Switch Mode

အခန်း ( ၄၄၁ )

ဝိညာဥ်အမဲလိုက်ခရီး

အရာရာတိုင်းမှာ အဆင်ပြေနေပြီဖြစ်၍ ပိုင်ရှောင်ချန်းမှာ ကျေနပ်ကာ စိတ်ကြည်လင်လာတော့သည်။ ထို့ကြောင့် သူသည် ကုံ သက်တံ့ဒေသပေါ်တွင်သာမကပဲ အခြားသက်တံ့ဒေသများသို့ပါ သွား၍ လူအများနှင့် တွေ့ဆုံမှုများကို ပြုလုပ်လာတော့သည်။ သူ့ကို လူအများက ချီးမြင့်မြှောက်စားနေကြသဖြင့် သူက အားရကျေနပ်နေတော့သည်။ သူ၏ အတွေ့အကြုံအရ ဤအခြေအနေသည် ဘဝကြီး၏ ထိပ်ဆုံးအဆင့် သုခဘုံကဲ့သို့ပင် ဖြစ်နေတော့သည်။

” အိမ်း… ငါ ပိုင်ရှောင်ချန်း လက်ဖျောက်လေးတစ်ချက် တီးလိုက်တာနဲ့ ရှင်းကုံကျစ်တာအိုဂိုဏ်း ထိပ်တန်းကြယ်ပွင့်တွေ ပြာပုံဘဝ ရောက်သွားရတာပါလား။ ခေါင်းခဲစရာပဲကွာ။ လူလိမ် ညမုဆိုးရေ။ ငါဘာလို့ ဒီလောက်တော်နေရတာလို့ မင်းထင်တုံး။ ”
သူက အင်မော်တယ်ဂူထဲမှ မထွက်မီ သူ၏ကြေးမုံပြင်ကို အမြဲထုတ်ကာ သူ့ကိုယ်သူ ပြန်ကြည့်၍ စိတ်ကြည်လင်နေပါက ထိုမေးခွန်းတစ်ခုထဲကိုသာ လူလိမ်ညမုဆိုးအား အကြိမ်ကြိမ် မေးလေ့ရှိသည်။

လူလိမ်ညမုဆိုးမှာ ထိုမေးခွန်းကိုကြားလိုက်တိုင်း ကြက်သီးမွေးညင်းများ ထသွားရစမြဲပင်။ သို့သော်လည်း သူက ကြိုးစား၍ပြုံးကာ ခေါင်းကို အိတ်သွန်ဖာမှောက်စဥ်းစားပြီး ပိုင်ရှောင်ချန်းကို ဖားယားရန် စကားလုံးများကို အမြဲတမ်း ရှာဖွေလေ့ရှိသည်။

လိပ်ကလေးမှာလည်း အလွန်အလှုပ်ရှုပ်နေပုံရပြီး ထေ့ငေါ့သော စကားတစ်ခွန်းကိုမှ ထွက်မပြောချေ။ ထို့ကြောင့် ပိုင်ရှောင်ချန်းမှာ ရှင်းကုံကျစ်တာအိုဂိုဏ်းတွင် ယခင်ကထက် များစွာ ပျော်မွေ့နေတော့သည်။

သို့သော်လည်း ကောင်းမွန်သော အရာများမှာ ထာဝရ တည်မြဲမနေပေ။ လတစ်ဝက်ကြာသွားသောအခါ နတ်ဘုရားတစ်ပိုင်းအဆင့် သက်တံ့ဆီမှ ဓမ္မအမိန့်တစ်ခု ကျလာတော့သည်။

ပိုင်ရှောင်ချန်းက အင်မော်တယ်ဂူထဲမှ စိတ်အားတက်ကြွစွာ ထွက်လာသည့် မနက်ခင်းတစ်ခုတွင် ထိုသို့ ကျလာခြင်းဖြစ်သည်။ သူက အဝေးရှိ ပင်လယ်ကြီးကိုကြည့်ကာ မျက်နှာကို ဖြတ်၍တိုက်ခတ်နေသည့် လေညင်းလေးကိုခံစားရင်း အသက်ကို ဝဝရှူနေသည်။ သူက အိတ်ကိုပုတ်ကာ ကြေးမုံကိုလည်း ထုတ်လိုက်သေးသည်။

