” ငါ မရောင်းနိုင်ဘူး ”
ဝမ်ပေါင်လဲ့သည် မရွှင်မပျနှင့် ပြန်ဖြေလိုက်၏။ သူ့ဆီတွင် အကျိုးအပဲ့ ဆယ်ခုသာ ရှိသေးပါသော်လည်း ထိုလူငယ်လေးတွင် ဆယ့်ကိုးခုအထိ ရှိနေသည်မဟုတ်ပါလော။ ထို့နောက် သူ၏အကျိုးအပဲ့များအားလုံးကို သူကိုယ်တိုင် ရှာဖွေခဲ့ခြင်းဖြစ်သည်ဟု တွေးမိလိုက်သောအခါ သူ၏ မပျော်ရွှင်မှုများမှာ မောက်မာဝင့်ကြွားစိတ်များအသွင် ပြောင်းလဲသွားပြီး သူသည် နောက်သို့လှည့်၍ ရှေ့ဆက်လျှောက်သွားလိုက်တော့သည်။
လူငယ်လေး ကျင့်သိုမင်ကမူ အပြုံးမပျက်ရှိနေဆဲပင်။ သူသည် ယုံကြည်မှုအနည်းငယ်လေးပင် ပျက်ပြားသွားခြင်းမရှိဘဲ ဝမ်ပေါင်လဲ့၏ နောက်ကျောကိုကြည့်၍ တည်ကြည်စွာဆိုလိုက်၏။
” အကျိုးအပဲ့တစ်ခုအတွက် သတ္တမအဆင့် ဓမ္မရတနာတစ်ခု ပေးမယ်ကွာ။ ဘယ်လိုလဲ ”
သူသည် သူ၏သိုလှောင်လက်ကောက်ထဲမှ ဓားရှည်တစ်လက်ကို ထုတ်ယူ၍ သူ၏ရှေ့တွင်ချကာ ၎င်းအား သူ၏ညာလက်ဖြင့် ဖိလိုက်ပြီး ဝမ်ပေါင်လဲ့အား စိုက်ကြည့်ကာ ကမ်းလှမ်းလိုက်၏။
ထို ဓားရှည် ပေါ်လာသည်နှင့် တစ်ပြိုင်နက် ၎င်း၏ အတွင်းပိုင်းထဲမှ အံ့ဩမှင်တက်ဖွယ်ကောင်းလောက်အောင် အန္တရာယ်ပြုနိုင်စွမ်းရှိသော လှိုင်းတစ်လှိုင်း ထွက်ပေါ်လာ၏။ ထို့နောက် ၎င်းမှာ အနက်ရောင် လေမုန်တိုင်းတစ်ခု ပုံစံဖြင့် အရက်မျက်နှာအနံ့သို့ ကျယ်လောင်စွာ တိုက်ခတ်ပျံ့နှံ့သွားတော့သည်။ ထို လေမုန်တိုင်းကြီးထဲတွင် အနက်ရောင် ဧရာမ မိကျောင်းကြီးတစ်ကောင် ခပ်ရေးရေးခန့် ပေါ်လာ၏။
ထို အနက်ရောင်မိကျောင်းကြီးမှာ တစ်ကိုယ်လုံးတွင် အကြေးခွံများဖြင့် ပြည့်နှက်နေပြီး အလွန်အင်မတန်မှ ကြောက်မက်ဖွယ်ရာ ကောင်းလှပေသည်။ ၎င်းမှာ ပါးစပ်ကိုဟ၍ သွားများကိုဖြဲကာ အသံမထွက်အောင် အော်ဟစ်မြည်တမ်းနေ၏။ ၎င်း၏ပုံစံမှာ ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှပြီး ကောင်းကင်နှင့် ကမ္ဘာမြေကြီးတို့ပင် တုန်ခါသွားအောင်ပြုလုပ်နိုင်စွမ်း ရှိနေသည့်ပုံပေါက်နေ၏။
