ဝမ်ပေါင်လဲ့၏ အော်ခေါ်သံကို ကြားလိုက်ရသောအခါ ကုလားထိုင်ပေါ်တွင် လဲလျောင်းနေသော ကျင့်သိုမင်မှာ သူ၏ ညာဘက်လက်ကို အသာအယာ မြှောက်လိုက်၏။ ထိုအခါ ထိုကုလားထိုင်ကြီးကို သယ်ဆောင်ထားသော ဧရာမ လူဝံကြီးမှာ ရပ်တန့်သွားပြီး နောက်သို့လှည့်လာသဖြင့် ထို ကုလားထိုင်ကြီးမှာ ဝမ်ပေါင်လဲ့နှင့် မျက်နှာချင်းဆိုင်လျက်သား ဖြစ်သွား၏။
ကျင့်သိုမင်မှာ ဝမ်ပေါင်လဲ့၏ နောက်တွင်ရှိနေသော ရုပ်သေးရုပ်သုံးရုပ်ကို လှမ်းမြင်လိုက်ရသောအခါ ရုတ်တရက်ဆိုသလို သူ၏နေကာမျက်မှန်ကို ချွတ်လိုက်ပြီး သေသေချာချာ ကြည့်ရှုလိုက်၏။ ထို့နောက် သူသည် ကုလားထိုင်ပေါ်တွင် မလှုပ်မယှက် လဲလျောင်းနေရာမှ ပထမဆုံးအကြိမ်အဖြစ် ခါးမတ်၍ ထလာပြီး သူ၏မျက်ဝန်းများထဲတွင်လည်း အံ့အားသင့်မှုများနှင့် စိတ်ဝင်စားမှုအရိပ်အယောင်များ ထင်းခနဲ ပေါ်လာတော့သည်။
” အဲဒါ ရုပ်သေးရုပ်တွေလား။ မင်းလိုမျိုးပဲ ရုပ်သေးရုပ်တွေ ရောင်းနေတဲ့ တခြားလူတွေလည်းရှိတယ်။ မင်းရဲ့ ရုပ်သေးရုပ်သုံးရုပ်က ဘာတွေများ ထူးခြားနေလို့လဲကွ ”
ကျင့်သိုမင်က သိချင်ဇောဖြင့် မေးလိုက်၏။
ကျင့်သိုမင်တစ်ယောက် စိတ်ဝင်စားသည့်အမူအရာ ပြနေသည်ကို မြင်လိုက်ရသောအခါ ဝမ်ပေါင်လဲ့မှာလည်း စိတ်လှုပ်ရှားသွား၏။ ထို့နောက် သူ၏ညာဘက်လက်ကိုမြှောက်ကာ လက်ဖျောက်တီးလိုက်သည်။ ထိုအခါ စိန်လူဝံရုပ်သေးရုပ်ကြီးမှာ ချက်ချင်းဆိုသလိုပင် ကျယ်လောင်စွာ ဟိန်းဟောက်လိုက်ပြီး ကျင့်သိုမင်၏ ကုလားထိုင်အား သယ်ဆောင်ထားသော ဧရာမ လူဝံကြီးကို စိုက်ကြည့်နေလိုက်တော့သည်။
ထိုအခါ ထိုဧရာမလူဝံကြီး၏ မျက်လုံးများမှာ ချက်ချင်းပင် အရောင်လက်သွားပြီး ၎င်း၏ အသက်ရှူနှုန်းများမှာလည်း မြန်ဆန်လာတော့သည်။ ၎င်းမှာ အလွန်အင်မတန်မှ စိတ်လှုပ်ရှားနေသည့်ပုံစံ ပေါက်နေပြီး ထိုစိန်လူဝံ ရုပ်သေးရုပ်ကြီးကို အလွန်အင်မတန်မှ စိတ်ဝင်စားနေသည့်ပုံပင်။
” စိတ်ဝင်စားစရာပဲ ”
ကျင့်သိုမင်သည်လည်း ထို စိန်လူဝံ ရုပ်သေးရုပ်ကြီးမှာ အံ့သြတုန်လှုပ်ဖွယ်ရာကောင်းလောက်အောင် အသက်ဝင်နေသည်ကို မြင်လိုက်ရသဖြင့် ခပ်ရေးရေးခန့် ပြုံးမိသွား၏။ သားရဲကြီးများမှာ ကိုယ်ပိုင်အသိဉာဏ်အချို့ကို ပိုင်ဆိုင်ထားတတ်ကြသည် မဟုတ်ပါလော။ အကယ်၍ ထိုရုပ်သေးရုပ်မှာ ထိုသားရဲကြီးအား ၎င်း၏ မိတ်ဆွေသားရဲကြီး တစ်ကောင်နှင့် ကြုံတွေ့လိုက်ရသကဲ့သို့ ခံစားရအောင် လှည့်စားနိုင်စွမ်းရှိပါက ၎င်းမှာ အလွန်အင်မတန်မှ အသက်ဝင်နေသောကြောင့်သာ ဖြစ်ရပေမည်။ ထိုကဲ့သို့သော အခြင်းအရာမျိုးမှာ အလွန်အင်မတန်မှရှားပါး၏။
