” ကျနော်ကြားဖူးတာကတော့ ရှင်းကုံကျစ်တာအိုဂိုဏ်း ထိပ်တန်းကြယ်ပွင့် အယောက်တစ်ရာထဲက လူတော်တော်များများက ယင်ယန်ဝိညာဥ်အဆင့်ကို တက်လှမ်းနိုင်နေတာ နှစ်နဲ့ချီနေပြီ။ ဒါပေမဲ့ ဒီ ဝိညာဥ်အမဲလိုက်ခရီးကို လိုက်လို့ရအောင်လို့ သူတို့ကိုသူတို့ ထိန်းချုပ်ထားတာတဲ့။ ”
ရွှီပေါင်ချိုင်က ကျေနပ်မှုအပြည့်ဖြင့် သူသိထားသမျှကို ဖောက်သည်ချနေတော့သည်။
ပိုင်ရှောင်ချန်းမှာ ထိုအကြောင်းများကိုကြားရလေ သူ့မျက်နှာ ပို၍တင်းမာလာလေဖြစ်သည်။ အဆုံးတွင် သူက ဤနတ်မီးလျှံစမ်းသပ်ပွဲကြီးကြောင့် စိတ်ထဲတွင် ပဋိပက္ခများ ဖြစ်နေရတော့သည်။
နောက်ဆုံးတွင်မူ သူက ဆုံးဖြတ်ချက်ချလိုက်တော့သည်။
” ငါလုံးဝမသွားဘူး။ ” သူက တွေးလိုက်သည်။
” လုံးဝ မသွားတော့ဘူးကွာ။ ”
ထို့နောက် ရွှီပေါက်ချိုင်သည် တစ်စုံတစ်ခုကို အမှတ်ရသွားသည့်အလား သူ၏ မျက်နှာမှာ ရုတ်တရက် ဝင်းလက်သွားသည်။ သူက အံ့အားသင့်နေကာ မယုံကြည်နိုင်လောက်အောင် ဖြစ်နေသည့် အမူအရာဖြင့် ဆိုလိုက်သည်။
” ဒါနဲ့ ခေါင်းဆောင်လေး လုံးဝမသိမဲ့ အရာတစ်ခုလည်းရှိသေးတယ်။ ဘုရားရေ။ ကျနော်တောင် အဲ့အကြောင်းနဲ့ပတ်သတ်တာကို ကြားဖူးတာမဟုတ်ဘူး။ ဒီ နတ်မီးလျှံစမ်းသပ်ပွဲကြီးအကြောင်း သတင်းတွေထွက်ပြီးမှသာ အဲ့အကြောင်းကို နားစွန်နားဖျား ကြားမိတာ။ ”
” ခေါင်းဆောင်လေး။ ဒီ ရှင်းကုံကျစ်တာအိုဂိုဏ်းက ထင်ထားတာထက် ပိုပြီး ကြီးမားနေတယ်ဆိုတာကို သိလား။ ဟုတ်တယ်။ ကျနော်တို့ ပတ်လည်မှာ မြင်နေရတာ ရှင်းကုံကျစ်တာအိုဂိုဏ်းရဲ့ နယ်နိမိတ်အကုန်လုံး မဟုတ်သေးဘူးဗျ။ မဟာတံတိုင်းရဲ့ အတွင်းမှာ ရှိသေးတဲ့ ဂိုဏ်းရဲ့ တခြား အစိတ်အပိုင်းတွေ အများကြီး ကျန်သေးတယ်။ ”
ရွှီပေါက်ချိုင်ပင် ထိုသတင်းကို ကြားပြီးသည်မှာ အချိန်အတော်အတန် ရှိပြီဖြစ်သော်လည်း တုန်ရီနေဆဲပင်။
” မဟာတံတိုင်း… ဟုတ်လား။ ” ပိုင်ရှောင်ချန်းက အံ့အားသင့်နေသည့် အမူအရာဖြင့် မေးလိုက်သည်။
” ဟုတ်တယ်ဗျ။ ”
ရွှီပေါက်ချိုင်က ပြန်ဖြေသည်။ ထို့နောက် သူ၏စကားများကို ပို၍ အဓိပ္ပါယ် ပေါ်လွင်စေရန် သူ၏ လက်ကိုဦးခေါင်းအပေါ်သို့ မြှောက်ကာ ဆက်ပြောလိုက်သည်။