ထို့နောက် သူက ချောင်းဟန့်ရင်း ဆိုလိုက်သည်။
” ဟေး ညမုဆိုးလေး။ လာပါဦးကွ။ ဘာလို့များ ကိုယ်တော်ပိုင်က ရောက်တဲ့နေရာတိုင်းမှာ ချီးကျူးခံနေရတာတုံး။ ဖြေပါဦး။ ”

သူက ထိုသို့မေးပြီး လမ်းအနည်းငယ် လျှောက်ကာ ချီးကျူးစကားများကို ကြားရန် ပြင်ထားသည်။

သနားစရာ လူလိမ် ညမုဆိုးမှာမူ ငိုမဲ့မဲ့ ဖြစ်နေတော့သည်။ ပြီးခဲ့သည့် လတစ်ဝက်လုံး သူက ဦးဏှောက်ကို ခြစ်ကုတ်၍ စဥ်းစား၍ ပြောစရာ စကားအသစ်များကို ရှာဖွေခဲ့ရပြီး ယခုအခါ သူ၏အသက်ရှင်နေမှုကိုပင် ထပ်မံ မခံစားနိုင်တော့သည့် နှိပ်စက်မှုတစ်ခုအလား ထင်နေပြီဖြစ်သည်။

” သခင်လေး။ ကျွန်တော့်ကို ချမ်းသာပေးပါဦးဗျာ…. ”
သူက သနားစဖွယ် ငြီးတွားလိုက်တော့သည်။

ပိုင်ရှောင်ချန်းက ထိုအမူအရာကို သိပ်မကျေနပ်ပေ။ ထို့ကြောင့် သူ့ကိုစိုက်ကြည့်ရင်း တစ်ခုခုပြောရန် ပြင်လိုက်စဥ်မှာပင် လေထုထဲတွင် မိုးခြိမ်းသံများပြည့်နှက်သွားပြီး အရာအားလံုး တုန်ခါသွားတော့သည်။ ကောင်းကင်ယံတွင် အလင်းရောင်များလက်လာပြီး လေပြင်းကြီးတစ်ချက် တိုက်ခတ်လာသည်။ နတ်အဆင့် သက်တံ့နှင့် အနန္တကြယ် သက်တံ့ အပါအဝင်သက်တံ့အားလုံးမှာ တုန်ခါနေကြသည်။

နတ်အဆင့်မှ ချီစုစည်းမှုအဆင့် ကျင့်ကြံသူများအထိ လူတိုင်းမှာ အလွန်အမင်း အံ့အားသင့်ကုန်ကြပြီး မည်သည့်အရာများကို လုပ်နေသည်ဖြစ်စေ အမူအရာများပြောင်းလဲသွားကာ မော့ကြည့်လိုက်ကြတော့သည်။

ပိုင်ရှောင်ချန်းမှာလည်း လန့်ဖျန့်သွားကာ ကြေးမုံကိုပင် လက်ထဲမှ လွတ်ကျလုမတတ်ဖြစ်သွားပြီး အံ့သြမှုများနှင့် နားမလည်နိုင်မှုများ ပြည့်နှက်နေသည့် မျက်နှာထားဖြင့် ကောင်းကင်ပေါ်သို့ မော့ကြည့်လိုက်သည်။

” ဘာတွေ ဖြစ်နေတာတုံးဟ။ ”

