Switch Mode

အခန်း (၇၃)

အစွမ်းပြရမယ့် အချိန်ရောက်ပြီ

အခန်း (၇၃) အစွမ်းပြရမယ့် အချိန်ရောက်ပြီ

ရန်ကျောက်ကဲသည် အပြင်ပန်းအရ သာမာန်ဟု ထင်ရသော်လည်း လက်ရှိ သူ့ခန္ဓာကိုယ်၌ ပေါက်ကွဲနိုင်သောစွမ်းအားကို သိုလှောင်ထား၏။

သူ့ခန္ဓာကိုယ်အတွင်း အကြောများဆုံသည့် နေရာတစ်ခုစီတိုင်း၌ ရေခဲနဂါးတစ်ကောင်နှင့် မီးနဂါးတစ်ကောင် ရစ်ခွေနေသည်ဟု ထင်ရ၏။

ရေခဲနှင့် မီးသည် ယင်နှင့် ယန်ကဲ့သို့ အပြန်အလှန် ယှက်နွယ်နေကာ တစ်ခုနှင့် တစ်ခု အပြန်အလှန် ဖြည့်စွက်ပေးနေသလို စက်ဝန်းတစ်ကြိမ်ပြည့်အောင် လည်ပတ်ပြီးတိုင်းတွင် တစ်ခု၏ခွန်အားမှလည်း တစ်ခုက အပြန်အလှန် အကျိုးရှိနေလေ၏။

ရန်ကျောက်ကဲ၏လှုပ်ရှားမှုတိုင်းမှာ နဂါးတစ်ကောင်ကဲ့သို့ အားမာန်ဖြင့် ပြည့်ဝလျက်ရှိသည်။

ရန်ကျောက်ကဲသည် လူအုပ်၏ရှေ့သို့ ရောက်သောအခါ မြေပေါ်သို့ ဆင်းသက်၍ ဂါဝရပြုလိုက်သည်။

ယခုမှသာ လူတိုင်းသည် ငေးငိုင်၊ ကြောင်အနေသော အခြေအနေမှ ပြန်လည်သတိဝင်လာကြသည်။ ရန်ကျောက်ကဲအား သူတို့ ကြည့်သည့် ပုံစံမှာ အလွန် ထူးဆန်းနေ၏။

သူတို့ရှေ့တွင် ရပ်နေသော လူငယ်သည် အပြင်ပိုင်းကြယ်တာရာချီ ကနဦးအဆင့်မှ အလယ်အလတ်အဆင့်ကို ရောက်ရှိရန် တစ်လခန့်သာ ကြာမြင့်ခဲ့သည်။ ထို့နောက် အပြင်ပိုင်းကြယ်တာရာချီ အလယ်အလတ်အဆင့်မှ နှောင်းပိုင်းအဆင့်သို့ ချိုးဖြတ်ရန် နှစ်တစ်ဝက်ခန့်သာ အသုံးပြုခဲ့ပြန်သည်။

တစ်ချက်ကြည့်ရုံဖြင့် ဒုတိယတစ်ခုတွင် အမြန်နှုန်း လျော့ကျသွားသည်မှာ သိသာထင်ရှားပေသည်။

သို့သော် ပထမတစ်ခုကို အောင်မြင်၍ ချီကို လက်နက်သဏ္ဌာန်ဖွဲ့နိုင်ရန် လုံလောက်သော ဉာဏ်အလင်းနှင့် သိုင်းတာအိုအပေါ် သဘောပေါက်မှု လိုအပ်၏။ ထိုစဉ် ဒုတိယတစ်ခုမှာမူ အားစိုက်ထုတ်မှု များစွာ လိုအပ်လေရာ ကြယ်တာရာချီကို လုံလောက်သော အဆင့်အထိ စုဆောင်း၊ သန့်စင်ပြီးမှသာ အဆင့်တက်နိုင်မည်ဖြစ်သည်။

တစ်နည်းအားဖြင့် ဒုတိယတစ်ခုကို အောင်မြင်ရန် အချိန်များစွာ လိုအပ်ပေသည်။

သို့သော် ဤကဲ့သို့ အချိန်ယူရသော လုပ်ငန်းစဉ်မှာတောင်မှ ရန်ကျောက်ကဲသည် အခြားလူများထက် အများကြီး သာလွန်ခဲ့ကာ အချိန်တိုအတွင်း ပြီးမြောက်နိုင်ခဲ့သည်။