ကျင့်သိုမင်၏ မျက်နှာအမူအရာကို သတိထားမိလိုက်သောအခါ ဝမ်ပေါင်လဲ့မှာ ချောင်းဟန့်လိုက်ပြီး အမျိုးသမီးရုပ်သေးရုပ်အား လက်ညှိုးထိုးလိုက်၏။ ထိုအခါ ထိုရုပ်သေးရုပ်၏ မျက်နှာအမူအရာများမှာ ချက်ချင်းပင် ပြောင်းလဲသွားတော့သည်။ ၎င်းမှာ လူအစစ်တစ်ယောက်နှင့် တူသွားပြီး မြှူဆွယ်လိုသော အမူအရာနှင့် မတ်တတ်ရပ်နေခြင်းမရှိတော့ပေ။ ၎င်း၏ အမူအရာမှာ ချက်ချင်းဆိုသလိုပင် အေးတိအေးစက် ဖြစ်သွားပြီး ညာဘက်လက်ကို မြှောက်ကာ ဓားရှည်တစ်လက်ကို ထုတ်ယူလာ၏။ ၎င်း၏ ဆံပင်များမှာ ပခုံးအထိ ဖားလျားကျနေပြီး ၎င်း ဝတ်ဆင်ထားသော ဂါဝန်မှာလည်း လေထဲတွင် တလူလူလွင့်နေတော့သည်။ ၎င်းမှာ ပန်းချီကားတစ်ချပ်ထဲမှ အပြင်သို့ထွက်လာသော အလှပဂေးတစ်ယောက်နှင့် တူနေ၏။
ထိုမြင်ကွင်းကြောင့် ကျင့်သိုမင်၏ မျက်လုံးများမှာ ချက်ချင်းပင် အရောင်တောက်ပသွားတော့သည်။ ဝမ်ပေါင်လဲ့မှာလည်း စိတ်ကျေနပ်သွားပြီး မန္တန်လက်ကွက်များဖော်ကာ နောက်ထပ်တစ်ကြိမ်ထပ်၍ လက်ညှိုးထိုးလိုက်ပြန်သည်။ ထိုအခါ ချောမောလှပနေပါသော်လည်း ရေခဲတမျှ အေးတိအေးစက် ဖြစ်နေသော ထို အမျိုးသမီးရုပ်သေးရုပ်လေးမှာ ချက်ချင်းဆိုသလိုပင် အလွန်အင်မတန်မှ ညှို့ဓာတ်ပြင်းသွားပြီး ခေါင်းအစ ခြေအဆုံး နှစ်လိုဖွယ်ရာ ကောင်းနေတော့သည်။ ကျင့်သိုမင်မှာ သူ့ကိုယ်သူ မထိန်းနိုင်တော့ဘဲ ရှေ့သို့ခါးကိုင်းလာပြီး သေသေချာချာ ကြည့်ရှုလိုက်၏။
နောက်ဆုံးတွင် ဝမ်ပေါင်လဲ့မှာ ရှေ့သို့လှမ်းလာပြီး သူ၏ ခြေထောက်ဖြင့် ကန်ကျောက်လိုက်၏။ ထိုကန်ချက်၏ ပြင်းအားမှာ အံဩတုန်လှုပ်ဖွယ်ရာကောင်းလောက်အောင် ပြင်းထန်နေသောကြောင့် ချက်ချင်းဆိုသလိုပင် ရွှီခနဲ မြည်သံတစ်သံ ထွက်ပေါ်လာပြီး ထို ချောမောလှပသည့် အမျိုးသမီးရုပ်သေးရုပ်ဆီသို့ အရှိန်အဟုန်ဖြင့် ဦးတည်သွား၏။ ထိုရုပ်သေးရုပ်မှာ အစွမ်းကုန်ထုတ်ကာ ထိုပြင်းအားကို ခုခံတားဆီးလိုက်သဖြင့် အသံအကျယ်ကြီးတစ်သံ ထွက်ပေါ်လာပြီးနောက် ၎င်းမှာ နောက်သို့ ဆုတ်ခွာသွား၏။ ကျင့်သိုမင်မှာ တအံ့တဩ ဖြစ်နေပြီး အရာအားလုံး ပြန်လည်ငြိမ်သက်သွားသောအခါ အမျိုးသမီးရုပ်သေးရုပ်၏ ခန္ဓာကိုယ်ပေါ်တွင် အက်ကွဲကြောင်းများကို မြင်လိုက်ရ၏။ သို့သော် သေသေချာချာကြည့်ရှုလိုက်မည်ဆိုလျှင် ထိုအက်ကွဲကြောင်းများမှာ အလိုအလျောက် အကောင်းပတိအတိုင်း ပြန်ဖြစ်နေသည်ကို မြင်နိုင်ပေသည်။