အနည်းငယ်ကြာသောအခါ အလွန်အမင်း ကျက်သရေရှိကာ ရှေးဆန်လွန်းသည့် အသံကြီးတစ်သံ နတ်ဘုရားတစ်ပိုင်းအဆင့် သက်တန့်မှ ပေါ်ထွက်လာပြီး ရှင်းကုန်ကျစ်တာအို တစ်ဂိုဏ်းလုံးသို့ ပျံ့နှံ့သွားတော့သည်။

” ဝိညာဥ် အမဲလိုက်ခရီး စတင်ဖို့ ကောင်းကင်တံတားဧကရာဇ်က အမိန့်တစ်ခုကို ချမှတ်လိုက်တယ်။ တစ်လအတွင်း ရှင်းကုံ စစ်သင်္ဘောကြီးက မြေရိုင်းဒေသဆီကို ထွက်ခွာမှာ ဖြစ်တယ်။ ”

ထိုရှေးဟောင်းအသံကြီး၏ စကားလုံးတိုင်းမှာ သဘာဝနိယာမ များကဲ့သို့ဖြစ်နေပြီးအရာအားလုံးမှာ ထစ်ချုန်း မြည်ဟည်းနေကြကာ လူများ၏ နှလုံးသားများမှာလည်း တုန်ရီနေကြသည်။ ပိုင်ရှောင်ချန်းကမူ ထိုအသံြကီးက မည်သည်အား ပြောနေသည်ကို သေချာသဘောမပေါက်ပေ။

မကြာသေးမီက သူသည် ရှင်းကုံကျစ်တာအိုဂိုဏ်း ထိပ်တန်းကြယ်ပွင့်များ၏ ထိပ်ဆုံးဆယ်ယောက်ထဲသို့ ရောက်ထားသည်ဖြစ်ရာ ထိုအဖွဲ့အတွင်းရှိ ကိစ္စ အဝဝကို သူက ကောင်းကောင်းနားမလည်သေးပေ။ သို့သော် ထိပ်ဆုံးအယောက်တစ်ရာထဲမှ လူအားလုံးမှာမူ ထိုကြေငြာချက်ကြီးကို ကြားလိုက်ရသောအခါ စိတ်လှုပ်ရှားနေမှုများကို ထိန်းသိမ်း၍ပင် မရတော့ပေ။

” ဝိညာဥ်အမဲလိုက်ခရီးက နောက်ဆုံးတော့ တကယ်ဖြစ်လာပြီပဲ။ ”

” ဒီ နတ်မီးလျှံစမ်းသပ်ပွဲပြီးရင် ငါကတော့ သေချာပေါက် ယင်ယန်ဝိညာဥ်အဆင့်ကို ရောက်ပြီကွ။ ”

” ဟားဟားဟား။ ဒီလိုနေ့မျိုးကို ငါစောင့်နေတာ ကြာပြီ ”

ရှင်း သက်တံ့ဒေသပေါ်ရှိ အဆုံးမဲ့သောမီးလျှံ တောင်တစ်ခုပေါ်တွင် အဆင့်သုံး နေရာရှိ ချိန်ယွဲ့ရှန်က မတ်တတ်ထရပ်လိုက်သည်။ သူမ၏ ဆံပင်ရှည်များ ခါယမ်းသွားပြီး သူမ၏မျက်ဝန်းထဲတွင် ခံစားချက်ပေါင်းစုံ တောက်လောင်နေတော့သည်။

” ဝိညာဥ်အမဲလိုက်ခရီး….”

ကျစ်သက်တံ့ဒေသပေါ်တွင် ဂိုဏ်းထဲရှိ ထိပ်သီးထိပ်တန်းကြယ်ပွင့်နောက်တစ်ယောက်ဖြစ်သည့် အဆင့်နှစ် နေရာရှိ ဟီရတစ် မှာ နက်ရှိုင်းသော ရေကန်ကြီးတစ်ခုထဲတွင် အမုန်း ဝိညာဥ်အုပ်ကြီးတစ်အုပ်နှင့် တိုက်ခိုက်နေသည်။ ရုတ်တရက် သူကတုန်ရီသွားပြီး သူ၏မျက်ဝန်းများမှာ စိတ်လှုပ်ရှားမှုများဖြင့် တောက်ပလာတော့သည်။