ထို ဓားရှည် ပေါ်ထွက်လာသည်နှင့် တစ်ပြိုင်နက် ၎င်း၏ အလွန်အင်မတန် အားပြင်းသော ဖိအားများကြောင့် ကျင့်သိုမင် လှဲနေသည့် ကုလားထိုင်အား သယ်ဆောင်လာသော လူဝံကြီးမှာ အပြင်းအထန် တုန်ရီသွားရ၏။ ၎င်းမှာ တစ်ကိုယ်လုံးတုန်ရီသွားကာ ဒူးထောက်ကျသွားပြီး တစ်လက်မလေးပင် မလှုပ်ရဲတော့ပေ။ သူ၏ ပတ်ပတ်လည်ရှိ အာနာပါနအဆင့် အမျိုးသမီးကျင့်ကြံသူများပင်လျှင် အသက်ရှူနှုန်းများ မတည်မငြိမ်ဖြစ်လာတော့သည်။ ထိုဓမ္မအဆောင်ထဲမှ ထွက်ပေါ်လာသော စွမ်းအားတစ်ခုမှာ သူတို့၏ကျင့်ကြံခြင်းအစွမ်းများကို ချုပ်တည်းထားသကဲ့သို့ ဖြစ်နေသောကြောင့် သူတို့အားလုံး ထိတ်လန့်တုန်လှုပ်နေကြတော့သည်။
ထိုပြင်းအားမှာ ကမ္ဘာမြေပြင်ကြီးကို ကွဲအက်သွားစေနိုင်လောက်သည်အထိ မပြင်းထန်ပါသော်လည်း အလွန် အစွမ်းထက်နေဆဲပင်။ ထို့ကြောင့် ဖုန်များထလာပြီး အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားသဖြင့် သဲများဖုံးလွှမ်းနေသော မြေပြင်ကြီးပေါ်တွင် လှိုင်းတွန့်လေးများ ပေါ်ပေါက်လာတော့သည်။
ဝမ်ပေါင်လဲ့မှာ မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရပြီး နောက်သို့လှည့်ကာ ကျင့်သိုမင်အား ဆွံ့အမှင်တက်စွာနှင့် ငေးကြည့်နေမိတော့သည်။ ထို့နောက် သူသည် ကျင့်သိုမင်၏ လက်အောက်တွင် ဖိထားသော သတ္တမအဆင့် ဓမ္မအဆောင်ကို လှမ်း၍ကြည့်လိုက်၏။
” မင်း…. မင်း ဘာပြောလိုက်တယ် ”
ဝမ်ပေါင်လဲ့မှာ ဆွံ့အနေရတော့သည်။ သူသည် ဇဝေဇဝါနှင့် ဝေခွဲမရဖြစ်နေပြီး နားကြားမှားသွားသည့် အမူအရာဖြင့် ပြန်မေးမိလိုက်၏။
” ဒီ သတ္တမမြောက် ဓမ္မအဆောင်ကို မင်းဆီက အကျိုးအပဲ့တစ်ခုနဲ့ လဲမယ်လို့ ပြောတာလေ။ သဘောတူလား ”
ကုလားထိုင်ပေါ်တွင် ထိုင်နေသော ကျင့်သိုမင်မှာ အပြုံးမပျက်နှင့် ပြန်ဖြေလိုက်၏။ သူသည် သူ့ကိုယ်သူ ယုံကြည်မှုအပြည့်ရှိနေပြီး သူ၏ ပတ်ပတ်လည်မှ အမျိုးသမီး ကျင့်ကြံသူများမှာလည်း သူ၏အပြုအမူများကို ကျင့်သားရနေသည့် ပုံစံဖြင့် အနည်းငယ်လေးပင် အံ့ဩတုန်လှုပ်နေခြင်းမရှိပေ။