” ကျနော်တို့က အရှေ့ဘက် ကောင်းကင်တံတားမြစ်ထဲမှာရှိတာ။ ကျနော်တို့နဲ့ မြောက်ဘက် ကောင်းကင်တံတားမြစ်ကြားထဲမှာ စိတ်စွမ်းအင်လုံးဝမရှိတဲ့ နယ်မြေကြီး တစ်ခုရှိသေးတယ်။ ကောင်းကင်တံတားမြစ်နဲ့နီးလေ စိတ်စွမ်းအင်က အားပိုကောင်းလေဆိုပေမဲ့ မြစ်နဲ့ဝေးတဲ့ ယဥ်ကျေးမှုမထွန်းကားတဲ့နေရာကို ရောက်သွားလေ စိတ်စွမ်းအင်က အားပိုနည်းသွားလေဗျ။ မြေရိုင်းဒေသတွေရဲ့ ပိုင်နက်အချို့ရှိသလို ရှင်းကုံကျစ်တာအိုဂိုဏ်းက အများပြီးပေးဆပ်ပြီးတော့ အပိုင်သိမ်းထားတဲ့ နေရာတွေလည်း ရှိတယ်ဗျ။ ”
” အဲ့နေရာမှာ မြို့သုံးမြို့ကို တည်ဆောက်ထားတာ။ ”
” ပထမဆုံးမြို့က ကောင်းကင်တံတားမြစ်နဲ့ အနီးဆုံး စိတ်စွမ်းအင် အားအကောင်းဆုံးနေရာပေါ့။ ဒုတိယမြို့က အတွင်းပိုင်းပိုကျပြီး စိတ်စွမ်းအင် အားနည်းသွားပြီ။ နောက်ဆုံး တတိယမြို့က မြေရိုင်းဒေသနဲ့ အရမ်းနီးကပ်လွန်းလို့ စိတ်စွမ်းအင် လုံးဝမရှိတဲ့ အထိပဲဗျ။ ”
” တတိယမြို့ကနေ တည်ဆောက်ထားတဲ့ မဟာတံတိုင်းကြီးက နယ်နိမိတ်စည်းတစ်ခုပဲ။ ကောင်းကင်ကိုတုန်ခါစေပြီး မြေကြီးကိုအက်ကွဲစေနိုင်တဲ့ ရှင်းကုံကျစ်တာအိုဂိုဏ်းကို ဝန်းရံထားတဲ့ မဟာတံတိုင်းပေါ့ဗျာ။ အဲ့မဟာတံတိုင်းကို အဆင့်မြင့်လက်ရွေးစင်တပ်သားတွေနဲ့ ဖွဲ့စည်းထားတဲ့ တပ်ဖွဲ့တစ်ခုက ထိန်းချုပ်ထားတာ။ ကျနော် ကြားတဲ့ သတင်းတွေအရဆိုရင် သူတို့အဖွဲ့ကို သံမဏိသွေးကြောခန်းမဆောင် ဆိုပြီး ခေါ်ကြတာဗျ။ ”
” ပြီးတော့ ကျနော်ကြားတာကတော့ အဲဒီ မဟာတံတိုင်းကို ထိန်းချုပ်နေတာက ရှင်းကုံကျစ်တာအိုဂိုဏ်း တစ်ဂိုဏ်းထဲမဟုတ်ဘူးတဲ့။ ကောင်းကင်တံတားပင်လယ်ရဲ့ မြစ်ဝပေါ်မှာရှိတဲ့ ဂိုဏ်းလေးဂိုဏ်းလုံးက အဲ့မဟာတံတိုင်းရဲ့ တစ်ပိုင်းချင်းစီကို ကာကွယ်ကြတာ။ ”
” မဟာတံတိုင်းရဲ့ အပိုင်းလေးပိုင်းက စက်ဝိုင်းပုံစံအဖြစ် ဆက်သွားပြီးတော့ ကောင်းကင်တံတားပင်လယ်ကြီးနဲ့ ဂိုဏ်းတွေအားလုံးကို ကာကွယ်ပေးထားတာတဲ့။ ”
