သိသွားသောအခါ သူ၏ စိတ်သည် ပေါက်ကွဲသွားတော့မတတ်ဖြစ်နေ၏။
သူ လကမ္ဘာကို မလာခင်က အမြုတေအဆင့်ကျင့်ကြံသူများကို လကမ္ဘာသို့ ဝင်ခွင့်မပြုကြောင်း ရှင်းရှင်းလင်းလင်းသိခဲ့၏။ သို့သော် ယခု သူ့မျက်စိရှေ့တွင် ငါးဆက်မြောက် ကောင်းကင်မျိုးနွယ်မှ အမြုတေအဆင့်ကျင့်ကြံသူတစ်ဦးသည် လကမ္ဘာပေါ်၌ ရှိနေပေပြီ။
ထိုနေရာသည် လကမ္ဘာ၏ အမှောင်ခြမ်းတွင်ဖြစ်သည်။ နေရာအတိအကျကိုမူ နယ်နမိတ်စည်းမျဥ်းများကို မတွေ့သဖြင့် မသိရှိနိုင်ပေ။ ထိုနေရာကို ချုပ်နှောင်ခံလိုက်ရသဖြင့် ကျောက်စိမ်းပြား၏ တည်နေရာပြအစွမ်းသည် နှောင့်ယှက်ခံလိုက်ရသည်ဖြစ်ရာ တည်နေရာကို ဆုံးဖြတ်ရန် ပို၍ခက်ခဲလာစေသည်။ သို့သော် သူအကြိမ်ကြိမ် တည်နေရာရွှေ့ပြောင်းခံခဲ့ရမှုများအပေါ်မူတည်၍ သူသည် လကမ္ဘာအမှောင်ခြမ်း၏ နက်နက်ရှိုင်းရှိုင်းနေရာတွင် မဟုတ်ကြောင်း ဝမ်ပေါင်လဲ့သိလေသည်။
သို့တစေ သူသည် အမှောင်ခြမ်း၏ နက်ရှိုင်းသောအပိုင်းနှင့် သိပ်၍ဝေးကွာမည်မဟုတ်ပေ။ ထို့ကြောင့် ထိုနေရာတွင် လူအနည်းငယ်သာ ရှိနေခြင်းဖြစ်နိုင်ပေသည်။ အကယ်၍ သူသာ ထိုနေရာသို့ အပို့မခံခဲ့ရပါက လကမ္ဘာအမှောင်ခြမ်းကို မည်သည့်အခါမှ ကိုယ့်သဘောနှင့်ကိုယ် လာမည်မဟုတ်ပေ။
အကယ်၍ စုဝေးနေသောသူများသည် ငါးဆက်မြောက် ကောင်းကင်မျိုးနွယ်မှ သူများသာဖြစ်ပြီး ဧရာမသစ်ပင်ရှိမနေပါက ဝမ်ပေါင်လဲ့အနေဖြင့် ငါးဆက်မြောက် ကောင်းကင်မျိုးနွယ်သည် လိမ်နေသည်ဟု ထင်မိပေမည်။ သို့သော် သစ်ပင်ပါ ရှိနေသဖြင့် အရာအားလုံးရှင်းလင်းသွားပေပြီ။
ငါးဆက်မြောက် ကောင်းကင်မျိုးနွယ်သည် လကမ္ဘာပေါ်တွင် မရိုးသားသောကိစ္စတစ်ခုကို လုပ်ရန် ဧရာမသစ်ပင်နှင့် ကြံစည်နေပုံရသည်။ ဝမ်ပေါင်လဲ့သည် သူ ထိုလမ်းကိုမရွေးခဲ့သင့်ကြောင်း ခံစားလိုက်ရသဖြင့် နောင်တရသွားလေတော့သည်။ သူ၏ဝိညာဉ်ချီများကြောင့် သူ့အား အာရုံခံရန်လွယ်ကူနေကြောင်း သူသိလေသည်။ ထို့ပြင် ဝါးမျိုခြင်းသစ်စေ့က ထိုဝိညာဉ်ချီများကို အတန်ငယ် ဖုံးကွယ်ပေးထားနိုင်သော်လည်း ထိုသူများကိုဆက်၍စောင့်ကြည့်နေရန်မှာ အမြော်အမြင်နည်းသော