Switch Mode

အခန်း ( ၂၄၇ )

တာအိုရောင်းရင်း၊ ကျေးဇူးပြုပြီး ခဏစောင့်ပါဦး

ဝမ်ပေါင်လဲ့မှာ သူ၏ဆံပင်များကို ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားပြီး သူ၏မျက်ဝန်းများထဲတွင်လည်း ခေါင်းမာမှုနှင့် စိတ်ဓာတ်ပြတ်သားမှု အရိပ်အယောင်များ အထင်းသားပေါ်လာ၏။ သူသည် လျှို့ဝှက်ဆန်းကြယ် မှော်လမ်းကြောင်းမြူခိုးများကို သိမ်းဆည်းသိုလှောင်နိုင်စွမ်းရှိသော ပုတီးစေ့ကို မဖန်တီးနိုင်သေးသဖြင့် မခံမရပ်နိုင်လောက်အောင် ဖြစ်နေရတော့သည်။

သူ လပေါ်မှ ထွက်ခွာသွားသည့်အချိန်တွင် ထိုပုတီးစေ့မှာ အစွမ်းပျောက်သွားမည် ဖြစ်ကြောင်းကို သိရှိထားပြီးဖြစ်သည်။ သို့သော် လျှို့ဝှက်ဆန်းကြယ် လကမ္ဘာထဲတွင်မူ ၎င်းမှာ သူ၏ဝှက်ဖဲဖြစ်သည်။ သူသည် ၎င်းကို အသုံးပြု၍ ထိုနယ်မြေထဲတွင် လွတ်လပ်စွာ လှုပ်ရှားသွားလာနိုင်မည် ဖြစ်သည်။

အကယ်၍ သူသည် လျှို့ဝှက်ဆန်းကြယ် လကမ္ဘာပေါ်တွင် ကျက်စားနေထိုင်သည့် ရက်စက်ကြမ်းကြုတ်သော သားရဲတစ်ကောင်နှင့် ကြုံလိုက်ရမည်ဆိုပါက ထိုပုတီးစေ့ကို သူ့ကိုယ်ပေါ်တွင် အသုံးပြု၍ ထွက်ပြေးနိုင်ပေသည်။ အကယ်၍ အခြားအဖွဲ့အစည်းမှ ကျင့်ကြံသူများနှင့် ကြုံရပါကလည်း ထိုပုတီးစေ့ကို သူတို့အပေါ် အသုံးပြု၍ သူတို့အား အဝေးသို့ ပို့ပစ်နိုင်မည် ဖြစ်သည်။

ထိုကဲ့သို့သော အစွမ်းမျိုးကြောင့် ဝမ်ပေါင်လဲ့မှာ ထိုပုတီးစေ့အား အင်မတန်မှ တန်ဖိုးထားနေ၏။

အကယ်၍ သူသည် တိုးတက်မှုအရိပ်အယောင်များနှင့် မကြုံခဲ့ရပါက ယခုလို စိတ်ရှုပ်ခံနေတော့မည်မဟုတ်ပေ။ သို့သော် ကြိမ်ဖန်များစွာ တည်နေရာရွှေ့ပြောင်းခံခဲ့ရပြီးနောက် ဝမ်ပေါင်လဲ့မှာ ထိုပုတီးစေ့၏ ကမ္ဗည်းစာလုံး မြောက်မြားစွာကို ပိုမိုတိုးတက်ကောင်းမွန်လာအောင် လုပ်ခဲ့ရုံသာမက အခြားပြုပြင်ပြောင်းလဲမှုများစွာကိုလည်း ပြုလုပ်ခဲ့သဖြင့် ၎င်းမှာ မြူခိုးများကို စုပ်ယူနိုင်စွမ်း ရှိနေပြီဖြစ်သည်။ တစ်ခုတည်းသော အခက်အခဲမှာ ထိုစုပ်ယူပြီးသော မြူခိုးများကို သိုလှောင်သိမ်းဆည်းရန်ပင်ဖြစ်သည်။