” မဟာတံတိုင်းရဲ့ အပြင်ဘက်မှာရှိတဲ့အရာအားလုံးက မြေရိုင်းဒေသ အစစ်အမှန်တွေပဲ။ ကျနော်ကြားတာကတော့ ဒီ ဝိညာဥ်အမဲလိုက်ခရီးမှာပါတဲ့လူတိုင်းက မဟာတံတိုင်းအပြင်ဘက်ကို တစ်ခါထက်မနည်း ထွက်ရမှာတဲ့… ” ထိုသို့ပြောရင်း သတင်းအချက်အလက်အားလုံးစုံသွားသောအခါ ရွှီပေါက်ချိုင်၏ အမူအရာမှာ ပြောင်းလဲသွားတော့သည်။ ဤမဟာတံတိုင်းမှာ ဆန့်ကျင်ဘက် အဖွဲ့နှစ်ခုကို စည်းခြားထားကြောင်း သူ နားလည်သဘောပေါက်သွား၍ ဖြစ်သည်။
သူ၏ အသံများမှာ တဖြည်းဖြည်းတိုးသွားပြီး သူ၏မျက်လုံးအိမ်များသည်လည်း ကျဥ်းမြောင်းသွားတော့သည်။
” မင်းအခု သဘောပေါက်ပြီ မလားကွ။ ” ပိုင်ရှောင်ချန်းက အနည်းငယ် ဆူပုတ်နေသည့် မျက်နှာထားဖြင့် ရွှီပေါက်ချိုင်ကို ကြည့်ကာ မေးလိုက်တော့သည်။
” အဲ့လိုတော့ မဟုတ်လောက်ပါဘူးဗျာ…. ”
ရွှီပေါက်ချိုင်မှာ တိုးတိုးလေးသာ ပြောနိုင်တော့သည်။
” မဟာတံတိုင်းရဲ့ အပြင်မှာရှိတဲ့နေရာတွေက ဒီတိုင်းပဲ အန္တရာယ်များလို့နေမှာပါ။ အဲ့တာကြောင့် အန္တရာယ်တွေကို တားဆီးဖို့ မဟာတံတိုင်းဆောက်ထားတာနေမှာ။ ဒါမှမဟုတ် ဝိညာဥ်တွေအကုန် အထဲဝင်လာမှာစိုးလို့ ဆောက်ထားတာရော မဖြစ်နိုင်ဘူးလား။ ”
ရွှီပေါက်ချိုင်မှာ ပဟေဠိတစ်ခုကို ဖြေရှင်းနိုင်လိုက်သည့်အလား တစ်ခုခု ထူးဆန်းနေပြီဖြစ်ကြောင်း ရိပ်မိလိုက်သဖြင့် တုန်ရီသွားတော့သည်။
ထိုအကြောင်းကို ဆက်မတွေးရဲတော့သဖြင့် ရွှီပေါက်ချိုင်မှာ မူးဝေနေသည့်အမူအရာဖြင့်သာ ထွက်ခွာသွားတော့သည်။ ပိုင်ရှောင်ချန်းကမူ မျက်ရည်စက်လက်ဖြစ်နေပြီဖြစ်သည်။ သူခံစားနေရသည့် အန္တရာယ်များအရ ထို ဝိညာဥ်အမဲလိုက်ခရီးသို့ သူမပါသွားအောင် လုပ်ရမည့် နည်းလမ်းကို စဥ်းစားနေတော့သည်။ သို့သော်လည်း သူမည်သည်ကိုမှ မစဥ်းစားနိုင်ခင်မှာပင် ဂိုဏ်းခေါင်းဆောင်နှင့် တောင်ထိပ်သခင်များက အမိန့်များကို ဂိုဏ်းသားများအားလုံးထံသို့ ချမှတ်လိုက်တော့သည်။
” ရှင်းကုံကျစ်တာအိုဂိုဏ်း ထိပ်တန်းကြယ်ပွင့် အယောက်တစ်ထောင်က ဒီ ခရီးစဥ်ကို မဖြစ်မနေ လိုက်ပါရမယ်။ အချိန်က ဆယ်နှစ်တိတိကြာမှာဖြစ်ပြီး အဲ့အချိန်အတွင်းမှာ မဟာတံတိုင်း အပြင်ဘက်ကို အနည်းဆုံး သုံးကြိမ်တိတိ ထွက်ခွာရမယ်။ ဆယ်နှစ်ကုန်ပြီဆိုရင် ဂိုဏ်းဌာနချုပ်ကို မင်းတို့ ပြန်လာလို့ ရပြီ။ ”
ချက်ချင်းပင် ပိုင်ရှောင်ချန်းမှာ နိမိတ်မကောင်းသည့် အရိပ်အယောင်များကိုပင် ခံစားလိုက်ရသလို ဖြစ်သွားသည်။