လုပ်ရပ်ပင်ဖြစ်သည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့သည် တုံ့ဆိုင်းမနေတော့ဘဲ ထွက်ခွာသွားရန် ဆုံးဖြတ်လိုက်လေသည်။ အကယ်၍ သူရှိနေကြောင်းကို တစ်စုံတစ်ယောက်သိရှိသွားပါက သူ့အနေဖြင့် သေရုံမှတစ်ပါး အခြားရွေးစရာမရှိတော့ကြောင်း သူသိလေသည်။
သို့ရာတွင် ဝမ်ပေါင်လဲ့တစ်ယောက် တိတ်တဆိတ်ထွက်ခွာရန် မည်မျှပင် ဂရုတစိုက်ကြိုးစားလိုက်သော်လည်း နောက်ကျသွားခဲ့ပေပြီ။ အာနာပါနအဆင့်ရှိသူများသည် ဝမ်ပေါင်လဲ့၏ ဝိညာဉ်ချီများကို အာရုံခံနိုင်မည်မဟုတ်သော်လည်း အမြုတေအဆင့်အကြီးအကဲနှင့် ဧရာမသစ်ပင်သည် သေချာပေါက်အာရုံခံနိုင်ပေသည်။ သူတို့သည် ချက်ချင်းပင် ခေါင်းလှည့်၍ ဝမ်ပေါင်လဲ့ရှိရာနေရာကို ကြည့်လိုက်ကြ၏။
အထူးသဖြင့် ဧရာမသစ်ပင်၏ အာရုံသည် ပို၍စူးရှလေသည်။ ၎င်း၏မျက်လုံးများထဲတွင် ရုတ်တရက် အလင်းတစ်ချက်လက်သွားပြီး ဝမ်ပေါင်လဲ့ကို တိုက်ရိုက်ကြည့်လိုက်သည်။
ဧရာမသစ်ပင်က သူ့ကိုကြည့်လိုက်သောအခါ ဝမ်ပေါင်လဲ့၏ စိတ်ထဲတွင် ဗြောင်းဆန်သွား၏။ ထိုအရာသည် အသိစိတ်အာရုံတစ်ခု ရုတ်တရက်ပေါ်လာ၍ သူ၏ဦးနှောက်အတွင်း ရုတ်ခြည်းနေရာဝင်ယူလိုက်သကဲ့သို့၊ လူအုပ်တစ်အုပ်သည် သူ့ကို လှောင်ရယ်,ရယ်နေပြီး သူ၏အသိစိတ်ကို ဖျက်ဆီးရန် ကြိုးစားနေသကဲ့သို့ပင်။
ဝမ်ပေါင်လဲ့ ထိုသူများကို တွေ့ရှိသွားခြင်းမှနေ၍ ငါးဆက်မြောက် ကောင်းကင်မျိုးနွယ်က သူ့ကိုပြန်လည်တွေ့သွားခြင်းတို့သည် လက်ဖျောက်တစ်ချက်တီးအတွင်း ဖြစ်ပျက်သွားခြင်းပင်။ အန္တရာယ်ရှိလာပြီဖြစ်၍ ဝမ်ပေါင်လဲ့သည် သူ၏ကိုယ်တွင်းရှိ ဝါးမျိုခြင်းသစ်စေ့ကို နှိုးရန်ဆုံးဖြတ်လိုက်ပြီး သူ့စိတ်ထဲတွင် ပေါ်လာသော ပြင်ပအသိစိတ်တစ်ခုကို အားသုံး၍ တွန်းလှန်လိုက်လေသည်။ သူ၏ ပါးစပ်မှ သွေးများထွက်လာ၏။ သူသည် အားကုန်သုံး၍ အဝေးသို့ အလျင်အမြန်ထွက်ပြေးလိုက်ရာ သူ၏မျက်နှာများပင် ဖြူဖျော့လာလေသည်။
