ချိုင့်ဝှမ်းအောက်ခြေရှိ မီးဝိညာဉ်အစေ့ထံမှ နေမင်းအသေးစားလေးတစ်စင်းကဲ့သို့ တောက်ပတဲ့အလင်းရောင်တစ်ခုထုတ်လွှတ်နေခဲ့ပြီး ချိုင့်ဝှမ်းအပေါ်ဘက်ရှိနှစ်ဖွဲ့စလုံးရဲ့အာရုံတွေကို ဖမ်းစားသွားနိုင်ခဲ့သည်။ လူတိုင်းရဲ့မျက်လုံးထဲမှာ လိုချင်ဆန္ဒတွေ စိတ်လှုပ်ရှားမှုတွေနဲ့ ပြည့်နှက်နေရပေသည်။
ချီဟောင်က သူ့ရဲ့အကြည့်ကိုခက်ခက်ခဲခဲပြန်လည်ရုပ်သိမ်းလိုက်ခဲ့ရပေမယ့် သူ့ရဲ့မျက်လုံးထဲမှ လိုချင်တပ်မက်မှုတွေကို ဖုံးကွယ်ထားနိုင်ခြင်းမရှိခဲ့ပေ။ အဲ့ဒီနောက်မှာသူရဲ့အကြည့်တွေက နက်မှောင်သွားခဲ့ရကာ ဇူယွမ်တို့လူစုရှိနေသည့် ချိုင့်ဝှမ်းတစ်ဖက်ခြမ်းကို လှည့်ကြည့်လိုက်သည်။
“ဇူယွမ်… ငါမင်းကို အခုကတည်းကထွက်သွားဖို့ အကြံပေးချင်တယ်… ဒီလိုမှမဟုတ်ဘဲ နောက်မှဆိုရင်တော့ နောင်တရတာနောက်ကျသွားရလိမ့်မယ်…” ချီဟောင်က ခြိမ်းခြောက်လိုက်သည်။
ဇူယွမ်ကတည်ငြိမ်စွာဖြင့်ပင် ချီဟောင်ကိုကြည့်လိုက်သည်။ ချီဟောင်ရဲ့ပါးစပ်ထဲရှိရာပြောတဲ့စကားက သူ့ကိုအနှောင့်အယှက်ဖြစ်စေနိုင်လိမ့်မည်မဟုတ်ပေ။
ဇူယွမ်က သူ့ကိုလျစ်လျူရှုလိုက်တာကို မြင်လိုက်ရသည့်အခါ ချီဟောင်ရဲ့မျက်လုံးထဲမှာ အေးစက်မှုတွေဖြတ်ခနဲထွက်ပေါ်လာခဲ့ရပြီး သူကပြောလိုက်သည်… “မင်းကသေဖို့အတွက် ဆန္ဒရှိနေတယ်ဆိုမှတော့ ငါကဒီနေ့မင်းရဲ့ဆန္ဒကို ဖြည့်ဆည်းပေးရမှာပေါ့…”
“အဆိပ်မြို့တော်အရှင်… ဒီအချိန်က ခင်ဗျားရဲ့အလုပ်ကို လုပ်ရတော့မယ့်အချိန်ပဲ…” ချီဟောင်က အဆိပ်ဘုရင်ကိုကြည့်ကာ ပြောလိုက်သည်။
အဆိပ်ဘုရင်က စူးရှစွာနှစ်ကြိမ်ရယ်မောလိုက်ပြီး နားမခံသာဖြစ်စေသည့်လေသံဖြင့်ပြောသည်… “မင်းကငါ့ကိုတန်ကြေးအဖြစ် မြို့တော်သုံးခုပေးထားတယ်ဆိုတော့လည်း ငါကမင်းကို အဆုံးထိရောက်အောင် ကူညီပေးရတော့မှာပေါ့…”
