စမ်းသပ်ပွဲများ၏ အပြင်ဘက်တွင် ပိုင်ရှောင်ချန်းပေါ်လာပြီး ဂိုဏ်းခေါင်းဆောင်၏အသံထွက်ပေါ်လာသောအခါ သူ၏ စွမ်းဆောင်မှုများကို စောင့်ကြည့်နေကြသည့် လူတိုင်းမှာ အံ့သြတုန်လှုပ်သွားကြတော့သည်။
အချိန်အနည်းငယ်ကြာသည်နှင့်
စိတ်အားထက်သန်သောအကြည့်များ ပိုင်ရှောင်ချန်းပေါ်ကျရောက်လာသည်။ ပုံမှန်အတိုင်းဆိုရလျှင် သူက လူတိုင်း အနားကပ်လာပြီး ချီးကျူးစကားများကိုပြောရန် အခွင့်ပေးလိမ့်မည်။ သို့သော် ယခုအခါ ထိုသို့ လုပ်ချင်စိတ်မရှိပေ။
နတ်အဆင့်စွမ်းအားရသည်နှင့် အလင်းတန်းအသွင်ပြောင်းကာ ကောင်းကင်ယံသို့ ထိုးတက်သွားပြီး တည်နေရာရွှေ့ပြောင်းခြင်းဝင်ပေါက်ထံ ဦးတည်လိုက်လေသည်။
အချိန်မည်မျှကုန်ဆုံးသွားသည်ကို သူ မသိရာ ဖက်တီးကျန်းကြီးကို ကယ်တင်နိုင်ရန် မိစ္ဆာနှိမ်နင်းရေးခန်းမထံ ပြန်ရောက်ရန် စိတ်စောနေတော့သည်။
သူထွက်သွားသည်နှင့် လူအုပ်ကြီးအကြားတွင် ဆွေးနွေးငြင်းခုံသံများ ပွက်လောရိုက်သွားတော့သည်။ ယခုအခါ ပိုင်ရှောင်ချန်းသည် ရှင်းကုံကျစ်တာအိုဂိုဏ်းအတွင်းရှိ ထိပ်သီး ဂိုဏ်းသားများထဲတွင် စာရင်းဝင်သွားလေပြီ။
သူသည် ထိပ်ဆုံး ၁၀ ယောက်ထဲတွင်ဖြစ်သည်။
မည်သူမှ ခရမ်းရောင်စမ်းသပ်ပွဲအတွင်း သူ မည်သို့ကြုံတွေ့ခဲ့သည်ကို သေချာမသိကြသော်လည်း သက်တန့်၏ ခရမ်းရောင်အပိုင်းတွင် ဆယ်ခုမြောက်ကြယ်ရှိသည်ကိုတော့ သေချာသိလေသည်။
လာမည့် နေ့ရက်များတွင် ပိုင်ရှောင်ချန်း၏ နာမည်သည် ရှင်းကုံကျစ်တာအိုဂိုဏ်းအတွင်း အကြုံစဖူးအဆင့်များအထိ မည်သို့ ဆက်လက်မြင့်တက်လာမည်ကို အလွယ်တကူ ခန့်မှန်းနိုင်လေသည်။
သို့သော်လည်း ပိုင်ရှောင်ချန်းသည် သူ၏ အောင်မြင်မှုဂုဏ်ကျက်သရေကို ကြည်နူး ပျော်ရွှင်နေရန် စိတ်မပါပေ။ သူ တတ်နိုင်သမျှ ရှေ့သို့ တဟုန်ထိုး သွားနေပြီး တည်နေရာရွှေ့ပြောင်းခြင်းဝင်ပေါက်သို့ရောက်သောအခါ ပျောက်ကွယ်သွားသည်။ အချိန်အနည်းငယ်ကြာသော် ကုံဒေသသက်တန့်ဒေသပေါ်တွင် သူ ပြန်ပေါ်လာလေသည်။