” သ…. သတ္တမအဆင့် ဓမ္မလက်နက်တစ်ခုနဲ့ အကျိုးအပဲ့တစ်ခုကို လဲမယ်… ဟုတ်လား ”
ထိုလူငယ်လေး၏ ဘေးပတ်ပတ်လည်ရှိ လူများ၏ အမူအရာများကို ကြည့်ရင်း ဝမ်ပေါင်လဲ့မှာ ကမ္ဘာကြီးတစ်ခုလုံး ကမောက်ကမ ဖြစ်သွားသကဲ့သို့ ခံစားလိုက်ရတော့သည်။ ထိုအခြင်းအရာအားလုံးမှာ သူ့အတွက် ထူးဆန်းလွန်းနေ၏။ သူ၏ သံသယများ ရှင်းလင်းသွားသည့်တိုင်အောင် သူ၏နှလုံးသားထဲတွင် ခံစားချက်မျိုးစုံဖြင့် ဝုန်းဒိုင်းကြဲနေတော့သည်။ ဤ ဖြစ်ရပ်ကြီးတစ်ခုလုံးမှာ အစစ်အမှန်မဟုတ်နိုင်ကြောင်း သူက ခံစားနေရ၏။
သူသည် ဓမ္မလက်နက် ကျင့်ကြံသူတစ်ယောက်ဖြစ်သောကြောင့် ဓမ္မရတနာများအကြောင်းကို ကောင်းကောင်းကြီးနားလည်ထားသည်။ ပထမအဆင့်နှင့် ဒုတိယအဆင့် ပစ္စည်းများမှာ ဓမ္မအဆောင်များ ဖြစ်ကြပြီး တတိယအဆင့်မှ ပဉ္စမအဆင့်အထိ ပစ္စည်းများမှာ နတ်ဘုရားရတနာများ ဖြစ်ကြသည်။ သတ္တမအဆင့် ပစ္စည်းများကိုသာ ” လက်နက် ” ဟု သတ်မှတ်နိုင်သည်ဖြစ်ပြီး ဓမ္မလက်နက်များဟု တရားဝင်ခေါ်ဆိုနိုင်သည်ဖြစ်သည်။
ဓမ္မလက်နက်တိုင်းမှာ အံ့ဩတုန်လှုပ်ဖွယ်ရာကောင်းလောက်အောင် အစွမ်းထက်ပြီး မယုံကြည်နိုင်လောက်အောင်လည်း တန်ဖိုးကြီးမား၏။ ၎င်းတို့ကို ရောင်းချသည့် ဈေးကွက် လုံးဝမရှိပေ။ အဆက်အသွယ်များ အလုံအလောက် မရှိပါက ၎င်းတို့ကို ဝယ်ယူနိုင်ရန်မှာ လုံးဝမဖြစ်နိုင်ပေ။
လေလံပွဲများတွင် ပေါ်လာလျှင်တောင် ချက်ချင်းပင် ရောင်းထွက်သွားကြသည်သာဖြစ်သည်။ ၎င်းတို့၏ ဈေးနှုန်းမှာ ကြောက်ခမန်းလိလိ မြင့်မားလွန်းသည့်တိုင်အောင် မည်သူကမှ လက်တွန့်နေခြင်းမရှိပေ။ ထို့အပြင် ၎င်းတို့အား ဝယ်ယူနိုင်သွားသည့်လူမှာ ဈေးတန်တန်နှင့် ရလိုက်သည်ဟုပင် မှတ်ယူနေကြမည်ဖြစ်သည်။
ဓမ္မလက်နက် ကျင့်ကြံသူတစ်ယောက်ဖြစ်သော ဝမ်ပေါင်လဲ့မှာ ကျိုးသဲ့ရှီ၏ ဓမ္မလက်နက်ထဲမှ ထွက်ပေါ်လာသော မီးခိုးများကိုသာ အဝေးမှ မြင်ဖူးထားသည်။ ထို့ကြောင့် သူသည် ဓမ္မလက်နက်များ၏ ပုံစံအတိအကျကို လုံးဝမမြင်ဖူးပေ။