” တာအိုရောင်းရင်းကျင့်။ ဒီ ရုပ်သေးရုပ်က အရမ်းကို မာကျောပြီးတော့ ကိုယ့်ကိုယ်ကို ပြန်လည်ပြုပြင်နိုင်စွမ်းရှိတဲ့ ကမ္ဗည်းစာလုံးတွေနဲ့ ရေးထိုးထားတာ။ ဒီရုပ်သေးရုပ်ကို ကာကွယ်ရေးအတွက်ပဲသုံးသုံး တခြားဘာကိစ္စအတွက်ပဲသုံးသုံး သုံးလို့ရတယ် ”
ကျင့်သိုမင်တစ်ယောက် မျက်လုံးများ ဝင်းလက်စွာတောက်ပနေပြီး အလွန်အင်မတန်မှ စိတ်ဝင်စားနေသည်ကို သတိထားမိလိုက်သဖြင့် ဝမ်ပေါင်လဲ့မှာ တည်ကြည်စွာ ဆိုလိုက်၏။
ထို့နောက် သူသည် မန္တန်လက်ကွက်များ ထပ်ဖော်လိုက်ပြီး လူသန်ရုပ်သေးရုပ်ကြီးအား လက်ညှိုးထိုးလိုက်၏။ ထိုအခါ ထိုရုပ်သေးရုပ်ကြီးမှာ ချက်ချင်းဆိုသလိုပင် လှုပ်ရှားလာပြီး ကျင့်သိုမင်၏ ရှေ့၌ လက်သီးကွက်များကို ထိုးနှက်ပြနေတော့သည်။ ၎င်းမှာ ရက်စက်ကြမ်းကြုတ်ပြီး အလွန်အင်မတန်မှ သန်မာသည့်ပုံ ပေါက်နေသည်။ ထို လူသန်ရုပ်သေးရုပ်ကြီးမှာ ၎င်း၏ တင်ဆက်မှုများကို အဆုံးသတ်လိုက်ပြီးနောက် အော်ဟစ်ညည်းသွားလိုက်၏။
” အာ့…. ဟင်း….. အား… ”
ထိုအသံများကို ကြားလိုက်ရသောအခါ လသုံးစင်းမဟာမိတ်အဖွဲ့မှ သတ်တော်စောင့်များအားလုံးမှာ အံ့ဩတုန်လှုပ်သွားကြပြီး သူတို့မြင်လိုက်ရသော မြင်ကွင်းကြောင့် ကြက်သေသေသွားကြတော့သည်။ အထူးသဖြင့် အမျိုးသမီး ကျင့်ကြံသူများဆိုလျှင် ဆွံ့အမှင်တက်သွားကြပြီး မျက်လုံးပြူးကြီးများဖြင့် စိုက်ကြည့်နေကြတော့သည်။
ကျင့်သိုမင်မှာလည်း အသားများတုန်ရီသွားပြီး ကုလားထိုင်ကို လက်ဖြင့်ရိုက်ကာ ဟက်ဟက်ပက်ပက် ရယ်မောနေလိုက်တော့သည်။ သူသည် စကားပြောရန် ပြင်လိုက်စဉ်မှာပင် သူ၏ဘေးတွင်ရှိနေသော အမျိုးသမီးအိမ်ဖော်လေးမှာ ရုတ်တရက်ဆိုသလို အသိစိတ်ပြန်ဝင်လာပြီး အလျင်စလို လှမ်းအော်လိုက်၏။
” အကုန်လုံးကိုယူမယ်။ တစ်ရုပ်ကို ဝိညာဉ်ကျောက်တုံး တစ်သန်းစီ ပေးမယ် ”
ထိုအိမ်ဖော်လေးမှာ သူ့ထက်အရင် ဈေးနှုန်းကမ်းလှမ်းလိုက်သည်ကို ကြားလိုက်ရသောအခါ ကျင့်သိုမင်မှာ အနည်းငယ်ခန့် မရွှင်မပျဖြစ်သွား၏။ သို့သော် သူသည် စကားတစ်ခွန်းမှမပြောဘဲ ဝမ်ပေါင်လဲ့အား စိုက်ကြည့်နေလိုက်၏။