ထိုနေရာရှိ တည်နေရာရှိရွှေ့ပြောင်းခြင်းဝင်ပေါက်မှာ ခြေချလိုက်သည်နှင့် ကုံသက်တန့်ဒေသ ကျင့်ကြံသူပေါင်းများစွာ စုဝေးနေသည်ကို တွေ့လိုက်ရကာ သူ့ကို အံ့သြလေးစားခြင်းအမူအရာများဖြင့် ကြည့်နေကြပြီး အရိုအသေပေးကြလေသည်။
” ဂါဝရပြုပါတယ် အစ်ကိုကြီးပိုင် ”
ပိုင်ရှောင်ချန်းမှာ ဖက်တီးကျန်းကြီးကို အလွန်စိုးရိမ်နေလေရာ ခေါင်းသာညိတ်ပြလိုက်ပြီးနောက် အလောတကြီးဆက်သွားလေသည်။ ယခုအခါ သူက နှောင်းပိုင်းအမြုတေအဆင့်တွင်ဖြစ်သောကြောင့် အလင်းတန်းအသွင် တဟုန်ထိုးသွားစဥ် ယခင်ထက်ပင် ပို၍မြန်နေလေသည်။
မည်သူမှ ရည်ရွယ်ခြင်းမဟုတ်သော်လည်း အခြားသော ခန်းမဆယ်ခုကို ဝင်ဖြတ်သွားသည့်တိုင် သူ့လမ်းကို မည်သို့မျှ ပိတ်မထားကြပေ။
သူက ရှင်းကုံကျစ်တာအိုဂိုဏ်းထိပ်တန်းကြယ်ပွင့် ထိပ်ဆုံး ၁၀ ယောက်ထဲတွင်ဖြစ်လေရာ ရှင်းကုံကျစ်တာအိုဂိုဏ်းတွင် အထူးအခွင့်အရေးများ ရှိလေသည်။ ထို့ကြောင့် အမွှေးတိုင်တစ်တိုင်လောင်ကျွမ်းရန်ပင် မကြာလိုက်သော အချိန်အတွင်း မိစ္ဆာနှိမ်နင်းရေးခန်းမထံသို့ ရောက်သွားတော့သည်။
ချက်ချင်းပင် ကျင့်ကြံသူအမြောက်အမြား ဂါဝရပြုရန်ထွက်လာကြကာ သူတို့၏မျက်နှာများတွင် လေးစားမှုများ ဖုံးလွှမ်းနေတော့သည်။ သူ စမ်းသပ်ပွဲများကို စိန်မခေါ်ခင်က မိစ္ဆာနှိမ်နင်းရေးခန်းမရှိ လူတိုင်းမှာ သူ့ကို လေးစားချင်ယောင်ဆောင်နေခဲ့ခြင်းသာ ဖြစ်ပြီး အရေးပေးခံရရန် စွမ်းအားကြီးနောက်ခံအပေါ် မှီခိုနေခြင်းအတွက် သူ့ကို ကြိတ်၍ အထင်အမြင်သေး ကဲ့ရဲ့ နေခဲ့ကြသည်။
သူ ထိပ်ဆုံး ၅၀၀ ထဲဝင်ပြီးနောက် တချို့က အသံနေအသံထားများပြောင်းလဲသွားခဲ့သည်။ ယခုအခါ သူ၏နာမည်မှာ သက်တန့်၏ ခရမ်းရောင်အပိုင်းပေါ်တွင်ဖြစ်နေရာ အရာအားလုံးပြောင်းလဲသွားလေပြီ။
” ဂါဝရပြုပါတယ်.. အစ်ကိုကြီးပိုင်”
” အစ်ကိုကြီးပိုင်”
တစ်စထက်တစ်စ လူများ ပိုမိုရောက်ရှိလာပြီး အသံများ ဆူညံလာတော့သည်။ ပင်မဂူအပြင်တွင် စောင့်နေသော တိမ်တာအိုသခင်အပါအဝင် ပိုင်ရှောင်ချန်း သတိထားမိသော လူတချို့ရှိလေသည်။ တိမ်တာအိုသခင်က သူ့ကို မြင်လိုက်သည်နှင့် လက်ယှက်ပြီး ပိုကဲ၍ ဦးညွှတ်လိုက်လေသည်။
” ဂါဝရပြုပါတယ် အစ်ကိုကြီးပိုင် ”