ထိုပုတီးစေ့မှာ မြူခိုးများကို စုပ်ယူနိုင်ပါသော်လည်း ဝမ်ပေါင်လဲ့ တည်နေရာရွှေ့ပြောင်းခံလိုက်ရသည်နှင့် တစ်ပြိုင်နက် ၎င်းထဲရှိ မြူခိုးများမှာ အလိုအလျောက် ပျံ့လွင့်ပျောက်ကွယ်သွား၏။ ၎င်းမှာ ဝမ်ပေါင်လဲ့ စိတ်ကူးထားသော ဂုဏ်သတ္တိ မဟုတ်ပေ။

” ငါ့ရဲ့ လေ့လာမှုတွေ သေချာပေါက်အောင်မြင်စေရမယ် ”
ဝမ်ပေါင်လဲ့မှာ သန္နိဋ္ဌာန်ချလိုက်၏။ သူသည် ဘေးဘီဝဲယာကို အကဲခတ် ကြည့်ရှုလိုက်ပြီးနောက် အရက်မျက်နှာ တစ်ဖက်ဆီသို့ ပြေးသွားလိုက်ပြီး သူ၏ ဝါးမျိုခြင်းသစ်စေ့အား အသုံးပြုကာ အကျိုးအပဲ့များကို ရှာဖွေရင်း ပုတီးစေ့၏ ကမ္ဗည်းစာလုံးများကို ပြုပြင်ပြောင်းလဲနေတော့သည်။ တချိန်တည်းမှာပင် သူသည် လျှို့ဝှက်ဆန်းကြယ် မှော်လမ်းကြောင်းမြူခိုးများကိုလည်း လိုက်လံရှာဖွေနေ၏။

လျှို့ဝှက်ဆန်းကြယ် မှော်လမ်းကြောင်းမြူခိုးများအား တစ်လတိတိ လေ့လာခဲ့ပြီးနောက် ဝမ်ပေါင်လဲ့မှာ ၎င်း၏အကြောင်းကို နားလည်သဘောပေါက်နေပြီ ဖြစ်သည်။ သာမန်ဆိုလျှင် လျှို့ဝှက်ဆန်းကြယ် မှော်လမ်းကြောင်းမြူခိုးများမှာ မြေနိမ့်ပိုင်းတွင် ပေါ်ထွက်လာလေ့ရှိသည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ အကျိုးအပဲ့များကိုလည်း မြေနိမ့်ပိုင်းဒေသများနှင့် နီးစပ်သော နေရာများတွင်သာ လိုက်လံရှာဖွေနေ၏။ သူသည် သူ၏ ဖန်တီးမှု အလုပ်ဖြစ်၊မဖြစ် စမ်းသပ်နိုင်ရန်အတွက် လျှို့ဝှက်ဆန်းကြယ် မှော်လမ်းကြောင်းမြူခိုးများ ပေါ်လာမည့်အချိန်ကို စောင့်ဆိုင်းနေတော့သည်။

ထိုသို့ဖြင့် နှစ်ရက်တိတိကုန်ဆုံးသွား၏။ ထို နှစ်ရက်အတွင်း ဝမ်ပေါင်လဲ့မှာ ပုတီးစေ့အား အောင်မြင်စွာ အဆင့်မြှင့်ပြီးသွားပြီဖြစ်ပြီး ၎င်းနှင့် ပုံစံတူ မူကွဲအမျိုးမျိုးကိုလည်း ဖန်တီးထုတ်လုပ်ထားပြီးဖြစ်သည်။ သူသည် ယုံကြည်ချက်အပြည့်ဖြင့် လျှို့ဝှက်ဆန်းကြယ် မှော်လမ်းကြောင်းမြူခိုးများကို ရှာဖွေရင်း ညနေခင်းတစ်ခုတွင် မြေနိမ့်ပိုင်းဒေသတစ်ခုဆီသို့ သွားနေစဉ် ရုတ်တရက်ဆိုသလို အံ့အားသင့်သွားရ၏။ ထို့နောက် သူသည် သူ၏ညာဘက်ရှိ နေရာတစ်ခုကို အလျင်စလို လှမ်း၍ကြည့်လိုက်၏။