ဖုံးကွယ်ထားသော ဝိညာဉ်ချီများမှာ ဝမ်ပေါင်လဲ့တစ်ယောက် သူ့စိတ်အတွင်းသို့ ကျုးကျော်ဝင်ရောက်လာသော အသိစိတ်ကို တွန်းလှန်ရန် ဆုံးဖြတ်လိုက်စဉ်ကတည်းက ပျံ့လွင့်သွားပြီဖြစ်သည်။ ထို့ကြောင့် သူ၏ ခန္ဓာကိုယ်သည် ညအမှောင်တွင် တောက်လောက်နေသော မီးတောက်တစ်ခုကဲ့သို့ ထင်ရှားနေလေတော့သည်။
“ အဲဒီကောင်က ပမွှားလေးပါ။ ကျိုးဖေ… မင်းနဲ့ လူနည်းနည်းခေါ်သွားပြီး အဲ့ကောင်ကို လက်စတုန်းလိုက်တော့ ”
ငါးဆက်မြောက် ကောင်းကင်မျိုးနွယ်မှ အမြုတေအဆင့်အကြီးအကဲသည် အခြေအနေကို အေးစက်စက်ကြည့်၍ သိပ်ဂရုမစိုက်လိုက်ပေ။ သူ့တွင် ပို၍အရေးကြီးသော လုပ်စရာကိစ္စများရှိလေသည်။ သူ ထိုသို့ တည်တည်ငြိမ်ငြိမ် အမိန့်ပေးလိုက်သောအခါ ငါးဆက်မြောက် ကောင်းကင်မျိုးနွယ်မှ လူနှစ်ဆယ်ခန့်သည် ဝမ်ပေါင်လဲ့နောက်သို့ ပြေးလိုက်သွားကြလေသည်။
သူတို့အထဲတွင် သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးပါ၏။ ထိုသူကား အမြုတေအဆင့်အကြီးအကဲက အမည်ပေးထားသူ ကျိုးဖေပင်။ သူ၏ ကျင့်ကြံခြင်းအဆင့်သည် အာနာပါနအဆင့်ကို များစွာကျော်လွန်၍ အခြေတည်အဆင့်ကို ရောက်နေပြီဖြစ်သည်။ သူသည် ဝမ်ပေါင်လဲ့အနောက်သို့ မလိုက်ခင် အကြီးအကဲကိုကြည့်ကာ ဦးညွှတ်လိုက်ပြီး တောအုပ်အတွင်းသို့ ဝင်ရောက်ပျောက်ကွယ်သွားလေတော့သည်။
တောအုပ်အလယ်တွင် ရှိနေသော ဝမ်ပေါင်လဲ့တစ်ယောက် စိုးရိမ်သွား၏။ သူသည် ရှေ့သို့ပြေးလွှားနေရင်း သူ၏သိုလှောင်အိတ်ကို ပုတ်လိုက်ပြီး နောင်တွင် ဆက်၍အချောသတ်ရန် သိမ်းထားသော ရုပ်သေးရုပ်ငါးရုပ်ကို ချက်ချင်းထုတ်လိုက်လေသည်။
ရုပ်သေးရုပ်ငါးရုပ်၏ ဝိသေသလက္ခဏာတစ်ခုမှာ ၎င်းတို့သည် ဝမ်ပေါင်လဲ့နှင့် တစ်ထေရာတည်းတူခြင်းပင်။ ၎င်းတို့၏ အင်္ကျီကအစ ဝမ်ပေါင်လဲ့နှင့် တူပေသည်။ ၎င်းတို့ထွက်ပေါ်လာသောအခါ ဝမ်ပေါင်လဲ့အစစ်အမှန်နှင့် ရောထွေးလိုက်ပြီး ဝမ်ပေါင်လဲ့အစစ်သည် မည်သူဖြစ်ကြောင်း မဝေခွဲနိုင်အောင် လုပ်လိုက်လေသည်။ ၎င်းတို့နှင့် ဝမ်ပေါင်လဲ့အစစ်သည် ရောထွေးသွားပြီး ဝမ်ပေါင်လဲ့အစစ်အပါအဝင် ဝမ်ပေါင်လဲ့ခြောက်ယောက်သည် တကွဲတပြားစီ လူခွဲသွားလိုက်ကြလေတော့သည်။