ဓမ္မလက်နက် ကျင့်ကြံသူအများစုအတွက်မူ ဓမ္မလက်နက်တစ်ခုကို သန့်စင်နိုင်ရန်မှာ ဘဝရည်မှန်းချက်တစ်ခုဖြစ်သည်။ တချိန်တည်းမှာပင် အင်အားတောင့်တင်းသော မိသားစု နောက်ခံအင်အားတစ်ခုနှင့် မျိုးရိုးတို့ကို ပိုင်ဆိုင်ထားသည့် အခြေတည်အဆင့် ကျင့်ကြံသူများသာလျှင် သူတို့၏ကိုယ်ပိုင် ဓမ္မလက်နက်များကို ပိုင်ဆိုင်နိုင်ကြသည်။
အာနာပါနအဆင့် ကျင့်ကြံသူများထဲတွင်ဆိုလျှင် ပြည်ထောင်စုကြီး တစ်ခုလုံးထဲ၌ လသုံးစင်းမဟာမိတ်အဖွဲ့မှ သခင်လေးတစ်ယောက်သာလျှင် ဓမ္မလက်နက်တစ်ခုကို ပိုင်ဆိုင်ထားသည့် တစ်ဦးတည်းသောလူ ဖြစ်နိုင်ပေသည်။
ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ အံ့ဩတုန်လှုပ်သွားရသလို ဇဝေဇဝါဖြစ်သွားရ၏။ ထို ဓမ္မလက်နက်၏ တန်ဖိုးမှာ အံ့သြမှင်တက်ဖွယ် ကောင်းနေသည့်တိုင်အောင် ထိုလူငယ်လေးမှာ ၎င်းအား ဟင်းရွက်ကန်စွန်းရွက် ရောင်းချနေသကဲ့သို့ သဘောထားကာ အကျိုးအပဲ့တစ်ခုဖြင့် လဲလှယ်ရန် ကြိုးပမ်းနေသည်မဟုတ်ပါလော…..
ဝမ်ပေါင်လဲ့ အတွက်မူ ထိုဖြစ်ရပ်ကြီးတစ်ခုလုံးမှာ လူတစ်ယောက်က သူ၏ ပြိုင်ကားနှင့် ကလေးငယ်လေးတစ်ယောက်၏ လက်ထဲရှိ ချိုချဉ်ပလုတ်တုတ်နှင့် လဲလှယ်ရန် ကြိုးစားနေခြင်းနှင့် ဆင်တူနေတော့သည်။
ထို ပြိုင်ကားနှင့် နှိုင်းယှဉ်လျှင်ပင် ယခုဖြစ်ရပ်ကြီး တစ်ခုလုံး၏ အဓိပ္ပါယ် မရှိမှုများကို ယှဉ်နိုင်မည် မဟုတ်ဘဲ အကောင်းစား ဇိမ်ခံ သင်္ဘောပျံကြီးတစ်စင်းနှင့် ယှဉ်မှသာ တော်ရာကျလိမ့်မည်ဟု သူက ခံစားနေရတော့သည်။
ထိုခံစားချက်များကြောင့် ဝမ်ပေါင်လဲ့မှာ အံ့ဩတုန်လှုပ်ကာ ကြက်သေသေနေရတော့သည်။ သူသည် အသက်အောင့်ထားပါတော့လည်း တဖြည်းဖြည်းနှင့် အသက်ရှူနှုန်းများ မြန်ဆန်လာ၏။ သူ၏ အမြင်အာရုံများမှာ ဝေဝါးသွားပြီး ကျင့်သိုမင်ကမူ ဤကမ္ဘာကြီး တစ်ခုလုံးထဲတွင် သူ မလဲလှယ်နိုင်မည့်အရာ လုံးဝမရှိဟူသော