” ငါတော့ သေပြီ။ ” သူ ညည်းတွားလိုက်သည်။
” ကယ်ရာတော့မဲ့ပြီ…. ”
ဤဂိုဏ်းသည် သူအလွန်ခင်မင်ရသည့် ခေါင်းဆောင်ကြီးများရှိသော အဏ္ဏဝါခေါ်သံဂိုဏ်းမဟုတ်ချေ။ ယခုမှ သူက ခရမ်းရောင်သက်တန့်အပိုင်းသို့ ရောက်ရှိထားသည်ဖြစ်ပြီး နာမည်စကြီးခါစဖြစ်သည်။ သူ၏အတွေ့အကြုံအရဆိုလျှင် သူ့တွင် အခြားရွေးချယ်စရာ မရှိပေ။
” ဒီ တာဝန်က တော်တော်က အန္တရာယ်များမှာ။ ရှင်းကုံကျစ်တာအိုဂိုဏ်းရဲ့ မဟာတံတိုင်းဆိုတဲ့ဟာကို ဆောက်ထားတဲ့ ရည်ရွယ်ချက်က ဝိညာဥ်တွေအထဲမဝင်အောင်လို့ တစ်ခုထဲမှမဟုတ်တာ။ သစ္စာဖောက်တွေပါ ပါတယ်လေ….. ” ကြိမ်ဖန်များစွာ တွေးတောပြီးနောက် အဖြေတချို့ရှာဖွေနိုင်ရန် သူသည် ချင်းမေ့ယွမ်၏ အင်မော်တယ်ဂူသို့ သွားလိုက်သည်။
ချင်းမေ့ယွမ်ကမူ သူ့အားတွေ့ရသည်ကို အံ့သြဟန်မပြပေ။ သူ့ကို ဂူအတွင်းသို့ ဖိတ်ခေါ်လိုက်ပြီး ထိုင်လိုက်သောအခါ သူမ၏မျက်နှာပေါ်တွင် ထူးဆန်းသော အပြုံးတစ်စ ထွက်ပေါ်လာသည်။
ပိုင်ရှောင်ချန်းကမူ ချောင်းဟန့်၍ ဆိုလိုက်သည်။
” ကဲ.. မေ့ယွမ်ရေ။ ဘယ်လိုတုံး ငါနင့်ကို ဒီ ရှင်းကုံကျစ်တာအိုဂိုဏ်းမှာ ကောင်းကောင်းဆက်ဆံတယ်မလား။ နင်ငါ့ကို ဟိုးအရင်တုံးက ပေးထားတဲ့ကတိကို နင် မလုပ်ပေးရသေးဘူးနော်။ ”
ချင်းမေ့ယွမ်က ပါးစပ်ကို လက်ဖြင့်အုပ်ကာ တခစ်ခစ် ရယ်မောလိုက်လေသည်။ သူမသည် နဂိုထဲက လှပချောမောသည်ဖြစ်၍ ပြုံးရယ်လိုက်တိုင်း ပို၍ချစ်ခင်မြတ်နိုးဖွယ် ကောင်းလာလေပင်။
” မပူပါနဲ့ ခေါင်းဆောင်လေးရယ်။ တံတိုင်းအပြင်ဘက်က မြေရိုင်းဒေသမှာတောင် ခေါင်းဆောင်လေး သတိကြီးကြီးထားနေသရွေ့ ဘေးကင်းမှာပါ။ ပြီးတော့ ဒီခရီးစဥ်က ရွှေတွင်းကြီးတစ်ခုကို တူးဖော်ရသလိုမျိုးလေ။ ခေါင်းဆောင်လေး မသိပဲနဲ့တောင် နတ်အဆင့်ဝိညာဥ်တစ်ခုကို ရှာတွေ့သွားနိုင်တယ်နော်။ ခေါင်းဆောင်လေးက အင်မတန် စိုးရိမ်နေရင်လည်း အမြဲတမ်း ကျမတို့နဲ့ လာပူးပေါင်းလို့ ရပါတယ်ရှင့်။ ”
ပိုင်ရှောင်ချန်းကမူ သက်ပြင်းသာ ချလိုက်တော့သည်။ သူမ ဦးတည်နေသည့် စကားလမ်းကြောင်းကို လွှဲကာ သူက ထပ်ပြောလိုက်သည်။