” နောက်ဆုံးတော့ တကယ်ဖြစ်လာပြီပဲ…. ကောင်းပြီ.. ဇောင်ထျန်ကျောက် ရေ။ အခုတော့ ဘယ်ကောင်က နတ်အဆင့်ဝိညာဥ်တစ်ခုကို အရင်ရပြီး ယင်ယန်ဝိညာဥ်အဆင့်ကို အရင်ရောက်မလဲ အဖြေထွက်မဲ့ အချိန်ရောက်လာပြီပဲ။ သေချာပေါက် ငါပဲ ဖြစ်စေရမယ်ကွ။ ”

ရှင်းကုံကျစ်တာအိုဂိုဏ်းတစ်ဂိုဏ်းလုံး အံ့သြမှင်တက်နေကြစဥ် ဂိုဏ်းအပြင်ဘက်တစ်နေရာရှိ အဆုံးမဲ့လှသော တောင်စဥ်တန်းများထဲတွင် လူငယ်တစ်ယောက်မှာ သစ်ပင်များအောက်တွင် လမ်းလျှောက်နေသည်။ သူသည် အရပ်မြင့်ကာ ပိန်ပိန်ပါးပါးရှိပြီး ဓားကြီးတစ်ချောင်းကို နောက်ကျောတွင် လွယ်ထားကာ အေးစက်စက် အမူအရာတစ်ခုကို ဆင်မြန်းထားသည်။ သူ၏ ခရီးလမ်းတွင် မရေမတွက်နိုင်သော ရန်သူများကို သတ်ဖြတ်လာသည့်အလား သူလမ်းလျှောက်လိုက်တိုင်း သူ၏ဘေးပတ်လည်တွင် သွေးညှီနံ့များ ထလာသည်။

ကြောက်မက်ဖွယ်ကောင်းစွာပင် သူ၏ လက်ထဲတွင် ခေါင်းတစ်လုံးကို ကိုင်လာသည်။ ထိုဦးခေါင်းမှာ ရှုံ့မဲ့နေသည့် အဘိုးကြီးတစ်ယောက်၏ ဦးခေါင်းဖြစ်ပြီး သူအသက်ရှိစဥ်ကာလက သူ့တွင်ရှိခဲ့သော ကျင့်ကြံခြင်းအခြေခံအဆင့်ဖြစ်သည့် အစောပိုင်း ယင်ယန် ဝိညာဥ်အဆင့်ကို ဖော်ပြနေသည့် အငွေ့အသက်များ ထွက်နေသည်။

ထိုလူငယ်လေးက သစ်တောများကို ဖြတ်၍လျှောက်လှမ်းလာပြီး ရုတ်တရက် ရပ်တန့်လိုက်ကာ သူ၏အိတ်ထဲမှ ကျောက်စိမ်းပေလွှာတစ်ခုကို ထုတ်ယူလိုက်သည်။ ထိုပေလွှာထဲရှိ အချက်အလက်များကို ဖတ်ပြီးသောအခါ သူ၏ မျက်ဝန်းထဲမှ စူးရှတောက်ပသော အလင်းတန်းများထွက်ပေါ်လာပြီး ဘေးပတ်ပတ်လည်ရှိ အပင်နှင့်အသီးအရွက်များမှာ ခြောက်ကပ်ကာ သေဆုံးသွားကြတော့သည်။

ထိုလူငယ်လေးမှာ ရှင်းကုံကျစ်တာအိုဂိုဏ်း၏ ထိပ်တန်းကြယ်ပွင့်များ၏ အဆင့်တစ် နေရာပိုင်ရှင် ဇောင်ထျန်ကျောက်ပင် ဖြစ်သည်။