သူသည် သာမန်မျက်စိနှင့် မည်သည့်အပြောင်းအလဲကိုမှ မမြင်နိုင်ပါသော်လည်း သူ၏ညာဘက်ရှိ နေရာတစ်ခုတွင် အံ့ဩတုန်လှုပ်ဖွယ်ကောင်းသော ဝိညာဉ်ချီစီးကြောင်းတစ်ခု ကောင်းကင်ယံသို့ ထိုးတက်နေသည်ကို အာရုံခံမိလိုက်၏။ ၎င်းမှာ ညသန်းခေါင်ယံ အချိန်တွင် ပေါ်လာသော ဧရာမ မီးတုတ်ကြီးတစ်ချောင်းကဲ့သို့ ဖြစ်နေသောကြောင့် ထိုနေရာတစ်ဝိုက်တွင် ရှိနေသည့် မည်သူမဆို ၎င်းအား အာရုံခံနိုင်စွမ်း ရှိနေ၏။

ဝမ်ပေါင်လဲ့မှာ ထိုကဲ့သို့သော ဝိညာဉ်ချီ အငွေ့အသက်များနှင့် ကြုံတွေ့ခဲ့ပြီးဖြစ်သည်။ ထိုအငွေ့အသက်များမှာ ထိုနေရာတွင် အကျိုးအပဲ့များ ရှိနေခြင်းကြောင့်မဟုတ်ဘဲ အကျိုးအပဲ့များ ပိုင်ဆိုင်ထားသည့် လူတစ်ယောက် ရှိနေခြင်းကြောင့် ပေါ်ပေါက်လာခြင်းဖြစ်ကြောင်း သူက သိထား၏။

သို့သော် ဝမ်ပေါင်လဲ့ ယခင်အကြိမ်များတုန်းက အာရုံခံမိခဲ့သည့် ဝိညာဉ်ချီအငွေ့အသက်များမှာ ယခုလက်ရှိ အငွေ့အသက်၏ သုံးဆယ်မှ လေးဆယ်ရာခိုင်နှုန်းအထိသာ ရှိခဲ့သည်။ ယခုကဲ့သို့ အလွန်အင်မတန်မှ သိသာထင်ရှားလှသော ဝိညာဉ်ချီအငွေ့အသက်မျိုးနှင့် ကြုံရသည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။

” တောက်ကွာ။ အဲ့နေရာမှာ အကျိုးအပဲ့ ဘယ်နှခုတောင်များ ရှိနေတာပါလိမ့်။ အခုနှစ်ဆယ် မပြည့်သေးဘူးဆိုရင်တောင် အဲ့နားတော့ ကပ်နေလောက်ပြီ ”
သူသည် ထိုအငွေ့အသက်များနှင့် သူ့ဆီမှ ထွက်ပေါ်နေသော ဝိညာဉ်ချီအငွေ့အသက်တို့ကို နှိုင်းယှဉ်ကြည့်လိုက်သောအခါ မယုံကြည်နိုင်လောက်အောင် ဖြစ်သွားရပြီး အံ့ဩတုန်လှုပ်သွားရတော့သည်။

သူသည် လျှို့ဝှက်ဆန်းကြယ် လကမ္ဘာထဲတွင် သူ၏ ဝါးမျိုခြင်းသစ်စေ့ကို အသုံးပြုခဲ့သောကြောင့် အကျိုးအပဲ့များ ရှာဖွေစုဆောင်းရာ၌ အလွန် မြန်ဆန်နေလိမ့်မည်ဟု သူ့ကိုယ်သူ ထင်မှတ်ထားခဲ့၏။ သို့ရာတွင် သူသည် ယခုအချိန်အထိ အခြေတည်အဆင့်အတွက် သင့်တော်သော အကျိုးအပဲ့ ဆယ်ခုသာ ရှာတွေ့သေးသည်။ သို့သော် သူ၏ညာဘက်ရှိ နေရာတွင် ရှိနေသည့်လူမှာမူ အခြေတည်အဆင့်သို့ တက်လှမ်းနိုင်ရန် အလွန်အင်မတန်မှ နီးကပ်နေသည့်ပုံပင်။

ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ အနည်းငယ်ခန့် စိတ်ညစ်သွားရသလို တချိန်တည်းမှာပင် သတိကြီးကြီး ထားမိလိုက်၏။ ထိုအခြင်းအရာမှာ ပုံမှန်မဟုတ်သောကြောင့် တစ်ခုခု လွဲနေရမည်ဖြစ်ကြောင်း သူက ဆုံးဖြတ်လိုက်၏။ ထို့ကြောင့် သူသည် လုယူရန် ကြံရွယ်ထားသော သူ၏ မူလအကြံအစည်ကို စွန့်လွှတ်လိုက်ပြီး ထိုနေရာမှ ထွက်ခွာရန် ပြင်လိုက်စဉ်မှာပင် မျက်လုံးများ မှေးသွားရတော့သည်။

ထိုအခိုက်အတန့်တွင် ထို အံ့သြမှင်တက်ဖွယ်ကောင်းလောက်အောင် အားကောင်းသော ဝိညာဉ်ချီများ ပျံ့နှံ့ထွက်ပေါ်နေသည့် အရပ်မျက်နှာဘက်ရှိ ဝိညာဉ်ချီအစုအဝေးကြီးမှာ ဝမ်ပေါင်လဲ့ဆီမှ ထွက်ပေါ်နေသော ဝိညာဉ်ချီအငွေ့အသက်များကို အာရုံခံမိသွားသည့်ပုံပင်။ ထို့ကြောင့် ၎င်းမှာ လမ်းကြောင်းပြောင်းလာပြီး ဝမ်ပေါင်လဲ့ ရှိရာသို့ အရှိန်အဟုန်ဖြင့် ဦးတည်လာတော့သည်။

ဝမ်ပေါင်လဲ့မှာ ထိုအခြင်းအရာကို သတိထားမိလိုက်သောအခါ သူ၏ မျက်ဝန်းများမှာ ချက်ချင်းဆိုသလိုပင် အေးစက်သွားပြီး ထိုနေရာမှ မထွက်ခွာရန် ဆုံးဖြတ်လိုက်တော့သည်။ သူသည် ရောက်သည့်နေရာတွင်ရပ်ကာ ထို ဝိညာဉ်ချီအစုအဝေးကြီးအား မောက်မာဝံ့ကြွားမှုအပြည့်ဖြင့် စိုက်ကြည့်နေလိုက်၏။

” ငါ့ကို ဓားပြတိုက်ဖို့ ကြိုးစားနေတာလား။ ငါ့အတွက်တော့ အဆင်ပြေပါတယ်။ ငါ သူ့ကိုအနိုင်ယူနိုင်ရင် အကျိုးအပဲ့တွေ အလုံအလောက် ရသွားမှာပဲ ”
ဝမ်ပေါင်လဲ့မှာ အသက်ပြင်းပြင်းရှူလိုက်ပြီး သူ၏ ကျင့်ကြံခြင်းကို လှုပ်နှိုးကာ သွေးပူသွားအောင် လုပ်လိုက်၏။ ထို့နောက် သူ၏အပြင်ခန္ဓာကိုယ်စွမ်းအားများကို အမြင့်ဆုံးအဆင့်တွင် ထိန်းထားလိုက်ပြီး ၎င်းတို့အား အချိန်မရွေး ထုတ်လွှတ်ကာ တိုက်ခိုက်နိုင်ရန် လိုအပ်သောပြင်ဆင်မှုများကို ပြုလုပ်လိုက်တော့သည်။

” ဝမ်ပေါင်လဲ့ဆိုတဲ့ ငါက သူ့ကို ဓားပြတိုက်ချင်တာ မဟုတ်ဘူးနော်။ ငါ့ကိုယ်ငါပဲ ကာကွယ်နေတာ ”
ဝမ်ပေါင်လဲ့မှာ မောက်မာဝံ့ကြွားမှုအပြည့်ဖြင့် ရေရွတ်လိုက်ပြီး ခေါင်းမော့ကာ ခပ်လှမ်းလှမ်းသို့ လှမ်းကြည့်လိုက်၏။