အမူအရာမျိုးဖြင့် မောက်မာဝင့်ကြွားစွာ ပြုံးနေ၏။ ထိုဖက်တီးလေးမှာ ခေါင်းမာနေခဲ့ပြီး မာနတစ်ခွဲသားနှင့် သူ၏ အကျိုးအပဲ့တစ်ခုကို မည်သည့်အရာနှင့်မှ လဲလှယ်နိုင်မည်မဟုတ်ဟု ဆိုခဲ့သည်မဟုတ်ပါလော။ ထို့ကြောင့် သူသည် သူ၏ ဓမ္မလက်နက်ကို ထုတ်ပြကာ ဝမ်ပေါင်လဲ့ အရှုံးပေး၊ မပေးကို စမ်းသပ်ကြည့်ချင်နေ၏။
အမှန်တွင် ထိုလူငယ်လေးမှာ သူ၏ခရီးတစ်လျှောက်တွင် အကျိုးအပဲ့တစ်ခုတလေကိုပင် ရှာဖွေခဲ့ခြင်းမရှိပေ။ သူ၏ လက်ထဲရှိ အကျိုးအပဲ့အားလုံးကို သူ့ဆီမှ ပစ္စည်းများဖြင့် လဲလှယ်၍ ရယူခဲ့ခြင်းဖြစ်သည်။ အစပိုင်းတွင် သူသည် နတ်ဘုရားရတနာများဖြင့်သာ အလဲအလှယ် ပြုလုပ်ခဲ့ပါသော်လည်း ယခုတွင် တစ်ခုသာ လိုတော့သည်ဖြစ်၍ ထိုဓမ္မလက်နက်ကို အသုံးပြုရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။ သူ့အတွက်မူ ထို ဓမ္မလက်နက်မှာ သိပ်၍တန်ဖိုးမရှိပေ။ အကယ်၍ သူ့တွင် တစ်ခုမှ မကျန်တော့ပါက အိမ်ပြန်ရောက်သည့်အချိန်တွင် သူ၏အဖေဆီမှ တစ်ခုလောက် ပြန်တောင်းလိုက်ရုံပင်။ သူတို့တွင် ထိုကဲ့သို့သော ဓမ္မလက်နက်များ အလုံအလောက်ရှိနေသည် မဟုတ်ပါလော။
သူ၏ဘေးမှ လူများမှာမူ သူတို့သခင်လေး၏ ကိစ္စအဝဝအား ကိုင်တွယ်ဖြေရှင်းပုံများကို ကျင့်သားရနေပြီးသား ဖြစ်နေကြသည့်ပုံပင်။ လူတိုင်းမှာ တစိုးတစိမျှ အံ့ဩတုန်လှုပ်နေခြင်းမရှိကြပေ။ အိမ်ဖော်တစ်ယောက်ဟု ထင်ရသော အမျိုးသမီးကျင့်ကြံသူတစ်ယောက်ဆိုလျှင် ပြုံးပင် ပြုံးနေပြီး သူမ၏သခင်လေးမှာ ယခုအကြိမ် မတိုင်ခင်ကလောက် ကမူးရှူးထိုး ပြုမူနေခြင်းမရှိဟု မှတ်ယူလိုက်၏။
” သခင်လေးက ရင့်ကျက်လာပြီပဲ။ အဋ္ဌမအဆင့် ဓမ္မလက်နက်တစ်ခုနဲ့ အကျိုးအပဲ့တစ်ခုကို မလဲခဲ့လို့ တော်သေးတယ် ”
” လဲမှာလား၊ မလဲဘူးလား ”
အချိန်အနည်းငယ်ခန့် ကြာပြီးသွားသည့်တိုင်အောင် ဝမ်ပေါင်လဲ့မှာ မျက်လုံးများ အရောင်လက်နေပါသော်လည်း စကားတစ်ခွန်းမှမပြောသေးသောကြောင့် ကျင့်သိုမင်မှာ မျက်ခုံးပင့်ကာ မေးလိုက်၏။ သူသည် ဝမ်ပေါင်လဲ့ဆီမှ တုံ့ပြန်မှုတစ်ခု တစ်ခုတလေပင် ပြန်မရသောကြောင့် အနည်းငယ်ခန့် စိတ်ရှုပ်နေရသလို အံ့လည်းအံ့ဩမိနေ၏။