အခြားသူများပို၍ဝေခွဲရခက်သွားစေရန် သူကြိုးစားပမ်းစားရှာထားသော အခြေတည်အဆင့်အတွက်သုံးမည့် အကျိုးအပဲ့များကို သူနှင့်ရုပ်သေးရုပ်များအကြားတွင် အညီအမျှခွဲဝေပေးလိုက်ပြီး မည်သည့်သံသယမှ မဝင်အောင်လုပ်လိုက်လေသည်။
ထိုသို့ဖြင့် အခြားဝမ်ပေါင်လဲ့ငါးယောက်သည် တောအုပ်ထဲတွင် တကွဲတပြားပြေးလွှားနေသည်ဖြစ်ရာ ဝမ်ပေါင်လဲ့အစစ်ကို ရုတ်ခြည်းသိရှိရန် ခက်ခဲသွားပေသည်။
ထိုဗျူဟာသည် တောအုပ်ထဲတွင် လွန်စွာအသုံးဝင်လေသည်။ ငါးဆက်မြောက် ကောင်းကင်မျိုးနွယ်မှ ကျိုးဖေနှင့် အခြားကျင့်ကြံသူနှစ်ဆယ်ခန့်သည် ဝမ်ပေါင်လဲ့ကို မီလာသော်လည်း တကွဲတပြားစီ ပြေးလွှားနေသော ဝမ်ပေါင်လဲ့ခြောက်ယောက်ကို မြင်လိုက်သောအခါ မဝေခွဲနိုင်ဖြစ်သွား၏။
‘ ဉာဏ်များတဲ့အကောင် ’
ကျိုးဖေ မျက်မှောင်ကြုတ်လိုက်၏။ သူသည် ညာလက်မြှောက်၍ အော်လိုက်ရာ သူ့အနောက်တွင် လူသုံးယောက် ချက်ချင်းပေါ်လာလေသည်။
ထိုလူသုံးယောက်သည် သူ၏ ကိုယ်ပွားများဖြစ်နိုင်ပေသည်။ သူတို့သည် အာနပါနအဆင့်ကို များစွာကျော်လွန်ပြီးသူများ၏ အငွေ့အသက်ကို ထုတ်လွှတ်နေ၏။ သူတို့သည် အခြေတည်အဆင့်ကို မရောက်သေးသော်လည်း ရောက်ရန်နီးကပ်နေပြီဖြစ်သည်။ သူတို့သည်လည်း လူခွဲကာ မတူသော ဦးတည်ရာသုံးခုနောက်သို့ လိုက်သွားကြ၏။
ကျိုးဖေအစစ်ကမူ စတုတ္ထမြောက်လမ်းကို လိုက်သွားလိုက်သည်။ သူပြေးလိုက်မသွားခင် သူ၏ကျယ်လောင်သောအသံသည် အရပ်မျက်နှာအနှံ့ကို ပျံ့နှံ့သွား၏။
“ လူခွဲပြီး လိုက်ကြ… မင်းတို့ သူ့ကိုတွေ့ပြီဆိုရင် အချက်ပြလိုက် ”
အခြားကျင့်ကြံသူများသည်လည်း လူခွဲလိုက်ပြီး ကျန်လမ်းနှစ်ခုနောက်သို့ အမြင့်ဆုံးအရှိန်ဖြင့် တက်ကြွစွာ ပြေးလိုက်,လိုက်ကြလေတော့သည်။
နောက်မှလိုက်လာသူများကို တွေ့လိုက်သောအခါ ဝမ်ပေါင်လဲ့တစ်ယောက် ပို၍စိတ်လှုပ်ရှားလာလေသည်။
လကမ္ဘာအမှောင်ခြမ်းရှိ ထိုတောအုပ်ကဲ့သို့ ဆန်ပြားသောနေရာသည် လွန်စွာလှပသော်လည်း အန္တရာယ်များစွာရှိပေသည်။ အထူးသဖြင့် ဝမ်ပေါင်လဲ့အတွက် ပို၍အန္တရာယ်များနေ၏။ ငါးဆက်မြောက် ကောင်းကင်မျိုးနွယ်၏ လိုက်ခြင်းကိုခံနေရသဖြင့် သူသည် အလွန်စိတ်လှုပ်ရှားနေပြီး သူ၏စိတ်ထဲတွင်လည်း အတွေးများအဆက်မပြတ်ဝင်ကာ ဗြောင်းဆန်နေပေသည်။