သူ့ရဲ့စကားသံကပျောက်ကွယ်သွားခဲ့ရသကဲ့သို့ အဆိပ်ဘုရင်ရဲ့ခန္ဓာကိုယ်က ဆတ်ခနဲလှုပ်ရှားသွားခဲ့ပြီး သူ့ရဲ့ခေါင်းထက်မှ အတိုင်းမသိလောက်တဲ့အနက်ရောင်ချီတွေထွက်ပေါ်လာခဲ့ရကာ ၎င်းတို့ကအနက်ရောင်တိမ်စိုင်ကြီးတစ်ခုအလား ကောင်းကင်ပေါ်မှာဖုံးလွှမ်းသွားခဲ့ရသည်။
ထိုအနက်ရောင်တိမ်စိုင်တွေထံမှ ဆိုးရွားသည့်အနံ့အသက်တစ်ခုထွက်ပေါ်လာခဲ့ရကာ ၎င်းရဲ့အထဲမှာ ပြင်းထန်တဲ့အဆိပ်ပါဝင်နေသည်ဆိုတာကို ဖော်ပြနေပေသည်။
ဤအရာက အဆိပ်ဘုရင်၏မူလချီဖြစ်သည့် အဆင့် ၄ နတ်ဆိုးမြူချီပင်ဖြစ်သည်။
အဆိပ်ဘုရင်က နတ်ဆိုးမြူအဆိပ်ကို ကံကောင်းထောက်မစွာဖြင့် ရရှိပိုင်ဆိုင်နိုင်ခဲ့ခြင်းဖြစ်သည်။ ထို့အပြင်၎င်းက သူ့ကိုမူလစဦးအဆင့်သို့ ရောက်ရှိစေခဲ့ရုံသာမက သူ့ရဲ့စွမ်းအားကို အဆိပ်ရေအိုင်အတွင်းရှိ များစွာသောကျင့်ကြံသူတွေရဲ့အထက်မှာ ရပ်တည်စေနိုင်ခဲ့သည်။
ဒီလိုမျိုးကြီးမားတဲ့စွမ်းအားကြောင့် ဝေကန်းလန်လိုလူမျိုးတောင်မှပင် သူ့ရဲ့လက်ထဲမှာ ခဏခဏဒဏ်ရာရရှိခဲ့ရသည်။
အဆိပ်ဘုရင်က သူ့ရဲ့စွမ်းအားကိုထုတ်ဖော်ပြသလိုက်စဉ်မှာ ဝေကန်းလန်ကလည်း ရှေ့ကိုခြေတစ်လှမ်းတက်လိုက်ပြီး သူ့ရဲ့အေးစက်တဲ့အကြည့်က အဆိပ်ဘုရင်ကိုကြည့်လိုက်သကဲ့သို့ အဆိပ်ဘုရင်နဲ့တူညီစွာပင် သူ့ရဲ့ဦးခေါင်းထက်မှ သန်မာသည့်မူလချီတစ်ခုထွက်ပေါ်လာခဲ့သည်။
ဝေကန်းလန်ရဲ့မူလချီထံမှ နက်ရွှေရောင်အလင်းတွေ ထွက်ပေါ်နေပေသည်။ ၎င်းကစစ်ပွဲအရှိန်အဝါအငွေ့အသက်တွေအပြင် ပြင်းထန်သည့်သတ်ဖြတ်ခြင်းအရှိန်အဝါတွေကိုလည်း ထုတ်ဖော်နေလျက်ရှိသည်။
ဒီရွှေရောင်စစ်ဘုရင်ချီကလည်း အလားတူပင်အဆင့် ၄မူလချီတစ်ခုဖြစ်သည်။ ၎င်းက ဓားသွားတစ်ခုအလားထက်မြနေသကဲ့သို့ လွှမ်းမိုးနိုင်စွမ်းလည်းရှိသည်လို့လည်း ခံစားရစေခဲ့သည်။
“ဝေကန်းလန်… ငါ့ရဲ့လက်ထဲမှာ ခဏခဏဒဏ်ရာရရှိနေခဲ့ရတဲ့ မင်းလိုလူမျိုးက ထပ်ပြီးတိုက်ခိုက်ဖို့အတွက် သတ္တိရှိနေသေးတယ်ပေါ့… ဒါပေမဲ့ မင်းရဲ့ရဲရင့်မှုကိုတော့ ငါအမှန်တကယ်လေးစားမိတယ်…” အဆိပ်ဘုရင်က အေးစက်စွာပြုံးလိုက်ပြီးပြောသည်။