ဝမ်ပေါင်လဲ့မှာလည်း အခြေအနေကို ရိပ်စားမိဟန် ရှိပေသည်။ ကျင့်သိုမင်မှာ ကြွယ်ဝချမ်းသာသောသူတစ်ယောက် ဖြစ်သည့်တိုင်အောင် မိုက်မဲနေခြင်း မဟုတ်ဘဲ ငွေရေးကြေးရေးနှင့် ပတ်သက်လာလျှင် သိပ်၍ အလေးမထားသော လူတစ်ယောက်သာဖြစ်ကြောင်း သူက မှတ်ယူလိုက်၏။ ဝမ်ပေါင်လဲ့မှာ အရမ်းကြီး လောဘမကြီးသင့်ကြောင်း နားလည်ထားသောကြောင့် ထိုဈေးနှုန်းကို သဘောတူလိုက်ပြီးနောက် အခြား ရုပ်သေးရုပ်တစ်ရာကျော်ကိုပါ ထုတ်ပြလိုက်၏။
နောက်ဆုံးတွင် အိမ်ဖော်မလေးမှာ အံ့ဩတုန်လှုပ်နေရပြီး ကျင့်သိုမင်မှာလည်း ကျေနပ်အားရနေရတော့သည်။ ထိုသို့ဖြင့် နှစ်ဦးနှစ်ဖက်စလုံးမှာ အရောင်းအဝယ်ကိစ္စများကို အဆုံးသတ်လိုက်၏။ ဝမ်ပေါင်လဲ့မှာ အမည်ပေါက်မပါသော ဝိညာဉ်ကျောက်တုံးကတ်ပြားကို လက်ထဲတွင်ကိုင်ရင်း ကျင့်သိုမင်နှင့် သူ၏အပေါင်းအပါများကို ပြုံးပြကာ နှုတ်ဆက်လိုက်တော့သည်။
ကျင့်သိုမင်မှာ ဝမ်ပေါင်လဲ့အား အလွန်အင်မတန်မှ စိတ်ဝင်စားသွားသောကြောင့် ထွက်မသွားခင် သူ၏ နာမည်ကို မေးမြန်ခဲ့၏။ ဝမ်ပေါင်လဲ့၏ နာမည်ကို ကြားလိုက်ရသောအခါ သူသည် အံအားသင့်သွားသည့်ပုံပင်။ သူသည် ထိုနာမည်အား ယခင်တုန်းက ကြားဖူးထားသည့်အလား ခံစားလိုက်ရ၏။ ထို့နောက် သူသည် လက်ပြနှုတ်ဆက်ကာ ထွက်ခွာသွားတော့သည်။
” ဘောစိ… ဒါကမှ တကယ့်ဘောစိတစ်ယောက်ပဲ ”
ဝမ်ပေါင်လဲ့မှာ အဝေးသို့ ထွက်ခွာသွားသော ကျင့်သိုမင်အား ခံစားချက်အပြည့်ဖြင့် လှမ်းကြည့်နေလိုက်ပြီး သူတို့ ထွက်ခွာသွားသည့်အတွက်ပင် အနည်းငယ်ခန့် စိတ်မကောင်းဖြစ်နေတော့သည်။ သူတို့ကို လုံးဝမမြင်ရတော့သော အခါမှသာ သူသည် နောက်သို့လှည့်လာ၏။
” ငါ့ ဘဝတစ်လျှောက်လုံးမှာ အနှစ်သက်ဆုံးအရာက ဘောစိတွေနဲ့ မိတ်ဆွေဖွဲ့ရတာပဲ ”
ဝမ်ပေါင်လဲ့မှာ သူ၏သိုလှောင်လက်ကောက်ကို ပွတ်ကာ အမည်ပေါက်မပါသော ဝိညာဉ်ကျောက်တုံးကတ်ပြားနှင့် သတ္တမအဆင့် ဓမ္မလက်နက်ဖြစ်သော ဓားရှည်တို့ကို စိတ်ကူးထဲတွင် ပုံဖော်ကြည့်လိုက်၏။ ထို့နောက် သူ၏ခန္ဓာကိုယ်ထဲတွင် ချော်ရည်အိုင်တစ်အိုင် ထွက်ပေါ်လာသကဲ့သို့ ပူခနဲ ဖြစ်သွား၏။