ခဏအကြာတွင် ဝမ်ပေါင်လဲ့မှာ လိုအပ်သော ပြင်ဆင်မှုများအားလုံးကို ပြုလုပ်ပြီးသွားပြီဖြစ်သည်။ ထိုအချိန်တွင် ခပ်လှမ်းလှမ်း တစ်နေရာ၌ ဖုန်များထလာပြီး သူ၏မျက်လုံးရှေ့တွင် လူအုပ်တစ်ခု ပေါ်ပေါက်လာတော့သည်။ ဝမ်ပေါင်လဲ့မှာ သူတို့ကိုကြည့်ရင်း မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရပြီး အလွန် အံ့ဩတုန်လှုပ်ကာ အသက်အောင့်ထားမိလိုက်တော့သည်။

” တောက်ကွာ။ သူတို့က ဘယ်သူတွေလဲဟ ”
ဝမ်ပေါင်လဲ့မှာ သူ့ကိုယ်သူ ဗဟုသုတ နှံ့စပ်သည်ဟု မှတ်ယူထားသည့်တိုင်အောင် ယခုတွင်မူ သူ့ကိုယ်သူ မထိန်းနိုင်တော့ဘဲ ပင့်သက်ရှိုက်မိလိုက်၏။

ထိုအဖွဲ့ထဲတွင် လူ အယောက် လေးဆယ်၊ ငါးဆယ်အထိ ရှိနေပြီး အပြင်ဘက်အပိုင်းတွင် လူသန်ကြီး အယောက်နှစ်ဆယ်ကျော်ကို နေရာချထား၏။ သူတို့ တစ်ယောက်ချင်းစီတိုင်း အာနာပါနထိပ်ဆုံးအဆင့်တွင် ရှိနေကြပြီဖြစ်ပြီး သူတို့၏ အမူအရာများမှာလည်း‌ ဖော်ရွေမှု လုံးဝမရှိသည့်ပုံပင်။ သူတို့၏ မျက်လုံးများထဲတွင် သတ်ဖြတ်လိုစိတ်များ ကိန်းအောင်းနေပြီး သူတို့မှာ တိုက်ပွဲနှင့် မစိမ်းသော တိုက်ခိုက်ရေးသမား ကျင့်ကြံသူများဖြစ်ကြောင်း အထင်အရှားမြင်နိုင်ပေသည်။

ထိုအဖွဲ့၏ အလယ်တွင် အရောင်မျိုးစုံရှိသော အဝတ်အစားများကို ဆင်မြန်းထားကြသည့် အမျိုးသမီး အယောက်နှစ်ဆယ်ခန့် ရှိနေ၏။ သူတို့မှာလည်း အာနာပါနထိပ်ဆုံးအဆင့်တွင် ရှိနေကြသော လူများဖြစ်သည်။ မယုံကြည်နိုင်စရာ အကောင်းဆုံးအချက်မှာ သူတို့သည် သတိဝီရိယအပြည့်ဖြင့် ဘေးပတ်ဝန်းကျင်ကို အကဲခတ်စောင့်ကြည့်နေရင်း သူတို့၏ စွမ်းရည်များကိုပါ ထုတ်သုံးနေကြခြင်းဖြစ်သည်။ သူတို့ထဲတွင် မန္တန်အစီအရင်ကျင့်ကြံသူများ၊ မှော်ဆေးရည်ကျင့်ကြံသူများအပြင် သားရဲမွေးမြူရေး ကျင့်ကြံသူများပါ ပါဝင်နေသည်။

ထို့အပြင် ထိုအဖွဲ့၏နောက်ဘက်တွင် သူတို့၏ နတ်ဘုရားရတနာများကို ပြုပြင်နေသော လူသုံးယောက်လည်း ရှိနေသေးသည်။