‘ ငါ မှော်လမ်းကြောင်းမြူခိုးတွေကို မြန်မြန်ရှာတွေ့မှရမယ် ’
ငါးဆက်မြောက် ကောင်းကင်မျိုးနွယ်မှ အမြုတေအဆင့် ကျင့်ကြံသူတစ်ဦးသည် လကမ္ဘာပေါ်တွင်ရှိနေပြီး ဧရာမသစ်ပင်တစ်ပင်နှင့် ပေါင်းကြံနေသည်ကို တွေးမိသွားသောအခါ ဝမ်ပေါင်လဲ့ ကြက်သီးများပင်ထသွားလေသည်။ ပြည်ထောင်စုသည် သူ့ကို မည်သည့်အချိန်တွင် လာကယ်မည်ကို သူသေချာမသိပေ။ ထို့ပြင် အကယ်၍ သူတို့ရောက်လာလျှင်လည်း အခြေအနေကို ကောင်းစွာမသိသဖြင့် သူ၏တည်နေရာအတိအကျကို ရောက်လာနိုင်မည်မဟုတ်ပေ။
မည်သို့ပင်ဖြစ်စေကာမူ သူရှင်သန်နိုင်မည့် တစ်ခုတည်းသောအခွင့်အလမ်းသည် မှော်လမ်းကြောင်းမြူခိုးကို ရှာရန်သာဖြစ်တော့သည်။
ကံအားလျော်စွာ ဝမ်ပေါင်လဲ့အနေဖြင့် တောအုပ်ထဲတွင် လွတ်လမ်းရှာရခြင်းနှင့် မစိမ်းပေ။ ထိုတောအုပ်သည် ရှုပ်ထွေးနေသော်လည်း ဝမ်ပေါင်လဲ့သည် တောအုပ်အတွင်း အလွန်လျင်မြန်စွာ သွားနိုင်နေလေသည်။ သူ၏ လက်ကိုယမ်းခါလိုက်ရာ သူ့ပတ်လည်တွင် ခြင်ဆယ်ကောင်ပေါ်လာ၏။ ထိုအထဲမှ ကိုးကောင်သည် သာမန်သာဖြစ်၍ ကျန်တစ်ကောင်သည် မီးခိုးရောင်ခြင်တစ်ကောင် ဖြစ်လေသည်။
ထိုခြင်ဆယ်ကောင်သည် ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် ဖြန့်ကျက်သွားကြပြီး ဝမ်ပေါင်လဲ့အတွက် ပတ်ဝန်းကျင် ပေတစ်ရာအတွင်းရှိ ပတ်ပတ်လည် မြင်ကွင်းများကို ပို့ပေးနေ၏။ ထို့ကြောင့် ဝမ်ပေါင်လဲ့သည် သူ့ပတ်ပတ်လည်ရှိ ပတ်ဝန်းကျင်ကို ပို၍ကောင်းစွာ မြင်နိုင်လာပေပြီ။ တောအုပ်အတွင်းမှ လွတ်လမ်းရှာသော သူ၏ယခင်အတွေ့အကြုံများနှင့် ပေါင်းစပ်လိုက်သောအခါ အရှေ့သို့ပို၍ လျင်မြန်စွာ ပြေးနိုင်လာလေတော့သည်။
သို့သော် ငါးဆက်မြောက် ကောင်းကင်မျိုးနွယ်မှ ပြင်ဆင်ထားမှုများသည်လည်း လွန်စွာကောင်းမွန်သည်ဟု ထင်ရပေသည်။ ဝမ်ပေါင်လဲ့အစစ်နောက်သို့ လိုက်နေသောသူများမှာ ကျိုးဖေနှင့် သူ၏ကိုယ်ပွားများမဟုတ်သော်လည်း အာနာပါနအထွတ်အထိတ်အဆင့်ရောက်နေသော ကျင့်ကြံသူ ဆယ်ယောက်၊ ဆယ့်နှစ်ယောက်ခန့်သည် အမွှေးတိုင်များကို