ဝေကန်းလန်ရဲ့မျက်လုံးထဲမှာ လူသတ်လိုစိတ်တွေ ထွက်ပေါ်လာခဲ့ရပြီး… “ဒီတစ်ကြိမ်မှာတော့ မင်းကငါ့အပေါ် နှစ်ပေါင်းများစွာခံစားစေခဲ့ရတဲ့အရာအားလုံးအတွက် မင်းကိုသတ်ပြီး ပြန်ပေးဆပ်စေရမယ်…”
“ဟားဟား… မင်းမှာ ဒီလိုမျိုးလုပ်နိုင်စွမ်းမရှိမှာကိုပဲ ငါစိုးရိမ်မိတယ်…” အဆိပ်ဘုရင်က ကျယ်လောင်စွာပင် ရယ်မောလိုက်သည်။ ထို့နောက်မှာ ကောင်းကင်ပေါ်မှာလှည့်ပတ်နေသည့် နတ်ဆိုးမြူချီတွေက ဆင်းသက်လာခဲ့ပြီး အဆိပ်ဘုရင်ရဲ့ခန္ဓာကိုယ်ကိုလွှမ်းခြုံသွားခဲ့ကာ သူ့ကိုလေထဲသို့ခေါ်ဆောင်သွားသည်။
သူကနတ်ဆိုးမြူချီပေါ်မှာ ရပ်တန့်နေသကဲ့သို့ သူ့ရဲ့နောက်ကျောမှလည်းအနက်ရောင်ချီတွေ ထွက်ပေါ်နေလျက်ရှိကာ ဒီကြောက်မက်ဖွယ်မြင်ကွင်းက နတ်ဆိုးတစ်ကောင်ကိုမြင်တွေ့နေရသည်နှင့်ပင် ဆင်တူပေသည်။
“မင်းသားလေး… ငါဒီအဆိပ်ကောင်ကို သွားပြီးရင်ဆိုင်လိုက်မယ်… မင်းတို့အားလုံးလည်း ကိုယ့်ကိုကိုယ်ဂရုစိုက်ကြဦး…” ဒီစကားတွေကိုပြောလိုက်ပြီးနောက်မှာ နက်ရွှေရောင်ချီတွေက လေထဲမှာဖြတ်သန်းသွားခဲ့ပြီး သူက၎င်းနဲ့အတူ လေထဲကိုလိုက်ပါသွားခဲ့သည်။
မူလစဦးအဆင့်ကျင့်ကြံသူနှစ်ယောက်က ကောင်းကင်ထက်မှာ တစ်ဦးနဲ့တစ်ဦးမျက်နှာချင်းဆိုင်လိုက်မိခဲ့ကြသလို သူတို့ရဲ့စွမ်းအားပြည့်ဝလှသည့် အရှိန်အဝါတွေကလည်း ထိပ်တိုက်ရင်ဆိုင်လိုက်မိကြသည်။
ဝှစ်…
ဝေကန်းလန်က အရင်ဆုံးစတင်လှုပ်ရှားလိုက်သည်။ သူ့ရဲ့လက်တစ်ဖက်ကိုဆုပ်လိုက်မှုနဲ့အတူ သူ့ခန္ဓာကိုယ်ပတ်လည်ရှိ နက်ရွှေရောင်မူလချီတွေက ရှေ့ကိုတစ်ဟုန်ထိုးပြေးထွက်သွားခဲ့ပြီး စူးရှတဲ့အသံတွေထွက်ပေါ်လာခဲ့ရကာ ရွှေရောင်လှံရှည်တစ်ချောင်းအလား အဆိပ်ဘုရင်ထံပစ်လွင့်သွားခဲ့သည်။
“ခိခိ…”