ထိုအဖွဲ့၏ အလယ်ဗဟိုတွင်မူ ထိုလူအယောက် ငါးဆယ်က ကာကွယ်ပေးထားသည့် ပန်းဆိုး ဘောင်းဘီနှင့်အင်္ကျီတို့ကို ဆင်မြန်းထားသော လူငယ်လေးတစ်ယောက် ရှိနေသည်။ သူသည် နေကာမျက်မှန်တစ်လက် တပ်ထားပြီး ကုလားထိုင်ကြီးတစ်လုံးပေါ်တွင် ပျင်းရိပျင်းတွဲ လဲလျောင်းနေ၏။

ထိုကုလားထိုင်ကြီးကို ပေရှစ်ဆယ်ခန့် အရပ်အမြင့်ရှိပြီး သန်မာထွားကြိုင်းသည့် လူဝံကြီးတစ်ကောင်က ၎င်း၏ ကျောပေါ်တွင် သယ်ဆောင်လာခြင်းဖြစ်သည်။ ၎င်းမှာ လျင်မြန်စွာရွေ့လျားနေပြီး ထိုလူအုပ်ကြီးနှင့်အတူ ရှေ့သို့ ချီတက်လာနေ၏။

သူတို့မှာ လသုံးစင်းမဟာမိတ်အဖွဲ့မှ သခင်လေးကို ကာကွယ်ပေးနေသည့် အဖွဲ့ပင်ဖြစ်သည်။

ဝမ်ပေါင်လဲ့မှာ အန္တရာယ်ပတ်လည်ဝိုင်းနေသော လျှို့ဝှက်ဆန်းကြယ် လကမ္ဘာထဲတွင် ထိုလူအုပ်ကြီး ပေါ်ပေါက်လာသည်ကို မြင်လိုက်ရသောအခါ ဆွံ့အသွားရ၏။ ထိုမျှလောက် ကြီးမားလှသည့် လူအုပ်ကြီးကြောင့် သူသည် အသက်ရှူသံများ မြန်လာရတော့သည်။

” ဒါ အမွေခံလေးရဲ့ နယ်လှည့်ခရီးလားဟ။ သူက ပါတီပွဲတစ်ခု ကျင်းပနေတာလား ”
ဝမ်ပေါင်လဲ့မှာ မျက်လုံးပြူးကြီးများဖြင့် စိုက်ကြည့်နေတော့သည်။ ထိုနေကာမျက်မှန်နှင့် လူငယ်လေး၏ အမူအရာမှာ အေးဆေးလွန်းနေသောကြောင့် လျှို့ဝှက်ဆန်းကြယ် လကမ္ဘာနှင့် အပ်စပ်မှု လုံးဝမရှိကြောင်း ဝမ်ပေါင်လဲ့က ခံစားနေရ၏။ ထိုလူငယ်လေးမှာ ဘီကီနီ ရေကူးဝတ်စုံများ ဝတ်ဆင်ထားသော မိန်းမပျိုလေးများဖြင့် ပြည့်နှက်နေသည့် ကမ်းခြေကြီးနှင့် ပင်လယ်ပြာကြီးဆီသို့ ရောက်နေပါက ပို၍သင့်တော်လိမ့်မည်ဟု သူက ခံစားနေရတော့သည်။

တချိန်တည်းမှာပင် အလွန်အင်မတန်မှ အားကောင်းသော ဝိညာဉ်ချီ အငွေ့အသက်တစ်ခုကိုလည်း အာရုံခံနိုင်၏။ ဝမ်ပေါင်လဲ့မှာ သေသေချာချာ ခွဲခြမ်းစိတ်ဖြာသုံးသပ်ကြည့်လိုက်ပြီးနောက် သူတို့ ပိုင်ဆိုင်ထားသည့် အခြေတည်အဆင့်အတွက် သင့်တော်သော အကျိုးအပဲ့များမှာ အခုနှစ်ဆယ် မပြည့်သေးလျှင်တောင် ပြည့်ခါနီး အနေအထားသို့ ရောက်နေရမည်ဟု ခန့်မှန်းကြည့်လိုက်၏။