ထုတ်၍ ထွန်းညှိလိုက်ကြ၏။ ထိုအခါ ပတ်ဝန်းကျင်တစ်ခုလုံးကို သိပ်သည်းသော အခိုးအငွေ့များဖြင့် ဖုံးလွှမ်းသွားလေသည်။ သူတို့သည် တောအုပ်အတွင်းတွင် ရှိနေသော အန္တရာယ်များကို လျစ်လျူရှု၍ မြန်ဆန်သောအရှိန်ဖြင့် လိုက်နေကြသည်ဖြစ်ရာ ထိုအဖွဲ့အတွင်းမှ အမြန်ဆုံးလူနှင့် ဝမ်ပေါင်လဲ့သည် ပေတစ်ထောင်လောက်သာ ကွာတော့လေသည်။
ခြင်းများမှ ပို့ပေးနေသော မြင်ကွင်းကြောင့် သူ့အနီးသို့ ရောက်လာသောလူများ ရှိနေကြောင်းကို သိသွားသောအခါ ဝမ်ပေါင်လဲ့ မျက်လုံးပြူးသွား၏။ သူ့ကို သတ်လိုနေသော အငွေ့အသက်များကို သူအာရုံခံမိလိုက်သဖြင့် ထိုသူများကိုလည်း ပြန်သတ်ရန် ဆုံးဖြတ်လိုက်လေသည်။ သူက ဝမ်ပေါင်လဲ့အစစ်ဖြစ်ကြောင်း ပေါ်သွားမည်စိုးသဖြင့် တိုက်ခိုက်ရန် မကြံရွယ်ထားသော်လည်း သူ့တွင် ရွေးချယ်စရာ မရှိတော့ပေ။ သူကိုယ်တိုင် မတိုက်ခိုက်လျှင်လည်း သူ၏ရုပ်သေးရုပ်များက ထိုလူများကို ကြာရှည် အချိန်ဆွဲထားနိုင်မည်မဟုတ်ချေ။ ထို့ကြောင့် နောက်ဆုံးတွင် ဝမ်ပေါင်လဲ့အစစ်ကို တွေ့ရှိသွားမည်သာ ဖြစ်သည်။
‘ ဒါပေမဲ့ ငါ အချိန်ပိုဆွဲနိုင်လေ ငါ့အတွက် အကျိုးရှိလေပဲ ’
ဝမ်ပေါင်လဲ့သည် သူ၏တိုက်ခိုက်လိုစိတ်ကို ချိုးနှိမ်လိုက်ပြီး ဆက်လက်ထွက်ပြေးလိုက်သည်။ သို့သော် မကြာမီမှာပင် သူ၏ရုပ်သေးရုပ်များ တစ်ရုပ်ပြီးတစ်ရုပ် ပျောက်ကွယ်လာကြောင်း အာရုံရလိုက်သောအခါ ဝမ်ပေါင်လဲ့ တုန်လှုပ်သွားလေသည်။ ထို့နောက် တစ်ခဏအတွင်းမှာပင် ရုပ်သေးရုပ်ငါးရုပ်တွင် တစ်ရုပ်သာကျန်တော့လေတော့သည်။
‘ ငါဆက်စောင့်နေလို့ မရတော့ဘူး ’
ဝမ်ပေါင်လဲ့၏ မျက်ဝန်းများထဲတွင် ခက်ထန်သောအရိပ်အယောင်များ ယှက်သန်းလာသည်။ သူ ဆက်၍တုံ့ဆိုင်းမနေတော့ဘဲ နောက်လှည့်ကာ ဆန့်ကျင်လက်ဦးတည်ရာသို့ ပြန်သွားလိုက်သည်။ သူ့ပတ်လည်ရှိ ခြင်များသည်လည်း သူနှင့်အတူပျံသန်းလာပြီး သူ့နောက်သို့လိုက်နေသော လူများထံ ထိပ်တိုက်သွားလိုက်လေသည်။