အဆိပ်ဘုရင်က ထူးထူးဆန်းဆန်းရယ်မောလိုက်သကဲ့သို့ သူ့ရဲ့လက်တွေကို အတူတကွချိတ်ဆက်လိုက်သည်။ အနက်ရောင်ချီတွေက စတင်လှည့်ပတ်လာခဲ့ပြီး အနက်ရောင်လေဆင်နှာမောင်းတစ်ခုဖြစ်ပေါ်လာခဲ့ရကာ ဝင်ရောက်လာသည့်နက်ရွှေရောင်မူလချီတွေကို အဝေးသို့ပြန်ကန်ထွက်သွားစေခဲ့သည်။
ချိုင့်ဝှမ်း၏အပေါ်ဘက် တစ်ဖက်တစ်ချက်စီတွင် ဇူယွမ်၊ ချီဟောင်နဲ့ သူတို့နှစ်ဖွဲ့လုံးရှိလူအားလုံးက တည်ကြည်လေးနက်သည့်အမူအယာတွေဖြင့် ကောင်းကင်ပေါ်မှတိုက်ပွဲကို စောင့်ကြည့်နေခဲ့ကြသည်။
“ဝေကန်းလန်လာလေ… ငါ့ရဲ့နတ်ဆိုးမြူအဆိပ်ရဲ့အရသာကို လာစမ်းကြည့်စမ်းပါ…”
အဆိပ်ဘုရင်ရဲ့အင်္ကျီလက်နှစ်ဖက်က လှုပ်ခတ်သွားသကဲ့သို့ အနက်ရောင်မူလချီစီးကြောင်းနှစ်ခုက ပြေးထွက်သွားခဲ့သည်။ မူလချီတွေက လျင်မြန်စွာပင် ကောင်းကင်မှဆင်းသက်လာခဲ့ပြီး ဝေကန်းလန်ကို အလယ်မှာထား၍ လှောင်အိမ်တစ်ခုအလား အလျင်အမြန်ကျုံ့ဝင်လာခဲ့သည်။
အနက်ရောင်အကျဉ်းထောင်က ပို၍သေးငယ်လာသကဲ့သို့ အဆိပ်တွေပါဝင်နေသည့်အနက်ရောင်ချီတွေက ဝေကန်းလန်၏ပတ်ပတ်လည်တွင် ဝိုင်းရံသွားခဲ့သည်။
“ရွှေရောင်ဓားကြီးဖြတ်ပိုင်းခြင်း…”
ဝေကန်းလန်ရဲ့မျက်နှာက ရေခဲတမျှအေးစက်နေခဲ့ရသကဲ့သို့ သူ့ရဲ့လက်ထဲမှာလည်း ကြီးမားသည့်ဓားတစ်ချောင်းထွက်ပေါ်လာခဲ့သည်။ ဓားပေါ်မှာမှော်စာလုံးတွေရေးထွင်းထားပြီး ၎င်းထံမှ စွမ်းအားပြည့်ဝလှသည့်အရှိန်အဝါတွေ လှုပ်ရှားထွက်ပေါ်နေခဲ့သည်။
ထိုဓားက အနက်ရောင်အဆင့်မူလလက်နက်တစ်ခုဖြစ်ပေသည်။
ဝေကန်းလန်က ကြီးမားသည့်ဓားကြီးကိုကိုင်ထားလျက်မှပင် စွမ်းအားအပြည့်ဖြင့်ခုတ်ပိုင်းချလိုက်သည်။
ရွှပ်…
ပေတစ်ရာခန့်ရှည်လျားသည့် ရွှေရောင်ဓားအလင်းရောင်ထွက်ပေါ်လာခဲ့ပြီး လေထုကိုဖြတ်ပိုင်းသွားခဲ့ကာ ကျုံ့ဝင်လာသည့်လှောင်အိမ်ကို တစ်ချက်တည်းဖြင့် ချိုးဖျက်သွားသည်။
ဝှစ်…