ဝမ်ပေါင်လဲ့ အားကျနေရသည့်အချက်မှာ ထိုလူငယ်လေးအား ဝိုင်းထားကြသည့် မိန်းမပျိုလေးများအားလုံးမှာ အချောအလှများ ဖြစ်နေကြခြင်းပင်။ တချို့မှာ သူ့အား ထီးမိုးပေးနေကြပြီး တချို့မှ သူ၏ ပခုံးများကို နှိပ်နယ်ပေးနေကြသလို တချို့မှာ လတ်လတ်ဆတ်ဆတ် အခွံနွှာထားသော သစ်သီးများအား သူ၏ပါးစပ်ထဲသို့ ခွံ့ကျွေးနေကြ၏။

ဝမ်ပေါင်လဲ့မှာ ထိုလူငယ်လေးကိုကြည့်ကာ သူ့ကိုယ်သူ ပြန်ကြည့်လိုက်ပြီးနောက် သူ မည်မျှပင် သူ့ကိုယ်သူ ယုံကြည်မှုအပြည့်ရှိနေစေကာမူ ထိုလူငယ်လေးနှင့် ယှဉ်နိုင်မည်မဟုတ်ကြောင်း မှတ်ယူလိုက်၏။ ထို့ကြောင့် သူသည် သက်ပြင်းအရှည်ကြီးချလိုက်ပြီး နောက်သို့လှည့်ကာ ထွက်ပြေးရန် ပြင်လိုက်၏။ သူတို့မှာ လူအင်အားများလွန်းနေသောကြောင့် အကယ်၍ ဝမ်ပေါင်လဲ့သာ သူတို့နှင့် ထိပ်တိုက်ရင်ဆိုင်လိုက်မည်ဆိုပါက သူ့တွင်ရှိသော ပိုင်ဆိုင်မှုအားလုံးကို သေချာပေါက် လက်လွှတ်ဆုံးရှုံးလိုက်ရမည်ဖြစ်ကြောင်း နားလည်ထား၏။ သူသည် မောက်မာဝံ့ကြွားကာ ကြောက်ရွံ့မှု လုံးဝမရှိသည့်ပုံစံ ဟန်ဆောင်ခဲ့ပြီး သူတို့ ပေါ်ပေါက်လာသည့်အချိန်အထိ စောင့်ဆိုင်းနေမိခဲ့သည်ကို နောင်တရနေတော့သည်။

ဝမ်ပေါင်လဲ့ နောက်သို့လှည့်၍ ထွက်ပြေးရန် ပြင်လိုက်စဉ်မှာပင် ကုလားထိုင်းပေါ်တွင် လဲလျောင်းနေသည့် နေကာမျက်မှန်နှင့်လူငယ်လေးက အလျင်စလို လှမ်းအော်လိုက်၏။

” တာအိုရောင်းရင်း။ ကျေးဇူးပြုပြီး ခဏစောင့်ပါဦး ”

သူ၏စကားကြောင့် လူအယောက်နှစ်ဆယ်မှာ အရပ်မျက်နှာအနှံ့သို့ လူစုခွဲသွားကြပြီး ဝမ်ပေါင်လဲ့အား ဝိုင်းရန် ကြိုးစားလိုက်ကြ၏။ သူတို့တစ်ယောက်ချင်းစီတိုင်း၏ နတ်ဘုရားရတနာများမှာလည်း တဖိတ်ဖိတ် တောက်ပနေ၏။ ထို နတ်ဘုရားရတနာများ၏ ကူညီထောက်ပံ့မှုများကြောင့် သူတို့အားလုံးမှာ မြန်ဆန်နေရုံသာမက အံ့သြတုန်လှုပ်ဖွယ်ကောင်းလောက်အောင် များပြားသော ဖိအားများကိုပါ ထုတ်လွှတ်နေ၏။ ဝမ်ပေါင်လဲ့မှာ ထိုဖိအားများကို အာရုံခံမိလိုက်သောအခါ တုန်လှုပ်ချောက်ချားသွားတော့သည်။