” အာ…. တော်ပါ။ ကမ္ဘာကြီးမှာ နတ်အဆင့် ဝိညာဥ် ဘယ်နှစ်ခုရှိနိုင်မှာမလို့တုံး။ ဒီလောက်တောင် နှစ်တွေကြာပြီးပြီဆိုမှတော့ ရှိနေတဲ့ဟာတွေလည်း သူများတွေ ရှာတွေ့ကုန်ပြီပဲ နေမှာပါ။ ”
” ခေါင်းဆောင်လေး အပြည့်အဝနားမလည်တာတွေ ရှိသေးတယ်။ မြေရိုင်းဒေသက ထူးခြားတယ်လေ။ အဲ့မှာရှိတဲ့ မြေအောက်မြစ်မှာ ဝိညာဥ်တွေ အများကြီးရှိတာ။ ကောင်းကင်တံတားဒေသကြီး စဖြစ်တည်ခဲ့တဲ့ အချိန်ကစပြီး အခုအချိန်အထိ ကုန်လွန်ခဲ့တဲ့ မရေမတွက်နိုင်တဲ့ နှစ်တွေထဲမှာ သေဆုံးသမျှ ဝိညာဥ်တွေအကုန်က အဲ့မြစ်ထဲကိုရောက်ပြီး မြေရိုင်းဒေသထဲမှာ စုပုံနေတာလေ။ နတ်အဆင့် ဝိညာဥ်တွေက အင်မတန် နည်းနေမယ်ဆိုရင်တောင် အနည်းအကျဥ်းတော့ ရှိဦးမှာ သေချာတယ် ”
” စုပုံနေတာ ဟုတ်လား။ ”
သူက အံ့အားသင့်သွားသည့် အမူအရာဖြင့် ရေရွတ်လိုက်သည်။
” အသေးစိတ်တွေတော့ ကျမလဲ မသိဘူး။ ဘာလို့ အဲ့လိုတွေ စုပုံနေလဲဆိုတာတောင် ကျမ သိတာမဟုတ်ဘူး။ ဒါပေမဲ့ ကျမ သိတာ တစ်ခုက မြေရိုင်းဒေသမှာ အဲ့ဝိညာဥ်တွေ စုစည်းနေတာ နှစ်နဲ့ချီနေပြီ ဆိုတာပဲ။ ” ချင်းမေ့ယွမ်က အလေးအနက် ပြောဆိုနေသည်။
” မြေရိုင်းဒေသမှာက စိတ်စွမ်းအင် လုံးဝမရှိဘူးမလား။ ”
ပိုင်ရှောင်ချန်းက ထူးဆန်းနေသဖြင့် မေးလိုက်သည်။
” အဲ့တာဆို အဲ့မှာရှိတဲ့လူတွေက ဘယ်လိုလေ့ကျင့်ကြတုံး။ ”
” စိတ်စွမ်းအင်ကတော့ လုံးဝကို မရှိတာ။ ”
ချင်းမေ့ယွမ်က တိုးတိုးလေး ပြန်ဖြေလိုက်သည်။
” ဒါပေမဲ့ ဝိညာဥ်အများကြီးရှိတယ်လေ။ အဲ့ဝိညာဥ်တွေကို လိုက်ဖမ်းပြီး စုပ်ယူရတယ်။ အဲဒီလိုနည်းနဲ့ လေ့ကျင့်ရတာ။ ”
အချိန်အတော်အတန် ကုန်ဆုံးသွားပြီးနောက် ချင်းမေ့ယွမ်က ပိုင်ရှောင်ချန်းအား မြေရိုင်းသားများနှင့် ပူးပေါင်းရန် ထပ်၍ နားချပြန်တော့သည်။ ဤအကြိမ်တွင် ပိုင်ရှောင်ချန်းက တည့်တိုးကြီး မငြင်းပေ။ သူက အနည်းငယ်တွေးတောလိုက်ပြီးမှ ထွက်ခွာလာခဲ့သည်။
ကုံသက်တန့်ဒေသ ပေါ်တွင် သူ လမ်းလျှောက်နေစဥ် သက်ပြင်းများသာ ချနေတော့သည်။ ဤ ခရီးစဥ်မှာ အလွန်အန္တရာယ်များမည်ဖြစ်ကြောင်း သူ၏ မသိစိတ်များက သတိပေးနေသည့်အလားပင်။ သို့သော်လည်း သူ မလိုက်၍လည်း မရပေ။ ထို့ကြောင့် သူက ရွေးချယ်စရာမရှိတော့ပဲ သူ၏ ကံကြမ္မာကို လက်ခံလိုက်ရတော့သည်။ ထို့နောက် တင်းမာနေသည့် မျက်နှာထားဖြင့် သူ၏အင်မော်တယ်ဂူထဲသို့ ပြန်သွားတော့သည်။