လှောင်အိမ်ကချိုးဖျက်ခံလိုက်ရပြီးနောက်မှာ အနက်ရောင်ချီတွေက ဝေကန်းလန်၏နောက်ဘက်တွင် ရုတ်တရက်ထွက်ပေါ်လာခဲ့သည်။ ထို့နောက်မှာ အဆိပ်ဘုရင်ပေါ်ထွက်လာခဲ့ပြီး ဝေကန်းလန်၏ကျောပြင်ကို လက်ဝါးတစ်ချက်ရိုက်ထုတ်လိုက်သည်။
လက်ဝါးရဲ့ပတ်လည်မှာ အနက်ရောင်ချီတွေလှည့်ပတ်နေခဲ့ကာ ဒီတိုက်ခိုက်မှုမှာ ပြင်းထန်တဲ့အဆိပ်တစ်ခုပါဝင်လို့နေရပေသည်။
ဝေကန်းလန်က သူ့နောက်ကျောမှ ဆိုးရွားတဲ့အနံ့အသက်တစ်ခုတိုးဝင်လာသည်ကို သတိပြုမိလိုက်သည့်အတွက် နောက်ဘက်ကို လက်သီးတစ်ချက်ထိုးထုတ်လိုက်သည်။ ရွှေရောင်အလင်းတွေလှည့်ပတ်နေတဲ့သူ့ရဲ့လက်သီးက ရွှေရောင်အလင်းတန်းတစ်ခုအလား ပြေးထွက်သွားခဲ့ပြီး ထိုရွှေရောင်အလင်းတန်းက ဓားသွားတစ်ခုအလား ထက်မြလို့နေရပေသည်။
ဘန်း…
လက်သီးနဲ့ လက်ဝါးတို့ ထိပ်တိုက်ရင်ဆိုင်မိခဲ့ကြသည်။
ပတ်ဝန်းကျင်ရှိလေထုက ကျယ်လောင်စွာပေါက်ကွဲသွားခဲ့ရသလို ထိပ်တိုက်ရင်ဆိုင်တွေ့မှုမှထွက်ပေါ်လာသည့် မူလချီအားလှိုင်းတွေကို သာမန်မျက်စိဖြင့်ပင် မြင်တွေ့နိုင်ပေသည်။
ထိပ်တိုက်ရင်ဆိုင်မိလိုက်ပြီးနောက်မှာ သူတို့နှစ်ယောက်စလုံး နောက်ဘက်ကိုလွင့်ထွက်သွားခဲ့ရသည်။
အဆိပ်ဘုရင်ရဲ့မျက်နှာက အနည်းငယ်လှုပ်လှုပ်ရှားရှားဖြစ်သွားခဲ့ရပြီး သူ့ရဲ့ခန္ဓာကိုယ်ကို တည်ငြိမ်အောင်ပြန်ထိန်းနိုင်လိုက်ခဲ့ပြီးနောက်မှာ သူ့ရဲ့လက်မှ သွေးတွေကအဆက်မပြတ်စီးကျလာခဲ့ရသည်။ ဝေကန်းလန်၏ ရွှေရောင်စစ်ဘုရင်ချီက လွန်စွာမှပင်ပြင်းထန်မှုရှိရကာ သူတို့နှစ်ယောက်ရဲ့အစောပိုင်းထိပ်တိုက်ရင်ဆိုင်တွေ့မှုမှာ သူ့ရဲ့လက်ကိုပင် ဒဏ်ရာရရှိစေခဲ့သည်။