သူ ဘယ်လိုတောင် လုပ်လိုက်တာလဲ!” လူတိုင်းသည် သူတို့၏ဦးခေါင်းများ ချာချာလည် မူးဝေနေသည်ဟု ခံစားရသည်။ “ဒီအဆင့်မှာလဲ ဖြတ်လမ်းရှိတယ်လို့ ပြောလို့ရသေးရဲ့လား”

နေသူတော်စင်ဂိုဏ်း၏ကောင်းကင်အပ်နည်းစနစ်ကဲ့သို့ နည်းစနစ်များသည် သာမာန်မဟုတ်သော နည်းလမ်းများဖြင့် ကျင့်ကြံမှုတိုးတက်အောင် ကူညီပေးနိုင်သော်လည်း ယေဘုယျအားဖြင့် နောက်ဆက်တွဲဆိုးကျိုးများ လိုက်ပါလာလေ့ရှိသည်။ အကျိုးနှင့်အပြစ်ကို ချိန်ဆကြည့်ပါက ကောင်းကျိုးထက် ဆိုးကျိုးက အများကြီး ပိုများလေသည်။ ထို့ကြောင့် အခြားရွေးချယ်စရာ မရှိမှသာ ထိုနည်းလမ်းမျိုးကို သုံးစွဲလေ့ရှိကြသည်။

ထို့ပြင် ဤကဲ့သို့ နည်းလမ်းများကို တစ်ကြိမ်ထက်ပို၍ အသုံးပြုလို့ မရပေ။ ပထမအကြိမ် အသုံးပြုပြီးနောက် ထိုနည်းလမ်းမှ ဘေးထွက်ဆိုးကျိုးများကြောင့် နောက်တစ်ကြိမ် ထပ်မံ အသုံးပြုလျှင်လည်း ထိရောက်မှုမရှိတော့ပေ။

ထို့ကြောင့် လူတိုင်းသည် ရန်ကျောက်ကဲအား အထူးအဆန်းသတ္တဝါတစ်ကောင်သဖွယ် ကြည့်နေကြသည်။

ရန်ကျောက်ကဲက ဤသည်ကို မသိချင်ယောင်ဆောင်ထား၏။ သူသည် လေထဲတွင်ရပ်ကာ သူ့ကျင့်ကြံမှုအဆင့်ကို ပြသပြီးပြီဖြစ်သည်။ ယခု သူ့ရည်ရွယ်ချက်က အောင်မြင်လေပြီ။ စကားဖြင့် ထုတ်ပြောစရာ မလိုတော့။

သူ ဘာထပ်ပြောရဦးမှာလဲ။

တစ်ချက်ကြည့်ပြီး ကိုယ့်ဘာကိုယ် စဉ်းစားလေ။

အင်း… ဒီလိုပဲဖြစ်ရမယ်လေ” ရန်ကျောက်ကဲသည် လူအုပ် တအံ့တဩ ဖြစ်နေသည်ကို အလွန် သဘောကျနေလေသည်။ ထို့ကြောင့် အစောပိုင်းက ထိုလူအုပ် ပြောဆိုနေသော အကြောင်းအရာကို မမေးမြန်းတော့ဘဲ ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။”လူတိုင်း ဒီကို ရောက်နေပါလား၊ ကိစ္စ ကြီးကြီးမားမားများ ရှိလို့လား”

အခြားသူများသည် အိပ်ပျော်နေရာမှ လန့်နိုးလာသည့်အလား တစ်ယောက်ပြီးတစ်ယောက် အသိပြန်ဝင်လာကြကာ သူတို့ထဲမှ တစ်ယောက်က ပြန်လည်ဖြေကြားလိုက်သည်။ “နဂါးချုပ်လှောင်ခြင်းချောက်နက်ထဲက အနက်ရောင်မြူတွေက နောက်တစ်ကြိမ် ပျံ့နှံ့လာပြန်ပြီ၊ အရင်ကထက်လည်း ကိုမို သိပ်သည်းလာတယ်၊ သာမာန်သိုင်းပညာရှင်တွေတောင် အနက်ရောင်မြူတွေနား ကပ်ဖို့ မလွယ်တော့ဘူး”