ဝမ်ပေါင်လဲ့အနောက်သို့ လိုက်လာသော လူငယ်သည် ကြောင်သွား၏။ သူ ရှေ့သို့ဆက်ပြေးနေစဉ်တွင် သူ၏နားအတွင်း၌ ဝီခေါ်သံများကို ကြားလိုက်ရ၏။ သို့သော် သူသည် ထိုကိစ္စကို သိပ်၍ ဂရုမစိုက်လိုက်ပေ။ ထိုအသံသည် တောအုပ်အတွင်းရှိ သားရဲတစ်ကောင်ဆီမှ ပေါ်လာသည်ဟုသာ တွေးလိုက်လေသည်။ သူ့ပတ်လည်ရှိ အခိုးအငွေ့များသည် ထိုသားရဲများကို အနားမကပ်လာအောင် လုပ်ပေးမည်ဟု ယုံကြည်ထားပေသည်။
သို့သော် သူ့စိတ်ထဲ၌ ထိုအတွေးများပေါ်လာစဉ်တွင် ခြင်သံများသည် ပို၍ကျယ်လောင်လာလေသည်။ သူ မတုံ့ပြန်နိုင်လိုက်ခင်မှာပင် သူ၏ ခန္ဓာကိုယ်အနှံ့မှ နာကျင်မှုများကို အဆက်မပြတ်ခံစားလိုက်ရ၏။ သူသည် မျက်လုံးပြူးကာ ကြည့်လိုက်ပြီး အော်ဟစ်ရန်ပြင်လိုက်စဉ်၌ သူ၏အမြင်များ ဝေဝါးလာလေတော့သည်။ မီးခိုးရောင်ခြင်သည် သူ၏ ပါးစပ်အတွင်းသို့ တန်းတန်းမတ်မတ်ဝင်သွား၏။
သူ တုန်လှုပ်ကြောက်ရွံ့လာပြီး မည်သည့်အသံမှ မထွက်နိုင်တော့ပေ။ တဖြည်းဖြည်းဖြင့် သူခံစားနေရသော နာကျင်မှုများသည် ပို၍ပြင်းထန်လာ၏။ သူသည် ရုန်းကန်လှုပ်ရှားလိုနေသော်လည်း ထိုအခိုက်တွင် သူ၏ခန္ဓာကိုယ်သည် ရုတ်ခြည်းပြာနှမ်းသွားပြီး သူ၏ မျက်ခုံးနှစ်ခုကြားနေရာသည် ကွဲအက်သွားပြီး အတွင်းမှ မီးခိုးရောင်ခြင်တစ်ကောင်း ပျံထွက်လာလေသည်။
သူ့အတွက် အသက်ရှင်ရန် လမ်းမရှိတော့ပေ။
တချိန်တည်းမှာပင် သူ့ရှေ့ရှိ တောအုပ်အတွင်းမှ ဓားပျံတစ်စင်း ရုတ်တရက်ထွက်ပေါ်လာ၏။ ထိုဓားပျံသည် အလွန်လျင်မြန်စွာ ပျံသန်းလာသည်ဖြစ်၍ တမဟုတ်ခြင်းပင် သူ၏လည်မျိုကို ထွင်းဖောက်သွားလေတော့သည်။
သူ၏ အသက်ကင်းမဲ့နေသော ခန္ဓာကိုယ်ကြီး လဲကျသွားသောအခါ ဝမ်ပေါင်လဲ့ထွက်ပေါ်လာလေသည်။ ဝမ်ပေါင်လဲ့သည် မီးခိုရောင်ခြင်၏ ကြမ်းကြုတ်မှုကြောင့် အံ့အားသင့်နေ၏။ သို့သော် သူ့တွင် သေချာကြည့်ရှုနေရန် အချိန်မရှိပေ။ သူသည် ရပ်တန့်ခြင်းမရှိဘဲ အနောက်သို့ နောက်ပြန်ဆုတ်သွားလိုက်၏။ သူ၏မျက်ဝန်းများထဲတွင် အေးစက်စက်အရိပ်အယောင်များ ရှိနေလေသည်။ ခြင်ဆယ်ကောင်သည် ၎င်းတို့ကိုယ်တွင် သွေးများ ဖုံးလွှမ်းသွားသောအခါ ပို၍တက်ကြွလာပုံ ပေါ်၏။ ၎င်းတို့သည်လည်း ဝမ်ပေါင်လဲနှင့်အတူ နောက်သို့ ပြန်ဆုတ်သွားကြလေသည်။
Good