သူ့ရဲ့လက်မှာဒဏ်ရာရရှိခဲ့ပေမဲ့လည်း အဆိပ်ဘုရင်ရဲ့မျက်လုံးထဲမှာ ရက်စက်သည့်အရိပ်အယောင်တွေထွက်ပေါ်လာခဲ့ရကာ သူကဝေကန်းလန်ကို စိုက်ကြည့်လိုက်ပြီး အေးစက်သည့်လေသံဖြင့်ပြောလိုက်သည်… “ဝေကန်းလန်… မင်းကတကယ်ကို အမှတ်မရှိဘူးပဲ… မင်းက ငါ့ရဲ့နတ်ဆိုးမြူချီကို ထိပ်တိုက်ရင်ဆိုင်လိမ့်မယ်လို့ ထင်မထားမိဘူး… ငါ့ရဲ့အဆိပ် မင်းခန္ဓာကိုယ်ထဲကိုဝင်ရောက်သွားခဲ့တုန်းက ခံစားခဲ့ရတဲ့ဝေဒနာကို မင်းကမေ့သွားပြီလား…”
အဆိပ်ဘုရင်ရဲ့လက်က အစောပိုင်းထိပ်တိုက်ရင်ဆိုင်မှုမှာ ဒဏ်ရာရခဲ့ပေမဲ့ သူကနတ်ဆိုးမြူအဆိပ်အချို့ကို ဝေကန်းလန်၏ခန္ဓာကိုယ်အတွင်း ဝင်ရောက်သွားစေရန် ပြုလုပ်နိုင်ခဲ့သည်။
သို့ပေမဲ့လည်း ဝေကန်းလန်ရဲ့အမူအယာက ပြောင်းလဲသွားခြင်းမရှိသည်ကို မြင်လိုက်ရသည့်အခါ အဆိပ်ဘုရင်က အနည်းငယ်အံ့အားသင့်သွားခဲ့ရသည်။ ဝေကန်းလန်က သူ့ရဲ့လက်ကိုဖြည်းညှင်းစွာမြှောက်လိုက်သည့်အခါ မှိန်ဖျော့သည့်အစိမ်းရောင်မှော်စာလုံးအလင်းတစ်ခု ထွက်ပေါ်လာခဲ့သည်။ အဆိပ်ဘုရင်ရဲ့အမူအယာက ပျက်ယွင်းသွားခဲ့ရပြီး အစိမ်းရောင်မှော်စာလုံးအလင်းက အနက်ရောင်ချီတွေကို ဖြည်းညှင်းစွာချေဖျက်နေသည်ကို ကြည့်လိုက်မိသည်။
သူ့ရဲ့နတ်ဆိုးမြူချီတွေက ချေဖျက်ခြင်းခံခဲ့ရပြီဖြစ်သည်။
“မင်းရဲ့အဆိပ်ကို ငါ့ခန္ဓာကိုယ်ထဲဝင်ရောက်ခွင့်ပြုလိမ့်မယ်လို့ မင်းက အမှန်တကယ်ယုံကြည်ထားတာလား…” ဝေကန်းလန်က လှောင်ပြောင်လိုက်သည်။ ထိုအစိမ်းရောင်မှော်စာလုံးအလင်းက သစ်တစ်ထောင်အဆိပ်ကာကွယ်ခြင်းမှော်စာလုံးပင်ဖြစ်သည်။
ဒါကိုအသက်သွင်းလိုက်သည့်အခါ ၎င်းကလူတစ်ယောက်ရဲ့ခန္ဓာကိုယ်ထဲကို မည်သည့်အဆိပ်မှ ဝင်ရောက်မလာနိုင်အောင် ကာကွယ်ပေးလေသည်။
အဆိပ်ဘုရင်ရဲ့အမူအယာက အလွန်ပင်နက်မှောင်သွားခဲ့ရ၏။ အစောပိုင်းကထိပ်တိုက်ရင်ဆိုင်မှုမှာ ဝေကန်းလန်က သူ့ရဲ့နတ်ဆိုးမြူအဆိပ်ကို ကာကွယ်နိုင်ခဲ့ပေမဲ့လည်း သူ့ရဲ့လက်က ဝေကန်းလန်ကြောင့် ဒဏ်ရာရရှိခဲ့ရလေသည်။
ချိုင့်ဝှမ်းရဲ့အပေါ်ဘက်မှာရှိနေသည့် ဝေချင်းချင်းက ဒါကိုမြင်လိုက်ရသည့်အခါ ပျော်ရွှင်စွာဖြင့်ပြောလိုက်သည်… “အဖေက အသာစီးရသွားခဲ့ပြီ…”