နတ်ဆရာ၊ ရွှီပေါက်ချိုင် နှင့် ချင်းမေ့ယွမ်တို့သည်လည်း ပင်မဂူအပြင်ဘက်တွင် စောင့်နေကြပြီး ပိုင်ရှောင်ချန်းကို မြင်သောအခါ သူတို့၏မျက်နှာများတွင် စိတ်လှုပ်ရှားနေသော အမူအရာများ ပေါ်လာတော့သည်။
ပိုင်ရှောင်ချန်းက လူတိုင်းကို ခေါင်းညိတ်ပြလိုက်ပြီးနောက် ဂူထဲသို့ စိုးရိမ်တကြီး ဝင်သွားလေသည်။ သူပထမဆုံးမြင်လိုက်ရသည်မှာ ဂူအလယ်တွင် နာကျင်နေသော အမူအရာဖြင့် တင်ပျဥ်ခွေ၍တရားထိုင်နေသော ဖက်တီးကျန်းကြီး၏ ချွတ်ချုံကျနေသည့် အရိုးစုပုံစံဖြစ်လေသည်။ သိသာထင်ရှားစွာပင် သူ၏ သက်စောင့်အားများမှာ အလွန်တရာ မှေးမှိန်နေကာ မရှိသလောက်ပင်ဖြစ်နေပြီး ပြင်းထန်သော သေခြင်းတရားအငွေ့အသက်များက သူ့ကို ဝန်းရံထားလေသည်။ ဖုန်းယွမ်ဒဲ့သာ သူ၏ ယင်ယန်ဝိညာဥ်အဆင့်ကျင့်ကြံခြင်းအခြေခံဖြင့် တစ်ချိန်လုံး မထောက်ပံ့ပေးခဲ့လျှင် ဖက်တီးကျန်းကြီးက သေမင်းခံတွင်းဝထဲကျသွားသည်မှာ ကြာလေပြီ။
” အဆောင်မှူး.. ကျုပ် နတ်အဆင့်စွမ်းအားယူလာပြီ” ဖက်တီးကျန်းကြီးကို စိုးရိမ်ပူပန်စွာ ကြည့်ရင်း ပိုင်ရှောင်ချန်းက ယခုလေးတင်ရခဲ့သည့် သစ်အမျိုးအစားသစ်ရွက်ကို အလျင်အမြန်ဆွဲထုတ်လိုက်သည်။
ဖုန်းယွမ်ဒဲ့က မော့ကြည့်လိုက်ပြီး ဖမ်းယူဟန် လုပ်လိုက်ရာ သစ်ရွက်မှာ ပျံလာပြီး ဖက်တီးကျန်းကြီး၏ ခေါင်းပေါ်တင်သွားလေသည်။
လေးနက်နေသော အမူအရာဖြင့် ဖုန်းယွမ်ဒဲ့က မန္တန်လက်ကွက်တစ်ခုဖော်လိုက်ပြီး သစ်ရွက်ကို လက်ညှိုးထိုးလိုက်ရာ ၄င်းမှာ တုန်ခါသွားပြီး အစိမ်းရောင်အလင်းတန်းတစ်ခု ထုတ်လွှတ်လိုက်လေသည်။ တစ်ဆက်တည်းမှာပင် စွမ်းအင်၏ အစိမ်းရောင်အမျှင်များ သစ်ရွက်ထဲမှ ထွက်လာပြီး ဖက်တီးကျန်းကြီးကိုယ်ထဲ ဝင်သွားလေသည်။
ဖက်တီးကျန်းကြီးမှာ တုန်ရီသွားပြီး သူ့မျက်နှာပေါ်ရှိ နာကျင်နေသော အမူအရာ ပျောက်ကွယ်သွားလေသည်။ ချက်ချင်းပင် သူ့ပါးနှစ်ဖက်ပေါ်တွင် အနီရောင်ဖျော့ဖျော့အလင်းလေးကို မြင်လိုက်ရပြီး သူ့ပတ်လည်ရှိ မြူမှုန်များမှာ သူ့ကိုယ်ထဲတွင် လည်ပတ်လာလေသည်။ ယခင်အတိုင်း နေရာအနှံ့ ပျံ့နှံ့နေမည့်အစား သူ၏ ဒန်တျန်နယ်ပယ်ထဲတွင် ပုံစံဖြစ်တည်လာတော့သည်။.