” တောက်ကွာ။ သက်တော်စောင့်တွေမှာတောင် ပစ္စည်းအစုံအလင်နဲ့ဟ ”
ဝမ်ပေါင်လဲ့မှာ မခံမရပ်နိုင်အောင် ဖြစ်သွားသလို အလွန်အင်မတန်မှလည်း မယုံကြည်နိုင်လောက်အောင် ဖြစ်နေရတော့သည်။ ထိုလူငယ်လေးမှာ လျှို့ဝှက်ဆန်းကြယ် လကမ္ဘာထဲတွင် လျှို့ဝှက်ဆန်းကြယ် မှော်လမ်းကြောင်းမြူခိုးများနှင့် မကြုံရသေးသည့်ပုံပင်။ အကယ်၍ ထိုသို့သာ ကြုံခဲ့ရမည်ဆိုပါက ယခုကဲ့သို့သော လူများစွာမှာ သူနှင့်အတူ ရှိနေကြတော့မည် မဟုတ်ဘဲ လူစုကွဲနေလောက်ပြီဖြစ်သည်။

ဝမ်ပေါင်လဲ့မှာမူ သူ့အား စောင့်ဆိုင်းခိုင်းသော တောင်းဆိုမှုကို မကြားချင်ယောင်ဆောင်၍ ရှေ့သို့ပြေးထွက်သွားတော့သည်။ သူ၏မျက်ဝန်းများထဲတွင် အေးစက်စက် အလင်းရောင်တစ်ခု ဖျတ်ခနဲလက်သွား၏။ အကယ်၍ သက်တော်စောင့်များကသာ သူ့အား ပိတ်ပင်တားဆီးရန် ကြိုးစားမည်ဆိုပါက သူသည် သူတို့အား သေချာပေါက် တိုက်ခိုက်ပစ်မည်သာဖြစ်သည်။

ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ထဲမှ သတ်ဖြတ်လိုစိတ်များ ထွက်ပေါ်နေသည်ကို အာရုံခံမိလိုက်သောအခါ ထိုလူငယ်လေးမှာ သူ၏ နေကာမျက်မှန်ကို ချွတ်လိုက်၏။ ထို့နောက် သူသည် ကုလားထိုင်ပေါ်တွင် လဲလျောင်းနေရာမှ ထမလာသေးဘဲ ရိုးသားဖြူစင်စွာ ပြုံးကာ နောက်ထပ်တစ်ကြိမ် လှမ်းအော်လိုက်ပြန်သည်။

” တာအိုရောင်းရင်း။ မကြောက်ပါနဲ့ … ဘာကိုမှလည်း စိတ်ပူမနေနဲ့။ ဓားပြတိုက်တာလိုမျိုး အဆင့်နိမ့်တဲ့ ဗျူဟာမျိုးကို ကျင့်သိုမင်ဆိုတဲ့ ငါက ဘယ်တော့မှမသုံးပါဘူး ”

” ငါတို့လို သုံးစင်းမဟာမိတ်အဖွဲ့က လူတွေက ဘယ်ကိစ္စကိုမဆို မျှမျှတတနဲ့ အကျိုးသင့် အကြောင်းသင့်ပဲ ဆောင်ရွက်တာပါ ”

” ငါ့မှာ အခြေတည်အဆင့်အတွက် သင့်တော်တဲ့ အကျိုးအပဲ့ ဆယ့်ကိုးခုအထိ ရှိနေပြီမလို့ တစ်ခုပဲလိုတော့တာ။ ငါတို့နှစ်ယောက်က အခုလို ရေစက်ဆုံလာမှတော့ မင်း ကြိုက်စျေးပြောပြီး ငါ့ကို တစ်ခုရောင်းကွာ ”
ထိုလူငယ်လေးမှာ အရောင်းအဝယ်တစ်ခုကို ညှိနှိုင်းနေသကဲ့သို့ ယုံကြည်ချက်အပြည့်ဖြင့် ပြုံးကာ ဆိုလိုက်၏။ သူသည် ထိုသို့ဆိုရင်း ဝမ်ပေါင်လဲ့ကိုပင် လှမ်း၍ လက်ကို ဝှေ့ယမ်းပြနေတော့သည်။

Comment

Leave a Reply

Options

not work with dark mode
Reset