ဇူယွမ်က အနည်းငယ်စိတ်သက်သာရာရသွားသည့်အလား သက်ပြင်းတစ်ချက်ချလိုက်သည်။ သူတို့တွေ ကြိုတင်ပြင်ဆင်မှုပြုလုပ်ခဲ့၍သာ ကံကောင်းခဲ့ရခြင်းဖြစ်သည်။ ဒီလိုမှမဟုတ်ရင် ဝေကန်းလန်အနေဖြင့် အဆိပ်ဘုရင်အပေါ်အသားစီးရနိုင်ဖို့က အလွန်ပင်ခက်ခဲရပေလိမ့်မည်။
သူတို့နဲ့ဆန့်ကျင်စွာပင် ချီဟောင်တို့အားလုံးရဲ့အမူအယာတွေပျက်ယွင်းသွားခဲ့ရပြီး ချီဟောင်ကသက်ပြင်းကိုသာချလိုက်မိသည်။ သူ့အနေဖြင့်လည်း အဆိပ်ဘုရင်က ဒီလိုမျိုးဒဏ်ရာရရှိသွားခဲ့လိမ့်မယ်လို့ ထင်မှတ်ထားခြင်းမရှိသည်မှာ ထင်ရှားလှပေသည်။
ချီလင်းက တိုးညှင်းစွာပြောလိုက်သည်… “ပထမသခင်လေး… အဆိပ်ဘုရင်က ရှုံးနိမ့်သွားပြီးတော့ ဝေကန်းလန်ကို နှောင့်နှေးအောင်ဟန့်တားနိုင်ခြင်းမရှိမှာကို ကျွန်တော်စိုးရိမ်မိတယ်…”
ချီဟောင်ရဲ့အမူအယာက အလွန်အမင်းအေးစက်သွားခဲ့ရသည်။ သူကအချိန်အတော်ကြာအောင် တွေးတောနေခဲ့ပြီးနောက်မှာ အေးစက်စွာပြောလိုက်သည်… “ကိစ္စတော့မရှိဘူး… အဆိပ်ဘုရင်က ဝေကန်းလန်ကို နှောင့်နှေးအောင်ပြုလုပ်ထားနိုင်ရင်ကို အဆင်ပြေပြီ… နောက်ထပ်ကတော့ ငါတို့ကိုယ်တိုင် လှုပ်ရှားဖို့အချိန်ကျလာပြီပေါ့…”
သူကခေါင်းကိုမော့ကာ ဇူယွမ်တို့ရှိသည့်နေရာကို ကြည့်လိုက်သလို သူ့ရဲ့နှုတ်ခမ်းထောင့်စွန်းမှာလည်း လှောင်ပြောင်လိုတဲ့အပြုံးတစ်ခု ထင်ဟပ်လာခဲ့ရသည်။
“သူတို့တွေက အနိုင်ရလဒ်က သူတို့ဘက်မှာရှိနေပြီလို့ ယုံကြည်ထားပုံပဲ… ဒီလိုဆိုမှတော့ ငါကသူတို့အတွက် လက်ဆောင်လေးတစ်ခုပို့ပေးရတော့မှာပေါ့…”
သူ့ရဲ့စကားသံပျောက်ကွယ်သွားသည့်နှင့်တစ်ပြိုင်နက် မြေပြင်က စတင်၍တုန်ခါလာခဲ့သည်။ ချိုင့်ဝှမ်းထဲရှိမြေပြင်က ရုတ်ချည်းနှစ်ခြမ်းကွဲသွားခဲ့ရပြီး ဖုန်မှုန့်တွေကလေထဲကို လွင့်ပျံသွားခဲ့ရသလို လွန်စွာကြီးမားလှသည့်အရာတစ်ခု ဖြည်းညှင်းစွာထွက်ပေါ်လာခဲ့သည်။