နတ်ဘုရားတစ်ပိုင်းအဆင့် သက်တန့်ဆီမှ ဝိညာဥ်အမဲလိုက်ခရီးအကြောင်း သတင်းများ ကျလာသောအခါ ဂိုဏ်းခေါင်းဆောင်နှင့် သက်တံ့ဒေသ လေးခုမှ တောင်ထိပ်သခင်များမှာ အမိန့်များစွာကို လျင်မြန်စွာ ထုတ်လိုက်တော့သည်။

ဂိုဏ်းထဲတွင် သတင်းအမျိုးအမျိုး ပျံ့နှံ့နေပြီး လူတိုင်းမှာ ကောလာဟလပေါင်းစုံကို ပြောဆိုကုန်ကြတော့သည်။

ထိုသတင်းအနည်းငယ်ကို ကြားလိုက်ရပြီးနောက် ပိုင်ရှောင်ချန်းမှာ အသေးစိတ်ကို သေချာမသိသေးသဖြင့် ရွှီပေါက်ချိုင်ကို အလျင်အမြန်ပင် ဆင့်ခေါ်လိုက်တော့သည်။

သူက ပိုင်ရှောင်ချန်း၏ အင်မော်တယ်ဂူထဲသို့ ရောက်သည်နှင့် ဆိုလိုက်လေသည်။
” ခေါင်းဆောင်လေးရေ။ ဒါက တော်တော်ကို ကြီးမားတဲ့ ကိစ္စဗျ။ တော်တော်ကို ကြီးမားတာ။ ”

” အေးပါဟ။ ”
ပိုင်ရှောင်ချန်းက စိတ်လှုပ်ရှားစွာဖြင့် ဆိုသည်။
” ဒီ ဝိညာဥ်အမဲလိုက်ခရီးက ဘာလဲဆိုတာ ငါ့ကို မြန်မြန်ရှင်းပြစမ်းပါ။ ”

ရွှီပေါက်ချိုင်က အလွန်စိတ်လှုပ်ရှား နေသည့် လေသံဖြင့် ပြန်ဖြေလိုက်သည်။ ” ခေါင်းဆောင်လေးရေ။ ကျွန်တော် သတင်းအကုန်ရပြီးပြီဗျ။ ဒီ ဝိညာဥ်အမဲလိုက်ခရီးဆိုတာ ယင်ယန်ဝိညာဥ်အဆင့်ကို တက်လှမ်းဖို့ ကြိုးစားနေတဲ့ အမြုတေအဆင့် ကျင့်ကြံသူတွေအားလုံးအတွက် ဧရာမ ရွှေတွင်းကြီးလိုမျိုးပဲတဲ့။ ”

” ဟင်။ ” ပိုင်ရှောင်ချန်းက အံ့အားသင့်သွားတော့သည်။
” ဧရာမ ရွှေတွင်းကြီး ဟုတ်လား။ ”

သူကြားသိထားသည့် သတင်းအချို့မှာမူ ထိုခရီးစဥ်မှာ သေမိန့်တစ်ခုနှင့်သာမတူသော်လည်း အသက်အန္တရာယ်များစွာ ရှိသော အရာတစ်ခုဖြစ်ကြောင်း ပြောဆိုနေကြသည်။

” ဟုတ်တယ်ဗျ။ ”
ရွှီပေါက်ချိုင်က ဆက်ပြောသည်။
” ကျွန်တော်အခုလေးတင် ကြားထားတာ။ တကယ်လို့ အမြုတေအဆင့်ကနေ ယင်ယန်ဝိညာဥ်အဆင့်ကို ရောက်ချင်ရင် နည်းလမ်းသုံးလမ်းထဲက တစ်လမ်းကို သုံးရမှာ။ ပထမနည်းလမ်းက လူသားအဆင့်ဖြစ်တဲ့ ယင်ယန်ဝိညာဥ် ဆေးလုံးကိုသုံးတာ။ ဒုတိယနည်းလမ်းက မြေကြီးအဆင့်ဖြစ်တဲ့ ဓာတ်ကြီးငါးပါး နတ်အဆင့်သားရဲဝိညာဥ်တွေကို သုံးရတာ။ နောက်ဆုံးနည်းလမ်းကတော့ ဒဏ္ဍာရီလာ ကောင်းကင်အဆင့်ပဲ။ သူက ဓာတ်ကြီးငါးပါး နတ်အဆင့်ဝိညာဥ်တွေကို သုံးရတာ။ ဒါပေမဲ့ အဲ့နည်းလမ်းကတော့ လုံးဝ မဖြစ်နိုင်ပါဘူးဗျာ။ ”