ထို့နောက် သူသည် စိတ်ကျေနပ်မှုအပြည့်ဖြင့် လျှို့ဝှက်ဆန်းကြယ် မှော်လမ်းကြောင်းမြူခိုးများကို လိုက်လံရှာဖွေနေရင်း သတ္တမအဆင့် ဓမ္မလက်နက်အား စမ်းသုံးကြည့်နေတော့သည်။ တစ်ခုတည်းသော ပြဿနာမှာ ထိုမျှလောက်အစွမ်းထက်သော ဓမ္မလက်နက်ကို အခြေတည်အဆင့်တွင် ရှိသည့် လူတစ်ယောက်ကသာလျှင် အစွမ်းကုန်ထုတ်သုံးနိုင်မည်ဖြစ်သည်။ အာနာပါနအဆင့် ကျင့်ကြံသူများအတွက်ဆိုလျှင် ပုဆိန်ကြီးတစ်လက်ကို ကလေးငယ်တစ်ယောက်က ကိုင်တွယ်အသုံးပြုနိုင်ရန် ကြိုးစားနေသကဲ့သို့ ဖြစ်နေမည်သာ ဖြစ်သည်။
ဝမ်ပေါင်လဲ့၏ အပြင်ခန္ဓာကိုယ်မှာ အခြေတည်အဆင့်ကျင့်ကြံသူတစ်ယောက်နှင့် အဆင့်တူနေပါသော်လည်း သူသည် ထိုဓားရှည်ကြီးအား ကိုင်မြှောက်ကာ အနီးကပ်တိုက်ပွဲသုံး လက်နက်တစ်ခုအဖြစ်သာ အသုံးပြုနိုင်စွမ်းရှိပေသည်။ မန္တန်များကို အသုံးပြု၍ ထို ဓားရှည်ကြီးအား ဓားပျံတစ်လက်ကဲ့သို့ ထိန်းချုပ်ရာတွင် သူသည် အခက်တွေ့နေရဆဲပင်။
မည်သို့ပင်ဆိုစေကာမူ ထို ဓားရှည်ကြီးအား အနီးကပ်တိုက်ပွဲသုံး လက်နက်တစ်ခုအဖြစ် အသုံးပြုလျှင်တောင် ၎င်း၏ စွမ်းအားမှာ အံ့ဩမှင်တက်စရာ ကောင်းနေ၏။ ဝမ်ပေါင်လဲ့မှာ သူ၏ ကျင့်ကြံခြင်းစွမ်းအား အနည်းငယ်ကိုသာ အသုံးပြု၍ ထို ဓားရှည်ကြီးကို အသာအယာ ကိုင်မြှောက်ခဲ့ပါသော်လည်း နားစည်များပင် ကွဲအက်သွားစေနိုင်သော အသံကျယ်ကြီးတစ်သံ ချက်ချင်းဆိုသလိုပင် မြည်ဟီးထွက်ပေါ်လာသည်။ ထို့နောက် မိကျောင်းကြီးတစ်ကောင်၏ ပုံရိပ်ယောင်တစ်ခု ပေါ်လာပြီး မြေကြီးပေါ်တွင် ကြောက်မက်ဖွယ်ကောင်းသော အက်ကွဲကြောင်းကြီးတစ်ခုကို ဖန်တီးပေးလိုက်၏။
ထိုမြင်ကွင်းကြောင့် ဝမ်ပေါင်လဲ့မှာ အပျော်လွန်သွားရပြီး သူသည် နောက်ထပ်ဝှက်ဖဲတစ်ချပ်ကို ရရှိလိုက်ပြီဖြစ်ကြောင်း မှတ်ယူလိုက်၏။ ထို့ကြောင့် သူသည် ၎င်းအား အကြိမ်အနည်းငယ်ခန့် ထပ်၍ စိတ်လှုပ်တရှားနှင့် စမ်းကြည့်လိုက်ပါသော်လည်း သူ၏ အပြင်ခန္ဓာကိုယ်တစ်ခုသာလျှင် အခြေတည်အဆင့်တွင် ရှိနေသေးသောကြောင့် ထိုဓားရှည်ကြီးကို အလွန်အကျွံ အသုံးပြု၍မရကြောင်း သိလိုက်ရသည်။ ထို့ကြောင့် သူသည် ထိုဓားရှည်ကြီးကို ပြန်လည်သိမ်းဆည်းလိုက်ပြီး လျှို့ဝှက်ဆန်းကြယ် မှော်လမ်းကြောင်းမြူခိုးများကို ဆက်လက်ရှာဖွေနေလိုက်တော့သည်။
အနည်းငယ်ခန့်ကြာပြီးနောက် သူသည် လျှို့ဝှက်ဆန်းကြယ် မှော်လမ်းကြောင်းမြူခိုးများကို ရှာတွေ့သွားသဖြင့် ထပ်ခါတလဲလဲ စမ်းသပ်ကာ တည်နေရာရွှေ့ပြောင်းနေလိုက်တော့သည်။ သူသည် ဓမ္မလက်နက်၏ အကာအကွယ်ကို ပိုင်ဆိုင်ထားသောကြောင့် ပို၍ပင် ရဲတင်းလာ၏။ ထိုသို့ဖြင့် တစ်ပတ်တိတိ ကုန်ဆုံးသွားသည်။