ကြီးမားသည့်အရိပ်ကြီးရုတ်တရက်ထွက်ပေါ်လာသည်ကို မြင်လိုက်ရသည့်အခါ ဇူယွမ်တို့အားလုံးမျက်မှောင်ကြုတ်သွားခဲ့ရသည်။
ကြီးမားလှသည့်စပါးအုံးမြွေကြီးက ပေပေါင်းများစွာရှည်လျား၍ ၎င်းရဲ့ခန္ဓာကိုယ်ပေါ်မှာ အလင်းရောင်တွေတောက်ပနေလျက်ရှိပေသည်။ ၎င်းရဲ့မြွေမျက်လုံးတွေကနီရဲနေကာ ၎င်းရဲ့ခန္ဓာကိုယ်ထက်မှာလည်း များစွာသောမူလမှော်စာလုံးတွေကို ရေးထွင်းထားလျက်ရှိသည်။ ၎င်းထွက်ပေါ်လာသည်နှင့်တစ်ချိန်တည်းမှာ ရက်စက်ကြမ်းကြုတ်တဲ့အရှိန်အဝါတစ်ခုကလည်း လွင့်ပျံထွက်ပေါ်လာခဲ့ရသည်။
ဇူယွမ်ရဲ့အမူအယာက လွန်စွာမှပင်လေးနက်သွားခဲ့ရကာ ကြီးမားလှသည့်စပါးအုံးမြွေကြီးကို ကြည့်လိုက်မိသည်။
ရှေးဟောင်းနယ်မြေရဲ့ကာကွယ်သူက နောက်ဆုံးမှာထွက်ပေါ်လာခဲ့ပြီလား…
သူကခေါင်းကိုမော့လိုက်ပြီး ကြီးမားသည့်စပါးအုံးမြွေကြီး၏အနီးတွင်ရှိနေသည့် ချီဟောင်တို့လူစုထံကြည့်လိုက်သည်။ ချီဟောင်ရဲ့မျက်နှာထက်မှာ စိုးရိမ်မှုတစ်စွန်းတစ်စမျှပင်ရှိမနေသည်ကို သူကတွေ့လိုက်ရသည်။ ဒါ့အပြင် ကြီးမားသည့်တိုက်ပွဲဂိုလမ်စပါးအုံးမြွေကြီးကိုကြည့်နေတဲ့ ချီဟောင်ရဲ့မျက်လုံးထဲမှာ စိတ်လှုပ်ရှားမှုတွေ မျှော်လင့်ချက်ကြီးစွာထားရှိနေမှုတွေနဲ့ ပြည့်နှက်နေပေသည်။
“ဒါက ဘယ်လိုဖြစ်သွားတာလဲ…” ဇူယွမ်ရဲ့မျက်လုံးတွေက အနည်းငယ်ကျဉ်းမြောင်းသွားခဲ့ရ၏။
ဇူယွမ်ရဲ့အကြည့်ကို ခံစားမိလိုက်ရသည့်အတွက် ချီဟောင်ကဇူယွမ်တို့ရှိရာဘက်ကို လှည့်ကြည့်လိုက်သလို သူ့ရဲ့မျက်နှာထက်မှာလည်း ထူးဆန်းတဲ့အပြုံးတစ်ခုထွက်ပေါ်လာခဲ့ရသည်။ တစ်ချိန်တည်းမှာပင် ချီဟောင်ကအေးစက်သည့်လေသံဖြင့်ပြောလိုက်သည်… “ဇူယွမ်… ငါမင်းကို အစောကြီးကတည်းက ထွက်သွားဖို့အကြံမပေးခဲ့ဘူးလား… အခုတော့ မင်းတို့အားလုံး ဒီနေရာမှာပဲသေရတော့မယ်…”