” ဂိုဏ်းထဲမှာပဲ နေရင် မြေကြီးအဆင့် ယင်ယန် ဝိညာဥ်အဆင့်ကိုရောက်ဖို့တောင် တော်တော်ခက်မှာ။ ဘာလို့လဲဆိုတော့ နတ်အဆင့်သားရဲဝိညာဥ်တွေက နတ်အဆင့်ဝိညာဥ်တွေလိုပဲ ရှားတာကိုး။ ”

” ဒါပေမဲ့ မြေရိုင်းနယ်မြေမှာ မတူဘူးဗျ။ အဲ့ဒေသမှာ ကောင်းကင်တံတားမြစ်နဲ့ ဆင်တူတဲ့ မြစ်တစ်စင်းရှိတယ်။ မတူညီတဲ့ အချက်က အဲ့မြစ်ကို သက်ရှိတွေ မမြင်နိုင်တာပဲ။ အဲ့မြစ်က မြေအောက်ထဲမှာရှိပြီး တစ်ကမ္ဘာလုံးက လူတွေ သေဆုံးပြီးတဲ့အခါမှာ ဝိညာဥ်တွေအဖြစ် သွားတဲ့ လမ်းတစ်ခုလိုမျိုး ဖြစ်နေတာ။

” အဲ့တာကြောင့် မြေရိုင်းဒေသမှာ ဝိညာဥ်တွေ ပိုပေါတာ။ ပေါရုံတင်မဟုတ်ဘူး။ နေရာတိုင်းမှာ ရှိနေတာဗျ။ အဲ့လို မရေမတွက်နိုင်အောင် များတဲ့ ဝိညာဥ်တွေထဲမှာ နတ်အဆင့်သားရဲဝိညာဥ်တွေတင်မကဘူး နတ်အဆင့်ဝိညာဥ်တွေကိုပါ ရှာတွေ့နိုင်တယ်။ ”

” အဲ့တာကြောင့် အဲ့နေရာက အမြုတေအဆင့် ကျင့်ကြံသူတွေအတွက် ဧရာမ ရွှေတွင်းကြီးလိုမျိုး ဖြစ်နေတာပေါ့။ ”
ရွှီပေါက်ချိုင်၏ စိတ်လှုပ်ရှားနေမှုကိုကြည့်လျှင် မြေရိုင်းဒေသ သို့သာ သူ သွားခွင့်ရပါက ကဆုန်ပေါက်နေမည်မှာ အသေအချာပင်။

” မြေရိုင်းဒေသ…. ”
ပိုင်ရှောင်ချန်းက ရေရွတ်လိုက်သည်။ အမှန်ဆိုရလျှင် မြေရိုင်းဒေသအကြောင်းကို ရွှီပေါက်ချိုင်ထက် ပိုင်ရှောင်ချန်းက အနည်းငယ်ပိုသိပြီး သူ၏အတွေးထဲသို့ အရင်ဆုံးရောက်လာသည့်အချက်မှာ ဤနတ်မီးလျှံစမ်းသပ်ပွဲသည် တစ်နည်းတစ်ဖုံ ထူးဆန်းနေခြင်းဖြစ်သည်။ ထင်သလောက် ရိုးရှင်းမည် မဟုတ်သည်မှာတော့ အသေအချာပင်။