” လဲမယ် ”
ဝမ်ပေါင်လဲ့မှာ ကျင့်သိုမင်၏ စိတ်ရှုပ်နေသောလေသံကို လျစ်လျူရှုကာ ချက်ချင်းပင်ပြန်ဖြေလိုက်ပြီး အကျိုးအပဲ့တစ်ခုကို လှမ်းပစ်ပေးလိုက်၏။ သူသည် အလွန်အင်မတန်မှ စိတ်လှုပ်ရှားနေ၏။ ကျင့်သိုမင်ကလည်း ထို အကျိုးအပဲ့ကို လှမ်းဖမ်းကာ သေသေချာချာကြည့်ရှုလိုက်ပြီးနောက် အားရကျေနပ်သွားသည့် အမူအရာဖြင့် သတ္တမအဆင့် ဓမ္မလက်နက်တစ်ခုကို ဝမ်ပေါင်လဲ့ဆီသို့ လှမ်း၍ပစ်ပေးလိုက်တော့သည်။
ဝမ်ပေါင်လဲ့မှာ ထို သတ္တမအဆင့် ဓားရှည်ကို ကိုင်လိုက်မိသည်နှင့် တစ်ပြိုင်နက် တစ်ကိုယ်လုံး အပြင်းအထန်တုန်ရီသွား၏။ သူသည် ထို ဓမ္မလက်နက်ထဲမှ စကားလုံးများနှင့်ပင် ဖော်ပြ၍မရနိုင်လောက်အောင် အားပြင်းသော စွမ်းအားတစ်မျိုး အဆက်မပြတ် ထွက်ပေါ်လာနေသည်ကို အာရုံခံမိလိုက်သည်။ သူ၏လက်ထဲတွင် ကိုင်ထားသည့်အရာမှာ ဓမ္မလက်နက်တစ်ခုနှင့်ပင် မတူဘဲ ရက်စက်ကြမ်းကြုတ်သော မိကျောင်းတစ်ကောင်နှင့် ပို၍တူနေ၏။
သူသည် သာမန်လူတစ်ယောက် ဖြစ်သွားသကဲ့သို့ပင် ခံစားလိုက်ရ၏။ ကျင့်ကြံခြင်းအပိုင်းတွင်ဖြစ်စေ တန်ခိုးစွမ်းအားအရဖြစ်စေ ထိုဓမ္မလက်နက်အား ထိန်းချုပ်နိုင်ရန်မှာ ခဲယဉ်းလွန်းနေ၏။ တချိန်တည်းမှာပင် သူသည် ဓမ္မလက်နက် ကျင့်ကြံသူတစ်ယောက်ဖြစ်သောကြောင့် ထို ဓမ္မလက်နက်မှာ အစစ်အမှန်ဖြစ်ကြောင်း ချက်ချင်းပင်သိလိုက်၏။
” ဘုရားရေ။ အိပ်မက်မက်နေတဲ့ အတိုင်းပဲ ”
ဝမ်ပေါင်လဲ့မှာ သူဌေးသားလေး စိတ်ပြောင်းသွားမည်စိုးသောကြောင့် ထို ဓမ္မလက်နက်အား သူ၏သိုလှောင်အိမ်ထဲသို့ ချက်ချင်းပင် သိမ်းဆည်းလိုက်၏။ သို့သော် သူသည် ကျင့်သိုမင်အား အထင်သေးမိခဲ့ဟန်တူသည်။
ဝမ်ပေါင်လဲ့တစ်ယောက် ထိုဓမ္မလက်နက်အား သိမ်းဆည်းနေစဉ်တွင် ကျင့်သိုမင်မှာ ကုလားထိုင်ပေါ်တွင် လဲလျောင်းကာ သူ၏ နေကာမျက်မှန်ကို ပြန်တပ်လိုက်ပြီး ကျေနပ်အားရနေသော မျက်နှာအမူအရာဖြင့် ဝမ်ပေါင်လဲ့အား လှမ်း၍ လက်ဝှေ့ယမ်းပြလိုက်၏။