နဂါးချုပ်လှောင်ခြင်းချောက်နက်ထဲက ဖောက်လွဲဖောက်ပြန် ဖြစ်စဉ်တွေက ပိုပြီး စိတ်လာတယ်၊ အကြီးအကဲချင်၊ အကြီးအကဲရန်နဲ့ အခြားသူတွေက နဂါးချူပ်လှောင်ခြင်းချောက်နက်အတွင်းပိုင်းအထိ သွားပြီး အနက်ရောင်မြူတွေကို ဖိနှိပ်ဖို့နဲ့ အခြေအနေကို စုံစမ်းစစ်ဆေးဖို့ ပြင်ဆင်နေတယ်”

သည်တစ်ခါကဲ့သို့ ကြီးမားသော ဖောက်လွဲဖောက်ပြန် ဖြစ်စဉ်များကို ဘယ်တုန်းကမှ မမြင်ဖူးခဲ့ကြပေ။

သို့သော် ဝါဒတောင်ဂိုဏ်း၊ နေသူတော်စင်ဂိုဏ်းနှင့် အရှေ့တန်နိုင်ငံအတွက်တော့ ၎င်းမှာ ဤပြဿနာကို ဖြေရှင်းရန် အခွင့်ကောင်းပင်။

အကယ်၍ သူတို့သည် အမြစ်ကနေ ဖြေရှင်းမည့်အစား အပေါ်ယံကြောသာ ကုသပါက ၎င်းမှာ ရေရှည်ပြဿနာဖြစ်လာနိုင်ကာ အနာဂတ်တွင် ပိုမို ကြီးမားသော ဒုက္ခကို ယူဆောင်လာနိုင်လေသည်။

သည်မတိုင်ခင်က အင်အားစုအချို့သည် ဘေးမှ စောင့်ကြည့်နေကာ ပြဿနာ လုံးဝ ပေါ်ထွက်လာသည့်အချိန်မှ ပြဿနာအရင်းအမြစ်ကို ရှာဖွေ၍ ဖြေရှင်းရန်အတွက် စောင့်ဆိုင်းလျက်ရှိသည်။

တစ်ချိန်တည်းမှာပင် ပြဿနာ၏အရင်းအမြစ်က ငရဲနယ်မြေမှာ ရှိလောက်ပေသည်။

ရန်ကျောက်ကဲ ခေါင်းငြိမ့်၏။ သူ တံခါးပိတ်ကျင့်ကြံရာမှ ထွက်လာသည်မှာ အချိန်ကိုက်ပင်ဖြစ်သည်။

မလိုအပ်သည်များ မပြောတော့ဘဲ ရန်ကျောက်ကဲနှင့် အခြားသူများသည် အကြီးအကဲချင်နှင့် ဝါဒတောင်၏ အခြားထိပ်တန်းကျင့်ကြံသူများကို သွားရောက်တွေ့ဆုံလိုက်ကြသည်။

အကြီးအကဲချင်နှင့် ရန်ရှု့အပြင် နေသူတော်စင်ဂိုဏ်းကို စောင့်ကြည့်ရန် အရှေ့ကောင်းကင်ဒေသကို အလျင်အမြန်ရောက်လာသော သက်တော်ရှည်အကြီးအကဲတစ်ဦး ရှိလေသည်။ သူသည်လည်း အတွေ့အကြုံရင့် သိုင်းဆရာသခင်တစ်ဦးဖြစ်ကာ ကြီးမားသော စွမ်းအားကို ပိုင်ဆိုင်ထား၏။

ရန်ကျောက်ကဲကို မြင်သောအခါ အကြီးအကဲချင်က မြွတ်သည်။ “ဒီတစ်ခါတော့ မင်း ငါတို့နဲ့ နဂါးချုပ်လှောင်ခြင်းချောက်နက်ထဲကို မလိုက်သင့်ဘူး”

ဒီလိုအရေးအကြီးဆုံးအချိန်မှာ နေသူတော်စင်ဂိုဏ်းက ဘယ်လိုလုပ်ရပ်တွေနဲ့ တုံ့ပြန်မလဲ မပြောနိုင်ဘူး၊ သတိကြီးကြီးထားနိုင်မှ တန်ကာကျမယ်”

ရန်ကျောက်ကဲက ဖြေကြားသည်။ “ကျွန်တော် သိပါပြီ”

ဝါဒတောင်မှ ရောက်လာသော သက်တော်ရှည်အကြီးအကဲသည် အစီအရင်ကို ထိန်းသိမ်းရန်နှင့် ရန်ကျောက်ကဲကို ကြည့်ရှု့စောင့်ရှောက်ရန် အပြင်၌ ကျန်ရှိနေမည်ဖြစ်သည်။ ထို့ပြင် ထိုအချိန်အတောအတွင်း နေသူတော်စင်ဂိုဏ်း၏လှုပ်ရှားမှုများကို ဆက်လက်စောင့်ကြည့်နေမည် ဖြစ်၏။