ထိုသည်ကို ကြည့်ပြီး ပိုင်ရှောင်ချန်း၏ စိုးရိမ်သောကများ တဖြေးဖြေး လျော့ပါးတော့သည်။ နောက်ဆုံးတွင် ဖုန်းယွမ်ဒဲ့က အသက်ပြင်းပြင်းရှူလိုက်ပြီး ထလာလေသည်။
” နတ်အဆင့်စွမ်းအားအကူအညီကြောင့် မင်း အစ်ကိုကြီးရဲ့ အမြုတေဖြစ်တည်ခြင်းက အခုကစပြီး ချောချောမွေမွေ့ဖြစ်သွားပြီ။ ဒါပေမယ့် သူ့ရဲ့ သက်စောင့်အားတွေ တော်တော်ကုန်ထားတယ်။ဒီဖြစ်စဥ် မပြီးမြောက်ခင်အထိ တစ်နှစ်တိတိကြာလိမ့်မယ်။ ”
သူက သက်ပြင်းချလိုက်၏။
” ကဲ.. သူ့ကို ငါစောင့်ကြည့်ထားလိုက်မယ် ”
” ကျေးဇူးအများကြီးတင်ပါတယ် အဆောင်မှူး ”
ပိုင်ရှောင်ချန်းက လက်ယှက်ကာ လေးလေးစားစား အရိုအသေပေးရင်း စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ ထို့နောက် ဖက်တီးကျန်းကြီး ဘေးကင်းကြောင်း သေချာရန် နောက်တစ်ကြိမ်လှမ်းကြည့်လိုက်ပြီးနောက် သူမည်မျှပင်ပန်းနေကြောင်း သိလိုက်ရလေသည်။
ကုန်းစွန်းဝမ်အာ၏ ရုပ်တုနှင့် တိုက်ပွဲသည် အကြမ်းအားဖြင့် သူ၏ကျင့်ကြံခြင်းအခြေခံနှင့် စွမ်းအားများအပေါ်တွင် သက်ရောက်မှုများစွာရှိသည်။ ဖက်တီးကျန်းကြီးနှင့်ပတ်သက်သော သူ၏ စိုးရိမ်သောကများနှင့် ပေါင်းစပ်သွားသောအခါ အရာအားလုံးက သူ့ကို နောက်တစ်ဖန် ထိုးနှက်သွားပြန်သည်။ ယခုအခါ ဖက်တီးကျန်းကြီး ဘေးကင်းကြောင်းသေချာသွားလေရာ ဂူထဲမှ ထွက်ခွာကာ သူ၏ အင်မော်တယ်ဂူသို့မဟုတ်ဘဲ မိစ္ဆာနှိမ်နင်းရေးခန်းမရှိ နေအိမ်အလွတ်တစ်ခုထံသို့ သွား၍ အသက်ရှူလေ့ကျင့်ခန်းအနည်းငယ်လုပ်ကာ အားပြန်ဖြည့်ရန် ထိုင်လိုက်လေသည်။
သူ သုံးရက်ဆက်တိုက် အနားယူလိုက်လေသည်။
ထိုအချိန်အတောအတွင်း သုံးရက်မတိုင်ခင်ကတည်းက စတင်ခဲ့သောဂယက်များသည် ဂိုဏ်းတစ်ခုလုံးတွင် ဆက်လက်ရိုက်ခတ်နေဆဲဖြစ်ပြီး ပိုင်ရှောင်ချန်း၏ နာမည်မှာ ပို၍ပင် ထင်ရှားကျော်ကြားလာတော့သည်။ မကြာမီ သူ၏နောက်ကြောင်းအသေးစိတ်များမှာ ပို၍ အသိများလာတော့သည်။ သို့နှင့် ရှင်းကုံကျစ်တာအိုဂိုဏ်းရှိ ကျင့်ကြံသူများသည် အဏ္ဏဝါခေါ်သံဂိုဏ်းကို သိသွားကြတော့သည်။
ရှင်းကုံကျစ်တာအိုဂိုဏ်းထိပ်တန်းကြယ်ပွင့်များထဲမှ နှစ်ယောက်သည်…အဏ္ဏဝါခေါ်သံဂိုဏ်းမှ ဖြစ်နေသည် မဟုတ်ပါလော။