” ကျေးဇူးတင်ပါတယ် တာအိုရောင်းရင်း ”
ထိုအခါ ဝမ်ပေါင်လဲ့မှာ ခေါင်းမော့လာပြီး ဆူညံပွက်လောရိုက်နေသောလူအုပ်ကြီး ထွက်ခွာသွားသည်ကို လှမ်းကြည့်နေလိုက်တော့သည်။ ထိုလူငယ်လေးမှာ ထွက်ခွာမသွားခင် ကျေးဇူးတင်စကား ဆိုခဲ့သောကြောင့် သူ၏ စံနှုန်းများမှာ ပျက်ပြားနေသည်ဟုပင် ခံစားလိုက်ရ၏။
” တော်တော်ကို အသုံးကြီးတဲ့ကောင်။ ဓမ္မလက်နက်တစ်ခုနဲ့ အကျိုးအပဲ့တစ်ခုကို လဲပြီးတော့ ငါ့ကိုတောင် ကျေးဇူးတင်သွားရသေးတယ်လို့…. ”
ဝမ်ပေါင်လဲ့မှာ ဇဝေဇဝါဖြစ်သွားရ၏။ သူသည် လသုံးစင်းမဟာမိတ်အဖွဲ့မှ သခင်လေး၏ လုပ်ရပ်များကို နားမလည်နိုင်သဖြင့် ဆင်းရဲမွဲတေမှုများကြောင့် သူ၏ စိတ်ကူးစိတ်သန်းများမှာ ထိန်းချုပ်ခံထားရသည်ဟု ခံစားလိုက်ရ၏။
သို့သော် သေချာသည့် အချက်တစ်ချက်မှာမူ ဝမ်ပေါင်လဲ့မှာ အနည်းငယ်လေးပင် ဝမ်းနည်းနေခြင်း မရှိခြင်းပင်။ ထိုလူငယ်လေးမှာ အကျိုးအပဲ့တစ်ခုထက် ပို၍ လိုအပ်နေလျှင် ပိုကောင်းလိမ့်မည်ဟုပင် သူက ခံစားနေရ၏။
သူ ခံစားနေခဲ့ရသော အားကျမှုများပင်လျှင် ပျောက်ကွယ်သွားပြီဖြစ်သည်။ ထိုလူငယ်လေး အခြေတည်အဆင့်အတွက် လိုအပ်သောအကျိုးအပဲ့များကို အချိန်တိုအတွင်း စုဆောင်းနိုင်သည်မှာ အထူးတဆန်းမဟုတ်ဟု သူက မှတ်ယူလိုက်၏။ အကယ်၍ သူ ထိုအလုပ်ကိုပင် အောင်အောင်မြင်မြင် မလုပ်နိုင်ပါက မိုးကြိုးပစ်ခံရသင့်ပေသည်။
” ငါ သင်ခန်းစာအသစ်တခု ရသွားပြီ ”
ဝမ်ပေါင်လဲ့မှာ အသက်ပြင်းပြင်းရှူကာ တွေးလိုက်၏။ သူသည် အလွန်အင်မတန်မှ စိတ်လှုပ်ရှားနေပြီး သက်ပြင်းချရန် ပြင်လိုက်ချိန်တွင် ကျင့်သိုမင် လဲလျောင်းနေသော ကုလားထိုင်ကို လူဝံတစ်ကောင်တည်းက မဟုတ်ဘဲ နှစ်ကောင်က သယ်သင့်ကြောင်း ရုတ်တရက်ဆိုသလို တွေးမိလိုက်၏။
ထို့ကြောင့် သူသည် အလျင်အမြန် တွေးတောလိုက်ပြီးနောက် မျက်လုံးများအရောင်လက်သွားကာ ချက်ချင်းဆိုသလိုပင် လက်မြှောက်ကာ အသံအကျယ်ကြီးဖြင့် လှမ်းအော်လိုက်၏။