ထိုတစ်ပတ်အတွင်း ဝမ်ပေါင်လဲ့မှာ ကြိမ်ဖန်များစွာ တည်နေရာရွှေ့ပြောင်းခံခဲ့ရပြီး အကြိမ်တိုင်းတွင် ကျရှုံးခဲ့သည်သာဖြစ်သည်။ သူသည် ပုတီးစေ့ကို ထပ်ခါတလဲလဲ ပြောင်းလဲပြုပြင်မှုများ ပြုလုပ်နေသောကြောင့် ၎င်း၏ အရွယ်အစားမှာလည်း လိုက်၍ ပြောင်းလဲလာ၏။
တချိန်တည်းမှာပင် ဝမ်ပေါင်လဲ့မှာ ထိုအတောတွင်း၌ အကျိုးအပဲ့နှစ်ခုကို ရှာတွေ့ခဲ့သဖြင့် သူ့ဆီတွင်ရှိသော စုစုပေါင်း အကျိုးအပဲ့ အရေအတွက်မှာ ဆယ့်တစ်ခုအထိ ဖြစ်လာ၏။ ထို့အပြင် သူသည် သူ၏ ဝိညာဉ်ချီဇာစ်မြစ်ကို ယာယီခန့် ဖုံးကွယ်နိုင်ပြီး ၎င်း၏ လှုပ်ရှားမှုများကို အတိုင်းအတာတစ်ခုအထိ လျှော့ချပေးနိုင်သည့် နည်းလမ်းတစ်ခုကိုလည်း ရှာတွေ့ခဲ့သေးသည်။ ထိုနည်းလမ်းမှာ သူ၏ ဝါးမျိုခြင်းသစ်စေ့ကို အသုံးပြုရန် လိုအပ်ပါသော်လည်း အကြာကြီးမခံပေး။
ထိုတစ်ပတ်အတွင်း ဝမ်ပေါင်လဲ့မှာ သူနှင့်သိသော လူအချို့နှင့်လည်း ဆုံတွေ့ခဲ့သေးသည်။ သူတို့အားလုံးမှာ တာအိုကျောင်းကြီးလေးကျောင်းမှ ကျောင်းသားများဖြစ်ကြ၏။ သူတို့မှာ သတင်းအချက်အလက်များ အပြန်အလှန် ဖလှယ်လိုက်ကြပြီးနောက် လမ်းခွဲသွားကြ၏။
ဝမ်ပေါင်လဲ့မှာ ကျိုးရိဖန်နှင့် ကျောက်ယမုန့်တို့နှင့် လုံးဝမဆုံရသေးပေ။ သို့သော် အခြားသူများ၏ ပြောစကားများအရ သူတို့သည်လည်း အကျိုးအပဲ့များစွာကို ရှာဖွေနိုင်ခဲ့ကြောင်း သူက သိလိုက်ရသည်။
အန္တရာယ်အပိုင်းတွင်ဆိုလျှင် ဝမ်ပေါင်လဲ့မှာ လကမ္ဘာညလင်းနို့နှင့် ရင်ဆိုင်ခဲ့ရသည့်အပြင် အဆိပ်ရှိမိုးနှင့်ပါ ကြုံခဲ့ရသေးသည်။ ထို့အပြင် အဝေးတစ်နေရာရှိ တံလျှပ်ကိုပင် တစ်ကြိမ် လှမ်းမြင်ခဲ့ရသေး၏။
ထိုသို့ဖြင့် ဝမ်ပေါင်လဲ့မှာ အဆက်မပြတ် လေ့လာဆန်းစစ်ကာ ရှာဖွေနေရင်း သူ၏ ကံကောင်းမှုများ ကုန်ဆုံးသွားသည့်ပုံပင်။ နှစ်ရက်အကြာတွင် လျှို့ဝှက်ဆန်းကြယ် မှော်လမ်းကြောင်းမြူခိုးများကြောင့် တည်နေရာရွှေ့ပြောင်းခံလိုက်ရပြီးနောက် သူသည် ထူထဲသော တောအုပ်ကြီးတစ်ခု၏ အလယ်သို့ရောက်နေကြောင်း သိလိုက်ရသည်။
တောအုပ်ကြီးတစ်ခုတည်းသာဆိုလျှင် ပြဿနာမရှိပေ။ သို့သော် သူ သစ်ပင်တစ်ပင်ထိပ်သို့တက်၍ ကောင်းကင်ကြီးအား မော့ကြည့်လိုက်သောအခါ ကမ္ဘာကြီးကိုမမြင်ရတော့သဖြင့် အသက်ရှူရပ်သွားတော့သည်။