” ဒီ အဏ္ဏဝါခေါ်သံဂိုဏ်းက သာမန်ထက်ထူးတာပဲ”
” အဏ္ဏဝါခေါ်သံဂိုဏ်းဓားစာခံနှစ်ယောက်က ထိပ်ဆုံး၁၀ယောက်ထဲမှာဆိုတာ မယုံနိုင်စရာပဲ”
” ကျုပ်ကြားတာတော့ အဏ္ဏဝါခေါ်သံဂိုဏ်းကနေ ပိုင်ရှောင်ချန်း လာတုန်းက တာအိုစောင့်ရှောက်သူတွေ ခေါ်လာတယ်တဲ့.. အဲ့တာအိုစောင့်ရှောက်သူတွေလည်း တော်မယ်ဆိုတာ ကျုပ်လောင်းရဲတယ် ”
တဖြည်းဖြည်းနှင့် ပိုင်ရှောင်ချန်း၏ တာအိုစောင့်ရှောက်သူများ မည်သူမည်ဝါဖြစ်ကြောင်း သိလာကြတော့သည်။
စုန့်ချွဲ။ ဖက်တီးကျန်းကြီး။ ရွှီပေါက်ချိုင်။ နတ်ဆရာ။ ချင်းမေ့ယွမ်။ ထိုနာမည်ငါးခုအကြောင်း တဖြည်းဖြည်း လူအများအကြား ထင်ရှားလာလေသည်။ ရွှီပေါက်ချိုင်က အထွေအထူးစဥ်းစားမနေတော့ဘဲ အမှန်ဆိုရလျှင် စိန်နားကပ်နှင့် ပါးပြောင်နေလေသည်။ စုန့်ချွဲမှာမူ လက်ခံရန် ခက်ခဲနေတော့သည်။
ထို့ကြောင့် လေးရက်မြောက်နေ့တွင် စုန့်ချွဲသည် ပိုင်ရှောင်ချန်းနှင့်တန်းတူရည်တူ မဟုတ်စေကာမူ နောက်ကောက်ကျနေသူမဟုတ်ကြောင်း သက်သေပြရန် သူ၏ အင်မော်ဂူမှ ထွက်ခွာလာပြီး ရှင်းကုံကျစ်တာအိုဂိုဏ်းထိပ်တန်းကြယ်ပွင့်များစမ်းသပ်ပွဲထံသွားလိုက်သည်။
ပိုင်ရှောင်ချန်း၏ တာအိုစောင့်ရှောက်သူများထဲမှ တစ်ယောက်ဖြစ်သောကြောင့် လူအမြောက်အမြား သူ့ပွဲကို အာရုံစိုက်ကြပြီး သူ ၆၀၀အတွင်း အဆင့်ဝင်သောအခါ အတန်ငယ် ဂယက်ရိုက်သွားကြလေသည်။
စုန့်ချွဲပြီးနောက် ချင်းမေ့ယွမ်သည် စု့န်ချွဲနှင့် မမြင့်လွန်း၊ မနိမ့်လွန်း ညီတူ နီးပါးအဆင့်ရလေသည်။
နတ်ဆရာမှာ တကယ်တမ်းမသွားချင်သော်လည်း ဖျောင်းဖျစည်းရုံးခံလိုက်ရပြီး အစွမ်းကုန်ကြိုးစားပြီးနောက် ၉၀၀ အတွင်း အဆင့်ရောက်သွားလေသည်။
ရွှီပေါက်ချိုင်မှာ သွားသင့်၊ မသွားသင့် တွေဝေနေပြီး နောက်ဆုံးတွင် မကြိုးစားရဲတော့ပေ။ သူသာ ထိပ်ဆုံး ၁၀၀၀ အတွင်းမဝင်ရောက်လျှင် အလွန်ရှက်ဖွယ်ကောင်းသည်မဟုတ်ပါလော။
ရွှီပေါက်ချိုင်က စမ်းသပ်ပွဲများကို စိန်မခေါ်သော်လည်း စုန့်ချွဲ ၊ ချင်းမေ့ယွမ်နှင့် နတ်ဆရာတို့အားလုံး စိန်ခေါ်လေရာ အဏ္ဏဝါခေါ်သံဂိုဏ်းနာမည်မှာ ပို၍ပင် ဂုဏ်တက်လာတော့သည်။ နောက်ဆုံးတွင် ကုံသက်တန့်ဒေသ၏ တောင်ထိပ်သခင်သည် အဏ္ဏဝါခေါ်သံဂိုဏ်းထံ ဖြစ်ပျက်ခဲ့သည့် အကြောင်းတို့ကို သတင်းပေးပို့ရန်နှင့် ဆုလာဘ်အတန်ငယ် ချီးမြှင့်ရန် ကိုယ်တိုင်ကိုယ်ကျ ညွှန်ကြားလိုက်လေသည်။