လမ်းတစ်လျှောက်တွင် ကျင့်ကြံသူအချို့က သူ့ကိုသတိထားမိကြသဖြင့် တရိုတသေ နှုတ်ဆက်ကြလေသည်။ သို့သော် သူက ထိုအရာများထဲတွင် ပျော်မွေ့ရန်ပင် ဆန္ဒမရှိတော့ပေ။ ညနေခင်းအချိန်သို့ ရောက်လာပြီဖြစ်၍ ဆည်းဆာရောင်ခြည်တန်းလေးများက ကောင်းကင်တံတားမြစ်၏ ရွှေရောင်မြစ်ရေပြင်ကို အလင်းပြန်ကာ ထင်ဟပ်နေသဖြင့် မြင်ကွင်းကြီးမှာ လှပနေတော့သည်။
ပိုင်ရှောင်ချန်းသည် ထိုမြင်ကွင်းကိုလှမ်းကြည့်ရင်း သက်ပြင်းချကာ သူ့တွင်ပိုင်ဆိုင်ပြီးသား ဖြစ်သည့် နတ်အဆင့်ဝိညာဥ်တစ်ခု အကြောင်းကို တွေးနေတော့သည်။ အကယ်၍ သူသာ အကြံကုန်သွားပါက မဟာတံတိုင်းထဲတွင် လုံခြုံသည့်နေရာ တစ်နေရာကိုရှာကာ ဆယ်နှစ်ခန့်ပုန်းခိုပြီးမှ ဂိုဏ်းသို့ပြန်လာကာ နတ်အဆင့်သားရဲဝိညာဥ် တစ်စုံနှင့်လဲလှယ်၍ ယင်ယန်ဝိညာဥ်အဆင့်သို့ တက်လှမ်းနိုင်သေးသည်။
သူ့အတွက်သူ စိတ်မကောင်း ဖြစ်နေပြီး မည်သည့်ဆုံးဖြတ်ချက်ကိုချရမည်ဖြစ်ကြောင်း တွေးတောလုံးပန်းကာ အင်မော်တယ်ဂူထဲသို့ ဝင်ရန် ပြင်လိုက်သည်။ သို့သော် အတွင်းသို့ မဝင်ရသေးခင်မှာပင် သူက ရပ်တန့်လိုက်ပြီး မော့ကြည့်လိုက်သည်။ ထို့နောက် သူ့မျက်လုံးများ အရောင်လက်သွားတော့သည်။
သူ၏ အင်မော်တယ်ဂူထဲတွင် တစ်စုံတစ်ယောက်က သူ့ကို စောင့်ဆိုင်းနေပေသည်။
သူက သူ၏ ကျင့်ကြံခြင်း အခြေခံ စွမ်းအားများကို ချက်ချင်းထုတ်လိုက်ပြီး လက်ချောင်းကိုဝှေ့ယမ်းလိုက်ရာ သူ၏အရှေ့တံခါးမှာ ဝုန်းခနဲပွင့်သွားသည်။ ထိုအခါ သူ့ကိုကျောပေးကာ ရပ်နေသည့် မိန်းမပျိုတစ်ယောက် ပေါ်လာတော့သည်။
သူမ၏ နောက်ကျောကို မြင်လိုက်ရသည်နှင့် သူ့ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီသွားပြီး အသက်ရှူသံများပင် ကျယ်လာတော့သည်။
” နင်…. ”
သူ၏ပါးစပ်မှ ထိုစကားတစ်လုံး ထွက်သွားသည်နှင့် ထို မိန်းမပျိုလေးက နောက်သို့ ဖြည်းညင်းစွာ လှည့်ကြည့်လာတော့သည်။ ထို့နောက် ပိုင်ရှောင်ချန်းသည် မြင်တွေ့လိုက်ရသည့် မျက်နှာလေးကြောင့် ရိုးတွင်းခြင်ဆီသို့တိုင် တုန်လှုပ်သွားရတော့သည်။