အဝေးသို့လှမ်းကြည့်လိုက်သောအခါ ထိုနေရာကြီးတစ်ခုလုံးကို တောအုပ်ကြီးက ဖုံးလွှမ်းထားသည့်ပုံ ပေါက်နေ၏။ ထို့ကြောင့် သူသည် လ၏အမှောင်ဘက်အခြမ်းသို့ တည်နေရာရွှေ့ပြောင်းခံလိုက်ရခြင်း ဖြစ်ပြီး အစွန်းအဖျားပိုင်းတွင်သာ မဟုတ်ဘဲ အတွင်းပိုင်းထဲထိ ရောက်နေခြင်းဖြစ်ကြောင်း သိလိုက်ရတော့သည်။
” ငါ့ကိုယ်ငါ မသတ်သေသရွေ့ ငါ မသေနိုင်ပါဘူး…. ” ဝမ်ပေါင်လဲ့မှာ အနည်းငယ်ခန့် စိတ်ရှုပ်ထွေးသွားပြီး သတိကြီးကြီးထားကာ တိတ်ဆိတ်ငြိမ်သက်နေသော တောအုပ်ကြီးအား ကြည့်ရင်း အသက်ရှူသံများ မြန်လာတော့သည်။
ထိုနေရာရှိ သစ်ပင်ပန်းမန်များမှာ ကမ္ဘာပေါ်ရှိ သစ်ပင်ပန်းမန်များနှင့် အရောင်လည်းမတူသလို ပုံပန်းသွင်ပြင်လည်း မတူကြပေ။ သစ်ပင်ပန်းမန်းအများစုမှာ ခရမ်းရောင်သန်းနေကြပြီး အချိန်နှင့်လိုက်၍ ပြောင်းလဲနေကြ၏။ ၎င်းတို့အားလုံး၏ ပုံပန်းသွင်ပြင်များမှာလည်း စက်ဝိုင်းပုံသဏ္ဍာန် ရှိနေ၏။ ထို့ကြောင့် စိတ်ကူးယဉ်ကမ္ဘာတစ်ခုထဲသို့ ရောက်နေသကဲ့သို့ ခံစားနေရပြီး နွားငယ်လေးတစ်ကောင်၏ အရွယ်အစားရှိသော သတ္တဝါများ ပြေးလွှားလှုပ်ရှားနေကြသည်ကိုလည်း မြင်နိုင်ပေသည်။
ထိုနေရာရှိ ဝိညာဉ်ချီများမှာ လ၏အရှေ့ဘက်အခြမ်းထက် သိသိာသာပို၍ ထူထဲသိပ်သည်းနေ၏။ သို့သော် ပတ်ဝန်းကျင်အနေအထားမှာ ဝမ်ပေါင်လဲ့အတွက် သင့်တင့်လျောက်ပတ်ခြင်း မရှိသလို ထိုနေရာရှိ သတ္တဝါများမှာလည်း ဝိညာဉ်ချီများကို စုပ်ယူနိုင်စွမ်းရှိနေသောကြောင့် အဆပေါင်းများစွာပို၍ အန္တရာယ်ပြုနိုင်စွမ်း ရှိနေတော့သည်။
ဝမ်ပေါင်လဲ့မှာ သတိကြီးကြီးထား၍ ရှေ့သို့ဆက်လက်ချီတက်နေရင်း ခေါင်းနှစ်လုံး ပေါက်နေပြီး ခြင်္သေ့တစ်ကောင်ခန့် အရွယ်စားရှိကာ တစ်ကိုယ်လုံး အဆစ်များစွာ ရှိနေသော သတ္တဝါကြီးတစ်ကောင်နှင့် ကြုံလိုက်ရ၏။ ၎င်း၏ အရောင်မှာ အပြာရောင်နှင့် အဝါရောင်ကြား ထပ်ခါတလဲလဲ ပြောင်းလဲနေသည်။ ၎င်းမှာ သစ်ပင်တစ်ပင်ပေါ်သို့ တက်သွားစဉ်တွင် ထိုသစ်ပင်ကြီးမှာ ရုတ်တရက်ဆိုသလို ထက်ခြမ်းကွဲသွားပြီး ထိုသတ္တဝါကြီး၏ တစ်ကိုယ်လုံးကို မျိုချပစ်လိုက်တော့သည်။
ထိုမြင်ကွင်းကြောင့် ဝမ်ပေါင်လဲ့မှာ ကျောချမ်းသွားရပြီး ပို၍ပင် သတိကြီးကြီးလိုက်ရတော့သည်။