ဆုလာဘ်များမှာ အဖိုးအတန်ကြီး မဟုတ်သော်လည်း တောင်ထိပ်သခင်၏ သဘောထားမှာ အရေးပါလေသည်။ ထို့အပြင် ပိုင်ရှောင်ချန်းနှင့် သူ၏ တာအို စောင့်ရှောက်သူများ၏ စွမ်းဆောင်မှုများကြောင့် အလယ်ပိုင်းဒေသရှိ အခြားသော ဂိုဏ်းသုံးခုမှာ အဏ္ဏဝါခေါ်သံဂိုဏ်းကို ပြဿနာရှာရန် ယခင်ထက်ပင် ပို၍တုံ့ဆိုင်းသွားကြတော့သည်။
ပိုင်ရှောင်ချန်းနှင့် ကုန်းစွန်းဝမ်အာတို့ ထိပ်ဆုံး၁၀အတွင်းရောက်သွားသည်ကြောင့် ပို၍ပင်ဆိုးသွားတော့သည်။ အခြားဂိုဏ်းသုံးဂိုဏ်းမှာ အံ့အားသင့်သွားကြပြီး အဏ္ဏဝါခေါ်သံဂိုဏ်းကို ဆက်သွယ်ကာ ဆက်ဆံရေးများတိုးတက်လာရန် ချက်ချင်းပင် အကောင်းဆုံးကြိုးစားလာကြတော့သည်။
ထိုသို့သော တုန့်ပြန်မှုများကြောင့် အဏ္ဏဝါခေါ်သံဂိုဏ်း၏ ခေါင်းဆောင်ကြီးများအားလုံး စိတ်လှုပ်ရှားသွားကြတော့သည်။
ခေါင်းဆောင်ကြီးဟန်ဇောင်က ခေါင်းနောက်လှန်၍ အားပါးတရ ရယ်လိုက်၏။
” အာ… ပိုင်ရှောင်ချန်း။ ဒီကလေး ဘယ်သွားသွား ထူးချွန်ထင်ရှားလာတော့တာပဲ။ ဘယ်အရာကမှ သူ့ကို မတားဆီးနိုင်ဘူး..ဟားဟားဟား ”
ဂိုဏ်းရှိ အခြားသော ဂိုဏ်းသားအားလုံး ပျော်ရွှင်ဝမ်းမြောက်နေကြပြီး အထူးသဖြင့် ဟိုရှောင်မေ့နှင့် စုန့်ကျင်းဝမ်တို့အပြင် ပိုင်ရှောင်ချန်း၏ အခြားမိတ်ဆွေအပေါင်းအသင်းများအားလုံး အတိုင်းမသိဝမ်းသာနေတော့သည်။
ရှင်းကုံကျစ်တာအိုဂိုဏ်းတွင် ပိုင်ရှောင်ချန်းနာမည်ကြီးနေသည်မှာ တစ်လကြာပြီဖြစ်ပြီး လူတိုင်းနှင့် နတ်အဆင့်များပင် သူ့အကြောင်းကြားဖူးကြလေသည်။
ဖက်တီးကျန်းကြီးမှာမူ တစ်ခါမှ နိုးမလာသော်လည်း တည်ငြိမ်သော အခြေအနေတွင်ရှိလေသည်။ သူသည် ပိန်လှီပြီး အရိုးခြောက်ဖြစ်မနေတော့ဘဲ သူ့ပတ်လည်ရှိ မြူများသည် သူ့ကိုယ်ထဲရှိမြူများနှင့် တဖြည်းဖြည်း ပေါင်းစပ်နေတော့သည်။ သူသည် သေမင်းခံတွင်းဝမှ ပြန်လွတ်လာပြီး လအနည်းငယ်အတွင်း စိတ်ဆန္ဒအမြုတေဖြစ်လာကာ အမြုတေအဆင့်သို့ရောက်တော့မည်ဖြစ်သည်။