” ရှောင်ချန်း…. ”
သူမက တလက်လက် တောက်ပနေသည့် မျက်ဝန်းများဖြင့် ခပ်တိုးတိုးလေး လှမ်းခေါ်လိုက်သည်။
” တုလင်ဖေး။ ”
သူ ရေရွတ်လိုက်တော့သည်။ သူသည် တုလင်ဖေးနှင့် ထပ်မံတွေ့ဆုံရလျှင် မည်သို့ခံစားရမည်ကို အမြဲတမ်း သိချင်နေခဲ့သည်။ ယခုအခါ သူထင်ထားသကဲ့သို့ အံ့အားသင့်စရာမကောင်းမှန်း သိသွားတော့သည်။ ရုတ်တရက်ကြီး တွေ့ဆုံလိုက်ရသော်လည်း သူ့ နှလုံးသား၏ နက်ရှိုင်းသော နေရာထဲတွင်မူ ဤသို့သော ပြန်လည်ဆုံတွေ့မှုအတွက် အဆင်သင့်ဖြစ်နေခဲ့သည်။
သူ၏ မျက်လုံးများမှာ ခံစားချက်ပေါင်းစုံဖြင့် ရောပြွမ်းနေပြီး တခဏအတွင်း အချိန်များက တိတ်ဆိတ်စွာ ကုန်လွန်သွားသည်။ ရုတ်တရက် ကုံဒေသ၏ တောင်ထိပ်သခင်က သူ့ကိုကောင်းမွန်စွာ ဆက်ဆံခဲ့သည်များနှင့် ဖုန်းယွမ်ဒဲ့က သူ့ကို သွေးသားရင်းချာပမာ စောင့်ရှောက်ခဲ့သည်များကို ပြန်တွေးမိသွားတော့သည်။ ရှင်းကုံကျစ်တာအိုဂိုဏ်းတွင် သူရှိနေခဲ့သည့် ကာလပတ်လုံး တစ်စုံတစ်ယောက်က အဝေးတစ်နေရာမှနေ၍ သူ့ကိုစောင့်ရှောက်ပေးနေသည့်အလား သူ ခံစားနေခဲ့ရသည်။ ထိုကိစ္စနှင့် ပတ်သက်၍ သူ၏ယူဆချက် အနည်းငယ် ရှိပါသော်လည်း ယခုအခါ တုလင်ဖေးကို မြင်လိုက်ရသဖြင့် အရာအားလုံး ရှင်းလင်းသွားပြီ ဖြစ်သည်။
သူမ၏မျက်နှာတွင် စိတ်ရှုပ်ထွေးမှုများ၊ လွမ်းဆွတ်မှုများနှင့် ပြည့်နှက်နေသည်။ ထို့နောက် သူမက တောင်းပန်လိုက်တော့သည်။
” ရှောင်ချန်း…. ဖြစ်ခဲ့သမျှတွေအတွက် ငါတောင်းပန် …. ”
” သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းမှာတုံးက ငါတွေ့ခဲ့တာ နင်လား။ ”
သူက ကြားဖြတ်ကာ အားပါသည့် စကားများဖြင့် ဖြည်းညင်းစွာ မေးလိုက်သည်။
” ဟုတ်တယ်။ ”
သူမက အနည်းငယ်မျှ တွေဝေမနေဘဲ ဖြေလိုက်သည်။
ထို့နောက် သူမကို စိုက်ကြည့်ရင်း သူကမေးခွန်းများစွာ ထပ်မေးလိုက်သည်။
“ နင်က သူလျှိုတစ်ယောက်လား။ ဘာလို့တုံး။ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းနဲ့ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းကို နင်ဘာလာလုပ်တာတုံး။ ပြီးတော့ အခုဒီမှာရော ဘာလုပ်နေတာတုံး။ “