အရှေ့တန်တွင် တာဝန်ကျသော အကြီးအကဲဖြစ်သည့်အလျောက် အရှေ့တန်၏အခြေအနေများနှင့် ရင်းနှီးသော ရန်ရှု့သည်လည်း အပြင်မှ ကူညီရန် ဆက်ကျန်ခဲ့မည်ဖြစ်သည်။

သို့နှင့် အကြီးအကဲချင်နှင့် အခြားသူများသည် နဂါးချုပ်လှောင်ခြင်းချောက်နက်၏အတွင်းပိုင်းသို့ စတင် ထွက်ခွာကြတော့သည်။

အရှေ့တန်နိုင်ငံ၏ဘုရင် ကျောက်ရှီချန်းသည်လည်း ထိုအဖွဲ့နှင့်အတူ လိုက်ပါသွားလေ၏။

ဘုရင်တစ်ပါးအနေဖြင့် ကျောက်ရှီချန်းသည် ကိုယ်တိုင် စွန့်စား၍ သာမာန် ခြေလျင်တပ်သားကဲ့သို့ ရှေ့တန်းကို မသွားသင့်သော်လည်း ကျင်းယန်မြို့၏မဟာအစီအရင်၏စွမ်းအားကို အဝေးမှ အသက်သွင်းနိုင်သူမှာ သူတစ်ယောက်တည်းသာ ရှိသောကြောင့် ကျောက်ရှီချန်းမှာ ဤခရီးတွင် လိုက်ပါလာရသည်။

(Note : အရင်အပိုင်းတွေက ကျင်းယန်မြို့ရဲ့အကာအကွယ်အစီအရင်ဆိုတဲ့နေရာမှာ မဟာအစီအရင်လို့ ပြောင်းဖတ်ပေးပါ)

အရှေ့တန်နိုင်ငံ၏ ဒေသအများစုမှာ နဂါးချုပ်လှောင်ခြင်းချောက်နက်နှင့် ထိစပ်နေလေရာ ကျင်းယန်မြို့မှာ အရှေ့တန်နိုင်ငံ၏ ကမ္ဘာမြေကြောများ၏စွမ်းအားများ စုစည်းရာ အလယ်ဗဟိုဖြစ်သောကြောင့် ၎င်းသည် နဂါးချုပ်လှောင်ခြင်းချောက်နက်၏ ဖောက်လွဲဖောက်ပြန်ဖြစ်စဉ်များကို ဖိနှိပ်ရာ၌ ကြီးမားသော အကူအညီ ဖြစ်နိုင်လေသည်။

နဂါးချုပ်လှောင်ခြင်းချောက်နက်မှာ ငရဲနှင့် ပတ်သတ်ဆက်နွယ်နေလေရာ အရေးကြီးသော ကိစ္စဖြစ်သောကြောင့် အရှေ့တက်နေဝန်းဘုရင်ဦးဆောင်သော သူတို့ဂိုဏ်း၏ထိပ်တန်းကျင့်ကြံသူတချို့သည် နဂါးချုပ်လှောင်ခြင်းချောက်နက်အတွင်းပိုင်းသို့ ဝင်ရောက်၍ စုံစမ်းစစ်ဆေးမည်ဖြစ်ကြောင်း နေသူတော်စင်ဂိုဏ်းကလည်း ကြေငြာချက် ထုတ်ပြန်၏။

အလားတူပင် အဆုံးမဲ့တောင်တန်းသည်လည်း ကြေငြာချက် ထုတ်ပြန်လေ၏။ သူတို့လည်း ဤကိစ္စကို လျစ်လျူရှု့မထားပေ။

ထိုသတင်းများ ပျံ့နှံသွားသောအခါ အန္တရာယ်နှုတ်ခမ်းဝသို့ ရောက်နေသော်လည်း အခြေအနေမှန်ကို အတိုင်းအတာတစ်ခုထိသာ သိထားသော အရှေ့တန်နိုင်ငံသားများသည် အလွန်အမင်း ဝမ်းမြောက်၍ အောင်ပွဲခံနေကြသည်။

ထိုအခိုက်တွင် အပေါ်ယံ၌ ထိပ်သီးနယ်မြေသုံးခုသည် ဘုံသဘောတူညီချက်ရထားသည့်အလား ယခင်က သူတို့ကြား ဖြစ်ပျက်ခဲ့သည်များကို ခေါင်းထဲမှ ထုတ်ထားပုံရသည်။