အဘယ့်ကြောင့်ဆိုသော် မြေရိုင်းဒေသထဲတွင် ဝိညာဥ်များသာမက ကျင့်ကြံသူများ ရှိနေသောကြောင့် ဖြစ်သည်။

” ဒီ ဝိညာဥ်အမဲလိုက်ခရီးက မြေရိုင်းဒေသဆီမှာ ဖြစ်မှာပဲ။ အဲ့ ရှေးဟောင်း စစ်သင်္ဘောကြီးက ကောင်းကင်တံတားမြစ်ကိုဖြတ်ပြီး မြေရိုင်းဒေသဆီကို ရောက်တဲ့ တခြားလမ်းကနေသွားမှာ။ ” ရွှီပေါက်ချိုင်က ရေတံခွန်ထိပ်ရှိ လျှို့ဝှက်ဆန်းကြယ်သော စစ်သင်္ဘောကြီးကို ညွှန်ပြလိုက်သည်။

ပိုင်ရှောင်ချန်းမှာ ထိုသင်္ဘောကြီးကို မော့ကြည့်ရင်း ချင်းမေ့ယွမ်က သူ၏ တာအိုစောင့်ရှောက်သူအဖွဲ့ထဲသို့ သူမအားထည့်သွင်းပေးရန် နားချခဲ့စဥ်က ပြောခဲ့သည်များကို တွေးမိသွားကာ အံ့အားသင့်သွားတော့သည်။ သူမက ဤသင်္ဘောကြီးအကြောင်းကို ပြောပြထား၍ ဤ ဝိညာဥ်အမဲလိုက်ခရီးအကြောင်းကို အစထဲက သိနေလောက်မည်ဖြစ်ကြောင်း ရိပ်မိသွားတော့သည်။

” ဒီ မြေရိုင်းဒေသမှာလုပ်မဲ့ ဆယ်နှစ်ကြာတဲ့ နတ်မီးလျှံစမ်းသပ်ပွဲမှာ ဝင်ပြိုင်ခွင့်ရှိတဲ့လူတွေက ရှင်းကုံကျစ်တာအိုဂိုဏ်းရဲ့ ထိပ်တန်းကြယ်ပွင့်တွေထဲက နာမည်ကြီးတဲ့လူတွေပဲ ပါတာဗျ။ ဂုဏ်ယူပါတယ် ခေါင်းဆောင်လေးရေ။ အသေအချာပြောဖို့တော့ ခက်ပေမဲ့ ခေါင်းဆောင်လေးပြန်လာတဲ့ အချိန်မှာ သေချာပေါက် ယင်ယန်ဝိညာဥ်အဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်နေမှာပါ။ ”

” ဒီ နတ်မီးလျှံစမ်းသပ်ပွဲရဲ့ နောက်ဆုံးပန်းတိုင်က နတ်အဆင့်ဝိညာဥ်တစ်ခုကို ရယူဖို့။ အဲ့လိုရယူပြီးတဲ့လူတိုင်း ဂိုဏ်းကိုပြန်လာပြီး ဓာတ်ကြီးငါးပါး နတ်အဆင့်သားရဲဝိညာဥ် ငါးခုစလုံးပါတဲ့ တစ်စုံနဲ့ အဲ့ နတ်အဆင့်ဝိညာဥ်တစ်ခုကို လဲလှယ်ယူလို့ရတယ် ”

” နတ်အဆင့် ဝိညာဥ်တစ်ခုကို မယူနိုင်ပဲ နတ်အဆင့် သားရဲဝိညာဥ်တစ်ခုကိုပဲ ရှာတွေ့ခဲ့မယ်ဆိုရင်လည်း ဂိုဏ်းကိုပြန်ယူလာပြီး တန်ဖိုးကြီး ယင်ယန်ဝိညာဥ်အဆင့်ဆေးလုံးတစ်လုံးနဲ့ လဲလှယ်လို့ ရတယ်။ “

Comment

Leave a Reply

Options

not work with dark mode
Reset