” ငါ ဒီကနေ မြန်မြန်ထွက်ခွာမှဖြစ်မယ်။ လျှို့ဝှက်ဆန်းကြယ်မှော်လမ်းကြောင်းမြူခိုးကို လိုက်ရှာပြီးတော့ တည်နေရာရွှေ့ပြောင်းဖို့ လိုတယ် ”
ဝမ်ပေါင်လဲ့မှာ အသက်ပြင်းပြင်းရှုကာ တောအုပ်ထဲ၌ ပို၍ပင် လျင်မြန်စွာ ရွေ့လျားသွားလာနေလိုက်တော့သည်။ သုံးနာရီခန့် ကုန်လွန်သွားပြီးသည့်တိုင်အောင် သူသည် တောအုပ်ကြီး၏ အစွန်းအဖျားပိုင်းကို ရှာမတွေ့သေးသလို လျှို့ဝှက်ဆန်းကြယ်မှော်လမ်းကြောင်းမြူခိုးများကိုလည်း အာရုံမခံမိသေးပေ။ ထို့ကြောင့် သူသည် စိုးထိတ်လာရပြီး လမ်းကြောင်းပြောင်း၍ အခြားစိမ့်မြေတစ်ခုကို ရှာဖွေရန် ပြင်လိုက်စဉ်မှာပင် သူ၏ခြေလှမ်းများကို ရုတ်တရက်ဆိုသလို ရပ်တန့်လိုက်ပြီး ဘယ်ဘက်သို့ လှမ်း၍ကြည့်လိုက်၏။
” လူရှိလား ”
ဝမ်ပေါင်လဲ့မှာ သစ်ပင်ပန်းမန်များ၏ ကြားထဲမှနေ၍ သူ၏ရှေ့ရှိ နေရာတစ်ခုတွင် ကျင့်ကြံသူ ရာပေါင်းများစွာကို လှမ်းမြင်လိုက်ရသဖြင့် အံ့အားသင့်သွားတော့သည်။
သူတို့အားလုံးမှာ တူညီဝတ်စုံများကို ဆင်မြန်းထားကြပြီး ဝမ်ပေါင်လဲ့မှာ လျှို့ဝှက်ဆန်းကြယ် လကမ္ဘာထဲ၌ ထိုကဲ့သို့ ဝတ်စားထားသူများနှင့် ကြုံခဲ့ဖူးကြောင်း ပြန်၍ အမှတ်ရသွား၏။ ထို့နောက် သူတို့မှာ ပဉ္စမမျိုးဆက်ကောင်းကင်မျိုးနွယ်စုမှ အဖွဲ့ဝင်များဖြစ်ကြောင်း ချက်ချင်းပင် သိရှိသွားတော့သည်။
သူတို့မှာ ထိုနေရာတွင် မန္တန်အစီအရင်များ ချထားကြပြီး တူးမြောင်းကြီးတစ်ခုကို တူးထားကြ၏။ လူရာပေါင်းများစွာမှာလည်း ဝင်ချည်ထွက်ချည်လှုပ်ရှားကာ တစ်စုံတစ်ခုကို သယ်ယူပို့ဆောင်ရန် ကြိုးစားနေကြသည်ပုံပင်။ တချိန်တည်းမှာပင် တခြားတစ်ဖက်၌ မြင်လိုက်ရသော အရာတစ်ခုကြောင့် ဝမ်ပေါင်လဲ့မှာ သူငယ်အိမ်များ ကျဉ်းမြောင်းသွားရပြီး စိတ်နှလုံး တုန်လှုပ်ချောက်ချားသွားရတော့သည်။ သူသည် ဧရာမ သစ်ပင်ကြီးတစ်ပင်ကို မြင်လိုက်ရခြင်းဖြစ်သည်။
ထိုသစ်ပင်ကြီးမှာ လူတစ်ယောက်နှင့် အပြင်အလှန်စကားပြောနေသည့် ပုံပင်။ ထိုသူမှာ အကြီးအကဲကြီးတစ်ယောက်ဖြစ်ပြီး မျက်မှောင်ကြုတ်ကာ အတွေးများထဲတွင် နစ်မြောနေ၏။ သူ့ဆီမှ ထွက်ပေါ်နေသော အငွေ့အသက်များမှာ အမြုတေအဆင့်တွင်ရှိသော လူတစ်ယောက်၏ အငွေ့အသက်များဖြစ်သည်။
” ဒါ…. ဒါ… ”
ထိုမြင်ကွင်းကြီးကြောင့် ဝမ်ပေါင်လဲ့မှာ အတွေးများ ချာချာလည်သွားရတော့သည်။