သို့သော် အတွင်းဇာတ်လမ်းကိုတော့ ပါဝင်ပတ်သတ်သော သူတို့ကိုယ်တိုင်သာ သိကြသည်။

ရန်ကျောက်ကဲသည် ချောက်နက်ကြီးကြပ်မြို့၏မြို့ရိုးပေါ်မှ ရပ်၍ အဝေးသို့ ငေးမောနေ၏။ လျူလျောင်တောင်တန်း၏ အနားသတ်ကို သူ မြင်ရသည်။ တချိန်တည်းမှာပင် သူတို့နှင့် နီးကပ်သော အခြားအရပ်မျက်နှာတစ်ဖက်၌ ထူထဲသော အနက်ရောင်မြူများက ကောင်းကင်သို့တိုင် ထိုးတက်နေ၏။

အနက်ရောင်မြူများမှာ ကောင်းကင်၏တစ်ဝက်နီးပါးကိုပင် ဖုံးအုပ်နေလေ၏။

ရန်ကျောက်ကဲ၏ ဘေးတွင် ရပ်နေသော အားဟူ၏မျက်နှာက ပုံမှန်ထက် လေးနက်နေသည်။ “ကြယ်တာရာချီကိုသာ အပြင်မထုတ်နိုင်ရင် အဲ့အစပ်နားတောင် သွားလို့မရဘူး”

ရန်ကျောက်ကဲက သူ့မေးစေ့ကို ပွတ်သပ်လိုက်သည်။ “ဒီပြဿနာရဲ့ အဓိကသော့ချက်က ငရဲမှာပဲ၊ ထိပ်သီးနယ်မြေတွေက ထိပ်သီးကျင့်ကြံသူအချို့ကို စေလွှတ်ပြီး စုံစမ်းခိုင်းထားတယ်၊ အဲ့ဘက်က လူစာရင်းက ပိုပြီးတော့တောင် ကြောက်ဖို့ကောင်းတယ်၊ ငါတို့ဂိုဏ်းက ငါ့အဖေကိုယ်တိုင် ဦးဆောင်ထွက်ခွာသွားတယ်”

အားဟူကလည်း အတုခိုး၍ သူ့မေးစေ့ကို ပွတ်သပ်လိုက်သည်။ “မိသားစုခေါင်းဆောင်ကိုယ်တိုင် ဦးဆောင်သွားမှတော့ ဘာပြဿနာမှ မရှိလောက်ဘူးမလား၊ တခြားထိပ်သီးနယ်မြေတွေကလည်း အကောင်ကြီးကြီးတွေ စေလွှတ်လောက်တယ်”

ရန်ကျောက်ကဲက ပတ်ဝန်းကျင်ကို ဝေ့ပတ်ကြည့်ရှု့ရင်း “ငါသာ အဲ့ရောက်သွားရင် လွယ်လွယ်နဲ့ ပြဿနာဖြစ်လာနိုင်တယ်”

ငါက အခု ပညာရှင်အဆင့် ငါးစာဖြစ်လာပြီပဲ၊ အထူးသဖြင့် လူတွေ ငါးမျှားချိတ်မှာ ချိတ်မိဖို့ သုံးတာပဲ”

အရင်တုန်းက ဝိဉာဉ်အလံငါးပါး ဂိုဏ်းချုပ်၊ အခု နေသူတော်စင်ဂိုဏ်းက လူတွေ”

အားဟူ မျက်မှောင်ကုပ်လိုက်သည်။ “မင်းသား၊ ဝိဉာဉ်အလံငါးပါးဂိုဏ်းချုပ်အကြောင်း ဘာသတင်းမှ မကြားရတာ တော်တော်ကြာနေပြီ၊ ဒီတစ်ခါ ရေနောက်နေတုန်း ငါးမျှားဖို့ သူ လာလောက်လား”

ရန်ကျောက်ကဲက ခေါင်းခါလိုက်သည်။ “သူ့အတွက်တော့ ဒီကရေက ငါးမျှားလို့ မရလောက်အောင် နောက်ကျိလွန်းတယ်၊ ထိပ်သီးနယ်မြေသုံးခုက ဒီအရှေ့တန်ကို စောင့်ကြည့်နေတဲ့အချိန်မှာ သူ့အတွက် တိတ်တဆိတ် ဝင်လာဖို့ မဖြစ်နိုင်သလောက်ပဲ”