” တာအိုရောင်းရင်း ကျင့်ရေ။ ငါ့ဆီမှာ မင်း တခြားဘယ်နေရာမှာမှ မဝယ်နိုင်တဲ့ အရည်အသွေးကောင်းပစ္စည်းတွေ အများကြီးရှိသေးတယ်။ မင်းရဲ့ ကုလားထိုင်ကို သယ်ပေးပြီးတော့ မင်းရဲ့ပုခုံးကို နှိပ်နယ်ပေးနိုင်တဲ့ အဆင့်မြင့် ရုပ်သေးရုပ်တွေလည်း ရှိတယ်။ အဲ့ရုပ်သေးရုပ်တွေကို မင်းရဲ့သက်တော်စောင့်အဖြစ်တောင် ခန့်အပ်လို့ရတယ်နော်။ မင်း ရုပ်သေးရုပ် တစ်ရုပ် ဝယ်ပြီးသွားရင် ဘာကိုမဆို လုပ်လို့ရတယ် ”
ဝမ်ပေါင်လဲ့မှာ ထိုသို့ဆိုကာ သူ၏ သိုလှောင်အိတ်ကိုပုတ်၍ ရုပ်သေးရုပ်သုံးရုပ်ကို အပြင်သို့ထုတ်လိုက်၏။
တစ်ရုပ်မှာ ချောမောလှပသော မိန်းမပျိုလေးတစ်ယောက်ဖြစ်ပြီး အခြားတစ်ရုပ်မှာ လူသန်ကြီးတစ်ယောက်ဖြစ်ကာ နောက်ဆုံးတစ်ရုပ်မှာ စိန်လူဝံ အသေးစားတစ်ကောင် ဖြစ်သည်။
ထို မိန်းမချော ရုပ်သေးရုပ်လေးမှာ အလွန် ညှို့ဓာတ်ပြင်းပြီး ဆွဲဆောင်မှုရှိလွန်းနေ၏။ သူမ၏မျက်နှာမှာ ပန်းပွင့်များဖူးပွင့်နေသည့် လှပသော ပန်းချီကားတစ်ချပ်နှင့် တူနေပြီး သူမအား မြင်လိုက်ရသည့် လူတိုင်း၏ နှလုံးသားများကို ဖမ်းစားလိုက်မည်သာ ဖြစ်သည်။
လူသန် ရုပ်သေးရုပ်ကြီးမှာမူ သာမန်လူများထက် အများကြီးပို၍ သာလွန်သော ခွန်အားတစ်မျိုးကို ပိုင်ဆိုင်ထား၏။ သူ၏ပုံစံမှာ အလွန်အင်မတန်မှ ရက်စက်ကြမ်းကြုတ်နေပြီး သူ၏ အငွေအသက်မှာလည်း ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှသောကြောင့် သူသည် မတ်တတ်ရပ်နေရုံမျှဖြင့် ပိုင်ရှင်ကို ဘေးကင်းလုံခြုံမှုအပြည့် ပေးနိုင်စွမ်းရှိနေသည့်ပုံ ပေါက်နေသည်။
စိန်လူဝံ ရုပ်သေးရုပ်ကြီးမှာမူ တောင်ငယ်လေးတစ်လုံးနှင့် တူပြီး အလွန်အင်မတန်မှ အသက်ဝင်လွန်းလှသဖြင့် အစစ်ဟုပင် ထင်ရသည်။
သူသည် ထိုလူငယ်လေး၏ အကြိုက်ကို သေချာမသိသောကြောင့် ရုပ်သေးရုပ် အမျိုးအစား တစ်ခုချင်းစီ ထုတ်ပြလိုက်ခြင်းဖြစ်သည်။
Good