သူပေါ်လာတာနဲ့ တန်းသေမှာပဲ”

အကြီးအကဲချင်က နဂါးချုပ်လှောင်ခြင်းချောက်နက်ထဲကို ဝင်သွားပေမယ့် နေသူတော်စင်ဂိုဏ်းက လူတွေ ငါ့ကို ဒုက္ခပေးမှာစိုးလို့ အကြီးအကဲခုံက အပြင်မှာ ရှိနေတယ်”

အားဟူက သွားအဖြဲသားဖြင့် ရယ်မောလိုက်သည်။ “မင်းသား အစွမ်းပြဖို့ အချိန်ရောက်လာပြန်ပြီပဲ”

ထွက်သွား” ရန်ကျောက်ကဲသည် ရယ်မောရင်း ကြိမ်းမောင်းလိုက်သည်။ “မင်းမျက်လုံးထဲမှာ ငါက သူများအားကိုးနဲ့ အစွမ်းပြဖူးလို့လား”

ရန်ကျောက်ကဲသည် ရယ်မောပြီးနောက် မေးလိုက်သည်။ “ကဲ အရေးကြီးတဲ့ကိစ္စ ပြောကြစို့၊ သတင်း ဖြန့်ပြီးပြီလား”

အားဟူသည်လည်း ရယ်မောနေသည်ကို ရပ်တန့်လိုက်ပြီး လေးနက်သော အမူအရာဖြင့် ပြန်လည်ဖြေကြားသည်။ “အကြီးအကဲချင်တို့အဖွဲ့ နဂါးချုပ်လှောင်ခြင်းချောက်နက်ထဲ ဝင်သွားတာနဲ့ သတင်းဖြန့်လိုက်ပါမယ်”

ရန်ကျောက်ကဲ ခေါင်းငြိမ့်၏။ ထို့နောက် အဝေးသို့ ကြည့်လျက် ခပ်တိုးတိုး ရေရွတ်နေ၏။ “သူသာ လှုပ်ရှားချင်ရင် ဒီအချိန်က အကောင်းဆုံးအချိန်ပဲ၊ ငါ စိတ်ဝင်စားတာက- ရန်ရှု့က ငါ့ကို ဒီတစ်ခါ ဘယ်လိုဒုက္ခပေးမလဲ ဆိုတာပဲ”

အချိန်ကြာလာသည်နှင့်အမျှ အဝေးမှ အနက်ရောင်မြူများ တလိပ်လိပ်တက်လာကာ ပိုမို အရှိန်အဟုန် ပြင်းထန်လာ၏။

အချိန်အတိုင်းအတာတစ်ခုထိ ကြာပြီးနောက် အနက်ရောင်မြူများမှာ ရုတ်တရက် ပြင်းထန်စွာ လှုပ်ရှားသွားရာ အတွင်းမှ မျက်စိကြိမ်းလောက်အောင် တောက်ပသောအလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး မိုးကုတ်စက်ဝိုင်းဆီသို့ ပျံသန်းသွားလေသည်။

အခြေအနေကို နီးကပ်စွာ စောင့်ကြည့်နေကြသော ချောက်နက်ကြီးကြပ်ခြင်းမြို့မှ လူတိုင်း စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ကြသည်။

အခြေအနေကို ရှင်းရှင်းလင်းလင်း မသိရသော်လည်း အနက်ရောင်မြူများမှာ တဖြည်းဖြည်းချင်း ငြိမ်သက်လာပုံရသည်။

သို့သော် ရန်ကျောက်ကဲသည် အလျင်အမြန်ပဲ နောက်ထပ်သတင်းတစ်ခုကို လက်ခံရရှိ၏။

ထိုသတင်းကို ကြားရသောအခါ နဂါးချုပ်လှောင်ခြင်းချောက်နက်ထဲမှ အနက်ရောင်မြူများ တဖြည်းဖြည်းငြိမ်သက်သွားသောကြောင့် ပေါ်ပေါက်လာသော သူ့စိတ်ချမ်းသာမှုလေး လုံးဝ ပျောက်ကွယ်သွားတော့သည်။

အရှေ့တန်ဘုရင်ကျောက်ရှီချန်း နဂါးချုပ်လှောင်ခြင်းချောက်နက်ထဲမှာ အန္တရာယ်နဲ့ ကြုံတွေ့နေလေပြီ”


Comment

Leave a Reply

Options

not work with dark mode
Reset